ဖေးဘရိတ်ဆင်ခြေများ

ကားမောင်းရင်း အမြန်နှုန်း ပိုနေစဉ်၊ ကားမောင်းရင်း ဖုန်းပြောနေစဉ် မော်တော်ပီကယ်နဲ့ တွေ့ရင် လူတွေက တော်တော်လေး ခရီယေးတစ် ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အတွေ့အကြုံတွေကို ပြင်သစ်က မော်တော်ပီကယ် အဲလက်ဇန်းဒါးက မှတ်တမ်းတစ်ခု လုပ်ပြီး ရေးထည့်ထားပါသတဲ့။ အဲ့ဒီအထဲက ဖေးဘရိတ် (၁၀) ကို ဖော်ပြလိုက်ပါတယ်။

၁။ မဆုံးနိုင်တဲ့ မိတ်ဆွေ (Undying Friendship)
ကားမောင်းရင်း ဖုန်းပြောနေတဲ့ ကားသမားကို ရဲက တားလိုက်တယ်။ ဒီမှာ သူရှင်းပြတာက “ကျနော့်မိတ်ဆွေဟာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားနေတယ်။ သူ့ဖုန်းကို ကျနော် မဖြေလို့ မဖြစ်ဘူး” တဲ့။

၂။ အိမ်သာ သွားချင်လို့ပါ (Urgent call of nature)
သူလည်း အမြန်နှုန်း ပိုနေတာပဲ။ သူပြောတာက “ဆောရီးပါဗျာ၊ နည်းနည်း ပိုမြန်နေတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကန်တော့ပါရဲ့... အပေါက်မှာ ပိတ်နေပြီဗျာ (ကိစ္စက ထိပ်ဝ ရောက်နေပြီဗျာ)” တဲ့။

၃။ ယုတ္တိဗေဒ (Question of logic)
“ကျနော် မီးနီကို ဖြတ်လိုက်မိတာက ရှေ့မှန်သုတ်တဲ့ ၀ိုက်ပါက အလုပ် မလုပ်လို့ပါ”။

၎။ ကလေး ညှင်းဆဲမှု (Child torture)
ကလေးက သူ့အမေရဲ့ ပေါင်ပေါ်မှာ ထိုင်နေတယ်။ တကယ်တော့ ကားနောက်ခန်းမှာ ကလေးထိုင်တဲ့ ခုံပါတယ်။ ဒီလို ပြုမူတာဟာ ကလေးအတွက် ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ ရှင်းပြတော့ ကားမောင်းတဲ့ ယောက်ျားလုပ်သူက “သိပါတယ်။ ဒါပေမယ့် ကျနော့်ကလေးက ခေါင်းမာပါတယ်” တဲ့။

၅။ လက်ပေါက်ကပ် (Quibbling)
“လူကြီးမင်း အဖြူရောင် မျဉ်းကြားကို ကျော်နေပြီ”
“ဘယ်ကလာ အဖြူရောင်ရမှာတုန်း။ မီးခိုးရောင်ပါ”

၆။ တိုက်ဆိုင်မှု (What a coincidence!)
“ခင်ဗျား လိုင်စင်ကို ပြပါဦး”
“လိုင်စင်ရဖို့ ကားမောင်းကျင့်နေတုန်း”

၇။ စိုးရိမ်ရေမှတ် (Feverish concern)
“ကျနော် အရေးကြီးနေလို့ပါ။ ကျနော့်သားက ဖျားနေတယ်။ အန်တောင်အန်တယ်။ ကိုယ်အပူကလည်း သိပ် မြင့်လွန်းနေတယ်”

၈။ ပြောင်လိမ် (Drawing a blank)
“လူကြီးမင်း ကားမောင်းရင်း ဖုန်းပြောနေပါလား”
“ရိုးရိုးသားသား ၀န်ခံရရင် ဖုန်းပြောနေမိမှန်းတောင် သတိ မထားလိုက်မိပါဘူးဗျာ”

၉။ မြင်လွယ်တဲ့ အထောက်အထား (Visual navigation)
“ကားအမြန်မောင်းတာကို ကျနော် သဘောကျတယ်။ ကျနော့် မျက်စိတစ်ဖတ် အက်ဆီးဒင့်ဖြစ်ပြီး ဆုံးပြီးကတည်းက ထိုင်ခုံခါးပတ်လည်း မပတ်ဖြစ်တော့ဘူး”

၁၀။ အနွေးဓာတ် လိုတယ်
“လူကြီးမင်း ကားမောင်းတာ သိပ်မြန်နေတယ်လို့ မထင်ဘူးလား”
“ကျနော် သိပါတယ်။ ဒါပေမယ့် ရှုးဖိနပ်ထဲက ခြေထောက်က အေးခဲနေလို့ပါ”

လူတွေ ဆင်ခြေပေးတတ်ကြရာမှာ အမျိုးသားနဲ့ အမျိုးသမီး မတူတတ်ဘူး။ အဲလက်ဇန်းဒါးရဲ့ တော့(ပ်)တင်းမှာတော့ အမျိုးသားက နံပါတ်တစ် စွဲသွားတယ်။

အမျိုးသား ဆင်ခြေ

၁) အဖြူရောင်လိုင်းကို ကျော်ခြင်း
“အဖြူရောင်လိုင်းကို ဖြတ်မိတာက မနေ့က လော်ရီကားကြီး ဖြတ်တာကို မြင်လိုက်ရလို့ပါ”

၂) မီးနီကို ဖြတ်ခြင်း
“မင်္ဂလာပါခင်ဗျာ။ မီးနီနေတာကို မမြင်ဘူးလား”
“မီးနီတာကို မြင်ပါတယ်။ မမြင်မိတာက ခင်ဗျားကို”

၃) ထိုင်ခုံ ခါးပတ် မပတ်ခြင်း
“ကားနောက်ခန်းမှာ ထိုင်နေတဲ့ ကလေးမှာ ထိုင်ခုံခါးပတ် ပတ်ပေးမထားပါလား”
“ဘာ... အဲ့ဒါ ကျနော့်ကလေးမှ မဟုတ်တာ။ ပတ်ပေးစရာ မလိုပါဘူး”

၎) ကားမောင်းလိုင်စင် မရှိ
“ကျနော့်မှာ လိုင်စင် ရှိပါတယ်။ အဲ့ဒါက အသိမ်းခံထားရလို့။ ထပ်ပြီး စာမေးပွဲ ဖြေပါသေးတယ်။ အမှားက ငါးခုကျော်နေလို့ မရဘူး။ ကိစ္စမရှိပါဘူး။ အနှေးနဲ့အမြန် လိုင်စင် ပြန်ရမှာပါ”

အမျိုးသမီးဆင်ခြေ

၅) အဖြူရောင်လိုင်းကို ကျော်ဖြတ်ခြင်း
“အဖြူလိုင်းကို ကျော်နေပါလား”
“ကျမကားမောင်းနေတယ်။ မြေပြင်ကို ကြည့်မနေအားဘူး”

၆) မီးနီကို ဖြတ်ခြင်း
ရဲကတားတော့ အမျိုးသမီးက မှန်းတံခါးကို ဆွဲချရင်း ပြောတယ်။ “ကျေးဇူးပြုပြီး ကျမကို အရေးမယူပါနဲ့။ အခု ကျမ ငိုနေတယ်ဆိုတာ ရှင်တို့ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်”

၇) အကျင့်
ကားပေါ်မှာ ထိုင်ရင်း ဖုန်းပြောနေတဲ့ အမျိုးသမီးတစ်ယောက်က ကင်းလှည့်လာတဲ့ ရဲကားကိုလည်း တွေ့ရော ပြောနေတဲ့ ဖုန်းကို ချက်ချင်း လွှင့်ပစ်လိုက်တယ်။
“ခင်ဗျားက ကားမောင်းနေတာမှ မဟုတ်ဘဲ”
“ရှင်တို့ မြင်ရင် ကြောက်လွန်းလို့ပါ။ အကျင့်ဖြစ်နေလို့”

၈) မြန်ရတဲ့အကြောင်း
“ကား အမြန်မောင်းနေရတာက အိမ်နီးချင်းက တပူဆာဆာ လုပ်နေလို့ပါ”
သူ့ကား နောက်ခန်းမှာ ထိုင်နေတဲ့ အိမ်းနီးချင်း အမျိုးသမီးက ထောက်ခံတယ်။
“ဟုတ်ပါတယ်ရှင်။ သူမပြောတာ အမှန်ပါ” တဲ့။

၉) ထိုင်ခုံခါးပတ် မရှိခြင်းအကြောင်း
ကားနောက်ခန်းမှာ ထိုင်နေတဲ့ ကလေးနှစ်ယောက်ကိုလည်း ထိုင်ခုံခါးပတ် ပတ်ပေးဖို့ လိုအပ်ကြောင်း ကားမောင်းနေတဲ့ အမျိုးသမီးကို ရှင်းပြတော့ သူမက
“စိတ်မပူပါနဲ့။ မကြာခင် နှစ်တွေမှာ သူတို့ ဒဏ်ငွေကို သူတို့ ဆောင်ကြပါလိမ့်မယ်”

၁၀) လျပ်စစ် မုတ်ဆိတ်ရိတ်စက်
အဲ့ဒီဆင်ခြေတွေထဲမှာ ရီစရာ အကောင်းဆုံးကတော့
“ကားမောင်းရင်း ဖုန်းပြောနေတဲ့ အမျိုးသားတစ်ယောက်က ကျနော်တို့ကိုလည်း တွေ့ရော ဖုန်းပြောနေတာကို ရပ်ပြီး သူ့ဟန်းဖုန်းကို မုတ်ဆိတ်ရိတ်စက်လို ဟန်ဆောင်ပြီး မုတ်ဆိတ်ရိတ်သလို ပွတ်နေပါရောလားဗျာ”


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

တွစ်တီး တွစ်တာ

၁) ကင်ဂျုံအီး တွစ်တာ ( မြောက် ကိုရီးယား)
၁။ မနက် အိပ်ယာထ၊ ပစ်လွှတ်လိုက်တဲ့ ဒုန်းပျံ ပင်လယ်ထဲ ကျရတဲ့ ကိစ္စ ခေါင်းထဲ အလိုလိုရောက်။
၂။ တာဝန်ရှိ အင်ဂျင်နီယာဆီ လှမ်းတွစ် "ကောင်းကင်ကြီး ဒီလောက်ကျယ်တာ ကောင်းကင် မထိဘဲ ဘာလို့ ပင်လယ်ကို ထိရတာလဲ"
၃။ စက်ဆီ ဈေးကြီးလို့ ဈေးသက်သာအောင် ကင်မ်ချီ နဲ့ အစားထိုး လိုက်မိလို့ပါ။
၎။ စိတ် တော်တော်တိုသွားတယ်။ အမှန်တွေ လျှောက်ပြောနေတဲ့ ကောင်ကို ထောင်ထဲ ထည့်လိုက်ကြ။

၂) ဟူကျင်းတောင် တွစ်တာ (တရုတ်)
၁။ မနက် ၆ နာရီ အိပ်ယာထ၊ ၁၀ မိနစ် ကြာအောင် ဒလိုင်းလားမား ကို ကြိမ်စာတိုက်၊ ဂူးဂဲလ် မြေပုံကို စစ်ဆေး၊ အကြံပေး အဖွဲ့ကို ဩဝါဒ ချွေ။
၂။ တရုတ်ပြည် နယ်နိမိတ်တွေကို ထောက်ပြ၊ ဒီမြေတွေမာ ရှေး ပဝေသဏီ ကတည်းက တရုတ်ပြည် ( မားသားလန်ဒ် ) ထဲ ပါဝင်တယ်ဆိုတာ အဆိုပြုကြဖို့ ပြော။
၃။ သူတို့ သုတေသနလုပ်ကြ။ ဒါတွေဟာ တိဗက်၊ အရှေ့ တာကစ်စတန်နဲ့ ထိုင်ဝမ် တို့ ဖြစ်တယ် လို့ သတင်း ပြန်ပို့ကြ။
၎။ ရှေး ပဝေသဏီ ကတည်းက ဒီမြေတွေဟာ တရုတ်ပြည်ပိုင်ဆိုတာ သူတို့ တောင်းဆိုထားကြောင်း တင်ပြကြ။
၅။ မြေပုံထဲက အခြားနေရာကို လက်ထောက် ပြ၊ ဒီနေရာကိုလည်း တောင်းဆိုဖို့ ပြော။
၆။ အဲဒါ အောစတေးလျ၊ အမေရိကန် သမုဒ္ဒရာ နဲ့ ဆက်စပ် နေတယ် လို့ တင်ပြလာကြ။
၇။ ဘာဖြစ်ဖြစ် ဒါကိုလည်း တရုတ်ပြည်ပိုင် လုပ်ဖို့ ညွှန်ကြား။ ဒီကောင်တွေ မလုပ်နိုင်ကြတော့ ဘူး။ ဝန်ထမ်းကောင်းတွေ မရှိတော့တာဟာ ကွန်မြူနစ် စနစ် ကျရှုံးသွားလို့ လို့ နောင်တ ရမိ။

၃) ဦးသန်းရွှေ တွစ်တာ (ဘားမား (အော်) မြန်မာ)
၁။ မနက် ၅ နာရီ အိပ်ယာထ၊ တစ်သက်လုံး နိုင်ငံကို မိန့်ခွန်းမပြောခဲ့ရတာကို နောင်တရ။ ဟိုကောင်လေး သိန်းစိန် ငါ့ထက်သာတာ တွေးမိ။
၂။ ငါ့ မြေးလေး ကစားနေတဲ့ နောက်ဆုံးပေါ် တီဗွီဂိမ်းက ဘာဆိုလား။ ကြိုင်ကြိုင် နောက်ဆုံး ယတြာချေ တဲ့ ဆရာတော်က ဘယ်သူဆိုလား။ ကျောင်း ရေစက်ချပွဲတစ်ပွဲမှာ ဖိနပ်ချွတ်မိတာ ဘယ်နေရာပါလိမ့်။ ငါ မူးနေ၊ မ တွစ်မိ။
၃။ ဗိုလ်ချုပ်ကြီးတွေကို ဩဝါဒပေး "ရှစ်လုံးကို နှုတ်ထွက်ခိုင်း၊ လူထုက ငါ့ကို ရီဗော်လူးရှင်းနစ်စ်ထ် လို့ထင်ရစ်၊ ကျေးဇူးတင်ရစ် ကြပါစေ။"
၎။ "တို့ ခေတ်က ကုန်သွားပါပြီ လူကလေး သိန်းစိန်ရာ၊ ငါ့ကို သာ ၂၁ ရာစု နိုင်ငံတော်ဖခင်ကြီးဖြစ်အောင် လုပ်ပေးခဲ့ " သိန်းစိန် ဆီ တွစ်။
၅။ တစ်သက်လုံး နိုင်ငံကို မိန့်ခွန်းမပြောခဲ့ရတာကို နောင်တ ထပ်ရမိ။ သိန်းစိန်က "အိုကေဆာ" လို့ ပြန်တွစ်။
၆။ ကုန်းဘောင်ခေတ် ဘုရင် အဝတ်အစားတွေယူခဲ့ဖို့ ပြော။ အိပ်ယာထဲ ဝတ်ပြီးအိပ်ရအောင်။
၇။ အိပ်မက်ထဲ အနော်ရထာနဲ့တွေ့။ ကျန်စစ် ဘုရင် နဲ့ တွေ့၊ ဘုရင့်နောင် နဲ့ တွေ့၊ အလောင်းဘုရားနဲ့ တွေ့။ အသောက နဲ့ တွေ့။
ဟင့် အင်၊ သီပေါ နဲ့ မတွေ့ချင်။ အဲ မှားလို့၊ သူ့ မိဖုရားနဲ့ မတွေ့ချင်။ အဲ မှားလို့ နာမည်တူတာတောင် မကြားချင်။

၁၊ ၂။ မစ္စတာ ဂျန်းမ်
၃။ ဇင်ဝေသော်


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

“Workaholic တဲ့လား၊ ၀ါး ဟား ဟား”

ခင်ဗျား workaholic လား။ အများစုကတော့ ခပ်တည်တည် ဟုတ်သလိုလို နေတတ်ကြတယ်။ သူတို့စီးပွားရေကိစ္စနဲ့ သွားတဲ့ ခရီးကတော့ အပျော်ခရီးလိုပဲ။ တကယ်မလိုအပ်ဘဲ ရုံးမှာ ပိုကြာအောင်နေတတ်ကြတယ်။ တနင်္လာနေ့မနက်ကို သူတို့သဘောကျကြတယ်။

ကျနော့်အဖေ ရုံးကနေ လေးလကြာအောင် အိမ်မပြန်တုန်းက အဖေဟာ workaholic ပဲဆိုတာ သဘောပေါက်ခဲ့တယ်။ တကယ်ဆို သူ့ရုံးက ကျနော်တို့အိမ်နဲ့ ငါးမိနစ်လမ်းလျှောက်ရင်ရောက်တယ်။

အာရှတိုက်သား ကလေးအဖေတွေက အိမ်ကို "I'll be late for dinner" လို့ ဖုန်းဆက်တတ်ကြတယ်။ ကျနော့်အဖေကတော့ "I've got a bit more overtime, I'll be home next September" လို့ပြောတတ်တယ်။

အခြား workaholic ဆရာတွေလိုပါပဲ၊ ကျနော့်အဖေဟာလည်း သူအလုပ်ကြိုးစားသမျှဟာ မိသားစုအတွက်ပဲလို့ အမြဲတမ်း ပြောတတ်တယ်။ ယုံလို့တော့မရဘူး။ အဖေသေလို့ မီးခံသေတ္တာကိုဖွင့်တော့ အထဲမှာဘာမှ မရှိဘူး။

စိတ်ပညာရှင်မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ Workaholic သမားတွေက မိသားစုဝင်တွေကိုပဲ ဂရုစိုက်စောင့်ရှောက်မှု အမြဲလိုအပ်နေတဲ့ "unproductive corporate department" လို့ထင်လာကြသတဲ့။ အိမ်မှာကိုပဲ စီးပွားရေးဝေါဟာရကြီးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပြီဆိုရင်တော့ အခြေအနေ တော်တော်ဆိုးနေပြီလို့သာ မှတ်လိုက်ပေတော့တဲ့။

သူပြောမှ ခေါင်းထဲပြန်ပေါ်လာတယ်။ ကျနော့်မိတ်ဆွေတစ်ယောက်သူ့အိမ်ပြန်ရောက်တော့ သူ့မိန်းမကမျက်နှာစူပုပ်ပုပ်နဲ့ "We need to talk" လို့ပြောတော့ သူက "I'll schedule a performance appraisal session at the earliest opportunity" လို့ပြန်ပြောတယ်။ အဲဒီနောက်စီးပွားရေးခရီးစဉ်ဆိုပြီး နှစ်ပတ်ကြာခရီး သူထွက်သွားတယ်။

အကောင့်တင့်မိတ်ဆွေတစ်ယောက်လည်းရှိတယ်။ သူ့သမီးရဲ့မင်္ဂလာဆောင်မှာ အမှာစကားပြောဖို့ အချိန်နီးမှ ကောက်ရောက်လာတယ်၊ ပြီး - အရင်ဆုံး "Any apologies for absence?"လို့ပရိသတ်ကိုပြောတယ်။

သူ့မိသားစုနဲ့အတူဟောလိဒေးခရီးထွက်ဖို့ ငွေကြေးအကြပ်ရိုက်နေတဲ့ နိုင်ငံတွေကိုရွေးပြီး ခရီးစဉ်ဆွဲတတ်တယ်။ သူ့ပုံစံနဲ့ဆိုရင်တော့ ဇင်ဘာဘွေကိုပဲ ခရီးရက်ရှည်သွားလို့ရမယ်။


ဒီမှာ အမှတ်အသားဆယ်ခု ပေးထားပါတယ်။ ဒီအတိုင်းဖြစ်နေရင်တော့ နည်းနည်းလွန်လွန်းနေပြီလို့ သဘောပေါက်ပါ။

  1. ကလေးတွေအတွက် အပတ်စဉ်မုန့်ဖိုးပေးတာကို "The weekly cash injection" လို့ပြောလာရင်
  2. အဘိုးသေဆုံးတာကိုပဲ "a family downsizing" လို့ပြောမိရင်
  3. ကလေးတွေအပေါ် အပြည့်အ၀ဂရုစိုက်စောင့်ရှောက်မှုမပေးဘူးဆိုတဲ့ဇနီးကို "Ok. Fine, where's the feedback form?" လို့ပြန်မေးရင်
  4. ချစ်သူများနေ့မှာ ဇနီးကိုပေးတဲ့ကတ်မှာ ကျည်ဆံရာလို အပြောက်ကလေးတွေပါနေရင်
  5. ဟိုဘက်အိမ်ကကောင်လေးမှာ စက်ဘီးအသစ်လေးရှိနေပြီလို့ပြောလာတဲ့သားကို "The quota for capital expenditure is full for this financial year" လို့ပြန်ပြောမိရင်
  6. ကလေးရဲ့ဆရာတွေနဲ့တွေဖို့ကျောင်းသွားရင် ခင်ဗျားရဲ့ပထမဆုံးမေးခွန်းက "So, what are his core competencies?" ဖြစ်နေရင်
  7. မိသားစုနဲ့အတူ တနင်္ဂနွေနေ့ နေ့ခင်းလမ်းလျှောက်ထွက်တာကို “team-based bonding activity” လို့ထင်နေရင်
  8. ကလေးရဲ့ဆရာက ခင်ဗျားကလေးဟာ ကိုးဘာသာရှိတဲ့အနက် လေးဘာသာကျနေတယ်လို့ပြောတဲ့အခါ “What do you expect when you give him such an over-diversified portfolio?” လို့ပြန်မေးမိရင်
  9. သမီးကအိမ်ထောင်ပြုတော့မယ်လို့ အသိပေးတဲ့အခါ "undergo such a major paradigm shift" အတွက် အသင့်ပြင်ဆင်ထားပြီးပြီလားလို့ သမီးကိုမေးမိရင်
  10. မင်္ဂလာဆောင်မှာ စပိ(ခ်ျ)မပေးမီ သတို့သမီးရံကို တစ်မိနစ်လောက် စတာပါလို့ပြောမိရင်
တော်တော်စိုးရိမ်နေရပြီလို့ ဆိုရပါလိမ့်မယ်။

Workaholism ကအိန္ဒိယကို သွားပြီးရိုက်ခတ်နေတယ်။ ပတ်(စ်)ပို့ဋ္ဌာနက အလုပ်သမားတွေ အလုပ်လုပ်ရတဲ့အနေအထားကို မကျေနပ်ကြလို့ မနက်စာအငတ်ခံပြီး "No Lunch" ဆန္ဒပြပွဲလုပ်ကြတယ်။ မတ်လ တစ်ရက်နေ့ကနေ သုံးရက်နေ့ အထိတဲ့။ သူတို့နောက်မှာ "Work on Holidays" ဆိုပြီး စနေနေ့နှစ်ရက်လုံးရုံးတက်ပြီးဆန္ဒပြကြပြန်တယ်။

အဲဒီဋ္ဌာနဆိုင်ရာအကြီးအကဲတွေက လူထုစိတ်ဝင်စားမှုဖြစ်အောင် ထူးထူးခြားခြား တုန့်ပြန်မှုလေးတစ်ခု ပြန်လုပ်ချင်ကြသတဲ့။ ကျနော်တော့ သဘောတူတယ်။ ကျနော်သာ ဘော့(စ်) အဆင့်လူတစ်ယောက်ဆိုရင် - "အခု ခင်ဗျားတို့တောင်းဆိုတာတွေကို ချက်ချင်းကြီး သဘောမတူနိုင်ပါဘူး၊ ဒါကြောင့် နောက်တစ်ကြိမ်ဆွေးနွေးမယ့်အထိ ဆက်ပြီး ဆန္ဒပြနိုင်ပါတယ်၊ တွေ့ဆုံဖို့ အချိန်ဇယားဆွဲထားတာကတော့ သက္ကရာဇ် -၂၁၃၉ ခုမှာပါ၊ ကျေးဇူးတင်ပါတယ်" ဆိုပြီးမက်ဆေ့(ခ်ျ)ပေးလိုက်မယ်။ ပြုံးစိစိကျနော့် မျက်နှာပါ စွက်လိုက်ချင်ပါသေးတယ်။

လူတွေရဲ့သီးသန့်ဓလေ့တွေကိုလည်း သတိထားမိဖို့တော့လိုတာပေါ့။ ကမ္ဘာ့ယဉ်ကျေးမှုကိုကြည့်ရင် အရွယ်ရောက်အာရှတိုက်သားတွေဟာ သူတို့ကို သူများကထင်စေချင်တာ လေးမျိုးရှိတယ်။
၁။ Workaholic
၂။ money-focused
၃။ ဘာသာရေးကို ကိုင်းရှိုင်းသူ
၎။ သားပဲလိုချင်သူ

အမှန်တော့ အာရှတိုက်အမျိုးသားတွေဟာ ဒီလေးခုမှာ တစ်ခုနဲ့မှ မတူဘူး။ တူတဲ့လူများတွေ့ရင် ဓါတ်ပုံရိုက်ပြီး လန်ဒန်က Royal Geographical Society ကိုပို့ပေးလိုက်ကြပါ။

ကျနော်တို့အိမ်ကိုတောင် ယောင်တောင်တောင်လာကြည့်မယ်တော့ စိတ်မကူးနဲ့။
ကျနော်တို့အားလုံး ရုံးမှာ။

Original Story >>10 Signs That You Work Too Hard By Nury Vittachi


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

★ ကားလမ်း ဥပဒေ ၂၀ ★

  1. ကားလမ်း ဥပဒေ ဆိုတာ မရှိ။
  2. အထူး ဥပဒေ ရှိ။ ယင်း ဥပဒေသည် နွားအုပ်များ အတွက်သာ ဖြစ်သည်။
  3. လမ်း အားလုံး လက်ဝဲ ကပ် မောင်း ဖြစ်သည်။
  4. လက်ယာ ကပ်မောင်းသော လမ်းများမှလွဲ၍ဟု ဆိုလိုသည်။
  5. အချို့ လမ်း အလည်ခေါင် တည့်တည့်မှလည်း မောင်းနိုင်သည်။
  6. ထိုင်ခုံ ခါးပတ် ပတ်မည့်အစား ပို၍ အန္တရာယ် ကင်းစေနိုင်သော ပန်းကုံး၊ လက်ဖွဲ့ ၊ နတ်ရုပ် စသည် ကားခေါင်းခန်းတွင် ထားရှိနိုင်သည်။
  7. ထရပ်ကားကြီး မောင်းသူဖြစ်လျှင် "လာ မနမ်းနဲ့ " " ဟွန်းတီးပါ " စသော စာတမ်း တစ်ခုခု မြင်သာအောင် နောက်မှာ ရေးထားရမည်။
  8. ကားကြီးသူက ဗိုလ်ကျ စတမ်း ဖြစ်သည်။
  9. ရှေ့ကားကို ကျော်တက်မည်ဆိုလျှင် ဘယ်ဖက်မှ (သို့) ညာဖက်မှ (သို့) အောက်မှ (သို့) အပေါ်မှသာ ကျော်တက်ခွင့် ရှိသည်။
  10. ကားမောင်းနေစဉ် အခြားကိစ္စ များပါ လုပ်ဆောင်ရန် လိုအပ်သည်။ ဥပမာ ဒရိုင်ဘာ အသစ်များ အတွက် ကွမ်စားခြင်း၊ မိုဘိုင်းဖုန်း ပြောခြင်း၊စသည်တို့ဖြစ်ပြီး ဝါရင့် ဒရိုင်ဘာများ အတွက် အစား တစ်ခုခုစားခြင်း၊ ဒေသထွက် အရက်သေစာ တစ်မျိုးမျိး သောက်သုံးခြင်း၊ ကာရာအိုကေ လိုက်ဆိုခြင်း၊ဗွီဒီယို ကြည့်ခြင်း စသည်တို့ ဖြစ်သည်။
  11. မိမိ ချိုးမည့်ဖက်ကို မီးဆစ်ဂနယ်ပြခြင်းသည် မယဉ်ကျေး၊ နောက်ကားကို အံ့ဩစရာ တစ်ခုခု ဖြစ်စေရန် အချက်မပြဘဲ ချိုးသင့်သည်။
  12. ညပိုင်း ကားမောင်းမည်ဆိုလျှင်
    (က)ကား ရှေ့မီးကို တစ်ဖက်က လာနေသော ကားသမား၏ မျက်နှာတည့်တည့် ထိုးထားရမည်၊
    (ခ) ကား ရှေ့မီး လုံးဝ မဖွင့်ဘဲလည်း မောင်းနှင်နိုင်သည်။ ( စည်းကမ်း ၁၁ ကို လေးစားသော အားဖြင့်)
  13. ရှေ့ကားကို ကျော်မတက်မီ နောက်ကား လာ မလာ စစ်ဆေးခြင်းသည် ယောက်ျားမဆန်သော အပြုအမူ ဖြစ်သည်။
  14. နှစ်လမ်းပြိုင် ကားလမ်းမပေါ် ကာအစီးရေ များနိုင်သမျှ များအောင် မောင်းပြခြင်းဖြင့် ဂုဏ်ယူပါ။
  15. ကားလမ်း ပိတ်ဆို့ခဲ့သော် မြေမာလမ်းပေါ်မှ မောင်းနှင်ပါ။
  16. ထို မြေမာလမ်းပါ ပိတ်ဆို့နေသော် ပလက်ဖောင်းပေါ်မှ မောင်းနှင်ပါ။
  17. အမှန်တကယ် မလိုအပ်ဘဲ လမ်းလျှောက်နေသူ၊ စကိတ်စီးနေသူတို့ကို ကားဖြင့် မကြိတ်မိအောင် ဆင်ခြင်ပါ။
  18. အရေး အကြီးဆုံး ဥပဒေသည် "လမ်းစည်းကမ်း" "မရှိခြင်း" ဖြစ်သည်ကို အမြဲ အမှတ်ရနေပါ။
  19. နွားကိုသာ ဝင် မတိုက်မိပါစေ နှင့်။
  20. အလွန်အမင်း အခက်တွေ့သော် "အကိုရေ၊ တစ်စီးစာ နော်" ဟု ကားပြူတင်းမှ လက်ထုတ်ပြပြီး ဆဲနေသည့်ကြားမှ ရအောင် ဝင် တိုးပြီး မောင်းနှင်ပါ။
  21.ံ့

Have a pleasant drive! :)


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ကွန်ပျူတာနဲ့လူ တစ်သားတည်း ဖြစ်ခဲ့ရင် :)

လူနဲ့ကွန်ပျူတာတစ်သားတည်းဖြစ်တော့မှာဆိုတဲ့စကားကိုအမေရိကန်နည်းပညာဆရာကြီးရေးကား(ဇ်)ဝေး(လ်) ပြောတာ ကို ကြားခဲ့ရတယ်။ ဒါကိုများ သူက အထူးအဆန်းကြီး လုပ်လို့။ ကျနော်တို့အိမ်မှာ ဒီအတိုင်း ဖြစ်နေတာ နှစ်ပေါင်းအတော်ကြာနေပြီ။ ကျနော့်ကလေး သုံးယောက်ဆိုရင် လျှပ်စစ်ပစ္စည်းနဲ့ တစ်သားတည်း ဖြစ်နေ တာ ကြာလှပြီ။ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ကျနော့်သားရဲ့ ညာဖက် လက်ဖဝါးမှာ Nintendo ဒီဗိုက်(ဇ်) အစားထိုး နေရာ ယူထားတာ။

သူ့မှာ ဘာပြဿနာမှ မရှိဘူး။ သူ့လက်နှစ်ဖက်လုံးကို စီမံခန့်ခွဲနေပုံများ လက်နှစ်ဖက်လုံးနဲ့ လုပ်ရမယ့် အလုပ်တွေအားလုံး ချောချောမွေ့မွေ့ပဲ လုပ်နိုင်တယ်။ ကျနော် ဇက်ကြောတက်ရင် သူ့ကို အနှိပ်ခိုင်းတာကိုတော့ ရပ်ပစ်လိုက်ရတာပေါ့။

ကျနော့်သမီး နှစ်ယောက်ဆိုရင် ဟိုတုန်းက သူတို့မှာ ရှိခဲ့တဲ့ ယာဖက်နားရွက်ကို ဟန်းဖုန်းနဲ့ အစားထိုးလိုက်ကြပြီ။ ကလေးသုံးယောက်စလုံး အမြဲတမ်း လက်(ပ်)တော့ကို သုံးနေတော့ သူတို့ မျက်နှာအောက်ပိုင်းကို မမြင်ရတာ ကြာလှပေါ့။

မစ္စတာ ကာ့(ဇ်)ဝေးလ် (Kurzweil) က ကျနော်တို့ လူသားတွေဟာ စက်ရုပ်ပုံသဏ္ဍာန်ကို ပြောင်းပြီး အားလုံးဟာ ကွန်ပျူတာ ထိန်းချုပ်မှုအောက် ရောက်သွားတော့မယ်လို့ ဆိုတယ်။

ဒါကို ဝန်ခံပါတယ်။ တော်တော်ကောင်းတဲ့ အိုင်ဒီယာပါ။

လူနဲ့ ကွန်ပျူတာ တစ်သားတည်း ဖြစ်သွားပြီဆိုရင် ကီးဘုတ်ကို ကျနော့် ဘယ်ဖက်လက်မောင်းမှာ တပ်ဆင်ဖို့ စိတ်ကူး ရှိပါတယ်။ ဒါက ကျနော်ဘယ်လို အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးပါ။

အိမ်ကနေ ထွက်တော့မယ်ဆိုရင် Exit ကိုနှိပ်။ အိမ်ကို ပြန်တော့မယ်ဆိုရင် Control + Home ကိုနှိပ်။ ဈေးဝယ် ထွက်မလား။ ကိုယ်လိုချင်တဲ့ ပစ္စည်းကိုရှာ၊ Select All ကိုနှိပ်။ (ကျနော့်ဇနီးဖြင့် ဒီအတိုင်း လုပ်နေတာ ကြာပြီ၊ ကျနော့်လက်ကို သုံးပြီး။)

အလုပ်အကိုင်လား။ ခင်ဗျား အလုပ်တွေအတွက် အကူတစ်ယောက် လိုတယ်ဆိုရင် Open Task Manager ကိုသာနှိပ်။

အူကြောင်ကြောင်စကားများ မှားပြောမိပြီဆိုရင် (အိမ်ထောင်ရှင် အမျိုးသားတွေအတွက် ပိုအသုံးကျနိုင်ပါလိမ့်မယ်) Cancel ကိုနှိပ်ပါ။ ပြီးရင် Undo ဒါမှမဟုတ် Control + Z ကိုနှိပ်။ အလုပ်ထဲမှာ အမှားတစ်ခု ကြီးကြီးမားမား လုပ်မိရင် (ဘော့(စ်)ရဲ့အမေကို မတော်တရော် ပြောလိုက်မိတာမျိုးပေါ့) Menu ထဲက Select ကိုရွေး၊ 24 hours ago လို့ ပြောလိုက်၊ ပြီးမှ System Restore ကို ပြန်သွား။

သီရိလင်္ကာ (သို့) ဘော်နီယိုကို ဟောလီးဒေး သွားချင်သလား။ ခင်ဗျားနဲ့ ခင်ဗျားမိသားစုရဲ့ ဓာတ်ပုံကို Control + X ကိုနှိပ်၊ Cut လုပ်ပြီး သွားချင်တဲ့နေရာကို Control + V ကိုနှိပ်ပြီး Paste လုပ်လိုက်။

အလုပ်ထဲ၊ ကျောင်းထဲမှာ တစ်ယောက်ယောက်က စိတ်ကသိကအောက် ဖြစ်အောင် လုပ်နေသလား။ Control Panel ကိုသွား၊ Add/Remove ကိုနှိပ်၊ Scroll down ပြီ့း ခင်ဗျားတို့ ကြည့်မရတဲ့လူတိုင်းကို Uninstall လုပ်ပစ်လိုက်။ တစ်လလောက်အထိ Uninstall ဖြစ်နေရင်တော့ ခင်ဗျားတို့ဘက်က တစ်ခုခု မှားနေလို့ ဖြစ်လိမ့်မယ်။

ကားသော့ (သို့) ဒီလို အရေးတကြီးပစ္စည်းတွေ ပျောက်နေသလား။ Control + F ကိုနှိပ်။ ပျောက်တဲ့ပစ္စည်းရဲ့ နာမည်ကို ရိုက်ထည့်။

အဝတ်အစားတွေ ဒိတ်အောက်နေပြီလို့ ထင်သလား။ ဒါဆိုရင် Enable Automatic Update ကိုနှိပ်လိုက်။ အဝတ်ဗီရိုထဲက အဝတ်အစားတွေ ပုံမှန် Update လုပ်ပေးလိမ့်မယ်။

ဘဝအတွက် အရေးကြီးတဲ့ မေးခွန်းတွေ သိချင်သလား။ Help လို့လဲ လူသိများတဲ့   ကိုရွေး၊ သူက တော်တော် အသုံးကျတယ်။ ဒါနဲ့ အိမ်စာလုပ်တဲ့ အသေးအမွှား ကိစ္စလေးတွေကနေ 'Get me someone to merry' ဆိုတဲ့ အရေးကြီးကိစ္စတွေအထိ သုံးလို့ရတယ်။ အရွယ်ရလာလို့ ပါးရေနားရေတွေ တွန့်နေပြီလား။ Display Resolution ကို ပြန်ပြီး Reset လုပ်။ တွန့်နေတာတွေအားလုံး ပျောက်သွားလိမ့်မယ်။

ဘဝမှာ ပြဿနာတွေ သိပ်များနေပြီလား။ Escape ကိုသာ နှိပ်ချလိုက်၊ Scroll ကနေ Start ကိုသွား၊ Menu အိုင်တင်ဆီကို သွားပြီး Hibernate ကို ရွေးလိုက်။ ခင်ဗျား ဆန္ဒရှိသလောက် အရာခပ်သိမ်း ရပ်တန့် သွားလိမ့်မယ်။ ပြန်စတော့မယ်ဆိုတော့မှ Restart ကိုနှိပ်လိုက်။ လက်ရှိအနေအထားကနေ ပုံမှန် ဆက်သွားလိမ့်မယ်။

ဘဝတစ်ခုလုံး ဒီထက်ဆိုးဝါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီလား (အပတ်စဉ်တိုင်း ကျနော် ခံစားနေရသလိုမျိုး)။ ကိစ္စမရှိပါဘူး။ Control + Alt + Delete ကိုနှိပ်ပြီး အစကို ပြန်သွားပြီး ဘဝအသစ် တစ်ခုလုံး ပြန်စလိုက်တော့။ ပထမဘဝတုန်းက အမှား မကင်းခဲ့ဘူးဆိုတာနဲ့ ပတ်သက်လို့ ဘာမှ ရှက်နေစရာ မလိုဘူး။

အခု ကျနော် စာရေးနေတာကို ရပ်တော့မယ်။ လွယ်လွယ်လေး၊ ကျနော်တို့ ကွန်ပျူတာသမားတွေရဲ့ လက်သုံးစကား “Shut Down.” ။ ။

By Nury Vittachi


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

“ညောင်… ညောင် နဲ့ ဝုတ်….ဝုတ်”

ကလေးပေါက်စလေးတွေဟာ သက်သေပြစရာမလိုအောင် တကယ်အသိဉာဏ်ကြီးမားကြပါတယ်။ တစ်နေ့က မူလတန်းကျောင်းတစ်ကျောင်းမှာ Speech သွားပြောပေးခဲ့ရတယ်။

အဲဒီမှာ ကောင်ကလေးတစ်ယောက်မေးတာက-

“ခွေးတွေအားလုံး အထီးတွေချည်းလား” တဲ့။
“ဟုတ်တယ်၊ ခွေးတွေအားလုံး အထီးတွေ၊ ခွေးမလေးတွေအပါအဝင် အထီးတွေ” လို့ ကျွန်တော်ဖြေလိုက်တော့ အဲဒီကောင်လေးက “ ကဲ ငါပြောတယ်မဟုတ်လား ” ဆိုတဲ့ ပုံစံလေးပေါက်သွားတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူငယ်ချင်းတွေနဲ့ အငြင်းပွါးထားရတယ်ဆိုတာ သဘောပေါက်လို့ရတယ်။ ဒါနဲ့ ကျွန်တော်က ကြောင်တွေအားလုံးဟာ အမတွေ၊ ကြောင်ထီးတွေပါ အပါအဝင်လို့ ဆက်ပြောလိုက်တယ်။

သူတို့ဆရာမကို စောင်းကြည့်လိုက်မိတော့ ဘာတွေလဲ၊ ဘာတွေဖြစ်ကုန်ပြီလဲဆိုတဲ့ မျက်နှာကိုတွေ့ရတယ်။ ဒါနဲ့ ကျွန်တော့ဇာတ်လမ်းကို အစချီပေးလိုက်ရတယ်။

“ကမ္ဘာဦးအစတုန်းက အာဒမ်နဲ့ ဧဝတို့က နှစ်ယောက်တည်းဆိုတော့ ပျင်းရိငြီးငွေ့လာကြတယ်။ ဒါ့ကြောင့် ထာဝရဘုရားရှင်က အိန်ဂျယ်တွေကို အာဒမ်နဲ့ ဧဝတို့အတွက် သတ္တဝါတွေ ဖန်ဆင်းပေးဖို့ စေခိုင်းခဲ့တယ်။ ‘ အရွယ်အမျိုးအစားက မကြီးမသေး၊ ခြေလေးချောင်းနဲ့ အမြီးပါရမယ်၊ သူတို့ကို Pet လို့ခေါ်ကြ’ တဲ့။


အိန်ဂျယ်တွေက ထာဝရဘုရားမိန့်မှာသလို Pet ကလေးနှစ်ကောင် ဖန်ဆင်းလိုက်ကြတယ်။ ဒီကောင်လေးနှစ်ကောင်က ချစ်စရာကောင်းပေမယ့် အတော်ဆော့ကြတာကလား။ ကောင်းကင်ဘုံတစ်ဘုံလုံး နှံ့အောင်လျှောက်ပြေးကြတယ်။ ဆိုဖာတွေအောက် ဝင်ပုန်းကြတယ်။ ပြီးတော့ ပရိဘောဂတွေကို သူတို့လက်သည်းတွေနဲ့ ကုတ်ဖဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ ရေကန်နှစ်ကန်ကို တွေ့သွားကြတယ်။ တစ်ကောင်က အပြာရောင်ရေကန်ထဲ ခုန်ချပြီး၊ နောက်တစ်ကောင်က အနီရောင်ရေကန်ထဲ ခုန်ချလိုက်တယ်။

တကယ်တော့ အဲဒီရေကန်တွေက သာမာန်ရေကန်တွေ မဟုတ်ကြဘူး။ အမဓာတ်နဲ့ အဖိုဓာတ်ပါတဲ့ ရေတွေနဲ့ ဖြည့်ထားတဲ့ရေကန်သာဖြစ်နေတယ်။ အိန်ဂျယ်တွေက သူတို့ကို ရေကန်ထဲက ဆယ်ယူလိုက်တဲ့အခါ အဲဒီသတ္တဝါလေးနှစ်ကောင်ဟာ အရင်ကနဲ့မတူ လုံးဝကွဲပြားသွားတော့တယ်။ ပထမအကောင်လေးက အမွှေးစုတ်ဖွား၊ တစ်ခုခုကိုပဲ စိတ်ဝင်စား၊ အသံသြသြကြီးဖြစ်သွားတယ်။ ဒုတိယအကောင်က အမွှေးအမျှင်နူးညံ့၊ စိတ်က ဟိုဟာဝင်စား၊ ဒီဟာဝင်စား၊ အသံကလည်း သေးသေးကြောင်ကြောင်လေး ဖြစ်သွားတယ်။

“ဟိုက်- ဒီသတ္တဝါနှစ်ကောင်ကို ခွဲခြားသတ်မှတ်ပေးမှ ရတော့မယ်” လို့ အိန်ဂျယ်တွေ တွေးလိုက်မိကြတယ်။ အံ့သြတကြီးနဲ့ပေါ့-
ဒါနဲ့ ပထမသတ္တဝါလေးကို “ ခွေး” လို့ အမည်ပေးပြီး၊ ဒုတိယသတ္တဝါလေးကိုတော့ “ကြောင်” လို့ အမည်ပေးလိုက်ကြတယ်။

ကလေးတွေကတော့ ဒီပုံပြင်ကလေးကို သဘောကျမဆုံး ဖြစ်နေကြတာပေါ့။ ဒါပေမယ့် သူတို့ဆရာမကတော့ သဘောသိပ်မတွေ့ဘူး။ ဆရာအခန်းလည်းရောက်ရော ရှင့်ပုံပြင်အကြောင်း ရှင်းပြပါဦးဆိုလို့ ဆက်ရှင်းပြရသေးတယ်။

ခွေးတွေအားလုံးဟာ အထီးတွေဖြစ်တယ်။
  1. ခွေးတွေဟာ ယောက်ျားတွေလိုပဲ ခန့်မှန်းရတာ လွယ်ကူတယ်။
  2. ခွေးတွေဟာ ယောက်ျားတွေလိုပဲ ခန္ဓာကိုယ်အောက်ပိုင်းကို စိတ်ဝင်စားတယ်။ သူတို့ စိတ်ဝင်စားတာကိုလည်း ဟန်ဆောင်ဖုံးဖိမထားနိုင်ဘူး။
  3. သူတို့ကို အော်ပြောနေပေမယ့် မတုန်မလှုပ်ပဲ။ ဒါပေမယ့် စားစရာတစ်ခုခုကို အထုပ်ဖြေနေတဲ့ အသံကိုတော့ ကီလိုမီတာအကွာအဝေးကနေ ကြားနေတတ်ပြန်ရော။
  4. သူတို့ကို တစ်ခါလောက် ဆိုဖာပေါ်အထိုင်ခိုင်းလိုက်မိရင် အဲဒီဆိုဖာကို သူတို့ပိုင်ပြီလို့ ထင်တတ်ကြတယ်။
  5. အစားအသောက်အားကြီးပြီး ဘာမဆိုစားတယ်။ စားစရာရှိရင် ပါးစပ်ထဲ အရင်ထည့်၊ မေးစရာ နောက်မှမေးဆိုတဲ့ သဘောရှိတယ်။
  6. သူတို့ဟာ အလွန်သစ္စာရှိတယ်။ ဒါပေမယ့် ခေါင်းမာမာနဲ့ လုပ်ချင်ရာလည်း လုပ်တတ်ကြတယ်။
  7. မစားသင့်၊ မသောက်သင့်တာတွေ အားလုံးစားတယ်၊ သောက်တယ်။ ပြီးတော့ နေမကောင်းဖြစ်တယ်၊ နေမကောင်းဖြစ်ရင် “ never again” ဆိုတဲ့ မျက်နှာငယ်လေးနဲ့ နေပြတတ်တယ်။ နောက်တစ်နေ့ကျရင်တော့ အရင်ပုံစံအတိုင်း ပြန်စားမြဲ၊ ပြန်သောက်မြဲပဲ။
  8. သူတို့အလိုမကျဘူးဆိုရင် ဘာမှမပြောတော့ဘူး။ ဒါပေမယ့် တမာန်မဲမဲနဲ့ အနားရှိတာတွေကို ထုတတ်၊ ရိုက်တတ်တယ်။

ကြောင်တွေအားလုံးဟာ အမတွေဖြစ်တယ်-
  1. သူတို့က ခန့်မှန်းရတာမလွယ်ဘူး။
  2. “ဖျာလိုလိပ်၊ ထိပ်ပေါ်တင်” ဆက်ဆံရေးကို အမြဲတမ်း မျှော်လင့်တတ်ကြတယ်။
  3. ချစ်စရာကောင်းတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ မထင်မှတ်လောက်အောင် ခေါင်းမာပြီး ဆုံးဖြတ်ချက်ချတတ်တဲ့ သတ္တဝါမျိုးဖြစ်တယ်။
  4. သူတို့ကို ခေါ်လို့ရတယ်။ ပြန်ထူးမထူးတော့ မသေချာဘူး။
  5. သူတို့ဆီက ကျွတ်ထွက်လာတဲ့ အမွှေးအမျှင်တွေက နေရာတိုင်းမှာ ပြန့်ကျဲနေတတ်တယ်။
  6. သင်အိမ်ပြန်လာပြီဆိုရင် လုံးဝမသိချင်ယောင်ဆောင်နေတတ်တယ်။
  7. သင်ဟာ သူတို့ပျော်ရွှင်မှုအတွက် ဖြည့်ဆည်းလုပ်ဆောင်ပေးဖို့ ဖြစ်လာတဲ့သတ္တဝါလို့ အမြဲတမ်း ထင်နေတတ်တယ်။

ဆရာမက စိတ်ရှည်လက်ရှည်နဲ့ နားထောင်ရှာတယ်။ သူမမျက်နှာပေါ်မှာတော့ သိပ်ဘဝင်ကျဟန်မတွေ့ရဘူး။ ဒါနဲ့ သူမက အိတ်ထဲက ဆန်း(ဒ်)ဝစ်(ခ်ျ) နှစ်ခုကိုထုတ်ပြီး “ အချိန်မရောက်သေးပေမယ့် ရှင့်ကိုနေ့လည်စာနဲ့ ဧည့်ခံပါရစေ၊ နောက်ဆုံးတော့ အမျိုးသမီးက ဆုံးဖြတ်ချက်ချပြီး အမျိုးသားက ဘာမဆိုစားတာပဲမဟုတ်လား….ညောင်…” လို့ပြောတယ်။ ကဲ…ကျွန်တော် ဘာပြန်ပြောရဦးမှာလဲ၊ ဝုတ်……ဝုတ်……ဝုတ်…ပဲလား။

Ref- Mr. Jam


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အဟောင်းကိုချစ်တာ သိပ္ပံနည်းကျတယ်

သိပ္ပံနည်းကျတွေ ခေတ်စားလွန်းတော့ လေ့ကျင့်ခန်းလုပ်တာ၊ အစားအစာ စားတာ၊ အိပ်တာ၊ အိပ်ယာရွေးတာ၊ ရေကူးတာ- ဒါတွေအားလုံး သိပ္ပံနည်းကျဆိုပြီး လိုက်လုပ်ကြတယ်။ တရားထိုင်တာလည်း သိပ္ပံနည်းကျပဲ။

ဒီတစ်ခေါက် ရွာကိုပြန်တော့ ရွာက ကဗျာဆရာကပြောတယ်။
“ဒီခေတ်ကောင်လေးတွေက ခင်မောင်တိုးတို့၊ မဇ္ဈိမလှိုင်းတို့ကို မသိကြတော့ဘူး။ ဒီခေတ်က ဂျောက်ဂျက်တို့ ခေတ်လေ ကွာ။ လေးဖြူတို့တောင် အဖိုးကြီးစာရင်းထဲ သွင်းထားကြပြီ” တဲ့။

ပြီးတော့ သူက ဆက်ပြောတယ်။
“ ဒါပေမယ့် ကာရာအိုကေခန်းတွေမှာတော့ ခင်မောင်တိုးတို့က ရှိကိုရှိနေရတယ်ကွ။ ကာရာအိုကေကိုသွားတဲ့လူတွေက အသက်လေးဆယ်က အထက်တွေများတယ်လေကွာ။ ဒီအရွယ်ရောက်တော့ ကိုယ်ပိုင်စီးပွါးရေးလည်းရှိ၊ သုံးနိုင်စွဲနိုင်သူတွေ လည်း ဖြစ်တတ်ကြတယ်မဟုတ်လား။ ဟဲ….ဟဲ တို့အရွယ်တွေပေါ့ကွာ။ ခင်မောင်တိုးမှ ခင်မောင်တိုးအုပ်စုတွေ” တဲ့။

ဟုတ်ပါတယ်။ တွံတေးသိန်းတန်၊ မာမာအေးတို့နဲ့ ကြီးပြင်းလာခဲ့ရသူတွေက စိုင်းထီးဆိုင်တို့၊ ခင်မောင်တိုးတို့ဆို နားထောင်လို့ မရတတ်ဘူး။ ဘယ်လိုသီချင်းတွေလဲလို့ ပြောတတ်ကြတယ်။ စိုင်းထီးဆိုင်၊ ခင်မောင်တိုးတို့နဲ့ ကြီးပြင်းခဲ့ရသူတွေ ကျပြန်တော့ ဇော်ဝင်းထွဋ်တို့ လေးဖြူတို့ကို အသည်းထဲစွဲသွားဖို့ ခက်နေပြန်ရော။

အဲ ကျွန်တော်တို့နားထဲကျပြန်တော့ ဂျောက်ဂျက်တို့အုပ်စုကပေါ့ရွှတ်ရွှတ်ပဲပေါ့။
ကျွန်တော်ပြောချင်တာက ကိုယ်ကြီးပြင်းခဲ့ရတဲ့ တေးသီချင်း၊ အဆိုတော်၊ တီးဝိုင်းတွေကို စွဲစွဲမြဲမြဲ နားထောင်တတ် ကြတယ်ဆိုတာ သိပ္ပံနည်းကျတယ်ဆိုတာပါ။

အမေရိကန် သိပ္ပံပညာရှင်၊ စာရေးဆရာ၊ ပါမောက္ခ ဆာပိုး(လ်) စကီး (Sapolsky) က နယူးယောက်မဂ္ဂဇင်းမှာ ဆောင်းပါးတစ်ပုဒ် ရေးထားပါတယ်။ သူပြောတာက သူဟာအသက်အရွယ်ရလာတာနှင့်အမျှ အနုပညာခံစားမှုနယ်ပယ် ကျဉ်းလာပါသတဲ့။ အထူးသဖြင့် တေးဂီတတွေကို ခံစားတဲ့နေရာမျိုးမှာပေါ့။သူက သိပ္ပံပညာ ရှင်ဖြစ်လေတော့ ဒီကိစ္စက တကယ်ပဲ ယေဘုယျဖြစ်တတ်တဲ့သဘောလားဆိုတာသိဖို့ သုတေသနပြုခဲ့တယ်။

သူက အသံလွှင့်ဌာနပေါင်းစုံရဲ့ မန်နေဂျာတွေ အရာရှိတွေကို ချဉ်းကပ်ပြီး ဘယ်လိုတေးဂီတတွေကို နားထောင်တတ်ပါသလဲ၊ အဲသလို နားထောင်တဲ့တေးဂီတတွေဟာ ဘယ်အရွယ်မှာ စတင်နှစ်ခြိုက် ခဲ့တာလဲ ဆိုတဲ့ မေးခွန်းတွေကို မေးတာပါ။ အဲဒီမှာ သူသိလိုက်ရတဲ့အချက်က အသက် ၂၀- နဲ့အောက်မှာ အသဲစွဲကြိုက်ခဲ့တဲ့ သီချင်းတွေရှိခဲ့ရင် အဲဒီလူဟာ အဲဒီသီချင်းတွေကိုပဲ ခံစားတတ်ပြီး အဲဒီသီချင်းတွေကိုပဲ တသက်လုံး စွဲစွဲမြဲမြဲ နားထောင်သွား တတ်ကြပါသတဲ့။ အခြားနှစ်သက်တဲ့ သီချင်းတစ်ချို့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အသဲထဲစွဲပြီး တသက်လုံးတော့ နားမထောင်ကြပါဘူး။

အဲဒီကနေဆက်ပြီး နောက်ထက်တွေ့ရှိခဲ့ရပြန်တာကတော့ အသက် ၃၅- နှစ်နဲ့ အထက်မှာ စတင်ရင်းနှီးပြီး နှစ်ခြိုက်တဲ့ ဂီတကိုတွေ့ရင်း ခံစားတတ်လာတဲ့ လူတွေထဲမှာ ၅- ရာခိုင်နှုံးအောက်လျော့တဲ့လူတွေပဲ ဆက်ပြီး နားထောင်တတ်ကြပါသတဲ့။

သူက အစားအစာနဲ့ ဖက်ရှင်တွေမှာလည်း သုတေသနပြုခဲ့ပါတယ်။
အမေရိကကို စူရှီစတင်ပေါ်ပြူလာဖြစ်နေတဲ့အချိန်မှာ အသက် ၃၅- နှစ်နဲ့အထက်မှာရှိတဲ့ လူတွေထဲက (၉၅) ရာခိုင်နှုန်းဟာ စူရှီကို တို့လို့တောင် မကြည့်ကြဘူးတဲ့။ အဲသလိုပါပဲ ဖက်ရှင်အသစ်အဆန်း ပေါ်လာတဲ့အချိန်မှာ အသက် (၂၅) နှစ်နဲ့အထက်မှာရှိနေတဲ့ လူတွေရဲ့ (၉၅) ရာခိုင်နှုန်းက ဖက်ရှင်အသစ်ကို မဝတ်ကြတော့ပါဘူးတဲ့။

ဒါက အခုသိပ္ပံဖြစ်သွားပါပြီ။ ဒါပေမယ့် ထူးဆန်းလှတဲ့ ကိစ္စရယ်လို့တော့ ပြောဖို့ခက်ပါတယ်။ အသစ်အဆန်းတစ်ခုခုဆိုရင် လူကြီးတွေထက် လူငယ်တွေက ပိုပြီးစိတ်ဝင်စားတတ်ကြတာ မဟုတ်လား။ အသက်(၃၅) နှစ်ဆိုတဲ့ အရွယ်ဟာ မြူးဇစ်အသစ်၊ အစားအစာအသစ်၊ ဖက်ရှင်အသစ်တွေကို လုံးဝလက်မခံနိုင်တော့ဘူးဆိုရင်တော့ သိပ်သဘာဝတော့ မကျဘူးပေါ့။ ဒါပေမယ့် သူတို့ဟာ အသစ်ကို လူငယ်တွေလိုတော့ တစွဲမက်မက်သိပ်မရှိကြတော့ဘူး။

ဒါတွေမှမဟုတ်ပါဘူး၊ အသက်အရွယ်ရလာတာနှင့်အမျှ သူတို့ဖတ်တဲ့ စာပေအမျိုးအစားတွေကလည်း နည်းသထက်နည်း၊ ကျဉ်းသထက်ကျဉ်းလာတတ်ပါတယ်။ စာဆိုရင်အစုံဖတ်တယ်ဆိုတဲ့ လူတွေတောင်မှ အရွယ်ထောက်လာရင် စာရွေးပြီး ဖတ်လာကြပါတယ်။

ဒီကိစ္စမျိုးတွေမှာ နယ်ကျဉ်းလာတာက ပြဿနာကြီးမဟုတ်ပေမယ့် အသစ်ကိုလက်ခံတာ၊ မခံတာအသာထား အိုးပန်းမိုင်းဖြစ်ဖို့တော့ အလွန်အရေးကြီးတယ်လို့ ပြောရမယ်ထင်ပါတယ်။

၁၉၉၀- နှစ်တွေတုန်းက ကန်တပ်ကီ( Kentucky) တက္ကသိုလ်က ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပါမောက္ခ ဒေးဗစ် စနိုးဒန် ( David Snowdon) က ဒီကိစ္စအတွက် နှစ်ရှည်လများ သုတေသနပြုခဲ့တယ်။ သူ သုတေသနပြုခဲ့တာက အသက်ကြီးပြီး အတိတ်ကို သတိမရတော့တဲ့ သီလရှင်တွေကိုပါ။

သူတွေ့ရှိတာကတော့ တက္ကသိုလ်တစ်ခုခုက ဘွဲ့ရသီလရှင်တွေဟာ ပညာရေးနဲ့လည်း အဆက်မပြတ်ဘူးဆိုရင် အခြားသီလရှင်တွေထက် ပိုပြီးကိုယ်အားကိုယ်ကိုးဆန်တယ်။ ပိုပြီး တက်ကြွတယ်လို့ ဆိုပါတယ်။

ဒါအပြင် ပညာလည်း ဆက်လက်ဆည်းပူးမယ်၊ စိတ်ဝင်စားစရာ အသစ်အသစ်တွေကိုလည်း ပိုပြီးလိုက်စားမယ်ဆိုရင် သူတို့စိတ်တွေကလည်း ပိုပြီးလန်းဆန်း တက်ကြွနေပါသတဲ့။

ဒါကိုကြည့်ရင် အသက်အရွယ်ရလာတဲ့လူတွေဟာ ဂီတ၊ အစားအစာ၊ ဖက်ရှင်စတာတွေကို ခေတ်နဲ့အညီ မီအောင်မလိုက်နိုင်ဘူးဆိုရင်တောင် အိုးပင်းမိုင်း(ဒ်) ဖြစ်နေပြီး စိတ်ဝင်စားစရာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို ရှာဖွေ လက်ခံနိုင်ဖို့တော့ ကြိုးစားထားသင့်တာပေါ့။ ဦးနှောက်ကို အလုပ်ပေးထားတော့ အာရုံကြောဆိုင်ရာ ရောဂါတွေ သက်သာစေတယ်လို့ သိပ္ပံက ပြောတယ်မဟုတ်လား။

ဘာပဲပြောပြော မာမာအေးမှ မာမာအေး၊ ခင်မောင်တိုးမှ ခင်မောင်တိုးဆိုလိုလည်း ခေတ်မမီလို့ ရှက်စရာမဟုတ်တော့ဘူးလေ။
ဒါလည်း သိပ္ပံနည်းကျပဲဥစ္စာ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.