စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (3)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (3)
မြောက်ကိုရီးယားတွေရဲ့ စစ်ရေးသဘောထားက “ အမေရိကန်တွေကို စစ်အင်အား စုစည်းချိန် မပေးနဲ့၊ လေကြောင်းတစ်ခွင်ကို မလွှမ်းမိုးမိစေနဲ့၊ သူတို့ လက်ဦးမှု မရရှိစေနဲ့၊ အမေရိကန် အသေအပျောက်နည်းနည်းနဲ့ တိုက်ပွဲမပြီးစေနဲ့ ” ဖြစ်ပါတယ်။

အိန္ဒိယရဲ့ သင်္ခန်းစာက ပိုလို့တောင် တိကျနေပါသေးတယ်။ “ နျူးကလီးယားလက်နက်မရှိ ဘဲ အမေရိကန်နဲ့ စစ်မဖြစ်နဲ့ ” (Note-2)

ဒီသင်္ခန်းစာက အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်တပ်အကြီးအကဲတွေရဲ့ စိတ်ထဲမှာ စွဲနေပါတယ်။ ဒါတွေကို ခြုံငုံပြီး အကျိုးသင့် အကြောင်းသင့်ပြောတော့ “ မင်းမှာ အဏုမြူလက်နက် ပိုင်ဆိုင်ထားရင် အမေရိကန်တွေ လာမတိုက်တော့ဘူး ” ပဲ ဖြစ်ပါတယ်။

လောရင့် ဖရီးဒ်မန်း ( Lawrence Freedman ) က ဒီလို လေ့လာသုံးသပ်တယ် “ ကမ္ဘာ့နိုင်ငံရေးစနစ် အကွဲအပြဲကိစ္စမှာ ခါတိုင်းလို နိုင်ငံရေးအင်အား တိုးမြှင့်တာထက် အဏုမြူလက်နက်တွေက ပိုပြီး အခရာ ကျလာတယ်။ အဏုမြူလက်နက်ကြောင့် တစ်ချိန်က အင်အားကြီးနိုင်ငံတွေရဲ့ အခန်းကဏ္ဍလည်း သေးငယ်သွားတယ်၊ စစ်အေးလွန်ကာလ အနောက်တိုင်းရဲ့ အဏုမြူလက်နက်အခန်းကဏ္ဍဟာ စစ်အေးကာလ အတွင်းနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ သမားရိုးကျစစ်အင်အားနဲ့ နှိုင်းယှဉ်ရင် အားနည်းနေတဲ့ အနောက်ရဲ့စစ်အင်အားကို အဏုမြူလက်နက်နဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့တယ် လို့ ကာကွယ်ရေး ၀န်ကြီးဟောင်း လက်(စ်) လက်(စ်)ပင် ( Les Aspin ) က ထောက်ပြခဲ့တယ်။ စစ်အေးကာလတွင်းမှာ အနုမြူလက်နက်တွေဟာ စစ်အင်အားကို ညှိပေးလိုက်တဲ့အရာတွေ ဖြစ်ပါတယ်။ ( The equalizer ) (Note 3)

"ဒါပေမဲ့ စစ်အေးလွန်ကာလထဲမှာတော့ အမေရိကန်ဟာ သမားရိုးကျစစ်အင်အားမှာ ဘယ်သူနဲ့မှ ယှဉ်လို့ မရအောင် အားကောင်းနေတယ်။ ဒီတော့ အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာ ကျွန်တော်တို့ကို စိန်ခေါ်သူတွေ ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခါ စစ်အင်အား တန်းညှိခံရမယ့်သူတွေဟာ ကျွန်တော်တို့ကိုယ်တိုင် ဖြစ်လာနေတယ်" လို့ အက်စ်ပင်က ဆက်လက်ထောက်ပြခဲ့ပါတယ်။

သူတို့ကိုယ်သူတို့ ကာကွယ်ရေးအတွက် ရုရှားက အနုမြူလက်နက် ပိုင်ဆိုင်ဖို့ အစီအစဉ်တွေ ချမှတ်လာတာ၊ ၁၉၉၅ ခုနှစ်မှာ ယူကရိန်းဆီကနေ ထပ်ဆောင်း အဝေးပစ် ဒုန်းကျည်တွေ၊ ဗုံးကျဲလေယဉ်တွေ ၀ယ်ယူဖို့ စီစဉ်ခဲ့တာဟာ အံ့သြစရာ မဟုတ်တော့ပါဘူး။ “ ၁၉၅၀ ခုနှစ်တွေတုန်းက ရုရှားကို ကျွန်တော်တို့က ပြောခဲ့သမျှ အခု သူတို့က ပြန်ပြောနေတာကို ကြားနေရပါတယ်၊ အခု ရုရှားတွေပြောနေတာက ‘ အမေရိကန်တွေရဲ့ သမားရိုးကျ စစ်အင်အားသာလွန်မှုကို ကာမိအောင် အနုမြူလက်နက် ပိုင်ဆိုင်ထားဖို့ လိုတယ်’ ဆိုတာ ဖြစ်ပါတယ်” လို့ အမေရိကန် လက်နက်ကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ပြပါတယ်။ ဆန့်ကျင်ဖက်ဖြစ်နေပုံနဲ့ ပတ်သက်တဲ့ နောက်တစ်ချက်ကတော့ စစ်အေးကာလအတွင်းမှာ အမေရိကန်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေး အကြောင်းပြချက်နဲ့ အနုမြူလက်နက် စတင်မသုံးစွဲရေးဝါဒကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့တယ်။ စစ်အေးလွန် ကာထဲရောက်တော့ ရုရှားကလည်း အနုမြူစတင်မသုံးစွဲရေး ( not- fint-use ) ၀ါဒကို ၁၉၉၃ ခုနှစ်မှာ ပယ်ဖျက်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ တရုတ်ပြည်ကလည်း စစ်အေးလွန်ကာလ ခုခံကာကွယ်ရေးအတွက် ကန့်သတ်ထားတဲ့ အနုမြူနည်းပညာတွေကို တိုးတက်လာအောင် ကြိုးစားလာနေရင်း ၁၉၆၄ ခုနှစ်က ထားရှိခဲ့တဲ့ အနုမြူစတင်မသုံးစွဲရေး ၀န်ခံကတိက၀တ်အပေါ် မေးခွန်းတွေ ထုတ်လာသလို ဒီအပေါ် အလေးအနက်ထားမှုလည်း လျော့ပါးလာနေတယ်။ (Note-4) သူတို့သာ အနုမြူလက်နက်တွေ၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေး လက်နက်ကြီးတွေ ပိုင်ဆိုင် သွားကြမယ်ဆိုရင် အခြားပဓာနနိုင်ငံတွေ၊ ဒေသတွင်းအင်အားကြီးနိုင်ငံတွေကလည်း ဒီလမ်းအတိုင်း လိုက်လာ ကြမယ့် အနေအထားမှာရှိနေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အနောက်ရဲ့ သမားရိုးကျ စစ်အင်အားသုံးစွဲလာမှုကို ခုခံကာကွယ်ဖို့ အင်အားအကောင်းဆုံး ပြင်ဆင်ထားရာ ရောက်ပါတယ်။

အနုမြူလက်နက်တွေဟာ အနောက်ကို တိုက်ရိုက်လည်း ခြိမ်းခြောက်လာနိုင်ပါတယ်။ တရုတ်နဲ့ ရုရှားတို့မှာ ဥရောပနဲ့ မြောက်အမေရိကအထိရောက်အောင် ပစ်လို့ရတဲ့ နျူးကလီးယားထိပ်ဖူးတပ် အဝေးထိန်း ဒုံးကျည်တွေ ပိုင်ဆိုင်နေကြပါပြီ်။ မြောက်ကိုရီးယား၊ ပါကစ္စတန်နဲ့ အိန္ဒိယတို့ကလည်း ပိုပြီး ဝေးဝေးရောက်အောင် ပစ်နိုင်ဖို့ ကြိုးစားနေကြသလို တစ်ချိန်ချိန်မှာ အနောက်ကို ပစ်ခတ်နိုင်မယ့် အဆင့်အထိ ရောက်လာပါလိမ့်မယ်။ ဒါအပြင် နျူးကလီးယားလက်နက်ကို အခြားနည်းလမ်းတွေနဲ့လည်း အသုံးပြုလာနိုင်ပါတယ်။ စစ်အင်အားကို အထူးပြု လေ့လာသူတွေကတော့ အကြမ်းဖက်လှုပ်ရှားမှု၊ ပြောက်ကြားတိုက်ပွဲလို သာမန်စစ်ပွဲ အသေးလေးတွေကနေ အကန့်အသတ်တချို့နဲ့ စစ်ပွဲအလတ်စားတွေ၊ နောက်ဆုံး သမားရိုးကျ စစ်အင်အားကနေ အနုမြူစစ်ပွဲအထိ ဖြစ်လာနိုင်ခြေတွေ ရှိလာလိမ့်မယ်လို့ လေ့လာခန့်မှန်းကြပါတယ်။ သမိုင်းကြောင်းအရ အကြမ်းဖက်ဝါဒီတွေမှာ သမားရိုးကျစစ်အင်အား မပိုင်ဆိုင်တဲ့အတွက် လက်နက်အင်အား မတောင့်တင်းပါဘူး။ ဒုတိယကမ္ဘာစစ်ကတည်းက အနုမြူလက်နက်ဟာ သမားရိုးကျ စစ်အင်အား အားနည်းမှုကို ကာမိအောင် ထေပေးတဲ့ လက်နက်ဖြစ်နေခဲ့ပါတယ်။ အတိတ်တုန်းကဆိုရင် အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်မှုကို အတိုင်းအတာတစ်ခုအထိသာ လုပ်နိုင်တယ်၊ ဟိုဟိုဒီဒီက လူနည်းစုကိုပဲ သတ်ဖြတ်နိုင်၊ ပစ္စည်း အနည်းငယ်ကိုသာ ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ အကြမ်းဖက်မှု ကြီးကြီးကျယ်ကျယ် ပြုလုပ်နိုင်ဖို့ အလွန်အင်အားကြီးတဲ့ စစ်အင်အား လိုအပ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ လူနည်းစု အကြမ်းဖက်သမားတွေက ကြီးကြီးမားမား အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေ ပြုလုပ်လာနိုင်စရာ ရှိပါတယ်။ အကြမ်းဖက်ဝါဒနဲ့ အနုမြူလက်နက် မပူးပေါင်းမိသေးခြင်းဟာ အနောက်မဟုတ်တဲ့ အကြမ်းဖက်ဝါဒီတွေအတွက် အားနည်းချက်ဖြစ်ပြီး အဲဒီနှစ်ခုသာပေါင်းမိသွားရင် အားကောင်းလာပါလိမ့်မယ်။

စစ်အေးလွန်ကာလထဲမှာတော့ အစ္စလာမ်မစ်နိုင်ငံတွေနဲ့ ကွန်ဖျူးရှပ်နိုင်ငံတွေဟာ အစုလိုက်အပြုံလိုက် ပျက်စီးနိုင်တဲ့ လက်နက်ကြီးတွေ ပိုမိုအားကောင်းလာအောင် ကြိုးစားလာနေကြသလို ဒီလက်နက်တွေ အသုံးပြုဖို့ နည်းလမ်းတွေကိုလည်း တီထွင်ကြံဆလာနေကြတယ်။ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေမှာ အနုမြူလက်နက် အနည်းငယ် ပိုင်ဆိုင်နေပြီး မပိုင်ဆိုင်သေးဘူးဆိုရင်အောင် အချိန်တိုအတွင်းမှာ ပိုင်ဆိုင်လာဖို့ ရှိနေပါတယ်။ နောက်ပြီး အဝေးပစ်ဒုန်းကြည်တွေ ပိုင်ဆိုင်ဖို့နဲ့ အသုံးပြုနည်းလမ်းတွေကို ရရှိဖို့ ကြိုးစားရှာဖွေနေကြတယ်။ အီရတ်မှာ ဓာတုလက်နက်စွမ်းရည်တွေ ပိုင်ဆိုင်နေပြီး ဇီဝလက်နက်နဲ့ အနုမြူလက်နက်တွေ ပိုင်ဆိုင်ဖို့လည်း အသည်းအသန် ကြိုးပမ်းနေကြတယ်။ အီရန်ကလည်း အနုမြူလက်နက် ပိုင်ဆိုင်ရေးအတွက် စီမံကိန်းတွေ အကြီးအကျယ်ရေးဆွဲ အကောင်အထည်ဖော်နေသလို ဒီလက်နက်တွေ အသုံးပြုရေး နည်းလမ်းတွေကိုလည်း တိုးချဲ့ရှာဖွေ လာနေကြတယ်။

၁၉၈၈ ခုနှစ်မှာ (အီရန်သမ္မတ) ရပ်(စ်)ဆန်ဂျာနီ ( Rafsanjani ) က တိတိလင်းလင်း ကြေငြာခဲ့တယ်။ “ အီရန်တွေဟာ တိုက်ခိုက်ဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ ဓာတုလက်နက်၊ ဇီဝလက်နက်နဲ့ ရေဒီယို သတ္ထုကြွလက်နက်တွေ ပြည့်ပြည့်စုံစုံ တပ်ဆင်ထားကြရမယ်။ ” နောက်သုံးနှစ်ကြာတော့ သူ့ရဲ့ ဒုတိယသမ္မတက အစ္စလာမ်မစ် အစည်းဝေးမှာ “အစ္စရေးက အနုမြူလက်နက် ပိုင်ဆိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေလည်း ကုလသမဂ္ဂရဲ့ လက်နက်ထိန်းချုပ်ရေး ပေါ်လစီကို ဘေးဖယ်ထားပြီး အနုမြူလက်နက် ပိုင်ဆိုင်ဖို့ ပူးပေါင်းဆောင်ရွက်ကြရမယ်” လို့ ပြောခဲ့တယ်။ ၁၉၉၂ နဲ့ ၁၉၉၃ ခုနှစ်အတွင်းမှာ အမေရိကန် ထိပ်တန်းထောက်လှမ်းရေးအရောရှိက အီရန်ဟာ အနုမြူလက်နက် တပ်ဆင်နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပြီး ၁၉၉၅ ခုရောက်တော့ ပြည်ထဲရေးဝန်ကြီး ၀ါရင့် ခရစ္စတိုဖာ (Worren Christopher ) က “ ဒီနေ့ အီရန်ဟာ အနုမြူလက်နက် တိုးချဲ့ခြင်းအားဖြင့် အကျိုးမဲ့ အားထုတ်မှုတွေ လုပ်ဆောင်နေ တယ်” လို့ ဘွင်းဘွင်းကြီး ပြောခဲ့ပါတယ်။ အနုမြူလက်နက် တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေထဲမှာ လစ်ဗျား၊ အယ်(လ်)ဂျီးရီးယား နဲ့ ဆော်ဒီအာရေးဗျတို့ ပါဝင်ပါတယ်။

အလီမာ(ဇ်)ရူးရဲ့ ကဗျာဆန်ဆန်ဝေါဟာရက “ လခြမ်းဟာ မှိုပွင့်သဏ္ဍန် တိမ်တိုက် (မီးခိုးလုံး) ရဲ့ အထက်မှာ ရှိတယ် ” ဖြစ်ပြီး ( အစ္စလာမ်ကမ္ဘာရဲ့ အနုမြူ ပိုင်ဆိုင်မှုဟာ ) အနောက်အပြင် အခြားနိုင်ငံတွေကိုပါ ခြိမ်းခြောက် နေနိုင်ပါတယ်။ အစ္စလာမ် စီဗီလိုက်ဇေးရှင်း (ထဲက အနုမြူလက်နက်) ဟာ “အရှေ့အာရှထဲက အိန္ဒိယ စီဗီလိုက်ဇေးရှင်းနဲ့ တစ်ဖက်၊ အရှေ့အလယ်ပိုင်းက ဂျူး စီဗီလိုက်ဇေးရှင်းနဲ့တစ်ဖက် အနုမြူလက်နက် ပစ်ခတ်တမ်း ” ကစားလာနိုင်စရာတောင် ရှိနေပါတယ်။ (Note-5)

- ဆက်ရန်
ဇင်ဝေသော်

(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx

Post a Comment