"တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း" ဆိုရင် ဘာသာအမည်မပါတဲ့အတွက်
ငြိမ်းချမ်းရေးဝါဒဖြစ်တယ်။
ဒီနေရာမှာ"ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ ကမ္ဘာလွှမ်း၍တည်စေသော်" ဆိုလိုက်တာနဲ့ ဘာသာအမည်ပါသွားလို့ ဒီနေ့ခေါ်တဲ့ ယူနီဗာဆယ်လစ်ဇင်ဖြစ်သွားတယ်။ ရွတ်ဆိုနေသူက အဲသလောက် တွေးချင်မှတွေးမိမယ်။
ယူနီဗာဆယ်လစ်ဇင်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းက သူတို့ယုံကြည်ကိုးကွယ်မှု၊ ကျင့်သုံးမှု၊ ဓလေ့ထုံးစံ စတာတွေဟာ ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့ လိုက်လျော ညီထွေရှိတယ်။ ဒါတွေ တကယ်ထွန်းကားသွားရင် ကမ္ဘာကြီး ငြိမ်းချမ်းမယ်လို့ အဲဒီဘာသာဝင်တွေကိုယ်တိုင် ယုံကြည်နေကြခြင်းဖြစ်တယ်။ မဏာမအဆင့်မှာ စေတနာဆိုး မပါဝင်ဘူး။
အဲဒီယုံကြည်မှုက အင်အားမကောင်းသေးရင် ကြွေးကြော်နေရုံ သက်သက် သာဖြစ်ပြီး အင်အားကောင်းတာနဲ့ အကောင်အထည်ဖော်ဖို့ ကျိုးစားတော့တယ်၊ အဲဒီမှာ ဘာသာရေးနယ်ချဲ့ဝါဒဖြစ်သွားတော့တယ်။
ငြိမ်းချမ်းရေးနည်းနဲ့ ကြိုးစားရင် သာသနာပြုဖြစ်ပြီး စစ်ရေးတွေ၊ အကြမ်းဖက်မှုတွေပါဝင်လာရင် အစွန်းရောက်ဖြစ်သွားတယ်။
ခရစ်ယန် ခရုဆေ့၊ မွတ်စလင် ဂျီဟတ်ရဲ့ အားထုတ်မှုဟာ ဒုတိယအဆင့်မှာ ရှိနေကြတယ်။
ဗုဒ္ဓဘာသာနိုင်ငံတွေဟာ စစ်ရေးအရ ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့အဆင့် (အသောကကို ဖယ်ထားရင်) ဘယ်တုံးကမှ မရှိခဲ့ဘူး။
ဒါပေမဲ့ ဗုဒ္ဓဘာသာအဆုံးအမတွေဟာ ကမ္ဘာ့လူသားတိုင်းနဲ့ ကိုက်ညီတယ်ဆိုတဲ့ ယူနီဗာဆယ်လစ်စိတ်ဓာတ်တော့ သူတို့မှာရှိနေတတ်တယ်။
ငြိမ်းချမ်းတဲ့ ဘာသာတစ်ခုဆိုတာ အဆုံးအမက ရှေ့မှာရှိနေပြီး ဘာသာရဲ့ အမည်က နောက်ကလိုက်တာမျိုးပဲဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ "သတ္တာနံ ဟိတာယ၊ သုခါယ" စတဲ့ စကားတွေဟာ ဘာသာအမည် မပါလို့ အမြဲတမ်း ငြိမ်းချမ်းရေးအသွင်ဆောင်ပါတယ်။
"ဗုဒ္ဓဘာသာ ကမ္ဘာလွှမ်းရမယ်" ဆိုလိုက်တာနဲ့ ကိုယ်က အားမရှိရင် လူရယ်စရာဖြစ်ပြီး ကိုယ်က အားကောင်းလာရင် လူအမြင်ကတ်စရာဖြစ်သွား မယ်။
လက်ရှိ ပဋိပက္ခတွေဟာ အဲဒီလို ယုံကြည်မှုကို မတရားတဲ့နည်းနဲ့ (အခြားယုံကြည်မှုတွေကို အထင်သေးရင်း) အကောင်အထည်ဖော်ရာက စပြီးဖြစ်ပွားလာတာတွေပါ။
သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကမ္ဘာ့ဘာသာရေးသမိုင်းက ဒီအတိုင်းပဲဆိုတယ်။
နိုင်ငံရေးသိပ္ပံကလည်း ဒီကောက်ချက်အတိုင်းပဲ ရှိနေတယ်။