@@@ အချစ်များစွာနဲ့ လက်သီးသုံးချက်@@@


မန္တလေး၊ သာသနာ့တက္ကသိုလ်ဘဝက နောင်တော်ကြီး ဦးခေမာဝံသကို မှတ်မိ ပါသေးသည်။ သူက ဝေါသား၊ မစိုးရိမ်ထွက်၊ အရပ်ပုပု၊ သီဟနာဒက မြင်းမူသား၊ မိုးကောင်းထွက်၊ အရပ်ပိန်ရှည်ရှည်။ ရုပ်ရည်၊ မွေးရပ်မြေ အချိုးအစားဝေးကွာစွာ စိတ်ချင်း နီးစပ်ခဲ့ကြရသည့် ငါးနှစ်တာကာလ။ နှစ်ယောက်စလုံး တစ်နှစ်စီ စာမေး ပွဲ ကျသည်အထိ။

သူနဲ့စတင်ပေါင်းမိသည့် ဇာတ်ကြောင်းက မလှမပ။ အပုတ်ချတာမဟုတ်၊ လိုအပ် လို့ ပြောရဦးမည်။ သူ့ဒကာတစ်ယောက်က ချဲပေါက်ပြီး အလျော်မရ၊ ချဲထိုင်က မလျော်လို့ဆိုပြီး ကျောင်းရောက်လာသည်။ မင်းလည်း ငါနဲ့လိုက်ခဲ့ကွာဆိုလို့ လိုက်သွားသည်။ ချဲဒိုင်က အခြားသူမဟုတ်၊ ကုသိုလ်တော်ဘေး၊ အမှတ် ၆(ထင်တာပဲ၊ ၄ လားမမှတ်မိ) ကားဂိတ်က ထမင်းဆိုင်လင်မယားဖြစ်နေသည်။ အမျိုသမီးက ကလေးနို့တိုက်ရင်း ငိုပြီးတောင်းပန်သည်၊ ယောက်ျားက အတွေ့ မခံ။ ဖြစ်ပုံက လူလည်ကျပြီးမလျော်တာတော့မဟုတ်၊ အစားမှားပြီး ဒိုင်ပွင့်တာဖြစ် သည်။ နောက်ကလိုက်ရသူဆိုတော့ ကိုယ့်ဆရာမီးစဉ်ကိုကြည့် ပြီး ကရမည်ဟု စဉ်းစားနေလိုက်သည်။
အများအားဖြင့် မဟုတ်မခံဝေါသားက တကယ်မလျော်နိုင်တာမှန်းလည်းသိရော ဒါဆိုလည်း တစ်ဝက်လျော်၊ ကျန်တာ ထားလိုက်တော့ဟုဆိုကာ သူ့ဒကာကို တရားချ ပြန်လွှတ်လိုက်သည်။
"အခု မရှိသေးပါ၊ ဖြည်းဖြည်းတော့ ပေးပါမည်"ဟု သူမက ကတိပြုသည်။

Artist Aung Kyaw Htet


တကယ့်အရေးကျတော့ သူက သွေးအေးသားပဲဆိုပြီး သူနဲ့ပဲအများဆုံး တွဲဖြစ်သည်။
နောက်ပြီး သီဟနာဒက အညာသားမို့ ဆင်းရဲသည်။ သူက အောက်သားမို့ သုံးနိုင် စွဲနိုင်သည်။ မနက်ပိုင်းလဘက်ရည်ဆိုင်သွားလျင် သူကပဲ ရှင်းနေရတတ် သည်။ ကျေူးဇူးကြီးပါသည်။ ဒါတင်မက၊ သူ့အခန်းက ဧည့်သည်လည်း အဝင် အထွက်များသည်။
သူ့မှာ တစ်ခု အားနည်းတာက(ကိုယ့် သတ်မှတ်ချက် သက်သက်သာဖြစ်သည်) သူ့အခန်းမှာ ကြက်မွှေးမရှိ၊ ဈေးမကြီးဘဲ မဝယ်ခြင်းဖြစ်သည်။ နှမြောတာမဟုတ် ပါ၊ ဘာမှန်းလည်းမသိပါ။ ကြက်မွှေးဘိုးက လဘက်ရည် တစ်မနက်သောက် စာပင် မရှိ။
သူ့မှာ မရှိလို့ ကိုယ့်မှာရှိသလားဆိုတော့ ရှိသည်။ ဒကာမတစ်ယောက်က ညစ်ပတ်လွန်းသော အခန်းကိုကြည့်ပြီး ပညာပေးသည့်သဘောဖြင့် လှူထားခြင်းကြောင့် ရှိနေခြင်းဖြစ်သည်။ မည်သို့ဖြစ်စေ၊ သီဟနာဒအခန်းမှာ ကြက်မွှေးရှိသည်။ သူ့မှာ မရှိ။ နန်းရှေ့ဈေးရောက်တော့ သူ့ကိုအဝယ်ခိုင်းသည်။ မသယ်ချင်ရင် တပည့်တော်သယ်ခဲ့ပါမယ်လို့ ဆိုသော်လည်း ဆရာက မဝယ်ပါ။

သူ့နေစဉ်အလုပ်က မနက် ၉ နာရီခွဲမှာ ရေမချိုးခင် အခန်း သန့်ရှင်းရေး လုပ်ခြင်းဖြစ်သည်။ သန့်ရှင်းရေးမလုပ်မီ တံခါးလာခေါက်ပြီး ကြက်မွှေး လာယူ သည်။ ဒါက ပုံသေ။ မဖောက်လွဲတဲ့ အမှန်တရား။
တစ်မနက်မှာတော့ အခြားသူငယ်ချင်းတွေနဲ့စကားပြောစဉ် အပြင်မှ တံခါးခေါက် သည်။ ဒါ့ကြောင့် သူဝင်မလာမီ သူငယ်ချင်းရဟန်းတွေကို
"ဒါ ဦးခေမာဝံသ၊ သူ ကြက်မွှေးလာယူတာ"လို့ ပြောတော့
"မင်းဟာက သေချာလှချည်လား"
"သေချာတယ်၊ မယုံရင်ကြည့်၊ ပရမတ္ထသစ္စာလိုပဲ"
ပြောအပြီး တံခါးဖွင့်ပေးလိုက်တော့ ပြောတဲ့အတိုင်းဖြစ်နေလို့ အားလုံး ရယ်ကြရ သည်။ ဆရာသမားကတော့ ဘာကို ရယ်မှန်းမသိ၊ ကြောင်အမ်းအမ်းဖြစ်နေသည်။
နောက် အကြောင်းစုံ ရှင်းပြတော့မှ
"ခွေးမသား၊ ငါ့ကိုအပုတ်ချတာပေါ့လေ" ဆိုပြီး ပြုံးပြုံးကြီး လက်သီးနဲ့ သုံးချက် တိတိ လက်မောင်းကို ထိုးပါသည်။ သီဟနာဒလည်း မရှောင်ပါ။ ရယ်ပြီး အထိုးခံလိုက်ပါသည်။ မုန်းလို့မှ မဟုတ်ဘဲ။

သို့သော်
ဧည့်သည်အလာများတဲ့ သူ့အခန်းမှာ ဧည့်သည်တွေလာပြီး ပြန်ရင် သူတို့ အမှိုက် ကို သူတို့ဘာသာပြန်ရှင်းသွားနိုင်ဖို့ ကြက်မွှေးလေးတစ်ချောင်း အခန်းထောင့်မှာ ရှိနေရင်တော့ ကောင်းမယ်ဆိုပြီး ကြုံတိုင်းလည်း လက်သီးနဲ့အထိုးခံပြီး ရယ်စရာ လိုလို အတည်လိုလို ပြောနေဖြစ်တာပါပဲ။

ဘာပဲဖြစ်ဖြစ် ကြက်မွှေးတစ်ချောင်း ရှိခြင်း၊ မရှိခြင်းက ရဟန်းနှစ်ပါးရဲ့ ဆက်ဆံရေးကို ဘာမှထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး။
ဦးခေမာဝံသသည်လည်းကောင်း
သီဟနာဒသည်လည်းကောင်း
ကြက်မွှေးတစ်ချောင်းသည်လည်းကောင်း
၁၉၉၆ ခုနှစ်တွေက မန္တလေး၊ သာသနာ့တက္ကသိုလ်ကြီးထဲမှာ တကယ် ရှိခဲ့ကြပါ၏။

ဘာမှမရှိသော ပန်းတိုင်များ


ပန်းတိုင်တိုင်း ဘာမှမရှိခြင်းလား၊ ကိုယ်က မတွေ့ခြင်းလား၊ တွေ့တာကိုပဲ မတွယ်ငင်မိခြင်း၊ တန်ဖိုးသတ်မှတ်ချက် မှားယွင်းခြင်းလား မေးခွန်းများ စွာ ယောက်ယက်ခတ်နေနိုင်ပါသည်။

စိတ်ဝင်စားမည်ဆိုလျင် ဟျွန်ဂျူး (သို့) မဓမ္မဒဿီအကြောင်း ပြောပြချင်ပါသည်။ သူမသည် ပန်းတိုင်အများကြီးဆီကို ရောက်ခဲ့ပြီး သူမ ရောက်ခဲ့ဖူးသည့် ပန်းတိုင်များမှာလည်း ဘာမှရှိမနေကြောင်း ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါသည်။
သူမနဲ့ရင်းနှီးသိကြွမ်းစဉ် သူမက ဟွန်ဂျူးဘဝမှ မဓမ္မဒဿီအဖြစ် ကူးပြောင်းချိန်ဖြစ် ပါသည်။
သူမက ပူဆန်မြို့သူ၊ အိပ်မက်ကြီးသူ၊ အရဲစွန့်ရဲသူမိန်းကလေးဖြစ်ပါသည်။ သူမရဲ့ ဆယ်ကျော်သက်အိပ်မက်က ဆိုးလ်တက္ကသိုလ်ရောက်ရှိရေးဖြစ်ခဲ့သည်။ ထက်မြက်သည့်မိန်းကလေးဖြစ်သည်အားလျော်စွာ သူမအိပ်မက်ကလည်း တကယ်ဖြစ်လာခဲ့ပါသည်။ သို့သာ် သူမ တကယ်တန်း ဆိုးလ်တက္ကသိုလ်ကို ရောက်ရှိသည့်အခါ ထို ဆိုးလ်တက္ကသိုလ်ထဲမှာ သူမ အိပ်မက်ထဲကအရာတွေကို ရှာမတွေ့ခဲ့ဟု ဆိုပါသည်။ သူမ အိပ်မက်ထဲကအရာတွေသည် ဘာတွေလဲဆိုတာတော့ မသိပါ။ သိစရာလည်း မလိုပါ။
သူမ ဆိုးလ်တက္ကသိုလ်က ပေးအပ်သည့်ဘွဲ့ မရမီအချိန်လေးမှာပင် သူမရဲ့အိပ်မက်ကလည်း တဆင့် နယ်ချဲ့လာခဲ့ပြန်ပါသည်။ ထိုအိပ်မက်က ပညာသင်ဆုဖြင့် အမေရိက တက္ကသိုလ်ကို သွားရောက်ရေး ဖြစ်လာခဲ့သည်။ သူမ အိပ်မက်ထဲကအရာတွေ အမေရိကမှာ ရှိနေမလားလို့ ယူဆနေခြင်းကြောင့် ဖြစ်သည်ဟု သူမကဆိုပါသည်။
အမှန်လည်း အမေရိကကို ပညာတော်သင် သွားရောက်ခွင့် သူမ ရရှိခဲ့ပြန်ပါသည်။ အောင်မြင်မှုအသီးအပွင့်ကို အချိန်အတော်ကြာအောင် သူမ သာယာနေမိခဲ့သည်။ သို့သော် ထို သာယာမှုကလည်း တာရှည်ခံခဲ့ဟန်မတူပါ။

အတန်ငယ် အရွယ်ရလာတဲ့ ဟွန်ဂျူးဟာ ဘဝအဓိပ္ပါယ်နဲ့ဆက်စပ်
တဲ့ မေးခွန်းတွေ မေးလာနေပြီဖြစ်ပါသည်။
ဘဝကဘာလဲ။ ပျော်ရွှင်မှုက ဘာလဲ။
ထိုအခါ အမေရိကမှာလည်း သူမ အိပ်မက်ထဲကအရာတွေ မရှိပြန်တော့ပါ။ မရှိတော့သည့်အခါ သူမရဲ့ အိပ်မက်အသစ်နောက်ဆီ လိုက်လာပြန်တော့သည်၊ လိုက်ရင်းဖြင့် သူမတွေ့သိလိုက်ရသည်က တိဘက်တန်ဘာသာရေး အဆုံးအမ များ ဖြစ်တော့သည်။ တိဗက်တန် အဆုံးအမများအောက်မှာ ကြည်နူး ကျေနပ်မှု ရရှိခဲ့သည်ဟုဆိုပါသည်။ သို့သော် အချိန်အတန်ကြာလာသောအခါ သူမသည် ကျေနပ်မှုထက် ဘဝပြတ်မှုကို တောင့်တရင်း ဝိပသနာအခြေခံ တရားကို စတင်ကျင့်သုံးလာခဲ့သည်။ အတန်ငယ် သမာဓိရလာသောအခါ ဆရာပီသသော တိဗက်ဘုန်းတော်ကြီးက ဝိပသနာဆက်လက်အားထုတ် ဖို့ မြန်မာပြည်ကို သွားရောက်ရန် လမ်းညွှန်လာခဲ့သည်။

Artist Aung Kyaw Htet


ထို့ကြောင့် သူမရဲ့ ဘွဲလွန်သင်တန်အပြီးမှာ အမေရိကမှတဆင့် ကိုရီယားနဲ့ မဝေးလှသည့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါတော့သည်။
ရောက်ရှိလာပြီး နာမည်ကြီး ရိပ်သာတစ်ခုမှာ သုံးလခန့်တရားအားထုတ်အပြီးမှာ သီလရှင်ဝတ်ရန်၊ မြန်မာစာသင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သီလရှင်ဝတ်ခြင်းက မဆိုင်လှသော်လည်း မြန်မာစာသင်ရန် ဆုံးဖြတ်ချက် ကတော့ သူမနှင့် သိကြွမ်းရင်းနှီးဖို့ အကြောင်းရင်းဖြစ်လာခဲ့ပါသည်။ သူမက အသက်နှစ်နှစ်ခန့်ငယ်သော်လည်း အတွေ့အကြုံက အများကြီးသာနေသဖြင့် သူမဆီက လေ့လာစရာများလည်း အများအပြားရှိနေခဲ့ပါသည်။ မိမိသည် သီအိုရီများဖြင့် နှောင်ရစ်နေသည့် ရဟန်းငယ်တစ်ပါးမျှသာဖြစ်ပါသည်။

ထို့အပြင် ကိုယ်တိုင်လည်း ဘာမှမရှိသည့်ပန်းတိုင်များအကြောင်းကို လမ်းခုလပ် မှာရပ်ရင်း တွေးတောမိစအချိန်ဖြစ်နေသဖြင့် ဘဝအပေါ် လက်ခံမှု အမြင်များ
လည်း တူညီနေသည်။ ဤအချက်ကြောင့်ပင် အပြန်အလှန် နားလည်မှုလည်း ပိုရှိလာခဲ့ကြသည်။
(ဆွမ်းစားချိန်ရောက်လာသဖြင့် နောက်မှဆက်ရန်)

ဆရာကြီး ဟဲမင်ဝေးရဲ့ "The Sun also rises"


စိတ်ဝင်စားစရာ ဆရာကြီး ဟဲမင်ဝေးရဲ့ "The Sun also rises" စာအုပ်ကြော်ငြာပါ။ အရင့်အရင် ပုံနှိပ်စဉ်က အကြောင်းကြောင်းကြောင့် မပါဝင်ခဲ့ အခန်း တစ်နဲ့ အခြား အပိုင်းတွေပါ ဖြည့်စွက်ထားတယ်လို့ သိရပါတယ်။ အနုပညာမြောက်မြောက်ပြန်နိုင်တဲ့ ဆရာတစ်ယောက်ယောက်က ဘာသာပြန်ရင် သိပ်ကောင်းမယ်။


မဟာမြတ်မုနိသို့ အိပ်ဖွင့်ပေးစာ


မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ဘုရား.....
တပည့်တော်တို့ ခေတ်လူတွေကို ခွင့်လွှတ်ပေးသနားတော်မူပါဘုရား။ တပည့်တော်တို့ခေတ်ရောက်မှ အရှင်ဘုရားလည်း လောကဓမ်ရှစ်ပါးမှာ ဘယ်အထဲ ထည့်ရမှန်းမသိတဲ့ လောကဓမ်နဲ့ကြုံတွေ့နေတော်မူရလို့ စိတ် မကောင်းပါဘုရား။ ဒါတွေတွေ့နေရတာက အရှင်ဘုရား သားတော်ကြီး တစ်ပါးရဲ့ ဖေ့စ်ဘုတ်ဝေါလ်ပေါ်မှာပါဘုရား။ ဒီ ဖေ့စ်ဘုတ်ဟာ အရှင်ဘုရား သားတော်ကြီးအစစ်လား၊ အတုလားဆိုတာ တပည့်တော် မသိပါဘုရား။ အစစ်ဆိုရင် ဒါတွေကို ဘာလို့ဖျက်မပစ်တာလဲ၊ အတုဆိုရင် ဘာဖြစ်လို့ ငြိမ်နေတာလဲ နားမလည်ပါဘုရား။
ဘာပဲဖြစ်ဖြစ် အရှင်ဘုရားအတွက် စိတ်မကောင်းပါဘုရား။

ဒါပေမဲ့ အရှင်ဘုရားက ကံနည်းနည်းကောင်းတယ်လို့လည်း ဆိုရင် ရပါတယ်ဘုရား။ မြန်မာဘုရင်တွေပင့်လို့ မန္တလေးကိုမကြွခဲ့ဘဲ အရင်နေရာမှာဆိုရင် ကံ ပိုဆိုးသွားနိုင်ပါတယ်ဘုရား။ အာဖဂန်မှာရှိတဲ့ အရှင်ဘုရားရဲ့ နောင်တော်၊ ညီတော်တွေဆိုရင် အရိုးတစ်ခြား အသား တစ်ခြားဖြစ်တော်မူကြရပါတယ်ဘုရား။
အရှင်ဘုရားမှရယ်လည်း မဟုတ်ပါဘုရား။ အရှင်ဘုရားရဲ့ ကောင်တာပါ့တ် မိုဟာမက်ခမျာလည်း အရှင်ဘုရားနဲ့ အလားတူ လောကဓမ်နဲ့ကြုံတွေ့နေရပါ တယ်ဘုရား။
အရှင်ဘုရားက သည်းခံမယ်ဆိုတာတော့ သိတာပေါ့ဘုရား။ ဒါပေမဲ့ ဒါမျိုးကြီးကတော့ ဘယ်ကောင်းမလဲဘုရား။


မေးလျောက်ပါရစေ ဘုရား.....
ဝဋ်မှာအမြဲ ငရဲမှာအပဆိုတာ အမှန်ပဲလား ဘုရား။ ဒါမှမဟုတ် ပြုသူအသစ် ဖြစ်သူအဟောင်းလား ဘုရား။
အရှင်ဘုရားရဲ့ နောက်ဆုံးဝဋ်ကြွေးက ဝမ်းတော်လားခြင်းဆိုရင် အခု ဝဋ်ကြွေးက ဘယ်က ဘယ်လိုရောက်လာတာလဲဘုရား။
နောင်လာနောက်သားတွေအတွက် မျက်နှာညိုတာမျိုး၊ မျက်ရည် လည်တာမျိုးရော ဖြစ်မိပါသလား ဘုရား။
လျှောက်လို့သာလျှောက်ရတာပါ ဒေါသပယ်ပြီးတဲ့အရှင်မြတ်မှာ ဒါတွေ ဘယ်ရှိနိုင်ပါတော့မလဲဘုရား။

ဘာရယ်မဟုတ်ပါဘူးဘုရား။
ဘယ်သူ့ကိုမှ ဘာမှ မပြောလိုပါဘုရား။
ဝမ်းနည်းလွန်းလို့ အရှင်ဘုရားကို တိုင်တည်ရင်ဖွင့်မိတာပါဘုရား။
ပထဝီသမစိတ်တော်နဲ့ သည်းခံတော်မူတတ်တဲ့ အရှင်ဘုရားကိုကြည့်ပြီး အငြိမ်မနေနိုင်တဲ့ မောဃပုရိသ သီဟနာဒအား ခွင့်လွှတ်ပေးတော်မူပါ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ဘုရား

အက်ဒမင်


ဖေ့စ်ဘုတ်၊ ဘလော့ဂ်၊ ဝက်ဘ်ဆိုက် တစ်ခုရဲ့ အက်ဒမင်တာဝန်ကဘာလဲ။
တချို့ကလည်း(တော်တော်နည်းပါတယ်၊ နိုင်ငံတကာ စံ မဟုတ်) ကိုယ့်စာမျက်နှာပေါ် ကိုယ်လည်း ရေးချင်ရာ ရေး၊ သူများလည်း ရေးချင်ရာ ရေး၊ တင်ချင်ရာတင် ပစ်ထားလိုက်တာပဲ၊ မဖျက်ဘူး။ သူ့ကွန်မင့်ကို သူကိုယ်တိုင်ပြန်ဖတ်ရင်း ရှက်သွားလိမ့်မယ်ဆိုတဲ့ အယူရှိကြတယ်။ သူတို့အယူအဆအရဆိုရင်တော့ ဘာမှ ဆွေးနွေးစရာ မလိုတော့ပါဘူး။ ကိုယ်လည်း တင်ချင်ရာတင်၊ သူလည်း ရေးချင်ရာ ဝင်ရေး။ ဖြစ်ချင်ရာဖြစ် အွန်လိုင်း ပေ့ဂ်ျပေါ့။

ဒါပေမဲ့ ဒါဟာ တာဝန်မဲ့ရာ ရောက်မနေဘူလား။
လွတ်လပ်စွာသဘောထားကွဲလွဲခွင့် ပြုထားတဲ့ ဂူးဂဲလ်၊ ယာဟူးလို ဝက်ဗ်ဆိုက်တွေတောင် အက်ဒမင်တွေက ဖြစ်ချင်ရာဖြစ် လွှတ်မထားဘူး။ မယုံရင် နာမည်တုနဲ့ သူများကို စော်ကားတဲ့ကွန်မင့် ရေးကြည့်ပါ။ မိမွေးတိုင်း ဖမွေးတိုင်းပုံ တင်ကြည့်ပါ။ သတိပေးပြီး ဘန်းလိုက်တယ်။ သူတို့ဆိုရင် ကမ္ဘာနဲ့ချီပြီး ကိုင်တွယ်နေရတော့ စောင့်ကြည့်နေရတဲ့ ကွန်မင့်တွေကလည်း သန်းပေါင်းများစွာ ရှိတယ်။ ရှိလည်း လုပ်ကိုလုပ်ရတယ်။
အက်ဒမင်ဆိုတာကပင် စီမံခန့်ခွဲသူလို့ ဆိုတယ်မဟုတ်လား။ သူ့မှာ တာဝန်ကိုရှိနေတယ်။ သူဘယ်လို စီမံခန့်ခွဲတယ်ဆိုတာကတော့ မတူညီတဲ့ မူတွေအတိုင်း ကွဲလွနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်လွတ်စပယ်တော့ ဖြစ်မနေသင့်ဘူး။

ရိုင်းပျမှုကို လက်ခံခြင်းဟာ ရိုင်းပျမှုကို အားပေးမှုတစ်ခုပါပဲ။ ဒါကိုပဲ နားလည်မှု၊ သည်းခံမှု၊ မေတ္တာ ဘာညာတွေနဲ့ ရောနှောထားမယ်ဆိုရင် စဉ်းစားကြည့်သင့် တယ်။
ရိုင်းပျမှုတွေက ထောင်သောင်းရှိနေပေမဲ့ တရားဝင် ရိုင်းပျသူတွေက ဆယ်ဂဏန်း၊ ရာဂဏန်းပဲရှိတယ်။(ဆဲသံအထူဆုံး သတင်းဆယ်ပုဒ်ထဲက ဆဲသူတွေကို ရေ တွက်လိုက်ပါ၊ တစ်ရာ မပြည့်တတ်ဘူး)
လူမျိုးရဲ့ သိက္ခာ၊ ပါဝါဟာ ယဉ်ကျေးမှုအပေါ်မှာလည်းတည်တယ်။ သူများလည်း ဆဲတာပဲ၊ ငါတို့လည်းဆဲမှာပဲဆိုတဲ့ စိတ်ဓာတ် လူငယ်တွေဆီ အမွေပေးသင့် မပေးသင့် (မိမိက လူမျိုးနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်လို့ ယုကြည်ရင် (သို့) ကြွေးကြော်နေရင်) စဉ်းစားသင့်တယ်။





ဒါက ကျယ်လွန်းသွားတယ်။
အနည်းဆုံး အက်ဒမင်က အက်ဒမင်အလုပ်ကိုတော့ လုပ်ကိုလုပ်ရပါတယ်။ ကိုယ့် ပို့စ်ကိုလည်း စစ်၊ သူများ ကွန်မင့်ကိုလည်း စစ်။ ကိုယ်က မှားရင်တောင်းပန်၊ သူမှားတယ်ထင်ရင်လည်း လှမ်းပြီး လူမသိစေဘဲ မေတ္တရပ်။ မရရင် တား၊ လူထု သိသင့်ရင်(အကျိုးရှိမယ်ထင်ရင်) ပြန်စာရေး။
ကွန်မင့်တိုင်း မိမွေးတိုင်း ဖမွေးတိုင်း ရှိနေစရာ မလိုပါဘူး။
စာဖတ်သူတွေကို တလေးတစား ဆက်ဆံပေးပါ။ မခက်ပါဘူး ဗျာ၊ ဆဲသံတွေ ရပ်ပါတယ်။ ဆဲသူ ရှက်ပါတယ်၊ လုပ်ကြည့်ပါ ဗျာ။