ဧဝံ မေ သုတံ ( မန်းကို လွမ်းလို့ တမ်းတဲ့ စာ ၃ )

သီဟနာဒကိုယ်တိုင် မန္တလေး စာသင်သွားသောနှစ်မှာမှ ၈၈ အရေးအခင်းကြီးကလည်း အုန်းကနဲ ထဖြစ်တော့၏။
နာကြည်းဖွယ်ရာတို့ကို အစ မဖော်လိုတော့၊ ပျော်စရာလေးများကိုဖြင့် မကြားဖူးသူများ ကြားဖူးရန်၊ကြားဖူးသူများ အတွက် ကြားဖူး ထပ်မံ မျှချင်သည်။

အိမ်တော်ရာ ဘုရားထဲမှ အမြောက်ကြီးများ
စစ်တပ်ကဗိုလ်ချုပ်ကြီး ( ဥပဒေမာရှယ်လော ) ထုတ်၊ ပစ်မိန့်ပေးလိုက်ရာ အိမ်တော်ရာစစ်ကြောင်းမှ
သံဃာတော်တို့လည်း အားမတန် မာန်လျှော့ ကိုယ့်ကျောင်းကို ပြန်ကြတော့၏။
သို့သော် အချို့ကား တတ်နိုင်သရွေ့တော့ တော်လှန်ရဦးအံ့ဟု အံခဲကာ မဟာဗျူဟာတစ်ခု အကောင်အထည် ဖော်ကြ၏။
ယင်းကြောင့် နန်းတွင်းစစ်တပ် ပြာယာခတ်သွားတော့သည်။
" အိမ်တော်ရာ ဘုရားထဲမှာ အမြောက်ကြီး ငါးလက် မှန်ပြောင်းဖြင့် လှမ်းမြင်နေရသည်၊ အရမ်း မတက်ကြလေနှင့် " ဟူသတတ်။
ထို့ကြောင့် ရှေ့တန်း သူပုန်စခန်းကို သိမ်းပိုက်သလို ညပိုင်း၌ လေးဖက်တွားရင်း ခဲရာခဲစစ် သိမ်းပိုက်လိုက်နိုင်၏။
ထိုအခါမှ သိရတော့သည်။ ဓာတ်တိုင် အကျိုးများကို နန်းတွင်းဖက်ဆီသို့ ချိန်ကာ အုတ်ကျိုးတို့အပေါ် ထိုးစိုက်ထောင်ထားခြင်းသာ ဖြစ်ပေသတည်း။

သူတို့က ဒို့ထက်မိုက်တယ်

ထိုအခါ မန္တလေးမြို့ ဘုန်းတော်ကြီးကျောင်းများ ဝန်းကျင်၌ တာဝန်ကျ စစ်သားတို့ကား တိုင်းရင်းသားရုပ်ပေါက်၏။ မျက်လုံးမှေး၏။ မူးနေကြဟန်လည်း တူ၏။
သံဃာကို သံဃာမှန်းလည်း မသိကြ။ သူတို့က အထူးကွန်မန်ဒိုများ ဖြစ်သဖြင့် လည်ပင်းမှာလည်း ပဝါနီ စည်းထားကြ၏။
တစ်ယောက်သော စစ်သားက သူ့ ဆရာကိုမေး၏
" ဆရာ၊ လက်နက် အပြည့် ကျည်အပြည့် ၂၄ နာရီ လုံးလုံး စောင့်နေရအောင် ဒီကောင်တွေက ဘယ်လောက် မိုက်လို့လဲ "
" ဘယ်လောက် မိုက်လဲတော့ မသိဘူး။ အထက် အမိန့်အရုလုပ်ရတာပဲ။ မိုက်မယ်လို့တော့ ထင်တယ်ကွ။ ငါတို့ အသေခံ တပ်ဖွဲ့တွေတောင် ပဝါနီကို လည်ပင်းမှာပဲ စည်းကြတယ်။ သူတို့က တစ်ကိုယ်လုံး ပဝါနီ ခြုံထားတာ "
ကား ဆရာကြီး မှတ်ချက်တည်း။

ရေးတော့ တိုတိုလေး
ထိုစဉ်က ကျောင်းအပြင်ထွက်သော သံဃာတိုင်း ဘွဲ့ကိုပြောရ၊ လက်မှတ်ထိုးရ၏။ အပြင်ထွက်သော ရဟန်းတစ်ပါး၏ ဘွဲ့ကို စစ်ဗိုလ်က မေး၏။
" အရှင်ဘုရား နာမည် ပြောပါ "
"တမောနုဒဝရသာမိ ပါ "
ထို စစ်ဗိုလ် လိုက်မရေးတတ်တော့ပေ။ ထို့ကြောင့် အရှင်ဘုရား ကိုယ်တိုင် ရေးပါ ဟု ဆိုသည်။
ထိုရဟန်းက ရေးလိုက်၏ " ဝရ "
စစ်ဗိုလ်က မကျေနပ်၊ ပြောတော့ အရှည်ကြီး ရေးတော့တိုတိုလေး ဟု စောဒကတက်၊ သံသယရှိ၏။
ထို့ကြောင့် သူ့နောက်က ရဟန်းတစ်ပါးကို ဖတ်ပြပါ ဟု ဆို၏။ အကြောင်းသိ ရဟန်းက ဖတ်ပြသည်။ "တမောနုဒဝရသာမိ "
ထို စစ်ဗိုလ်က " အော် ဘုန်းကြီးနာမည်က ပြောတော့ အရှည်ကြီး ရေးတော့တိုတိုလေး " ဟု ကောက်ချက်ချလုက်တော့သည်။
08/10/2012


သီဟနာဒ

"ဝန်ကြီးပေါက်နဲ့ နိုင်ငံဆောက်"


"အိပ်ပေါက်နဲ့ ဖားကောက်" စကားပုံက လူထုကြားမှာ မကောင်းတဲ့ အဓိပ္ပါယ်ထွက်တယ်။
အဓိပ္ပါယ် အတူတူဖြစ်ပြီး"ရေဗူးပေါက်နဲ့ ရေသယ်" ကျတော့ စစ်တပ်ထဲမှာ ကောင်းတဲ့ အဓိပ္ပါယ်ရှိနေပြန်ရော။
(ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် တဲ့)
"ဝန်ကြီးပေါက်နဲ့ နိုင်ငံဆောက်" စကားပုံ မရှိဘူးထင်တယ်၊ မကြားဘူးသေးဘူး။ ကိုယ့်က မနှံ့စပ်တာနေမှာ၊ ရှိတော့ ရှိရမယ်။

အရည်အချင်း စစ်ပွဲ (ရုရှားရောက်မှ ပြုံးရတယ်)

၁။ ပြင်သစ် ကော်ပိုရေးရှင်း
-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
-သုံးကောင် မဟုတ်လို့ လမ်းပေါ်တက် ဆန္ဒပြတယ်။

၂။ အင်္ဂလိပ် ကော်ပိုရေးရှင်း
-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
- နွားမနှစ်ကောင်စလုံး နွားရူးတွေ ဖြစ်နေတယ်။

၃။ ဂျပန် ကော်ပိုရေးရှင်း
-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
-အဲဒီ နွားမနှစ်ကောင်ကို ဒီဇိုင်းပညာနဲ့ သေးသေး၊ လှလှလေးတွေ အများ ကြီးဖြစ်အောင် တည်ထွင်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချီတယ်။

၎။ ဂျာမန် ကော်ပိုရေးရှင်း
-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
-အဲဒီ နွားမနှစ်ကောင်ကို အင်ဂျင်နီယာပညာနဲ့ အသက်ရာကျော်ရှည်အောင် တည်ထွင်တယ်၊ မျိုးပွားတယ်။ ပြီးတော့ တစ်နေ့ တစ်ကောင်နှုန်း သတ် စားတယ်။

၅။ ရုရှား ကော်ပိုရေးရှင်း



-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
-ရေတွက်ကြည့်တယ်၊ နှစ်ကောင်က နှစ်ကောင်ပဲ ဖြစ်နေတယ်။
-ဗော့ဒ်ကာ သောက်တယ်။
-ဘယ်လိုလဲ???။ နှစ်ကောင်က နှစ်ကောင် ဖြစ်နေဆဲပဲ ရှိနေသေးတယ်။
-ဒါနဲ့ ဗော့ဒ်ကာ ထပ် သောက်တယ်။
-ရေကြည့်တော့ နှစ်ကောင်က လေးကောင် ဖြစ်လာတယ်။
-အခြေအနေ တိုးတက်လာတယ်။
-ဒါနဲ့ ဗော့ဒ်ကာ ထပ် သောက်တယ်။
-ရေကြည့်တော့ နွားမ ရှစ်ကောင် ဖြစ်လာတယ်။
-တိုးတက်မှုက အားရစရာပဲ။
-ဒါနဲ့ ဗော့ဒ်ကာ ထပ် သောက်တယ်။
-ထပ် သောက်တယ်။
-သောက်တယ်။
-ရေကြည့်တော့ ....
-ဟိုက်.. ရှား.. ပါး နွားမ ၁၆ ကောင် ဖြစ်နေပြီ။
ရုရှား ကော်ပိုရေးရှင်းဟာ သူ့အောင်မြင်မှုကို ကြည်နူးရင်း ကောက်ရိုးပုံပေါ် အိပ်ပျော်သွားရှာတယ်။
(ရုရှားရောက်မှ ပြုံးရတယ်လို့ဆိုရင် နားလည်ပေးစေချင်ပါတယ်။)

(Ref: The World Joke Book)
06/09/2013

“အစိုးရဟူသည် (ဗုဒ္ဓဘာသာအမြင်)”

ရှင်ဘုရင်(သို့) ယနေ့အခေါ်အဝေါ် အစိုးရဟူသော သဘောနှင့်ပတ်သက်၍ ဘာသာတရားကိုယ်စီ၌ မတူညီသော ဖွင့်ဆိုချက်များ ရှိနေကြသည်။ ထိုမျှမက အစိုးရဟူသော အုပ်ချုပ်သူလူတန်းစား ပေါ်ပေါက်လာပုံ၌ပင် ချဉ်းကပ်ပုံများ မတူညီကြပေ။

ခရစ်ယာန် သမ္မာကျမ်းစာအလိုအရ ဘုရင်(သို့) အစိုးရတို့သည် ထာဝရဘုရားရှင်ထံမှ တန်ခိုးအာဏာရရှိခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် ဘုရင်(သို့) အစိုးရ၏အမိန့်ကို လိုက်နာခြင်းသည်ပင် ဘုရားရှင်၏ အမိန့်တော်ကို လိုက်နာခြင်းဖြစ်သည်ဟု Romans 1, 2 တို့၌ ဆိုထားသည်။ ဤဥပဒေသကို ဥရောပတစ်ခွင်၌ “ The Divine Rights of Kings” ဟု ဆိုစမှတ်ပြုကြသည်။ ကွန်ဖြူးရှပ်ဘာသာကလည်း ဤကိစ္စ၌ ခရစ်ယာန်နှင့် ဆင်ဆင်တူသည်။ ယင်းကို “The Mandate Of Heaven ” ဟု ဆိုသည်။ ဟိန္ဒူဘာသာအလိုအရမူ ရှင်ဘုရင်ကိုယ်တိုင်ကပင် နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။

ဘုရင်(သို့) အစိုးရ(သို့) အုပ်ချုပ်သူလူတန်းစားနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကတော့ အခြားဘာသာများနှင့်မတူ ကွဲပြားစွာဖွင့်ဆိုထားလေသည်။ အထင်ရှားဆုံးသာဓကမှာ နာမည်ကျော် အဂ္ဂညသုတ်ပင်ဖြစ်သည်။ ထိုသုတ်၌ လူတန်းစားအားလုံးကို စွမ်းအားရှိသူ လူတစ်ယောက်က ဦးဆောင်ကွပ်ကဲရန် လိုအပ်သောအခါ ထိုလူထုထဲမှပင် ဂုဏ်ရည်တို့ဖြင့် ပြည့်စုံသောလူကို ရွေးချယ်ပြီး ဘုရင်တင်မြှောက်ကြသည်ဟု ဘုရားရှင်က ဘုရင်စနစ်ကို လက်တွေ့ကျကျ ရှင်းပြတော်မူခဲ့သည်။

ဟိန္ဒူဘာသာဝင်တို့ ယုံကြည်မှု၌လည်း လူသားလောက၏ ပထမဆုံးသောမင်းသည် မဟာသမ္မတပင် ဖြစ်သည်။ ဗုဒ္ဓဘာသာက မဟာသမ္မတဟူသောအမည်ကို လက်ခံသည်။ သို့သော် ထိုနာမည်ကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ ကွဲလွဲသွားသည်။ ဘုရားရှင်က မဟာသမ္မတကို လူထုကရွေးချယ်တင်မြှောက်အပ်သောမင်း (elected by the majority) ဟု ရှင်းပြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၏အမြင်အရ ဘုရင်(သို့) အစိုးရမှာရှိသော အာဏာသည် သူ့ကို(သူတို့ကို) တင်မြှောက်ထားသော လူထုထံမှ ရရှိခြင်းဖြစ်သည်။ ထို့အပြင် တရားမျှတစွာ အုပ်ချုပ်နေသမျှကာလပတ်လုံး ထိုအာဏာလည်း ဘုရင်(သို့) အစိုးရတို့နှင့်အတူ ရှိနေရသည်။

ဆိုလိုသည်မှာ ဘုရင်(သို့) အစိုးရသည် တရားနှင့်မညီညွတ်တော့ဘူးဆိုလျှင် လူထုကပြန်လည်ရယူပြီး စွမ်းနိုင်သော အခြားတစ်ယောက်(သို့) အခြားတစ်ဖွဲ့ကို တင်မြှောက်ခွင့်ရှိသည်။ ဇာတ်နိပါတ်တော်များ၌ ဤကိစ္စနှင့်စပ်လျဉ်း၍ နေရာများများ၌ တွေ့မြင်နိုင်သည်။ တရားနှင့်မညီသောမင်းကို ပြည်သူတို့က နန်းချတတ်ကြောင်း ဗုဒ္ဓစာပေ၌ တွေ့ရသည်။

ဤသည်မှာ ယုံကြည်မှုအယူအဆတို့သာဖြစ်ပြီး သမိုင်းအထောက်အထားဖြင့် ခိုင်ခိုင်မာမာ ပြောဆိုရန်ကား ခက်ခဲသည်။
သို့သော် မြတ်စွာဘုရားရှင်၏ “ဘုရင်ကောင်းတို့သည်” ဟူသော အဆုံးအမကတော့ အသောကမင်းကြီးအပေါ် များစွာလွှမ်းမိုးထားကြောင်း သမိုင်းအထောက်အထားဖြင့် ပြောပြနိုင်သည်။
“တိုင်းသူပြည်သားအားလုံးသည် ငါ၏ရင်ဝယ်သားများသာ ဖြစ်သည်။ ငါ၏ သားသမီးများကို ချစ်သလို သတ္တဝါတို့အပေါ်၌ အညီအမျှ မေတ္တာထားသည်၊ ကောင်းကျိုးလိုလားသည်၊ သူတို့အားလုံး၏ ပစ္စုပ္ပန်၊ သံသရာအကျိုးကို ငါလိုလား၏” ဟု ပြောဆိုခဲ့သည်။

ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ မင်းကျင့်တရားနှင့် မညီညွတ်သော မင်းများလည်း ပေါ်ပေါက်လာခဲ့ဟန်တူသည်။ ထို့ကြောင့် ဗုဒ္ဓစာပေ၌ပင် “ရက်စက် ကြမ်းကြုတ်သောမင်း” “အပျော်အပါး လွန်ကြူးသောမင်း” “ တိုင်းရေးပြည်ရာကို နားမလည်သောမင်း” စသော ခပ်ညံ့ညံ့မင်းများကို ညွှန်းဆိုသော ဝေါဟာရများ တွေ့ရှိလာရသည်။ ထို့ပြင် “ဘုရင့်အလိုကို အကဲခတ်ရခက်၏” “ဘုရင်သည်မီးနှင့်တူ၏- ဝေးသော်မကောင်း၊ နီးလျှင်လောင်၏” စသော ဝေါဟာရများကလည်း မတရားသော မင်းများကို ညွှန်းဆိုပြနေပြန်၏။

အချို့ဇာတ်တော်များထဲတွင် မင်းဆိုးမင်းယုတ်တို့ကို “မျက်လုံးထဲက အမှိုက်” “ထမင်းပန်းကန်ထဲက သဲ” “ဖနောင့်မှာ စူးနေတဲ့ညှောင့်” စသဖြင့် သုံးစွဲတတ်သည်ကိုလည်း တွေ့ရသည်။

မှတ်သားစရာကောင်းသော သာဓကမှာ မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနတို့ တွေ့ဆုံခိုက် မထေရ်မိန့်ကြားသော စကားဖြစ်သည်။ မင်းကြီးက တရားဓမ္မရေးရာများ ဆွေးနွေးလိုပါသည်ဟု လျှောက်ထားသောအခါ မထေရ်က ဘုရင်တစ်ပါးအနေဖြင့် မဆွေးနွေးလို၊ ပညာရှင်တစ်ယောက် အနေဖြင့် ဆွေးနွေးလိုက ဆွေးနွေးလိုသည်ဟု မိန့်ကြား၏။

အကြောင်းကို မေးလျှောက်ရာ ပညာရှင်အချင်းချင်း ဆွေးနွေးကြရာ၌ အကျိုးအကြောင်းညီညွတ်စွာ ဆွေးနွေးနိုင်သည်။ သဘောတူ၍ရသည်။ မတူ၍ရသည်။ အမှားကိုထောက်ပြနိုင်သော် လက်ခံကြသည်။ ရှင်ဘုရင်တို့ကား ထိုသို့မဟုတ်၊ သူတို့နှင့် သဘောမတူသူတို့ကို ပစ်ဒဏ်ခတ်ကြ၏ဟု မိန့်တော်မူခဲ့သည်။

ရှင်ဘုရင်(သို့) အစိုးရများနှင့်ပတ်သက်သော ဆက်ဆံရေး၌ ဘုရားရှင်၏ သဘောထားကား ရှင်း၏။ ကောင်းသောမင်းဖြစ်စေ၊ ဆိုးသောမင်းဖြစ်စေ အာဏာရှိ၏။ ထို့ကြောင့် ဘုရင်(သို့) အစိုးရများနှင့် နိုင်ငံရေးကိစ္စများတွင် ပါဝင်မပတ်သက်မိစေရန် ရဟန်းတော်များကို သြဝါဒပေးခဲ့သည်။ သြဝါဒသာမက ကိုယ်တော်တိုင်လည်း ကျင့်သုံးခဲ့သည်။

အထင်ရှားဆုံးသာဓကမှာ မင်းမှုထမ်းယောက်ျားများ မင်းတာဝန်မကျေသေးသမျှ ရဟန်းပြုခွင့်မရှိစေရ ဟူသော ပညတ်ချက်ဖြစ်သည်။ မင်း(သို့) အစိုးရကပေးလာမည့် အန္တရာယ်ရှိလျှင် အချို့သေးမွှားသော ဥပဒေတော်တို့ကိုပင် ပြင်ဆင်နိုင်ကြောင်း မိန့်ခဲ့သည်။ ဤသည်တို့ကို ထောက်ဆ၍ အဆိုး၊ အကောင်းရှိနိုင်သောမင်း(သို့) အစိုးရတို့နှင့်မပတ်သက်စေလိုကြောင်း မှတ်ယူနိုင်သည်။

ထို့အတူ ရှုပ်ထွေးပွေလီလှသော နန်းတွင်းရေး၊ နိုင်ငံရေးတို့၌ ရဟန်းသီလရှင်များ မပါဝင်မပတ်သက်မိစေရန် အခါသင့်တိုင်း သြဝါဒပေးတော်မူသည်။

သို့သော် ဘုရားရှင်ကိုယ်တော်တိုင် မင်း(သို့) အစိုးရများနှင့် ကင်းသလားဟုမေးလျှင်ကား မကင်းဟု ဆိုရပေလိမ့်မည်။ ပိဋကတ်တော်၌ ပသေနဒီကောသလ၊ ဗိမ္ဗိသာရ၊ အဇာတသတ်၊ လိဇ္ဇဝီ စသောမင်းများအကြောင်း မကြာမကြာတွေ့ရတတ်သည်။ ထိုမင်းတို့ကို “ဓမ္မရာဇ” ဟု ဘုရားရှင်က အာလုပ်ပြုခေါ်ဝေါ်နှုတ်ဆက်တတ်သည်။

ထိုခေတ်က ရှင်ဘုရင်သည် ယနေ့ခေတ် အစိုးရဖြစ်လာ၏။
ဇာတ်နိပါတ်တော်များတွင် မင်းကောင်းမင်းဆိုးများအကြောင်း အတ္ထုပ္ပတ္တိစသည်ကို တွေ့ရသော်လည်း အစိုးရကောင်းတစ်ခုဖြစ်ရေး လမ်းညွှန်ချက်များကား ပိဋကတ်တော်၌ များများစားစား မတွေ့ရပေ။

သို့သော် “ဒဿရာဇဓမ္မ” ဆိုသော မင်းကျင့်တရား(၁၀) ပါးကတော့ ထူးထူးခြားခြား ပေါ်လွင်ထင်ရှားနေသည်။ ပေးကမ်းရက်ရောခြင်း၊ ကိုယ်ကျင့်တရားနှင့်ပြည့်စုံခြင်း၊ ဖြောင့်မတ်ခြင်း၊ သနားညှာတာခြင်း၊ ကိုယ်နှုတ်စောင့်စည်းခြင်း၊ အမျက်ဒေါသမကြီးခြင်း၊ မရက်စက်ခြင်း၊ သည်းခံခြင်း၊ တိုင်းသူပြည်သားတို့၏ဆန္ဒကို မဆန့်ကျင်ခြင်းတို့ဖြစ်သည်။

img source


ယနေ့ခေတ်မှာတော့ ထိုဒဿရာဇဓမ္မကိုပင် မြတ်စွာဘုရားရှင်၏ နိုင်ငံရေးသဘောထားဟု အဓိပ္ပါယ်ဖွင့်ဆိုလာကြသည်။

ရိုးသားစွာကြည့်မြင်မည်ဆိုလျှင် ထိုမင်းကျင့်တရား(၁၀) ပါးလုံး တစ်ချိန်တည်းပြည့်စုံနေဖို့သည် အလွန်ခက်ခဲသောကိစ္စတစ်ခုဖြစ်သည်။ တိုင်းပြည်ကို ကာကွယ်ရန် သည်းခံခြင်းတရားကို မျက်ကွယ်ပြုကောင်းပြုရမည့် သဘောမျိုးရှိနေသည်။
ဤကား သုတ္တာန်ဒေသနာမှလာသော မိန့်ဟချက်ဖြစ်သည်။

ဇာတ်နိပါတ်တော်များ၌ကား ထိုထက်ပို၍ အသေးစိတ်တွေ့ရှိရသည်။ အထင်ရှားဆုံးဇာတ်တော်မှာ တေသကုဏဇာတ်ပင်ဖြစ်သည်။

“- ဘုရင်သည် ဒေါသ၏ကျေးကျွန်မဖြစ်သင့်၊ အမျက်ဒေါသဖြစ်ခိုက် နိုင်ငံရေး ပုဂ္ဂိုလ်ရေးကိစ္စများ မဆောင်ရွက်၊ မဆုံးဖြတ်သင့်
- အမှုအခင်းဖြစ်ပွါးသော် နှစ်ဘက်စလုံးကို မျှမျှတတကြည့်ပြီးမှ တရားနှင့်အညီ ဆုံးဖြတ်သင့်သည်။
- အဂတိတရား ကင်းရှင်းသင့်သည်။
- မျက်လုံးတစ်လုံးဖြင့် နိုင်ငံရေးကိုကြည့်ပြီး အခြားမျက်လုံးတစ်လုံးဖြင့် ပြည်သူ၏ ပျော်ရွှင်မှုကို ကြည့်ရမည်။
- အိမ်နီးချင်းနိုင်ငံများနှင့် ခိုက်ရန်ဖြစ်ပွါးခြင်းထက် မဟာမိတ်ဖွဲ့ဖို့ ကြိုးစားသင့်သည်။
- စကားအများကြီး မပြောသင့်၊ အချက်ကျကျ တိုတိုထိထိသာ ပြောသင့်၏။
- အကျင့်ပျက်သူကို သားအရင်း၊ ညီအစ်ကိုအရင်းပင်ဖြစ်လင့်ကစား လူကြီးမခန့်သင့်
- အမှု၌မလိမ္မာသော၊ လောဘအတောမသတ် လာဘ်စားသော ဝန်ကြီးသည် တိုင်းပြည်ကို ဖျက်ဆီးတတ်သည်။ ဤသဘောကို ဘုရင်က သဘောပေါက်သင့်သည်။
- သတင်းအချက်အလက်ဟူသည် ဘုရင့်မျက်စိဖြင့် မြင်ကာမျှ၊ နားဖြင့် ကြားကာမျှဖြင့် မလုံလောက်တတ်၊ ထို့ကြောင့် သတင်းအချက်အလက်တို့ကို စုံစုံလင်လင်သိမြင်ပြီးမှသာ ဆုံးဖြတ်ချက်ချသင့်သည်……” တို့ လာရှိလေသည်။

ထိုအချက်တို့ကိုထောက်ဆ၍ “အစိုးရဟူသည်” ဆိုသောစကားကို ဗုဒ္ဓဘာသာအမြင်အရ “ ဗလ စက္ကံ နိဿာယ ဓမ္မ စက္ကံ ပဝတ္တတေ” ဟု ဆိုရပေလိမ့်မည်။ ဆိုလိုသည်မှာ အာဏာဟူသောစက်ကို အမှီပြုပြီး တရားမျှတမှုစက်ကို လည်ပတ်စေ- ဟူလို။ အာဏာကို တရားမျှတရေးအတွက် အသုံးပြုသောအစိုးရသည် အစိုးရကောင်းဟု ဆိုရပေတော့မည်။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Human brain is amazing!