ပဝါရဏာ ( သို့ ) ဗုဒ္ဓ၏ ဆိုရှယ် ဆိုင်းယင့်စ်

ပဝါရဏာ ဆိုသည် ဝိနည်းတော်ထဲမှာ တွေ့ရသည့် ဆိုရှယ် ပညာရပ် တစ်ခုဖြစ်သည်။ ယနေ့ ခေတ်စကားဖြင့်ဆိုလင် ရဟန်းတော် အချင်းချင်း ဖဲယားဝဲလ် နှုတ်ဆက်ခြင်း တစ်မျိုးပင် ဖြစ်သည်။ သို့သော် ဗုဒ္ဓ၏ ဖဲယားဝဲလ် ယဉ်ကျေးမှုက ကိုယ်ကျင့်တရား ရေးရာများ ပါဝင်နေသည်။ ဝါတွင်း သုံးလပတ်လုံး အတူတူ သီတင်းသုံးခဲ့ကြရပြီးနောက် တစ်ပါးကို တစ်ပါး၊ တစ်ပါးနှင့် တစ်ပါး ပုထုဇဉ် ရဟန်းတော်များ ပီပီ စိတ်အမြင်မတူမှုများ သေချာပေါက် ရှိနိုင်ပေသည်။ ထို့ကြောင့် ဝါလကျွတ်၍ ကိုယ့်ခရီးကို လျှောက်ကြရာ ထိုထို စိတ် အခန့်မသင့်မှု၊ အမြင်မတူမှုများ ပါမသွားရလေအောင် တစ်ပါးကိုတစ်ပါး ဝန်ခံကြ၊ တောင်းပန်ကြ၊ ခွင့်လွှတ်ကြ၏။ နောက်နောင် အမြင်မတော်မှု တွေ့ပါက ရိုးသား ပွင့်လင်းစွာ ထောက်ပြ လမ်းညွှန်ရန် ဖိတ်မံကြရသည်။

ဘုရားလက်ထက်တော်တုန်းကမူ ဤသို့ လမ်းခွဲပြီးနောက် တစ်ပါးနှင့် တစ်ပါး ပြန်လည်ဆုံတွေ့ရန် ခက်ခဲပေမည်။ ယနေ့ခေတ်မှာတော့ အများအားဖြင့် နှစ်ရှည် လများ အတူတကွ သီတင်းသုံးနေကြသဖြင့် ရဟန်းတော်ချင်း ပိုမို အကျွမ်းတဝင် ရှိကြသည်။ မည်သို့ဖြစ်စေ " ပဝါရဏာ " ယဉ်ကျေးမှုက ရဟန်းအဖွဲ့အစည်း ဥပဒေတော်သည် အလွန်ခေတ်မီပြီး စီဗီလိုက်ဇေးရှင်း သက်တမ်းလည်း အရှည်ကြဆုံး ဖြစ်တန်ရာကောင်း၏ ဟု ဂုဏ်တော်ကို မှန်း၍ ကြည်ညိုမိသည်။
(posted on 10/30/2012 and 19/10/2013 )

သီဟနာဒ

Post a Comment