ဒီမိုကရေစီ ခေတ်ဦး ?


အချိန်လေးရခိုက် မန္တလေးသတင်းလေးများ သိရမလားဆိုပြီး ဝင်ကြည့်မိပါတယ်။
ကိုယ့်လာမှန်မှာကြောက်လို့ နောက်ဆုတ်လိုက်ရတယ်။ ဖြစ်ရလေ။
ကိုယ့်ပေ့ဂ်ျလေးပေါ်ပြန်ရောက်တော့ ခြောက်ကပ်ကပ်လေးပေမဲ့ လူသန့်နေတယ်၊ စကားသန့်နေတယ်။
အပြန်အလှန် လေးစားနားလည်မှုရှိနေတယ်။ တော်ပြီပေါ့။
လူတချို့ဟာ စိတ်ကုန်လောက်အောင် အောက်တန်းကျနေတယ်။
အစစ ချွတ်ခြုံကျခဲ့ပြီးတဲ့နောက် ဒီမိုကရေစီ ခေတ်ဦးမှာ ယဉ်ကျေးမှုပါ ကျရှုံးလာနေတယ်။
ဝမ်းနည်းပါတယ် မန္တလေးရယ်
ဘာပြောရမှန်း မသိတော့ပါဘူး။

ခေတ်သစ် ဣသိဂိလိတောင်တန်းကြီးများ (ဣသိ ရသေ့ရဟန်း။ ဂိလိ မျို)


ဘုရားရှင်လက်ထက် ဣသိဂိလိကား နာမည်ကောင်းဖြင့် ကြော်ကြားခဲ့ သည့် တောင်တန်းကြီးဖြစ်သည်။ သူ့ရင်ခွင်မှာ သစ်ပင်တို့ ထူထပ်သည်၊ သဘာ ဝ ကျောက်လိုဏ်ဂူများရှိသည်၊ အေးမြသည့် တောရိပ် တောင်ရိပ်ရှိသည်။ ဤအရာ အားလုံးကို ပေါင်းစပ်လိုက်တော့ ရဟန်းတရား ပွားများရန် အလွန်ကောင်းေ သာနေရာ ဖြစ်လေသည်။ ဣသိဂိလိမှ မွေးထုတ်ပေးလိုက်သည့် ရဟန္တာပေါင်း မည်မျှရှိလေမည်နည်း။ ကျွန်ုပ်တို့ ဉာဏ်မီသောကိစ္စ မဟုတ်ပေ။

ဣသိဂိလိထဲ ဝင်သွားသည့်ရဟန်းတော်များကို ဝင်သွားသည်ကိုသာ တွေ့ရပြီး ဘယ်ရောက်သွားသည် မသိရ။ ထို့ကြောင့် လူတို့က ယင်းတောင်ကြီးကို ရဟန်းမျိုတောင် (သို့) ဣသိဂိလိတောင်ဟု ဆိုကြလေသည်။ လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလန်မထေရ်ကြီး သဘောကျတော်မူလှသည့် နေရာ။

ကျွန်ုပ်တို့ခေတ်မှာတော့ ရဟန်းမျိုတောင် မရှိ၊ ရဟန်းမျို ထောင် များသာ ရှိတော့သည်။ ယင်းထောင်များအနက် မန္တလေး နန်းတွင်းထောင်နဲ့ ရန်ကုန် အင်းစိန်ထောင်တို့က နာမည်ဆိုးဖြင့် နာမည်ကြီးလှသည်။ ထိုထို ဣသိဂိလိ ထဲရောက်သွားသည့် ရဟန်းတို့ကိုလည်း ဝင်သွားသည်ကိုသာ သိမြင်ရပြီး ဘယ်မှာရောက်သွားသည် မသိရတော့။ အမျိုခံလိုက်ရသည့် ရဟန်းတော်များတွင် မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ အစ၊ ဦးဝီရသူအလယ်၊ ဦးဥတ္တရအဆုံး အရေအတွက် များလွန်းလှ၏။ ဝမ်းနည်းဖွယ် ကောင်းလွန်းလှပြီ။


သတ္တပဏ္ဏိလိုဏ်ကို အတုယူပြီး ဦးနုက ဆဋ္ဌပါသဏ လိုဏ်ဂူတော် တည်ဆောက်ကာ ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်။
ဦးနုနောက် တက်လာသည့် မင်အဆက်ဆက်ကား ဣသိဂိလိကို အတုယူပြီး ရဟန်းကောင်းတွေကို မျိုစေတော့သသည်။ သို့သာဖြစ်သည် သူတို့ကိုယ်သူတို့ကိုမူ သာသနာပြုမင်းအဖြစ်မှ တစ်ပြားသားမှ မလျှော့ခဲ့ကြ၊ အသောကနဲ့နှိုင်းလျင် ကျေနပ်မဆုံး ရှိတတ်ကြ၏။

ဂိဇ္ဈဂုတ်တောင်ပင် မြန်မာပြည် ရောက်လာလေဦးမည်လား။
လင်းတ ဝဲသောတောင်။

သီဟနာဒ

ဘဝမှာ ဘာလိုသလဲ


အသဲအမဲအားလုံး ငွေကြေးနောက်ကို လိုက်နေ
အဆုံးသတ်မလား???
မင်းလည်းပြေးလွှားတုန်း အားလုံးပြေးလွှားတုန်း
ဘဝမှာ ဘာလိုသလဲ?????
အချစ်ရယ်.. ပေါင်မုန့်တစ်လုံးရယ်.. ဘဝကို ငါရောင့်ရဲတယ် (ဟယ်ရီလင်းအသံနဲ့ ဆိုပါ)

ဘဝမှာ တကယ်လိုအပ်တာက
အချစ်ရယ်
ပေါင်မုန့်တစ်လုံးရယ်(နောက်တိုးက)
မြန်မာငွေ နှစ်ထောင်ရယ်ပါ မာယာကော့စကီးရယ်။

(အမှာ။ နောက်ကစာသားကို ဂျောက်ဂျက်အသံနဲ့ "ရပ်ပ်" ရအောင်ဆိုပါ။)

လေးနိုင်ငံက ကဆုန်လပြည့်ပွဲတော်


လေးနိုင်ငံက ကဆုန်လပြည့်ပွဲတော်အကြောင်း စထရိတ်တိုင်း က ဖော်ပြထားပုံပါ။
မြန်မာပြည်က ရွှေတိဂုံကျက်သရေတော်နဲ့ ယောဂီဝတ်စုံညီတွေက ကြည်ညို ကြည်နူးဖွယ်ပါ။
မစ်သီကယ်ဘတ်က (ဂဠုန်ထင်ရဲ့) ပါလာသေးတယ်။
နဂါးကိုနိုင်အောင်လို့လား မသိ။ ဒါမှမဟုတ်ရင်
တနင်္ဂနွေထောင့်ကပုံ(သို့)တနင်္ဂနွေ ဝတ်အသင်းဖြစ်မယ်။

ပုလင်းအဟောင်း၊ တံဆိပ်အဟောင်းထဲက... ဝိုင်အသစ် (ပုလင်းအသစ်၊ တဆိပ်အသစ်ထဲက ဝိုင်အဟောင်း????)


ဒီ "ပုလင်းအဟောင်း၊ တံဆိပ်အဟောင်းထဲက... ဝိုင်အသစ်" စကားဟာ တ ရုတ်ကွန်မြူနစ်ပါတီ လျှောက်နေတဲ့ လမ်းကြောင်းကို သုံးသပ်ပြီး တရုတ်အ စိုးရဲ့ မူဝါဒကို နိုင်ငံရေး ပညာရှင်တို့က သုံးစွဲထားတဲ့ ဝေါဟာရ တစ်ခုဖြစ် ပါတယ်။ ဆိုလိုတာကတော့ ကွန်မြူနစ်၊ ကွန်မြူနစ်လို့ ခေါ်နေပေမယ့် မသိ မသာ ပြောင်းလဲကျင့်သုံးလာနေတဲ့ စနစ်က ကွန်မြူန်စနစ်မဟုတ်တော့ဘူး ဆိုတာပါ။ တရုတ်အစိုးရရဲ့ လမ်းကြောင်းကို ခပ်ပါးပါး ခြေရာခံကြည့်မယ် ဆိုရင် အဆင့်ဆင့် ပြောင်းလဲလာပုံကို တွေ့ရှိရပါတယ်။
၁။ ရပ်ကွက် ကျေးရွာအဆင့်
၂။ မြို့နယ် တိုင်း၊ ခရိုင် အဆင့်နဲ့
၃။ ဗဟို အဆင့်ရယ်လို့ သုံးဆင့်လောက် ခြေရာခံကြည့်နိုင်ပါတယ်။

ဗဟိုအဆင့်မှာ ထင်ထင်ရှားရှားကြီး ပြောင်းလဲမှု မဖြစ်သေးပေမယ့် ရပ်ကွက် ၊ ကျေးရွာ အဆင့်နဲ့ မြို့နယ်၊ တိုင်း၊ ခရိုင်အဆင်မှာ လုံးဝ ကွန်မြူနစ် မဆန်ေ တာ့ဘူးလို့ သုံးသပ်လို့ရပါတယ်။ ဒါကိုပဲ တရုတ်ကွန်မြူနစ် အစိုးရ အဆိုအရ အင်ထရာ ဒီမိုကရေစီလို့ ခေါ်ပါတယ်။ ပြည်သူလူထူအနေနဲ့ အကျင့်ပျက်ရပ် ကွက်၊ ကျေးရွာ လူကြီးများ၊ မြို့နယ်၊ တိုင်း ခရိုင် လူကြီးများကို ဆန္ဒပြ ၊ တောင်းဆို၊ တရားစွဲ လို့ရပါတယ်။ ဗဟို အစိုးရကလည်း ဒီလို တစ် နဲ့ နှစ် အကျင့်ပျက် အရာရှိတွေကို တစချင်း ချေမှုန်းလာတာကို တွေ့မြင်ရပါတယ်။

ထင်ရှားတဲ့ သာဓက အနေနဲ့ ဝူကန်ရာ အရေးအခင်းကို ကြည့်နိုင်ပါတယ်။ အ ကျင့်ပျက် ဒေသဆိုင်ရာ အရာရှိတွေကြောင့် တောင်သူတွေ လယ်ယာမြေေ တွ ဆုံးရှုံးရတယ်။ အကျိုးခံစားမှု မှန်သမျှ တောင်သူတွေ မရလိုက်ဘဲ အရာ ရှိတွေနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်ရလိုက်တဲ့ လူတွေပဲ အကျိုး အမြတ်ေ တွ ရသွားခဲ့ပါတယ်။ ဒါကို မကျေနပ်မနပ် ဖြစ်ရာက ဆန္ဒပြမှု အသေးစား ဖြစ် ပွားရာကနေ လယ်သမား တစ်ယောက်သေဆုံးခဲ့ပြီး ဆန္ဒပြမှု စကေးမြင့်မား လာခဲ့တယ်။ ဒီအချိန်မှာ ဗဟိုအစိုးရက တိုင်းအဆင့်ရှိ အရာရှိကို စေလွှတ်ပြီး ဒီကိစ္စကို ရှင်းလင်းပေးစေခဲ့ပါတယ်။ ပြည်သူ မကျေနပ်တဲ့ အရာရှိနဲ့ ပြည်သူ က တင်သွင်းတဲ့ ခေါင်းဆောင်ကိုပဲ မဲစနစ်နဲ့ ရွေးချယ်ခွင့်ပေးလိုက်ခြင်းပါ။ ဒီတော့ ပြည်သူ့ခေါင်းဆောင်က မဲ အပြတ်အသတ်နဲ့ အနိုင်ရရှိပြီး

ရပ်ကွက်လူကြီး ဖြစ်သွားခဲ့ပါတော့တယ်။ ဒီလို အထောက်အထားတွေကို ကြည့်ရင် တရုတ်အစိုးရက အကျင့်ပျက်မှု၊ လာဘ်စားမှု စတာတွေ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အဆင့် အရာရှိတွေဆီမှာ အထောက် အထားနဲ့ တကွ တွေ့ လာရင် မညှာဘဲ ပြည်သူ့ဖက်က ရပ်တည်ပြလာတာကို တွေ့မြင် ကြရပါတယ် ။ ကြီးမား ကျယ်ပြန့်လွန်းတဲ့ တရုတ်ပြည်ရဲ့ ပြောင်းလဲမှုမှာ အဲသလို အော က်ခြေကနေ မစဘဲ ဗဟိုကနေ စရင် ဖရိုဖရဲ ဖြစ်ဖြစ်သွားနိုင်ကြောင်း ကို လည်း နိုင်ငံရေး သုတေသီတော်တော်များများက သဘောတူလက်ခံ ထား ကြပါတယ်။

အရင်လက ဖတ်ရတဲ့ သတင်းအရဆိုရင် တရုတ်ကွန်မြူနစ် အစိုးရ ကိုင် တွယ် လာတဲ့အထဲမှာ ဗိုလ်ချုပ်ကြီးတွေတောင် ပါဝင်လာနေပြီဆိုတော့ အံ့ သြဖွယ် တွေ့ မြင်လာရပါတယ်။ တချိန်က ဘယ်သူမှ မထိရဲ၊ မတို့ရဲတဲ့ လူ ရမ်းကား ဗိုလ်ချုပ်ကြီးရဲ့သားကို ပြတ်ပြတ်သားသား ထောင်ဒဏ် ချမှတ်ခဲ့ပါ တယ်။ ဒီအချက်ကလည်း တရုတ်အစိုးရရဲ့ ဥပဒေနဲ့ အညီ ရပ်တည်ချက်ကို ထင်ထင်လင်းလင်း မီးမောင်းထိုးပြလိုက်သလို ရှိနေပြန်ပါတယ်။ တချိန်က ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ ဆိုးသွမ်းနေတာကို ဘယ်တရားရုံးက မှ ပြစ်ဒဏ်မပေးရဲခဲ့ပါဘူး။ ဒီနေ့ ခေတ်ပြောင်းသွားပြီလို့ ဆိုရမှာပါ။ ဥပဒေက ပခုံးပေါ်က ကြယ်ပွင့်တွေအထက် တဖြည်းဖြည်း ရောက်လာနေပါပြီ။ အခု လတ်တလော တရုတ်ပြည်ရဲ့ အနေအထားကို ကြည့်လိုက်ရင် တိုင်း၊ ခရိုင် အ ဆင့်မှာ အကျင့်ပျက်မှု၊ လာဘ်စားမှုတွေ တွေ့မြင်လာရပြီ ဆိုရင် အရေးယူ ဖို့ ၊ ထောင်ချဖို့ ဗဟိုအစိုးရက လက်မတွန့်တော့ဘူး ဆိုတာ သတင်းတွေက တ ဆင့် သိနေကြရပါပြီ။ ဟုတ်ပြီ ဒါဆိုရင် ဗဟိုအဆင့်မှာရော ဘယ်လိုပြောင်း လဲမှု ရှိနေသလဲ။
အရင်က ကွန်မြူနစ်ပါတီမှာ ခေါင်းဆောင်က တစ်ယောက် ထီးတည်းကြီး ရှိနေခဲ့ပါတယ်။ သူနဲ့ ယှဉ်မယ့်လူ၊ သူနဲ့ မတိမ်းမယိမ်းမှာရှိနေ သူ ဆိုတာမရှိခဲ့ ဘူး။ ဒီနေ့ ထိပ်တန်း တစ်နေရာစာ အတွက်အဆင့်တူ လူသုံးဦးလောက် အားပြိုင်နေကြ တာကိုတွေ့မြင်နိုင်ပါတယ်။ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ဖြစ် မယ့် လူဟာ အဲဒီ တရုတ်ကွန်မြူနစ်ပါတီထဲကပဲ ရှိနေမယ်။ ဒါပေမယ့်... သူ တို့ချင်းတော့ အသည်းအသန် ယှဉ်ပြိုင်ကြရမယ်။
အနိုင်ရသူဟာ ပါတီရဲ့ ခေါင်းဆောင်၊ တရုတ်ပြည်ရဲ့ ခေါင်းဆောင် ဖြစ်လာမှာ ပါပဲ။ ဒါကိုလည်း သူတို့က "အင်ထရာ ဒီမိုကရေစီ" လို့ သုံးစွဲလာပြန်ပါတယ်။

တရုတ်ပြည်ရဲ့ အကြောင်းကို ဆွေးနွေးပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ပြောင်းလဲမှု ဖက်ကို လှည့်ကြည့်ချင်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ ပြည်သူဖက်က မား မားမတ်မတ် ရပ်တည်တယ်။ အကျင့်ပျက်မှုကို ကိုင်တွယ်ချင်တယ်ဆိုရင် ၂၀၁၅ မတိုင်မီ မြို့နယ်အဆင့်၊ တိုင်းအဆင့် ခွဲခြားပြီး ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ပါတယ်။ အောက်ခြေက အကျင့်ပျက် အရာရှိ တွေကို တရုတ် လို ကိုင်တွယ်သင့်တယ်။ ပြီးရင် တိုင်း၊ ခရိုင် အဆင့်ကို သန့်ရှင်းအောင် လုပ်ဆောင်သင့်တယ်။ ဒါဆိုရင် တဖြည်းဖြည်း သန့်စင်လာပြီး ဗဟိုအဆင့်မှာ ရိုးရိုးသားသား အားပြိုင်မှုတွေ ဖန်တီးပေးလိုက်နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ရဲ့ ပြောင်းလဲမှုမှာ ဆင်ဆင်တူ လိုက်ပြီး ကျင့်သုံးစရာ တရုတ်ရှိနေတယ်လို့ ယူဆမိပါတယ်။ ဗဟို ထိပ်သီးနေရာက လူတွေ မပြောင်းမလဲဘူးဆိုရင် လက် ရှိပါတီ၊ လက်ရှိအစိုးရ ကိုတော့ ဒီထက် သန့်ရှင်းအောင် ဆောင်ရွက်ရမယ့် တာဝန် ခေါင်းဆောင်တွေမှာ ရှိနေပါတယ်။
လက်ရှိ အစိုးရရဲ့ ပါတီလည်း သန့်ရှင်းမယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လည်း ဒီထက် အင်အားတောင့်တင်းမယ်ဆိုရင် အနာဂတ်လည်း ရှိလာနိုင် ပါတယ်။

လတ်တလော ဖတ်နေရတဲ့ အားကစားလက်မှတ်တွေ မတန်တဆ မှောင် ခိုရောင်းချနေတာတွေဟာ အထက်လူကြီးတွေ မသိတာ မဖြစ်နိုင်သလို ဖြေ ရှင်းလို့ မရလောက်အောင် ခက်ခဲတာလည်း မဟုတ်ပါဘူး။ အကျင့်ပျက်သူ အားလုံးကို အလုပ်ဖြုတ်မယ်၊ ထောင်ချမယ်ဆိုရင်တော့ ကျန်ကောင်းကျန်ရာ ပဲ ကျန်တော့မှာပေါ့။ ဒါပေမဲ့ စံပြ အရေးယူပြလိုက်ရင် များများပျက်က နည်း နည်းပျက်၊ နည်းနည်းပျက်က ပပြောက်သွား ဖြစ်နိုင်ပါတယ်။

မြန်မာပြည် ပြန်ရောက်ခိုက် အခြေအနေတွေကို နဖူးတွေ့၊ ဒူးတွေ့ ကြုံလိုက် ရတော့ တရုတ်ကွန်မြူနစ်က ကွန်မြူနစ်အမည်သာ ကျန်ခဲ့ပြီး ကျင့်သုံး တဲ့ ပေါ်လစီက ကွန်မြူနစ် မဟုတ်တော့ဘူး။ ပုလင်းအဟောင်း၊ တံဆိပ် အဟောင်းထဲမှာ ဝိုင်အသစ်တွေနဲ့။
ကျွန်တော်တို့က ပုလင်းအသစ်၊ တဆိပ် အသစ်နဲ့ ထည့်ထားတဲ့ ဝိုင်က အရင်အတိုင်း အဟောင်းကြီး များ ဖြစ်နေလေဦးမလား ...လို့။ 

ငွေပဲသိသူအတွက် သမိုင်းဆိုတာ အုတ်ခဲဟောင်း


နေမင်းရဲ့ တော်ဝင်မြို့တော်တဲ့ ဟဲ့ ဟဲ့

ဒီကိစ္စမပြောခင် နေပြည်တော်ကို အင်္ဂလိပ်လို ပြန်ထားပုံအကြောင်းနဲ့ စချင်ပါ တယ်။ "The royal city of the Sun" လို့ စထရိတ်တိုင်းမ်မှာ တွေ့လိုက်ရ တယ်။ တကယ်တော့ ဒီကိစ္စကို ပညာရှင်တွေပြောတာက ပိုသင့်မှာပါ။ ကနဦးမှာ ရာဇဌာနီ=မင်းနေပြည်လို့ သုံးကြပါတယ်။ ပါဠိကို တိုက်ရိုက်မြန်မာ မှုပြုထားတာပါ။ မင်းနေပြည်ကနေ နေပြည်တော်။ ဒီမှာ နေ ဟာ the Sun ဆိုတဲ့ အဓိပ္ပါယ်ထက် နေထိုင်ခြင်း အဓိပ္ပါယ်ပိုရှိပါတယ်။ ဘုရင်ကိုနေနဲ့နှိုင်းတဲ့ ယဉ်ကျေးမှုရှိပေမဲ့ မူရင်းကိုလိုက်ရင် အဓိပ္ပါယ်သိပ်မကောင်းဘူးထင်ပါတယ်။ The royal city, The Capital (စူပါမားကက်နဲ့ ရောသွားမှာ စိုးလို့လားတော့ မသိ) ဆိုရသားနဲ့ (The royal city of the Sun ) နေမင်းရဲ့ တော် ဝင်မြို့တော်ဖြစ်သွားရော။ ကြီးကျယ်ချင်လွန်းတဲ့ ရောဂါအနုစားထင်ပါရဲ့။ ပညာရှင်သတ်မှတ်ခံထားရသူ တစ်ယောက်ယောက်က ပြောတာမဟုတ်ရင် စထရိတ်တိုင်းမ်က ထည့်မှာမ ဟုတ်ဘူး။



ငွေပဲသိသူအတွက် သမိုင်းဆိုတာ အုတ်ခဲဟောင်း

မလေးရှား၊ ပီနန်မြို့အနီးက ခေဒ (Kheda) မှာရှိတဲ့ ဘူဂျန်းဗဲလေး (Bujang Valley) အကြောင်းကို ကြားဖူးနေတာကြာပါပြီ။ အန်ကောဝပ်ထက် ရှေးကျ တဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ အဲဒီနယ်တစ်ဝိုက်မှာ တွေ့ရတယ်။ တချိန်က တမီးလ် မြို့တော်ဟောင်းလို့ ယူဆစရာရှိပြီး ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ကိုတောင် တွေ့ရတယ်လို့ ပီနန်ဆရာတော်ကြီးမိန့်ဖူးတာကို သတိရမိတယ်။ မလေး အစိုးရက ဖျက်းဆီးတဲ့အထဲလည်းမပါ၊ ထိမ်းသိမ်းတဲ့အထဲလည်း မပါ။
တွေ့ရှိမှုတွေကလည်း မောင်းထုတ်ပစ်ထားတဲ့ ဘာသာရေးအမွေ အနှစ်တွေ ဆိုတွေ့ တူးဖော်လို့ တွေ့ပြန်ပြီဆိုရင်တောင်
" အော်.. အင်း၊ဟုတ်လား.." လောက်ပဲ။
အခုတော့ အေဒီ ရှစ်ရာစုက ရှေးဟောင်း ဘုရားကျောင်းနံပါတ် ၁၁ နေရာကို ဖြိုပြီး ဆောက်လုပ်ရေးလုပ်မယ်ဆိုမှ သမိုင်းပညာရှင်တွေက ကန့်ကွက်လို့ အသံတွေထွက်လာတယ်။ ဆောက်လုပ်ရေး ကန်ထရိုက်က ဘာပြောလဲဆိုတော့ "သမိုင်းတန်ဖိုးရှိမှန်း မသိလို့" တဲ့။

အဲဒါ အရှေ့တောင်အာရှမှာ ရှေးအကျဆုံး ယဉ်ကျေးမှုအမွေအနှစ်တွေပါ။ ပုဂံထက် သုံးရာစုလောက် ရှေးကျပါတယ်။

အော်..အင်း...ဘယ်လိုပြောရပါ့


၂၀၁၂ လန်ဒန် အိုလံပစ်ပွဲတော် ပြီးတော့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါ တယ်။ စားပွဲတင် တင်းနစ်၊ ကြက်တောင်ရိုက် စတဲ့ အားကစားတချို့မှာ နိုင် ငံအသီးသီးကို ကိုယ်စားပြု ဝင်ပြိုင်ခဲ့ကြပေမဲ့ လူမျိုးအနေနဲ့ကြည့်ရင် အားလုံး က တရုတ်အနွယ်တွေချည်းပဲ။ ၂၄၀ ကျော်တယ် တဲ့။
လူမျိုးရေးစိတ် အလွန်ပြင်းတဲ့ ဂျာမဏီတောင် တရုတ် မလွတ်ခဲ့ဘူး။ ဒါက လက်ရှိ ဂလိုဘယ် ကမ္ဘာရဲ့ ရိုက်အားပဲ မဟုတ်လား။

ဒီနိုင်ငံထဲမှာ (တရားဝင်) မွေး၊ (တရားဝင်) ကြီး၊ (တရားဝင်)ကျောင်းတက်ခဲ့ သူတိုင်းဟာ ဒီနိုင်ငံသားပါပဲ။ ကုန်းဘောင်ခေတ် ပြန်မသွားသင့်တော့ဘူး။ ဂုဏ်ယူသင့်၊ အောင်ပွဲခံသင့်တယ် ထင်ပါတယ်။

Run, run, Team Myanmar, run


တစ်ခုခုများ ဖြစ်လေမလား? တကယ်စိုးရိမ်နေကြတာက နေပြည်တော်မှာဖြစ်ပြီး ဖြစ်သွားတော့ စင်္ကာပူ မှာဆိုတော့ အံ့ဩစရာ စိတ်မကောင်းစရာ ကြုံရပါတယ်။ စကားချိုချိုသုံးနေ ကြပေမဲ့ အာဏာပိုင်အဖွဲ့အစည်းကတော့ ဒါမျိုးကို လုံးဝသည်းခံမှာ မဟုတ် ပါဘူး။ ပါဝင်ပတ်သက်သူတွေလည်း သက်သာမယ် မဟုတ်ဘူး။ ကားကို ဆေးနဲ့ပက်ရုံနဲ့တောင် မသက်သာတာ မီးနဲ့ရှို့တဲ့အဆင့်ထိဆိုရင်ေ တာ့ စဉ်းစားစရာတောင် မလိုတော့ပါဘူး။ လူတန်းစားကွာဟမှု မကျေမ နပ်ဖြစ်ရာကနေ ပေါက်ကွဲလာတာလို့ နိုင်ငံခြားသတင်းစာက ဆိုပေမဲ့ အဓိက အကြောင်းကတော့ အရက်ဖြစ်ဖို့ များပါတယ်။

အခုထိတော့ နေပြည်တော်က အေးအေးဆေးဆေးပဲထင်ပါရဲ့။ ရွှေတံဆိပ် ၁၃ ခုနဲ့ ထိပ်ကပြေးနေတယ်။ ပွဲကော်မတီရဲ့ ဆိုက်ကိုလည်းပါပါလိမ့် မယ် ။ ခြင်းလုံးကို ရှေ့ကတင်ထားတော့ ဆုတံဆိပ် လုမယ့်သူ မရှိသလောက် နည်းသွားတယ်။ ဒါတောင် ထိုင်းက ရွှေ တစ်ခု ယူသွားသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆုတွေနဲ့ အားကစားသမားတွေရဲ့ ယုံကြည်မှု တည်ဆောက် သွားရင် ရနိုင်ပါလိမ့်မယ်။ ပရိသတ်က တို့က အိမ်ရှင်ဆိုတဲ့ စိတ်ကလေး မွေးထားရင် ဖော်ရွေတဲ့ မြန်မာ့ယဉ်ကျေးမှုကို (မီးပျက်သွားခဲ့ရင်တောင်) ပြသ ခွင့် ရကြမှာပါ။

ခြင်းလုံး


ဆီးဂိမ်းမှာ ပါလာမယ့် ခြင်းလုံးအကြောင်း အားကစားကဏ္ဍမှာ ရေးထားလို့ပါ။
အတိုက်အခံ အသင်းမရှိ၊ နည်းပြလည်း မရှိ တဲ့။ စွမ်းတဲ့မြန်မာတွေ ပြလို့ရမယ်။



စထရိတ်တိုင်းမ်က မြန်မာလိုတွေ ဖော်ပြနေတယ်။


ဒါ အရင်နေ့က (ဒီဇင်ဘာ ၃ ရက်) စထရိတ်တိုင်းမ်မှာ တွေ့လိုက်ရတဲ့ပုံပါ။ ဘယ်မှာ ရိုက်ထားလဲတော့ မသိ။ ချောင်းသာက ကောင်လေးတစ်ယောက် ပျောက်သွားကြောင်း၊ စစ်တပ်ထဲ ဖျာယောင်းပြီး ခေါ်သွားတာလို့ နောက်ဆုံးသိရကြောင်း စစ်သားစုစောင်းရေသမားက ကလေးတစ်ယောက် ရရင် ဒေါ်လာ ၃၀ နဲ့ ညီမျှတဲ့ငွေ၊ ဆန်၊ ဆီ စသည်လည်းရကြောင်း အခုတော့ ဒါမျိုးဆက်မလုပ်ဖို့ အစိုးရက ကတိပြုထားကြောင်း စသည် စသည် ပါ။ မှန်ရင်တော့ စစ်သားစုစောင်းရေ ဘစ်စနစ် ထိပြီပေါ့။ ကုသိုလ်ရချင်လို့ လို့ပဲ မှတ်လိုက်ကြပေါ့။

မသိမသာနဲ့ တက်လာပါပြီ


(ထိပ်ဆုံးအထိ မရောက်ခဲ့ရတောင် အလယ်အလတ်တော့ မကပါတယ်)

အလှူရေစက် လက်နဲ့မကွာမှာတော့ မြန်မာတွေ ကမ္ဘာမှာ တတိယလိုက်လာ ပါပြီ။ ဒါကတော့ ဒီနေ့ စထရိတ်တိုင်းမ်ပါ ယူကေအခြေစိုက် CAF(Charity Aid Foundation) ရဲ့ ထုတ်ပြန်ချက်သတင်းပါ။ သူတို့က ကိုယ်မသိတဲ့ လူ စိမ်းတွေအပေါ် Volunteering (လုပ်အားပေး), donating(လှူဒါန်း) and helping(အကူအညီပေး) အချက်သုံးချက်ကိုမူတည်ပြီး စစ်တန်းယူထားတာ လို့ သိရပါတယ်။ ကုသိုလ်ကံတွေပါ။
၁။ အမေရိက
၂။ ကနေဒါ
၃။ မြန်မာ။ (ဆင်းရဲနေတဲ့ကြားက မဟုတ်တဲ့နေရာတွေတောင် လှူကြလွန်း လို့၊ ချမ်းသာလာလို့ ဟုတ်တဲ့နေရာဆိုရင်တော့ ပြောမနေနဲ့)
(ကနေဒါ၊ မြန်မာ၊ နယူးဇီလန်က နံပါတ် နှစ်မှာ ပူးတွဲတွေပါ)

data on  Charity Aid Foundation


ဒီနောက်မှာ နယူးဇီလန်၊ ယူကေ၊ အောစတေးလျ၊ နယ်သာလန် တို့ပါလာပါ တယ်။ ထိုင်း ၃၈၊ လာအို ၄၂၊ စင်္ကာပူ ၆၄ တဲ့။ (ကာတာက နံပါတ် ၉ ချိတ် ပါတယ်)

အဆိုးဆုံးကနေလည်း တက်လာပြီ

ဒါကတော့ TI လို့ခေါ်တဲ့ Transparency International (နိုင်ငံတကာ ပွင့် လင်းမြင်သာအဖွဲ့လို့ ဆိုရမလား မသိ၊ ကိုကိုကြီးတို့လိုလေ) ရဲ့ အကျင့်ပျက်မှု အနည်းဆုံး၊ အများဆုံး နိုင်ငံတွေ စစ်တန်းပါ။
ရှေ့ဆုံးကတော့ ထုံးစံအတိုင်း လူကြီးလူကောင်းတွေ ဖြစ်ကြတဲ့ စကင်နေးဗီး ယန်းနိုင်ငံတွေ အများစုပါ။
ဒိန်းမတ်၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ နဲ့ စင်္ကာပူတဲ့။

ဝမ်းသာစရာက (နိုင်ငံတွင်းမှာတော့ သိပ်မသိသာသေးဘူး ထင်တယ်) အ ကျင့်ပျက်မှု အများဆုံး(၁၀) နိုင်ငံမှာ မြန်မာ မပါတော့တာပဲ ဖြစ်ပါတယ်။ TI (Transparency International) အဖွဲ့ မျက်စေ့မှောက်သွားတာ (Overlook) မဟုတ်ရင် ဝမ်းသာစရာပဲပေါ့။
Have a nice day!


ဒါနဲ့ ..မထင်ရဘူး။ ဆရာကြီး ဆိုကရေးတီးနဲ့ ပလေတိုတို့ ဆရာတပည့်နိုင်ငံက ကပ်စေးအနည်းဆုံး တဲ့။ လူချင်းမသိရင် ဘာအကူအညီမှ မရလောက်ဘူး။ မသွားကြနဲ့။
The index found that the United States was the most generous country on earth,
followed in joint second place by Canada, Burma and New Zealand, with Ireland in fifth place.
The next five most generous countries were the UK, Australia, Netherlands, Qatar and Sri Lanka respectively.

Greece was bottom of the World Giving Index with Croatia just above them.

စီးပွားရေး လုပ်ရခက်တဲ့ နိုင်ငံ


ရဟန်းနှင့် စီးပွားရေးမဆိုင်လှသော်လည်း ဆိုင်သလောက်လေးတော့ ပြောပြ ချင်ပါသည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ (Wesak Day) ကာလဝန်းကျင်၌ စင်္ကာပူ မှာလည်း ပူသည်၊ အထူးသဖြင့် လူစုလူဝေးထဲမှာ ပို၍ ပူပါသည်။
ထို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ လာသမျှလူတိုင်းကို ယပ်တောင် တစ်ချောင်းစီဝေရန် မြန်မာပြည် သာရေးနာရေးများမှာ ကမ်းတတ်သည့် ပလပ်စတစ် ယပ်ေ တာင်များ မြန်မာပြည်မှ မှာယူဖို့ စိတ်ကူးမိကြသည်။
မြန်မာပြည်ရောက်ခိုက် အချောင်းရေ တစ်သောင်းမှာယူသည်။
နိုင်ငံတိုင်း မှာ ပစ္စည်းများများဝယ်လေလေ ဈေးချိုလေလေဖြစ်၏။ သင်သိပါ သလား။ ကျွန်ုပ်တို့ ရွှေနိုင်ငံတော်ကြီးကား ထူးဆန်းလှ၏။ ပစ္စည်းများများ ဝယ်ရာ ၌ ဈေးမချိုသည့် အပြင် ဈေးပိုကြီးသွားလေတော့သည်။

ယုတ္တိမရှိဟု မဆိုပါနှင့်၊ သူ့ယုတ္တိနဲ့သူတော့ ရှိသည်။ ဆိုင်များက မြန်မာတွေ ဝယ်နေကျ ရာဂဏန်းမျှသာ ကုန်ကြမ်းတင်ထား နိုင်ကြသည်။ တစ်သောင်း ဟုဆိုရာ လက်တွန့်သွားကြ၏၊ လက်ပင်မခံရဲ။ သူများဆိုင်မှ (သို့) သူများဆိုင် များမှ တဆင့်ယူရမည်ဖြစ်သောကြောင့်ဟု ဆိုကြသည်။ ကံကောင်းသည်ဟု ဆိုရမည်၊ အော်ဒါကို လက်ခံရဲသူကို တွေ့ခဲ့၏။ တစ်သောင်းယူယူသဖြင့် ဈေးချိုခြင်းမျိုးတော့ လုံးဝ မရှိကြောင်း ဝန်ခံရဲပါ သည်။ အနည်းငယ်ပင် ဈေးကြီးသွားသေး၏။
တရုတ်ကော်မတီက ရယ်ကြ၏။ ရယ်လည်း မတတ်နိုင်၊ ရောပြီးရယ်လိုက် ရုံသာ ရှိတော့သည်။

ကွန်ကရစ်လမ်းမကြီးပေါ် ဖြန့်ခင်းနေမိသည့် လူပြောသူပြော ဒီမိုကရေစီ

(မဖတ်ရသေးသူတွေအတွက် ထပ်တင်ပေးလိုက်တဲ့ သရော်သံစွက် ဆောင်း ပါးလေးပါ။ နောက်ပြီး အခုတလော ကွန်ကရစ်လမ်းမကြီးက လူပြောလည်း များနေတယ်၊ ဒီ ဆောင်းပါးကို မနှစ်က ဂျူလိုင်လထဲမှာ တင်ထားခဲ့တာပါ)

နေပြည်တော်ဘဝက ဈာန်လျောခဲ့ရတဲ့ ရန်ကုန်ကနေ သရဖူဆောင်းထား တဲ့ နေပြည်တော်အသစ်နဲ့ ကုန်းဘောင်မြို့တော်ကြီးဆီ မြင်းဖြူကြီး တစ်ေ ကာင်လို ထွက်ပြေးသွားတဲ့ အဝေးပြေးလမ်းမကြီးနဲ့ ရေစက်ဆုံရဖို့ အကြောင်းနှစ်ချက်က ဖန်တီးပေးလိုက်တယ်။ လေယာဉ်လက်မှတ်ဝယ်ဖို့ မှတ်ပုံတင်ရုတ်တရက် ရှာလို့မတွေ့တာရယ်၊ မြန်မာပြည်ရောက်တုန်း သူ့ကား ကို ကြိုက်သလို၊ ကြိုက်သလောက်သုံးဆိုတဲ့ အကိုကြီးတစ်ယောက် ရဲ့ ရက်ရောမှုရယ်ကြောင့်ပါ။
ကိုယ့်နိုင်ငံနဲ့ (၇) နှစ်ကျော်ကျော် ဝေးကွာနေရသူအဖို့ ရန်ကုန်=မန္တလေး လမ်းမကြီးရဲ့ ဝဲယာရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုခွင့်ရဖို့ အခွင့်ထူးကြီး တစ်ခုပါပဲ။

အဲဒီအဝေးပြေးလမ်းမကြီးကို တစ်ချို့က အဝေးပြေးအမြန်လမ်းမကြီး လို့ လည်း ခေါ်ကြတယ်။ တကယ်ဆို ကားကမြန်လို့ရပေမယ့် လမ်းမကြီး ကတော့ မြန်လို့မရပါဘူးလို့ ကပ်သီးကပ်သပ်စဉ်းစားမိရင်း Express Way ဆိုတဲ့ အင်္ဂလိပ်စကားကို သတိရမိလို့ ဒီလိုဆိုတော့လည်း ဟုတ်တုတ် တုတ်လို့ တွေးမိတယ်။ ဒီလမ်းမကြီးက တကယ့်ကို အမြန်လမ်းမကြီးပါ။

ဒီလမ်းမကြီးကို ကန့်သတ်ထားတဲ့ အချိန်အတိုင်း အမြန်ပြီးအောင် ခင်းထား ရပုံလည်းရတယ်။ ကားလမ်းမတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ မြေတစ် ထပ် ၊ ကျောက်ကြမ်းတစ်ထပ်၊ သဲတစ်ထပ်၊ ကျောက်ချော ကတ္တရာတစ်ထပ် ဆိုတာတွေ မတွေ့မိဘူး။ ကားလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ အရွယ် မတိုင်မီ ဇရာဝင်လာလို့ ပေါက်ပြဲစပြုနေကြပြီ။ အချိန်နဲ့အမှီ ပြီးစီးအောင် အမြန်ခင်းထားရလို့ ဒီလမ်းကို အမြန်လမ်းလို့ ခေါ်ရင်လည်း ရနိုင်လိမ့်မယ် လို့ထင်တယ်။

ဒါတင်ဘယ်ကမလဲ၊ အမြန်ခင်းထားတဲ့အတိုင်း အမြန်လည်း ပေါက်ပြဲနေတာ မို့ အမြန်လမ်းလို့ ခေါ်မယ်ဆိုရင် ခေါ်လို့ရနိုင်တာပဲ မဟုတ်လား။ ဘယ်လိုပဲ အဓိပ္ပါယ်ကောက်ကောက် ဒီလမ်းမကြီးဟာ အဝေးပြေး အမြန်လမ်းမကြီးပါ။

လမ်းမကြီးက ဖြောင့်ဖြူးနေရုံတင်မကဘူး၊ သစ်ပင်ဝါးပင်ကြီးတွေပါ ရှင်းေ နတော့ (နဂိုက မရှိတာလား၊ ခုတ်လှဲပစ်ထားတာလားတော့ မသိဘူး) ဝဲယာကိုသာမက ရှေ့နောက်ကိုလည်း မျက်စေ့တစ်ဆုံး လှည့်ကြည့်ရတယ်။ ကားတစ်စီးနဲ့တစ်စီး တော်တော်အဆက်ကျဲနေတာ သတိထားမိလို့ ကားဆ ရာကို မေးကြည့်တော့ အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ကားကြီးတွေေ မာင်းခွင့်မပြုဘူးတဲ့။ အကြောင်းကတော့ အမြန်လမ်းမကြီးပျက်စီးမှာ စိုးရိမ် ရလို့တဲ့။
ကျွန်တော့်အတွက် တော်တော်ထူးဆန်းတဲ့သတင်း ဖြစ်သွားတယ်။ ဒီလမ်းမ ကြီးရဲ့ ဥပဒေအရ ကုန်တင်ကားကြီးတွေဟာ နွားလှည်း၊ မြင်းလှည်းစာရင်းထဲ ပါသွားတော့တယ်။ ကုန်တင်ကားကြီးတွေက
"ငါတို့မသွားလည်း မင်းတို့လမ်းက ပျက်နေပါပြီကွာ" လို့ စကားများပြောတတ်ရင် ပြောလေမလားလို့ စဉ်းစားမိရင်း ပြုံးမိသေးတယ်။

ဒါတင်မကပါဘူး၊ ကုန်တင်ကားကြီးတွေ တစ်ဝီဝီပြေးနေတဲ့ စင်္ကာပူ-မလေး ရှား အဝေးပြေးလမ်းမတွေ၊ မလေးရှား၊ ထိုင်းတို့မှာရှိတဲ့ အဝေးပြေး လမ်းမ ကြီးတွေကို မဆီမဆိုင်ပြေးလို့ မြင်မိသေးတယ်။

ကျွန်တော်တို့လမ်းမကြီးရဲ့ ထူးခြားချက်က ကွန်ကရစ်တွေ အပြည့်ခင်း ထားခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကား တာယာတော်တော် ချမ်းသာ တဲ့ နိုင်ငံပေပဲလို့ တွေးမိပြန်သေးတယ်။ ဒီအတွေးဟာ သိပ်ပြီး ယုတ္တိမရှိ လှကြောင်း စင်္ကာပူပြန်ရောက်မှ သိခွင့်ရခဲ့တယ်။ မြန်မာပြည်ကထုတ်တဲ့ ဘိလပ်မြေတွေ သုံးစွဲခွင့်ရအောင် ဘိလပ်မြေပဲ ခင်းထားရသတဲ့။ ပြည် တွင်းဖြစ်ကို အားပေးရမှာပေါ့လေလို့ပဲ အောင့်သက်သက် နဲ့ ယောနိသော မနသိကာရ ပွားလိုက်မိပါတယ်။ ပြည်တွင်းဖြစ် ဘိလပ်မြေကို အားပေးသလို ကားတာယာတွေပါ ပြည်တွင်းမှာထုတ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ မဆီ မဆိုင်တွေးမိပြန်သေးတယ်။
အဲဒီ ကားတာယာတွေက ဘိလပ်မြေတွေထက် အရည်အသွေး ပိုကောင်း မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပဲပေါ့။

နှစ်လမ်းပြိုင်ကားလမ်းတွေသာ ခင်းထားပေမယ့် လမ်းမကြီးကို ကြည့်ရတာ ကတော့ လေးလမ်းပြိုင် လမ်းမကြီးအသွင်ကို ဆောင်နေ ပါတယ် ။ လောေ လာဆယ် ကားအသွားအလာ၊ ကုန်တင်ကားကြီးတွေ မမောင်းရဆိုတဲ့ ဥပဒေနဲ့သာဆိုရင်တော့ လေးလမ်းပြိုင်စရာ မလိုသေးပါဘူး။ နှစ်လမ်းဆိုရင် ပဲ တော်တော်လေး လုံလောက်နေပါပြီ။

လေးလမ်းခင်းမယ်ဆိုရင်လည်း သိပ်မဆိုးလှတဲ့စိတ်ကူးလို့ ပြောရမယ်ထင် တယ်။ အခုမောင်းနေတဲ့ လမ်းတွေပျက်နေတုန်း အသစ်ခင်းမယ့် လမ်းတွေေ ပါ် ပြောင်းပြီးမောင်းလို့ရတာပေါ့။ ဒီအကြံက အင်တာနေရှင်နယ်တော့ ဖြစ် မှာမဟုတ်ဘူးပေါ့လေ။ အင်တာနေရှင်နယ်မဖြစ်လည်း ကိစ္စတော့မရှိပါဘူး။ ဒီလမ်းမရဲ့ ဖောင်ဒေးရှင်းနဲ့ ဘိလပ်မြေတွေကလည်း အင်တာနေရှင်နယ်မှ မဟုတ်တာပဲ။ ကွန်ကရစ်လမ်းမကြီးရဲ့ဝဲယာမှာ ပေါက်တူးလေးတွေနဲ့ ဘာ လုပ်နေမှန်းမသိတဲ့ လက်မောင်းပိန်ပိန် အမျိုးသမီးတစ်ချို့ကိုလည်း မကြာ မကြာ တွေရတတ်တယ်။ သူမတို့က မြက်ပင်ကို ပေါက်နေကြတာလား၊ မြေညှိနေကြတာလားဆိုတာ မရှင်းလှပေမယ့် မိုင်ငါးရာကျော်ရှည်တဲ့ လမ်းမကြီးကို ထိန်းသိမ်းဖို့တော့ အဲဒီ လက်မောင်းလေးတွေရဲ့ ခွန်အားနဲ့ မလုံလောက်နိုင်ဘူး။

စိတ်မကောင်းစရာကောင်းတာက လမ်းမကြီးပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ ကား အက် ဆီးဒင့်ကိစ္စတွေပါပဲ။ ကားသမားတွေကို စေတနာကောင်းကောင်းနဲ့ သတိပေး ဖို့ အာဏာပိုင်တွေက ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ နေရာတိုင်းမှာ ပုံတူကားချပ် ကြီးတွေနဲ့ ထင်သာမြင်သာအောင် ပြထားတတ်တယ်။ ကျေးဇူး တင်စရာေ ကာင်းတယ်။ ဒါပေမယ့် စိတ်မကောင်းဘူး။

ကျွန်တော်တို့ လူမျိုးတစ်ချို့ဟာ လမ်းမကောင်းကောင်းတွေနဲ့ မထိုက် တန်သေးဘူး။ တဒုန်းဒုန်း ခုန်နေတဲ့ လမ်းပေါ်ကနေ ညက်ညောတဲ့လမ်းပေါ် တင်ပေးလိုက်တော့ ပေါ့လျော့မှု၊ ငိုက်မြည်းမှုတွေ ဖြစ်ကုန်ကြတယ်။ ဒီလိုနဲ့ ရင်ဆိုင်တိုက်စရာ ကားမရှိတာတောင် သစ်ပင်ကို ဝင်တိုက်သူက တိုက်၊ အုတ်ခုံကို ဝင်ဆောင့်သူက ဆောင့်၊ ချောက်ထဲကို မောင်းချသူက မောင်းချ။

ကားသမားတစ်ချို့ဟာ လမ်းဖြောင့်လမ်းကောင်းနဲ့ မထိုက်တန်သေးဘူး။ သဘောမတူရင် တောင်းပန်ပါရစေ။

ကျွန်တော်တို့နဲ့ ဒီမိုကရေစီဆိုတာကရော။

ကျွန်တော်ရေးချင်တဲ့အကြောင်း အခုမှပဲ ရောက်လာပါတော့တယ်။
လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ တောင်းဆိုခွင့်စတဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေတာတွေကို ပြည်သူကတောင်းလို့ အစိုးရကပေးရင် ရနိုင်တယ်။ ဒါပေမယ့် ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ ဘယ်အစိုးရဆီမှာမှ မရှိလို့ ဘယ်အစိုးရကမှလည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီမိုကရေစီဆိုတာ ဖော်ရွေပျူငှာတဲ့ အစိုးရရဲ့ ပုံဆောင်မှုဆိုတဲ့ ဆရာကြီး ဆိုကရေးတီးကို ကြိမ်တစ်ချောင်းနဲ့ ထိန်းကြောင်းပေးနေတဲ့ စင်္ကာပူရဲ့ ဒီမို ကရေစီပုံသဏ္ဍာန်က ခပ်ဟဟ ပျက်ရယ်ပြုနေပါတယ်။

တစ်ခါက သမိုင်းနဲ့ အနောက်တက္ကသိုလ်ကြီးတစ်ခုက ဘွဲ့ရထားတဲ့ ဒေါက် တာတစ်ယောက်ရဲ့ လက်ချာကို မှတ်သားခဲ့ရဖူးတယ်။ သူဆွဲလိုက်တဲ့ ကောက်ချက်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ အာရှနိုင်ငံတွေဟာ အနောက်နိုင်ငံတွေလောက် အချိန်မကြာဘူးလို့ ဆို ပါ တယ်။ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူတို့ကို ထောက်ပြပါတယ်။ ပြီးတော့ စင်္ကာပူနဲ့ အမေရိကတို့ရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလကို ထောက်ပြတယ်။ အမေရိကရဲ့ ဒီမိုကရေစီက နှစ်ရာချီပြီး ကြာခဲ့ပေမယ့် စင်္ကာပူရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကတော့ ဆယ်စုနှစ်တွေ အတွင်းမှာပဲ အလုပ်ဖြစ်သွားခဲ့တဲ့အကြောင်းနဲ့ အဓိကအချက်ကတော့ အာရှတိုက်ရဲ့ မိသာစု ဗဟိုပြုယဉ်ကျေးမှု (Family oriented culture) ကြောင့်လို့ ဆိုပါ တယ်။

ဒီမိုကရေစီအကြောင်းပြောရင် အိမ်နီးချင်း အိန္ဒိယကလည်း စွာကျယ် စွာ ကျယ် ထလုပ်တတ်တယ်။ ပထမဆုံး ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခု အနေနဲ့ပေါ့။

ဒါပေမယ့် နာမည်တူ “ဒီမိုကရေစီ” အောက်မှာ ကွဲပြားနေတဲ့ အသွေးအရောင်တွေ ရှိနေပါတယ်။

စင်္ကာပူရဲ့ ဒီမိုကရေစီက ပြောလို့မရရင် ကြိမ်နဲ့ရိုက်တယ်။ ဘာသာတရားတွေ ကို နှိုင်းယှဉ်ပြတဲ့ Religious Comparison သင်ခွင့်မရှိဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့် မရှိဘူး။ ဆန္ဒပြချင်ရင် ခွင့်ပြုမိန့် ယူရတယ်။ သက်မှတ်ပေးထားတဲ့ နေရာမှာပဲ ဆန္ဒပြကြရတယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက လူကို မပြောနဲ့ နွားကိုတောင် ကြိမ်နဲ့ရိုက်ခွင့် မရှိဘူး။ ကမ္ဘာပေါ် ရှိရှိသမျှ ဘာသာတရားတွေအားလုံး အိန္ဒိယမှာ အစပျိုးတယ်လို့ ယုံကြည်ထားကြတော့ ဘာမှ ပြဿနာမရှိဘူး။ အချိန်မရွေး ကြေငြာပြီး ဆန္ဒပြခွင့် ရှိကြတယ်။ အကြီးအသေးပဲ ကွာမယ်၊ နေ့တိုင်း နေရာတိုင်းမှာ လိုလို ဆန္ဒပြမှုတွေ ရှိနေတတ်တယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက ပိုပြီး လွတ်လပ်တယ်။ ဒါပေမယ့် လမ်းပေါ်မှာ သွားလာနေတဲ့ နွားတွေက ယဉ်ကြောကို ပိတ်စို့စေတယ်။ နွားချေးတွေနဲ့ လမ်းကို ညစ်ပေစေတယ်။ ထစ်ကနဲဆို လမ်းပေါ်ထွက်ထွက်ပြီး ဆန္ဒပြနေ ကြတော့ (တစ်ချို့ကိစ္စတွေက ဘာမှ မပြောပလောက်ဘူး) ပြည်သူ တစ် ရပ်လုံးရဲ့ နေ့စဉ်လုပ်ငန်းတွေကို ထိခိုက်စေ၊ နွေးကွေးစေတယ်။

အထက်ဖော်ပြပါ ဆရာကြီးရဲ့ အယူအဆကို သဘောမတွေ့မိတော့ ဘူး ။ နိုင်ငံရေးပညာရှင်တွေရဲ့ အယူအဆအရ ဘယ်နိုင်ငံက ကျင့်သုံးတဲ့ ဒီမို ကရေစီမှ မပြည့်စုံဘူး။ လိုအပ်ချက်တွေနဲ့ ချည်းပဲ။ ဒါပေမယ့် ကျင့်သုံးရင်း ၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ ပိုပြီး ရင့်ကျက်တဲ့ ဒီမိုကရေစီဖြစ်အောင် တစ်ဖြည်းဖြည်းပဲ သွားလို့ ရမယ်။ လူထောက်ပြတဲ့ စင်္ကာပူရဲ့ ဒီမိုကရေစီနဲ့ အမေရိကရဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးခြားနားချက်တွေဟာ အများကြီးပါ။ ဒီမိုကရေစီဆိုတဲ့ နာမည်တူရုံနဲ့ တန်ဖိုးတူမသွားပါဘူး။

အသောကမင်းကြီးရဲ့ မွေးရပ်မြေမှာ ဆင်းရဲသားဦးရေတွေ၊ အလုပ်လက် မဲ့တွေ၊ အခြေခံပညာ သင်ခွင့်မရတဲ့ ကလေးတွေ တိုးပွားလာတာနဲ့ ဆိုကရေး တီးတို့ ပလေတိုတို့ရဲ့ မွေးရပ်မြေနိုင်ငံကြီး ပုံပျက်ပန်းပျက် ပြိုလဲနေပုံကို ကြည့်ရင်း ဒီမိုကရေစီစနစ်ဆိုတာလည်း လွတ်လပ်တာကလွဲလို့ လိုတရ မန္တာန်တစ်ခု မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထားနိုင်ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီပုံစံက မျက်စိနောက်စရာ ကောင်းသလို စင်္ကာပူရဲ့ ဒီမိုကရေစီပုံစံကလည်း မလွတ်မလပ်နဲ့ ခပ်ကျပ်ကျပ်ပါပဲ။ အမေရိကရဲ့ ဒီမို ကရေစီမျိုးဆိုရင်လည်း အဝေးပြေးလမ်းမကြီးပေါ်က ကား အက်ဆီးဒင့်တွေ က ခပ်တိုးတိုး သတိပေးနေပြန်ပါရော။

ကျွန်တော်တို့နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဒီမိုကရေစီရဲ့ ပုံသဏ္ဍာန်က ဘယ်လို များ ဖြစ်လာမှာပါလိမ့်။ ကျင့်သုံးရင်း၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ပဲ ပုံပေါ်လာမယ် လို့ ထင်ပါတယ်။

အာဏာရှင်တွေ အရှုံးပေးရတာက ဒီမိုကရေစီ။
ဒီမိုကရေစီ အရှုံးပေးရတာက နိုင်ငံရဲ့ ယဉ်ကျေးမှု။
နိုင်ငံရဲ့ ယဉ်ကျေးမှု အရှုံးပေးရတာက ဂလိုဘယ် ဆန်လာမှု။

နုနုနယ်နယ် ဒီမိုကရေစီလမ်းမနဲ့ ပတ်သက်လို့ စိုးရိမ်မိတာကတော့ …
၁။ ဖောင်ဒေးရှင်းမကောင်းတဲ့ အဝေးပြေးလမ်းမကြီးလိုဖြစ်မှာ
၂။ အဆင့်မှီသည်ဖြစ်စေ၊ မမှီသည်ဖြစ်စေ ပြည်တွင်းဖြစ် ဘိလပ်မြေကိုပဲ သုံးရမယ်ဆိုတဲ့ သဘာဝမကျတဲ့ အမိန့်တွေ
၃။ ကားလမ်းမပေါ်မှာ ကုန်တင်ကားတွေ မမောင်းရဆိုတဲ့ အဆင့်ခွဲခြားတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေ
၎။ လွတ်လပ်မှုရလေလေ ထိမ်းချုပ်စရာတွေ ပိုများလေလေဆိုတဲ့ ဒီမို ကရေစီရဲ့ တန်ဖိုးကို မျက်ကွယ်ပြုပြီး မေ့မေ့လျော့လျော့နဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင်း ကြုံတွေ့ရလာနိုင်တဲ့ ကားအက်ဆီးဒင့်လို ဟာတွေ …
ဒါတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်။

ကားလမ်းမကြီးက ပြင်လို့ လွယ်ပေမယ့် နိုင်ငံတော်ရဲ့ မူဝါဒ၊ လူထုရဲ့ စိတ်နေစရိုတ်နဲ့ အပြုအမူက ပြင်ဖို့ ခက်တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မြန်မာတွေ ပြောပြောနေတတ်တဲ့ “ငါတို့ မြန်မာတွေ မညံ့ဘူး” ဆိုတာကို ယုံကြည်ထားမိတယ်။

အဲ … ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ကောက်ရိုးပုံဘေး ဆေးလိပ် ထိုင်သောက်တာတော့ မမိုက်လှဘူးပေါ့ဗျာ။

“ကား” ကနဲ့ “ဖုန်း” ဆို ကျသွားတော့…

(ရန်ကုန်က ပြန်လာတဲ့ အစ်မကြီးတစ်ယောက်ရဲ့ ကားလမ်းပိတ်ဆို့နေပုံ ဇာတ် လမ်းရှည်ကို နားထောင်လိုက်ရပြီး ရန်ကုန်အမှတ်တရ ဒီဆောင်းပါးဟောင်း ကို ပြန်တင်လိုက်ပါတယ်။ ဆောင်းပါးဟောင်းမို့ အချက်အလက်တချို့လက်ရှိ အနေအထားနဲ့ ကွဲလွဲနေပါလိမ့်မယ်)

မြို့တော်အသစ်အဟောင်းများရှိတဲ့ နိုင်ငံတော်ကြီးဆီကို မပြန်မီလေးမှာ တင် ပဲ Singtel က ဖုန်းဆက်ပြီး mio TV နဲ့ အင်တာနက်လိုင်းတွေ အဆင်ပြေရဲ့ လား၊ ပညာရှင်တစ်ယောက်ယောက် လာရောက် စစ်ဆေးကြည့်ပေးဖို့ လို အပ်ပါသလားလို့ မေးပါတယ်။ ပြဿနာတော့ ကြီးကြီးမားမား မရှိလှကြောင်း၊ လာရောက် ကြည့်ရှုမယ်ဆိုရင် ဘယ်အချိန်မှာ လာရောက်မလဲလို့ မေးေ တာ့ နေ့ခင်း (၁၂) နာရီကနေ (၃) နာရီအတွင်း လာမယ်လို့ ဖြေကြားတယ်။

နောက်တစ်နေ့မှာ သူရောက်လာတယ်။ မီယိုတီဗွီနဲ့ အင်တာနက် (ဝက်ဘ် ဆိုက်) နှစ်မျိုးစလုံး မော်ဒန်းတစ်ခုထဲကနေပဲ သုံးနေတော့ တီဗွီမှာ အနည်း ငယ်ထစ်တာမျိုး၊ အင်တာနက်တက်တာ အနည်းငယ် နှေးနေတာ မျိုး ဖြစ် တတ်ကြောင်း သူက ရှင်းပြ တယ်။ သူကပြောပေမယ့် နှစ်ခုလုံး ပြဿနာ ကြီးကြီးမားမားတော့ မရှိခဲ့ဖူးပါဘူး။ ပြီးတော့ သူက ဆက်ပြောပြတယ်။ mio တီဗွီမှာ မော်ဒန်းတစ်လုံး၊ အင်တာနက်အတွက် မော်ဒန်းတစ်လုံး သီးသန့်စီ ထားသင့်ကြောင်း၊ Singtel ကို ဖုန်းဆက်ရင် မော်ဒန်းအသစ် အလကား လာရောက်တပ်ဆင်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောပြရှာတယ်။

ကျနော်ကလည်း ဒီအတိုင်း အလုပ်ဖြစ်နေတော့ သူတို့က အလကား လာ ဆင်ပေးရင်တောင် နောက်ထပ် မော်ဒန်းတစ်လုံး စားပွဲပေါ်မှာ ရှုတ်နေတာ မျိုး မဖြစ်ချင်တာနဲ့
“ကိစ္စမရှိပါဘူး။ ကျေးဇူးပါ။ လိုအပ်ရင် ဖုန်းဆက်ပါ့မယ်”
လို့ ပြောတော့
“ဆင်းတဲ(လ်) က အကောင်းဆုံး ဝန်ဆောင်မှု ပေးချင်လို့ပါ” လို့ ပြောသွားပါသေးရဲ့။

ပထမဆုံး ကျွန်တော် ဆွေးနွေးချင်တာက ဒီကိစ္စပါ။ မျက်စေ့နဲ့ မမြင်ရပေမယ့် အင်တာနက်လိုင်းတွေဟာလည်း လိုတာထက် ပိုသုံးရင် ရှုတ်ထွေးပြီး အဆင် မပြေမှု များစွာ ဖြစ်သွားနိုင်ပါတယ်။

မြို့တော်အသစ်၊ အဟောင်းတွေနဲ့ နိုင်ငံတော်ကြီးဆီ အလည်မပြန်မီ လ ပိုင်းလေးအတွင်းမှာပဲ (၂) သိန်းတန် ဖုန်းတွေ ရောင်းချပေးခဲ့ပါတယ်။ ငါးထောင်တန် ဖုန်းတွေကတော့ ပြောသာပြောနေကြပေမယ့် လက်တွေ့ တကယ်ဖြစ်လာဖို့ အချိန်လိုလိမ့်ဦးမယ်လို့ ထင်ပါတယ်။ နှစ်သိန်းတန် ဖုန်းတွေ ထုတ်ပေးလိုက်တဲ့နောက် ဖုန်းကိုင်နိုင်လာတဲ့ လူဦးရေ ဘယ်နှစ် သန်း တိုးလာသလဲဆိုတာ တိတိကျကျ မသိရပေမယ့် သန်းချီပြီး တိုးလာ မယ် လို့တော့ ခန့်မှန်းလို့ ရတယ်။ အဲ့ဒီအခါမှာ ဖြစ်လာ မယ့် ပြဿနာက ကွန်နက်ရှင်းကိစ္စပါ။ လိုင်းတွေ ပူးကြပ်နေတော့ ဈေးချိုတဲ့ဖုန်းတွေ ဝင်လာ ရင် စောစော က ဈေးကြီး ပေး ဝယ်ထား ရ တဲ့ ဖုန်းလိုင်းကိုပဲ လာရောက် ထိခိုက်ပါလိမ့်မယ်။ အဲ့သလိုဖြစ်လာရင်
“လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံ ပါတ်မှာ” ဆိုတဲ့ အမျိုးသမီး ပိုပြီး အလုပ်များ လာစရာ ရှိပါတယ်။

ကျနော့်အတွေးထဲမှာတော့ ငါးထောင်တန်တွေ ဖုန်းတွေများ ထပ်ပြီး ရောင်း ချပေးခဲ့ရင်ဆိုတာနဲ့ “လူကြီးမင်း ခေါ် ဆိုသော”ဆိုတဲ့ အမျိုးသမီးအသံ ထပ်တလဲလဲ ကြားနေမိပါတယ်။

ဒီခေတ်ကြီးထဲမှာ ဟန်းဖုန်းတစ်လုံး ပိုင်ဆိုင်မှုဆိုတာ အမှန်တကယ် လိုအပ် တဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလို ဖုန်းတွေ ဈေးပေါပေါနဲ့ မရောင်းခင် အစိုးရက အမှန်တကယ် လုပ်ပေးရမှာက နည်းပညာအကူအညီနဲ့ ကွန်နက်ရှင်းတွေ ပိုအားကောင်းလာအောင် လုပ်ပေးဖို့ပါ။ မယုံမရှိပါနဲ့၊ ကျနော့်အရှေ့မှာ ထိုင်နေတဲ့ ညီအစ်မ နှစ်ယောက်က မြန်မာပြည်ရဲ့ ဖုန်းလိုင်း ဆက်သွယ် ချက် ကို သရုပ်ပြတဲ့အနေနဲ့ ကျနော့်ရှေ့မှာ ထိုင်ရင်း တစ်ယောက်ရဲ့ ဖုန်းကို နောက်တစ်ယောက်က ခေါ်ပြပါတယ်။ သူတို့ ညီအစ်မနှစ်ယောက် ရဲ့ အကွာအဝေးက တိုးတိုးလေး ပြောတာတောင် ကြားနိုင်ပါတယ်။ ခေါ်နေရင်း “လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ” ဆိုတဲ့ အမျိုးသမီးရဲ့ သနားစဖွယ်အသံကို ကြားလိုက်ရလို့ အားပါးတရ ရယ်မိကြပါသေး တယ်။ ငါးထောင်တန် ဖုန်းတွေများ ပေါ်လာခဲ့ရင် …။

မတွေးရဲတော့လို့ ရပ်ထားလိုက်မိတယ်။

မြို့တော်ဟောင်းကို ကျွန်တော်တို့ ရောက်ပြီး ဒုတိယနေ့မှာ ဟော့တ်ဖြစ်ေ နတဲ့ သတင်းက ကားပါမစ်သတင်းနဲ့ ကားဈေးတွေ ထိုးကျသွားတဲ့ သတင်း ပါ။ နိုင်ငံခြားငွေတစ်သောင်း ဘဏ်ထဲမှာ ရှိရင် ပါမစ်မလိုဘဲ ကားတင်သွင်း ခွင့်စတာတွေနဲ့ သတင်းတူဂျာနယ်ကွဲတွေ ဝဲပျံနေကြတယ်။ ဒီသတင်းက လက်လုပ်လက်စား ဆင်းရဲသားတွေနဲ့တော့ သိပ်မဆိုင်လှပါဘူး။ သိန်းထောင်ကျော်တန် ကားတစ်စီးကို သိန်း (၃၅၀) နဲ့ ရောင်းနေလည်း ဆင်းရဲသားတစ်ယောက်ကတော့ ဝယ်မစီးနိုင်ပါဘူး။ ဒါပေမယ့် သူတို့လည်း ဒီသတင်းကို စိတ်ဝင်တစား ဖတ်နေကြတာ တွေ့ရတယ်။

တစ်ချို့ကလည်း ကားတစ်စီးကို သိန်း (၅၀) လောက်နဲ့ ရရင် တို့လည်း ကားစီးနိုင်ပြီလို့ ကြုံးဝါးနေကြတယ်။ သူတို့ ကြုံးဝါးသံကို ကြားပြီး ကျွန်တော့် အတွေးက မြို့တော်အဝင် ဟွန်းသံတွေနဲ့ ဆူညံနေတဲ့ ကားတန်းကြီး ဆီ ကို ရောက်သွားပြန်ပါတယ်။

“ဂိတ်ကို ရောက်ဖို့ ဘယ်လောက် ကြာနိုင်သလဲ အကို”
“ပုံမှန်တော့ တစ်နာရီခွဲနဲ့ နှစ်နာရီလောက်ထိ ကြာတယ်”
“လမ်းကြောရှင်းရင် ဘယ်လောက် ကြာအောင် မောင်းရမလဲ”
“အလွန်ဆုံး မိနစ်နှစ်ဆယ်ပေါ့ကွာ”

“ဖုန်း” ကိစ္စတုန်းက အတိုင်းပါပဲ။ ကျွန်တော် (ကိုယ့်ကိစ္စ မဟုတ်ပါဘဲ) ခေါင်း နည်းနည်း ကိုက်သွားပြန်တယ်။ ကားအရေအတွက်က အရှိန်အဟုန်ေ ကာင်းကောင်းနဲ့ တိုးနေတယ်။ ကျွန်တော်တို့ အညာမပြန်ခင် နောက်ဆုံး နံပါတ်ဖြစ်တဲ့ ၃ - ဃ တွေက ရန်ကုန်လည်း ပြန်ရောက်ရော ၄ - ဃ တွေကို မျက်နှာငယ်လေးတွေနဲ့ ကြည့်နေကြတယ်။ ဦးလေး တစ်ယောက် က ပြော တယ်။ လကုန်ပိုင်းလောက်ဆိုရင် ၅ - ဃ တွေ ထွက်လာတော့မယ် တဲ့။

ကားတွေက တိုးလာချိန်မှာ လမ်းတွေ တိုးလာတာ မတွေ့ရဘူး။ ဒါဆိုရင် မြို့တော်ရဲ့ ယာဉ်ကြော ပိတ်ဆို့လာနိုင်မှုက ဗေဒင်မလို၊ နတ်ဆရာမလိုဘဲ ထုတ်လို့ရတဲ့ အဖြေ ဖြစ်သွားတယ်။

စင်္ကာပူကျွန်းငယ်လေးရဲ့ သုံးပုံတစ်ပုံက ကားလမ်းတွေတဲ့။ ဒါတောင်မှ ယဉ်ကြောပိတ်ဆို့မှု့တွေ မကြာမကြာ ဖြစ်နေလို့ အများသုံး ဘက်(စ်)ကား၊ MRT တို့နဲ့ ခရီးသွားကြဖို့ အစိုးရက အမြဲတမ်း အားပေးနေရတယ်။ ကား အခွန်တွေ အဆမတန် တင်ထားရတယ်။ ဒါပေမယ့် ကားဝယ်စီးသူဦးရေက သိသိသာသာ လျော့မသွားဘူး။

ဆင်းရဲသားတိုင်း သိန်းငါးဆယ်လောက်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးစေချင်ပေ မယ့် ကြပ်လာမယ့် ယာဉ်ကြောတွေကိုတော့ ရင်မောမောနဲ့ ခံစားနေမိ တယ်။ ပြုပြင်ပြောင်းလဲနေတဲ့ အစိုးရ လုပ်ရမယ့် အလုပ်က ကိုယ်ပိုင်ကားေ တွ၊ ဇိမ်ခံကားတွေ တင်သွင်း ခွင့် ပျော့လျော့ပေး တာ မဟုတ်ဘဲ လမ်းတွေ ပိုကျယ်လာအောင်၊ ပိုကောင်းလာအောင် လုပ်ပေးဖို့၊ လူထုသုံး ဘက်(စ်) ကားတွေ အဆင့်မီမီ ပြေးဆွဲနိုင်ဖို့တွေ လုပ်ပေးရမှာလို့ ထင်ပါတယ်။ ကိုယ် ပိုင် ကားဈေးတွေ ကျလေလေ၊ ယာဉ်ကြော ပိတ်ဆို့မှု များလေလေဆိုတာ တိုးတက်တဲ့နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ လမ်းပေါ်က ပြဿနာပါ။

ငါးထောင်နဲ့ ဖုန်းတစ်လုံးရရင်၊
သိန်းငါးဆယ်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးနိုင်ရင်၊

ရွေ့လို့မရတဲ့ ကားတန်းကြီးနဲ့
“လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ…” ဆိုတဲ့ အသံကို ကြေကွဲစွာ ကြားယောင်နေမိတယ်။

နည်းပညာကမတိုး ဖုန်းကတိုး။ ကားလမ်းကမတိုး ကားကတိုး။ ဝင်ငွေက မတိုး စားဝတ်နေရေး စရိတ်ကတိုး။ သမ္မကြီးတို့ အစိုးရရဲ့ တာဝန်တွေကို စာနာစွာ နားလည်မိလိုက်ပါတယ်။ ဒါနဲ့ပဲ မြို့တော်အဝင်မှာ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကို ညည်းလိုက်မိတယ်။

“ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့...ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး...”

“ဆက်သွယ်ရေး ဧရိယာသည် လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်နှင့် မဆက်သွယိမိပါသဖြင့် …”