Reader's Digest ( Jan, 2003 က ဂျက်လီကို အင်တာဗျူးထားတာတွေထဲက ဘာသာရေးနဲ့ ဆက်နွှယ်နေတာလေးတွေကို ပြန်ထားတာပါ။ အနုပညာသမားတွေထဲမှာ ဟန်မဟုတ် တကယ် ဘာသာရေးကိုင်းရှိုင်းတဲ့ သူတော်ကောင်း မင်းသားလို့ လူသိများလှပါတယ်။ )
မေး ။ ။ ဘယ်တုန်းက ဗုဒ္ဓဘာသာ ဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ ဒီဘဝမှာလား။ ဗုဒ္ဓအဆုံးအမကို အမြဲ သဘောကျခဲ့တယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်အထိတော့ တကယ့် ဗုဒ္ဓဘာသာတစ်ယောက်လို မကျင့်နိုင်ခဲ့ဘူး။
မေး ။ ။ အေးချမ်းတဲ့ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့ အကြမ်းဖက် ရုပ်ရှင်ဇာတ်ကားတွေကြားမှာ ကိုယ့် ကိုယ်ကိုယ် ဘယ်လို ရပ်တည်ထားမလဲ။
ဖြေ ။ ။ သရုပ်ဆောင်က သရုပ်ဆောင်ပဲ၊ ဒါရိုက်တာတွေ အကြိုက်ကို လွန်ဆန်လို့ မရဘူး၊ ငယ်ငယ်တုန်းက အကြမ်းဖက်ဆိုတာ ကောင်းသလား ဆိုးသလားဆိုတာတောင် မသိခဲ့ဘူး။ အက်ရှင်ပဲသိတယ်။ လူကောင်းက လူဆိုးတွေကို ဖိုက်တယ်၊ ဒါပဲ။ နည်းနည်းကြီးလာတော့မှ လူငယ်တွေအတွက် ငါ ဘာပေးနိုင်မလဲ ဆိုတာကို စဉ်းစားမိတာ။ ဒါကြောင့် ပြဿနာကို တိုက်ခိုက်တဲ့နည်း တစ်ခုတည်းနဲ့သာ ဖြေရှင်းလို့ရတာ မဟုတ်ဘူးလို့ စ တွေးတတ်လာပြီး ပုံစံပြောင်းပြီး ကြိုးစားကြည့်ကြတာ။ ဟီရိုးလို ဇာတ်ကားမျိုးပေါ့။ ဒါပေမယ့် ကျနော်တို့ သိထားတာက ဟီရိုးက ထိုက်ခိုက်ပြီး လူဆိုးတွေကို အနိုင်ယူ ချေမှုန်းတာလေ။ ဒီ အမြင်က ချက်ချင်းပြောင်းလဲလို့ မရဘူး။
မေး ။ ။ မနက်ဖြန် သေရတော့မယ်လို့သိရင် ဒီနေ့ ဝမ်းနည်းမလား။
ဖြေ ။ ။ ဝမ်းမနည်းပါဘူး။ ဗုဒ္ဓအဆုံးအမကို ကျနော် တော်တော်လေ့လာမိပြီးပြီ။ တရုတ်တွေက သေခြင်းအကြောင်း ကြားတောင် မကြားချင်ကြဘူး၊ လာဘ်တိတ်လို့ တဲ့။ ဘယ်လို သေမလဲဆိုတာ ကြိုတင်တွေထားမှ ဘဝမှာ ဘယ်လို ပျော်ပျော်နေမလဲဆိုတာလဲ သိမှာ။ လူတော်တော်များမျာ ပြောတတ်ကြတယ်။ ငါသာ အခု အသက်ထက် ၁၀ နှစ် ပိုငယ်သွားရင် ဘာတွေလုပ်မယ် ညာတွေလုပ်မယ် စသဖြင့်ပေါ့။ ဘာကြောင့်များ အခုလက်ရှိ အချိန်က စပြီး အဓိပ္ပါယ် ရှိရှိတွေ မလုပ်နိုင်ကြတာလဲ။ သိတဲ့ အချိန်ကစပြီး အဓိပ္ပါယ် ရှိတာတွေလုပ်မှ နောင်တ မရမှာ။ သေခြင်းတရား ဆိုတာခန္ဓာပြောင်း ဘဝပြောင်း၊ ဒါပါပဲ၊ ဟော်တယ် ပြောင်း တည်းသလိုပဲ။
မေး ။ ။ ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ ကမ္ဘာကို ဘာပြောချင်သလဲ။
ဖြေ ။ ။ အရေးအကြီးဆုံးက ကိုယ့် ကိုယ်ကိုယ်နားလည်ဖို့ပဲ။ လွယ်လွယ်လေး၊ ဒါကို လူတွေရှုပ်နေကြတာ။ ဒုက္ခရဲ့ အကြောင်းက ဘာလဲ၊ ဒါကိုသိရင် အားလုံးဟာ ရှင်းနေတာပဲ။
မေး ။ ။ တတ်ထားတဲ့ ကိုယ်ခံပညာတွေ အပြင်လောကမှာ သုံးဖူးသလား။
ဖြေ ။ ။ တစ်ခါမှ မသုံးဖူးဘူး။ ဒီပညာတွေက ရုပ်ရှင်ထဲမှာ ဟီရိုးတွေနေရာကနေ သရုပ်ဆောင်ဖို့ပဲ။ ကျနော်ကိုယ်တိုင်ကတော့ ဟီးရိုး မဟုတ်ဘူး။
မေး ။ ။ ခင်ဗျားကလေးတွေကိုရော ဒီပညာတွေ သင်ခွင့်ပြုထားသလား။
ဖြေ ။ ။ နိုး။

ဇင်ဝေသော်