တက်ခေါက်ခြင်း အနုပညာ


 
ဒီလူကတော်တော်ထူးဆန်းတဲ့လူ။ သူနဲ့တွေ့မှတက်ခေါက်ခြင်းအနုပညာဆိုတာ  ကြားဖူးတယ်။ လေချွန်တာတို့ ဘာတို့ဆိုရင်တော့ ထားပါတော့။ ဒါပေမယ့် သူ့ဟာနဲ့ သူကျတော့ အဟုတ်ပဲ။

          “ ဒီလိုဗျ၊ တက်ခေါက်သံကို ခြုံပြီးကြည့်လိုက်ရင် နှစ်မျိုးပဲရှိတာ။ ခပ်မာမာခေါက်လိုက်တဲ့ “ တက်” ခေါက်သံနဲ့ ခပ်ညှင်းညှင်းလေး ဆွဲခေါက်လိုက်တဲ့ “ တက်” ခေါက်သံဆိုတာပဲ။ ဒါပေမယ့် အဲဒီအသံနှစ်သံရဲ့ အဓိပ္ပါယ်က အများကြီးကွဲသွားတယ်”

          ဒီလူဘာစိတ်ကူးနဲ့ တက်ခေါက်သံတွေအကြောင်း လာရှုင်းပြနေတာလည်း မသိဘူး။ မဆိုးဘူး၊ စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဒါနဲ့ သူ့ကို ထောက်ပေးလိုက်တယ်။

          “ ဟုတ်ပြီ၊ လုပ်ပါဦးဗျ။ နည်းနည်းလေး ထပ်ရှင်းပါဦး”


           “ ဆိုကြပါစို့ဗျာ၊  နွားမောင်းနေတုန်း “တက်” ခေါက်သံ ခပ်ပြင်းပြင်းခေါက်လိုက်၊ အဲဒီ “ တက်” ခေါက်သံရဲ့ အဓိပ္ပါယ်က “ကြိမ်နဲ့ ဆော်မိတော့မယ်” ဆိုတာဗျ။ နွားကလည်း သိတယ်။ ခပ်သွက်သွက် သွားတော့တယ်။ အဲသလို မဟုတ်ဘူး။ ခင်ဗျားက နွားမောင်းနေရင်း “တက်” ခေါက်သံ ညှင်းညှင်းလေးကိုဆွဲပြီး ခေါက်မယ်ဆိုပါတော့။ ဒါပေမယ့် “ ညှင်းတောက်” က တစ်ချက်ထဲတော့ ခေါက်လို့မရဘူး။ “ တောက်၊ တောက်၊ တောက်” လို့ စီးရီးလေးလိုက်ရတယ်။ အဲဒီ “ ညှင်းတောက်” ရဲ့ အဓိပ္ပါယ်က “ဖေ့သားကြီးရဲ့၊ ရုန်းထားစမ်းပါကွာ၊ ပြီးတော့မှာပါ၊ ရောက်တော့မှာပါ”  ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တယ်ဗျ ။ ဆိုလိုတာက ကြိမ်နဲ့ဆော်တာထက် ကြိမ်နဲ့ကျောပေါ်ကို ပွတ်ပေးလိုက်တဲ့ အဓိပ္ပါယ်မျိုးပဲ။ နွားကလည်း ဒါကိုသဘောပေါက်တယ်ဟု ရှည်ရှည်မျောမျောကြီး ရှင်းပြ၏။


           ပြီးတော့ သူ့က ကော်ဖီတစ်ကြိုက်ကို အေးအေးဆေးဆေး ကြိုက်နေပြန်ရော။ ကျွန်တော် စိတ်ဝင်စားမှုရှိမရှိကို အကဲခတ်နေတာလည်း ဖြစ်မှာပေါ့။ ကျွန်တော်လည်း စိတ်ဝင်စားကြောင်း မျက်ရိပ်ပြပါတယ်။ ဒါပေမယ့် သူကခပ်တည်တည်ပဲ၊ စီးကရက်တစ်လိပ်ကိုတောင် မီးညှိလိုက်သေးတယ်။ မမေးရင် မပြောတော့ဘူးဆိုတဲ့ အချိုးနဲ့တူပါတယ်။

          ဒါနဲ့ သူကဆက်ပြီး “ တက်” ခေါက်လို့ရအောင် ထောက်ပေးလိုက်တယ်။

          “ခင်ဗျား “တက်” ခေါက်ခြင်း အနုပညာက နွားတွေနဲ့ပဲ ဆိုင်သလိုဖြစ်နေတယ်ဗျာ။ ကျွန်တော်က ထူတယ်ဗျ။ စပ်စပ်လိုပဲ။ ဒီကောင်မလေးကို သိတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ထပ်လင်းပါဦးဗျ”

          ဒီတော့ သူက-
          “ခင်ဗျားက တကယ်ထူတဲ့သူဗျာ။ ဒီတက်ခေါက်သံနှစ်ခုနဲ့ ခွေးတစ်ကောင်ကိုလည်း စမ်းသပ်နိုင်တယ်။ ဟိုမှာ ခွေးကြီးတစ်ကောင်ရှိတယ်။ ကျွန်တော်လက်တွေ့ပြမယ်ဆိုပြီး သူ့ “တက်” ခေါက်ခြင်းအနုပညာကို ဆက်ပြတော့တာပဲ။ သူက “ ညှင်းညှင်းတက်” ခေါက်သံကို သူ့ဖီး(လ်)နဲ့သူ ခေါက်လိုက်တယ်။

          “ တောက်၊ တောက်၊ တောက်၊ တောက်”
          ဟုတ်တယ်၊ ခွေးကြီး သူ့အနား ပြေးလာတယ်။ သူခေါက်လိုက်တဲ့ တက်ခေါက်သံက မြန်မာလို “ အို့၊ အို့၊ အို့၊ အို့၊” ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တယ်။ မေတ္တာ၊ ကရုဏာဓာတ်ပါတယ်ပေါ့။ ဒါကို ခွေးက ခံစားလို့ရတယ်။ ဒါ့ကြောင့် ပြေးလာတာ။

          ခွေးကြီးလည်း အနားရောက်ရော သူက-
          “တောက်!” ဆိုပြီး အပြင်းစား “တက်” ခေါက်သံကြီး ခေါက်ချလိုက်တယ်။ ခွေးကြီးလည်း တစ်ချိုးတည်းလစ်ပြေးတော့တာပဲ။ ဒီတော့မှ သူက-

          “ ခင်ဗျား တွေ့ပြီ မဟုတ်လား” လို့ မေးတယ်။ “တကယ်တော့လည်း ဘာမှတော့ မဟုတ်ပါဘူးဗျာ။ ဒေါသနဲ့ ခေါက်လိုက်တော့ ဒီခွေးကြီးကလည်း အန္တရာယ်တော့ရှိပြီဆိုပြီး ထွက်ပြေးတော့တာပဲ”

          ဒါနဲ့ ကျွန်တော်က-
          “ ဆရာ သစ္စာနီရဲ့ ဝတ္တုတစ်ပုဒ် ရွှေမြန်မာထဲမှာ ဖတ်လိုက်ရတယ်။ ဖရုသဝါစာ ဝတ္တုတဲ့ဗျ။ အဲဒီလူရဲ့အလုပ်က လူတွေဆဲတာကို ခံပေးတဲ့အလုပ်တဲ့။ အလကားတော့ သူက အဆဲမခံဘူးဗျ။ ပိုက်ဆံပေးပြီး ဆဲရတာ။ တစ်ချို့ဆို မဆဲတတ်လို့ သူကတောင် ဆဲနည်းသင်ပေးရတယ် တဲ့။ ဆဲနည်းလည်းသင်ပေး၊ အဆဲလည်းခံဆိုရင်တော့ ကြေးကတော့ တမျိုးဖြစ်သွားတာပေါ့။ ခင်ဗျားလည်း အဲသလို လုပ်ကြည့်ပါလား။ “တက်” ခေါက်နည်း သင်တန်းလေးဘာလေးပေါ့ဗျာ။ ကျွန်တော် ထင်တယ်နော်၊ တစ်ချို့ “ တက်” မခေါက်တတ်ဘူး။”

          “ ဆရာ သစ္စာနီရဲ့ဝတ္တုကို ကျွန်တော်လည်း ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိစ္စက မလွယ်ဘူးဗျ။ “တက်ခေါက်တာက နည်းပညာထက် ခံစာမှုက ပိုအရေးကြီးတာဗျဆဲတယ်ဆိုတာက စကားလုံးတွေနဲ့ ဆဲတာဗျ။ “တက်” ခေါက်တာက စကားလုံးတွေ မပါဘူး၊ ပါလို့လည်း မရဘူး။ ဒါ့ကြောင့် ပိုခက်တာဗျ။ ခံစားမှုနဲ့မှ ရတာ။

          အမှန်အတိုင်း ဝန်ခံရရင် အဲဒီလူကို ကျွန်တော်အရမ်းစိတ်ဝင်စားသွားပြီ။
          “ ရှင်းပါဦးဗျ၊ ခင်ဗျား ခံစားမှုကိစ္စကို-”

          “လွယ်လွယ်လေးပါဗျာ။ လူတစ်ယောက် ဒါမှမဟုတ် အရာဝတ္တုတစ်ခုကို ခါးခါးသီးသီးကြီး မုန်းမနေဘူးရင် ခင်ဗျားရဲ့ ပထမ “တက်” ခေါက်သံက အနုပညာမပါဘူး။ လူတစ်ယောက်၊ ဒါမှမဟုတ် အရာဝတ္တုတစ်ခုခုကို နှစ်နှစ်ခါခါ မချစ်ဘူးဆိုရင် ဒုတိယ “တက်” ခေါက်သံက အနုပညာ မမြောက်ပြန်ဘူးဗျ။ ဒါပါပဲ-”

          “ ခင်ဗျားက ဒါတွေ ဘယ်လိုသိတာလဲ“
          “ကျွန်တော့် ခွေးမလေးက အသည်းငယ်တယ်ဗျတက်ခေါက်သံပြင်းပြင်းတွေကြားရင် တအားဝမ်းနည်းတတ်တာ ။ ဒါနဲ့ ကျွန်တော်က ဒုတိယ တက်ခေါက်သံကို စပြီးလေ့ကျင့်ခဲ့တာ။ ခွေးမလေးကို ကျွန်တော်က နှစ်နှစ်ကာကာချစ်တော့ ကျွန်တော့် တက်ခေါက်သံကလည်း အနုပညာမြောက်ပြီး ထိရောက်မှုလည်း ရှိသွားတာ။ နဂိုကကျွန်တော် ဒီတက်ခေါက်သံမျိုး မခေါက်တတ်ဘူး။ ခေါက်လည်း အသက်မဝင်လှဘူး။”

          “ ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ”
          “ ခင်ဗျားမယုံရင် အိမ်ကိုသွားရအောင်။ ကျွန်တော့ခွေးမလေးကို ခင်ဗျားတက်ခေါက်ကြည့်။ အနုပညာမြောက်မမြောက် တိရိစ္ဆာန်တွေက ခံစားနိုင်တယ်”

          ဒါနဲ့ သူ့အိမ်ကိုလိုက်သွားတယ်။ သူပြောတဲ့ ခွေးမလေးကိုလည်း တွေ့တယ်။
          “ ဖမ်းတော့လေ၊ ခင်ဗျားတက်ခေါက်ကြည့်လေ” သူကပြောတယ်။

          “ တောက်၊ တောက်၊ တောက်၊ တောက်” ညှင်းညှင်းသွဲ့သွဲ့ တက်ခေါက်သံကို ခေါက်လိုက်တယ်။ ခွေးမလေးက ကျွန်တော့ဆီ ပြေးမလာဘူး၊ ခပ်တည်တည်နဲ့ရပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူပြောတာကို နည်းနည်းသဘောပေါက်သလိုလို ရှိလာတယ်။

          “ ကဲ၊ ခင်ဗျား တွေ့ပြီမဟုတ်လား။ ခဏနားဦးဗျာ။ ပြီးတော့မှ ခပ်ပြင်းပြင်းတက်ခေါက်သံကို ဆက်ပြီး စမ်းသပ်ပေါ့”


          “ ကဲ ခင်ဗျား ခပ်ပြင်းပြင်းတက်ခေါက်သံကို စမ်းကြည့်တော့”
          “တောက်” အကျယ်လောင်ဆုံးဖြစ်အောင် ကျွန်တော်ခေါက်လိုက်တယ်။ အသံက ကျယ်ပေမယ့် ခွေးမလေးက ထွက်မပြေးဘူးဗျဒီတော့မှ သဘောပေါက်တာကျယ်တိုင်းလည်း ကြောက်တာမဟုတ်ဘူး ဆိုတာကိုလေ

          ကျွန်တော့် တက်ခေါက်သံနှစ်မျိုးကြောင့် ခွေးမလေးက ရှေ့တိုးမလာသလို၊ နောက်ဆုတ်လည်း ထွက်ပြေးမသွားဘူး။ ဒီတော့မှ သူကပြောပြတယ် -

          “ တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားအခု တက်ခေါက်နေတဲ့အချိန်မှာ ခင်ဗျားက ဘာကိုမှ နှစ်နှစ်ကာကာချစ်မနေသလို၊ ဘာကိုမှလည်း ခါးခါးသီးသီးမုန်းမနေလို့ပါ။ ဒါကြောင့် ခင်ဗျားတက်ခေါက်သံက အသံသာကွဲသွားတာ၊ ဟိုတစ်ဖက်မှာကျတော့ ခံစားမှုကွဲမသွားဘူး ဖြစ်နေတာ။ ကျွန်တော်ကတော့ အနုပညာမမြောက်ဘူးလို့ သုံးပါတယ်။ ခင်ဗျား သဘောမတူလည်း မတတ်နိုင်ဘူး” ဆိုပြီး-

          “တောက်၊ တောက်၊ တောက်၊ တောက်” လို့ ခေါက်လိုက်တော့ ခွေးမလေးက သူ့အနားပြေးလာခဲ့ပြီး သူ့လက်ကိုတောင် လျှာနဲ့လျှက်နေလိုက်သေး။


          တော်တော်ဟုတ်တဲ့လူ
          တက်ခေါက်ခြင်း အနုပညာတဲ့။                                      


ဇင်ဝေသော်















Copyright © 2011 ကမ်းလက်. All rights reserved.

လရောင်တမ်းခြင်း


        
        နှင်းတွေ အသေအပျောက်များလို့ ထင်ရဲ့
ကြယ်စင်တွေ အိပ်တန်းတက်စောလိုက်တာ။

တကယ်တော့…
ပင်လယ်ဆိုတာ အပြာရောင် မိုးကောင်းကင်
ကောင်းကင်ဆိုတာကသာ
တိမ်နဲ့ မိုးထားတဲ့ တဲတစ်လုံး။
 ဘယ်ကစပြောရမလဲနော်။ တို့တွေဆုံခဲ့တာက ကိုပဲ ငြင်းဆန်ခြင်းနဲ့ တွေ့ဆုံခဲ့ကြတာ မဟုတ်လား။ အားလုံးက လက်ခုပ်တစ်ဖြောင်းဖြောင်း တီးနေချိန်မှာ လက်ဖဝါးတွေကို အားနာပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ခဲ့တာဆိုလို့ တို့နှစ်ယောက်ပဲရှိခဲ့တယ်လေ။ ကိုယ်တို့ အချင်းချင်းတွေထဲမှာဆိုတော့ နာမည်တွေ၊ ထောက်ခံ ကန့်ကွက်တာတွေကိုက မိနစ်ပိုင်း အတွင်းမှာပဲ ပေါ်လာတာပဲ မဟုတ်လား။ ထောက်ခံသူ လေးဆယ့်ရှစ်၊ ကန့်ကွက်သူ  နှစ်တဲ့။ ကန့်ကွက်သူ နှစ်ယောက်က မိငယ်နဲ့ ကိုယ်နဲ့။

ကိုယ်မမှားဘူး ဆိုရင် ကိုယ်နဲ့ မိငယ်နဲ့ စသိတာ အဲဒီနေ့က။
အပြန်လမ်းမှာ လူတွေက အလုပ်ရှုပ်တယ်သာပြောတယ်။ ဘယ်ဖက်နားရွက် ယားတာကို ညာလက်နဲ့ ကုတ်ပြီး ညာဖက်နားရွက် ယားတော့ ဘယ်ဘက်လက်နဲ့ ကုတ်တယ်လို့ ဆိုတော့ မင်းလွတ်လွတ်လပ်လပ် ရယ်လိုက်တယ်လေ။ အဲဒီနောက်မှာတော့ တစ်သီးတစ်သန့်ဆန်တဲ့ ကိုယ်နဲ့ သီးသန့်ဆန်တဲ့ မိငယ်ဟာ တစ်တွဲတွဲ ဖြစ်လာခဲ့ကြတော့တယ်။ မြှောက်တာမဟုတ်ဘူး။ မိငယ်က လှတော့ တကယ်လှတယ်။ လှတယ်လို့တော့ ထပ်မပြောတော့ပါဘူးကွယ်။မင်းလည်း မင်းလှတာ သိတာပေါ့။



         “ မိငယ်က တစ်ယောက်တည်းနေတာ တွေ့တွေ့နေရလို့ ရယ်စရာတွေ ဘာတွေ မပြောတတ်ဘူး ထင်နေတာ “
              “ ကို က တစ်ယောက်တည်းနေတာ တွေ့တွေ့နေရလို့ ရယ်စရာတွေ ဘာတွေ မပြောတတ်ဘူးထင်နေတာ “ 
 ဒီဝါကျက ကိုယ်တို့ ပြိုင်တူ ပြောမိတဲ့ ဝါကျကလေးနော်။

“ မိငယ်က ဘာဖြစ်လို့ သီးသန့် ဆန်တာလဲ “
“ ကိုအရင်ပြောမှ မိငယ်ပြောမှာ “

“ ကိုမသိချင်တဲ့ မေးခွန်းတွေ ယဉ်ကျေးမှုအရ မေးမေးနေရတာ ပျင်းလို့၊ ပြီးတော့ ကိုယ့်ကို ယဉ်ကျေးမှုအရ မေးတဲ့ လူတွေကလည်း အဖြေကို တကယ်သိချင်တာ မဟုတ်ဘဲနဲ့ မေးမေးနေကြတာမို့ ကိုယ့်အဖြေကို အားနာလို့ စကားသိပ်များတဲ့ လူတွေနဲ့ စကားမပြောချင်လို့ “

“ တိုက်ဆိုင်လိုက်တာ ။ မိငယ်လဲ ကို့လိုပဲ။ ဒါကြောင့် မိငယ်ပေါင်းတာဆိုလို့ မမခိုင် တစ်ယောက်ထဲပဲရှိတယ်။  “

“ ဒါနဲ့ ဟိုတစ်နေ့က ဆရာပြောတဲ့ အယူအဆကို ဘာလို့ကန့်ကွက်ခဲ့တာလဲ။ “
“ ဒါဖြင့် ကိုကရော“

 “ ဒီတစ်ခါ တော့လူလည်ကျလို့ မရဘူး။ မိငယ်ပြောပြီးမှ ကိုပြောမှာ “

 “ တကယ်လို့ ဒီခေတ်ကြီးထဲမှာ အဲဒီ့ ငါးသုံးကောင်သာ တကယ်ရှိရင် အရင်ဆုံးအသတ်ခံရမယ့် ငါးက ပညာရှိငါးဖြစ်နေလို့ ဆရာ့ကို ငြင်းခဲ့တာပါ။ ကိုကရော “

“ မိငယ်လိုပဲ။ တို့ခေတ်မှာ ပညာရှိငါးတွေ အရင်သေတတ်တာပဲလေ။ ဒါနဲ့ ဆရာ့မျက်နှာကို မိငယ်ကြည့်လိုက်သလား။ ဆရာ သိပ်အံ့သြသွားတယ်။ “

 “ ဆရာက တစ်နေ့နေ့မှာ ထပ်တွေ့လို့ ဘာဖြစ်လို့ ကန့်ကွက်တာလဲလို့ဆိုရင် ကို ဖြေမှာလား“

“ မဖြေပါဘူးကွာ၊ ပညာရှိ မလုပ်ချင်ပါဘူး။ အသေစောတတ်လို့  “

ကိုယ်တို့နှစ်ယောက် လွတ်လွတ်လပ်လပ် ရယ်မိကြပြန်ရော။

မိငယ်ချစ်စရာကောင်းတယ်ဆိုတဲ့ အထဲမှာ ဟိုသွားချင်၊ ဒီသွားချင်၊ ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်တွေ သိပ်မများတာလည်းပါတယ်။ နေတာ ထိုင်တာသာ သီးသန့်ဆန်တာ မဟုတ်ဘူး။ မိငယ်ရဲ့ အဖြေတွေကလည်း သီးသန့်ဆန်တယ်။

ကိုယ်တို့ တတွဲတွဲဖြစ်နေတာကို ဘယ်သူကမှ မယုံကြည်ကြဘူး။ ကိုယ့်သူငယ်ချင်း တစ်ယောက်ကဆို မင်းတို့နှစ်ယောက်က ခေါဘုတ်လိုပဲတဲ့။ မိငယ်က ခေါဘုတ်ဝေါဟာရကို သိမှာမဟုတ်ဘူး။ ခေါဘုတ်ဆိုတာ ကောက်ညှင်းဆန် အဖြူနဲ့ ငချိတ်ကောက်ညှင်း နှစ်ခုပေါင်းထားတဲ့ ကောက်ညှင်းမုန့်တစ်မျိုးပါ။ ဖြူဖြူလေးနဲ့ မည်းမည်းလေးပေါ့ ။ ဒါပါပဲ။

ဒါနဲ့ မမခိုင်က ကိုယ့်ကိုမေးတယ်။ မင်းတို့က သမီးရည်းစားတွေ ဖြစ်နေကြပြီလားတဲ့။ မဖြစ်သေးပါဘူးလို့ ကိုယ်ဖြေလိုက်တယ်။ တကယ် မဖြစ်သေးတာလားလို့ ထပ်မေးတော့ ဖြစ်သွားပြီလို့ ကိုယ်ဖြေလိုက်တယ်။ မမခိုင်က ရယ်တယ်။ ဘာဖြစ်လို့ ရယ်တာလည်းဆိုတော့ ဟိုကောင်မလေးကို မေးတော့လည်း ဒီအတိုင်းပဲ ဖြေတယ်တဲ့။ ကိုယ်ဖြင့် ဝမ်းသာလိုက်တာ။ မိငယ်ဖြေလိုက်တဲ့ အဖြေနဲ့ တူနေလို့လေ။

တကယ်တော့လည်း ဒီအဖြေက အမှန်ပဲ။ ရမ္မက်ပြင်းပြင်း စကားတွေ ၊ အနမ်းတွေနဲ့ မကျူးကျော်ကြ ၊ မဖျားယောင်းကြ။ ဒါတွေနဲ့မှ သမီးရည်းစား အရာမြောက်ရင် တို့က သမီးရည်းစားမှ မဟုတ်ဘဲ။ အဲ.. သံယောဇဉ်တွေ နားလည်မှုတွေနဲ့ တွယ်ကပ်ထားတဲ့ လူနှစ်ယောက်ကို သမီးရည်းစားလို့ ပြောရင် တို့က သမီးရည်းစားတွေပဲလေ

ကိုယ်တို့ရဲ့ ငါးနှစ်သက်တမ်းထဲမှာ
မင်းက မင်းအမေဆီ ပြန်သွားတိုင်း သွားသူက ကိုယ်ဖြစ်၊ ကျန်ရစ်သူက မင်း။ ကိုယ်ခရီးထွက်ပြန်တော့၊ ခရီးထွက်သူက မင်း၊ ကျန်ရစ်သူက ကိုယ်။

တကယ်ပါ မိငယ်ရေ။ စကားလုံးတွေ မဖောင်းပွပေမယ့် မင်းက ကိုယ်ဖြစ်၊ ကိုယ်က မင်းဖြစ်နဲ့ မင်းနဲ့ကိုယ်ခွဲလို့ရော ရလို့လား။ ယုံတာပေါ့ မိငယ်ရယ် “ချစ် “ ဆိုတာ အသာထား “ကြိုက် “ ဆိုတဲ့ စကားလုံးလေး သုံးလို့ အကြိမ် တစ်ထောင်ရယ်မောရမယ်ဆိုရင်တောင် မင်းခပ်တည်တည် နေလာခဲ့တဲ့ မိန်းကလေးပဲ။

“ မင်းသိပြီးပြီလား မင့် မိငယ်ပြန်ရတော့မှာ“
“ ဟုတ်ကဲ့ ကျွန်တော်သိပါတယ် မမခိုင် “
“ မင်းဘယ်လိုမှ မခံစားရဘူးလား “
“ မိငယ်ခံစားရသလောက်တော့ ခံစားရပါတယ် “

“ သူပြန်လာမယ်လို့ ပြောသလား“
“ ပြောတယ် “
“ ယုံသလား “
“ ယုံတယ် “
“ ဘာဖြစ်လို့ ယုံတာလဲ “

“ သူကျွန်တော့ကို ယုံလို့။ ဒါပေမယ့် သူပြန်လာနိုင်မယ် မဟုတ်တော့ဘူး။ ကျွန်တော့ကို သူမလိမ်ဘူး။ သူပြန်လာဖို့ ကြိုးစားလိမ့်မယ်။ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ကြိုးစားမှု မှန်သမျှကလည်း လုံလောက်မှာတော့မဟုတ်ဘူး“

“ မင်းတို့ကို မမခိုင်သနားတယ် “ 
“ကျေးဇူးတင်ပါတယ် မမခိုင် ကျွန်တော်တို့ သေသေချာချာ အချိန်ယူ ပြင်ဆင်ထားကြတာပါ။ သိပ်ပြီး ရုပ်ပျက်၊ ဆင်းပျက် မဖြစ်လောက်ပါဘူး “

“ ဧပြီလ ၂၅-ရက်နော် “
“ ဟုတ်ကဲ့ ညနေ လေးနာရီခွဲပါ “

တကယ်တော့ မိငယ်ရယ် တို့ဟာ သေချိန်ကို စောင့်နေတဲ့ မြွေဆိပ်တက်ရောဂါသည်တွေလိုပါပဲ။ (၂)နာရီပဲရှိတော့တယ်။ အဲဒီမြွေဆိပ်ဟာ ခြေဖျားကနေ တရိပ်ရိပ်ကို တက်လာတာပါ။ စက္ကန့်လေးတွေနဲ့ အတူ မြွေဆိပ်တွေ ပြေးတက်လာနေတာပါ။ မမခိုင်လည်းတို့ဘေးမှာ မရှိဘူး။ မင်းက ဘန်ကောက်ရောက်ရင် ဖုန်းဆက်လိုက်မယ်လို့ပြောတယ်နော်။ ဒါနဲ့ ကိုယ့်ဆီက ဘာတွေ ရသွားခဲ့သလဲ။ ဘာမှ သုံးလို့မရတဲ့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် သိုဝှက်ထားတဲ့ ဘဝအစိတ်အပိုင်း တစ်ချို့ ။ ဒါပဲပေါ့။ ဒါပေမယ့် ဒါတွေဟာ မိငယ်ဘဝအတွက် ခွန်အားတွေလို့ မင်းဂုဏ်ယူပြန်တယ်။ မင်းမလိမ်ဘူး ဆိုတာ ကိုယ်ယုံတယ်။ ကိုယ်ကရော မိငယ်ဆီက ဘာတွေရလိုက်သလဲ။ အတူတူပဲပေါ့။ ကိုယ့်အပေါ် ယုံကြည်တဲ့ မင်းယုံကြည်ချက်၊ မင်းသိုသိပ်ထားတဲ့ မင်းဘဝရဲ့ အစိတ်အပိုင်း တစ်ချို့ ။ ဒါတွေကလည်း ကိုယ့်ဘဝရဲ့ ခွန်အားတွေပဲပေါ့ကွယ်။

ငါ့လ ငါ့ကမ္ဘာမှာတော့
ငါဟာ နေတစ်စင်းပါပဲ
မင်းည မင်းကမ္ဘာမှာ
မင်းဟာ လတစ်စင်းပါပဲ
အလင်းနှစ်တွေ ဝေးကွာလွန်းလို့သာ
အလင်းနှစ်တွေ ဝေးကွာလွန်းလို့သာ…

မင်းကမ္ဘာမှာ ငါနေတစ်စင်းဖြစ်ခွင့် မရဘူးပေါ့။ ဒါပေမယ့် မိငယ်ရယ် ကမ္ဘာဟာ နေတစ်စင်းနဲ့တင်ပဲ တစ်ဖျစ်ဖျစ်လောင်နေပါပြီ။ အဲ… တိမ်စင်တဲ့ ညညတွေမှာတော့ ကြယ်တာရာလေး တစ်စင်းအနေနဲ့ မင်းကို လာလာပြီး ချောင်းကြည့်နေမိဦးမှာပါ။

ဘယ်သူမှ မသိတဲ့ ကတိလေးတောင်ရှိခဲ့ကြရဲ့။

ငါသေဆုံးရင် မင်းဆီကို စာရေးဖို့ ၊ မင်းသေဆုံးရင် ငါ့ဆီစာရေးဖို့။
တစ်ယောက်ရဲ့ ဈာပနကို တစ်ယောက်က ပို့စရာမလိုဘူး။ တစ်ယောက်ယောက်တော့ လောကကြီးထဲမှာ မရှိတော့ဘူး ဆိုတာ အသိပေးရုံပါပဲ။ တို့ ချစ်ချင်းမှာ ဗီဇာတွေ လေယာဉ် လက်မှတ် တွေမလိုပါဘူးကွာ။ ချစ်တတ်ရင် ဒါတွေ မပါလည်း ချစ်လို့ရတာပါပဲ။

အဲ.. မင်းလေယာဉ်လည်းထွက်သွားရော………
ငါဟာလေ မြေပေါ်မှာလမ်းလျောက်နေတဲ့ လူငယ်တစ်ယောက်မဟုတ်တော့ပဲ ကမ္ဘာမြေကို ခြေထောက်နှစ်ဖက်နဲ့ ရွက်ထားရတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့တယ်။ မင်းလည်းပဲ လေယာဉ်ကြမ်းပြင်ကို ခြေထောက်နဲ့ ရွက်ထားရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေမယ်ဆိုတာ ပက်ပက်စက်စက်ယုံတယ်။


မိငယ်ရဲ့ စာကို ကိုယ်မမျှော်ဘဲ စောင့်နေတယ် ~




   
ဇင်ဝေသော်











Copyright © 2011 ကမ်းလက်. All rights reserved.

အရောင်များနှင့် ကစားခြင်း

တကယ်တမ်းပြောရရင် ဒီအရောင်ကိုကြိုက်လှတယ် လို့တော့မဟုတ်ဘူး။သိပ္ပံပညာရှင်တွေပြော တာက မျက်စိအတွက် ကောင်းတယ်တဲ့။ ဟုတ်ချင်ဟုတ်မှာပေါ့။ ကွန်ပျူတာ အကြာကြီး ထိုင်မကြည့်ရင် အများအားဖြင့်တော့ မျက်စိကောင်းတာပါ။ လူကလွဲရင် ဘယ်သတ္တဝါမှ မျက်မှန် တပ်ထားတာ မတွေ့ရဖူးပါဘူး။ ထားပါတော့။ နောက်ပြီး ဒီအရောင်က ပေါ့စတစ် သဘောဆန်တယ်။ လုပ်လို့ရပြီ။ လမ်းဖြတ်ကူးလို့ရပြီ။ ဒီအိမ်မှာ လူရှိတယ်။ ဒါမျိုး အဓိပ္ပါယ်တွေ ရှိတယ်။ ဒီတော့ ကျွန်တော်တို့ ဆိုရှယ်ရပ်ဝန်းမှာ အပြုသဘောဆောင်တဲ့ အရောင်ပေါ့။ သိပ်မကြိုက်လှပေမယ့် အင်း….ကောင်းပါတယ်လေ။

ကောင်မလေးတစ်ယောက်က “ခပ်စိမ်းစိမ်းပဲနေပါ့မယ်“ ဆိုတဲ့စကားနဲ့ မကြာမကြာပြောနေတာ ကြားရတယ်။ အဲ...မေ့နေပြန်ပြီ။ ဆိုရှယ်လောကကြီး တစ်ခုလုံးကို ကြည့်ရင် ဒီအရောင်က ပေါ့စတစ် သဘောဆောင်ပေမယ့် သမီးရည်းစားနှစ်ယောက် ကြားမှာကျတော့ ဒီအရောင်ကနက်ဂတစ် သဘောလေးရှိနေပြန်ရော။ ကြိုက်လောက် ပါတယ်။ နွားတွေရဲ့ဖေးဘရိတ်ကာာပေါ့လေ။အဲ့ -မေ့သွားပြန်ပြီ။ အဲဒီကောင်မလေးက သူ့ရည်းစားကို များ ရင်ဖွင့်နေတာလား။ ကိုယ့်ကိုပဲသူမရှိကြောင်း ပြောတာလား မသိဘူး။ ရှုပ်ပါတယ်။ အဲဒီစကားက အဓိပ္ပါယ်နှစ်ခွနဲ့။

ကျွန်တော် ဒီအရောင်ကို ရွေးပြီး ကစားကြည့်တယ်။

“ ဟိုင်း “
“ မတွေ့တာကြာပြီနော် ။ နေကောင်းလား။ မရှိတော့ဘူးလို့ထင်နေတာ။ ……၊ ….. ၊ “


ဘာတွေမှန်းမသိ။ … ။ …။ မပြီးတော့ဘူး။

အိမ်ကတံခါးဖွင့်ထားတော့ လူစုံဝင်ထွက်တဲ့သဘောရှိတာပေါ့။ လူစုံဆိုမှတော့ ကောင်းတဲ့လူ၊ မကောင်းတဲ့လူ၊ စကားနည်းသူ၊ လေကြောရှည်သူ၊ အဓိပ္ပါယ်ရှိရှိပြောတတ်သူ၊ အဓိပ္ပါယ်မရှိ ပြောတတ်သူ၊ ကိုယ်တွေ့ချင်သူ၊ ကိုယ်မတွေ့ချင်သူ၊ … သူ၊ …သူ၊ အစုံပေါ့လေ။

သူလာရင်မတွေ့ဘဲလှည့်ပြန်သွားမှာစိုးလို့(တချို့ကစိတ်မရှည်ဘူး) ဒီအရောင်လေးနဲ့ ကစားမိတယ်။ စောင့်နေသူက မလာဘဲ ၊ မစောင့်သူတွေပဲလာလို့ နောက် အရောင်ကိုပြောင်းလိုက်တယ်။ ရက်(ဒ်)-ဓာ့ဗယ် ။ မန်ချက်စတာ ယူနိုက်တက် ကာလာပေါ့။ သူရဲနီ။

မန်ချက်စတာကို ချစ်သလောက် ဒီအရောင်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကိုမုန်းမိတယ်။

အလုပ်ရှုပ်နေတယ်။ မဆိုးဘူး။ ဘာတွေနဲ့ အလုပ်ရှုပ်နေတာလဲ။ မသိဘူး။အလုပ်ရှုပ်နေတယ်။ ဒါပဲ။ဟင်….မရိုးမသားကြီး။ တကယ်လည်းမရှုပ်ပဲနဲ့။ အင်း ခပ်ညံ့ညံ့လူတချို့ကိုတော့ အထင်ကြီးစေ မှာပေါ့။ ဒါလည်း မသေချာပါဘူး။ ဒီခေတ်လူတွေ ဒီလောက်မညံ့တော့ပါဘူး။ အလုပ်ရှုပ်တယ် ဆိုတာ လောက်နဲ့ အထင်မကြီးကြတော့ပါဘူး။

တရားထိုင်နေသည်။ စာကျက်နေသည်။ ရေချိုးသနပ်ခါးလိမ်းနေသည်။ Expo ကိုရောက်နေ သည်။ မနှောက်ယှက်ပါနဲ့။ ဟုတ်ရောဟုတ်သလား။ ဟုတ်တာမဟုတ်တာတော့ မသိဘူး။ အလုပ်ရှုပ် နေသည်။ ဒါပဲ။

“ ဟိုင်း ၊ မစ် ဘီးစီး ( Ms.Busy) “ ဆိုတော့ ကောင်မလေးတစ်ယောက်က
“ ဟိ ဟီး၊ ရှုပ်ဘူး၊ ရှုပ်ချင်ယောင်ဆောင်တာ“ တဲ့။


ဘာဖြစ်လို့ ရှုပ်ချင်ယောင်ဆောင်တာလည်း လို့တော့ မမေးတော့ဘူး။ သူအလုပ်ရှုပ်နေတယ်။ အလကားနေတဲ့လူ မဟုတ်အဓိပ္ပါယ်ရှိရှိနေထိုင်သူ။ ဒါပဲ။ အလုပ်ရှုပ်နေသည်။ ဒါကိုအိုင်တီက အရူး ဗုံမြောက် လုပ်တယ်။

“သူမသည်အလုပ်ရှုပ်နေပါသဖြင့်သင်၏ဆက်သွယ်မှုသည်သူမကိုအနှောင့်အယှက်ဖြစ်စေနိုင်သည်“ တဲ့။ ခက်ကရော။ ခက် ခက်ရချည်ရဲ့ ဒေါ်ခက်ခက်ရေ။ ဒီအရောင်က ကျွန်တော်နဲ့ကောင်းကျိုး မပေးဘူး။ ဒီအရောင်နဲ့လည်း ကစားလိုက်ရော ကောင်မလေးတစ်ယောက်က-

“ ရှုပ်လွန်းသူကြီးရေ၊ နီလွန်းသူကြီးရေ၊ ခင်ဗျားလည်းပဲ တစ်နေ့ကျရင်မြင်လာမယ် “ (ကိုထီးကြီးရဲ့ သီချင်းလေသံနဲ့ ဆိုရန်)ဆိုတဲ့မက်ဆေ့(ခ်ျ)လေးချန်ထားခဲ့တယ်။ကျွန်တော် စိတ်မကောင်းဖြစ်ရ တယ်။ ဒါပေမယ့် အရောင်ပြောင်းပြီး ကစားတာတော့ မလုပ်ဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ ဒုတိယ မက်ဆေ့လေးရလိုက်ပြန်ရော။

“Where the fields are green …to see you once again, my love“တဲ့။
Westlife သီချင်းလေးတစ်ပုဒ်ပါ။ My Love လို့ထင်တာပဲ။

ဒုတိယမက်ဆေ့(ခ်ျ)လေးရတဲ့နောက်မှာတော့ဒီအရောင်ကိုတော်တော်လေးစိတ်နာမိတယ်။ တော်တော် မရိုးသားတဲ့ အရောင်။ အလုပ်တွေရှုပ်နေတယ်။ နေပါဦး။ဘာတွေလုပ်နေလို့ရှုပ်နေ တာလဲ။ လာမမေးနဲ့အလုပ်ရှုပ် နေတယ်။ တစ်ခုမဟုတ် တစ်ခု လုပ်နေရလို့ပေါ့။ ခဏလေးပါ၊ နေပါဦး။ တစ်ခုမဟုတ် တစ်ခုဆိုတာထဲက တစ်ခုခုကို ပြောလို့မရဘူးလား။ မရဘူး။ အရမ်း အလုပ်ရှုပ် နေတယ်။တစ်ခုမဟုတ် တစ်ခုဆိုပြီးရောပေါ့။ ဘာတစ်ခုမဟုတ် တစ်ခုထဲက တစ်ခုခု လာမေးနေ ရတာ လဲ။ မအားဘူး ။ ရှုပ်တယ်။

နေပါဦး။ ခဏလေးပါ။ တစ်ခုမဟုတ် တစ်ခုထဲက တစ်ခုခုကို ပြောဖို့ အလုပ်ရှုပ်နေရင် အလုပ်ရှုပ်နေပါတယ်လို့တော့ ပါးစပ်က ပြောသင့်တာပေါ့။ စိတ်ညစ်တယ်။ဘာတွေလာရောင်း နေတာလဲ။ အလုပ်ရှုပ်နေတယ်လို့ ပါးစပ်က ပြောဖို့ကို မအားအောင် အလုပ်ရှုပ်နေတာ။ ရှုပ်တယ်။ မအားဘူး။ အရမ်းရှုပ်တယ်။ အင်း…. ရှုပ်၊ ရှုပ်လှချည်လား ဦး ရှုပ်ရှုပ်ရယ်။ ဒီလိုနဲ့ တတိယ မက်ဆေ့(ခ်ျ)လေးရလိုက်ပြန်ရော

“Sorry, I’ll look for greener field “ တဲ့။ သွားကရော။
“ အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ………“


နောက်ဆုံးရွေးပြီး ကစားလိုက်တဲ့ အရောင်ကတော့ စနိုက်ပါ အရောင်။ ရယ်ရတယ်။ ကိုယ်က သူများကိုတွေ့နေရတယ်။ ခပ်စိမ်းစိမ်းနေတဲ့လူတွေရော။ တစ်ခုမဟုတ်တစ်ခု လုပ်နေသူတွေရော၊ တစ်ခုမဟုတ် တစ်ခုထဲက မဟုတ်ရင်တောင် အခြားတစ်ခုခုကို လုပ်နေလို့ အလုပ်ရှုပ်နေတဲ့ သူတွေရော။ ကိုယ့်ကိုတော့ သူတို့ မတွေ့ရဘူး။

တော်တော်ကောက်ကျစ်တဲ့ အရောင်။ တစ္ဆေတွေ စကားပြောသလိုပဲ။ တစ္ဆေကို မမြင်ရဘူး။ တစ္ဆေကပြောတာကျတော့ ကြားနေရတယ်။ ဒီအရောင်က တစ္ဆေတွေကို ကိုယ်စားပြု ရောက်လာ သလား အောက်မေ့ရတယ်။

ဒါနဲ့ “ မတွေ့တာကြာပြီနော် ။ မအားလို့ မအွန်ဖြစ်ဘူး။ မွေးနေ့ကတ်လေး ပို့ပြီးကတဲက မအွန်ဖြစ်တာ။ ခွင့်လွှတ်ပါနော် “ ဆိုတဲ့ မက်ဆေ့(ခ်ျ) လေး စနိုက်ပါရဲ့ စာထည့်စကွဲယား အကွက်လေးထဲ ရောက်လာတယ်။

“ မွေးနေ့ကတ်အတွက် ကျေးဇူးတင်ပါတယ်။ “
“ ဟယ်… ဘယ်လိုကြီးလည်း။ ခပ်စိမ်းစိမ်းလည်း မနေ၊ မန်ချက်စတာ ယူနိုက်တက်လည်း မပြဘဲနဲ့ စကားပြောလို့ရတယ်တော့“

ရှက်သွားတယ်။ မစွံပါဘူး။ တစ္ဆေတစ်ကောင်လို စကားပြောနေရတာထက်စာရင်တော့ ခပ်ရှင်းရှင်း ၊ ခပ်ဘွင်းဘွင်း၊ ခပ်စိမ်းစိမ်းပဲနေလိုက်တော့မယ်လို့ ဆုံးဖြတ်မိတော့တယ်။

ဒီကာလောသုံးမျိုးနဲ့ ပတ်သက်လို့ ပရို(စ်)အင်(န်)ကွန့်ကို ( Pros and Cons) ကိုစာရင်းပြုကြည့်တယ်။




အစိမ်း ။ ရိုးသားတယ်။ အရည်မရ အဖတ်မရတွေ တွေ့ရတယ်။
အနီ ။ ကံကောင်းရင် လူအထင်ကြီးခံရမယ်။ ရိုးသားမှုမရှိလှ။
မမြင်အပ် ။ စိတ်အေးရတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သဘော မသိမသာဆောင်တယ်။


ဒါနဲ့ပဲ အရည်မရ အဖတ်မရပေမယ့် (ကွမ်းယာဝါးသလို) ရိုးသားတဲ့အရောင်ကို ရွေးပြီး ကစားမိတော့တယ်။

Overseas from Cost to Cost…To find the place I love the most
Where the fields are green…To see you once again,
To hold you in my arms… To promise you my love
- - - - - - - - - - - - -
Where the fields are green, to see you once again… My LOVE……..



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ကျနော့်ကိုမွေးစားသွားတဲ့ အက်ဂျစ်တစ်များနဲ့ကောင်းကင်

တကယ်ပါ ကျနော်ဟာကောင်းကင်ရဲ့ မွေးစားတာကို ခံလိုက်ရပါတယ်။ အဲဒီကောင်းကင် ကလည်း အက်ဂျစ်တစ်တွေနဲ့ လေးလံနေတဲ့ ကောင်းကင်ပါ။ ဒီပြဿနာကို ပြေလည်အောင် ဘယ်က စပြောရမလဲ။ အဲ...ဟိုလူ။ ကြိယာဝိသေသနတွေနဲ့ လူလည်လုပ်နေတဲ့လူ။ သူပိုင် ဆိုင်တာ ဆိုလို့ ကြိယာဝိသေသန။ သူ့ရှိတာ ဆိုလို့လည်း ကြိယာဝိသေသနပဲ။

ဒါပေမယ့်ဒီကြိယာဝိသေသန နဲ့တင် အလုပ်ဖြစ်အောင် သူလုပ်နိုင်တယ်။ မင်းခိုက်စိုးစံရဲ့ စကားတွေကို ရွတ်ပြတော့ သူဟားဟားနဲ့ရီတယ်။ "သူသည်ကြိုးစား၏။ အလွန်ကြိုးစား၏ ။ အလွန့် အလွန် ကြိုးစား၏ ။ကြိုးစားရင်း ကြိုးစားရင်း သူသည် အလွန်ကြိုးစားသူ တစ်ယောက် ဖြစ်လာခဲ့သည် ။သူ့ထံမှာတော့ ဘာမှ မရှိချေ။" ဒါ့ကြောင့် သူ့ကို ကြိယာဝိသေသန (အလွန့် အလွန် ဆိုတာ မျိုးတွေ ချမ်းသာ) သူလို့ ခေါ်တာပါ။

ခက်တာက ကြိယာတွေ မရှိဘဲ ဘယ်လိုလုပ် ဝိသေသန လုပ်ချင်လို့ ရမလဲ ။ သူကလည်း ခေသူတော့ မဟုတ်။ ကြိယာဝိသေသန လုပ်ချင်တဲ့ သူဆိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိယာတစ်ခုခု ရအောင်ရှာနေတတ်သူ။ ထားပါတော့ ကျနော့်ကို အဲဒီ အက်ဂျစ်တစ်တွေနဲ့ လေးလံနေတဲ့ ကောင်းကင်နဲ့ တိုးတိုးတစ်မျိုး ကျယ်ကျယ် တစ်ဖုံ မိတ်ဆက်ပေးဖို့ ကြိုးစားနေတာက အဲဒီ လူ။ မေ့မသွားကြပါနဲ့။ ကြိယာဝိသေသနတွေနဲ့ လူလည် လုပ်နေတဲ့ လူ။

ဒါနဲ့ ကျနော်က ပြောမိတယ်။
"မင်းကောင်းကင်က အက်ဂျစ်တစ်တွေနဲ့ လေးလံနေတဲ့ ကောင်းကင်ပါ။ ငါနဲ့ အဆင် မပြေပါဘူးလို့။" သူဘာမှဆက် မပြောဘူး။ ကြိယာဝိသေသနပြောင်းဖို့ကြိတ်ကြံနေတာ ဖြစ်မှာပေါ့။ ကောင်းကင်နဲ့မိတ်ဆွေဖြစ်တော့ သူ့မှာတောင် အိမ်ခြေယာခြေ မဲ့လို့။ ဒါကိုပဲ (ကြိယာဝိသေသန ချမ်းသာတဲ့လူက) မိုဘိုင်း ဆိုဆိုက်တီးတဲ့ ။ မခက်ဘူးလား။

တစ်ပတ်လောက်နေတော့ သူကပြောတယ်။ "ကောင်းကင်က အက်ဂျစ်တစ်တွေချည်း မဟုတ်ပါဘူး။ ကြိယာလေးတွေလည်း ရှိပါတယ်။" တဲ့။ ဒီစကားက ကျနော့်ကို လှုပ်နှိုးသွားတာပါ။ အက်ဂျစ်တစ်ထက် ကြိယာကို ကျနော်က ပိုချစ်တယ်။ ဒါကလည်း တခါက သူပြောဖူးတဲ့ စကားပါ။

"ဒီတက္ကသိုလ်က ဘွဲ့ရပါ၊ ဟိုတက္ကသိုလ်က ဘွဲ့ရပါ။ ဒေါက်တာပါ၊ မဒေါက်တာပါ။ လူဖြူပါ၊ လူမည်းပါ။" "မလိုချင်ဘူး ဘာမှမလိုချင်ဘူး လိုချင်တာက ရေနံရှာပေးနိုင်တဲ့ လူ" ဆိုတာလေ။

တိုတိုပြောကြပါစို့။ ဒီလိုနဲ့ ကြိယာဝိသေသနတွေနဲ့ လူလည်လုပ်နေတဲ့ လူရယ်။ အက်ဂျစ်တစ်တွေနဲ့ လေးလံနေ တဲ့ ကောင်းကင်ရယ် ။ ကက်ပီတယ် လက်တာနဲ့ စာလုံးပေါင်းရမှ ကျေနပ်တတ်တဲ့ ကျနော်ရယ်။ သုံးပွင့် ဆိုင်  တွေ့ဆုံ ပွဲလေး ဖြစ်ခဲ့တယ်။ ဖဲယား ပလေး ဖြစ်ပါတယ်။ မညှာကြေး။

တွေ့တယ်ဆိုရင်ပဲ ကျနော်က ဝါကျ အစ၊ ဝါကျအလယ်၊ ဝါကျ အဆုံး ဘာမှမရွေးဘူး။ ကျနော်ရွေးတဲ့ စကားလုံးတိုင်းကို ကက်ပီတယ် လက်တာနဲ့ချည်းပဲ စာလုံးပေါင်းပစ်လိုက်တယ်။ နှလုံးသွင်း မတတ်လို့ကတော့ တကယ့်ကို အမြင်ကတ်စရာပဲ။ မတတ်နိုင်ဘူး။ ကြိယာဝိသေသနနဲ့ အက်ဂျစ်တစ်တွေ ကြားထဲမှာ ကက်ပီတယ် နဲ့မှ စာလုံးမပေါင်းရင် ညှပ်သွား လိမ့်မယ်။ ပေါင်းတယ်။ ဘာဖြစ်လဲ... ဘာမှ မဖြစ်ပါဘူး။ မဆိုးဘူး။ အထိုက်အလျောက် တီးခတ်လို့ ရတယ်။

ကြိယာဝိသေသနက ဒါလေးကို ကြိယာလုပ်ပြီး သူကဝိသေသန စင်ပေါ်တက် ဘလော့ပေါ်တက်ဖွမယ် မနည်းလုပ်နေလို့ --- ဟင်း...။

ကောင်းကင်ကလည်း ဒါလေးကို နောင်းလုပ်ပြီး သူတို့ အက်ဂျစ်တစ် အကြီးကြီးတွေ ရှေ့က (သို့) နောက်က (သို့) ရှေ့နောက်ညှပ်သုံးဖို့ ဖွဘွတ်တွေ ကျည်အပြည့်ထိုးထားကြတယ်။

ကျနော်ကလည်း ခပ်တင်းတင်းပဲ။ လာသမျှ အက်ဗတ်နဲ့ အက်ဂျစ်တစ်တွေကို ကက်ပီတယ် လက်တာနဲ့ ဖမ်းပစ်ဖို့ (၂၄) နာရီ ကင်းချထားတာ။ ဒါနဲ့ကောင်းကင်က ဘယ်လိုလုပ် မင်းကို မွေးစားသွားရတာလဲလို့ မေးစရာရှိပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်လည်း ကိုယ်တိုင် မရှင်းဘူး။ ဘာနဲ့ တူသလဲဆိုရင် ဘဝပြဿနာနဲ့ တူတယ်။ ဘဝဆိုတာ ဘာလဲ။ ဘဝက ဘယ်က စခဲ့တာလဲ - လို့ မေးမိတဲ့ အချိန်မှာ ဘဝက ကျနော်တို့ကို မွေးစားပြီးသား ဖြစ်နေတယ်။ အဲဒီ အတိုင်းပဲ။ ကောင်းကင်က ဘာလဲလို့ မေးမိတဲ့ အချိန်မှာ ကောင်းကင်က ကျတော့်ကို သူပိုင်တယ်လို့ ကြေညာ ပြီးသွားပြီ။ ဘာမှန်း မသိဘူး။

ကြိယာဝိသေသန ပြောတာမှန်တယ်။ အဲဒီကောင်းကင်ထဲမှာ ကြိယာလေးတွေ ပါတယ်။ အခုထိ ကျနော်သိသမျှ ပြောရရင် ဣတ္ထိလ္လိင်ကြိယာက နှစ်ပုဒ်၊ ပုလ္လိင်ကြိယာက နှစ်ပုဒ်။ (ကျနော်သိသမျှ ပြောတာပါ၊ ကျနော် မလေ့လာ ရသေးတဲ့ ကြိယာတွေ အများကြီး ရှိနိုင်ပါတယ်။) ဤကား အဆဲလွတ်အောင်...။

ဖြည့်စွက်ချက် အမှာ။ ။

ပုလ္လိင်ကြိယာ နှစ်ပုဒ်မှာ တစ်ပုဒ်က Verb to be. နေရာတိုင်းပါတယ် ။ စပ်စပ်..စပ်စပ်နဲ့ ။ တစ်ပုဒ်က Verb to read. စာအုပ်ထူထူကြီးတွေ Read တယ်။ ပါးရင် မတူမတန်သလို။ (စိတ်မရှိပါနဲ့ ၊ ဆော်ပြီ)

နည်းနည်းပိုကဲတာက ဣတ္ထိလ္လိင်ကြိယာနှစ်ပုဒ်။ ကြိယာဆိုတဲ့အတိုင်းထေ့တယ်၊ အော်တယ်၊ မွေးစားတယ်။ စကားနာထိုးတယ်။ တခါတခါ ကြိယာနေရာမနေဘူး။ ဗိုကေးတစ် ပြန်ရမဲ့ အပိုင်းတွေကို ဝင်ရှုပ်တယ်။

ဒယ်ဒီကြီး ၊
ဒယ်ဒီလတ် ၊
ဒယ်ဒီလေး တဲ့။


ကြိယာထေ့က ဒါကိုမြန်မာမှု ပြုတယ် ။"ချစ်ဖေကြီး..." တဲ့။ တစ်သက်လုံး အစဉ် အလာကောင်းခဲ့ တဲ့ ခေါင်းပေါ်မှာ အဲ့ဒီနေ့ ကဆံပင်ဖြူ တစ်ချောင်း ချက်ချင်းထွက်လာပါတယ်။ ပြန်ကို မမည်းတော့ဘူး။ အဲဒါ  ကျနော့်ကို မွေးစား သွား တဲ့ ကောင်းကင် ပါ။ ကောင်းကင် ဆိုတာ ကလည်း မော့ကြည့်လိုသာရပြီး စိုက်ပျိုးလို့ မရဘူးလေ။ ဒီတော့ စာထိုင်ရေးကြတာပေါ့။

ဒါပေမယ့် လှလှပပ ဝါကျလေးတွေ စီဖို့တော့ …အက်ဂျစ်တစ်တွေနဲ့ကောင်းကင်ရယ်၊ ကြိယာဝိသေသန နဲ့ မြစ်တစ်စင်းရယ် (ဒယ်ဒီလေး)၊ ကြိယာဝိသေသနပိုင်ရှင်ကိုတားမြစ်မဲ့ ဖူးစတော့(ပ်) ပိုင်ရှင် ဒယ်ဒီလတ်ရယ်၊ ကက်ပီတယ် လက်တာနဲ့ စောင့်နေတဲ့ ကျနော်ရယ် ... ဝါကျစဖို့..(ဒယ်ဒီကြီး) ၊ဣတ္ထိလ္လိင် ၊ ပုလ္လိင်ကြိယာလေးတွေရယ် ...

မေ့လို့ - ဣတ္ထိလ္လိင် မွေးစားကြိယာကပြောတယ်..."မီးတို့ကောင်းကင်က ကြယ်တာရာ သိပ်မများဘူး တာဝန်မကျေမှာ စိုးတယ်" တဲ့ ။ စိတ်ထဲရှိတာသာ ပြောလိုက်ရရင် မေတ္တာသုတ် တစ်သုတ်လုံး ပုဒ်ထီး ၊ ပုဒ်မပါ မကျန် ဝိုင်းပြီး မေတ္တာပို့ ခံရတော့မယ် ။ (ဦးပုည ပြောခဲ့တဲ့ စကားပါ။) "ကြယ်တာာရာ သိပ် မများဘူးသာ ဆိုတယ် ၊ ဓါတ်ပုံရိုက်မယ်လည်းဆိုရော ကြယ်တာရာတွေကို ပြွတ်သိပ်လို့"



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.