တစ်ခါက ကမ္ဘာသိ
ဆရာတော်ကြီးတစ်ပါး
တနင်္ဂနွေနေ့
တရားဟောရန်
ကြွရောက်လာခဲ့သည်။
ထိုဆရာတော်ကြီးကား
K. Sri
Dhammananda
ဆိုသည့်
ကွာလာလမ်ပူ
အခြေစိုက်
သီရိလင်္ကာ
ဆရာတော်ကြီးပင်
ဖြစ်သည်။
ဆရာတော်ကြီး၏
“What Buddhists
Believe” သည်
မာစတာပိစ်ဟု
ခေါ်ရလောက်အောင်
ကောင်းလည်းကောင်း၍
အုပ်ရေပေါင်း
များစွာလည်း
ကမ္ဘာပြန်နှံ့ခဲ့သည်။
ထိုဆရာတော်ကြီးသည် ကျော်သည်နှင့်အညီ အလွန်လည်း တော်သည်ဟု ထင်သည်

။
ကျောင်း
ရောက်လာခိုက်
“ဦးဇင်းက ဗမာလား” “Are you a Burmese?”
“မှန်ပါတယ်ဘုရား” ဟု ပြန်လျှောက်စဉ်
“မင်္ဂလာပါ” ဟု အရင်ဆုံး ဗမာလို နှုတ်ဆက်သည်။
ထို့နောက်
“ဒီကျောင်းကို တရားဟောဖို့ ရောက်တော့ ရောက်ဖူးပါတယ်။ ဒါပေမယ့်မေ့ကုန်ပြီ။ ဒီကျောင်းအတွင်းတရားဟောရာမှာ ဆောင်ရ ရှောင်ရမယ့် အချက်တွေရှိရင် ဦးပဉ္စင်းက ကြိုတင်လျှောက်ထား အသိပေးပါဦး” ဟု အင်္ဂလိပ်လို ဆက် မိန့် လာသည်။
ရိုးသားစွာ ဆိုပါအံ့။ ဤစကားမျိုး မကြားခဲ့ဖူးရိုး အမှန်ပင် ဖြစ်ပါသည်။ ကမ္ဘာသိ ဆရာတော်တစ်ပါးထဲမှ မဆိုထားလင့်၊ မြန်မာသိ ဆရာတော် များထံမှပင် မိမိတို့ တရားဟောမည့် ကျောင်း (နေရာ၏) ဆောင်သင့်၊ ရှောင်သင့်သော အချက်တို့ကို ကြိုတင်မေးတာ မဖြေခဲ့ရဖူးပေ။ ကမ္ဘာကျော်သည့် ဆရာတော်တို့သည် ကမ္ဘာ့စံညွှန်းနှင့်လည်း ညီညွှတ်ပေ၏ဟုသာ သဘော ပေါက်လိုက်ရသည်။ ကမ္ဘာ့စံညွှန်းဟု ဆိုလိုက်သဖြင့် ဗုဒ္ဓဘာသာအဆုံးအမတို့ကို ကျော်ခွရာ ရောက်ပေလိမ့်မည်။ အမှန်မူ ဤကိစ္စတို့သည် ကျောင်းနေရဟန်း (အာဝါသိက) နှင့် ဧည့်သည် ရဟန်း (အာဂန္တုက) တို့ ရှိသင့်သည့် အပြန်အလှန် ဝတ္တရားတို့သာ ဖြစ်ကြပါသည်။
ထိုဆရာတော်ကြီးက
“တို့ကို တရားချီးမြှင့်ဖို့ ပင့်ထားတာကတော့ (၁၀) နာရီကနေ (၁၁) နာရီအထိကွ၊ (၁၁) နာရီမှာ မင်းတို့ ဘုရားဆွမ်းကပ်ရှိတယ် မဟုတ်လား။ ဒါဆို ပြင်ဖို့ဆင်ဖို့ အချိန်ရအောင် တရားပွဲကို (၁၀း၅၀) နာရီလောက်မှာတော့ ရပ်မှ ကောင်းမယ် ထင်တယ်” ဟု သူ့ဘာသာ ဆက်လက်မိန့်သည်။
“မှန်လှပါ။ (၁၀) မိနစ်ဆိုရင် အချိန် လုံလောက်ပါတယ်ဘုရား” ဟု ကျေးဇူးတင်စွာ ပြန်လျှောက်ထားမိသည်။ ဆက်ဟောနေမည်ဆိုလည်း ဤသို့သော ဆရာတော်ကြီးမျိုးကို ဘာမှ လျှောက်ကြတော့မည် မဟုတ်ပါ။ သို့သော် လူမှုရေး ကျမ်းကျေသော ထိုဆရာတော်ကြီးက တရားကို မိနစ် (၅၀) ဖြင့် ပြောချင်တာ ခြုံငုံမိအောင် ပြောဟောခဲ့ပြီး (၁၀) နာရီ၊ မိနစ် (၅၀) တွင် တရားပွဲ သိမ်းလိုက်တော့သည်။
သူတစ်ပါးတို့၏ အချိန်ဇယားကို တန်ဖိုးထားသော ထိုဆရာတော်မျိုးအတွက် နာမည်ကြီးတာကပင် နည်းနေသေးသည်ဟု တွေးလိုက်မိတော့သည်။ ကမ္ဘာ့လူထုထဲဝင်ရန် ကမ္ဘာ့စံညွှန်းလို၏။ ငါ ဟောချင်သလောက်ဟော၊ ငါ အဆုံးသတ်ချင်တဲ့ အချိန်သတ် လုပ်၍မရ။ အခြား အခြားသော အက်တီဗီတီများ ကမောက်ကမ ဖြစ်သွားနိုင်သည်။
နောက်ထပ် ကြုံတွေ့ရသော ဆရာတော်ကြီးကား မဟာယာန ဆရာတော် တစ်ပါးဖြစ်သည့် မြန်မာတို့နှင့် အကျွမ်းတဝင်ရှိသော စင်္ကာပူ ရွှေကျောင်းဆရာတော် ချီပါစောပင် ဖြစ်သည်။ မဟာယာနဟု ဆိုသော်လည်း ထိုဆရာတော်က ထေရဝါဒရဟန်းတော်များနှင့် ပို၍ နီးနီးကပ်ကပ် ရှိသည်ဟု ထင်သည်။ မြန်မာပြည်မှာ လှူသလို ထိုင်း၊ သီရိလင်္ကာတို့မှာလည်း တော်တော် လှူဒါန်းသည်။ သူအများဆုံး လှူသောနေရာမှာ သီရိလင်္ကာဟု ထင်သည်။
ထိုဆရာတော်နှင့် ပတ်သက်၍လည်း အထင်တကြီး တော်တော် ဖြစ်ခဲ့ရသည်။
အခမ်းအနားတစ်ခုမှာ သူက တရုတ်လို မိန့်ပြီး သူ့တပည့် ရဟန်းတော်ကို အခြားဘာသာဖြင့် ဘာသာပြန်ပေးဖို့ ခေါ်လာခဲ့သည်။ သို့သော် အရေးထဲ အရာပေါ်ဆိုသလို လူ့ရှေ့ရောက်ပါမှ ဘာသာပြန်ဖို့ ခေါ်လာခဲ့သော ရဟန်းက အိုးနင်းခွက်နင်း ဖြစ်နေလေတော့သည်။ မိမိတို့ ကြုံတွေ့နေကျ မြင်ကွင်းက ဤသို့ဖြစ်လျှင် ဆရာက တပည့်ကို ဆူပူငေါက်ငမ်းခြင်းတို့ ဖြစ်သည်။ အချို့ဆိုလျှင် ကြမ်းရှသော စကားများပင် ပါလာတတ်သေးသည်။ ပရိသတ်လည်း စိတ်ညစ်ရ၊ တပည့်လည်း သိက္ခာကျ၊ ဆရာကိုယ်တိုင်လည်း သိက္ခာကျ ဖြစ်ရသည်။
ချီပါစောကား ဤသို့ မဟုတ်။ အေးငြိမ်းသော မျက်နှာအသွင်အပြင် လုံးဝ မပျက်၊ တပည့်ကို ကြိုးစားကြည့်ဖို့သာ ချိုချိုသာသာ အားပေးနေသည်။ မတတ်နိုင်တော့သည့် နောက်ဆုံး နောက်တစ်ခါဆိုရင် ဒီထက် ပိုကောင်းအောင် ပြင်ဆင်ခဲ့ပေါ့ဟုသာ ပြုံးပြုံးဖြင့် မိန့်လိုက်တော့သည်။
ချီပါစော လူရှေ့တွင် ပြသွားသော ပုံရိပ်က တော်တော်လှသည်။ သူ့လိုဆရာတော်ကြီး တစ်ပါးက ဒေါသတကြီးဖြင့် တပည့်ကို ငေါက်ငမ်းနေလျှင် ကမ္ဘာ့ပရိသတ်အလယ်မှာ လွန်စွာ အရုပ်ဆိုးသွားနိုင်သည်။ ယခုမူ ပြင်ဆင်မှု အားနည်းခဲ့သော တပည့်ကို အပြုံးဖြင့် ခွင့်လွှတ်ပြသွားခဲ့သည်။ ချီပါစော ဆရာတော် ဒေါသနည်းခြင်းလား။ ပရိသတ်ရှေ့မှာ ရှိနေသင့်သော ပုံရိပ်ကို စနစ်တကျ လေ့ကျင့်ထားခြင်းလား။ မသိပါ။ နှစ်ခုစလုံး ဖြစ်နိုင်ပါသည်။ အဆိုးမြင်ဝါဒဖြင့်အဆုံးစွန်အထိ တွေးကြည့်မည်ဆိုလျှင် လူ့ရှေ့မှာ ပြုံးပြုံးဖြင့် ခွှင့်လွှတ်ခဲ့ပြီး လူကွယ်ရာရောက်မှ ငါ့ကို အရှက်ခွဲတဲ့ကောင်ဆိုပြီး ခပ်နာနာ ဒဏ်ခတ်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤသို့အထိတော့ မထင်ပါ။ ရှိပါစေတော့။
မည်သို့ဆိုစေ။ ဒေါသမကင်းသော ပုထုဇဉ် ရဟန်းတစ်ပါးအနေနှင့် အရုပ်ဆိုးလှသော ဒေါသပုံရိပ်ကြီး လူထုရှေ့ ချမပြခြင်းကပင်အထင်ကြီးစရာ ကောင်းလွန်းလှပေသည်။ ကမ္ဘာကျော်သည်ဟုမဆိုနိုင်စေ၊ ရွှေကျောင်းဆရာတော်လည်း အာရှတော့ ကျော်ပါသည်။ ကျော်သင့်သော Public Image လည်း သူ့မှာ ရှိနေသည်။ အထင်ကြီးလေးစား ကြည်ညိုမိ၏။
နောက် တစ်ခုကား ၂၀၀၀၊ ၂၀၀၁ ခန့် မဟာသန္တိသုခကျောင်းတော်ကြီး အာဏာ အသိမ်း မခံရခင်က ဖြစ်သည်။ ရဟန်းတော် ၂၁ ပါး၊ ဆရာလေး ၅ ပါးတို့ သင်တန်းတက်နေသည့် ပထမပတ် သင်တန်း တစ်ဝက်လောက်ဟု ထင်သည်။ ဆရာလေး ၅ ပါးတွင် မဟာယာန ဘိက္ခုနီ တစ်ပါးလည်း ပါဝင်သည်။ တစ်နေ့ ထို မဟာယာန ဘိက္ခုနီ၏ အသိ ထိုင်ဝမ်မှ မဟာယာန ရဟန်းငယ်တစ်ပါး အလည်ကြွရောက်လာခဲ့ပြီး မိမိတို့ အင်္ဂလိပ်စာလေ့လာ နေပုံကို အကဲဖြတ်ပြီး မြန်မာ ရဟန်း၊ ဆရာလေးများ အင်္ဂလိပ်စာ သင်ကြားရာ ကိုယ်တိုင် လေ့လာဖို့ အထောက် အကူ ရေဒီယို ကက်စက်ပင် အများအားဖြင့် မရှိကြသည်ကို တွေ့ရှိသွားလေတော့သည်။
ထိုအခါ အားလုံးအတွက် သူ လှူချင်သည်ဟုဆိုကာ သူ၏ ဓမ္မမိတ်ဆွေ မဟာယာန ဘိက္ခုနီ၊ ကျောင်းထိုင်ဆရာတော်နှင့် တိုင်ပင်လေတော့သည်။ အားလုံးအတွက် လှူမည်ဆိုသဖြင့် ခပ်ပေါပေါ တရုတ်ဖြစ် ရေဒီယို ကက်စက်သာ ဖြစ်လိမ့်မည်ဟု ထင်နေမိသည်။ မဟုတ်ပေ၊ ဂျပန်ဖြစ်၊ စီဒီပါ ဖွင့်လို့ရသည့် ဈေးအကြီးဆုံး ရေဒီယို ကက်စက်များ အလုံး ၂၈ လုံး ( သံဃာစေ့ အပြင် ဆရာသုံး၊ ကျောင်းသုံးဖို့ အတွက်ပါ ) ချက်ချင်း သွားဝယ်ပြီး လှူဒါန်းလေတော့သည်။ ထိုစဉ်ကပင် ၂ သောင်းကျော် တန်သည်ဟု သိရသည်။ ငမွဲ သီဟနာဒကား ထိုအခါရောက်မှ ဂျပန်ဖြစ်ကို သုံးဖူးသဖြင့် ကျေးဇူးလည်း တင်မဆုံး၊ ဂျပန် ပစ္စည်းကိုလည်း ချီးမွမ်းမဆုံး ဖြစ်ခဲ့ရသည်။
ဤမျှ ငယ်ရွယ်သော ရဟန်းက ဤမျှ လှူဒါန်းနိုင်သလား ဟုလည်း သူ့ငွေ၊ သူ့ စေတနာကို အံ့ဩမဆုံးဖြစ်မိသည်။ နောက်မှ သိရသည်မှာ အဖွဲ့က တစ်နှစ်အတွက် သုံးစွဲရန် ခွင့်ပြု ထားသော ဝတ္ထုငွေ ပမာဏ ရှိသည်။ ထို အတိုင်အတာ အတွင်း သူ သုံးစွဲခွင့်ရှိသည် ဟု ဖြစ်လေသည်။
ခွင့်ပြုငွေ အားလုံး ဤမှာ သုံးလိုက်လျှင် သူ့အတွက် အနည်းငယ် ကျပ်တည်းသွားလိမ့်မည် ဟူသော သသခါင်္ရိက စိတ်တွန့်၊ စိတ်ရွံ့ သူ့မှာ မရှိ။ သူက ပိုက်ဆံ ချမ်းသာတာကိုး ဟု အချို့က တွေးကောင်း တွေးနိုင်၏။ ပိုက်ဆံ ရှိခြင်းနှင့် လှူခြင်းက တိုက်ရိုက် မဆက်စပ်ပါ။ ပိုက်ဆံ ရှိ၍ လှူသည် မဟုတ်၊ စေတနာ သဒ္ဓါ ရှိ၍သာ လှူခြင်းဖြစ်သည်။
ကိုယ်တိုင် အလှူခံသူများတွင် ပါဝင်နေ၍ ပြောခြင်း မဟုတ်ပါ။ ဘာအတွက် ညာအတွက် စသည် အလှူခံပြီး ပြန်လည်လှူဒါန်းတတ်ကြသည်ကိုသာ အတွေ့များပြီး မိမိအတွက် အလှူငွေကို ဤလို ရက်ရက် ရောရော လှူသည်က ကြုံရခဲ၏။ မရှိဟု မဆိုလို။
ထိုမှနောက် လူတစ်ယောက်၏ တန်ဖိုးသည် အမည်နာမတွေနဲ့ ( ထေရဝါဒ၊ မဟာယာန စသည် ) မဆိုင်၊ သင်္ကန်း အရောင် အသွေးနဲ့ ( အညို၊ အဝါ၊ မီးခိုးရောင် စသည် )လည်း မဆိုင် ရဲဝံ့စွန့်လွှတ်ခြင်း၊ အသင်္ခါရိက ဆန်ခြင်းသာ ဖြစ်သည်ဟု သဘောပေါက်မိသည်။ ထိုရဟန်းငယ် ပေးခဲ့သော ပုံရိပ်က ယနေ့ မိမိဘဝ အတွက် အတောက် အပ ရှိနေသလို အထောက် အပံ့လည်း များစွာ ရှိနေဆဲဖြစ်၏။ ထို ရဟန်းငယ်က မိမိတို့အောက် များစွာ ငယ်၏။
သင့်မှာ ခွင့်ပြုငွေ တစ်နှစ်လျှင် ဒေါ်လာ ၅ ထောင်ရှိ၏။ ဒေါ်လာ ၄ ထောင် လှူပြီး ၁ ထောင်ဖြင့် ကျပ်ကျပ် တည်းတည်း မျှတ နိုင်ပါ၏ လား ဟု ကိုယ်တိုင် မေးမိသောအခါ ( အများအားဖြင့် ) သသင်္ခါရိက ဆင်ခြေများ တက် တက် လာတတ်၏။
ဘာမှ ထူးထူးခြားခြား မရည်ရွယ်ပါ။ ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရသော ဤအဖြစ်အပျက် တို့သည် လူထုအမြင်မှာ တော်တော်ကောင်းသော Public Image များ ဖြစ်သည်ဟု ခံစားမိ၍သာ ရေးသားမိခြင်း ဖြစ်ပါသည်။
မြန်မာရဟန်းတစ်ပါး ဖြစ်သဖြင့် အားနည်းချက်များ ကိုယ့်ဆီမှာလည်း ရှိကြောင်း ဝန်ခံပါသည်။ သို့သော် ဝိုင်း၍ မကူကြ၊ မပြောကြလျှင် မိမိတို့ ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ခံစားမိ၍သာ (စကား ရိုင်းရိုင်းဆိုရလျှင်) ပက်လက်လှန်၍ တံတွေး ထွေးခြင်း ဖြစ်သည်။ ကိုယ့်အပေါ် ပြန်ကျဖို့ ရာခိုင်နှုန်းတော့ များပါ၏။
အတွင်းကောင်းဖို့ လိုသလို အပြင်လှဖို့လည်း လိုလာပါသည်။

သီဟနာဒ