ဤသုတေသနစာတမ်း ထွက်လာပြီးနောက် “သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟူသော နိမိတ်မရှိ၊ နမာမရှိ ဝေါဟာရကို သုံးစွဲရန် အလွန်ခံတွင်းတွေ့သော ပုဂ္ဂိုလ်တို့က ရှေးနည်းအတိုင်းပင် “ဒီနေ့ခေတ် ရဟန်းတော်တွေ အပ်၊ အပ်ချည်၊ ရေစစ်တွေ မဆောင်တော့ဘူး။ သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟု ပြောဆိုနေကြကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် အောက်ပါလင့်ကို နှိပ်ပါ ။
Read more
သို့သော် ဖေ့(စ်) ဘွတ် အွန်လိုင်း သုံးသူတို့သည် အလွန် အလုပ်များလျက်ရှိသောကြောင့် လင့်ကိုနှိပ်၍ ဖွင့်ကြည့်ရန် အချိန်မရနိုင်ပါက....
ဝါရှင်တန် ပို့စ်က နောက်တောက်တောက် ဆောင်းပါးတစ်ပုဒ် ပါလာပါတယ်။
ဒိုင်နိုဆော၊ မျိုးတုန်း ပျောက်ကွယ်။ The Dinosaur. Extinct
မမ်မို့သ်၊ မျိုးတုန်း ပျောက်ကွယ်။ The Mammoth.Extinct
ဒိုဒို ၊ မျိုးတုန်း ပျောက်ကွယ်။ The Dodo. Extinct
မောက်စ်။ မျိုးတုန်း ပျောက်ကွယ်ရန် အကြီး အကျယ် အန္တရာယ် ရှိ။ The mouse. Endangered.
အိုင်ပက် ယဉ်ကျေးမှု ပညာရေးလောကမှာ ထွန်းကားလာတဲ့နောက် ၁၂ အောက် အမေရိက ကလေးတွေဟာ မောက်စ်ကို မသုံးကြရုံသာမက ဒါက ဘာလဲ လို့တောင် မေးကြပါသတဲ့။
ပရိက္ခရာ (၈) ပါး
၁။ သင်းပိုင် (အောက်ခံသင်္ကန်း) = အခြေအနေ ကောင်းဆဲ။
၂။ ဧကသီ (အပေါ်ရုံသင်္ကန်းကြီး) = အခြေအနေ ကောင်းဆဲ။
၃။ နှစ်ထပ်သင်္ကန်းကြီး = Endangered.
၎။ သပိတ် = Endangered (except in Burma and Thailand)
၅။ သင်တုန်းဓား = Extinct
၆။ ခါးပန်းကြိုး = Endangered
၇။ အပ်၊ အပ်ချည် = Extinct
၈။ ရေစစ် = Extinct
image source
၃။ နှစ်ထပ်သင်္ကန်းကြီး
နှစ်ထပ်သင်္ကန်းကြီးကား ပျောက်ကွယ်ရန် အလွန်နီးစပ်နေပြီဟု ပညာရှင်တို့ သုံးသပ်ကြသည်။ အဓိက အကြောင်းရင်းမှာ နှစ်ထပ်သင်္ကန်းကြီးကို ချမ်းအေးသော နေရာဒေသ၊ ရာသီဥတုတို့၌ လွှမ်းခြုံနိုင်ရန် ဘုရားရှင်က မဟာကရုဏာတော်ဖြင့် ဘော့နပ်(ခ်) ပေးတော်မူခဲ့သော ထူထဲသင်္ကန်းကြီး ဖြစ်ပြီး ယခု ဂလိုဘယ်က ဝမ်းမားသသထက် ဝမ်းမားလာနေရာ သိပ်မလိုအပ်တော့သည့် သဘောများ ရှိလာခြင်းကြောင့် ဖြစ်သည်။
ထိုနှစ်ထပ်သင်္ကန်းကြီးကို အစားထိုးဖို့ တာဆူနေကြသော ပရိက္ခရာများမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၌ ကျည်ကာအတွင်းခံ (အံသကိုဋ်သဖွယ်) အင်္ကျီများနှင့် ရာသီဥတု အေးချမ်းသော နိုင်ငံများ၌ ပို၍ ကပ်ကပ်ရပ်ရပ် (ချပ်ချပ်ရပ်ရပ်) ရှိသော အနွေးထည်၊ ဆွယ်တာလက်ရှည်တို့ ဖြစ်ကြလေသည်။
မြန်မာပြည် ရဟန်းတော်များကမူ ပို၍ပို၍ ပူလာသော ရာသီဥတုကြောင့် နှစ်ထပ်သင်္ကန်းကြီးအစား “NO OIC” အမှတ်အသားပါသော ယပ်တောင်များကို အသုံးပြုရန် အကြိတ်အနယ် ညှိနှိုင်းနေကြသည်ဟု သိရသည်။
၎။ သပိတ်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လွဲလျှင် သပိတ်သည်လည်း ပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ သီရိလင်္ကာရဟန်းတော်များကဆိုလျှင် သပိတ်အစားထိုး လွယ်အိတ်ကြီးများ သုံးစွဲလာကြသည်မှာ ကာလအတန်ကြာပေပြီ။ ထိုလွယ်အိတ်ကြီးများက ကြီးလည်းကြီး၊ ဆန့်လည်း အလွန်ဆန့်သည်ဟု သိရသည်။ ကမ္ဘာသည် ရွာဖြစ်လာခဲ့ပြီး ထိုလွယ်အိတ် ယဉ်ကျေးမှုက မြန်မာရဟန်းတော်များ ကြားမှာလည်း ရေပန်းစားလျက် ရှိသည်။
မြန်မာပြည်မှာပင်လျှင် စာသင်တိုက်ကြီးများ မရှိလျှင် သပိတ်ပျောက်ကွယ်ခြင်း အန္တရာယ်က အလွန်နီးကပ်လျက် ရှိသည်ဟု သုတေသီတို့ မှတ်ချက်ပြုကြသည်။ မည်သို့ဖြစ်စေ (၂၁) ရာစု၌ ရှားပါး ပရိက္ခာရာ ဖြစ်လာသော “သပိတ်” ကို မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် တွေ့မြင်ရနိုင်ပါသေးသည်။
၅။ သင်တုန်းဓား
မင်းတုန်းမင်း နတ်ရွာစံပြီး နှစ်ပေါင်းတစ်ရာခန့်တွင် သင်တုန်းဓားများလည်း ပျောက်ကွယ်ခဲ့ရသည်ဟု သမိုင်းသုတေသီတို့က ဆိုသည်။ ယနေ့ခေတ် သာမဏေများက သင်တုန်းဓားကို မသုံးကြရုံသာမက သင်တုန်းဓားဖြင့် ခေါင်းရိတ်ပေးမည်ဆိုလျှင် ထွက်ပြေးကြသည်ဟု ဆို၏။ ဤမှာ “ကျန်ကျောင်း” တရုတ် ဇာတ်မျောများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်တန်ရာသည်ဟု ကောက်ချက်ချကြသည်။
သင်တုန်းဓား တုန်းသွားသော်လည်း ခေါင်းကို မတုန်း၍ကား မရ။ ထို့ကြောင့် ယနေ့ခေတ်၌ ဂျီလက်၊ တာဘိုစသော ပရိက္ခရာများကို သင်တုန်းဓားအစားထိုး သယ်ဆောင်လာကြရလေသည်။
၆။ ခါးပန်းကြိုး
ငယ်စဉ်ကတည်းက ဝတ်ခဲ့ကြသော ငယ်ဖြူရဟန်းတော်များကြားတွင် ခါးပန်းကြိုး သုံးစွဲသူ ရဟန်းတော် အလွန်နည်းပါးလာပြီ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ခါးပန်းကြိုး ပရိက္ခရာ ကွယ်ပျောက်ရန် အချက်ပေးသံကို ကြားရသည်။ သင်းပိုင်ကို ကျွမ်းကျင်စွာ ဝတ်တတ်သော ငယ်ဖြူရဟန်းတော်တို့က ပွဲလမ်းသဘင်များမှလွဲ၍ ဤပရိက္ခရာကို သိပ် မသုံးစွဲကြတော့။ အကြောင်းကား သင်းပိုင်ဝတ်ခြင်း၌ အိတ်စပတ်များ ဖြစ်နေကြသောကြောင့် ဖြစ်သည်။
ပျောက်ကွယ်ရန် အန္တရာယ်ရှိနေပြီဟု ဆိုနိုင်သော်လည်း စိုးရိမ်စရာ အနေအထားတော့ မဟုတ်သေးဟု သိရသညည်။
၇။ အပ်နှင့် အပ်ချည်
ဤပရိက္ခရာကား လုံးဝ ပျောက်ကွယ်ခဲ့ပြီး ဖြစ်သည်။ အပ်ကို အပ်နှင့်တူသော (အပ်ထက် အရွယ်ပမာဏကြီးသော) အီလက်ထရောနစ် ဘောပင်လေးက နေရာယူထားပြီး အပ်ချည်နေရာကို တတ်ချင်းစခရိန်း (Touching screen) က နေရာယူနေပြီ ဖြစ်သည်။
ချုပ်ရိုးခိုင်မာသော သင်္ကန်းများ ပေါ်လာသည့်နောက် အပ်နှင့် အပ်ချည်ကို သယ်ယူနေစရာ မလိုတော့သောကြောင့် အပ်နှင့် အပ်ချည်ပရိက္ခရာအစား အိုင်းပတ်များကိုသာ အစားထိုး သယ်ဆောင်ကြတော့သည်။ ထိုပစ္စည်းများ ပါခြင်းဖြင့် မိမိဘယ်မှာ ရောက်နေသည်၊ ရောက်ဖူးသည်၊ ရောက်ခဲ့သည်၊ သာသနာရေးကိစ္စ ဘာတွေ လုပ်နေသည်စသော အင်ဖိုတို့ကို မိနစ်နှင့်အမျှ ဒကာ၊ ဒကာမတို့ကို အသိပေးနိုင်ကြသည်။ သာဓုခေါ်နိုင်ကြသည်။
၈။ ရေစစ်
ဤပရိက္ခရာလည်း ကွယ်ပျောက်ခဲ့ပြီး ဖြစ်သည်။ ရေသန့်ဗူးများ ပေါ်ပေါက်လာသည့်နောက် ထိုဗူးများထဲတွင် ပါဝင်သော ရေက သန့်သည်ဖြစ်စေ၊ မသန့်သည်ဖြစ်စေ ရေစစ်ဖြင့်စစ်ပြီး သုံးဆောင်ရန် မလိုအပ်တော့ပေ။
မလိုအပ်သော ရေစစ်ကို သယ်မည့်အစား လိုအပ်သော နိမ်းကတ်များကိုသာ သယ်ဆောင် တတ်ကြတော့သည်။
စာကြွင်း (၁)
ဤမှတ်တမ်းကို “ပရိက္ခရာရှစ်ပါး စောင့်ရှောက်သယ်ဆောင်ရေးအဖွဲ့” ထံမှ ရယူခဲ့ပါသည်။ ထိုအဖွဲ့၌ အမှန်တကယ် သာသနာ့တာဝန် ထမ်းဆောင်နေကြသော ပြည်တွင်း၊ ပြည်ပ ရဟန်းတော်တစ်ပါးမှ မပါ၊ပရိက္ခရာရှစ်ပါးတွင် ရေစစ်ဟုခေါ်သော်လည်း ရေစစ်မရသော ဒန်ခွက်၊ ပလပ်စတစ် ခေါင်းရိတ်ဓား ( ဆံပင်မဆိုထားနှင့် ကြက်ဥပြုတ်ကိုပင် ခွဲ၍မရသော ) တို့ကို ရောင်းချတတ်သော သင်္ကန်းဆိုင် အချို့နှင့် လူပုဂ္ဂိုလ်များ စုပေါင်းထားသော အဖွဲ့ဖြစ်သည် ဟု သိရသည်။ ထိုအဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်သည် …
၁။ ဂလိုဘယ်လ်ဒေသန္တရဗဟုသုတမရှိသေးသူ ဖြစ်ရမည်
၂။ လူပုဂ္ဂိုလ်ပင်ဖြစ်စေ ရဟန်းဝိနည်းကို တတ်ယောင်ကား လုပ်တတ်ရမည် … တို့ ဖြစ်လေသည်။
စာကြွင်း (၂)
ဤသုတေသနစာတမ်း ထွက်လာပြီးနောက် “သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟူသော နိမိတ်မရှိ၊ နမမရှိ ဝေါဟာရကို သုံးစွဲရန် အလွန်ခံတွင်းတွေ့သော ပုဂ္ဂိုလ်တို့က ရှေးနည်းအတိုင်းပင် “ဒီနေ့ခေတ် ရဟန်းတော်တွေ အပ်၊ အပ်ချည်၊ ရေစစ်တွေ မဆောင်တော့ဘူး။ သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟု ပြောဆိုနေကြကြောင်း သိရသည်။
တချိန်တည်းမှာပင် ပြည်တွင်း၊ ပြည်ပ သာသနာပြုနေကြသော ရဟန်းတော်များကလည်း " နိမိတ်မရှိသော စကားကို အလွန်ပြောတတ်သော ပါးစပ်တို့ ဖြစ်ကြသည်။ ရေစစ်မဆောင်သဖြင့် ရေစစ်သာ ကွယ်မည်၊ ဘယ်ကလာ သာသနာကွယ်ရမည်နည်း။ သာသနာမဆောင်မှ သာသနာကွယ်မည်။ သာသနာဆောင်နေသရွေ့ အပ်နှင့် အပ်ချည်မဆောင်လည်း သာသနာ မကွယ်နိုင်” သဘာဝကျသော စကားတို့ဖြင့် တရားချပြတတ်ကြသည်ဟု သိရသည်။
မည်သို့ဆိုစေ “သာသနာ ကွယ်လိမ့်မည်” ဟု ပြောရန် အလွန်စိတ်အား ထက်သန်ကြသော လူပုဂ္ဂိုလ်တချို့ကမူ တစ်သက်လုံးက ပြောလာတာ၊ အခုမှတော့ မရပ်နိုင်၊ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ပြောတော့ ပြောရပေမည်ဟု ချေပကြသည်။
စာကြွင်း (၃)
သီရိလင်္ကာ၌ သပိတ်များ မသုံးကြတော့သဖြင့် အစိုးရကို မကျေနပ်က သပိတ်မှောက်စရာ မရှိတော့။ မှောက်မယ်မှောက် လွယ်အိပ်ကိုသာ မှောက်ရမည်။ လွယ်အိပ်ကလည်း မှောက်ရန်ရသော ပစ္စည်းမဟုတ်၊ ထို့ကြောင့် သပိတ်ကို မသုံးရင်သာနေ၊ ကျောင်းမှာတော့ ဆောင်ထားသင့်သည်ဟု အဆိုပြုသူ ရဟန်းတော်များ ရှိကြသည်။
ထိုင်း၊ အထူးသဖြင့် မြန်မာရဟန်းတော်များကမူ သပိတ်များ ရှိသဖြင့် အစိုးရက သာသနာနှင့် မလျော်သော ဥပဒေများ ကျင့်သုံးလျှင် သပိတ်မှောက်ရန် အခက်အခဲ မရှိကြပေ။ မှောက်လည်း မှောက်တော် မူကြ၏။ ထိုသပိတ်မှောက်မှု့ကြောင့် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံတော်မူကြသော ဆရာတော်အချို့ပင် ထောင်သွင်း၊ အကျဉ်းချခြင်း ခံတော်မူကြရသည်ဟု ဝမ်းနည်းဖွယ် သတင်းကြားသိရသည်။
သပိတ်မှောက်ခြင်းကို ပါဠိလို ပတ္တနိက္ကုဇ္ဇနဟု ခေါ်ကြောင်း သိရသည်။
(ထေရဝါဒပို့ (စ်)၊ ၁၃၇၄ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၅ ရက်၊ စနေနေ့)