ပြည်သူ့ငွေနဲ့အဖွဲ့အစည်းများ


ဒီခေါင်းစဉ်အောက်မှာ အခြားအဖွဲ့အစည်းတွေ အများအပြားရှိနိုင်ပေမဲ့ အထင်ရှား ဆုံး အဖွဲ့အစည်းနှစ်ခုကိုပဲ ဆွဲထုတ်လိုက်ပါတယ်။
၁။ အစိုးရ
၂။ ဘာသာရေးအဖွဲ့အစည်းများ(ဘာသာစုံ)
အစိုးရငွေက ပြည်သူ့ဆီက အခွန်စတဲ့ပုံစံတစ်မျိုးမျိုးနဲ့ဝင်လာတာဖြစ်ပြီး ဘာသာရေးအဖွဲ့အစည်းပိုင်ငွေတွေက အလှူငွေအနေနဲ့ ပြည်သူ့ဆီက ဝင်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့က....
* ပြည်သူ့အတွက်ပြန်လည်သုံးစွဲရင် မှန်ကန်ပြီး(အလွန်အမင်း သာဓုခေါ်နေစရာ မလိုလှသေးပါ)
*မသုံးစွဲရင် မှားပါ တယ်(ကဲ့ရဲ့၊ အရေးယူထိုက်တယ်)။

ဒီငွေတွေဟာ အစိုးရ (သို့) ဘာသာရေး အဖွဲ့အစည်းတွေရဲ့ အလှူငွေ မဟုတ် ပါ။ ပြန်လည် သုံးစွဲငွေသာ ဖြစ်ပါတယ်။ ဘယ်အစိုးရက၊ ဘယ်ဘာသာရေးအဖွဲ့ အစည်းက ဘာလှူတယ်ဆိုတဲ့ စကားတွေဟာ ဝေါဟာရအားဖြင့်သာမှန်ပြီး အနှစ် သာရအားဖြင့် မမှန်ပါ။ အကြောင်းကတော့ အမှန်တကယ် အလှူရှင်က ပြည်သူ သာဖြစ်ပြီး သူတို့က စီမံခန့်ခွဲသူသာ ဖြစ်နေလို့ပါ။ (ကာယအလှူ၊ ဉာဏအလှူ၊ ဓမ္မအလှူ ဘယ် သွား ထားမလဲဆိုတဲ့ ကိစ္စဟာ ဆွေးနွေးလိုရင်း မဟုတ်ပါ)

အန္တရာယ်ကင်းအောင် စင်္ကာပူက ရွှေကျောင်းဆရာတော်ကို သာဓက ထုတ်ပါ မယ်။ သူဟာ အဖွဲ့အစည်းများစွာကို ဦးဆောင်မှုလည်း ပေးစွမ်းနိုင်၊ သူတော်ကောင်းစိတ်လည်းရှိသူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖွဲ့အစည်းရဲ့ အလှူငွေ ဟာ သူ့အလှူငွေတော့ မဟုတ်ပါ။

ဒါဖြင့် သူ့ကိုယ်ပိုင်အလှူ မရှိနိုင်တော့ဘူးလား။ ရှိပါတယ်။ ဒါကို ( အတင်းအကြပ် ကြီးကို) စင်္ကာပူဥပဒေက ဖြည့်ဆည်းပေးထားပါတယ်။ ဒီအဖွဲ့အစည်းတွေ ရဲ့ နာယက၊ စီအီးအိုအဖြစ်(မဖြစ်မနေ)သူ့ကို ပေးရမယ်လစာ(လုပ်အားခ) ရှိပါတယ်။ ဥပမာ ဒေါ်လာနှစ်သောင်း။ အဲဒီ နှစ်သောင်းကိုပဲ
*အားလုံး(သို့)အဲဒီ နှစ်သောင်းထဲ က အချို့ကို ပြန်လှူရင်တော့ သူ့ကိုယ်ပိုင်အလှူဖြစ်သွားပါတယ်(ချီးမွမ်းထိုက်ပါတယ်)
*မလှူဘူး (မချီးမွမ်းထိုက်ပေမဲ့ ကဲ့ရဲ့စရာ မဟုတ်)။
(လူ့ ဥပဒေအရ ယူတယ်၊ ဘုရား ဥပဒေအရ ပြန်လှူတယ်)
လီရှန်လွန်း၊ ဦးသိန်းစိန်ကိုလည်း ဒီအတိုင်းပဲ ကြည့်နိုင်ပါတယ်။

ဘာရယ်မဟုတ်ပါ။ အင်အားကောင်းလာနေတဲ့ ဘာသာခြားတွေကြားမှာ စနစ်ကျ၊ တင်းကြပ်၊ ဝိနည်းလည်းလက်ခံတဲ့ ဥပဒေများ Charity Acts ရှိလာရင် ကောင်း မှာလို့ တွေးမိလို့ပါ။ ဒါ့ကြောင့် သာသနာမကွယ်တဲ့အပြင် ပိုပြီးတောင် အားကောင်းလာနိုင်ပါတယ်။

မှတ်ချက်။ ။ စင်္ကာပူ ရွှေကျောင်းဆရာတော်ဆိုတာ တိုက်ဆိုင်လို့ထုတ်ပြတဲ့ သာဓကသက်သက်မျှသာဖြစ်ပါတယ်။ ဥပဒေမဲ့ ရိုးသား မြင့်မြတ်တဲ့ မြန်မာ ဆရာတော်တွေ အများကြီး ရှိပါတယ်။

ဓာတ်ပုံများတင်လာရခြင်း အကြောင်း


တလောက အတူနေရဟန်းတစ်ပါးနဲ့စကားပြောမိကြတော့ သူက
"ဦးဇင်း၊ သူကလည်း ဆရာကြီး" လို့ အခြားတစ်ယောက်ကို ရည်ညွှန်းပြီး ပြော ပါတယ်။
"မင်းက ဘာကြည့်ပြီး သူက ဆရာကြီးလို့ ပြောရတာလဲ" ဆိုတော့
"သူကလည်း သူ့ဝေါပေါ်မှာ သူ့ဓာတ်ပုံတွေ မတင်ဘူး" လို့ သူက ဖြေပါတယ်။
ဟင် ဓာတ်ပုံမတင်ရင် ဆရာကြီးလားဆိုပြီး ဆရာကြီးမဟုတ်မှန်းသိအောင် ပုံတွေ တင်နေမိတာပါ။

ဆရာဇော်ဇော်အောင်


မနှစ်က ဆရာဇော်ဇော်အောင်နဲ့ တွေ့ခဲ့ရတယ်။
ဒါတောင် ဗိုက်ခွဲထားစမို့ တုတ်ကောက်နဲ့။
ဒီနှစ် တွေ့တောင်မတွေ့ခဲ့ရဘူး။

သမ္မတကြီး ဖတ်မိစေချင်သည်


ဂျပန် မေဂျိပြုပြင်ပြောင်းလဲရေးကာလ အမျိုးသား အဓိဋ္ဌာန် ၆ ချက်

ကျွန်ုပ်တို့ တစ်မျိုးသားလုံး သစ္စာအဓိဋ္ဌာန်ပြုကြပါသည်...
၁။ ကျယ်ပြန့်သော အခြေခံလိုအပ်ချက်၊ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ ကြွယ်ဝချမ်းသာမှုကိုရရှိအောင် တည်ဆောက်သွားကြပါမည်။

၂။ အမျှော်အမြင်ရှိ တွေ့ဆုံဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့်ပြု လုပ်ပြီး ဖြစ်ပေါ် လာသမျှ အရေးကိစ္စတိုင်းကို ပွင့်လင်းမြင်သာစွာဆွေးနွေးဆုံးဖြတ်သွားကြပါမည်။

၃။ ဆင်းရဲ ချမ်းသာ လူတန်းစားအားလုံး နိုင်ငံတော်၏ ဦးဆောင်မှုအောက်၌ တညီတညွတ်တည်း ရှိနေကြပါမည်။

၎။ ပြည်သူ့ဝန်ထမ်း၊ စစ်မှုထမ်းများပါမကျန် သာမန်လူတန်းစားအားလုံး မိမိတို့ ယုံကြည်ရာအိပ်မက်အမှန်တကယ်ဖြစ်လာရန် အကောင်အထည်ဖော်ခွင့် ရှိနေရမည်။

၅။ အတိတ်က အကျင့်ဆိုးများကို ခဝါချပြီး အရာခပ်သိမ်း လောကနိယာမနှင့်အညီ ကျင့်သုံးသွားကြပါမည်။

၆။ အင်ပါယာ၏ အခြေခံဥပဒေတော်များ ပျံ့နှံ့အားကောင်းလာစေရေးအတွက် ကမ္ဘာအရပ်ရပ်က ပညာရပ်များကို အပတ်တကုတ် လေ့လာဆည်းပူးသွားကြ ပါမည်။

(Henry Kissinger. World Order. P 186-187)

နံပါတ် ၅ နဲ့ ၆ ဟာ မြန်မာပြည်အတွက် သိပ်အရေးကြီးနေတယ်။
စာအုပ်အသစ်ထွက်ရင် ဂျပန်က ဘာသာပြန်ပြီးသား။ အင်္ဂလိပ်ဝေါဟာရအသစ်ထွက်ရင် ဂျပန်လို မွေးစားပြီးသား။
ကဲ နံပါတ် ၅ ကရော ဘယ်လိုလဲ။ အားမရလှဘူး။

သီလနဲ့အက်သစ် (၂)


ဒုတိယမေးခွန်းက ကိုနေလင်းအတွေ့အကြုံနဲ့ တိုက်ရိုက်တူနေပါတယ်။
"ခြင်သတ်မှု၊ အခြား ဗိုင်းရပ်ပိုးတွေကိုသတ်မှုလည်း ပါဏာတိပါတလို့ သိရပါ တယ်၊ ဒီသတ္တဝါတွေကိုသာမသတ်ရင် ကမ္ဘာဟာ ကပ်ရောဂါတွေနဲ့ ပြည့်နေ ပါလိမ့်မယ်။ ဒီအတွက် ဗုဒ္ဓဘာသာရဲ့အဖြေက ဘာပါလဲ" ဆိုတာဖြစ်ပါတယ်။
ဒီလိုနေရာတွေမှာ အလွယ်တကူဖြေလို့မရ၊ လွဲသွား၊ ကျဉ်းသွားရင် ဘာသာခြားတွေကပါ ဖေ့စ်ဘုတ်၊ ယူကျု၊ သတင်းစာကနေဆော်လာမှာကို သတိထားရပါတယ်။ အစိုးရရုံးမှာ သွားရှင်းရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ သုံးသပ်မှု ကျယ်ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာရဲ့ခိုင်မာတဲ့ရပ်တည်ချက်ကိုတော့ တစ်ပြားမှ လျှော့စရာမလိုပါဘူး။

ရှင်းခဲ့တာက......
၁။ ဗုဒ္ဓဘာသာရဲ့ သီလ၊ သမာဓိနဲ့ပတ်သက်တဲ့ ဖွင့်ဆိုမှု။ သမာဓိက မနောကံ (စိတ်) ကို ထိန်းတာ၊ သီလက ကာယကံနဲ့ဝစီကံ (ကိုယ်နဲ့နှုတ်) ကို ထိန်းတာဖြစ်တယ်။
မနောကံက ပုဂ္ဂလိကနဲ့သာဆိုင်တယ်၊ ကာယကံနဲ့ဝစီကံက လုပ်ပြီ ပြောပြီမို့ အကောင်း အဆိုး ပတ်ဝန်းကျင်ဆီကို ရိုက်ခတ်မှုရှိသွားတယ်။ ဆိုလိုတာက စိတ်နဲ့သတ်တယ်၊ သီလမကျိုးဘူး၊ သမာဓိ ကျိုးတယ်။ စိတ်ပါလက်ပါသတ်တယ်၊ သီလ၊ သမာဓိနှစ်ပါးလုံး ကျိုးတယ် ပေါ့။ ဒီတော့ ကမ္ဘာ့စံ(ဗုဒ္ဓဘာသာရဲ့ စံ လည်းဖြစ်ပါတယ်)ကို ဆွဲထုတ်ကြည့်နိုင်တယ်။

သီလကို
၁။ တစ်ကိုယ်ရေ သီလ(Individual)
၂။ ဝန်းကျင်နဲ့ဆက်စပ်တဲ့သီလ (Societal) လို့ ခွဲခြားနိုင်ပါတယ်။

ငါးပါးသီလကို တစ်ကိုယ်ရေအနေနဲ့ကျင့်သုံးရင် ဘာမှ ပြသနာ မရှိဘူး။ ဥပမာ မင်းကွန်းဆရာတော်ကြီး၊ သီဟိုဠ်က နာရဒမထေရ်တိုဟာ သူတို့ရောဂါပျောက်ဖို့ ပဋိဇီဝဆေးတွေ သုံးစွဲခွင့် မပြုခဲ့ကြဘူး။ ရောဂါပျောက်ဖို့ ဗိုင်းရပ်ပိုးတွေ သေရမှာ ကို မလိုလားကြဘူး။ သီလကျိုးတယ်လို့ ခံယူတယ်။ ဒါက အရှင်မြတ်တွေကိုယ် တိုင် ရဟန်းတော်တွေဖြစ်နေလို့ နောက်ပြီး ဗိုင်းရပ်ပိုးက သူတို့ကိုသာ ဒုက္ခပေးပြီး ပတ်ဝန်းကျင်ကို ဒုက္ခမပေးလို့ ရာနှုန်းပြည့်မှန်တယ်။

ဒါပေမဲ့ သူတို့က အရှင်မြတ်တွေမဟုတ်ဘဲ နိုင်ငံတော်အစိုးရ ဖြစ်နေမယ်၊ ဗိုင်းရပ် ပိုးကလည်း ခြင်လို၊ ကြွက်လို၊ အီဘိုလာလို ပိုးတွေဖြစ်နေမယ်ဆိုရင် အဖြေက တစ်မျိုးဖြစ်သွားတယ်။ (ဘာဖြစ်ဖြစ် ခြင်၊ ကြွက်၊ အီဘိုလာကို မသတ်နဲ့လို့ ပြော မိရင်တော့ သေပေတော့ပဲ၊ စင်္ကာပူလိုနိုင်ငံမှာ တရားဟောခွင့်၊ နေထိုင်ခွင့်တွေ ပိတ်သွားလိမ့်မယ်။ ဒီလောက်မှ မပါးရင် စင်္ကာပူတက္ကသိုလ်မှာ တရားဟောဖို့ လည်း မစဉ်းစားနဲ့ ပဲ)
ဒါက ဗုဒ္ဓဘာသာနဲ့ ကိုက်ညီသလား။ ကိုက်ညီတယ်။ ဘုရားလောင်း ရသေ့နဲ့ ဘုရားလောင်းဘုရင် သီလအပေါ်ရှုမြင်ပုံ မတူဘူး။ တူလို့လည်း မရဘူး။ ဘုရင် လုပ်ရင် စစ်တိုက်ရမှာပဲ၊ မတိုက်ချင်ရင် မလုပ်နဲ့၊ မလုပ်ဘူး။ (ဥပမာ တေမိ မင်းသား)
အဖြေက ...
ငါးပါးသီလကို တစ်ကိုယ်ရေ သီလ(Individual)အနေနဲ့ကျင့်ရင် ချွင်းချက် မရှိ ရနိုင်ပေမဲ့ ဝန်းကျင်နဲ့ဆက်စပ်တဲ့သီလ (Societal) အနေနဲ့ကျင့်ရင် လိမ်မာဖို့ လိုလာတယ်။ ဗုဒ္ဓဘာသာဘုရင်က သူ့အတွက် ဘယ်သူ့မှ မသတ်ဘူး၊ ဒါပေမဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ဘယ်သူ့ကိုမဆို အညှာပေးမယ်မဟုတ်ဘူး။ သူ့စေတနာက ရန်သူကိုသတ်တာ မဟုတ်၊ သူ့သားသမီးကို ကာကွယ်တာပဲဖြစ် တယ်။ ဒါပေမဲ့ ကုသိုလ်က ကုသိုလ်၊ အကုသိုလ်က အကုသိုလ်၊ ပါဏာတိပါတ က ပါဏာတိပါတအနေနဲ့ပဲရှိမယ်။ ဒါကိုလည်း ဗုဒ္ဓဘာသာဘုရင်က သဘောပေါက်တယ်။ ဒါကို မဟာယာနစာပေမှာ ဥပါယ ကောသလ္လ (နည်းပရိယာယ်လိမ်မာမှု) လို့ ခေါ်ပါတယ်။
(ဦးဇင်းမကြာမကြာပြောပါတယ်၊ ဘာသာခြားတွေနဲ့ ရင်ဆိုင်ရရင် မဟာယာနဟာ မိသားစုဝင်၊ စီဗီလိုက်ဇေးရှင်းတူ ညီအကို၊ ရန်ဖြစ်နေစရာ အကြောင်း တစ်စက်မှ မရှိဘူး)

အဆုံးသတ် ရပ်တည်ချက်....
ခြင်ကြောင့် ငှက်ဖျားဖြစ်နိုင်တယ်၊ ဒန်ကီဖြစ်နိုင်တယ်၊ ဟုတ်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့် သေချာသလား။ ခြင်ကိုက်တိုင်း ဒီရောဂါတွေ ဖြစ်သလား။ ရာနှုန်း မပြည့်ဘူး။ မင်းတို့က ရိုက်သတ်လိုက်ရင်တော့ အဲဒါ ရာနှုန်းပြည့် သေချာသွားပြီ။
သူက ကိုယ့်သွေးတစ်စက်ကို စုပ်ရုံနဲ့ သူ့အသက်တစ်ချောင်းလုံး ပြန်ယူလိုက်တာ တရားနည်းလမ်း ကျ၊ မကျ။ ဘုရားကတော့ မကျဘူးလို့ ဖြေပါတယ်။ ဒါပေမဲ့ မင်းတို့က ဆရာဝန်၊ စစ်သား၊ အစိုးရ ဗုဒ္ဓဘာသာတွေဆိုရင်တော့ ပါဏာတိပါတကို ဥပါယ ကောသလ္လနဲ့တွဲပြီး ကျင့်သုံးမှ ရလိမ့်မယ်။

ဗုဒ္ဓဘာသာတွေရော၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ကလေးတွေပါ သာဓုမခေါ်ဘဲ လက်ခုပ်တီးကြပါတယ်။ သူတို့ ကျေနပ်လို့ဖြစ်မယ်လို့တော့ ယူဆရတာပါပဲ။

နောက်တစ်ခါဆိုရင် ငြိမ်းကျော်မောင်စကားနဲ့ အဆုံးသတ်ရမယ်။ ဒါပေမဲ့ Spiritual Advisor ဆိုတော့ "ဟီးးးး" ဆိုတာတော့ ဖြုတ်ထားမှ သင့်မယ် ထင်တယ်။
ကိုအံ့ထူးနိုင်ပြောတဲ့ ပဉ္စမမြောက်ပုဂ္ဂိုလ်ကိုယ်တိုင်ကြိုးဖြတ်က ရာနှုန်းပြည့် မှန်နေတော့ မေးခွန်းတက်စရာ မရှိတော့ဘူး။ ကိုနေလင်းက တစ်ကိုယ်ရေ သီလ(Individual) ကနေကြည့်တာ။ ကိုဝန်းသိုက ဝန်းကျင်နဲ့ဆက်စပ်တဲ့သီလ (Societal) ကနေကြည့်တာပဲ ထူးပါတယ်။ ဗုဒ္ဓဘာသာဟာ တရားသေကြီး မဟုတ်ပါဘူး။ ကမ္ဘာ့စံထဲ မပြောင်းဘဲ ဝင်လို့ရပါတယ်။

အမှာ။ ။ ဒီအဖြေဟာ မဆိုးဘူးဆိုတာကလွဲလို့ အကောင်းဆုံး လုံးဝ မဟုတ်နိုင်ပါ။