ဖေ့စ်ဘုတ်သာ ဆိုင်လေးတစ်ဆိုင်ဆိုရင်


ဖေ့စ်ဘုတ်သာ ဆိုင်လေးတစ်ဆိုင်ဆိုရင် လူအလာနည်းရင်နည်း၊ ပတ်ဝန်းကျင် သန့်ပြီး လူကြီးလူကောင်းတွေပဲလာတတ်တဲ့ ဆိုင်လေးမျိုးဖြစ်နေစေချင်တယ်။ မနက်ပိုင်း အောင်ခြင်းရှစ်ပါး၊ နေ့၊ ညပိုင်းတွေမှာ ဆင်ဖိုနီတေးသွားလေးတွေနဲ့ လွင်နေတာမျိုးပေါ့။
အမူး၊ အရမ်း၊ မိမဆုံးမ ဖမဆုံးမတွေ မလာစေချင်ဘူး။ ဖေ့စ်ဘုတ်က အမြဲ လှဲကျင်းနေတော့ လူရမ်းကားမလာဘူး။
သူတို့က ဂူဂဲလ်ပလပ်သွားပြီး တောင်ရေးမြောက်ရေး၊ အုပ်စုလိုက်ဖြစ်မယ်။ တတ်နိုင်သရွေ့တော့ လှဲကျင်းရမှာပဲ။ ဒါမျိုးတော့ အားမပေးချင်ဘူး။

သူများနိုင်ငံတွေရဲ့ အားနည်းချက်ကိုထောက်ပြတိုင်း အဘတို့အုပ်စုကို ရွဲ့ပြောနေသလိုပါပဲ။


ဖတ်ကြည့်ကြပါအုံး။

နောက်ဆုံးအနေနဲ့ သူတို့ရင်ဆိုင်ဖြေရှင်းရမှာက လာဘ်ပေးလာဘ်ယူမှု ပါပဲ။ ပြည်နယ်အရာရှိတွေကလည်း သူတို့ဝေစုကို ရဖို့ကြိုးစားနေကြတာဆိုတော့ ခရိုင်အုပ်ချုပ်ရေးစနစ်ကလည်း လာဘ်ပေးလာဘ်ယူမှုကင်းပျောက်အောင် လုပ် မပေးနိုင်ပါဘူး။ ကိုယ်ကျင့်တရားပျက်မှုက အဆင့်ဆင့်မှာကို အမြစ်တွယ်နေတာ ပါ။ ပရောဂျက်တစ်ခုအတွက် တစ်ဒေါ်လာသုံးမယ်ဆိုရင် ဆယ်ဆင့်က ဟိုနေရာရောက်သွား၊ ဆင့်နှစ်ဆယ်က ဒီနေရာရောက်သွား စတာတွေနဲ့ပဲ အမှန် တကယ်ရောက်ရမယ့် နေရာရောက်တော့ သိပ်မကျန်တော့ပါဘူး။ အကျင့်ပျက်မှု သန္ဓေတည်သွားပြီဆိုရင် ဒါကိုတော်လှန်ဖို့ တော်တော်ခက်တယ်ဆိုတာ သမ္မတ ယူဒိုယူနိုက သဘောပေါက်တယ်။ ဒါကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ် သားသား ကိုင်တွယ်မှရမယ်။ ဒါကလည်း ဗဟိုကနေ စမှရမယ်။ တကယ်လို့ လာဘ်ပေးလာဘ်ယူပြဿနာကို ကျော်လွှားနိုင်တယ်ဆိုရင်တော့ သူတို့အနာဂတ်တောက်ပပြီး အင်ဒိုနီးရှားအသစ် ဖြစ်လာနိုင်ပါတယ်။
(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

အင်ဒိုနီးရှား အရာရှိကြီးတွေ


လက်ရှိအစိုးရဟာ လမ်းပန်းဆက် သွယ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ကြီးတွေ ခေါ်နေတာကြာပါပြီ။ ဘာမှတော့ဖြစ် မလာသေးပါဘူး။ ဒါတွေ အကောင်အထည်မပေါ်ရတဲ့အထဲ အင်ဒိုနီးရှား အရာရှိကြီးတွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ စင်ကာပူကိုလာပြီး ဇိမ်ခံနေကြတာဟာ ပြည်သူတွေ အတွက် စိတ်ပျက်စရာဖြစ်နေခဲ့ပြန်ပါတယ်။ ဒီကိုလာပြီး ပြန်ပြန်သွားကြတိုင်းလည်း သူတို့ကားလမ်းတွေ၊ လေယာဉ်ကွင်းတွေ ကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ စိတ်ကူးပါသွားကြတာချည်းပါပဲ။

ဆူဟာတို


ဆူဟာတို အနေနဲ့ သူ့နိုင်ငံအပေါ် ဘယ်လောက်အကျိုးပြုခဲ့သလဲဆိုတာ တိတိ ကျကျသိရဖို့ မြန်မာပြည်နဲ့ နှိုင်းယှဉ်ကြည့်ရမှာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံလုံးဟာ တိုးတက်မှုအတူတူလောက်နဲ့ တာထွက်ခဲ့ကြတာပါ။ နှစ်နိုင်ငံလုံးမှာ သဘာဝ အရင်းအမြစ်တွေရှိတယ်။ စစ်တပ်အကြီးအကဲက ခေါင်းဆောင်နေရာမှာ ရှိခဲ့ တယ်။ ဒါပေမယ့် မြန်မာ့ခေါင်းဆောင် နေဝင်းဟာ (အဲဒီအချိန်တုန်းက ဘားမား) ဆိုရှယ်လစ်လမ်းစဉ်ကို လိုက်သွားခဲ့ပါတယ်။ တကယ်လို့ ဆူဟာတိုသာ ခေါင်း မာမာနဲ့ ဖွံ့ဖြိုးရေးကို မလုပ်နိုင်ခဲ့ဖူးဆိုရင် အင်ဒိုနီးရှားလည်းပဲ မြန်မာလိုဖြစ်နေ မှာပါ။ ဆူဟာတိုဟာ လာဘ်စားမှု၊ သူ့မိသားစုအသိုင်းအဝိုင်းကို ဦးစားပေး မှုကြောင့် နာမည်ဆိုး ထွက်ကောင်း ထွက်ပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းဟာ သူ့လုပ်ရပ်တွေနဲ့ အောင်မြင်မှုတွေကိုပါကြည့်ပြီး တိုင်းထွာဆုံးဖြတ်တာဖြစ်ပါ တယ်။ သူ့လူထုကို သူပညာသင်ပေးခဲ့တယ်။ စီးပွါးရေး တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ လမ်းတွေ၊ အဆောက်အဦးတွေ ဆောက်ပေးခဲ့တယ်။

ဗျည်းသုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ပြင်ရမည်(New Version)


"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်" ဆိုသည့် အသံများ မကြာခဏ ကြားနေရပါသည်။ ပြင်ကြပါ။ ပြင်သင့်ပါသည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးလျှင် အခြားပြင်စရာ များ စွာရှိနေသေးကြောင်းတော့ သတိပေးချင်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီး လျှင် ဒုတိယ အရေးအကြီးဆုံးက ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ဖြစ်ပါသည်။ အက္ခရာအခွင့်အရေးနှင့် လုံးဝ မညီညွ တ်ပါ။ ပြင်ကို ပြင်ရပါမည်။ စိတ်ကူးပေါက် ခိုက် အနည်းငယ် တင်ပြချင်ပါ သည်။

"က" ကြီး။
သူက ဗျည်းသုံးဆယ့်သုံးလုံး၏ ခေါင်းဆောင်ဖြစ်ပါသည်။ ပြသနာက "က" ငယ် ဆိုတာမရှိဘဲ သူတစ်ယောက်ထဲ အလိုလို ကြီးနေခြင်းဖြစ်ပါ သည်။ "က" ငယ်ရှိလျှင် "က" ကြီးကို လက်ခံလို့ရပါသည်။ ရှေ့ဆုံးကမို့ ကြီး တာလား၊ အဓိပ္ပါယ် မရှိပါ။ သူ့ထက်ကြီးကျယ်၊ သူ့ထက်ခန်းနား၊ သူ့ထက် အရေး ခက်သော ဗျည်း များစွာရှိသည်။
ဥပမာ ဃ၊ ဋ၊ ဍ၊ ဏ၊ ဠ တို့ဖြစ်ပါသည်။ တော်ရုံတန်ရုံလူ မှန်အောင် မရေးတတ်ပါ။

"ခ" ကွေး
"ခ" ကွေးကလည်း အဆင်မပြေလှပါ။ မြန်မာစာမှာ ကွေးနေအောင် "က" တယ်လို့သာရှိပါသည်။ ပြသနာက "ခ" ကွေး ကြောင့် ကွေးနေအောင် "ခ" သူများ ပေါ်ပေါက်လာရသည်။ နိမိတ်မကောင်းသော အက္ခရာ ဖြစ်သည်။ "က" ကြီးနောက်လိုက်တို့သည် ကွေးနေအောင် "ခ" တတ်သည့် နောက်လိုက် ဒုတိယတန်းစား၊ အချောင်စားများဖြစ်နေသည်ကို တွေ့ရပါသည်။

"ဂ" ငယ်
"ဂ" ငယ်ကလည်း မစွံလှပါ။ "ဃ" ကြီးကြောင့် ငယ်လိုက်ရတာဟု ဆိုရန် ရှိသော်လည်း ရေးထုံးအရ "ဃ" ကြီးနဲ့ "ဂ" ငယ် လုံးဝဆက်စပ်ဖို့ ခက် ပါသည်။ တည်နေပုံအားဖြင့်လည်း ပက်လက်နဲ မှောက်ရက် ဖြစ်သည်။ သူနှင့် ပုံစံတူသည်က "က" ကြီးသာ ဖြစ်သည်။ "ဂ" ငယ်ဟူသည် "က" ကြီးတစ်ခြမ်းပဲ့သာဖြစ်သည်။ တက္ကနီကယ်တန်းဖြင့် စမော "က" (သို့ ) "က" ငယ် ဟုဆိုနိုင်သည်။ ယခု ဤသို့မဟုတ်ဘဲ သူနဲ့ မိသားစုချင်းမတူသည့် "ဃ" ကြီး လက်အောက်ခံလုပ်ကာ "ဂ" ငယ် ဖြစ်နေရသည်။

"ဃ"
"ဃ"၏ ဖြစ်သင့်သောအမည်က "ယ" ပျက်ဖြစ်သည်။ ပုံစံ ပျက်နေသော "ယ" သာဖြစ်ပါသည်။ ယ ကို ခေါင်းပေါင်းစတပ်ပေးလျှင် "ဃ" ဖြစ်ပါသည်၊ အစစ်မဟုတ်ပါ။

"င"
သူတစ်ယောက်ထဲ အလိုလို ကြီးနေသော "က" ကြီး၊ ကွေးနေအောင် "ခ" သော "ခ" ကွေး တို့ အုပ်စု အဆုံးသတ်က "င" ဖြစ်နေသည်။ အတ္တသံပါသည်။ သူတပါးဆိုတာ မပါတော့ဘဲ "င" (ငါ့) ဖြစ်နေသည်။

"စ" လုံး
"စ" လုံး ကိုတော့ ထောက်ခံပါသည်။ အဓိပ္ပါယ်လည်း လှပါသည်။ အစမှာ လုံးလုံးလေး (သို့) စတင်ချိန်မှာ စည်းစည်းလုံးလုံး ရှိကြသည် ဟုအဓိပ္ပါ ယ် ကောက်ယူနိုင်ပါသည်။ သို့သော် ပုံစံကို သေသေချာချာကြည့်မိတော့ မျက်စောင်းထိုးနေဟန်ရှိသည်ကို စတင်တွေ့ရသည်။

"ဆ" လိမ်
သိပ်သဘောမတွေ့မိတော့ပါ။ စ လို့မှ ဘာမှ မကြာသေးခင် မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ်လာသည်။ ထိုသို့ မဖြစ်သင့်ဟု ထင်ပါသည်။ "လုံး" နေရာမှာ "လိမ်" သွားသောကာလက ဘာမှ မကြာလိုက်ပါ။ ရေးဟန် အနေနဲ့လည်း ကွေးနေအောင် "ခ" သော "ခ" ကွေးနှင့် တော်တော်တူနေ သည်။
ထူးသည်က "ဆ" လိမ်က ကျောပိုးအိပ်ကြီး ပါနေခြင်းသာဖြစ်သည်။ ဘာတွေ ထည့်ထားမှန်း မသိပါ။ "ခ" သူများ "ကျောပိုးအိပ်ကြီး" ဖြစ်သွားတတ်ပါသလား။

"ဇ" ကွဲ
လိမ် သွားပြီဆိုလျှင် အခြေအနေကို အကဲခတ်လို့ ရသွားပြီဖြစ်ပါသည်။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။ ရေးဟန်အားဖြင့် လည်း "ဇ" ကွဲသည် ပုရွက်ဆိတ် အကိုက်ခံထားရသော "ဂ" ငယ် နဲ့ တော်တော်တူနေပါသည်။ မဖြစ်သင့်ပါ။

"ဈ" မျဉ်းဆွဲ
မကောင်းတော့ပါ။ ကွဲကြ ပြဲကြပြီး မျဉ်းများ "စွဲ"လာကြ၊ "ဆွဲ"လာကြသည်။ သူ့မျဉ်း ကိုယ့်မျဉ်းစသည်တို့ဖြင့် သူသူငါငါ အတ္တလည်း ကဲလာကြတော့ သည်။
ဗျည်းတစ်လုံးရေးရာမှာ ပေတံလိုနေသလိုလည်း ခံစားရပါသည်။ လုံးဝ မဖြစ်သင့်ပါ။

"ည"
ဤမျှဆို စာရှူသူတို့ သဘောပေါက်ပြီဟု ယူဆမိပါသည်။
"စ" လုံး။ အစမှာ စည်းစည်းလုံးလုံး ရှိကြသည်။
"ဆ" လိမ်။ စ လို့ မကြာမီ မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ် လာသည်။
"ဇ" ကွဲ။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။
ထို့နောက် "ဈ" မျဉ်းဆွဲ။ ကွဲကြ ပြဲကြပြီး သူ့မျဉ်း ကိုယ့်မျဉ်း ဆွဲလာကြသည်။
ဒီနောက် ဘာရှိသေးသနည်း။
"ည" ရောက်သွားပါတော့သည်။
မီးကလည်း ပျက်နေသည် ဆိုပါတော့......?????




"ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ" အုပ်စုကတော့ ကျနော့် ဉာဏ်မမီလောက်အောင် ရှုပ်ေ ထွးသော အုပ်စုဖြစ်နေသဖြင့် လက်ရှောင်လိုက်ပါသည်။ အပြင်မှာ ချရေးပါ ဆိုလျှင် ဤအုပ်စုကို မှန်အောင်ပင် မရေးတတ်ပါ။ ကိုယ်မပိုင်သော ဘာသာ ရပ်ကို လူလယ်၊ လူတတ် ဝင်မလုပ်တာက စိတ် မချမ်းမြေ့ဖွယ် ကွန်မင့်များ အန္တရာယ်မှ ကင်းဝေးစေနိုင်ပါသည်။ စိတ်ကူးပေါက်ရင် ဆက်ပါမည်၊ မပေါက်ရင် မဆက်ပါ။ ဤမျှဖြင့်ပင် ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်မှရ မည် ဆိုသည်က တောင်ကြီးတစ်တောင် လုံး နေ့ချင်းညချင်း မြေပြင် ညီဖြစ်သွား သလို သိသာလှပြီ ဖြစ်ပါသည်။