(အမေရိကန်ရောက် အီရတ်တစ်ယောက်ရဲ့ဆောင်းပါးပါ။ ရင်ကို ထိသွားလို့)
(အာဏာရှင်စနစ်ကျဆုံး
မနူးမနပ်နဲ့
အစွန်းရောက်ဘာသာရေးပေါ် ချော်လဲ
ဒီမိုကရေစီ သန္ဓေလည်း ပျက်ကျခဲ့ရော။ ။) ဇင်ဝေသော်။
လူတွေက ကျနော်ဘယ်လိုခံစားရသလဲ မေးကြတယ်၊ ဝမ်းနည်းတာပေါ့။ ၂၀၀၃ ခုကစလို့ သေလိုက်တဲ့ အမေရိကန်နဲ့အီရတ်တွေ။ အခု အစ္စလမ်လမ်နိုင်ငံတော် ဆိုတာကြီးပေါ်လာတော့ အီရတ်ဟာ မမှတ်မိနိုင်လောက်အောင် ပုံလဲ သွားခဲ့တော့တယ်။
ဘဂ္ဂဒက်မြို့က အလတ်တန်းစားမိသားစုမှာ ကျနော်မွေးဖွားခဲ့တယ်၊ အဖေက လေတပ်စစ်သား၊ အမေက သင်္ချာဆရာမ၊ ညီအကိုမောင်နှမတွေနဲ့အ တူ ကျောင်းသွား၊ စူပါမဲန်း၊ ဘက်တ်မန်း ဗွီဒီယိုတွေကြည့်၊ မိဘတွေနဲ့ ရေကူးကန် မှာ ရေကူးပေါ့။
၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲကြီးဖြစ်တော့ ကျနော်က ၁၂ နှစ်သား။ ဗလီတွေက ဝတ်ပြု ဆုတောင်းဖို့ အော်ခေါ်သံတွေ တစ်ခါမှ မကြားခဲ့ရဘူး။ ဘယ်အမျိုးသမီးမှ ခေါင်းကို ပုဝါမခြုံ၊ ကျနော့်အမေ မိတ်ကပ်လူးတယ်၊ စကတ် ဝတ်တယ်၊ ဘလောက်(စ်)ဝတ်တယ်၊ တစ်ခါတစ်ခါ ဘာမြူဒါ ဘောင်းဘီတိုနဲ့။ ၂၀၀၉ ခု ကျနော် အမေရိကရောက်တော့ "အီရတ်ဟာ အနောက်ဆန်ခဲ့တယ်၊ ပညာရေးကောင်းခဲ့တယ်၊ ကျန်းမာရေး စောင့်ရှောက်မှုကောင်းခဲ့တယ်၊ ဘာသာရေး အစွန်းမရောက်ခဲ့ဘူး" စတာတွေ အမေရိကန်တွေ နားမလည်ကြ မှန်း သိခဲ့ရတယ်၊ အချမ်းသာကြီးမဟုတ်ပေမဲ့ အီရတ်ဟာ မဆင်းရဲဘူး။
ဒီနေ့ အီရတ်လား။ ဆီနဲ့ရေပေါ့ဗျာ။
လွန်ခဲ့တဲ့ ၂၄ နှစ်က အီရတ်က ကူဝိတ်ကို ကျူးကျော်၊ အမေရိကန်က အီရတ်ကို ဒဏ်ခတ်၊ တံတား၊ ပါဝါစတေးရှင်း၊ ရေမြောင်းနဲ့ ရေနံစက်ရုံတွေ ဖျက်ဆီးခဲ့ တယ်။ ရေပိုက်ကိုလှည့်ပေမယ့် ရေမလာတော့ဘူ။ မီးမရှိ ရေမလာ၊ သန်းခေါင်ယံ ပူအိုက်လို့ အိပ်ယာကနိုး။ စီးပွားရေး ဒဏ်ခတ်တော့ လူတွေရဲ့ဘဝတွေ၊ ကိုယ် ကျင့်တန်ဖိုးတွေ ချက်ချင်းပြောင်းသွားခဲ့တော့တယ်။
လုယက်မှုတွေ ထူပြော၊ ၃ မိနစ်ကြာအောင် ကားရပ်ထားလို့ မရ။
အမေရိကန်တွေမျှော်မှန်းထားသလို စစ်ပွဲက အီရတ်တွေရဲ့ဘဝကို ပြောင်း မပေးနိုင်ခဲ့ဘူး။ အီရတ်တွေက ဆက်ဒန်ကို ဖြုတ်ချဖို့ အမေရိကန်တွေက မျှော်လင့် ဟန်တူပါတယ်၊ ဒါက ဖြစ်လာမယ်မဟုတ်ဘူး။ ကျနော်တို့ဟာ မျိုးဆက်ပေါင်း မရေမတွက်နိုင်အောင် ကြီးသူရိုသေယဉ်ကျေးမှုနဲ့ နေလာခဲ့ကြတာ။
လွတ်လပ်သွားတဲ့ အီရတ်ဟာ အောက်ခြေလည်းလွတ်သွားတယ်၊ ဒီမိုကရေစီမဖြစ်တဲ့အပြင် ဘာသာရေးခေါင်းဆောင်တွေဆီ ခြေစုံပြေးဝင်သွား ကြတယ်။ ဒါဟာ ဒီမိုကရေစီ ကျရှုံးမှု၊ အမေရိကန် ကျရှုံးမှု။ စီပွားရေး ပိတ်ဆို့ လိုက်တော့ အီရတ်ကို ပြောင်းလဲပေးနိုင်မယ့် အီရတ်ပညာတတ်တွေ၊ အနုပညာ ရှင်တွေ၊ အလယ်အလတ်ဝါဒီတွေက နိုင်ငံရပ်ခြားကို ပြောင်းသွားကြတယ်။
၂၀၀၃ ခုအထိ အခြားဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေနဲ့အတူတူ ခရီးထွက်ခွင့် ကျနော်မရခဲ့ဘူး။
သူငယ်ချင်း၊ မိဘ မိသားစုက ဆီးရီးယား၊ ဆီးရီးယားကနေ ဂျော်ဒန်ကို ဆက်ကူး သွားကြတယ်။
ကျနော်လည်းထွက်သွားခဲ့ချင်တာပဲ၊ ဒါပေမဲ့ အီရတ်ပတ်စပို့နဲ့ ဝင်လို့ရတဲ့နိုင်ငံက လက်ချိုးလို့ရတယ်။
၂၀၀၉ ခုရောက်မှ အမေရိကကို ထွက်လာနိုင်ခဲ့တယ်။ အီရတ်ကနေ ထွက်ခဲ့ ရတာကို ပျော်နေမိတယ်။ ဒါတောင် ဒီနေ့ အနေအထားလောက် မဆိုးဝါးလှဘူး။
ဝမ်းနည်းစရာအကောင်းဆုံးက အီရတ်လိုနိုင်ငံထဲမှာ ISIS ကို ထောက်ခံမှု ရှိနေသေးခြင်းပါ။ ပြောရတာ စိတ်မကောင်းပါဘူး။ အဲဒါ ဆက်ဒန်ဟူစိန်မရှိလို့ပါ။
ကျနော်လည်း ဆက်ဒန်ဟူစိန်ကို မုန်းပါတယ်၊ ဒါပေမဲ့ သူရှိနေရင် ဒီအနေအထား မျိုး ရောက်မလာနိုင်ပါဘူး။ ဆက်ဒန်ဟူစိန်မရှိလို့ သေရတဲ့ လူအရေအတွက်ဟာ ဆက်ဒန်ဟူစိန် သတ်လို့သေရတဲ့ လူအရေအတွက်ထက် အများကြီး ပိုများတယ်။
အစတော့ တီဗွီကြည့်၊ သတင်းနားထောင်၊ နောက်ပိုင်းစိတ်ညစ်လို့ အားလုံးဖြတ် ပစ်လိုက်တယ်။
တစ်ခါတစ်ခါ အရင်က ရွှေရောင် အီရတ်ရဲ့ ဗွီဒီယိုလေးတွေကိုပဲ ပြန်ကြည့်နေ မိတယ်။
အီရတ် ပြောင်းလဲလာဦးမှာလား။ ဒီပုံစံနဲ့ ကျနော့်တစ်သက်တော့ မထင်မိဘူး။