မျဉ်းပြိုင်တို့ဆုံရာ


"၃။ မင်းကိုနိုင်ဆီမှာ
(က) နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု(Loyalty to the Nation State)
(ခ) ကဗျာဆရာရဲ့ ရိုးသား၊ နှိမ်ချမှု (Poetic humanity and humility) နဲ့
(ဂ) ကိုယ့်အထွာကိုသိမှု (self-actualization)................"


၁။ စထရိတ်တိုင်းမ်က ဒီနှစ်အတွက် Man of Asia ဆုကို အိန္ဒိယက မိုဒီကိုပေး လိုက်တဲ့အကြောင်း အရင်တစ်ပတ်က သတင်းမှာပါလာတယ်။ အခု အန္ဓာရမှာ အိန္ဒိယန်း စကာင်္ပူမြို့တော် တည်ဆောက်မယ့် စီမံကိန်းအကြောင်းတွေ ဆက် တိုက်ပါလာတယ်။ တိုက်ဆိုင်မှုလေလား။


၂။ အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲမှာ ငချွတ်လေး ဖိလစ်ပိုင် ခြေစွမ်းတွေပြ လာတာကို(လေတစ်လုံးမိုးတစ်လုံးတို့ကတော့ ၁၀ ယောက်နဲ့မို့ ကြက်ဥကွဲ)တွေ့ လိုက်ရသလို သဘာဝဘေးရန်တွေ့ကြုံတဲ့အခါမှာလည်း အစိုးရရဲ့ ကယ်ဆယ်ရေး အစီအမံတွေ ကောင်းလွန်းလို့ဆိုတဲ့ ချီးမွမ်းသံတွေ ထပ်ကြားရပြန်တယ်(တိကျ၊ မှန်ကန်၊ မြန်ဆန်ဆိုတဲ့ ဆရာကြီးတွေရဲ့ ကိုယ့်ဂုဏ်ကိုဖော် သတင်းစာတွေ မှာ ဖော်ပြဖို့ ရှက်စရာ သတင်းမျိုးပေါ့)။ ဒါတွေဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်ဘူး။



၃။ မင်းကိုနိုင်ဆီမှာ
(က) နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု(Loyalty to the Nation State)
(ခ) ကဗျာဆရာရဲ့ ရိုးသား၊ နှိမ်ချမှု (Poetic humanity and humility) နဲ့
(ဂ) ကိုယ့်အထွာကိုသိမှု (self-actualization)
သုံးခုစလုံး အလုံအလောက်ရှိနေတာကို တွေ့လိုက် ရလို့ ဝမ်းသာ၊ ဂုဏ်ယူဖြစ်မိပါ တယ်။
(၃ က တော်တော်တွေ့ရခဲတယ်၊ လေတစ်လုံးမိုးတစ်လုံးတွေဆီမှာ ဇီးရိုးပြနေ တတ်တဲ့တန်ဖိုးပဲ)

တန်ဖိုးသိတဲ့ (ရဟန်း၊ ရှင်၊) လူတွေအတွက် လေးစားမြတ်နိုးထိုက်သူဖြစ်ကြောင်း လည်း အသိအမှတ်ပြုလိုက်ပါတယ်။

Myanmar artists enjoy new freedom



*****

ကစ်ဆင်းဂျားလည်း နောက်တာပဲ


၁၈ ရာစုနှောင်းပိုင်း၊ ဂျော့ဘုရင် ၃ လက်ထက်၊ တရုတ်ပြည်ကို George McCartney ဦးဆောင်တဲ့ သံတမန်အဖွဲ့ဗြိတိသျှက စေလွှတ်တယ်။ သူတို့အဖွဲ့ကို ဂွမ်းဒေါင်းမှာလာကြိုတဲ့ တရုတ်စက်လှေမှာ ရေးထားတာက "The English ambassador bringing tribute to the Emperor of China." တဲ့။ စာဖတ်ပြီး George McCartney စိတ်ညစ်သွားတယ်။ သူ့ကိုလည်း တရုတ်ဘုရင်က လက်မခံလိုက်ဘူး၊ ဒါနဲ ဂျော့ဘုရင် ၃ ဆီ စာတစ်စောင်ရေး၊ ပြန်လွှတ်ပေါ့။
စာက "သင်တို့ကိုခွင့်ပြုလိုက်ရင် အခြားဥရောပနိုင်ငံတွေကလည်း တောင်းဆိုလာလိမ့်မယ်။ သင်တို့အားလုံးကို တရားရုံးမှာနေရာပေးထားရရင် ကျွန်ုပ်တို့ဆုံးဖြတ်ချက်တောင် ချလို့ရတော့မှာမဟုတ်" တဲ့။
နောက် အဆုံးသတ်က "သင်တို့ဆက်သလာသော လက်ဆောင်ပဏ္ဍာများကိုမူ အဝေးကြီးကနေယူလာရတာဖြစ်သဖြင့် တရုတ်ဘုရင်မင်းမြတ်က ကရုဏာရှေ့ထား၍ လက်ခံလိုက်သည်။ လိုချင်သောကြောင့်မဟုတ်၊ သင်တို့ရှိသမျှအားလုံး ကျွန်ုပ်တို့မှာလည်း ရှိပါသည်" တဲ့။

အမျိုးသမီးများ၏စိတ်သည်


အမျိုးသမီးများ၏စိတ်သည် အမျိုးသားများထက် သန့်ရှင်းသည်၊ အကြောင်းက မကြာမကြာပြောင်းလဲသောကြောင့်ဖြစ်သည်။
(Oliver Herford)

ဒါကတော့ အီးလိုက ပိုကောင်းပါတယ်။
You can lead a man to Congress, but you can't make him think.
(Milton Berle)

သင်နှစ်သက်ခဲ့ဖူးသောသီချင်းများ ထီသည်၊ အချဉ်ပေါင်းသည်တို့စပီကာထဲမှ ထွက်လာပြီဆိုလျင် သင် မငယ်တော့ဘူးမှတ်ပါ။ ဖရင့်များရဲ့ ကွန်မင့်ကိုယုံကြည် ပြီး ငယ်သေးတယ်မထင်ပါနှင့်။ (ဇင်ဝေသော်)

မှော်ဆရာရဲ့ ကြက်တူရွေး (ညီမလေးကို ပြောမိတဲ့ ပုံပြင်)


ညီမလေးကို ပုံပြောပြရမယ်။ ဒါပေမဲ့ ဒါက ဟယ်ရီပေါ်တာဇာတ်လမ်း အသစ် မဟုတ်ဘူးနော်၊ မြို့ပေါ်က ဇာတ်တွေ၊ ဆိုင်းတွေထဲမှာ လူရွှင်တော်လိုက်လုပ်တဲ့ တို့ရွာဦးလေးကြီးတစ်ယောက်ပြောပြတဲ့ပုံပြင်ပါ။ ဒီလိုတဲ့ ၊ ရှေးရှေးတုန်းက သာသာ ယာယာရှိနေခဲ့တဲ့ ရွာလေးတစ်ရွာဆီ မှော်ဆရာကြီးတစ်ယောက်ရောက် လာခဲ့ တယ်။ ရွာသားတွေဆိုတော့ အစပိုင်း သူ့ကိုကြောက်နေကြတာပေါ့။ အဆက် အဆံလည်း မလုပ်ကြဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ မှော်ဆရာကြီးရဲ့စကားကို ယုံကြည်လာကြပြီး မှော်ဆရာကြီးကိုလည်း ဆရာတစ်ဆူလိုတင်ပြီး ကိုးကွယ် လာကြတော့တယ်။
မှော်ဆရာကြီး သူ တို့ကိုပြောပြတတ်တာက ရွာလေးမှာ အန္တရာယ်ဆိုးတွေ ကျရောက်လာစရာရှိတယ်၊ ဒီအန္တရာယ်တွေကနေ အကာအကွယ်ပေးဖို့ သူရောက်လာတယ်ပေါ့။ သူက မှော်ဆရာကြီးဆိုတော့ ဘယ်နေ့မှာ၊ ဘယ်နေရာ မှာ ဘာဖြစ်မယ်ဆိုတာအထိ ပြောပြနိုင်တယ်။ (သူက မှော်ဆရာကြီးဆိုတော့) သူပြောတဲ့အတိုင်းလည်း ဖြစ်ဖြစ်လာတယ်။ (သူက မှော်ဆရာကြီးဆိုတော့) အန္တရာယ်ဖြစ်ပြီဆိုရင်လည်း သူရောက်ရောက်လာတယ်၊ (သူက မှော်ဆရာကြီး ဆိုတော့) အန္တရာယ်နဲ့ရင်ဆိုင်ရတိုင်းလည်း သူကပဲ နိုင်တာပေါ့ ညီမလေးရယ်။

နှစ်တွေအတော်ကြာလာတော့(နှစ်ပေါင်း ၆၀ ကျော်ဆိုလား၊ ဒါကိုတော့ တိတိ ကျကျမမှတ်မိဘူး) စဉ်းစားတတ်တဲ့လူတွေက စဉ်းစားလာတယ်(အဲ မစဉ်းစား တတ်တဲ့လူတွေကတော့ မစဉ်းစားတတ်ဘူးပေါ့ကွာ)။ မှော်ဆရာကြီးက ရွာကို ကယ်တင်တယ်ဆိုပေမဲ့ ဒီအန္တရာယ်တွေက မှော်ဆရာကြီးရောက်လာမှ ကြုံတွေ့ လာရတာလေ။ အရင်က ဒါမျိုးမရှိခဲ့ဘူး။

ဘယ်လိုအန္တရာယ်တွေလဲ ဟုတ်လား??
ဝက်ပြောက် နွားပြောက်တို့၊ မိစ္ဆာကောင်တွေရောက်တို့ပေါ့၊ ဒါကတော့ ဟယ်ရီပေါ်တာနဲ့ဆင်တယ်။ အဲသလို စဉ်းစားတတ်တဲ့လူတွေများလာတော့ လူတွေက မှော်ဆရာကြီးမယုံကြည်ကြတော့ဘူး။ မစဉ်းစားတတ်တဲ့လူတွေကတော့ ယုံကြတာပေါ့ညီမလေးရယ်။ မှော်ဆရာကြီး ကို မရိုမသေလုပ်ရင် အသေဆိုးနဲ့သေရမယ်၊ ခင်ပွန်းကြီး ၁၀ ပါး၊ ၁၁ ပါး မပြစ် မှားကောင်းဘူစသဖြင့်ပေါ့။ ဒါနဲ့ ရွာလေးလည်း နှစ်ခြမ်းကွဲတော့တာပေါ့ ညီမလေးရယ်။ ဝမ်းနည်းစရာ။

ဒါနဲ့ မှော်ဆရာကြီးကို မယုံကြည်တဲ့ရွာသားတွေက မှော်ဆရာကြီးကို တော် လှန်ရေးစလုပ်ကြတယ်။ ပိုပြီးဝမ်းနည်းစရာကောင်းတာက တော်လှန်ရေး က မှော်ဆရာကြီးကိုမထိဘဲ ရွာသားအချင်းချင်းပဲထိနေတာလေ။ မှော်ဆရာကြီး ကို မယုံကြည်တဲ့ အုပ်စုနဲ့ ယုံကြည်တဲ့အုပ်စု အပြန်အလှန်သတ်ဖြတ်နေကြတာ တဲ့။

တိုတိုပြောရရင် တဖြည်းဖြည်းနဲ့ မယုံကြည်တဲ့အုပ်စုမှာ လူတွေများလာတယ်။ ဒီတော့ တော်လှန်ရေးလည်း အားကောင်းလာတယ်ပေါ့ကွယ်။ နောက်ဆုံး မှော် ဆရာကြီးကို သူတို့အနိုင်ရပြီး သူ့ကိုလည်း သတ်ပစ်လိုက်ကြတယ်။ ခက်တာက မှော်ဆရာကြီးက မသေဘူး။ ပြန်ပြန်ရှင်လာတာ။
ဒီမှာလည်း စဉ်းစားတတ်တဲ့လူတွေက စဉ်းစားလာတယ်(အဲ မစဉ်းစားတတ်တဲ့ လူတွေကတော့ မစဉ်းစားတတ်ဘူးပေါ့ကွာ)။ မှော်ဆရာကြီးအသက်က သူ့ခန္ဓာ ကိုယ်ထဲမှာ မရှိလို့ဖြစ်ရမယ်။ မှော်ဆရာကြီးကိုသတ်လိုက်တိုင်း သူအနားက ကြက်တူရွေးလေးပဲသေသွားတယ်။ ဒါဆို မှော်ဆရာကြီးက သူ့အသက်ကို ကြက်တူရွေးလေးရဲ့ ခန္ဓာကိုယ်ထဲမှာထားတာဖြစ်ရမယ်လို့ တွေးတောကြည့်ကြတယ်။ ဒါကြောင့် ဒီတစ်ခါ မှော်ဆရာကြီးကိုမသတ်ဘဲ ကြက်တူရွေးလေးကိုရအောင်ဖမ်းပြီး လည်လိမ်သတ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
သူတို့တွက်ကိန်းမှန်သွားတယ်။ ကြက်တူရွေးလေးကိုရအောင်ဖမ်းနေတဲ့ရွာသားတွေကို မှော်ဆရာကြီးကအသေအလဲတိုက်ခိုက်တာ တဲ့။ အဲ နောက်ဆုံး ကြက်တူရွေးလေးကိုဖမ်းပြီး လည်လိမ် သတ်လိုက်တော့ မှော်ဆရာကြီးလည်း "ဂစ်" ဆို လည်ပင်းကြီးခွေခေါက်ပြီးသေ သွားတော့သတဲ့။ အဲ ခဏနေတော့ ကြက်တူရွေးလေးက ထပျံပြေးသွားသတဲ့ ညီမလေးရဲ့။

ရေးထားတဲ့စာနဲ့ ဓာတ်ပုံက ဘာမှမဆိုင်ဘူး ဟုတ်လား???
ဆိုင်တော့ ဆိုင်မှာပါညီမလေးရာ။ မဆိုင်ဘူးဆိုလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် ပုံပြင်လေးကိုမှတ်ထား။ နော် ညီမလေး။ ။