သမ္မတကြီးရဲ့ ဒုက္ခအိုးလေး

အင်း။ ဟို ပါလီမန်အမတ် နိုဘယ်လ်ဆု သွားယူမလို့ ဆိုပြီး ထွက်သွားလိုက်တာ ဥရောပမက ကမ္ဘာပါ ပြဲပြဲစင်နေရော။ ငါ့ကိုတောင် အင်္ဂလန်က ဖိတ်အုံးမတဲ့။ အင်း ဖိတ်တော့လည်း ကြွရသေးသပ။ သူမ စကားပြော မမှားပါစေနဲ့ လို့သာ ဆုတောင်းရပေတော့မယ်။ သူ့ မိန့်ခွန်းထဲ ထည့်ပြီး ငါ့ကို ကျေဇူးတင်ဖော်တော့ ရရှာသားပဲ။ အင်းလေ သူလည်း ငါ့ အခြေအနေကို သဘောပေါက် မှာပါ။

နောက် ပြဿနာက မနာလို တိုရှည် ပြည်တွင်းက ပါလီမန် အမတ်မတွေ။ သူတို့ကလည်း တောင်ပြော မြောက်ပြော။ ခက်တာက သူတို့ သွားဖို့ဆို အင်္ဂလန်က ဗီဇာတောင် ပေးမလား မသိ။ ပေးလို့ သွားတယ် ဆိုအုံး ဘယ်သူက ကြက်ဥပုံ ဝိုင်းရပ်ပြီး ကြိုမှာတုန်း၊ သမိုင်းဝင် မိန့်ခွန်း ပြောဖို့ နေနေသာသာ။ ဒီဟာမ တွေကလည်း နေရာမသိ၊ ခက်ပါဘိတော့။ လေလုံးမကွဲတဲ့ အင်္ဂလိပ်နဲ့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ကနေ မိန့်ခွန်းပြောမယ် တကဲကဲ။ မနည်း ဆွဲထားရတယ်။ အရှက် ခွဲမယ့်ဟာတွေ။

ဒါမှ စဉ်းစားလို့ မပြီးသေးဘူး။ လျှပ်စစ်မီး ချက်ချင်း နေ့တိုင်း ပုံမှန်ရဖို့ ဆန္ဒပြကြသတဲ့။ ဘယ်လို လုပ်ရပါ့။ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူးထင်တယ် ကွယ်တို့ရယ်။ ငါက လက်နှီးစုတ် လျှော်ရတဲ့ ကောင်ပါ အဲ သမ္မတပါ။ ဖရောင်းတိုင်က ဘုရား မီးပူဇော်ဖို့ပဲ အသုံးဝင်တယ် ထင်ခဲ့တာ။ အခုမှ သိရတော့တယ် ၊ ဆန္ဒလည်း ပြလို့ရသတဲ့။ ကဲ ဖမ်းမလား၊ လွှတ်ထားမလား။ ခေါင်းရှုပ်တယ်။ ငါ့ သမီးဆို အခုထိ ကိုယ်ပိုင်ကား မဝယ်နိုင်သေးဘူး။ ဗိုလ်ချုပ်ကြီး သမီးတိုင်း BMW စီးကြေးဆို အရင်ဆုံး ဆန္ဒပြ သင့်တာက ငါ့ သမီးပဲ။ "ဗိုလ်ချုပ်ကြီး သမီး BMW စီး၊ ဗိုလ်ချုပ်ကြီး သမီး လက်ဆပ်စ် စီး" ဆိုင်းဘုတ် ကိုင်ရင်း နဲ့ လေ။

ဟို ရခိုင် ပြည်နယ်ကလည်း ပြဿနာ အငွေ့ တထောင်းထောင်း။ လူ့ အခွင့်အရေး ဆိုတဲ့ ကောင်တွေကလည်း အပြစ်ပြောဖို့ ချောင်းနေတာ။ ဒီ ဟာတွေ ငါ့ တိုင်းရင်းသား မဟုတ်တာ ငါ သိသပ။ နယူးယောက်က ငနဲ ဘလော့ဂ်ဂါက ငါ မဖတ်တတ်တဲ့ စကားလုံးတွေနဲ့ မိုးလား ကဲလား ရှောက် ရေးနေသတဲ့။ Who care? ပေါ့လေ။ လူမျိုးတုန်း သတ်ပွဲဆိုလား၊ ဘာဆိုလား။ Who care? အိုဗားမားလည်း ငါ့နေရာမှာဆို အသားဖြူမလာရင်သာရှိမယ်၊ ဟဲယားလုစ် တော့ဖြစ်မှာ။ Who care? အခု ဗိုလ်ချုပ်ကြီးဘဝ ကထက် ဆံပင်ကျွတ်နှုန်း ပိုမြန်လာတယ်။

ငါကမှ တကယ့် ထိုင်ခုံပူ( Hot seat ) ပေါ် ရောက်နေတာ။ ဒီပြဿနာတွေ ရအောင် ရှင်းနိုင်ရင် ငါတောင် နိုဘယ်ဆု အိပ်မက် မက်လို့ ရသတဲ့။ အရူး ချေးပမ်း မီဒီယာ ပြောတာပါ။ အေးလေ ရရင်တော့ ယူရသေးသပ။ ရလို့ ယူလိုက်မိရရင် ဗိုလ်ချုပ်ကြီးတွေက နေအိမ် အကျယ်ချုပ် ပို့ လိုက်မှ ဒုက္ခ။ နိုဘယ်ဆု နဲ့ ငါတို့ ဗိုလ်ချုပ်တစ်ချို့ နဲ့ကလည်း တစောင်းစေးနဲ့ မျက်ချေး။ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

နယူယောက်က ဖူလာ ဆိုတဲ့ကောင်ကလည်း ဘယ်ကရတဲ့ အင်ဖိုတွေလည်း မသိဘူး၊ ငါ့ အကြောင်းကို ရေးထားလိုက်တာ ခရေစေ့ တွင်းကျ၊ သူ့ သုံးသပ်ချက်တွေက ပါးသေး။ တစ်ချို့လည်းမှန်၊ တစ်ချို့လည်း ကိုးယို့ ကားယားတွေ။ စစ်သားနဲ့ မတူတဲ့ စစ်သား တဲ့။ စစ်သား နဲ့ မတူလို့ ပရော်ဖက်ဆာနဲ့ တူနေရမှာလား။ မပြတ်သား၊ စည်းရုံးရေး မရှိ။ စိတ်ဓာတ်လေးကတော့ အနူတောမှာ လူချော တဲ့။ သမ္မတ အလုပ်ခိုင်း မလို့ အဘ က လက်သပ်မွေးခဲ့ တာမို့ ဆန္ဒမပါဘဲ သမ္မတ ဖြစ်လာရသူ တဲ့။ လူနောက် ဖူလာ။ အင်း ဒါနဲ့ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

လူတွေကလည်း ဆန္ဒပြလို့ ရပြီလည်း ပြောလိုက်ရော ပြလိုက်ကြတဲ့ ဆန္ဒ၊ နေရာတိုင်းမှာ။ ဆန္ဒပြလို့ ဖမ်းတော့ မဖမ်ဘူး၊ အခွန်တော့ ပေးရမယ် ဆိုတဲ့ ဥပဒေ ထုတ်ရင် ကောင်းမယ်။ အိန္ဒိယ လိုဖြစ်မှာ စိုးရတယ်။ အိန္ဒိယ မှာ ဆန္ဒပြ မခံရတာဆိုလို့ လမ်းပေါ်က နွားတွေပဲ ကျန်တော့တယ်။ နွားကို ဆန္ဒပြတဲ့သူ ဆန္ဒအပြခံရတဲ့ နိုင်ငံပေပဲ။

ဟို အကောင် လာဘ်စားတဲ့ ကိစ္စက အရေးထဲ မီဒီယာပေါ် ရောက်လာပြန်ရော။ တော်တော် ညံ့တဲ့ကောင်။ အင်းလေ တစ်ခါ မဟုတ်တော့လည်း... ။ လူတွေကလည်း လူတွေပဲ။ လာဘ်စားတာများ သတင်းလုပ်လို့။ လာဘ်မစားလို့ ဒီကောင်တွေလစာနဲ့ ဘယ်ကလာ စင်ကာပူ မှာ ဘန်ဂလို ဝယ်နိုင်မှာ တုန်း။ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

ပါလီမန် အမတ်က ကမ္ဘာမှာကျ သမ္မတ ထက်ကြီးနေတယ်။ ဒါပေမယ့် နေပြည်တော်မှာတော့ ငါ ဘုရင်ပါ။ သွားချင်တဲ့ ခရီးတစ်ချို့ ရှိခဲ့ပေမယ့် သူက အရင်ထွက်သွားတော့ ငါမသွားလိုက်ရပြန်ဘူး။ သူ နဲ့အတူ ကမ္ဘာ့အပြင် ထွက်ဖို့ကလည်း တကယ့်ကို ချဲလင့်ဂ်ျ။ ဒါနဲ့ နိုင်ငံ ပေါက်စက ထုတ်တဲ့ သတင်းစာ အယ်ဒီတာ့ အာဘော်ကတော့ မဆိုးလှဘူး။၂၆ ရက်နေ့ ထုတ် မှတ်တယ်။ ဘာတဲ့ ပါလီမန် အမတ် ဟာ "prisoner of conscience" ထက် "flexibility of politician" ဖြစ်သင့်တယ် တဲ့။ သူနဲ့ ငါ အတူတကွ လက်တွဲ မှ အဆင်ပြေနိုင်မတဲ့။ ဒီကောင် မဆိုဘူး။

အနောက်က သူ့ အသံကို ပို နားစိုက်ပေမယ့် အရှေ့ကတော့ ငါပြောတာကို စောင့်နေကြတာပါ။ လောရှည် ဂိုချောက်ထောင် နဲ့ အဖွဲ့ ပါလီမန် အမတ် မရှိခင် ငါ့ လာတွေတာသာ ကြည့်။ ဒါနဲ့ အဲဒီ ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

ဟိုကောင်တွေရဲ့မြှောက်ထိုး ပင့်ကော်က ရှိသေး။ မြန်မာ ရဲ့ ဂေါ်ဘာချော့ တဲ့။ ငါမှာဖြင့် ဂေါ်ဘာ ကို ချော့ဖို့ နေနေ သာသာ နလဗိန်တုံး ဗိုလ်ချုပ်ကြီးတွေကို ချော့ နေရတုန်း။ တော်တော် လက်ပေါက် ကပ် တဲ့ ကောင်တွေ။ ငါလို နယူးယောက်လောက် တော့ ရောက်ဖူးမှ သူတို့ မျက်စိပွင့်မှာ။ အင်းလေ စိတ်ကောင်းလေး မွေးပြီး တတ်နိုင်သလောက် လုပ်တာပ။ ငါကမှ အဘ အဆက်ဆက် သုံးလာတဲ့ သမိုင်းအိမ်သာခွက် ဆေးရတဲ့ ကောင်။

ဒါနဲ့ သန်းထွဋ် ဆိုတဲကောင် ပါလီမန် အမတ်ရဲ့ သတင်း သတင်းစာမှာ မဖော်ပြတဲ့ အကြောင်း ပြောသွားတာ မဆိုးဘူး။ လွှတ်တော်ကို ကိုယ်စားပြုရင် သတင်းစာထဲ ထည့်ပေးမှာပါ တဲ့။ အဓိပ္ပါယ် မရှိပေမယ့် နားထောင်လို့တော့ ဖြစ်သေးသပ။ ဒါပေမယ့် ပါလီမန် အမတ်ကလည်း မမှုပါဘူး။ မြန်မာ့ သတင်းဆို စိတ်မဝင်စားတဲ့ နိုင်ငံ ပေါက်စက တောင် သူ့ အကြောင်း မြန်မာ့အကြောင်း တွေ ဖော်ပြနေလိုက်တာ နေ့တိုင်း လိုလိုပဲ။ ဒါနဲ့ အဲဒီ ပါလီမန် အမတ် ပြန်မရောက်သေးဘူး။



ဦးကိုမောင်

















Copyright © 2012 ကမ်းလက်. All rights reserved.

ဘာသာရေးဝတ်ရုံများနှင့် (၂၁) ရာစု ဖက်ရှင်လောက

ဘုရားရှင်သည် ဒီဇိုင်နာဖြစ်သည်ဟု ရေးပြီးသည်မှ မကြာမီ အခြားသော ဘာသာရေးဝတ်စုံများလည်း ၂၁ - ရာစု ဖက်ရှင်၏ အသုံးအဆောင်ဖြစ်သည်ကို ထပ်တွေ့ရပြန်သည်။ ဘုရားရှင်ကတော့ ဒီဇိုင်နာဖြစ်ရုံသာမကတော့ဘဲ တစ်ခါတစ်ခါ ဘုရားဆင်းတုတော်များကိုယ်တိုင်ပင် ဖက်ရှင်ထဲ ရောက်နေသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရသည်။ ငယ်စဉ်ဘဝက ရုပ်ရှင်ကားတစ်ကား ကြည့်ဖူးသည်။ (အမှတ်မမှားလျှင် ဂျိန်း(စ်)ဘွန်းကားဟု ထင်သည်။) ဘုရားဆင်တုတော်ကို ဟော်တယ်၏ Decorate တစ်ခုအဖြစ် ဆက်တင်လုပ် ရိုက်တာကို ကြည့်လိုက်ရဖူးသည်။ ဘုရားဆင်းတုတော်ကတော့ ထိုင်းနိုင်ငံမှ ဆင်းတုများနှင့် ခပ်ဆင်ဆင်တူသည်။

ဤရုပ်ရှင်ကားများက ကမ္ဘာကျော်၏။ ဗုဒ္ဓဘာသာများကတော့ ဗုဒ္ဓဘာသာများပီပီ ဘာမှ ထွေထွေထူးထူး ပြောမနေကြဘဲ ကြိတ်ပြီး စိတ်မကောင်း ဖြစ်နေကြရသည်သာ များလေသည်။ အာဖဂန်နစ်စတန်မှာ ဖျက်ဆီးခြင်းခံရသော ဘုရားဆင်းတုတော်နှင့် နှိုင်းစာလျှင်တော့ ဘုရားဆင်းတုကို ရုပ်ရှင်ထဲ ထည့်ရိုက်တာကမှ တော်သေးသည်ဟု ယူဆရန်တော့ ရှိကောင်း ရှိနိုင်ပြန်သည်။

ယနေ့ ဖက်ရှင်လောကက ခရစ်ယန်ဝတ်စုံကိုလည်း အလွတ်မပေးကြတော့။
The Escape Chapel Party က ခရစ်ယန်သီလရှင်၏ ဝတ်စုံတစ်ပိုင်းကိုယူကာ မော်ဒယ်မိန်းကလေးကိုယ်ပေါ် ဝတ်ဆင်ပေးလိုက်သည်။ ရိုမန်ကက်သိုလစ် ခရစ်ယန်တွေက ဤကိစ္စနှင့် ပတ်သက်ပြီး တော်တော် စိတ်မကောင်း ဖြစ်နေကြရ၏။ ရဲကိုပင် အကြောင်းကြားထားသည်ဟု ဆိုသည်။ တစ်ပိုင်းကြောင် သီလရှင် ဒင်းနားတက်နေဟန်ပင် ဖြစ်ပေတော့သည်။

ထိုကိစ္စမှ ပြော၍ မဆုံးခင် ပန်းအလှဆင်သူများ အဖွဲ့ချုပ်က (Floral Designers Society Singapore) တာအိုဘာသာ ဘုန်းတော်ကြီး၏ ဝတ်ရုံတော်ကို အလှပြမယ် ကိုယ်ပေါ် တင်ပေးလိုက်ပြန်သည်။ ဝတ်ရုံအပြင် ပန်းမျိုးစုံတို့ဖြင့်လည်း အလှဆင်ထားသည်။ ပို၍ ဂယက်ရိုက်စေသည်က ထိုဝတ်ရုံသည် သာမန်ဝတ်ရုံ မဟုတ်၊ အရေးကြီးသော အခမ်းအနားများ ရှိမှသာ ဝတ်ဆင်ရသော ဝတ်ရုံဟု တာအိုဘာသာဝင်တို့က ဆိုကြလေ၏။

ဘာသာရေးဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမက အလှပြမယ် ဖြစ်နေသဖြင့် ရင်ညွှန့်အထက်ပိုင်းကို လုံလုံခြုံခြုံ ဖုံးဖိ၍ မထား၊ ထို့ကြောင့် တာအိုဘာသာအဖွဲ့ချုပ်ဥက္ကဋ္ဌက ထိုကိစ္စကို တော်တော် မကြေမနပ် ဖြစ်နေသည်။ သူတို့ကလည်း ရဲကို အကြောင်းကြားထားသည်ဟု ဆိုကြသည်။

ထိုကိစ္စမျိုး ကြုံတွေ့လာပါက အခြားသော ဘာသာဝင်များသည် ဗုဒ္ဓဘာသာတို့လောက် သွေးမအေးကြ၊ ချက်ချင်း တုန့်ပြန်ကြ၏။ အလွန်အမင်း မဟုတ်လျှင် ဗုဒ္ဓဘာသာကတော့ အေးအေးဆေးဆေး ရှိတတ်ကြသည်။ ကောင်းသလား၊ မကောင်းဘူးလားဟု ပြောရန် အလွန်ခက်သော ကိစ္စတစ်ခု ဖြစ်သည်။

ဘုရားရှင်ကလည်း ငါ့ကိုလည်းကောင်း၊ ငါ့ဒေသနာကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း စွပ်စွဲပုတ်ခတ်လာသော် အလွန်အမင်း ၀မ်းနည်းနေရန်မလိုဟု လမ်းညွှန်တော်မူခဲ့၏။

ဤကျောင်း၌ပင် ဓမ္မာရုံထဲရှိသော ဗုဒ္ဓဝင်ဆေးပန်းချီများ ဖျက်ဆီးခံခဲ့ရသည်။ လူ သိပ်မသိလိုက်။ ချက်ခ်ျကျောင်း၏ အုတ်နံရံ၌ Grow! (သို့မဟုတ်) Growl ဟု ဖတ်၍ရသော စာတမ်းတစ်ခု လက်ဆော့သူက ဆေးဖြင့် ပက်ဖြန်းထားခဲ့သည်။ ရုပ်ပုံများ ဖျက်ဆီးခြင်းခံရသော (ပို၍ ကြီးကျယ်သော) ဗုဒ္ဓဘာသာကျောင်းက သိုသိုသိပ်သိပ် ကိစ္စအေးလိုက်သော်လည်း စာတမ်းရေးထိုးခြင်းခံရသော ချက်ခ်ျကျောင်းကိစ္စကတော့ သတင်းစာအဆင့်အထိ ရောက်ရှိခဲ့လေသည်။

ဤသည်မှာ ဗုဒ္ဓဘာသာ၏ ကောင်းကွက်လား၊ အားနည်းချက်လား၊ ပြောရန် အလွန်ခက်ခဲလှသည်။ မည်သို့ပင် ဖြစ်စေ၊ စိတ်တော့ အေးချမ်းပါ၏၊ ထူထူပူပူ မရှိကြ။

သူများနှင့်မဆိုင်၊ ကိုယ်နှင့်သာဆိုင်သော ကိစ္စတစ်ခု ရှိသည်။
အခြားအခြားသော ဘာသာများက ယင်းတို့၏ ဘာသာရေးဝတ်ရုံကို အလွန်တန်ဖိုးထားကြသည်။ ထိုဝတ်ရုံများဖြင့် မသင့်မတင့်သော နေရာများသို့ မသွားရန်၊ မရောက်ရန် အထူးဆင်ခြင်ကြသည်။ ဘာသာရေးဝတ်စုံသည် မဖြစ်မနေ ကိစ္စမှလွှဲ၍ ဘာသာရေးအသိုင်းအဝန်း၌သာ ရှိနေသင့်သည်ဟု ယူဆကြသည်။

ဤကိစ္စ၌လည်း ဗုဒ္ဓဘာသာက သွေးအေးသည်။

ဘုရားရှင်၏ ဝိနည်းတော်၌ပင် သင်္ကန်း (ဝတ်ရုံ) ကို သာမန်ဝတ်ရုံ၊ အခမ်းအနားရှိမှ ဝတ်ရမည့် ဝတ်ရုံဟူ၍ ခွဲခြားတော် မမူခဲ့ပေ။ ထို့ကြောင့် သင်္ကန်းက သင်္ကန်းသာဖြစ်၍ စပယ်ရှယ်သော၊ မရှယ်သော ဝတ်ရုံဟု မရှိတော့ပေ။

ထို့ကြောင့် ဖြစ်မည်ဟု ထင်ပါသည်။ စင်္ကာပူရောက်ခိုက် ဘာသာရေး အခမ်းအနားများလည်း ဤသင်္ကန်း၊ ဆင်တိုဆာ အလည်သွားလည်း ဤသင်္ကန်း၊ ကုလားဈေးသွားလည်း ဤသင်္ကန်း၊ မြန်မာဈေးသွားလည်း ဤသင်္ကန်း ဖြစ်နေရသည်။ ဝိနည်းတော်နှင့် ညီညွှတ်ပါ၏။ စင်္ကာပူ၌ သီတင်းသုံးကြသော သံဃာအများစုကတော့ ကိစ္စမရှိဘဲ အပြင်သိပ်မထွက်ကြ။ ခဏတာမျှ ကြွလာသော သံဃာများအတွက်ကား ဤသို့ မဖြစ်နိုင်တော့ပေ။ ရောက်တုန်းရောက်ခိုက် ရောက်ဖူးအောင် ကြွကြရပေလိမ့်မည်။ (ဟု ထင်သည်။)

ဘာသာရေးဝတ်စုံ (သင်္ကန်း) လူကြားထဲ ရောက်ရေး၊ မရောက်ရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာက အမြင်တစ်မျိုး ရှိနေတာလည်း တွေ့ရသည်။ ရဟန်းသံဃာများ ပေါများသော၊ သင်္ကန်းရောင် လွှမ်းသော မြို့ရွာကိုသာ သာသနာထွန်းကားသည်ဟု ယုံကြည်ကြပြန်သည်။

ရဟန်းသည် ကျောင်းတွင်း၌သာ နေရမည်ဆိုသော အချက်က ဝိနည်းတော်နှင့် ညီသော်လည်း ရဟန်းသံဃာရှားသော ဒေသတို့၌ ရောက်ရှိနေကြသော ဒကာ၊ ဒကာမများကမူ ရဟန်းသံဃာကို ဘယ်နေရာမှာပင် ဖူးတွေ့ရတွေ့ရ ဝမ်းသာကြရသည်ဟု ကြားရဖူးပြန်သည်။ ထို့ကြောင့် နိုင်ငံရပ်ခြား၌ဆိုလျှင် ဤကိစ္စက စဉ်းစားစရာ ရှိနေပြန်သည်။

သာသနာဝင်သမိုင်းများကို ကြည့်ရာ၌လည်း ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အသုံးအဆောင်၊ အဆောက်အဦး စသည်တစ်ခုခု ရှိနေလျှင်ပင် သာသနာရောက်သည်ဟု ယူဆကြပြန်သည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဒေသနာတော်များဆီ သွားကြည့်ပြန်တော့လည်း “စရထ ဘိက္ခဝေ စာရိကံ” ဟူသော စကားတော်ကို တွေ့ရသည်။ ခရီးသွားလာရန်၊ ဗဟုသုတရှာမှီးရန် ဝါသနာပါသော ရဟန်းတော်များ အကြိုက်တွေ့သော ဒေသနာဖြစ်သည်။ (ရဟန်းတို့ … သတ္တဝါတို့ အကျိုးစီးပွားအလို့ငှါ ခရီးထွက်ကြ - ဟူလို။)

သို့သော် စစ်စစ်ပေါက်ပေါက် ကြည့်ကြသော ပညာရှင်ရဟန်းတော်များကမူ (အနောက်တိုင်းသား ရဟန်းတော်များသည်။ သူတို့ ချည်းကပ်ပုံက ပို၍ လူ့ခေတ်မီသည်။) ရဟန်းတော်များ သိပ်မများခင်ကသာ ဘုရားရှင်က “စရထ ဘိက္ခဝေ စာရိကံ” ဟု မိန့်သည်။ တစ်ခါသာ မိန့်သည်။ ရဟန်းတော်များ များပြားလာသောအခါ ဤစကားမျိုး မမိန့်တော့၊ မိန့်စရာလည်း မလိုအပ်တော့။ ထို့အပြင် ဝါတွင်း ခရီးမထွက်ကြရန်ပင် ထပ်မံ ပညတ်ခဲ့သည်ဟု ယူဆကြပြန်သည်။

ထို့ကြောင့် ရဟန်းတော်များ မြို့ထဲရွာထဲ ရောက်သင့်၊ မရောက်သင့်ကပင် သုံးသပ်ရန် အများကြီး ရှိပြန်သည်။ မည်သို့ဖြစ်စေ၊ ကိုယ့်ဝတ်ရုံကို ကိုယ်လေးစားနေလျှင် ပြီးပြီဟုသာ မှတ်ရပေတော့မည်။

၂၁ - ရာစုရဟန်းဟု မိမိတို့က ဆိုရန်ရှိ၏။
သို့သော်၊ မီဒီယာကလည်း ၂၁ - ရာစုမီဒီယာပင်တည်း။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

အိုလံပစ် နဲ့ အိုဗားမား

တရုတ်တွေ အိုလံပစ်ပွဲတော်မှာ ရွှေတံဆိပ်တွေ အများကြီးရတာနဲ့ ပတ်သက်ပြီး ဘာကြောင့်လဲ ဆိုတာ သိချင်လို့ အိုဗားမား က တရုတ်ပြည်ကို လေ့လာရေး သွားလုပ်တယ်။ တရုတ်အားကစား နည်းပြက အရှေ့ ဒဿနိက နဲ့ အညီ လေ့ကျင့်ပေးထား လို့ - လို့ ဖြေတယ်။ ဒါကို အိုဗားမား က သဘောမပေါက်ဘူး။

ဒါနဲ့ လာ၊ လက်တွေ့ပြမယ် ဆိုပြီး လမ်းလျှောက်ရင်း ထွက်လာကြတဲ့အခါ လမ်းမှာ ဘတ်စကက်ဘော အားကစားသမား Yao Ming နဲ့ တွေ့တယ်။ နည်းပြက အရှေ့ ဒဿနိက ပြမယ် ဆိုပြီး Yao Ming ကို ပဟေဠိ တစ်ခု မေးတယ်။
"လူတစ်ယောက်က မင်း နဲ့ ညီ အစ်ကို မတော်ဘူး၊
ဒါပေမယ့် မင်း အဖေရဲ့ သားအရင်းတော့ ဖြစ်တယ် ဆိုရင် အဲဒါ ဘယ်သူလဲ"

Yao Ming က ခဏလေး စဉ်းစားပြီး
"ဒါဆို ကျနော် ပေါ့ဗျ " လို့ဖြေလိုက်တယ်။

အိုဗားမား က အရှေ့ဒဿန ကို မှတ်ယူပြီး အမေရိက ကို ပြန်သွားတယ်။
အမေရိက ကို ရောက်တော့ ဘောလုံးသမား ဒေးဗစ် ဘက်ခမ်း ကို အဲဒီ ပဟေဠိ ကို ပြန်မေးတယ်။

"ဒေးဗစ်၊ လူတစ်ယောက်က မင်း နဲ့ ညီ အစ်ကို မတော်ဘူး၊
ဒါပေမယ့် မင်း အဖေရဲ့ သားအရင်းတော့ ဖြစ်တယ် ဆိုရင် အဲဒါ ဘယ်သူလဲ "
ဘက်ခမ်းက
"Wat? Dunno" တဲ့။

ဒါနဲ့ ဘက်ခမ်းက အာရှအနွယ်ဖွား ဂေါက်သမား တိုက်ဂါးဝုဒ် ကို အဲဒီ ပဟေဠိ ရဲ့ အဖြေကို သွားမေးတယ်။
"တိုက်ဂါး၊ လူတစ်ယောက်က မင်း နဲ့ ညီ အစ်ကို မတော်ဘူး၊ ဒါပေမယ့် မင်း အဖေရဲ့ သားအရင်းတော့ ဖြစ်တယ် ဆိုရင် အဲဒါ ဘယ်သူလဲ"
တိုက်ဂါးဝုဒ် က ခဏ စဉ်းစားပြီး
"That's me." လို့ ဖြေ လိုက် ပြန်တယ်။

အဖြေရ သွားတဲ့ ဒေးဗစ်ဘက်ခမ်း ဟာ အိုဗားမား ဆီ ပြန်သွားပြီး သူ အဖြေရလာတဲ့ အကြောင်း သွားပြောတယ်။
ဒါနဲ့ အိုဗားမား က ဒါဆို ဘယ်သူလဲ လို့ မေးတော့ ဘက်ခမ်း က
"တိုက်ဂါး ဝုဒ် " တဲ့။

" အရူး၊ ဘယ်ကလာ တိုက်ဂါးဝုဒ် ရမှာတုန်း၊ အဲဒါ Yao Ming" တဲ့။ အိုဗားမား က။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

☻ နောက် တောက်တောက် သေခြင်းတရား အကြောင်း ☻

၁။ ဟဲမင်ဝေး
ပထမဆုံး နောက်လိုက်တာက ဟဲမင်ဝေး ပါ -
"မာ့ခ်တွိန်းကို အကြောင်း သုံးချက်ကြောင့်သူ့ကိုသိပ်ကြိုက်ပါတယ်။
၁) သူက စာရေးကောင်းတယ်။
၂) ကျနော့်ကို ဖျော်ဖြေမှု ပေးနိုင်တယ်။
၃) နောက်ဆုံး အခု သူသေသွားပြီ၊မရှိတော့ဘူး၊ ဒါကြောင့် ပါ" တဲ့။

၂။ ဒုတိယ လူနောက်က ဘော်လ်တိုင်းယား -
"သူဟာ တကယ့်မျိုးချစ်ပုဂ္ဂိုလ်၊ လူသားချင်း စာနာတတ်သူ၊ မိတ်ဆွေစစ် မိတ်ဆွေမှန်။
အဲ....ဒါနဲ့..သူ တကယ်သေပြီဆိုတာ မှန်ရင် ပေါ့ဗျာ" တဲ့။

၃။ အမေရိကန် သုဘရာဇာလုပ်ငန်း ကုမ္ပဏီ -
သူတို့ ဘယ်လောက်ပဲ နောက်နောက် ဒီ ကုမ္ပဏီ ရဲ့ ကြော်ငြာက အနောက်ဆုံး။
"သေသာ သေပေးပါ၊ ကျန်တာတွေ ကျနော်တို့ တာဝန်ထားလိုက်ပါ" တဲ့။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်

By: Timothy Garton Ash
S.T. 22, June, 2012.
ခံစားပြန်ဆိုသူ: ဇင်ဝေသော်


အခု နှစ်ရက်အတွင်းမှာ ကျနော်ရဲ့ နေအိမ်၊ အလုပ်လည်းလုပ်ရာ အောက်စဖို့ ထောင့်ချိုးမှာ မှော်ဆရာရဲ့ ဆေးကြိမ်နဲ့ အရိုက်ခံ လိုက်ရပါတယ်။ အဲဒါ လေဒီ လို့ခေါ်တဲ့ ဒေါ် အာင်ဆန်းစုကြည် လွန်ခဲ့တဲ့ ရာစုဝက်လောက်တုန်းက သူမ ပညာသင်ကြားခဲ့တဲ့ St Hugh ရဲ့ လမ်းအကူးမှာ လာရောက် နေထိုင်နေခြင်းပါပဲ။ အင်္ဂါနေ့က သူမရဲ့ ၆၇ နှစ်မြောက် မွေးနေ့ ပါတီမှာ မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ အတူ ဆင်နွှဲခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ တက္ကသိုလ်ရဲ့ နှစ်ပတ်လည် လက်တင်ဆန်ဆန် ဂုဏ်ထူးဆောင် ပါရဂူ ဂုဏ်ပြုပွဲ။

ဥရောပ ငါးနိုင်ငံ ခရီးဟာ ဒေါ်စုရဲ့ တတိယနဲ့ စတုတ္ထ ကကြိုး အလှည့်အပြောင်း တစ်ခုပါ။ သူမရဲ့ ပထမ ကကြိုးက သူမရဲ့အဖေ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်ခွင်မှာ အစ ပျိုးခဲ့တယ်။ ဗိုလ်ချုပ် နေဝင်ချိန်မှာ သူမဟာ နှစ် နှစ်အရွယ် ခေါင်းဆံစလယ်မှာ "ပန်းတွေနဲ့ဝေ" ကလေးငယ်မလေး။ အဲဒီနောက် ချစ်သလောက် အလိုတော့ မလိုက် တတ်တဲ့ မိခင်ရဲ့ ရင်ခွင်အောက်မှာ။ ဒီနောက် အိန္ဒိယ၊ အရှေ့ရဲ့ အမြုတေ ဗုဒ္ဓဘာသာနဲ့ အနောက်ရဲ့ ခွန်အား အင်္ဂလိပ် ဘာသာ စကား။ ဒီနှစ်ခုကို မွေးမြူ ပြုစုခဲ့တယ်။

သူမရဲ့ ဒုတိယ ကကြိုးကတော့ 1964 မှာ စတင်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသူ၊ ကလေး မိခင်၊ အိမ်ရှင်မ၊ တိဗက် နဲ့ ဟိမဝန္တာရပ်ဝန်းယဉ်ကျေးမှု ကို အထူးပြု လေ့လာသူ Antony's Collage က ကျနော့် မိတ်ဆွေ Michael Aris ရဲ့ချစ်လှစွာသော ဇနီး။ ဒီ ခရီးက ၂၄ နှစ်ကြာတယ်။ အဲဒီ မှာ ဘဝရဲ့ ကျေနပ်စရာ၊ မကျေနပ်စရာတွေနဲ့ အတူ တိတ်ဆိတ် ငြိမ်သက်တဲ့ လမ်းပေါ်မှာ တစ်ခါတစ်ခါ လမ်းလျှောက်၊ တစ်ခါတစ်ခါ စက်ဘီး စီး၊ မီခိုးပြာရောင် ကောင်းကင်ရဲ့ အောက်မှာ။ ၁၉ ရာစု ဟန် နဲ့ ခြေတံ ရှည် အိမ်လေးပေါ်မှာ။ ဒီ ခရီးက ၂၄ နှစ်ကြာတယ်။ လွန်ခဲ့တဲ့ တစ်ပတ် အထိ ဆိုပါတော့။

သူမရဲ့ တတိယ ကကြိုးက 1988 ဆောင်းဦးပေါက် အောက်စဖို့က အိမ်ဆီ ရောက်လာတဲ့ ဖုန်းခေါ်သံ တစ်ခုက ခြေလှမ်းစတယ်။ သူမ အမေ နေမကောင်း လို့ တဲ့။ အဲဒီကနေ ၈၈ မျိုးဆက် ရဲ့ အော်ခေါ်သံတွေကို ပြန်လည် ထူးမိရင်း အမျိုးသား ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကပြလိုက်ရတော့တယ်။ ဒီဘဝမှာ ဒဏ်ရာများစွာကို ယူရင်း ကုစားရင်း ပါဝါ ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းက တိတ်ဆိတ်၊ အထီကျန်၊ မိခင်ရဲ့ အမွေ အိမ်ထဲမှာ အိမ် အကျဉ်းစံ၊ အိမ် အကျဉ်းခံ ဘဝ။ BBC ရဲ့ အသံနဲ့ ခန္ဓာ လန်းဖို့ စိတ် ကျန်းဖို့ ကြိုးစားရင်း ကျားကန် ထားခဲ့ရသတဲ့။

သူမရဲ့ စတုတ္ထ ကကြိုးကိုတော့ အိမ် အကျဉ်းစံ၊ အိမ် အကျဉ်းခံ ဘဝက လွတ်ချိန် ၂၀၁၀ ခု နိုဝင်ဘာ နဲ့ နှလုံးသားအောင်ပန်း ထိုး ရိုက် စိုက် လိုက်နိုင်တဲ့ ဒီနေ့ ကြားထဲမှာ လို့ ဆိုရလိမ့်မယ်။ သမ္မတ အသစ်စက်စက် ဦးသိန်းစိန်က ဖြစ်သင့်တာတွေ ဖြစ်သင့်သလို ဖြစ်စေဖို့ နိုင်ငံရေးတံခါးကို အားနဲ့ ဆွဲဖွင့်လိုက်တယ်။ အဲဒါ သူမ ပန်လိုတဲ့ ပန်းအစစ်။ အစိမ်းရောင်တွေ လွှမ်းနေဆဲ ပါလီမန် စားပွဲထဲကို သူမ အရဲစွန့်ပြီး ရောထိုင် ချလိုက်တယ်။

ဒီနေ့က စလို့ လာမဲ့ ၂၀၁၅ ရွေး ကောက်ပွဲ ကာလဟာ အကျပ်အတည်းတွေနဲ့ အူလည်နေလိမ့်မယ်။ ရာစုဝက် ကျော်ကျော် စစ်တပ်ရဲ့ အုပ်ချုပ်မှု အမှား အယွင်း၊ ရိရွဲနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ ယူဂိုစလပ် လက်ဖျားခါလောက်တဲ့ တိုင်းရင်းသားရေး ပြဿနာ၊ အရေးပါတဲ့ နေရာတိုင်း စစ်တပ်က ဖင်ခု ထိုင်ဆဲ၊ ရခိုင် ပြည်နယ်ထဲက ဘာသာရေး ကတောက် ကဆ။ တောထနေတဲ့ ပြဿနာ ပေါင်း သောင်း ခြောက်ထောင်။ ခပ် နဲ့နဲ့ NLD ဟာ အမြန်ဆုံး တည်ဆောက် ယူရမယ်။ အိမ်နီးချင်း နိုင်ငံတွေထဲက ဂဏာမငြိမ်(nervous) ဗိုလ်ကျချင်တဲ့ (authoritarian) အင်အားကြီး တရုတ်ကိုလည်း မေ့ထားလို့မရဘူး။

အလျှော့ အတင်း လုပ်စရာတွေ၊ စိတ်ပျက်စရာတွေ ဟာ မလွဲမသွေ ပါပဲ။ သမိုင်း ပညာရှင် Max Weber ရဲ့ ကြော်ကြားတဲ့ အဆို အမိန့် လို ပညာရှင်ရဲ့ အက်သစ် သဘောတရားဟာ အနည်းဆုံး နိုင်ငံရေးသမား ရဲ့ တာဝန်ကျေမှု သဘောတရား တော့ စွက်ထားမှ ရလိမ့်မယ်။ ထောင်တဲက ထွက်လာတဲ့ တောင် အာဖရိက ရဲ့ နယ်လ်ဆင် မင်ဒဲလား လို၊ ပါရာဂွေး ရဲတိုက်ကို မောင်းထုတ်တာ ခံရတဲ့ ချက် ပြည်ပြေး Vaclav Havel လို အတိုက် အခံ ခေါင်းဆောင်ပဲ ဆိုဆို၊ သမ္မတ လို့ ပြောပြော၊ နိုင်ငံ့ အမကြီး လို့ တွင်တွင် ၆၇ နှစ် သမီး ဒေါ်စုဟာ အခု နိုင်ငံတော်ရဲ့ တစ်သက်တာ အကျဉ်းသားဖြစ်နေပါပြီ။ အကျဉ်းကျစဉ် လိုသလောက် ရနေတဲ့ အချိန် ဟာ အခု အရှားပါးဆုံး ရတနာ တစ်ခု ဖြစ်နေပြီ။ မိနစ် ၃၀ စည်းဝေး၊ စက္ကန့် ၃၀ အနားပေး။ သမိုင်းက ပေးတဲ့ ဆုလဒ်၊ ရှေ့ ဆက်ရမယ့် ခရီး၊ အသုံးသပ်ခံရတော့မယ့် စတုတ္ထ ကကြိုးကို သူမ အခုမှ ခရီး စ ခဲ့ရပါတော့တယ်။

ဒါပေမယ့် နေသာတဲ့ အခိုက် သူမရဲ့ ၂၄ နှစ်ကြာ ကကြိုးအတွက် ဂုဏ်ပြုဖို့ ခဏ အချိန်ယူ လိုက်ကြရအောင်။ သူမကို ဂုဏ်ပြုဖို့ ဖျက်မရနိုင်တော့တဲ့ သမိုင်းစာအုပ်ထဲမှာ သူမ ဘယ်လို ရေးထိုးသွားခဲ့ သလဲ ဆိုတာတော့ သိထားဖို့ လိုအပ်ပါတယ်။ ကျနော် လက်တို့ပြခဲ့ပါရစေ။

တစ် - အကျဉ်းစံ အကျဉ်းခံ ဘဝက သူမ ရေးထားခဲ့ပြီး (ဒီ အက်ဆေးကို စောင့်ရှောက်နေတဲ့ အမျိုးသမီး ရဲ့ ထမီ ထဲမှာ ဝှက်ပြီး ထုတ်ယူ ခဲ့ရတယ်။) အခု ပြန်ပြောပြတဲ့ အက်ဆေးတွေ နဲ့တင် ကျနော်တို့ နက်နက် နဲနဲ ခံစား ခဲ့ရပြီးပါပြီ။ အဲဒီ အထဲက အပြောင်မြောက်ဆုံး Freedom From Fear ကို BBC Reith လက်ချာခန်းမှာ ဗွီဒီယို ကလစ် မနှစ်က ပြသခဲ့ပါတယ်။ အီဒီ အက်ဆေး ဟာ မစ္စတာ Havel ရဲ့ အကောင်းဆုံး လက်ရာတွေကို ကောင်းကောင်းကြီး ရင်ဘောင် တန်းပါတယ်။ ဒီ အထဲမှာ စိတ်ဓာတ်ရေး၊ စာပေရေး၊ နိုင်ငံရေး သဘောတရားတွေ မနည်း မနော စီးမျော နေတယ်။ Reith လက်ချာမှာ နိုင်ငံရေး ဖရီးဒမ်းဟာ အဇ္ဈတ္တငြိမ်းချမ်းမှု အပေါ်မှာ တည်ဆောက်ယူသွားနိုင်တယ် လို့ ဆိုခဲ့ပေမယ့် စိတ်ဓာတ်ရေး၊ စာပေရေး၊ နိုင်ငံရေး ကြားက ဟန်ချက်ကို ညီအောင် ထိန်းရာမှာ တစ်ခုခုတော့ အနည်းငယ် ရွေ့လျားမယ့် သဘော ရှိနေပါတယ်။ Havel တုန်းကလည်း ဒီလိုပါဘဲ။

နှစ် - သူမရဲ့ ရဲဝံ့မှု၊ ရိုးသားမှု၊ သန့်ရှင်းမှု။ လွတ်လပ်မှု လုံးဝ မရှိတဲ့ အရပ်မှာ ရဲဝံ့ခြင်းဟာ ရှားပါး ရတနာပါ။ အထူးသဖြင့် သူမရဲ့အကျဉ်းစံ ပထမနှစ် မှာပေါ့။ အရွယ်မရောက်သေးတဲ့ သားတွေနဲ့ ဝေးကွာ၊ တစ်ကိုယ်ထဲ အထီးကျန်စွာ၊ အပြည့်အဝ မရသေးတဲ့ ဗုဒ္ဓဘာသာ တရားအရိပ် အောက်မှာ၊ အခက်ခဲ ကာလပေါ့။ ဒါပေမယ့် သူမသုံးတဲ့ ဝိတိုရိယ အင်္ဂလိပ် ဟန်နဲ့ "ကျမမှာ ခေါင်းမာတတ်တဲ့ အကျင့် ရှိတယ်" လို့ ဆိုရမှာပါ။

သုံး - ဒါက လူတွေ သိပ် အမှတ်မထားမိတဲ့ သူမရဲ့ အလုပ် နဲ့ ဘဝ ကို ကျနော့်ကို လက်တို့ ပြလိုက်သလိုပါ။ အဲဒါ အရှေ့ အနောက် ပေါင်းစပ်ထားမှု။ ဥပမာ နိုဘယ်လ်ဆု ယူစဉ် မိန့်ခွန်းပြောတော့ စာအုပ်ကြီးတွေထဲက အင်္ဂလိပ် စကားလုံး အဟောင်းတွေ၊ အင်္ဂလိကန် ဝေါဟာရ လို့ဆိုရမလောက် သုံးပြသွားတယ်။ "other reaches of the earth" "some of our warriors fell at their post" "perfect peace is not of this earth" စတာတွေပါ။ နောက်ပြီး ဗုဒ္ဓဘာသာက ပြောတဲ့ ဒုက္ခ ခြောက်မျိုးကို (ဒုက္ခ ကို suffering လို့ မပြည့်မစုံ ဘာသာပြန်တယ်) သူမရဲ့ ကိုယ်ပိုင်ဘဝ နဲ့ နိုင်ငံရေး ကိစ္စတွေထဲမှာပါ လက်တွေ့သုံးသပ်ပြသွားတယ်။ ဒီ ယဉ်ကျေးမှု နှစ်ခု ကို တစ်ဖက်စီမှာ ထားတာတောင် မဟုတ်ပဲ ဟန်ချက်ညီညီ ပေါင်းစပ် ပြလိုက်တယ်။


အောက်စဖို့ တက္ကသိုလ် ပတ်ဘလစ် အော်ရေတာက သူမရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ ချီးမြှင့်ရာမှာ အနောက်ရဲ့ သမိုင်းဝင် လက်တင်လို မိန့်ခွန်း ချွေတော့ သူမကို အရှေ့က ကြယ်တာရာ (praesento stellam orientalem) လို့ ညွှန်းဆို လိုက်တယ်။ ဒါပေမယ် သူမ ဆိုသလို ဆိုရမယ် ဆိုရင် တက္ကသိုလ်တွေဟာ လူ့ယဉ်ကျေးမှု ကို အထွတ် အမြတ် လေးစားကြဖို့ သင်ကြားပေးကြတာပါ၊ ဒီ ယဉ်ကျေးမှု တွေကတော့ ကမ္ဘာ့ နေရာစုံကနေ စီးဝင်လာခဲ့တာပါ တဲ့။

ယိုယွင်းစ ပြုလာတဲ့ အနောက်ရွာဟာ တက်သစ်စ အရှေ့ဆီက သင်ယူစရာ အလှည့် အပြောင်း တစ်ခေတ် ရောက် လာနေပြီ ဆိုတာ ကျယ်ကျယ် လောင်လောင် သတိပေးထားခဲ့လေရဲ့။ သူမ အကြိုက်ဆုံး နာမည်ကျော် အင်္ဂလိပ် စာရေးဆရာ တွေထဲက တစ်ယောက်ဖြစ်တဲ့ Rudyard Kipling က လှလှပပ သမိုင်းဝင် နေရအောင် ဒီလိုပြောခဲ့တယ် " But there is neither East nor West .....when two strong men stand face to face." တဲ့။

ဒီ.... လေဒီ နဲ့ ပတ်သက်လို့ သူ့ စကားကိုပဲ ငှားပြီး ပြောရရင်
"And there is both East and West ,when one strong woman faces generals and the world."


(The writer is a professor of European studies at Oxford and senior fellow at the Hoover Institution, Stanford University.)

ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.