အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (4)
အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်ကြီးတွေ တိုးတက်ကောင်းမွန်လာဖို့ ပါကစ္စတန်နဲ့ အီရန်ကို တရုတ်ပြည်ရဲ့ အလွန်အမင်း အကူအညီတွေ ပေးနေပုံကိုကြည့်ရင် သူတို့သုံးနိုင်ငံအတွင်း သမားရိုးကျ အဆင့်ထက်ပိုတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ယူဆစရာဖြစ်နေတယ်။
သူတို့ချင်းပူးပေါင်းလုပ်ဆောင်မှုတွေ တိုးပွားလာခြင်း၊ အနောက်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်ခြေ ရှိခြင်းတို့ကြောင့် အကြီးအကျယ်ပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေ ပြန့်ပွားလာနေ မှု ကိစ္စဟာ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအစီအစဉ်မှာ အရေးအကြီးဆုံးကိစ္စတစ်ရပ် ဖြစ်လာခဲ့တယ်။ (ဟန်တင်တန်)
*******************************************
လက်နက်ပြန့်ပွားမှုကိစ္စက ကွန်ဖြူးရှပ် အစ္စလာမ် ဆက်သွယ်ရေးကြားမှာ ပိုပြီး ပြင်းထန်သလို ပိုပြီးလည်း ခိုင်ခိုင်မာမာ ရှိနေတယ်။ မွတ်စလင်နိုင်ငံ အများအပြားဆီ သမားရိုးကျ လက်နက်တွေရော အနုမြူဆိုင်ရာ လက်နက်တွေကိုပါ ဖြန့်ဝေရာမှာ တရုတ်က အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်။ တရုတ်ရဲ့ လက်နက် ဖြန့်ဝေရောင်းချမှုဆိုရာမှာ သာမန်ကြည့်ရင် သုတေသနအတွက်။ ဒါပေမဲ့ အနောက်တိုင်းပညာရှင်တွေ ယုံကြည် ထားတာက ရေဒီယိုသတ္ထုကြွဓာတ်ပစ္စည်းတွေ ထုတ်လုပ်နိုင်တဲ့ အဆင့်အထိရှိနိုင်တဲ့ အနုမြူဓာတ်ပေါင်းဖို အယ်ဂျီးရီးယား ကန္တာရထဲမှာ တည်ဆောက်မှု၊ ဆော်ဒီအာရေးဗျနိုင်ငံအတွက် အလက်စားဒုံးကျည် CSS-2 ပံ့ပိုးကူညီမှု၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနှင့် မြောက်ကိုးရီးယားနိုင်ငံတွေကို အနုမြူ နည်းပညာနဲ့ အထောက်အကူ ပစ္စည်းတွေကို ကူညီပံ့ပိုးပေးမှု၊ သမား ရိုးကျ စစ်လက်နက် အများအပြား အီရက်နိုင်ငံကို ရောင်းချမှုတို့ ပါဝင်ပါတယ်။ တရုတ်ရဲ့လက်နက် အရောင်းအဝယ်ကိစ္စကို ထပ်ဆောင်းပေးတာက မြောက်ကိုးရီးယားရဲ့ Scud–C ဒုံးကျည် အမျိုးအစားတွေကို အီရက်နိုင်ငံကတစ်ဆင့် ဆီးရီးယားကို ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပြီး ဒုံးကျည်တွေ တင်ဆောင်ပစ်ခတ်နိုင်တဲ့ ယာဉ်တွေကို ဖြည့်ဆည်းပေးခဲ့တယ်။ (Note-6)
ကွန်ဖြူးရှပ်၊ အစ္စလာမ်မစ်နိုင်ငံတွေ လက်နက်အရောင်းအဝယ် ကွင်းဆက်မှာ အဓိက က တရုတ်ဖြစ်ပြီး သူ့နောက်မှာ မြောက်ကိုးရီးယားကတစ်ဖက် ပါကစ္စတန်နဲ့ အီရန်တို့ကတစ်ဖက် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၁-ခုအကြား၊ တရုတ်ဆီက လက်နက်အများဆုံး ဝယ်ယူသူတွေဟာ အီရန်နှင့် ပါကစ္စတန်တို့ ဖြစ်ကြပါတယ်။ သူတို့နောက်မှာက အီရတ်ပါ။ ၁၉၇၀ ခုနှစ်တွေကစပြီး တရုတ်နှင့် ပါကစ္စတန် တို့ရဲ့ စစ်ရေးဆက်ဆံမှုက အလွန်အမင်း ရင်းရင်းနှီးနှီးရှိနေခဲ့ကြပါတယ်။ သူတို့ နှစ်နိုင်ငံဟာ လက်နက်အရောင်း အဝယ်ကိစ္စမှာ အတူပူးပေါင်းဆောင်ရွက်ရေး ပူးတွဲသုတေသနနဲ့ ဖွံ့ဖြိုးမှုလုပ်ဆောင်ရေး၊ ပူးတွဲ လက်နက်ထုတ်လုပ် ရေး၊ နည်းပညာများ အပြန်အလှန်လဲလှယ်ရေး၊ နှစ်ဖက်သဘောတူညီနဲ့ တတိယနိုင်ငံကို လက်နက်ရောင်းချရေး သဘောတူညီမှု ဆယ်နှစ်စာချုပ် ၁၉၈၉ ခုနှစ်မှာ ချုပ်ဆိုလက်မှတ်ထိုးခဲ့ကြတယ်၊ နောက်ဆက်တွဲသဘောတူညီမှု အနေနဲ့ ပါကစ္စတန်က လက်နက်ဝယ်ယူရာမှာ တရုတ်ကအကြွေးပေးဖို့ သဘောတူညီမှု ၁၉၉၃-ခုမှာ လက်မှတ် ထိုးခဲ့တယ်။ အကျိုးဆက်အနေနဲ့ကတော့ “ တရုတ်ဟာ ပါကစ္စတန်ရဲ့ စိတ်အချရဆုံးနဲ့ အများဆုံး စစ်လက်နက် အကြမ်းထည်တွေကို ဖြည့်ဆည်းပေးနေတဲ့ နိုင်ငံဖြစ်လာခဲ့ပြီး စစ်တပ်နဲ့ သတ်ဆိုင်တဲ့ ပစ္စည်းအမျိုးမျိုးနဲ့ ပါကစ္စတန်စစ်တပ်တွင်း တပ်ခွဲတိုင်းအတွက် လက်နက်ပစ္စည်းတွေ ရောင်းချပေးတဲ့နိုင်ငံ ဖြစ်လာခဲ့တယ်။ နောက် တိုက်လေယဉ်တွေ၊ တင့်ကားတွေ၊ အမြောက်လက်နက်တွေ၊ ဒုံးကျည်တွေထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ တရုတ်က ပါကစ္စတန်ကို ကူညီပံ့ပိုးပေးခဲ့ပြန်တယ်။
ယူရေနီယံဓာတ် ပွားများလာရေးအတွက် ပံ့ပိုးကူညီခြင်း ဗုံးဒီဇိုင်းအတွက် အကြံဉာဏ်များပေးခြင်း၊ သူတို့ရဲ့ အနုမြူစမ်းသပ်တဲ့နေရာမှာ အနုမြူဖောက်ခွဲစမ်းသပ်ခွင့်ပြုခြင်း စတဲ့ အနုမြူစွမ်းအင်တိုးတက်ရေး ကိစ္စတွေမှာ ပါကစ္စတန်ကို တရုတ်က အဓိက ကူညီပံ့ပိုးသူဖြစ်တယ်။ အမေရိကန်ကို ပေးထားတဲ့ ကတိကဝတ်ကို ချိုးဖောက်ပြီး ကီလိုမီတာ ၃၀၀ အကွာအထိ ပစ်နိုင်တဲ့ အဝေးထိန်းဒုံးကျည် M–11 ကိုလည်း ရောင်းချခဲ့တယ်။ ဒီဒုံးကျည်တွေဟာ အနုမြူလက်နက် အဖြစ်တောင် အသုံးပြုရနိုင်စရာ ရှိပါတယ်။ အပြန်အလှန်အနေနဲ့ ပါကစ္စတန်ဆီက ကောင်းကင်မှာ ဆီဖြည့်ခြင်းနည်းပညာနဲ့ စတင်းဂါးဒုံးကျည်တွေ တရုတ်ကိုယ်တိုင် ရရှိခဲ့တယ်။ (Note–7)
၁၉၉၀- ခုနှစ်တွေမှာ တရုတ်နဲ့ အီရန်တို့ အကြား လက်နက်အရောင်းအဝယ်ကိစ္စကလည်း ခြေသွက်လက်သွက် ရှိနေခဲ့တယ်။ ၁၉၈၀- ခုနှစ်တွေအတွင်းက အီရန်အီရတ်စစ်ပွဲကာလမှာ အီရန်ရဲ့ လက်နက်ဝယ်ယူမှု ( ၂၂ ) ရာခိုင်နှုန်းက တရုတ်ဆီမှဖြစ်ပြီး ၁၉၈၉ - ခုနှစ်ရောက်တော့ တစ်ဦးတည်း လက်နက်အများဆုံး ရောင်းချပေးသူ ဖြစ်လာခဲ့တယ်။ နောက်ပြီး အနုမြူပိုင်ဆိုင်ရေးကို လူသိရှင်ကြား ကြော်ငြာခဲ့ပြီး အနုမြူပိုင်ဆိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ အီရန်ကို တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကူညီခဲ့ပြန်တယ်။ တရုတ်-အီရန် ပူးပေါင်းဆောင်ရွက်ရေး ပဏာမသဘောတူစာချုပ် ချုပ်ဆိုပြီးတဲ့နောက် သူတို့နှစ်နိုင်ငံဟာ ၁၉၉၀ - ခု ဇန်နဝါရီ လထဲမှာ သိပ္ပံပညာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ စစ်ရေးနည်းပညာများ အပြန်အလှန် လဲလှယ်ရေး ဆယ်နှစ်ကြာ နားလည်မှု စာချုပ် ချုပ်ဆိုခဲ့ကြပြန်တယ်။
၁၉၉၂ - ခု စက်တင်ဘာလရောက်တော့ အီရန်သမ္မတ ရပ်(ဖ်)ဆန်ဂျာနီ ( Rafsanjani ) ဟာ အီရန် အနုမြူ ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ပါကစ္စတန်ကနေတစ်ဆင့် တရုတ်ပြည်ကို သွားရောက်ပြီး အနုမြူ ပူးပေါင်းဆောင်ရွက် ရေးအတွက် သဘောတူညီမှု စာချုပ်အသစ် ချုပ်ဆိုခဲ့ပြန်တယ်။ ၁၉၉၃ - ခု ဖေဖေါ်ဝါရီလရောက်တော့ မီဂါဝပ် ၃၀၀ ရှိတဲ့ (300 – MW ) အနုမြူဓာတ်ပေါင်းဖို အီရန်နိုင်ငံထဲမှာ တည် ဆောက်ခဲ့တယ်။ ဒီသဘောတူညီမှု့နှင့်အညီ အနုမြူနည်းပညာနဲ့ သတင်းအချက်အလက်တွေကို အီရန်ကို မျှဝေပေးခဲ့တယ်။ အီရန်သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို လေ့ကျင့်သင်ကြားပေးတယ်။ ကယ်(လ်) ထရွန်ဓာတ် တိုးပွားစေနိုင်တဲ့ အထောက်အကူ ပစ္စည်းကိုလည်း ဖြည့်ဆည်းပေးတယ်။ ၁၉၉၅ - ခုနှစ်မှာ တော့ အဆက်မပြက်ပေးနေတဲ့ အမေရိကန်တွေဖက်က ဖိအားကြောင့် သုံးရာမီဂါဝပ်ရှိ အနုမြူဓာတ်ပေါင်းဖို ရောင်းချရေးအစီအစဉ်ကို (အမေရိကန်တွေအဆိုအရ) “ပယ်ဖျက်ခဲ့တယ”် (တရုတ် တို့အဆိုအရ) “ရပ်ဆိုင်းလိုက်တယ်။” ။
နောက်ပြီး ဒုံးကျည်နဲ့ ဒုံးကျည်နည်းပညာတွေ အီရန်ကိုရောင်းချရာမှာလည်း တရုတ်ဟာ အဓိက နိုင်ငံ တစ်နိုင်ငံဖြစ်တယ်။ ၁၉၈၀ - ခု နှောင်းပိုင်းတွေထဲမှာ မြောက်ကိုးရီးကနေတစ်ဆင့် Silkworm ဒုံးကျည်တွေ ရောင်းချခဲ့သလို ဒါဇင်ပေါင်း(သို့) ရာပေါင်းများစွာသော ဒုံးကျည်ထိန်းချုပ်နည်းစနစ်တွေနဲ့ ကွန်ပြူတာ ထိန်း စက်ပစ္စည်းတွေကိုလည်း ၁၉၉၄ နဲ့ ၁၉၉၅ - ခု အကြားမှာ ရောင်းချပေးခဲ့တယ်။ မြေပြင်ပစ် တရုတ် ဒုံးကျည်တွေ အီရန်နိုင်ငံထဲမှာ ထုတ်လုပ်ဖို့ လိုင်စင်လည်း တရုတ်ကချပေးခဲ့တယ်။ မြောက်ကိုးရီးယားက လည်း Scud ဒုံးကျည်တွေ အီရန်ထဲတင်ပို့ခဲ့သလို သူတို့ကိုယ်တိုင် ထုတ်လုပ်ဖို့ အကူအညီတွေလည်း ပေးခဲ့တယ်။ ၁၉၉၃ - ခုနှစ်မှာ မီတာ(၆၀၀) အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေရောင်းချပေးဖို့ သဘော တူခဲ့တယ်။
သူတို့သုံးနိုင်ငံ တတိယအကြိမ်တွေ့ဆုံရာမှာတော့ အီရန်နဲ့ပါကစ္စတန်တို့ကလည်း အနုမြူကိစ္စမှာ ပါ ဝင်ပူးပေါင်းမှု့ ပိုများလာခဲ့ကြသလို ပါကစ္စတန်က အီရန်သိပ္ပံပညာရှင်တွေကို လေ့ကျင့်ပေးတယ်။ အနုမြူစီမံကိန်းတွေမှာ အတူတကွ လက်တွဲအလုပ်လုပ်သွားကြဖို့ ၁၉၉၂ - ခုနှစ်မှာ ပါကစ္စတန်၊ အီရန်နဲ့ တရုတ်တို့ သဘောတူခဲ့ကြတယ်။ (Note-8) အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်ကြီးတွေ တိုးတက်ကောင်းမွန်လာဖို့ ပါကစ္စတန်နဲ့ အီရန်ကို တရုတ်ပြည်ရဲ့ အလွန်အမင်း အကူအညီတွေ ပေးနေပုံကိုကြည့်ရင် သူတို့သုံးနိုင်ငံအတွင်း သမားရိုးကျ အဆင့်ထက်ပိုတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ယူဆစရာဖြစ်နေတယ်။
သူတို့ချင်းပူးပေါင်းလုပ်ဆောင်မှုတွေ တိုးပွားလာခြင်း၊ အနောက်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်ခြေ ရှိခြင်းတို့ကြောင့် အကြီးအကျယ်ပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေ ပြန့်ပွားလာနေ မှု ကိစ္စဟာ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအစီအစဉ်မှာ အရေးအကြီးဆုံးကိစ္စတစ်ရပ် ဖြစ်လာခဲ့တယ်။ ဥပမာ အားဖြင့် ၁၉၉၀ - ခု ၅၉ ရာခိုင်နှုန်း အမေရိကန်လူထုက အနုမြူလက်နက် ပြန့်ပွားမှုကို တားမြစ်ခြင်းဟာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ အရေးကြီးဆုံး ပန်းတိုင်ဖြစ်တယ်လို့ ခံယူကြတယ်။ ၁၉၉၄ - ခု ရောက်တော့ လူထုရဲ့ ၈၂- ရာခိုင်နှုန်း ၊ နိုင်ငံခြားရေးမူဝါဒခေါင်းဆောင် ( ၉၀ ) ရာခိုင်နှုန်းက အထက်ပါအတိုင်း ခံယူလာကြတယ်။ ၁၉၉၃- ခု စက်တင်ဘာလမှာ လက်နက်ထိန်းချုပ်ရေးကိစ္စဟာ အထူးအလေးပေးဆောင်ရွက်မယ့် ကိစ္စဖြစ်တယ်လို့ သမ္မတကလင်တန်က အသားပေးပြောကြားခဲ့ပြီး ၁၉၉၄- ခုဆောင်းဦးပေါက် ကာလရောက်တော့ “ နျူကလီးယား လက်နက်၊ ဇီဝလက်နက်၊ ဓာတုလက်နက်တွေနဲ့ ဒီလက်နက်တွေ အသုံး ချဖို့ နည်းလမ်းတွေ ပြန့်ပွား လာနေခြင်း အားဖြင့်” “အမေရိကန်ရဲ့ လုံခြုံရေး၊ နိုင်ငံခြားရေးပေါ်လစီနဲ့ စီးပွားရေးကဏ္ဍတွေကို ခြိမ်းခြောက်လာ နေတဲ့အတွက် ” ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရေးဟာ “တစ်မျိုးသား လုံးရဲ့ အရေးပေါ်ကိစ္စ ” ဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာခဲ့တယ်။ ၁၉၉၁ ခုနှစ်ထဲမှာ အမေရိကန်ထောက်လှန်းရေးအဖွဲ့ (CIA) က ဝန်ထမ်းတစ်ရာရှိတဲ့ လက်နက်ထိန်းချုပ်ရေး ဌာနချုပ်ကို ( Nonproliperation Center) ကို တည်ထောင်လိုက်ပြီး ၁၉၉၃ ခု ဒီဇင်ဘာလထဲရောက်တော့ ကာကွယ်ရေးဝန်ကြီး အက်စ်ပင် (Aspin) က လက်နက်ပြန့်ပွားမှု့ တန်ပြန် ထောက်လှန်းရေး စတင်ခြင်း၊ ကာကွယ်ရေးဗျူဟာအသစ်ကို ကြေ ငြာခဲ့ပြီး အနုမြူလက်နက်လုံခြုံရေးနဲ့ လက်နက်ပြန့်ပွားမှု တန်ပြန်ထောက်လှန်းရေးအတွက် ကာကွယ်ရေး ဒု ဝန်ကြီးရာထူး ခန့်အပ်ခြင်းကိုလည်း သတ်မှတ်ပေးခဲ့တယ်။ (Note – 9)
- ဆက်ရန်
ဇင်ဝေသော်
Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx
Post a Comment