အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
လူဝင်မှုကြီးကြပ်ရေး - (1)
တကယ်လို့ လူဦးရေကသာ သမိုင်းရဲ့ ကံကြမ္မာဆိုရင် လူဦးရေအရွှေ့အပြောင်းဟာ သမိုင်းရဲ့ မောင်းနှင်အား ပါပဲ။ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက မတူညီတဲ့ လူဦးရေတိုးပွားနှုန်း၊ စီးပွားရေးအခြေအနေနဲ့ အစိုးရ ပေါ်လစီတွေကြောင့် ဂရိတွေ၊ဂျူးတွေ၊ ဂျာမန်မျိုးနွယ်စုတွေ၊ စကင်ဒီနေးဗီးယန်းတွေ၊ တူရကီတွေ၊ ရုရှားတွေ၊ တရုတ်တွေနဲ့ အခြားလူမျိုးစုတွေရဲ့ နိုင်ငံရပ်ခြားဝင်ရောက်နေထိုင်မှုတွေ အများအပြားဖြစ်ပွားစေခဲ့တယ်။ ဒီလိုပြောင်းရွှေ့မှုတွေထဲမှာ အချို့က အေးအေးချမ်းချမ်းရှိပြီး အချို့ကအကြမ်းဖက်မှုတွေ ပါဝင်နေတတ်ပါတယ်။ ဒါပေမဲ့ ၁၉ ရာစုတွင်း ဥရောပတိုက်သားတွေဟာ လူဦးရေနဲ့နယ်မြေကျူးကျော်ခြင်းကို သူ့ထက်ငါ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြတယ်။ ၁၈၂၁ ခုနဲ့ ၁၉၂၄ ခုနှစ်အတွင်းမှာ ဥရောပသား ၅၅ သန်းလောက်ဟာ နိုင်ငံရပ်ခြားကို သွားရောက်နေထိုင်ခဲ့ကြပြီး အဲဒီအထဲမှာ ၃၄ သန်းဟာ အမေရိကန်မှာ နေထိုင်ကြတယ်။
အနောက်တိုင်းသားတွေက တိုက်ခိုက်အောင်မြင်တာတွေရှိတယ်။ အများအားဖြင့် အခြားလူမျိုးတွေကို ဖိနှိပ်ချေမှုန်းတယ်၊နယ်မြေသစ်တွေ ရှာဖွေပြီး လူဦးရေမထူထပ်တဲ့ နေရာတွေမှာ အခြေချနေထိုင်ကြတယ်။ သူတို့လူမျိုးတွေ နိုင်ငံရပ်ခြားသွားရောက် နေထိုင်ကြခြင်းဟာ ၁၆ ရာစုနဲ့ ၂၀ ရာစုအတွင်း အနောက်တိုင်း အင်အားတိုးတက်လာရေးအတွက်အရေးအကြီးဆုံး အချက်တစ်ချက် ဖြစ်နိုင်ပါတယ်။၂၀ ရာစုနောက်ပိုင်းမှာတော့ အခြေအနေတွေတမျိုးတဖုံ ပြောင်းလဲလာခဲ့ပြီး နိုင်ငံခြား ၀င်ရောက်နေထိုင်လာ မှုက အရင်ထက်တောင်ပိုများပြားလာခဲ့တယ်။ ၁၉၉၀ ခုမှာ တရားဝင်နိုင်ငံရပ်ခြား ၀င်ရောက်သူအရေအတွက် သန်း ၁၀၀ ခန့် ရှိခဲ့ပြီးဒုက္ခသည် အရေအတွက် ၁၉ သန်းနဲ့ တရားမ၀င်နေထိုင်သူ အရေအတွက်က အနည်းဆုံး ၁၀ သန်း ရှိနေခဲ့ပါတယ်။ ဒီလိုနိုင်ငံရပ်ခြားနေထိုင်သူ များပြားလာခြင်းဟာ ကိုလိုနီဘ၀က လွတ်မြောက်ခြင်း၊ နိုင်ငံအသစ်တွေ ပေါ်ထွက်လာခြင်းနဲ့နိုင်ငံတွေရဲ့ပေါ်လစီတွေက နိုင်ငံရပ်ခြားနေထိုင်ဖို့ တွန်းအားရော၊ ဖိအားပါ ပေးလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင်ခေတ်မီလာခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်လည်း ဖြစ်ပါတယ်။ လမ်းပမ်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာခြင်းကလည်း နိုင်ငံရပ်ခြား သွားရောက်နေထိုင်ဖို့အတွက် ပိုလွယ်၊ ပိုမြန်၊ ပိုပြီးအကုန်အကျသက်သာစေတယ်။ ဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာခြင်း ကလည်း စီးပွားရေး အခွင့်အလမ်းသစ်တွေ
ရှာဖွေဖို့နဲ့ မွေးရပ်နိုင်ငံမှာ နေရစ်ခဲ့တဲ့ မိသားစုနဲ့ ဆက်ဆံရေးကို လွယ်ကူချောမွေ့စေပါတယ်။
ဒါ့အပြင် အနောက်ရဲ့ စီးပွားရေးတိုးတက်လာမှုက ၁၉ ရာစုအတွင်း နိုင်ငံရပ်ခြား ၀င်ရောက်နေထိုင်မှုကို အားပေးအားမြှောက်ဖြစ်စေသလို အနောက်မဟုတ်တဲ့နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုက ၂၀ ရာစုအတွင်း နိုင်ငံရပ်ခြားဝင်ရောက်နေထိုင်မှုတွေကို တိုးပွားစေပါတယ်။
နိုင်ငံရပ်ခြား ၀င်ရောက်နေထိုင်ခြင်းဟာ ကိုယ်ထူကိုယ်ထဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ပြီး မိုင်ရွန် ဝေးနား ( Myron Weiner ) ပြောသလို “နိုင်ငံရပ်ခြား ၀င်ရောက်နေထိုင်မှုမှာ ဥပဒေသတစ်ခုရှိနေမယ်ဆိုရင် အဲဒါဟာနေထိုင်လာသူတွေရဲ့စီးမြောမှုအားပါပဲ။ စလိုက်ပြီဆိုတာနဲ့ မဆုံးတော့ပါဘူး။ နိုင်ငံခြားမှာ ဘယ်လို ၀င်ရောက်နေထိုင်ရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေပေးခြင်း၊ ပြောင်းရွှေ့နေထိုင်မှု အဆင်ပြေအောင် အထောက်အပံ့တွေ ပေးခြင်း၊အလုပ်ရှာဖို့၊ အိမ်ရှာဖို့ အကူအညီတွေပေးခြင်းတွေကို ပြုလုပ်နိုင်တယ်၊ နေရပ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေထံသတင်းအချက်အလက်တွေ ပို့ပေးနိုင်တယ် ” ဒီအနေအထား ကိုရောက်ပြီ ဆိုရင် ကမ္ဘာနဲ့ချီပြီး “ ပြဿနာတက်နေပါပြီ ”။(Note-21)
အနောက်တိုင်းသားတွေဟာ အနုမြူလက်နက် ပြန့်ပွားရေးကို အမြဲတန်း ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ထောက်ခံခဲ့ကြ ပေမဲ့ သူတို့ရဲ့ နိုင်ငံရပ်ခြား ၀င်ရောက်နေထိုင်မှုအပေါ် အမြင်ကတော့ တမူထူးခြားနေတယ်။၂၀ ရာစုရဲ့ နောက်ဆုံး နှစ် နှစ်ဆယ်မှာ ပါဝါချိန်ခွင်လျှာနဲ့ ဆက်စပ်ပြီး သဘောထား မတူညီမှုတွေ အထင်အရှား ရှိခဲ့တယ်။၁၉၇၀ ခုနှစ်တွေအထိ ဥရောပနိုင်ငံတွေဟာ ၀င်ရောက်နေထိုင်လာသူတွေနဲ့ ပတ်သက်ပြီး အများအားဖြင့် စိတ်လိုလက်ရရှိတတ်ကြပါတယ်။ ဒီအထဲမှာ အထင်ကရ အဖြစ်ဆုံးကတော့ သူတို့ရဲ့ ပြည်တွင်းလုပ်အားများ လျော့ကျလာခြင်းကြောင့် အားပေးအားမြှောက်တောင် ရှိခဲ့ပါတယ်။
အမေရိကန်ကလည်း ၁၉၂၀ ခုနှစ်တွေကတည်းကရှိခဲ့တဲ့ ဥရောပသားတွေလက်ခံမှုနှုန်းထား ဥပဒေကို ၁၉၆၅ ခုမှာပြင်ဆင်ရေးဆွဲခဲ့ပြီး ၁၉၇၀ ခုနဲ့ ၁၉၈၀ ခုနှစ်တွေအတွင်း အသစ်ဝင်ရောက်နေထိုင်လာသူ များပြားရေး အတွက်လမ်းစတောင်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၀ ခုနှစ်တွေမှာတော့ အလုပ်လက်မဲ့ဦးရေ တိုးပွားလာခြင်း၊
ဝင်ရောက်နေထိုင်သူအရေအတွက် တိုးပွားလာနေခြင်းနဲ့ သူတို့ရဲ့ အမူအကျင့်တွေက ဥရောပသားတွေနဲ့ လုံးဝ
ဆန့်ကျင်နေတော့ ဒီပေါ်လစီနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေက စိတ်ပြောင်းသွားခဲ့ကြတယ်။ နောက် နှစ်အနည်းငယ်အတွင်းအမေရိကန်မှာလည်း အလားတူ အပြောင်းအလဲ ရှိလာခဲ့တယ်။
(၂၀) ရာစုနှောင်းပိုင်း ၀င်ရောက်နေထိုင်သူတွေနဲ့ ဒုက္ခသည်တွေဟာ အနောက်မဟုတ်တဲ့ နိုင်ငံတွေ အတွင်းမှာပဲ
တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးပြောင်းနေထိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ အနောက် လူ့အဖွဲ့အစည်းတွေထဲ ၀င်ရောက်နေထိုင်လာသူပမာဏက ၁၉ ရာစုထဲ အနောက်နိုင်ငံသားတွေ အခြား နေရာတွေမှာ သွားရောက်နေထိုင်ခဲ့တဲ့ အရေအတွက်ကို မီလာခဲ့တယ်။
၁၉၉၀ ခုမှာ အမေရိကန်နိုင်ငံထဲ ပထမဆုံး ၀င်ရောက်နေထိုင်သူ သန်း (၂၀)၊ ဥရောပတိုက်မှာ ၁၅ သန်းခွဲ၊ သြစတေးလျနဲ့ ကနေဒါမှာ (၈)သန်း ရှိခဲ့တယ်။ ၀င်ရောက်နေထိုင်သူ လူဦးရေ အရေအတွက်က ဥရောပနိုင်ငံကြီးတွေရှိ စုစုပေါင်းလူဦးရေရဲ့(၇) (သို့) (၈) ရာခိုင်နှုန်း အထိ ရောက်လာတယ်။ ၁၉၉၄ ခုမှာ အမေရိကန်နိုင်ငံအတွင်း ၀င်ရောက်နေထိုင်သူဦးရေဟာ ၁၉၇၀ ကထက် နှစ်ဆတက်လာပြီး စုစုပေါင်းလူဦးရေရဲ့
(၈.၇) ရာခိုင်နှုန်းအထိ ရှိလာခဲ့တယ်။ နောက်ပြီး ကာလီဖိုးနီးယားမှာ စုစုပေါင်းလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း၊ နယူးယောက်မှာ ၁၆ ရာခိုင်နှုန်းအထိ ရှိလာခဲ့တယ်။ ၁၉၈၀ ခုနှစ်တွေ အတွင်း အမေရိကန်နိုင်ငံထဲ ၀င်ရောက်နေထိုင်သူဦးရေ (၈.၃)သန်း ရှိပြီး ၁၉၉၀ ခုနှစ်တွေအတွင်း လေးနှစ်တာကာလထဲမှာတင်ပဲ (၄) သန်းခွဲ ၀င်ရောက်လာခဲ့ကြတယ်။
ဝင်ရောက်နေထိုင်လာသူ အများစုဟာ အနောက်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေက လူမျိုးတွေဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာဂျာမဏီထဲ ၀င်ရောက်နေထိုင်တဲ့ တူရကီလူမျိုး ၁,၆၇၅,၀၀၀ အထိ ရှိခဲ့ပြီး ယူဂိုစလားဗီးယား၊ အီတလီနဲ့ ဂရိနိုင်ငံတွေက၀င်ရောက်လာသူတွေကလည်း ဒုတိယအများဆုံး အရေအတွက်မှာ ရှိနေခဲ့တယ်။ အီတလီနိုင်ငံထဲ အဓိက၀င်ရောက်နေထိုင်လာသူတွေက မော်ရိုကို နိုင်ငံသားတွေဖြစ်ပြီး အမေရိကန်နိုင်ငံထဲကိုတော့ (အီတလီ အမေရိကန်တွေ သူတို့နိုင်ငံကို ပြန်သွားကြလို့ ထင်ပါရဲ့) တူနီးရှားနဲ့ ဖိလစ်ပိုင်တွေက အများဆုံး ဖြစ်တယ်။ ၁၉၉၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းရောက်တော့ပြင်သစ်နိုင်ငံထဲ မွတ်စလင်ဦးရေ လေးသန်းလောက် နေထိုင်နေပြီး အနောက်ဥရောပ နိုင်ငံအားလုံး ထဲမှာဆိုရင် မွတ်စလင် (၁၃) သန်းခန့် နေထိုင်လျှက် ရှိပါတယ်။
၁၉၅၀ ခုနှစ်တွေတုန်းက အမေရိကန်နိုင်ငံထဲ ၀င်ရောက်နေထိုင်သူ သုံးပုံနှစ်ပုံဟာ ဥရောပနဲ့ ကနေဒါတို့ ကသာဖြစ်ပြီး ၁၉၈၀ ခုနှစ်တွေမှာတော့ အကြမ်းဖျင်းအားဖြင့် အာရှတိုက်က ၃၅ ရာခိုင်နှုန်း လက်တင် အမေရိက နိုင်ငံတွေက ၄၅ ရာခိုင်နှုန်း၊ ဥရောပနဲ့ ကနေဒါက (၁၅) ရာခိုင်နှုန်းတောင် မရှိတော့ ပါဘူး။ အမေရိကန်ရဲ့ ကလေးမွေးဖွားနှုန်းက နည်းပြီး ဥရောပကတော့ သုညနီးပါးပါ။ ၀င်ရောက် နေထိုင်လာသူတွေရဲ့ ကလေးမွေးဖွား နှုန်းက မြင့်မားနေတော့ ကျဆင်းလာတဲ့ အနောက်လူဦးရေကို သူတို့က ဖြည့်ဆည်းပေးနေတယ်။ ဒါကြောင့် အနောက်တိုင်းသားတွေရဲ့ ပူပန်မှုတွေလည်း ပိုများလာခဲ့တယ်။ “ သူတို့ (အနောက်တိုင်းသားတွေ)ဟာ စစ်တပ်တွေ၊ တင့်ကားတွေနဲ့ ကျူးကျော်တိုက်ခိုက်မှုကို မခံရဘဲ ဘာသာစကားမတူ၊ ကိုးကွယ်မှုမတူ၊ ယဉ်ကျေးမှု မတူတဲ့ လူတွေဝင်ရောက်နေထိုင်လာခြင်းနဲ့ သိမ်းပိုက်မှုခံနေကြရပြီး သူတို့အလုပ်တွေ၊ မြေတွေ၊အစိုးရရဲ့ ထောက်ပံ့ကူညီမှု စနစ်တွေကို လုယူသွားမှာကိုလည်း စိုးရိမ်ကြတယ်။ နောက်ဆုံး သူတို့ ဘ၀နေနည်း ထိုင်နည်းတွေကိုပါ ဒီလူတွေက ခြိမ်းခြောက်လာနေတယ်လို့ ခံစားနေကြရတယ်။ ” (Note-22*) မိမိတို့လူဦးရေကျဆင်းလာမှုအပေါ် အမြစ်တွယ်နေတဲ့ ဒီလို စိုးရိမ်ကြောက်ရွံ့စိတ်တွေဟာ စင်စစ်အားဖြင့် ယဉ်ကျေးမှု ပဋိပက္ခအပေါ်မှာအခြေခံပြီး အမျိုးသားရေးလက္ခဏာတွေ ပျောက်ဆုံးသွားလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုကို ဖြစ်ပွားစေပါတယ်။” လို့ စတန်လေဟော့(ဖ်)မဲန်း ( Stanley Hoffmanm )က မှတ်ချက်ပြုပါတယ်။ (Note-23)
ဆက်ရန် -
ဇင်ဝေသော်
Previous posts
(1)
http://tiny.cc/8kkwnx(2)
http://tiny.cc/pyrxnx(3)
http://tiny.cc/kveznx(4)
http://tiny.cc/x5d1nx(5)
http://tiny.cc/82q4nx(6)
http://tiny.cc/mi03nx(7)
http://tiny.cc/03q6nx