အသက်ရှင်နေရတာက သေရတာထက်ကောင်းပါတယ်။ နောက်ပြီး အရွယ်ကောင်းစဉ် လူတွေအနေနဲ့ သေခြင်းတရားအကြောင်းကို မစဉ်းစားလိုကြဘူး။ ဒါပေမဲ့ ၈၉ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော် အတွက် ဒီပြဿနာကို ရှောင်နေလို့ အဓိပ္ပါယ်မရှိပါဘူး။ ကျွန်တော် စိတ်ထဲမှာ တကယ်ရှိနေတာက ငါ ဘယ်လို သေရမလဲ။ နှလုံးသွေးကြောလေဖြတ်ပြီး သေခြင်းတရားက မြန်မြန်ဆန်ဆန်ပဲ ရောက်လာ မလား။ ဒါမှမဟုတ် အာရုံကြောတွေကိုထိခိုက်ပြီး လပေါင်းများစွာ ငှက်ပျောတုံးတစ်တုံးလို အိပ်ရာ ထဲမှာ နေနေရမလား။ ဒီသေခြင်းနှစ်မျိုးထဲမှာ မြန်မြန်ဆန်ဆန်သေလိုက်ရတာကို ကျွန်တော် သဘော ကျပါတယ်။ လွန်ခဲ့တဲ့ အချိန်ပိုင်းကတည်းက ဆေးပညာအရကြိုတင်လမ်းညွှန်မှု(Advanced Medical Directive A.M.D)ပြုလုပ်ခဲ့ပြီးပါပြီ။ ဆိုလိုတာက ပိုက်ထဲကနေတစ်ဆင့် အစာသွင်းယူနေရမယ်၊ အသက်ပြန်ရှင်လာဖို့ လမ်းစလည်း မရှိတော့ဘူးဆိုရင် ကျွန်တော့ ဆရာဝန်တွေအနေနဲ့ ပိုက်တွေ ကိုဖြုတ် ကျွန်တော့်ကိုထွက်သွားခွင့် ပြုလိုက်ကြဖို့ပါ။ ဒီမှာတမ်းကို သူငယ်ချင်း ရှေ့နေနဲ့ ဒေါက်တာ ရှေ့မှာ လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ် ။
ကျွန်တော်သာ ဒီလိုကြိုတင် မလုပ်ခဲ့ဘူးဆိုရင် ရှောင်လွဲလို့မရတဲ့ သဘာဝတရားကို ဟန့်တားဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြပါလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေ အများကြီးကြုံတွေ့ခဲ့ရဖူး ပါပြီ၊ ကျွန်တော် ဇနီးဘက်ကယောက်ဖဖြစ်သူ ယောင်ညွတ်လင်း(Yong Nyuk Linn) ဆိုရင်လည်း ပိုက်တန်းလန်းနဲ့ ဘာဆိုဘာကိုမှ သတိမရတာပါ။ အခုတော့ သူမရှိရှာတော့ပါဘူး။ ဒါပေ မဲ့ ဒီပုံစံကြီးနဲ့ နှစ်ပေါင်းအတော်ကြာ အချိန်ဆွဲထားခဲ့ကြတယ်။ (ကျန်းမာရေး သိပ်မကောင်းလှတဲ့ သူ့ဇနီးဘေးမှာ) လဲလျောင်းနေပါတယ်။ ဒီလိုလုပ်လို့ ဘာ အကျိုးရှိမှာလဲ။ ဆရာဝန်တွေ၊ လူနာရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းတွေက ဒီလိုသက်ဆိုးဆွဲဆန့်မှုတွေ မကြာမကြာလုပ်တတ်ကြတယ်။ အရာ တိုင်းမှာ အဆုံးသတ်ဆိုတာရှိပါတယ်။ ကျွန်တော့်ဘ၀ရဲ့ အဆုံးသတ်လည်း နာကျင်မှုနည်းနည်းနဲ့ အမြန် ရောက်လာစေချင်ပါတယ်။ သတိမရတစ်ချက်ရတစ်ချက်နဲ့ အိပ်ရာထဲမှာ ပိုက်ကနေ အစာသွင်းယူနေ ရတဲ့ အဖြစ်ကိုမလိုချင်ပါဘူး။ အဲဒီလို အနေအထားမှာ လူတစ်ယောက်ဟာ ငှက်ပျောတုံး တစ်တုံးနဲ့ ဘာမှ မခြားနားပါဘူး။ ဘ၀တစ်လျှောက်လုံး ကိုယ်လုပ်ခဲ့သမျှတွေကို တိုင်းတာသတ်မှတ်ပြ တာကလွဲလို့ ဘ၀နဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ နားထောင်လို့ကောင်းတဲ့ အိပ်ယာဝင်ပုံပြင်တွေ ကိုလည်း ပြောပြမနေချင်ပါဘူး။ ကျွန်တော့အတွက် ကျွန်တော် လုပ်ရမယ်ထင်တဲ့ အရာတွေကို တတ်နိုင်သရွေ့ အကောင်းဆုံးလုပ်ခဲ့ ပြီးပါပြီ။ ကျွန်တော့် အခန်းကဏ္ဍလည်း မရှိတော့ပါဘူး။