ကာလဒါန နဲ့ တေ့လွဲ ရွာပြန်ချိန်

ကာလဒါနဆိုတာအရေးကြီးတယ်၊ ဟုတ်မယ်၊ ဟုတ်တယ်။
တက္ကစီတွေကျောင်းဘေးမှာ ဥဒဟိုပြေးနေကြတယ်၊ စီးမလို့လည်းရပ်လိုက်ရော တက္ကစီတွေမလာတော့ဘူး။
လာတယ်၊မအားဘူး။ ခုမှတော့ ရှက်မနေတော့ပါဘူး။

နွမ်းပါးတဲ့သာမဏေဘဝ၊ အိပ်ကပ်နွမ်းနွမ်းထဲက ငွေစက္ကူခပ်နွမ်းနွမ်းသေးသေးလေးများ။
အိပ်ထောင်ပြားပြားကပြောတယ်၊ သား..အားမငယ် နဲ့။
စာမူခ တစ်ချို့၊ ဆွမ်းစားကွမ်းစားတစ်ချို့နဲ့ ဝမ်းစိုမလို့အားယူတုန်း အဖေအိုက လက်ပြနှုတ်ဆက်၊
စားရကံ မကြုံတဲ့အဖေ။ အဖြစ်မရှိတဲ့သား။ နှစ်ယောက်စလုံးကာလဒါန အားနည်းခဲ့ကြ။


ဘဝမှာ ထိုးကျွေးသင့်ရင် တစ်ချို့ ထိုးကျွေးထားခဲ့ရတတ်တယ်။ သိဒ္ဓတ္ထမင်းသားပြတဲ့လမ်း။
သူ(ဒီ အရှင်) ခြောက်နှစ်လုံးလုံး ထိုးကျွေးပြီး ခရီးဆက်တယ်။


ဖြစ်နိုင်ရင် ၂ နှစ်လောက်ကံကြမ္မာနဲ့ စာချုပ် ချုပ်ချင်ရဲ့။
ထိုးကျွေးရမယ့်အထဲ အမေအို ပါသွားမယ်လို့ မစဉ်းစားခဲ့။
သေခြင်းတရားကို လျှော့တွက်ခဲ့။ အောင်မြင်မှု တစ်ချို့တစ်ဝက်။
အစိမ်းရောင် ငွေစက္ကူ တစ်ချို့တစ်ဝက်။ စရဏတစ်ချို့တစ်ဝက်။
သမ္မာအာဇီဝ နဲ့ရရင် ရဟန်းလည်း မိဘကို ကျွေးကောင်းတယ်။

ရွာအဝင် ရင်ကိုဆီးကန်တဲ့သတင်းက အမေအို နေညိုခဲ့ ပြီကော တဲ့။
စားရကံ မကြုံတဲ့အမေ၊အဖြစ်မရှိတဲ့ ရဟန်း။ ငွေစက္ကူနွမ်းနွမ်း အကြွေးဆပ်ခွင့် လွဲရပြန်ရော။
ရဟန်းမယ်တော်ဆိုတဲ့ ပီတိကလွဲလို့ ဘာမှ မရလိုက်တဲ့ အမေ။

ကာလဒါန ဆိုတာ အရေးကြီးတယ်၊ အကျိုပေးမှုတွေ အချိန်ကိုက်ဖြစ်နေရမယ်။
ဝါဆိုသင်္ကန်းလှူမှ၊ ကထိန်သင်္ကန်းလှူမှ ဆိုပြီး တစ်နှစ် နှစ်ကြိမ် စောင့်နေစရာ မလိုဘူး။
ကြုံရင် ကြုံသလို လှူ၊ ပေး၊ တကယ်လိုနေရင်ပေါ့၊ အဲဒါ ကာလ ဒါန အစစ်။

လူတွေလည်းအတူတူပဲ။ ပညာသင်ဖို့ အချိန်တွေ တေ့လွဲ၊
အိမ်ထောင်ပြုဖို့ အချိန်တွေ တေ့လွဲ။ သား သမီးရဖို့ အချိန်တွေ တေ့လွဲ။

ဘုန်ကြီးတွေရော....
ဆရာတစ်ယောက် ပြောဖူးတယ်၊
တို့ဟူးကို ပြတ်အောင် မကိုက်နိုင်တော့ဘူးဆိုရင် စားပွဲပေါ်မှာ ဟင်းလျာအပြည့်တဲ့။

ကိုယ်နဲ့ မဆိုင်တဲ့ရထား အချိန်စောရောက်နေတာထက် ကိုယ်စီးမဲ့ရထား အချိန်ကိုက်ရောက်လာဖို့ပဲ အရေးကြီးတယ်။
စာပေမသိ၊မညှိဘူး။အကျိုးပေးချိန်တွေ တေ့လွဲ လွဲနေရင် ကာလဒါန ချို့တဲ့ခဲ့လို့ လို့ပဲ မှတ်ထားမိတယ်။

တကယ်တော့
ဘယ်သူမှ နောက်မကျပါဘူး
နေဝင်ချိန်ကကို စောလွန်းသွားတာပါ။(တာရာမင်းဝေ)


ကာလဒါန ချို့တဲ့ကြသူများ ကိုယ်စား။



သီဟနာဒ








Copyright © 2012 ကမ်းလက်. All rights reserved.

လူ၊ မျောက်၊ ချင်ပန်ဇီ၊ ရေသတ္တဝါနဲ့ ရေညှိ

တစ်ခါက (တစ်ခါကဆိုတာ ၁၉၉၇ တုန်းကပါ) နာဂတောင်တန်းမှာရှိတဲ့ ချင်းရွာလေးတစ်ရွာမှာ ညအိပ်ခဲ့ရဖူးတယ်။ “ဆုံကင်း” လို့ ခေါ်ပါတယ်။ ညမအိပ်ခင် မီးဖိုဘေးမှာ ထိုင်ရင်း နာဂအမျိုးသားကြီး တစ်ယောက်က

       “လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကဆိုရင် ဒီရွာဝန်းကျင်မှာ ဆင်အုပ်ကြီးတွေ တွေ့ရတတ်တယ်” လို့ ပြောတယ်။
       “လူတွေကို အန္တရာယ် မပေးဘူးလား”
       “အများအားဖြင့်တော့ ဒုက္ခ မပေးကြပါဘူး။ လူတွေကလည်း သူတို့ကို တွေ့ရင်တော့ ရှောင်နေတာပေါ့။ ဒါပေမယ့် ကျနော်ကလေးဘဝက သစ်ပင်ပေါ်က အိမ်ပေါ်မှာ နေခဲ့ရဖူးတယ်”
       “ဘာဖြစ်လို့လဲ”

       “ဘာမှ မဖြစ်ဘူး။ မြေပြင်ပေါ်မှာ အိမ်ဆောက်နေတာ သိပ်မရှိသေးဘူး။ ရှိပေမယ့် တစ်ချို့က ညပိုင်းဆိုရင် သစ်အိမ် (သစ်ပင်ပေါ် ဆောက်ထားတဲ့အိမ်) ပေါ်မှာ အိပ်ကြတယ်။ ဆင်ရယ် မဟုတ်ပါဘူး။ တစ်ခြား သတ္တဝါတွေရဲ့ အန္တရာယ်ကလည်း ရှိနိုင်တယ်လေ။ ကျားတို့ ဘာတို့ပေါ့”

စကားစပ်မိရင်း ပြောကြတာ တော်တော်များတယ်။

သစ်အိမ်ဆိုတာလေး ပါသွားတဲ့နောက် အတွေးက အဲ့ဒီနောက် ရောက်သွားတော့ သူပြောတာတွေကို သိပ် မမှတ်မိတော့ဘူး။

သူပြောတာလေးကို ကြားပြီး မစ္စတာ ချား(လ်စ်)ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီကို သတိရမိလို့ပါ။ (အီဗော်လူးရှင်းဆိုတာ ဆင့်ကဲဖြစ်စဉ်လို့ ပညာရှင်တွေနဲ့ အဘိဓာန်က ဖွင့်ပါတယ်။ အရပ်ထဲမှာတော့ လူဟာ မျောက်က ဆင်းသက်လာတယ်လို့ လွယ်လွယ် ခေါ်ကြပါတယ်။)

       ကျနော်တွေးမိတာက ဒီလိုပါ။

ကျနော်တို့ကို ခရီးလမ်းညွှန်ဖို့ လိုက်လာတဲ့ နာဂကြီးရဲ့ ခြေထောက်တွေနဲ့ လက်ချောင်းတွေက ကျနော်တို့ ခြေချောင်း၊ လက်ချောင်းတွေနဲ့ သိပ်မတူဘူး။ မတူဘူးဆိုတာက ဖိနပ်စီးလေ့ မရှိတဲ့ သူ့ခြေချောင်းတွေက ဘေးကို ပိုကားနေတယ်။ သူနဲ့မှ မတူတာလည်း မဟုတ်ဘူး။ လူဖြူတွေနဲ့ ကျနော်တို့ အာရှတိုက်သားတွေရဲ့ ခြေချောင်းလေးတွေလည်း မတူဘူး။ သူတို့က ရှုးဖိနပ်စီးတာများတော့ ခြေချောင်းလေးတွေက အထဲကို စုပြီးဝင်နေတယ်။ ညှပ်ဖိနပ်စီးတာများတဲ့ ကျနော်တို့ခြေချောင်းတွေက နည်းနည်းဘေးကို ပိုကားနေတယ်။

ဟုတ်တယ်။ နာဂကြီးရဲ့ခြေချောင်းလေးတွေက ဘေးကို ပိုကားတာပေါ့။ ခြေသည်းလည်း ညှပ်တဲ့အကျင့် သိပ်မရှိဘူး။ ခြေသည်းလက်သည်းဆိုတာ သွားနဲ့ အကိုက်ခံရရင် ခံရ၊ မခံရရင် ရှည်လို့ တစ်ခုခုနဲ့ ထိပြီး ကျိုးသွားတယ်။

ပြီးတော့ ကျနော်တို့လို အိမ်သာသွားပြီးတိုင်း လက်ကို သန့်စင်အောင် ဆေးရမယ်လို့ ပြောတတ်တဲ့ ဆရာဝန်တွေ၊ မူလတန်းပြ ဆရာ၊ ဆရာမတွေ မရှိတော့ ခြေထောက်တွေလက်တွေတွေကိုလည်း သိပ်မဆေးကြပါဘူး။ ဒီတော့ သူတို့လက်ချောင်း၊ ခြေချောင်းလေးတွေက ကျနော်တို့နဲ့ မတူဘူး။ (ချေးတွေနဲ့ လက်သည်းတွေ မည်းလို့)။

       ဆိုပါတော့၊ သစ်ပင်ပေါ်မှာ နေဦးမယ်ဆိုရင်…
       အသားစိမ်း၊ ငါးစိမ်းတွေကို ကျကျနန ချက်မစားကြသေးဘူးဆိုရင်…
       ဆံပင်တွေ၊ မုတ်ဆိတ်တွေ ကျကျနန မရိတ်ကြသေးဘူးဆိုရင်…

“ဆိုရင်” ပေါင်းများစွာကို ဖြန့်ကျက်လိုက်တော့ လူဟာ မျောက်နဲ့ ဆင်ဆင်တော့ တူသွားတယ်။ လူရဲ့အသွင်ဟာ ဒီနေ့လူရဲ့အသွင်နဲ့ မတူတာတော့ သေချာတယ်။ အဲ့ဒါ မစ္စတာဒါဝင်ရဲ့ အီဗော်လူးရှင်းပါပဲ။



       ဒီနေ့အထိ ဒါဝင်နဲ့ ကျနော် စိတ်ဝမ်းမကွဲခဲ့ဖူးပါဘူး။

ရေသောက်တာကို အိတ်ခ်ျတူးအို သောက်တာလို့ မပြောချင်သလို ဒါဝင်ရဲ့ အီဗော်လူးရှင်းကိုလည်း ချင်ပန်ဇီနဲ့ ရှုတ်မနေစေချင်ပါဘူး။ လူတိုင်းသိတဲ့ လူနဲ့မျောက် ပြောလိုက်ရင် ပြီးတာပါပဲ။ အဲ့သလိုပြောတဲ့ လူတွေကလည်း ရေညှိတွေ၊ ရေသတ္တဝါတွေ၊ ချင်ပင်ဇီတွေကို မသိလို့ ပြောနေကြတာ မဟုတ်ကြပါဘူး။ ရေသောက်တာပါ။ အိတ်(ခ်ျ)တူးအို မသောက်ပါဘူး။ ဓာတ်ခွဲခန်းစော် နံလို့။

နာဂတောင်ပေါ်က ဆင်းလာတဲ့နောက် လူနဲ့မျောက် ဆက်စပ်လို့ (မျက်မြင်ကိုယ်တွေ့ပါ၊ စာအုပ်ထဲက မဟုတ်ဘူး။) ရသွားတယ်။

ဒါနဲ့ လွန်ခဲ့တဲ့ နှစ်ငါးရာ၊ တစ်ထောင်၊ နှစ်ထောင်၊ တစ်သောင်း။ လူဟာ ဘာနဲ့ တူမှာပါလိမ့်။ တူချင်ရာနဲ့ တူ၊ ဒီနေ့ လူနဲ့တော့ ချွတ်စွတ် မတူနိုင်ဘူး။ ကဲ… အဲ့ဒါ အီဗော်လူးရှင်း မဟုတ်ရင် ဘာလို့ ပြောကြမလဲ။

ဒါနဲ့ပဲ မစ္စတာ ချား (လ်စ်)ကို လက်ဆွဲနှုတ်ဆက်ပြီး ဘာသာရေးဖက်ကို ကြည့်မိတော့ အဂ္ဂညသုတ်ကို ဝမ်းပမ်းတသာ တွေ့မိတယ်။ ဘာသာရေးစာပေဆိုတော့ သိပ္ပံတော့ မဟုတ်လောက်ဘူးပေါ့။ ဒါပေမယ့် အဂ္ဂညသုတ်မှာ ပြောတာက အစပိုင်းမှာ ကမ္ဘာဟာ ရေနဲ့ လွှမ်းသတဲ့။ မစ္စတာဒါဝင်ပြောတဲ့ ရေညှိရေမှော်တွေနဲ့ တစ်ထေရာတည်းပါပဲ။ (အဓိကကတော့ လူဟာ ဖန်ဆင်းခံ သတ္တဝါမဟုတ် ဆိုတာပါပဲ။ အဲ့ဒီကနေတဆင့် လူ့အဆင့်အတန်းတွေ ကွဲလာပုံကို သေသေချာချာ ရှင်းပြထားတယ်။

ဒါနဲ့ပဲ မစ္စတာဒါဝင်ကို ဂေါတမဗုဒ္ဓနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ အဂ္ဂညသုတ်နဲ့ အီဗော်လူးရှင်းလည်း စိတ်ဝမ်းမကွဲကြပါဘူး။ တစ်ထပ်တည်းလည်း မတူကြဘူး။ တူစရာလည်း မလိုဘူး။

ကျနော်ထားခဲ့တဲ့ မက်ဆေ့ဂ်ျက “လူဟာ ရေသတ္တဝါကပဲလာလာ၊ ချင်ပန်ဇီကပဲ လာလာ၊ မျောက်ကပဲလာလာ (ရပ်ကွက်ထဲမှာတော့ မျောက်က ပေါ်ပြူလာ ပိုဖြစ်တယ်လေ) မျောက်စိတ်နဲ့ လူမဖြစ်ရင် တော်သေးတာပဲ။ အနည်းဆုံး အုံးသီးတော့ ခွဲတတ်တာပေါ့။ ဒါပါပဲ။” (မျောက် အုံးသီးရသလို - လို့ ပြောစရာ မလိုတော့ဘူးပေါ့)

       ဒါဝင်ကြီးကို ချစ်လွန်းလို့ ပြောမိတဲ့ဟာကို…။

လူတွေ လက်ခံစရာ မလိုပါဘူး။ ဘာသာရေးတွေ လက်ခံစရာလည်း မလိုပါဘူး။ အီဗော်လူးရှင်းက နေရာတိုင်းမှာ ရှိပါတယ်။

       မီးကျောက်၊ မီးခြစ်ဗူး၊ ဂက်(စ်)မီးခြစ်၊ အနုမြူ။
       ရေ၊ မီး၊ မဟာဘုတ်လေးပါး၊ အဝိနိဗ္ဘောဂရုပ်ရှစ်ပါး၊ ဟိုက်ဒရို အီလက်ထရောနစ်။ (မီးမှာ ရေရှိ၊ ရေမှာ မီးရှိ)
       ကျောက်လက်နက်၊ ကြေးလက်နက်၊ သံလက်နက်၊ စတီးလ်လက်နက်၊ အွန်လိုင်းလက်နက်။
       တယ်လီဖုန်း၊ ရေဒီယို၊ တီဗွီ၊ ကွန်ပျူတာ။

ကျနော့်အခန်းထဲက ကွန်ပျူတာက တယ်လီဖုန်းကနေ ဖြစ်လာတာပါ။ ချင်ပန်ဇီကနေ ကွန်ပျူတာ ဖြစ်လာတာ မဟုတ်ပါဘူး။ အဲ…မျောက်က ဆင်းသက်လာတဲ့ လူတွေက လုပ်ထား၊ တီထွင်ထားတာပါ။

ကွန်ပျူတာရဲ့အစက ရေထုလွှမ်းမိုးထားတဲ့ ကမ္ဘာပါ။

ပြီးပါပြီ။ ။



အဂ္ဂညသုတ်တော်ကိုဆက်လက်လေ့လာလိုသူများအတွက်
အင်္ဂလိပ်ဘာသာပြန်ဗွီဒီယိုလက်ချာ မြန်မာဘာသာပြန်




ဇင်ဝေသော်





Photo credit to Thar Kyaw (缅甸 / Myanmar)
HPA2011 Nomination Award for Portrait & Costume (Burmese Barbarian-Naga People)






Copyright © 2012 ကမ်းလက်. All rights reserved.

အင်္ဂလိပ်စကားပြောသူများ နှလုံးရောဂါပိုဖြစ်တယ်

ငြီးငွေ့ပင်ပန်းစရာကောင်းလှတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သုတေသနတွေကို အဖြေထုတ်ကြည့်လိုက်တော့ နောက်ဆုံးထွက်လာတာက

*          ဂျပန်လူမျိုးများက အဆီသိပ်မစားကြ၊ ထို့ကြောင့် နှလုံးရောဂါဖြစ်နှုန်း ကနေဒီယန်းတွေ၊ ဗြိတိရှတွေ ၊ သြစတေးလျန်းတွေ၊ အမေရိကန်တွေထက် နည်းပါးကြတယ်။


*          မက္ကဆီကန်လူမျိုးတို့ကား အဆီအဆိမ့် အလွန်စားကြ၏ ။  သို့သော် နှလုံးရောဂါဖြစ်နှုန်း ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့ထက် နည်း၏ ။


*          တရုတ်လူမျိုးများ ရက်(ဒ်)၀ိုင်ကို သိပ်မသောက်ကြ။  ထို့ကြောင့် နှလုံးရောဂါခံစားနေရသူများ ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့ထက် လျော့ပါး၏ ။


*          အီတလီလူမျိုးများ ရက်(ဒ်)၀ိုင်ကို အလွန်အကျွံ သောက်ကြ၏ ။ သို့သော် နှလုံးရောဂါဖြစ်ပွားမှု ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့လောက် မရှိ ။


*          ဂျာမန်များ ဘီယာ အလွန်အကျွံ သောက်ကြ၏ ။ နှလုံးရောဂါဖြစ်ပွားမှု ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့လောက် မမြင့်မား ။


*          ယူကရိန်းလူမျိုးများ Vodka အလွန်အကျွံ သောက်ကြ၏ ။ နှလုံးရောဂါဖြစ်ပွားမှု ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့လောက် မဖြစ်။


CONCLUSION:
Eat and drink what you like.
Speaking English is apparently what kills you.


Net Buzz
Newpapaer,  Spotted by Selvaraj K.


ဦးကိုမောင်






















Copyright © 2011 ကမ်းလက်. All rights reserved.

မန်းကိုလွမ်းလို့တမ်းတဲ့စာ (၂) ကြည့်မှန်နှင့် ဒေါသ

ငါ့ကို ဆရာတော်ကြီးတစ်ပါးက သြဝါဒပေးဖူးတယ်ကွ၊ မှန်လေးတစ်ချပ် အမြဲတမ်းဆောင်ထားရတယ်-တဲ့။ ဘာလုပ်ဖို့လဲဆိုတော့ ဒေါသဖြစ်နေပြီဆိုရင် ကုဋီထဲကို ချက်ချင်းဝင်သွားပြီး ဒေါသဖြစ်နေတဲ့ ကိုယ့်မျက်နှာကို ကိုယ်ပြန်ကြည့်ရတယ်။ တော်တော်အရုပ်ဆိုးတာပဲတဲ့။ ကိုယ့်မျက်နှာကိုတောင် မကြည့်ချင်လောက်အောင် အရုပ်ဆိုးတာ၊ သူများတွေအတွက်တော့ ပြောမနေနဲ့တော့” ဟု ဒေါသဖြစ်နေသည့်အခါ သိပ်မတွေ့ရသည့် ဆရာတော်တစ်ပါးက အမိန့်ရှိလေသည်။

       မဟာဂန္ဓာရုံဆရာတော်ကြီး၏ သံဃာကို ရုပ်သေးပွဲလို အဝေးကဖူးရတယ်ဆိုသည် သြဝါဒကား ဤဆရာသမားနှင့် သိပ်မဆိုင်တော့ပေ။ ဤဆရာကား အနီးကပ်လေ၊ ကြည်ညိုဖွယ်ကောင်းလေ ဖြစ်လေသည်။

       ဘထဲ၌ အနီးကပ်လေလေ၊ ကြည်ညိုစရာကောင်းလေလေ ဆရာတော်နှစ်ပါးနှင့် နှစ်အတော်ကြာ နေခဲ့ရဖူးလေသည်။ တစ်ပါးကား ဒေးဝန်းဆရာတော်ကြီးပင် ဖြစ်သည်။ ဝိနည်းလေးစားခြင်းက လူသိအများဆုံး၊ ရဟန်းသိအများဆုံး ဂုဏ်ပုဒ်ဖြစ်လေသည်။ ဝိနည်းကျင့်ဝတ်၌ အသေးအမွှားလေးကအစ အစွန်းအထင်းမခံပေ။ သာမဏေဘဝက ဆရာတော်၏ ဝိနည်းကြောင့် အခြာကျောင်း(ဓမ္မိက) ပေါ်သို့ သွားရောက်အိပ်စက်ရသည့်အကြိမ် အတော်ကြုံခဲ့ရဖူးသည်။

       ငါးနှစ်ကျော်ကျော်နေခဲ့သော်လည်း ဆရာတော်၏ ဝိနည်းကား ဘုရားလက်ထက်က ရဟန်းတော်တစ်ပါးနှယ် ကျင့်သုံးနေသည်ကိုသာ ဖူးတွေ့ခဲ့ရသည်။ မစိုးရိမ်ဆရာတော်ကြီး စင်ကာပူကိုကြွခိုက် “ မင်းက ဒေးဝန်းဆရာတော်ကြီးနဲ့ ဘယ်လောက်ကြာအောင် နေခဲ့ရဖူးသလဲ” ဟု မေးတော်မူ၏။

       ဆရာတော်၏အမေးက ဝိနည်းဥပနိဿယကို ရည်ရွယ်၍မေးကြောင်း ခပ်ရှက်ရှက်သဘောပေါက်ခဲ့ရသည်။

       “ သာသနာ့တက္ကသိုလ်မတက်ခင်အထိ ငါးနှစ်ကျော်ကျော်အတူနေ၊ ဝေယျာဝစ္စတချို့လုပ်ပေး၊ အထူးအားဖြင့် ဆရာတော်ကြီးကို သိထိုက်တဲ့သတင်းတစ်ချို့ သတင်းစာထဲမှဖတ်ပြရတဲ့ အလုပ်တွေလုပ်ပေးခဲ့ရပါတယ်ဘုရား” ဟု စပ်မိစပ်ရာပြောရင်း ဖြေကြားမိသည်။

       “ ဒါဆို ဆရာတော်ကြီးရဲ့ ဝိနည်းဆိုင်ရာဥပနိဿယတွေလည်း မင်းရခဲ့မှာပေါ့” ဟု မစိုးရိမ်ဆရာတော်ကြီးက ဆက်မိန့်ရာ “ မှန်ပါ” ဟုပင် မယုတ်မလွန် ဖြေခဲ့ရသည်။ ဆရာနှင့်တပည့်ကား အလှမ်းဝေးလှချည်သေးရဲ့ဟုပင် တွေးမိသေးတော့သည်။


       နောက်တစ်ပါးက ရွာမှ၊ ကျောင်းမှဆရာများနှင့် ရင်းနှီးနေရကား ငယ်ဆရာကဲ့သို့ပင် ချစ်ခင်လေးစားရသော မန္တလေးသာသနာ့တက္ကသိုလ် နာယကချုပ်ဟောင်းဆရာတော် ဦးသုစာရိန္ဒာလင်္ကာရပင် ဖြစ်သည်။

       ဤဆရာ၏ကြည်ညိုဖွယ်ကား ရိုးသားခြင်းနှင့် ဟန်ဆောင်မှုကင်းခြင်းတို့ပင် ဖြစ်သည်။ အထက်ပါ “မှန်” ကိစ္စကိုမိန့်သော ဆရာတော်ကား ပါချုပ်ဟောင်းဆရာတော်ပင်ဖြစ်သည်။

       တစ်ခါက အပြစ်တစ်ခုကိုကျူးလွန်သော ရဟန်းခြောက်ပါးကိုခေါ်၍ သြဝါဒပေး၏။ သြဝါဒထဲ၌ “မင်းတို့ နိုင်ငံခြားပို့တဲ့အထဲ မပါတော့ဘူး” ဟု ခပ်ပြုံးပြုံးကြီး မိန့်သောစကားလည်းပါဝင်လေသည်။ ရဟန်းငယ်ခြောက်ပါးက (ပြုံး၍ မသင့်တော်သဖြင့်) ခပ်တည်တည်ဖြင့်သာ “မှန်ပါဘုရား” ဟု လျှောက်ကြရလေသည်။ ရဟန်းငါးပါးပြန်ကြွသွားမှ “မင်းတို့က တော်တော်ဆိုးတဲ့  ကောင်တွေ” ဟု သီဟနာဒကို တစ်ပါးတည်းဆက်မိန့်သည်။ သို့သော် ထိုဆရာကား ဒေါသဖြစ်နေသည့်အခါကို သိပ်မတွေ့ရပေ။

       “ နိုင်ငံခြားပို့တဲ့အထဲ မပါတော့ဘူး” ဆိုသည် သြဝါဒကို ရွဲ့လိုက်သလိုတော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုဆရာမျိုးကို မရွဲ့ရဲပါ။ သုံးလေးနှစ်ကြာမှပြန်ဖြစ်ပြီး အလှူလုပ်သည်ပွဲမှာတော့ ဆရာသမားများနှင့်အတူ ပျော်ပျော်ပါးပါး ရွာကိုသွားချင်သည်။ ရွာဟူသည် မန္တလေးမှပင် ကားတတန်၊ လှည်းတတန် ဖုံတစ်ထောင်းထောင်းထနေသော ခရီးတည်း။

       သီတင်းသုံးဖော်ရဟန်းများကပင် ရွာကို “ အနာဂါမ်” ရွာဟု ဆိုကြသည်။ အနာဂါမ်ဟူသည် နောက်တစ်ကြိမ်မရှိတော့၊ ထပ်မလာတော့ဆိုသော အဓိပ္ပါယ်ပင်ဖြစ်သည်။ မှန်၏။ ရွာကိုရောက်ဖူးသောရဟန်းများက ထပ်ခေါ်၍မရတော့၊ မရောက်ဖူးသေးသောသူများကိုသာ အချိုသပ်၍ ခေါ်ရသည်။

       ထိုဆရာက အနာဂါမ်ရွာကို ကြွဖို့လက်ခံသည်။

       စင်္ကာပူမှအဖွဲ့နှင့်အတူ ဘတ်(စ်) ကားနှစ်စီးဖြင့် ရွာကို သွားကြ၏။ ပျော်ပျော်ပါးပါး အလှူလုပ်ကြ၏။ အားလုံးပမ်းသော်လည်း ပျော်ရွှင်နေကြရ၏။

       ပြဿနာကား အပြန်ခရီးမှာဖြစ်၏။ ဘတ်(စ်) ကားကြီးများ ဝင်မရသောလမ်းကို ဒိုင်နာများဖြင့် (စလုံးတွေက လော်ရီလို့ခေါ်ကြတယ်) ခရီးဆက်ခဲ့ရ၏။ ဆရာတော်များကို ခေါင်းခန်းမှာ သီတင်းသုံးဖို့ စီစဉ်လို့ရ၏။

       ဥက္ကဋ္ဌက နေပူပူ၊ ဖုန်တစ်ထောင်းထောင်းထဲ၌ ရှိသမျှကလေးများကို နို့အေးချောင်းဝေကျွေးရင်း ဘာဖြစ်သည်မသိ မေ့မျောသွားသလို ဖြစ်တော့သည်။ ခရီးဒဏ်၊ ရောဂါအခြေခံ၊ အသက်ရှူမဝ အားလုံးစုံသွားပုံရပါသည်။ မလှုပ်နိုင်တော့ပေ။ ထို့ကြောင့် ဒိုင်နာတစ်စီး၏ ခေါင်းခန်းကို သူ့ပေးလိုက်ရတော့သည်။

       ထိုအခါ ပင့်လာခဲ့သော ကသာမြောက်ကျောင်းဆရာတော် ဦအဂ္ဂ၊ ဒေးဝန်းကျောင်းဆရာတော် ဦးသုမန(ဆရာကြီး) နှင့် ဘုန်းကြီး ဦးသုစာရိန္ဒာလင်္ကာရတို့အထဲမှ တစ်ပါးပါး အနစ်နာခံရပေတော့မည်။ အနစ်နာခံဟူသည် တောလမ်းတစ်လျှောက်လုံး (မုံရွာ၊ မန္တလေးကားလမ်း မရောက်မီ) မော်တော်ဆိုင်ကယ်ဖြင့် ကြွရခြင်းပင်တည်း။

       ဘာမှ မလျှောက်ရသေးပဲ ဗော်လန်တီယာတာဝန်ယူပြီး မော်တော်ဆိုင်ကယ်ဖြင့်ကြွရန် စာရင်းပေးသူကား ယင်းဆရာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဆရာတော် ဦးသုစာရိန္ဒာလင်္ကာရပင် ဖြစ်ပေတော့သည်။ ဤဆရာကို မန္တလေးတက္ကသိုလ်ထွက် ရဟန်းများ မေ့မရကြသည်က ဤသို့သောကိစ္စများကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သိပ်တော့ သဟဇာတမဖြစ်၊ ပါချုပ်ဟောင်းနှင့် မော်တော်ဆိုင်ကယ်။ ဂရုစိုက်မောင်းရန်သာ ရွာသားကို မှာရတော့၏။

       ရွာသားကို မှာနေစဉ် ထိုဆရာက အတိတ်ကိုဆွ၏။ ဒီရဟန်းငယ် ဒေါသကြီးသည်ဟု သိထားသောကြောင့်လားတော့ မသိ။

       “ မင်း ငါပြောတဲ့ မှန်ကိစ္စကို လုပ်ဖြစ်သလား၊ အကျိုးရှိတယ်နော်”
       “ ဘုန်းကြီးဘုရား၊ စင်္ကာပူမှာက ကုဋီထဲမှာကိုပဲ မှန်တွေရှိပါတယ်။ ဆောင်စရာ မလိုပါဘူး။ မှန်ကလည်း အကြီးကြီးပါ၊ ဒေါသဖြစ်နေတဲ့မျက်နှာကို ကြည့်ချင်ရင် အချိန်မရွေး ကြည့်လို့ရပါတယ်”

       “ ဒါဆို မင်း မှန်နဲ့ ဒေါသလျှော့လို့ ရပြီလား”
       “ မှန်တွေက ကြီးနေလို့လားတော့ မသိဘူး၊ တပည့်တော်ဒေါသက အရင်ကထက်တောင် ပိုကြီိးလာပါတယ်ဘုရား” ဟု စိတ်ထဲမှ လျှောက်မိသည်။

       အပြင်မှာမူ-
       “ အလုပ်ဖြစ်ပါတယ်ဘုရား၊ ကြိုးစားနေပါတယ်” ဟုသာ။


       ထိုဆရာကား မော်တော်ဆိုင်ကယ်ဖြင့် မန္တလေးကို ပြန်ကြွသွားလေတော့သည်။ ဖုန်များထနေသဖြင့် သိပ်မဝေးမီ ဆရာသမား၏ မော်တော်ဆိုင်ကယ်လေးလည်း ဝေဝါးသွားလေတော့၏။

       ပြဿနာကား ဆရာတော်ကြည့်သောမှန်နှင့် မိမိကြည့်သောမှန်တို့ အမျိုးအစားမတူသဖြင့် ဒေါသလည်း…………….။

(ဘုန်းကြီး ဦးအဂ္ဂ၊ ဆရာသမား ဦးသုမနနှင့် ပါချုပ်ဆရာတော်တို့ကို ဦးညွှတ်လိုက်ပါ၏။)

သီဟနာဒ
( ၁၉-၃-၂၀၁၂







Copyright © 2012 ကမ်းလက်. All rights reserved.

နားဝင်တော့ချိုပါရဲ့...သို့သော်

ဟိုအရင်က မြန်မာပြည်မှာ ကိုယ်ထူကိုယ်ထလမ်းတွေဖောက်ကြတယ်၊ နောက်ပိုင်းမှာတော့ကိုယ်ထူကိုယ်ထလမ်းတွေမဖောက်ရတော့ဘူး၊
ကိုယ့်အားကို ကိုးလမ်းတွေပဲ ဖောက်ရတော့တယ်။

မြန်မာပြည်က နာမည်ကြီးအဖွဲ့တစ်ဖွဲ့ကိုပေးထားတဲ့ နာမည်လေးကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းတဲ့။
သေသေချာချာမသိပေမဲ့ (ဘယ်သူတွေနဲ့ဖွဲ့စည်းထာတယ်ဆိုတာကို)ဆရာဝန်တွေ၊ နာစ်တွေ၊ ကလေးမိခင်တွေ၊ အားကစား
ကိုယ်ကာယပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်မယ်လို့တော့ နာမည်လေးကြည့် ပြီးခန့်မှန်းရင် မှန်လိမ့်မယ်ထင်ပါတယ်။

အစိုးရအမည်တွေမှရယ်လို့တော့မဟုတ်ပါဘူး။ ဟိုတုန်းကသုဘရာဇာတွေ မရှိတော့ဘူး၊
ကိုကျော်သူတို့ နာရေးအသင်ကနေရာယူလိုက်လို့။

နာမည်လှလှလေးတွေကိုသဘောကျတာ မြန်မာတွေရယ်မှ မဟုတ်ပါဘူး။
အင်္ဂလိပ်တွေ လေဘာလုပ်နေတုန်း စင်ကာပူက မဲန်း ပါဝါ လုပ်လိုက်တယ်။
ဒါပေမယ့် မဲန်းပါဝါအောက်မှာက အလုပ်ပို ပင်ပန်းသတဲ့။

ဒါလေးတွေကိုစဉ်းစားမိရင်း တိုင်းမ် မဂ္ဂဇင်းထဲက စာရေးဆရာ Otto Friendrich ရဲ့"Of Words that Ravange, Pillage, Spoil" ကို
ဖတ်မိတော့ သဘောကျမိလို့ တစ်ချို့ဆွဲထုတ်လိုက်ပါတယ်။ တစ်ချို့က အင်္ဂလိပ်လိုမှ ပိုထိမိတာရယ်၊
သိပ်လည်းမခက်လှတာရယ်ကြောင့် မူရင်းအတိုင်းပဲထားပါတယ်။




Pennsylvania မှာကြက်ငှက်ရောဂါတွေဖြစ်တော့ ဖက်ဒရယ်အစိုးရက"Depopulation"ဆိုတ့စကားလုံးကိုသုံးခဲ့တယ်။
ဒါကိုသုံးရကြောင်းဖက်ဒရယ်အစိုးရရဲ့ သတင်းနဲ့ပြန်ကြားရေးအရာရှိ David Godman က
"We used the terrible word depopulation to avoid saying slaughter." လို့ရှင်းပြတယ်။

တကယ်တော့ "Depopulation"ဆိုတ့စကားက Terrible မဟုတ်ပါဘူး၊ လက်တင် populare ကလာတာမို့ ထူးခြားတဲ့စကားပါ။
အဓိပ္ပါယ်က “to lay waste, ravage, pillage, spoil" ပါ။

Shakespeare က “Where is this viper/That depopulate cities?" လို့သုံးပြီး
John Milton က "depopulating all places in their way" လို့ စစ်တပ်အင်အားကိုရည်ညွှန်းသုးစွဲခဲ့ပါတယ်။
စကားလုံးတွေရဲ့ မူရင်းအဓိပ္ပါယ်တစ်ချို့ပျောက်နေပါပြီ။
Webster အဘိဓာန်မှာဆို "to reduce greatly the population of"လို့ တစ်မျိုးပဲဖော်ပြတော့တယ်။

နောက်ပြီး သေဒဏ်စီရင်ခြင်းဆိုတာကို ဘယ်အစိုးရကမှမသုံးစွဲလိုပါဘူး။
ဂျာမနီက နာဇီတွေတောင် ဒီစကားလုးံကို ရအောင်ရှောင်ကြတယ်။ ထောင်သားတွေ ကွန်စန်ထရေရှင်းကမ့်ပ် ပို့ရာမှာ
စာရွက်ပေါ်အမှာ ရေးထားက"return unwanted"လို့ အဓိပ္ပါယ်ရတဲ့ဂျာမန်စကားပါ။ အဓိပ္ပါယ်က "death"ပါဘဲ။
ဒီတာဝန်ကိုတော့"special treatment"တဲ့။ အဓိပ္ပါယ်က "death"ပါဘဲ။ သေဒဏ်စီရင်ခြင်းကိုတော့"the final solution"တဲ့။
အဓိပ္ပါယ်လား၊ "death"ပါဘဲ။

စကားလုံးလှလှ နာဇီတွေဘယ်လိုပဲသုံးသုံးသူတို့လုပ်ရပ်တွေကို ဖုံးလို့မရမှန်း လူတိုင်းတော့သိတာပါဘဲ။
ဒါပေမယ့် ဒါဟာအကောင်းဆုံးဆက်သွယ်ရေးစကားဆိုတာ အစိုးရတိုင်းလက်ခံခဲ့ကြရတယ်။

စစ်ပွဲတွေနဲ့ပတ်သက်လို့ "Pacification" ဆိုတဲ့ဝေါဟာရ ရေပန်စားလာခဲ့တယ်။
("War is peace” as the Minister of truth says in 1984.) သူတို့မှမဟုတ်ပါဘူး၊
ရိုမန်တွေကလည်း"Where they make desert, they call it peace" တဲ့။

ဗီယက်နမ်စစ်ပွဲမှာလည်း စကားလုံးအသစ်တွေအများကြီးရခဲ့ပြန်ပါတယ်။
"........soldiers "wasted" the enemy; some "fragged" their officers, bombers provided "close air support"

တရုတ်ပညာရှင် ကွန်ဖြူးရှပ်က အစိုးရကောင်းရဲ့ အဓိကရေသောက်မြစ်က"precise definition"တဲ့။
ဒါဆို ဘယ်လောက် precise ကို precise လို့ခေါ်ရပါ့မလဲ၊
နိုင်ငံတစ်နိုင်ငံရဲ့ ဖရီးဒမ်းဖိုက်တာက အခြားနိုင်ငံရဲ့ အကြမ်းဖက်သမားဆိုတော့လေ။

ရော်နယ် ရီဂင်ဟာ မကောင်းတဲ့လုပ်ရပ်ကို စကား လှလှသုံးတဲ့နေရာမှာ အလွန်တော်ပါတယ်။ ဂျင်မီ ကာတာက အီရန်ကိုဝင်တိုက်တဲ့
ဟယ်လီကော်ပတာ အထမမြောက်ခဲ့တာကို "an incomplete success." လို့သုံးခဲ့လေရဲ့။ ရီဂင် "Peace keeper "လို့မသုံးခင်အထိ
ဒုန်းပျံနဲတိုက်တာကို MX (missile experiment) လို့ လူတွေသိထားခဲ့ကြတာပါ။

Grenada ကျူးကျော်စစ်ပွဲပြီးသည်အထိ သူကိုယ်တိုင် "invasion "လို့သုံးခဲ့တာပါ။ သတင်ထောက်တွေကမေးတော့မှ
"your frequent use of word invasion. This was a rescue mission" လို့လှလှပပပြင်သုံးပြလိုက်တယ်။

Grenada စစ်ပွဲဟာစကားလုံးအသစ်အဆန်းတွေအများကြီးမွေးထုတ်ပေးခဲ့ပါတယ်။ Wesley L.McDonald က လေတပ်ကလေယဉ်တွေ
သက်ဆင်းလာထဲ့အခါရေတပ်က ကျွန်းပေါ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာမသိခဲ့ဘူး၊ ဒါကိုဝန်ခံဖို့ ဝန်လေးတော့ အံဩတကြီးနဲ့ဒီလိုပြောတယ်။
"We were not micromanaging Grenada intelligencewise until about that time frame."

အစိုးရက စစ်တပ်နဲ့ဆိုင်တဲ့ဝေါဟာရတွေကိုသာ ဝင်ပြီးအဆန်းထွင်တာတော့မဟုတ်ပါဘူး။
စီးပွားရေးကိစ္စမှာလည်း ဒါမျိုးလေးတွေ ထွင်တတ်ပြန်ပါတယ်။

ရီဂင်ပါဘဲ၊အခွန်တွေလျှော့ကောက်မယ်လို့ သူကိုယ်တိုင် ကြေငြာခဲ့ပြီး အခွန်တိုးကောက်တော့မယ်လည်းဆိုရော "အခွန်တိုးကောက်တယ်လို့မပြောပဲ
revenue enhancements."တဲ့၊ မလှဘူးလား။ ဒီစကားလုံးကို ရွေးပေးတာက Lawrence Kudlow ဆိုတဲ့ ဘတ်ဂျက် မန်းနေဂျမင့်က လူလေ။




ဒီအယူအဆက ပြန့်သွားတယ်ထင်ပါရဲ့။
ဆင်းရဲသားတွေကို (the poor)ခေါ်ဝေါ်တဲ့စကားပြောင်းသွားတယ်၊ "disadvantaged" တဲ့။

ပြီးတော့ ဆင်းရဲတဲ့နိုင်ငံတွေကို အစကတော့ "undeveloped nations."တဲ့၊
နောက်တော့ "developing nations." တဲ့၊ နောက်ဆုံးမတော့ "emerging nations" ပါတဲ့။

ဘာတွေဘဲပြောပြော နောက်ဆုံးမှာတော့ "nothing is certain except death and tax."ပါပဲ။
အဲ..မှားလို့ "Depopulation နဲ့ revenue enhancement." ပါတဲ့။




ဇင်ဝေသော်














Copyright © 2011 ကမ်းလက်. All rights reserved.