တစ်ခါက
စာချကိုယ်တော်လေးတစ်ပါးဟာ သူ့တပည့်ကိုရင်လေးတွေကို အဘိဓမ္မာသရုပ်ခွဲ တွေကို
သင်နေသတဲ့။ တစ်ခါတစ်ခါ ကိုရင်လေးတွေက ဆရာ့အာဘော်ကို မမှီဘူးဖြစ်တာပေါ့။ ဒါ့ကြောင့်
အားမလိုအားမရဖြစ်နေရင်းနဲ့-
“ကိုရင်တို့၊ မင်းတို့က ဆရာပြောရင်
ပြောတာလေးပဲ မှတ်ထားကြတာကိုး။ တပည့်ဆိုတာ တစ်ခါတစ်ခါ ဆရာပြောတာထက် ကျော်မြင်နေရတယ်။
တစ်ချို့တော်တဲ့ တပည့်တွေ ဆိုတစ်ထွာ လောက်ပြလိုက်တာနဲ့ တစ်လံကို မြင်တာ”
“ မှန်ပါဘုရား”
“ ဟဲ့ ကိုရင်တိက္ခ၊ လောကီစိတ် ဘယ်နှစ်ပါးရှိသလဲ”
“ လောကီစိတ် (၈၂) ပါးပါဘုရား”
“ တယ် ဒီကိုရင်လေ၊ ကိုရင်ဉာဏ ဖြေစမ်း”
ကိုရင်ဉာဏက စဉ်းစားတာပေါ့။ ကိုရင်တိက္ခက ဆရာသင်တာထက် ကျော်မြင်ပေမယ့်
နည်းနည်းပဲကျော်မြင်နိုင်တယ်။ သူက
ကိုရင်တိက္ခထက် ပိုကျော်မြင်လိုက်မယ်လို့ စဉ်းစားပြီး-
“လောကီစိတ် (၈၃) ပါးပါဘုရား” လို့
ဖြေလိုက်ချိန်မှာတော့ စာချဆရာတော်လေး တော်တော်စိတ်ပျက်သွားသတဲ့။ ပြီးတော့မှ
သူပြောမိတဲ့ စကားကို သတိရပြီး စိတ်ပြေသွားလို့-
“ကိုရင်ဉာဏ၊ မင်းတို့ကို သဒ္ဒါသင်ပေးနေတဲ့ဆရာတော် ဘယ်ကြွသွားသလဲ” လို့
မေးလိုက်ချိန်မှာတော့-
“ ဆရာတော် ရေနီမြောင်းထဲ ကြွသွားပါတယ်ဘုရား” တဲ့။
(မန္တလေးနဲ့ ဝေးတဲ့လူတွေက သိမှာမဟုတ်ဘူး။ မန္တလေး တက္ကသိုလ်ကိုကျော်ရင်
ရေနီမြောင်းကို ရောက်တယ်လေ။ ဆရာပြောတဲ့စကားကို ကျော်မြင်ရမယ်ဆိုလို့ ကိုရင်ဉာဏက
ကျော်မြင်လိုက်တာပါ။ တကယ်တော့ သဒ္ဒါသင်ပေးတဲ့ဆရာတော်က မန္တလေးတက္ကသိုလ်ထဲကို
ဆွမ်းစားကြွသွားတာ။
အဲလောကီစိတ်ဆိုတာကလည်း (၈၁) ပါးပဲရှိတာပါ။ ဆရာပြောတာကို ကိုရင်တိက္ခက
တစ်ပါးကျော်မြင်ပြီး၊ ကိုရင်ဉာဏက နှစ်ပါးကျော်မြင်ပစ်လိုက်တာပါ။)
ဆရာတော်လေးလည်း ရယ်ချင်တာနဲ့ စာဆက်မချတော့ပဲ-
“ ကိုရင်တို့ သွားကြတော့၊ နောက်မှ ဆက်တော့မယ်” လို့ မိန့်လိုက်ရသတဲ့။
“ မှန်ပါဘုရား”
ဒါတောင် ကိုရင်ဉာဏက ကျော်မြင်လိုက်သေးတယ်။
“ငါ့ဆရာလည်း ကွမ်းဝါးတော့မယ်”
လို့တဲ့။ ကိုရင်ဉာဏတို့ကတော့ တကယ့်ကိုမလွယ်။
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment