လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ - (2)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ - (2)

“ ၁၉၄၈ ခု၊ ကုလသမဂ္ဂကြေငြာစာတန်းကို လက်ခံကျင့်သုံးခဲ့စဉ်က စလို့ ပထမဆုံးအကြိမ်အဖြစ် ဂျူး ခရစ်ယန်ရဲ့ ပညတ်ချက်တန်ဖိုးကို နားမလည်၊ သဘာဝနိယာမကို နားမလည်တဲ့ နိုင်ငံတွေ ရှေ့တန်းရောက်လာတယ်။ တစ်ခါမှ မကြုံဖူးတဲ့ ဒီအနေအထားက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ ပေါ်လစီအသစ်တွေ သတ်မှတ် လာကြလိမ့်မယ်။ ပြဿနာဖြစ်ဖို့ အခွင့်အလမ်းတွေလည်း ဆထိုးတက်လာလိမ့်မယ်။ ” လို့ အနောက်ရဲ့ အာရှအပေါ် ဝေဖန်မှုကလည်း အလားတူ ဆိုနေပြန်တယ်။ (Note-18)

နောက်လေ့လာသူတစ်ယောက်ကလည်း “ ဗီယင်နာမှာ အကြီးအကျယ်အနိုင်ရသွားသူကတော့ တရုတ်ပါပဲ၊ အနည်းဆုံး တခြားနိုင်ငံတွေကို မင်းတို့ ၀င်မရှုပ်နဲ့လို့ ခြိမ်းခြောက်မှုနဲ့ တိုင်းတာမယ်ဆိုရင်ပေါ့။ ဘေဂျင်းဟာ အင်အားသုံးပြီး အစည်းအဝေးတွေမှာ ထောက်ခံမှုတွေရအောင် ပြုမူခဲ့တယ် ” (Note-19) လို့ သုံးသပ်တယ်။

ဗီယင်နာမှာ မဲရှုံး၊ အင်အားရှုံးခဲ့တဲ့နောက် လ အနည်းငယ်ကြာတဲ့အခါမှာတော့ သိပ်အရေးမပါလှတဲ့ အောင်မြင်မှုတစ်ခု တရုတ်အပေါ် အနိုင်ရလိုက်တယ်။ သက္ကရာဇ် ၂၀၀၀ ဘေဂျင်း (ပီကင်း) အိုလံဗစ်ပွဲတော် ကျင်းပခွင့် ရရှိရေးဟာ တရုတ်အစိုးရရဲ့ အဓိကပစ်မှတ် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စ အောင်မြင်ဖို့အတွက်လည်း ငွေကုန်ကြေးကျ အများကြီးခံခဲ့တယ်။ တရုတ်ပြည်တွင်းသတင်းနဲ့ စာနယ်ဇင်းတွေကလည်း အိုလံပစ်ပွဲတော်အကြောင်း အကျယ်တ၀င့် ဖော်ပြနေတော့ လူထုရဲ့ မျှော်လင့်ချက်ကလည်း မြင့်မြင့်မားမား ရှိခဲ့တယ်။ တရုတ်အစိုးရက အခြားအစိုးရတွေအနေနဲ့ အိုလံပစ်အဖွဲ့ချုပ်တွေအပေါ် ဖိအားတွေပေးကြဖို့ စည်းရုံးလိုက်တော့ ထိုင်ဝမ်နဲ့ ဟောင်ကောင်က လည်း မဲဆွယ် စည်းရုံးရေးမှာ ပါဝင်ပူးပေါင်းကြတယ်။
အမေရိကန် ကွန်ဂရက်၊ ဥရောပ ပါလီမန်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းကြီးတွေက ဘေဂျင်းကို အိုလံဗစ်မြို့တော်အဖြစ် ရွေးချယ်ခြင်းကို အပြင်းအထန်ကန့်ကွက်ခဲ့ကြတယ်။ အိုလံပစ် ကော်မတီရဲ့ ရွေးချယ်ပုံစနစ်က လျှို့ဝှက်မဲစနစ်ကို အခြေခံပေမဲ့ ထောက်ခံ၊ ကန့်ကွက်မဲတွေကတော့ စီဗီလိုက်ဇေးရှင်းလိုင်းကြောင်းတွေအတိုင်းပဲ ရှိနေခဲ့ပါတယ်။

ပထမဆုံးအကြိမ် မဲခွဲဆုံးဖြတ်ရာမှာ အာဖရိကနိုင်ငံတွေရဲ့ ထောက်ခံမဲတွေကြောင့် ဘေဂျင်းက ပထမရပြီး ဆစ်ဒနီက ဒုတိယနေရာမှာ ရှိနေခဲ့တယ်။ နောက်တစ်ကြိမ်မှာတော့ အစ္စတန်ဘူ(လ်) ထွက်သွားရတဲ့အတွက် ကွန်ဖြူးရှပ်၊ အစ္စလာမ်နိုင်ငံတွေက ဘေဂျင်းကို မဲစုပေးလိုက်ကြတယ်။ နောက်ပြီး ဘာလင်နဲ့ မန်ချက်စတာတို့ ထွက်သွားရပြန်တော့ (အနောက်အုပ်စုနိုင်ငံတွေကလည်း) ဆစ်ဒနီကို စုပြီး ထောက်ခံခဲ့ကြပြန်တယ်။ စတုတ္ထအကြိမ် မှာတော့ တရုတ် အရှုံးရသွားပြီး အရှက်လည်း ရသွားခဲ့တယ်။ ဒီအတွက် အမေရိကန်လည်း အဝေဖန်ခံလိုက်ရတယ်။

[ ဇယား ဖော်ပြရန်၊ မူရင်း စာနှာ- ၁၉၇ ။]

“အမေရိကန်နဲ့ ဗြိတိန်ဟာ တရုတ်ကို အကောင်သေးသွားအောင် ပြုလုပ်နိုင်ခဲ့ကြတယ်။ အကြောင်း ပြချက်ကတော့ “ လူ့အခွင့်အရေး ” ပဲပေါ့။ ဒါပေမဲ့ တကယ့် အဖြစ်အမှန်ကတော့ နိုင်ငံရေးပါ၊ နိုင်ငံရေးသြဇာပြမှုပါ။ ” လို့ လီကွမ်ယုက ဝေဖန်ခဲ့တယ်။ (Note-20) ကမ္ဘာတစ်ဝှမ်းလုံးရှိ လူထုကတော့ လူ့အခွင့်အရေးထက် အားကစားကို ပိုပြီး အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့ ဗီယင်နာနဲ့ အခြားနေရာတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ခံခဲ့ရပြီးတဲ့နောက် မဆီမဆိုင် လူ့အခွင့်အရေးကို အကြောင်းပြပြီး တရုတ်အပေါ် သြဇာပြလိုက်တာကလည်း အနောက်ရဲ့အားနည်းမှုကို သတိပေးလိုက်ခြင်းမျိုး ဖြစ်နေပါတယ်။

အနောက်တိုင်းနိုင်ငံရေးပါဝါ ပျောက်ဆုံးသွားရုံတင် မကပါဘူး ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ၀ိဝါဒကွဲမှု တွေကြောင့် အနောက်ရဲ့ စစ်အေးလွန်ကမ္ဘာထဲ ဒီမိုကရေစီ ထွန်းကားလာအောင် ကျိုးစားလိုစိတ်ကိုလည်း လျော့ပါးစေပါတယ်။ စစ်အေးကာလ တွင်းမှာတော့ အနောက်နဲ့ အထူးသဖြင့် အမေရိကန်ဟာ “ ရင်းနှီးတဲ့ အာဏာရှင် ( Friendly tyrant ) ” ပြဿနာနဲ့ ကြုံတွေ့ခဲ့ရတယ်။ စစ်အေးကာလအတွင်းမှာ ကွန်မြူနစ်အတိုက်အခံတွေ ဖြစ်ကြတဲ့ စစ်အစိုးရတွေ၊ အာဏာရှင် အစိုးရတွေကို (နိုင်ငံရေးမဟာဗျူဟာအရ အနောက်က)အသုံးချခဲ့တယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံရေးက ချောချောမွေ့မွေ့ မရှိသလို သူတို့က လူသိရှင်ကြား လူ့အခွင့်အရေးတွေ ချိုးဖောက်တဲ့အခါ အရှက်ရစရာတွေလည်း မကြာမကြာ ကြုံရတတ်ပြန်ပါတယ်။

ဒါပေမဲ့ သူတို့နဲ့ ပေါင်းသင်းရတာက ကွန်မြူနစ်လောက် မဆိုးဘူးဆိုတဲ့ သဘောတော့ရှိပါတယ်။ ဒီ အစိုးရတွေဟာ အများအားဖြင့် ကွန်မြူနစ်တွေနဲ့လောက် ဖိနှိပ်ချုပ်ချယ်မှု မရှိဘူး။ ကွန်မြူနစ်တွေလောက် ကြာရှည်ခံမှာ မဟုတ်သလို အနောက်ကိုလည်း ကွန်မြူနစ်လောက် အန္တရာယ်မပေးနိုင်လောက်ဘူးလို့ မျှော်လင့် ထားနိုင်ပါတယ်။ ပိုအန္တရာယ်ရှိပြီး ရင်းနှီးကျွမ်းဝင်မှုလည်း မရှိသူနဲ့ နှိုင်းစာရင်ရင် သူ့လောက်အန္တရာယ်မရှိ၊ ရင်းနှီးကျွမ်းဝင်မှုလည်းရှိသူနဲ့ ပေါင်းသင်းရမှာပါပဲ။ စစ်အေးလွန်ကာလထဲမှာတော့ ရင်းနှီးတဲ့ အာဏာရှင် (friendly tyrant) နဲ့ မရင်းနှီးတဲ့ ဒီမိုကရေစီအကြား ရွေးချယ်မှုက ပိုပြီး ခက်ခဲလာခဲ့ပါတယ်။ အနောက်ရဲ့ အလွယ်နည်းကောက်ချက်က ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရတွေဟာ အနောက်ဖက်ကို ယိမ်းလိမ့်မယ်ဆိုတာဖြစ်ပြီး အဲဒီကောက်ချက်ဟာ မှားပါတယ်။ အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေက အနောက်ဆန့်ကျင်ရေးအစိုးရတွေ၊ အမျိုးသားရေးဝါဒီအစိုးရတွေ၊ စာအုပ်ကြီးသမား အစိုးရတွေကို မွေးထုတ်ပေးလိုက်မှာပါ။

ဘာသာရေးစာအုပ်ကြီးပါတီ ဖြစ်တဲ့ FIS ပါတီက ၁၉၉၂ ခု ရွေးကောက်ပွဲ သေချာပေါက်နိုင်လောက်တဲ့ အနေအထားမှာ အယ်လ်ဂျီးရီးယားစစ်တပ်က ကြားဝင်ပြီး ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းလိုက်တော့ အနောက် နိုင်ငံတွေ တော်တော်စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ တူရကီက အစ္စလာမ်စာအုပ်ကြီးပါတီဖြစ်တဲ့ Welfare Party နဲ့ အိန္ဒိယက BJP အမျိုးသားရေးဝါဒီပါတီတွေလည်း ၁၉၉၅ ခုနဲ့ ၁၉၉၆ ခု ရွေးကောက်ပွဲတွေမှာ အနိုင်ရပြီးမှ ပယ်ဖျက်ခြင်းခံလိုက်ရတော့ သူတို့ တော်တော်စိတ်အေးခဲ့ရပြန်တယ်။ အခြားတစ်ဖက်မှာလည်း အီရန်က သူ့ရဲ့ တော်လှန်ရေးနဲ့ ကြုံကြိုက်ခိုက်မို့ အစ္စလာမ်ကမ္ဘာမှာတော့ သူများထက် ဒီမိုကရေစီပိုကျတဲ့ အစိုးရ ရှိနေခဲ့တယ်။ ဆော်ရီအာရေးဗျ၊ အီဂျစ် အပါအ၀င် အခြားမွတ်စလင် နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကတော့ အနောက်တိုင်း အကျိုးစီးပွားထက် ဒီမိုကရေစီသိပ်မကျတဲ့ အရင်အစိုးရကို ပိုမိုစာနာမိတဲ့ အစိုးရအသစ်တွေကိုပဲ မွေးထုတ်ပေးပါလိမ့် မယ်။

လူကြိုက်များပြီး ရွေးချယ်တင်မြှောက်ခံရမယ့် တရုတ်အစိုးရကလည်း အမျိုးသားရေးဝါဒလွန်ကဲတဲ့ အစိုးရပဲ ဖြစ်နေနိုင်ပါတယ်။ အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီလမ်းစဉ်က အနောက်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ အစိုးရတွေကိုပဲ မွေးထုတ်ပေးနေတယ် ဆိုတာကို အနောက်နိုင်ငံတွေက သဘောပေါက်သွားကြတော့ ရွေးကောက်ပွဲ တွေအပေါ် သြဇာလွှမ်းမိုးဖို့ကြိုးစားမှုရော ဒီနိုင်ငံတွေအတွင်း ဒီမိုကရေစီဖွံ့ဖြိုးလာစေဖို့ ကြိုးစားလိုစိတ်ပါ ပျောက်ဆုံး သွားကြတော့တယ်။

ဆက်ရန် -
ဇင်ဝေသော်

Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx
(4) http://tiny.cc/x5d1nx
(5) http://tiny.cc/82q4nx
(6) http://tiny.cc/mi03nx

Post a Comment