လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်
ဇင်ဝေသော်
မေး ။ ။ လမ်းချော်သွားစေနိုင်တယ်ဆိုတာ ဘယ်လိုဟာမျိုးတွေပါလိမ့်။
ဖြေ ။ ။ ငါ့အလုပ်က လူငယ်အမတ်တွေကို ကူညီပေးဖို့ပဲ။ ငါက သိပ်အရေးမကြီတော့ဘူး။ အမတ်တွေရွေးရာမှာတော့ ငါနည်းနည်းပါတယ်။ ဝန်ကြီးချုပ်တွေဖြစ်ခဲ့ကြတဲ့ ဂိုချောက်တောင် နဲ့ လီရှန်လွန်းတို့က ဝန်ကြီးတွေရွေးချယ်ရာမှာတော့ ငါလုံးဝမပါတော့ဘူး။ သူတို့ပဲ ဆုံးဖြတ်တယ်။ တကယ်တမ်းပြောရရင် အခြေအနေတော်တော်များများမှာ ငါဝင်ပြောဖူး တာတွေ ရှိတယ်ကွ။ ဒီလူ့ကိုတော့ ဝန်ကြီးမရွေးသင့်ဘူး။ သူဟာ တန်းမမီဘူး ဆိုတာမျိုးတွေပေါ့။ ငါပြောပေမယ့် သူတို့ဘာသာသူတို့ ဆက်လုပ်တာတွေရှိတယ်။ တစ်ချို့က ကာရိုက်တာမခိုင်ဘူး။ အမျိုးသမီးတစ်ယောက်ဆိုရင် ငါးစိမ်းသည်ဆီသွားပြီး လက်ဆွဲနှုတ်ဆက်တယ်။ ပြီးတော့ ချက်ချင်းလက်ဆေးတယ်။ စည်းရုံးရေးဆင်းပြီဆိုရင် စားသောက်ဆိုင်တွေ (hawker centres ) ကိုလည်း သွားရတယ်။ လက်ဆွဲနှုတ်ဆက်ရတယ်။ တစ်နေ့တာ ပြီးဆုံးပြီဆိုမှ ဆပ်ပြာနဲ့လက်ဆေးပေါ့ကွာ။ မဟုတ်ဘူးလား။ လူထုရှေ့မှာ ဒီလိုမှ လိုက်လျောညီထွေမရှိနိုင်ရင် လူထုကို စာနာပါတယ်၊ နားလည်ပါတယ်လို့ ဘယ်လိုပြလို့ ရပါတော့မလဲ။
မေး ။ ။ ဒီစစ်စတန်ကြီးတစ်ခုလုံးကို တည်ဆောက်ခဲ့သူတစ်ယောက်အနေနဲ့ ဝန်ကြီးတွေကို အားနည်းချက် အနေနဲ့ ထောက်ပြ ထားခဲ့ချင်တဲ့ အချက်တွေများ မရှိဘူးလား။ ရှိရင်ဘာတွေလဲ။
ဖြေ ။ ။ အားနည်းချက်က လူတော်တွေ နိုင်ငံရေးဝင်လိုစိတ် မရှိတာပဲ။ နိုင်ငံခြားပညာရှင်တွေ ဝင်လာတာရှိတယ်။ ဒါပေမယ့် စီးပွါရေးတစ်ခုလုံးကို ကောင်းကောင်း လည်ပတ်နိုင်ဖို့ကတော့ လူတော်တွေလိုနေတုန်းပဲ။ အဖွဲ့တစ်ဖွဲ့မှာ လူတော် တစ်ထောင်လောက် ရှိမယ်။ သူတို့ကို စီမံခန့်ခွဲရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ အခြားပညာရှင်တွေရဲ့ အလုပ်တွေဆီဖြန့်ပြီး လွှတ်လိုက်နိုင်တယ်။ ဒီလိုပြန့်ပွါးနှုန်းက တော်တော်နည်းနေတယ်။ ဒီအတွက် ဘာတွေလိုမလဲ။ တစ်က- သဟဇာတဖြစ်မှု၊ နှစ်က- တာဝန်ကျေမှု၊ သုံးက- စွမ်းဆောင်ရည်ရှိမှုနဲ့ လေးက- လူထုနဲ့ တသားတည်းဖြစ်ပြီး လူထုကိုပါ အပါခေါ်နိုင်မှု၊ နံပါတ်လေးက အရေးအကြီးဆုံးပဲ။
ဆရာဝန်တွေ နိုင်ငံရေးထဲ ဆွဲသွင်းရတာတွေရှိတယ်။ ဥပမာ- ဒေါက်တာ Janil Puthucheary, Duke တက္ကသိုလ်ဒိန်း ကပြောတယ်။ “ဒီလူကို ဆေးကောလိပ်ရဲ့ ဒိန်းတစ်ယောက်အနေနဲ့ ကျွန်တော်မြင်ထားခဲ့တာ” တဲ့။ ဆေးပညာရပ်နဲ့ပတ်သက်ပြီး အိုင်ယာလန်၊ အင်္ဂလန်၊ သြစတေးလျမှာ ၁၅- နှစ်ကြာအောင် သူအလုပ်လုပ်ခဲ့ပြီးပြီ။ တော်တော် တော်တဲ့လူပဲ။ အခု သူ KK ( မိခင်နှင့်ကလေးစောင့်ရှောက်ရေး) ဆေးရုံမှာ လုပ်နေတယ်။ တို့သူ့ကို ဆွဲထုတ်ယူရမလား။ Balaji (ဗလကြီး) ကို တို့ဆွဲထုတ်ကြည့်တယ်။ သူသိပ်မလိုက်နိုင်ဘူး။ ဒါပေမယ့် သူဆက်ကြိုးစားမယ်လို့ပြောတယ်။ ပြီးတော့ အန် အိန်ဟန်ကို ဆွဲထုတ်တယ်။ ဗီဗီယံ ဗလဘရစ်ရှနန်ကို ဆွဲထုတ်တယ်။ သူတို့အောင်မြင်တယ်။ ဒါပေမယ့် ဒါဟာ ဆုံးရှုံးမှုပဲ။ သူတို့ဟာ ကင်ဆာနဲ့ မျက်စိခွဲစိတ်ကု ဆရာဝန်တွေအဖြစ် နှစ်ပေါင်းများစွာ လေ့လာခဲ့ရတာ။ အစောကြီးကတည်းက စီးပွါးရေးနဲ့စီမံကဏ္ဍထဲကို ရောက်ခဲ့ရင် ဒီထက်အများကြီး သာနိုင်တယ်။
လာမယ့် ၁၅-နှစ်၊ အနှစ် ၂၀- ကိုကြည့်။ အသက်ကြီးရွယ်အို ပြဿနာရှိနေတယ်။ ဒါက အရေးကြီးတဲ့ ပြဿနာပဲ။ စီးပွါးရေးသာ အားကိုးမနေဘူးဆိုရင် ဒီတာဝန်ကြီးက အလုပ်လုပ်နေတဲ့ စင်ကာပူးရီးယန်းတွေရဲ့ ပခုံးပေါ်မှာ သိပ်ပြီးလေးလံနေမယ်။ ဒါဆိုရင် လူတော်တွေက တခြားနိုင်ငံကို ထွက်သွားကြမှာပဲ။
ဒါဆို အတိုက်အခံပါတီက စင်ကာပူမှာ ရွေးစရာမရှိတော့ဘူးလို့ ပြောမှာပဲ။ လူသားအရင်းအမြစ်မှာ အမေရိက၊ သြစတေးလျတို့ရှိတဲ့ အချိုးလောက်တို့မှာ မရှိဘူး။
မေး ။ ။ဆိုလိုတာက ဘယ်အတိုက်အခံကမှ အခြားရွေးချယ်စရာတစ်ခုအဖြစ် ဖန်တီးမပေးနိုင်ဘူးဆိုတာလား။
ဖြေ ။ ။ ရှိကော ရှိနိုင်ရဲ့လား။ ငါတော့ မမြင်မိဘူး။ ဖြစ်နိုင်တာက ပီအေပီ နှစ်ခြမ်းကွဲသွားတာပဲ။ အကျိုးရှိနိုင်မလား။ တစ်ပါတီ၊ ရွေးကောက်ပွဲနှစ်ခုအပြိုင်။ ဒီတော့ ဘာဖြစ်မလဲ။ အတိုက်အခံက ပြန်ဝင်လာမှာပေါ့။ အတိုက်အခံပါတီထဲမှာ ဘေးထွက်တော့ ထိုင်မနေဘူး။ ပီအေပီတစ်ခြမ်းထဲကို ဝင်လိုက်မယ်။ အဓိပ္ပါယ်လုံးဝ မရှိဘူး။ တို့မှာ အရည်အချင်းရှိတဲ့လူ အဲသလောက်မများဘူး။
မေး ။ ။လုံးဝ မပြောင်းလဲသင့်တဲ့ နိုင်ငံရေးမူဝါဒတွေက ဘာတွေလို့ထင်ပါသလဲ။
ဖြေ ။ ။ အခြေခံအကျဆုံးတွေကတော့ လူမျိုးပေါင်းစုံ ညီညွတ်စွာနေထိုင်ရေး (Multiracialism) အခွင့်အရေးတန်းတူညီမျှရှိရေး။ ဒါပေမယ့် အကျိုးအမြတ်ကတော့ မတူနိုင်ဘူးပေါ့။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာပိုင်ဆိုင်မှုမှာ အခွင့်အရေးအညီအမျှရှိရေး စတာတွေပဲ။ ပြီးတော့ လုပ်ရည်ကိုင်ရည်အပေါ်မှာ ဆုံးဖြတ်တဲ့ meritocracy ။ ဒါတွေဟာ အပြန်အလှန် ဆက်ဆံရေးဟာမိုနီနဲ့ ယုံကြည်မှုဘာသာအချင်းချင်း နားလည် သည်းခံခြင်းတွေရဲ့ အဓိကအချက်တွေပါပဲ။
မေး ။ ။အမြဲတမ်း အထွတ်အမြတ်တင်ထားရမဲ့ တန်ဖိုးတွေရော ရှိနိုင်မလား။
ဖြေ ။ ။ လူနည်းစုရဲ့ ကိုယ်စားလှယ်တွေ မွေးယူရမယ်။ ဒီအတွက် နည်းလမ်းနှစ်မျိုး သုံးနိုင်တယ်။ ကိုတာနဲ့ကိုယ်စားလှယ်တွေ ရွေးချယ်ခြင်း။ ဒါဆိုရင် မလေးတွေရဲ့ စရိုက်နဲ့ အခွင်းအရေးကို ပါတီတွေ ကျင့်သုံးလာဖို့ အားပေးသလိုဖြစ်လာမယ်။ ဒါမှမဟုတ် သူတို့ကို ပါတီပြောင်းခွင့်ပြုဖို့။ ဒါကပိုပြီး ပညာပါတယ်လို့ ငါထင်တယ်။ မလေးရှားမှာဆိုရင် မလေးလူမျိုးတွေရဲ့ မဲတွေပိုရဖို့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေထက် မလေးဦးရေတွေ ပိုများအောင်လုပ်တယ်။ လုပ်နည်းက တရားမဝင်နေထိုင်နေတဲ့ မလေးတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးတာပဲ။ အဲသလိုဆိုရင် မလေးရှားထဲက ထွက်သွားတဲ့တရုတ်၊ အိန္ဒိယန်းတွေက ဘယ်တော့မှ ပြန်မလာတော့ဘူး။
ဒီစနစ်ကို ငါတို့ မကျင့်သုံးဘူး။ meritocracy ထွန်းကားဖို့ သေသေချာချာ ပြင်ဆင်ထားရတယ်။ ဒါကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးမှာ သမ္မတက ဝင်ရောက်ထိန်းသိမ်းပေးဖို့လည်း ဗီတိုအာဏာ သမ္မတကို ပေးထားရတယ်။ ငါတို့မှာ ရွေးစရာသိပ်မရှိဘူး။
အကြောင်းတစ်ကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အများကြီးကြောင့်ပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေက နောက်ထပ်ပါတီအသစ်ကို မဲပေးကြည့်ရအောင် ဆိုတာမျိုးလည်း ရှိလာနိုင်တယ် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားထားရတယ်။ နိုင်ငံတော်ရဲ့ စီးပွါးရေးမထိခိုက်စေပဲ တစ်နှစ်၊ နှစ်နှစ်၊ သုံးလေးနှစ်အတွင်းမှာ အတိုက်အခိုက်ပါတီ ပေါ်ပေါက်လာမယ်ဆိုရင်လည်း တို့သဘောကတော့ ရှိပါစေပဲ။ ဒါပေမယ့် ဒါက စီးပွါးရေးရင်းနှီးမြှုပ်နှံသူတွေကြား အသံဗလံတွေ ထွက်လာစရာတော့ ရှိတယ်။ အစိုးရအသစ်က ငါတို့ချမှတ်ထားတဲ့ မူဝါဒအသစ်ကနေ မသွေဖီဘူးဆိုရင်တောင် စီပွါးရေးအကျပ်အတည်းကြားက ငါတို့ လွတ်မြောက်လာသလိုမျိုး လွတ်မြောက်ဖို့ မလွယ်ဘူးထင်တယ်။ ဒါက သတိကြီးကြီး ထားရတယ်။ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေ စုဝေးပြီး ဆွေးနွေးမှရတယ်။ ပြဿနာတော့ တက်နေပြီ။ ဒီပြဿနာ ဘယ်လောက်ကြမယ်မသိဘူး။ ဒါဆို အရေးအကြီးဆုံးက ဘာလဲ။ အလုပ်ပဲ။ သူတို့ အလုပ်ရှိရင် လစာရှိနေမယ်။ ဒါဆို အဆင်ပြေတယ်။ ဒါဆိုရင် စင်ကာပူးရီးယန်းတွေ အလုပ်ရှိနေဖို့ ငါတို့ ဘာလုပ်ကြမလဲ။ ဒီအတွက် ဘေးဖယ်ထားတဲ့ ရံပုံငွေရှိတယ်။ အကျပ်အတည်းကာလမှာ တို့က ဒီငွေတွေနဲ့ သူတို့ကို ထောက်ကန်ထားပေးတယ်။ လိုအပ်ရင် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အထိ ငါတို့ ကျားကန်ပေးထားလို့ရတယ်။ ဒီတာဝန်တွေကို လူမှုဝန်ထမ်းတွေ လုပ်တာလား။ မဟုတ်ဘူး။ ဝန်ကြီးတွေလုပ်တာ။ သူတို့က လူမှုဝန်ထမ်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတယ်။ အလုပ်ဖြစ်မလား။ ဒါက အလုပ်သမားတွေကို တာဝန်တွေ၊ စိတ်တွေ ပိုဖိစီးစေမလား။ ခဏနား၊ ထပ်စဉ်းစား။ ကွင်းဆင်းပြီး လက်တွေ့စမ်းသပ်။ ပြီးတော့ သူတို့ကပြောတယ်။ ရပြီ၊ စကြစို့။ ကောင်းပြီ၊ မင်းတော့ အလုပ်ခဏနား၊ ထပ်ပြီး လေ့ကျင့်ရဦးမယ်။ လေ့ကျင့်ကုန်ကျစရိတ် တို့ကပေးမယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ ပိုတိုးတက်လာတဲ့ လုပ်အားစွမ်းရည်တွေ ရလိုက်တယ်။ သာမန်အစိုးရက ဒါမျိုးလုပ်ပေးနိုင်မယ်လို့ ထင်သလား။ ငါတော့ မထင်မိဘူး။
မေး ။ ။ဆိုလိုတာက စင်ကာပူမှာ ပီအေပီကလွဲရင် အခြားခေါင်းဆောင် မရှိနိုင်တော့ဘူး။ ဒါကလည်း ပီအေပီက မူဝါဒကို သူတို့စိတ်ကြိုက်ရေးဆွဲ ထားလို့ မဟုတ်ဘူး။ အရည်အချင်း ရှိတဲ့ လူတွေ မလုံလောက်လို့။ ဒီလို ဆိုလိုတာလား။
ဖြေ ။ ။ ဟုတ်တယ်။ အရည်အချင်း မမီလို့။ အတိုက်အခံပါတီမှာ မေးခွန်းတွေ မေးတယ်။ မဲတော့ မပေးဘူး။ ဒါက ရုပ်လုံးပြသက်သက်ပါ။ သူတို့ ဒီအနေအထားမျိုးမရှိသေးဘူး။ ဆီဗီယာ လင်း (Non-Constituency MP) က ဒါကို သဘောတူတယ်။ အစိုးရတစ်ဖွဲ့အနေနဲ့ နိုင်ငံကိုလည်ပတ်ဖို့ သူတို့ အဆင်သင့်မဖြစ်သေးဘူးတဲ့။
နားဝင်မချိုတဲ့ အမှန်တရားတချို့ ( ၁ )
နားဝင်မချိုတဲ့ အမှန်တရားတချို့ ( ၂ )
နားဝင်မချို ( ၃ ) "စင်ကာပူ ( သို့ ) ရွှံ့မြေပေါ်ဆောက်တဲ့ အထပ် ( ၈၀ ) တိုက်တစ်လုံး"
နားဝင်မချို (၄) "စင်ကာပူရဲ့ လားရာ"
နားဝင်မချို (၅) "မရှိမဖြစ်ဒီမိုကရေစီလား"
နားဝင်မချို (၆) "Let’s live and let live"
နားဝင်မချို (၇) " စံ "
နားဝင်မချိုတဲ့ အမှန်တရားတချို့ ( ၂ )
နားဝင်မချို ( ၃ ) "စင်ကာပူ ( သို့ ) ရွှံ့မြေပေါ်ဆောက်တဲ့ အထပ် ( ၈၀ ) တိုက်တစ်လုံး"
နားဝင်မချို (၄) "စင်ကာပူရဲ့ လားရာ"
နားဝင်မချို (၅) "မရှိမဖြစ်ဒီမိုကရေစီလား"
နားဝင်မချို (၆) "Let’s live and let live"
နားဝင်မချို (၇) " စံ "
ဇင်ဝေသော်