အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ
"အန္တရာယ်အကြီးမားဆုံး ပဋိပက္ခတွေဟာ မောက်မာတဲ့ အနောက်တိုင်း၊ သည်းခံ မှုမရှိတဲ့ အစ္စလာမ်နဲ့ ယုံကြည်မှုလွန်ကဲတဲ့ တရုတ်တို့ အကြားမှာ ဖြစ်ပွားဖို့ များနေပါတယ်"
"ဒီမိုကရေစီကို ထောက်ခံ အားပေးပေမဲ့ အစ္စလာမ်စာအုပ်ကြီးသမားတွေ အာဏါ ရလာတော့ ဒီမိုကရေစီကိစ္စကို နောက်လျိုထားတယ်။ အီရန်နဲ့ အီရတ်ကိုတော့ လက်နက်ထိမ်းချုပ်ရေးအကြောင်း သြ၀ါဒတွေ ချွေတယ်။ အစ္စရေးကိုကျတော့ ဒီလို မဟုတ်ပြန်ဘူး" (ဟန်တင်တန်)
*******************************************************
အနောက်တိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ အယူအဆ
( Western Universalism )
ခေတ်သစ်ကမ္ဘာကြီးထဲရှိ စီဗီလိုက်ဇေးရှင်း မတူညီတဲ့ နိုင်ငံတွေ၊ အုပ်စုတွေကြား က ဆက်ဆံရေးဟာ နီးနီး စပ်စပ်မရှိနိုင်တဲ့အပြင် အခြေအနေ တင်းမာမှုတွေ မကြာမကြာ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ တချို့ စီဗီလိုက်ဇေးရှင်း တွေကြားက ဆက်ဆံရေးကတော့ အများထက်ပဋိပက္ခအသွင် ပိုဆောင်နေပါလိမ့်မယ်။ ဒေသ တွင်းအဆင့်မှာ အကြမ်းဖက်မှုအများဆုံး ဖြစ်ပွားနိုင်တာက အစ္စလာမ် စီဗီလိုက်ဇေးရှင်းနဲ့ သူ့ရဲ့ အိမ်နီးချင်း အော်သိုဒေါက်(စ်)၊ ဟိန္ဒူ၊ အာဖရိကန်နဲ့ အနောက်တိုင်း ခရစ်ယန်နိုင်ငံတွေကြားမှာ ဖြစ်ပွားပါလိမ့်မယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ အဆင့်မှာတော့ အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင် ငံတွေကြား (the west and the rest) မှာ ပဋိပက္ခတွေ ဖြစ်ပွားနိုင်ပြီး အတင်း မာဆုံး ပဋိပက္ခတွေကတော့ မွတ်စလင်နိုင်ငံတွေနဲ့ အာရှနိုင်ငံ တွေက တစ်ဖက်၊ အနောက်ကတစ်ဖက်၊ ဒီနှစ်ဖက်ကြားမှာ ဖြစ်ပွားပါလိမ့်မယ်။ အနာဂတ်ရဲ့ အန္တရာယ်အကြီးမားဆုံး ပဋိပက္ခတွေဟာ မောက်မာတဲ့ အနောက်တိုင်း၊ သည်းခံ မှုမရှိတဲ့ အစ္စလာမ်နဲ့ ယုံကြည်မှုလွန်ကဲတဲ့ တရုတ်တို့ အကြားမှာ ဖြစ်ပွားဖို့ များနေပါတယ်။
စီဗီလိုက်ဇေးရှင်းကြီးတွေကြားမှာ အနောက်တိုင်း စီဗီလိုက်ဇေးရှင်းဟာ အခြား စီဗီလိုက်ဇေးရှင်းတွေအပေါ် အကျိုးသက်ရောက်မှုကြီးမားတဲ့ စီဗီလိုက်ဇေးရှင်း ကြီး တစ်ခုဖြစ်သလို ဆိုးကျိုးတွေလည်း ရှိနေတတ်ပြန်ပါတယ်။ အနောက်ရဲ့ အင်အား၊ ယဉ်ကျေးမှု ( Power and culture ) နဲ့ အခြားနိုင်ငံတွေရဲ့ အင်အား ယဉ်ကျေးမှုကြားက ဆက်ဆံရေးဟာ ကမ္ဘာ့စီဗီလိုက်ဇေးရှင်းကြီးတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့နေပါလိမ့်မယ်။ အခြား စီဗီလိုက်ဇေးရှင်းတွေရဲ့ အင်အားက တိုးတက် လာတော့ အနောက်ယဉ်ကျေးမှု လွှမ်းမိုးထားနိုင်ခြင်းကလည်း အားလျော့လာ တယ်။ အနောက်မဟုတ်တဲ့ လူတွေကလည်း သူတို့ကိုသူတို့ ယုံကြည်မှုတွေ ပိုခိုင်မာလာပြီး သူတို့ကိုယ်ပိုင် ယဉ်ကျေးမှုတွေ အားကောင်းလာအောင် ကြိုးစား လာနေကြတယ်။ အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအကြား အဓိကပြဿနာက သဟဇာတမဖြစ်ခြင်း၊ အထူးသဖြင့်တော့ အနောက်ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဖြစ်လာအောင် အမေရိကန်တွေက ကြိုးစား အားထုတ်ခြင်းနဲ့ သူတို့ စွမ်းရည်တွေ ကျဆင်းလာနေခြင်းပဲ ဖြစ်ပါတယ်။
ကွန်မြူနစ်ဝါဒ ပျိုလဲသွားတဲ့နောက် လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာနဲ့ချီပြီး အောင် ပွဲခံလိုက်နိုင်တယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးကျင့်သုံးဖို့ သင့်လျော်တယ် ဆိုတဲ့ အမြင်နဲ့ သူတို့နိုင်ငံရေး အယူဝါဒကို ရှေ့တန်းတင်၊ အားသစ်လောင်းမိရာ က ဖြစ်ပွားလာတဲ့ သဟဇာတမကျမှု (အဆီအငေါ် မတည့်မှု) ကြီးဖြစ်ပါတယ်။ အနောက် အထူးသဖြင့် အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး၊ အာဏါအကန့်အသတ်သာပိုင်ဆိုင်တဲ့အစိုးရ၊ လူ့အခွင့်အရေး၊ ပုဂ္ဂလိက၀ါဒနဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ အနောက်တိုင်းရဲ့ တန်ဖိုးတွေကို အနောက် မဟုတ် တဲ့ နိုင်ငံတွေလည်း ကျင့်သုံးသင့်တယ်။ သူတို့ လူ့အဖွဲ့အစည်းတွေကိုလည်း အနောက်ရဲ့ တန်ဖိုးတွေနဲ့အညီ ပုံစံသွင်းယူသင့်တယ်လို့ ယဉ်ကျေးမှုပျံ့ပွားရေးကို အမြဲကြိုးစားနေတတ်တယ်။ အခြားစီဗီလိုက်ဇေးရှင်းတွေထဲရှိ အနည်းစုနိုင်ငံတွေ က ဒါကိုလက်ခံကြိုဆိုပြီး ဒီတန်ဖိုးတွေကိုလည်း မြင့်လာအောင် အားထုတ်ကြ ပါတယ်။ ဒါပေမဲ့ အများစုရဲ့ ဒီတန်ဖိုးတွေ အပေါ် သဘောထားကတော့ သံသ ယတွေနဲ့ ဆန့်ကျင်ဖက်ဆီကို ဦးတည်နေပါတယ်။ အနောက်ရဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ အယူဝါဒဟာ အနောက်မဟုတ်တဲ့ အခြားသူတွေအတွက်တော့ ယဉ်ကျေးမှုနယ်ချဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိအနေအထားအတိုင်းတည်မြဲနေဖို့ အနောက်က ကြိုးစားနေသလို ဆက် လက်ပြီးတော့လည်း ကြိုးစားနေလိမ့်မယ်။ ဒီ အကျိုးစီးပွားတွေဟာ ကမ္ဘာ့မိသားစု တစ်ခုလုံး ( World Community ) ရဲ့ အကျိုးစီးပွားလို့ အဓိပ္ပါယ်ဖွင့်ဆိုရင်း သူတို့အကျိုးစီးပွားကို ရောင်ပြန်ဟပ်စေ၊ တစ်ကမ္ဘာလုံးဆိုင်ရာ တရားဝင် အသိ အမှတ်ပြုမှုကို ဖြစ်စေဖို့အတွက် လွတ်လပ်သောကမ္ဘာ ( Free World ) ဆိုတဲ့ စကားလုံးနေရာမှာ ကမ္ဘာ့မိသားစုဆိုတဲ့ ( World community ) စကားလုံးနဲ့ အစားထိုးလာပါတယ်။ ဥပမာအားဖြင့် အနောက်နိုင်ငံတွေဟာ သူတို့လွှမ်းမိုး ထားတဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးစနစ်ထဲကို အနောက်မဟုတ် တဲ့ နိုင် ငံတွေပါ ပါဝင်ပူးပေါင်းလာကြဖို့ ကြိုးစားနေကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF – International Morretary Fund ) နဲ့ အခြားနိုင်ငံတကာ စီးပွားရေးအဖွဲ့တွေကနေတဆင့် စီးပွားရေး အကျိုး အမြတ်အတွက် ကြိုးစားနေကြသလို သင့်တော်မယ်ထင်တဲ့ အချို့ပေါ်လစီတွေကို အခြားနိုင်ငံတွေကပါ လိုက်နာကျင့်သုံးလာကြဖို့လည်း ဖိအားတွေပေးလာနေ ကြတယ်။ ဒါပေမဲ့ အနောက်မဟုတ်တဲ့ လူတွေအထဲမှာတော့ ဘဏ္ဍာရေး ၀န်ကြီးတွေနဲ့ ကျန်လူနည်းစုကသာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေအဖွဲ့ ကို ထောက်ခံကြပါလိမ့်မယ်။ ကျန်တဲ့လူတိုင်းလိုလိုကတော့ ဒါကို သဘောတူကြ မယ် မဟုတ်ပါ ဘူး။ သူတို့ကဆိုရင် ဂျော်ဂီအာဘာတော့(ဗ်)ရဲ့ IMF အရာရှိတွေ အပေါ် သတ်မှတ်လိုက်တဲ့ စကားကိုတောင် သဘော တူကြပါလိမ့်မယ်။
“IMF အရာရှိတွေဟာ လူထုရဲ့ငွေကြေးကို အလွဲသုံးစားပြုဖို့ ဆန္ဒတွေပြင်းပျ၊ ဒီမိုကရေစီမကျ၊ စည်းစနစ်မကျတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေတွေကို ထုတ်ပြန်၊ သူများတကာရဲ့ စီးပွားရေးလွတ်လပ်ခွင့်ကို ချုပ်ခြယ်နေတဲ့ ဘော်ရှီဗစ် လက်သစ်တွေသာ ဖြစ်တယ် ” Note-1
အနောက်တိုင်းရဲ့ မူနဲ့ လက်တွေ့ကျင့်သုံးမှု ကွာဟချက်ကို ထောက်ပြဖို့ အနောက် မဟုတ်တဲ့လူတွေက ပါးစပ် မတွန့်ကြဘူး။ "အယောင်ဆောင်" "မျှမျှတတမရှိ" "ဒါက ဒီလိုရှိပါတယ်” စတဲ့ ထိကပါးရိကပါး ဝေါဟာရတွေဟာ တစ်ကမ္ဘာလုံး ဆိုင် ရာဝါဒီတွေ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေပါ။ ဒီမိုကရေစီကိုတော့ ထောက်ခံ အားပေးတယ်။ ဒါပေမဲ့ အစ္စလာမ်စာအုပ်ကြီးသမားတွေ အာဏါရလာတော့ ဒီမို ကရေစီကိစ္စကို နောက်လျိုထားတယ်။ အီရန်နဲ့ အီရတ်ကိုတော့ လက်နက် ထိမ်း ချုပ်ရေးအကြောင်း သြ၀ါဒတွေ ချွေတယ်။ အစ္စရေးကိုကျတော့ ဒီလို မဟုတ်ပြန် ဘူး။ လွတ်လပ်စွာကုန်သွယ်ခွင့်ကိုတော့ စီးပွားရေးလိုတရစနစ်တစ်ခုလို အမွှမ်း တင်ပြီး စိုက်ပျိုးရေးကိုကျတော့ ဘာမှ မပြောပြန်ဘူး။ တရုတ်ရဲ့ လူ့အခွင့်အရေး ကိစ္စကိုပုံကြီးချဲ့ပေမဲ့ ဆော်ဒီအာရေးဗျကိုကျတော့ ရေငုံနှုတ်ပိတ်နေပြန်ရော၊ ရေနံ ချမ်းသာတဲ့ ကူဝိတ်အပေါ် ကျူးကျော်လာသမျှကို ခေါင်းခံဖြေရှင်းပေးပြီး ရေနံမရှိ တဲ့ ဘော့စနီးယန်းတွေအပေါ် ကျူးကြော်လာမှုတွေကိုကျတော့ လက်ပိုက်ကြည့်နေပြန်တယ်။ တစ်ကမ္ဘာလုံးအဆင့်ရှိ မူဝါဒကိုလက်တွေ့ ကျင့်သုံး ရာမှာ အဆင့်အတန်းခွဲခြားမှုဟာ ရှောင်လွဲလို့မရတဲ့ ကိစ္စဖြစ်ပါတယ်။
နိုင်ငံရေးလွတ်လပ်မှုရပြီးတဲ့နောက် အနောက်မဟုတ်တဲ့နိုင်ငံတွေဟာ အနောက်ရဲ့ စီပွားရေး၊ စစ်ရေးနဲ့ ယဉ်ကျေးမှု လွှမ်းမိုးထားခြင်းကနေလည်း လွတ်မြောက်ချင်လာကြတယ်။ အရှေ့အာရှ အဖွဲ့အစည်းတွေဆိုရင် စီးပွားရေး အရ အနောက်နဲ့တန်းညှိဖို့ လမ်းကြောင်းပေါ်ရောက်နေကြပါပြီ။ အာရှနိုင်ငံတွေနဲ့ အစ္စလာမ်နိုင်ငံတွေ ကလည်း စစ်ရေးအရ အနောက်နဲ့အင်အားညှိဖို့ ဖြတ် လမ်းနည်းတွေ ရှာဖွေနေကြတယ်။ အနောက် စီဗီလိုက်ဇေးရှင်းရဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ အယူဝါဒ မျှော်လင့်ချက်၊ အနောက်ရဲ့ အင်အားကျဆင်းဆုတ်ယုတ်လာ မှုနဲ့ အခြားစီဗီလိုက် ဇေးရှင်းတွေရဲ့ သူတို့ယဉ်ကျေးမှုကို ပြန်လည်အင်အားဖြည့် လာမှုတွေကြောင့် အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအကြား ဆက် ဆံရေးကတော့ ယေဘုယျအားဖြင့် မချောမွေ့ဖို့ သေချာနေပါတယ်။ ဆက်ဆံရေးတွေရဲ့ တင်းမာမှုအတိုင်းအဆတွေကတော့ သိသိသာသာကွဲပြားနေပြီး ဖြစ်နိုင်ခြေ သုံးမျိုးရှိနေပါတယ်။
တစ်။ စိန်ခေါ်လာနေတဲ့ အစ္စလာမ်၊ တရုတ် စီဗီလိုက်ဇေးရှင်းတွေနဲ့ အနောက်ရဲ့ ဆက်ဆံရေးဟာ အထစ်အငေါ့တွေ အမြဲရှိနေနိုင်ပြီး တစ်ခါတစ်ခါ အလွန် တင်းမာတဲ့ အခြေအနေမျိုးကိုတောင် ရောက်သွားနိုင်ခြေ ရှိပါတယ်။
နှစ်။ အနောက်နဲ့ လက်တင်အမေရိက၊ အာဖရိက၊ အနောက်ကို မှီခိုနေရတဲ့ စီဗီလိုက်ဇေးရှင်းငယ်လေး တွေရဲ့ကြားမှာတော့ မဆိုစလောက် ပြဿနာလေးတွေပဲ ရှိပါမယ်။ အထူးသဖြင့်တော့ အနောက်နဲ့ လက်တင် အမေရိက ဆက်ဆံရေးမှာပါ။
သုံး။ ရုရှား၊ ဂျပန်နဲ့ အိန္ဒိယတို့ရဲ့ အနောက်နဲ့ ဆက်ဆံရေးကတော့ အထက်နှစ်ခုရဲ့ အကြားမှာပဲ ရှိနေ မယ့်သဘောပါ။ ပူးပေါင်းမှုတွေရှိနိုင်သလို ပဋိပက္ခတွေလည်း ရှိနိုင်တယ်။ အဲဒီ စီဗီလိုက်ဇေးရှင်းသုံးခုဟာ တစ်ခါတခါ စိန်ခေါ်သူ စီဗီလိုက်ဇေးရှင်းတွေ (တရုတ်နဲ့ အစ္စလာမ်)နဲ့ ပေါင်းသလို တစ်ခါတခါ အနောက်နဲ့လည်း ပေါင်းလာနိုင် ပါတယ်။ သူတို့ဟာ တစ်ဖက်ကအနောက်၊ အခြားတစ်ဖက်က အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းကြားမှာ “ လေယူရာယိမ်း-Swing ” စီဗီလိုက်ဇေးရှင်းတွေ ဖြစ်နေပါလိမ့်မယ်။
Post a Comment