ဒီနေ့ကင်တင်းဆိုတဲ့ မြို့လေးကိုရောက်တယ်။ ထိုင်ပေနဲ့ကင်တင်းက ရန်ကုန်နဲ့မြစ်ကြီးနားလိုပါ ဟိုထိပ် ဒီထိပ် ။ ၁၁ နာရီခွဲလို့ ရက်စတောရင့် အသေးစားလေးထဲရောက် ..မျက်လုံးဝေ့ပြီးကြည့်လိုက်စဉ်မှာ နံရံက ပိုစတာကိုတွေ့ရတယ်။ ဗိုလ်ချုပ်နဲ့ ဒေါ်စုတို့ပုံ။
ဒါ -မြန်မာဆိုင်။ ခဏနေတော့ ဆိုင်ပိုင်ရှင် မမို့မို့ထွက်လာပြီး စကားလာပြောတယ်။ သူကလေသံနဲနဲဝဲတယ် ။ နောက် (၁၀)မိနစ်လောင်နေတော့ သူ့အမျိုးသား ကိုထွန်းအောင်ကျော် ထွက်လာပြီး စကားပြောတယ်။ ကိုထွန်းအောင်ကျော်ရဲ့မြန်မာစကားက ပါဖက်ပဲ။
သူတို့တော်တော်ပျော်သွားပုံပဲ။ ထိုင်ပေမှာ မြန်မာဘုန်းကြီးတွေ့ရတတ်ပေမယ့် ကင်တင်းမှာတော့တွေ့ဖို့ခက်နေပြီ။ တစ်မိသားစုလုံး ကြမ်းပြင်ပေါ်ထိုင်ပြီးကန်တော့နေကြလို့ စလုံး(၃၄)ယောက်ရော အားလုံးမျက်လုံးအဝိုင်းသားနဲ့ကြည့်နေကြတယ်။ ဒါကမြန်မာပါပဲ။ ဘယ်ရောက်ရောက်။
ဒါပေမယ့်ကိုယ်တကယ်စိတ်ဝင်စားတာက ထိုင်ဝိုင်အစွန်အဖျားမြို့လေးရဲ့
စားသောက်ဆိုင်ထောင့်တစ်နေရာက ပိုစတာပါ။ ဒါနဲ့အပြေးအလွှားသွားပြီးဓါတ်ပုံရိုက်လိုက်တယ် (ပုံက မလှဘူး ။ လှစရာလည်းမလိုဘူး။) ပြီးတော့သူတို့နှစ်ယောက်နဲ့။ အမှတ်တရ နားဝင်မချိုစာအုပ် လက်ဆောင်ပေးခဲ့တယ်။
ကိုထွန်းအောင်ကျော်က ထိုင်းမှာ အနှစ် (၂၀)။ ထိုင်ဝမ်မှာ(၇) နှစ် ။ကြည့် ။ သူတို့သွေးထဲမှာ ဗိုလ်ချုပ်ရှိတယ် ။ ဒေါ်စုရှိတယ် ။
ပြန်ခါနီးလက်အုပ်ချီနေလို့ မလိုပါဘူး ကိုထွန်းအောင်ကျော်ဆိုပြီး သူ့လက်အုပ်ကိုဖယ် သူ့ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်းဖက်ပြီး နှုတ်ဆက်ထားခဲ့တယ်။
"တနေ့နေ့ မြန်မာပြည်မှာ ပြန်ဆုံရအောင်ဗျာ" လို့
မှတ်မှတ်ရရ ဘာဟင်းနဲ့စားရလို့ ဘယ်လိုစားပြီးမှန်း မသိလိုက်ဘူး။
ဝမ်းသာလို့နေမှာပါ။
ကိုထွန်းအောင်ကျော်လိုလူကိုတွေ့ရလို့။
ဗိုလ်ချုပ်နဲ့ဒေါ်စုပုံကို အဲသလိုနေရာမှာတွေ့ရလို့။
ZWT
Post a Comment