ကျွန်တော့်ဆရာတွေထဲက တစ်ပါးနဲ့တစ်ယောက်


သူတို့က ဆရာဘုန်းကြီး ဦးပညောဘာသနဲ့ ဖိုးချောပါ။

ဖိုးချောကိုအကြမ်းပုံဖော်ရရင် ဉာဏ်သာမန်သာရှိသူ၊ သူ့ကိုယ်သူသိသူ၊ မိဘမဲ့ မနှစ်မြို့ဖွယ်ဘဝမှာကြီးပြင်းခဲ့ရသူ၊ ဗလကောင်းသူ၊ တစ်ခါတစ်ခါ ကျောင်းသား ငယ်များကို အနိုင်ကျင့်တတ်သူ၊ အများအားဖြင့် မဟုတ်မခံစိတ်ရှိသူ၊ ပြောရဲဆိုရဲ ရှိသူ၊ ကျောင်းသားအကြီးဆုံး၊ ကျောင်းအပြန်လမ်း အတန်းမပျက်အောင် ကွပ်ကဲ ရသူ၊ အိမ်ရောက်ရောက်ချင်း ကျောင်းသားတွေက မိဘကို ကန်တော့၊ မကန်တော့လေ့လာပြီး ဆရာဘုန်းကြီးကို တရားဝင်ပြန်လျှောက်ရသူလို့ ဆိုရမယ်ထင်ပါတယ်။
(မှတ်မှတ်ရရ အဲဒီတုန်းက ကျောင်းကနေအိမ်မပြန်ခင်"ဘုရားတပည့်တော် ဇင်ဝေသော်၊ ဆရာ့ထံမှ မိဘထံ ပြန်ပါရစေဘုရား" လို့ သုံးကြိမ်လျှောက်ပြီးမှ အိမ်ပြန်ခွင့် ရှိပါတယ်)
ဒါတွေထဲမှာ ကျနော်ပြောပြလိုတာက ဖိုးချောရဲ့ သူ့ကိုယ်သူသိသူနဲ့ ပြောရဲ ဆိုရဲ ရှိသူဆိုတဲ့အချက် နှစ်ချက်ဖြစ်ပါတယ်။
ထိုစဉ် ကျနော်က ၉ နှစ်သားဖြစ်ပြီး ဖိုးချောက ၁၃နှစ်သားလောက်လို့ ထင်ပါ တယ်။ ဆရာဘုန်းကြီး ဦးပညောဘာသက ကျနော်နဲ့ဖိုးချောကို မနက်ပိုင်း လော ကနီတိသင်ပေးပြီး နေ့ပိုင်းမှာ လေးတန်းသင်္ချာတွေသင်ပေးပါတယ်။ ဘာဖြစ် လို့ နှစ်ယောက်ထဲလည်းဆိုရင် ဦးပညောဘာသက လူတိုင်းကို မသင်လို့ပါ။ ဘာလို့ မသင်တာလဲ၊ သူ့မှာ အနာကြီးရောဂါ (ဆိုးဆိုးဝါးဝါး) ရှိပါတယ်။ ဒါဆိုရင် စာဖတ်သူများ အဖြေရနိုင်ပါပြီ။

စာမရရင် ထိုင်ထလုပ်ရပါတယ်။ ဒါပေမဲ့ ထိုင်ထလုပ်ရတိုင်း ဖိုးချောဖြစ်နေတာ များပါတယ်။ ကျနော်က တော်လို့မဟုတ်ပါ။ ကျနော့်မှာ လေးတန်းအောင်ပြီး သားအမ ၆ ယောက်ရှိနေလို့ပါ။ တစ်နေ့မှာတော့ ပေးတဲ့စာက များနေတော့ ဖိုးချောက ဦးပညောကိုလျှောက်ပါတယ်
"တပည့်တော် မနက်ဖြန်အတွက်ကြိုပြီး ထိုင်ထလုပ်လို့ ရပါသလား ဘုရား"
"ဘာဖြစ်လို့ မင်းက မနက်ဖြန်အတွက်ကြိုပြီး ထိုင်ထလုပ်ချင်ရတာလဲ"
"ဒီလောက်များတဲ့စာ မနက်ဖြန်လည်း တပည့်တော်မရနိုင်တာ သေချာလို့ပါ ဘုရား"
ဆရာသမားက ရယ်ပါတယ်။ စာကိုလည်း လျှော့ပေးလိုက်ပါတယ်။
ဒါ့ကြောင့် ငယ်ငယ်က ဖိုးချောကို ကျနော် ချစ်သွားပါတယ်၊ စာကျက်ရတာ လျော့ သွားလို့ပါ။ အခု လေးစားပါတယ်၊ မှန်တယ်ထင်လို့ပါ။

ဆရာဘုန်းကြီး ဦးပညောဘာသ
နောက်မှ အဖေရှင်းပြလို့သိရတာက ဆရာဘုန်းကြီး ဦးပညောဘာသအနေနဲ့ ဒီစာတွေသင်နေတာက အဓိပ္ပါယ်အများကြီးရှိပါတယ်(ရည်ရွယ်ချက် အလွန် ကြီးပါတယ်)။ စာသင်ကျောင်း မတက်ပေမဲ့ ၉ နှစ်သားတစ်ယောက်ဟာ လေး တန်းပညာရပ်တွေကို တတ်နေသင့်တယ်။ ဘုန်းကြီးကျောင်းလိုက်လို့ လောကီ ပညာနောက်ကျနေခဲ့တာမျိုး မဖြစ်သင့်ဘူး။ ဘုန်းကြီးကျောင်းသားက မြန်မာစာ မညံ့နိုင်ဘူး၊ သင်္ချာပဲညံ့မယ်ဆိုပြီး လေးတန်းသင်္ချာတွေ အတင်း သင်ပေးနေခြင်းဖြစ်ပါတယ်။ မှန်ပါတယ်။ ဆရာဘုန်းကြီးရဲ့ သင်္ချာမညံ့ဘူးဆိုတာ အတန်းကျောင်း ပြောင်းတက်တော့ သိရပါတယ်။ ကျန်တဲ့ကျောင်းသားတွေက မူလတန်း၊ တစ်တန်း၊ နှစ်တန်းစသည် အဆင့်ဆင့်တက်ခဲ့ကြပေမဲ့ ကျနော်က ဘုန်းကြီးကျောင်းကလာပြီး လေတန်းကို ခုန်တက်ခဲ့တာပါ။ ကျောင်းအုပ်ဆရာကြီး ဦးမြအောင်ကလည်း လက်ခံပါတယ်။ ဆရာဘုန်းကြီးကလည်း လေးတန်းမထားရင် မတက်နဲ့၊ ငါ့ကျောင်းပြန်ခဲ့လို့ မှာလိုက်ပါတယ်။

လေးတန်းအောင်တော့ ဆရာဘုန်းကြီးက ငါးတန်းသင်္ချာတွေ ဆက်သင်ပေးပြန် ပါတယ်။ ကံမကောင်းတာက အဲဒီနှစ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာဘုန်းကြီး ပျံတော်မူသွားခဲ့ခြင်းဖြစ်ပါတယ်။
အခု ဖိုးချောလည်း မရှိရှာတော့ပါ။

သို့သော် ဆရာဘုန်းကြီး ဦးပညောဆီက(ဆရာ့မှာ လက်ချောင်းလေးတွေ မရှိရှာ ဘူး) အညံ့မခံစိတ်နဲ့ ဖိုးချောဆီက ကိုယ့်ကိုယ်ကိုသိမှု၊ ပြောစရာရှိရင် ရဲရဲတင်း တင်းပြောမှုကတော့ ကိုယ်ညံ့လို့ အပြည့်အဝမရလိုက်တာကလွဲရင် ယူရမယ့် သင်္ခန်းစာတွေဆိုတာကိုတော့ လုံးဝ ယုံကြည်မိတယ်။
ကျနော်မသေသေးသရွေ့ သူတို့လည်း ကျနော့်ဘဝထဲမှာတော့ မသေနိုင်တော့ပါဘူး။

မောင်သစ်ဝေ(ဦးဝိသုဒ္ဓ၊ ထနောင်းတိုင်) စတဲ့ ဘ/ကဆရာတော်များ၊ သူငယ်ချင်း များကို ဦးကျို့ ဂုဏ်ပြုလျက်

Post a Comment