ဒီနေ့ တက်လာတဲ့ ဖေ့စ်ဘုတ်စတေးတပ်တချို့

(18/03/2014)
ပိုးဟပ်ရဲ့စတေးတပ်။ ။ ဟူး၊ အမူးသမားအခန်းထဲဝင်လာတာကို ကြိုမသိ ခဲ့ဘူးကွာ။ မနည်းရှောင်လို့ သူ့ဖနောင့်ရန်က လွတ်လာရတာ သယ်ရင်း တို့ရေ၊ ခံလိုက်ပေါ့ ကိုယ့်ဘဝနဲ့ကိုယ်ပဲကွာ။

ကြက်မရဲ့စတေးတပ်။ ။ အားလုံး မင်္ဂလာပါရှင်။ မနက်ဖြန် မင်္ဂလာပါလို့ စတေးတပ်မတက်လာရင် KFC ထဲရောက်သွားပြီလို့ မှတ်ယူပေးကြပါ။ အခုတော့ မင်္ဂလာပါရှင်။

ဝက်ရဲ့စတေးတပ်။ ။ ခွီးပဲကွာ၊ သူတို့ဖာသာသူတို့ ဖလူးဖြစ်တာ ငါ့ကို ဆွဲ ထည့်နေကြတယ်။ ရေရေလည်လည် လေတယ်ကွာ။ စဉ်းစားကြည့်ကြ ပါအုံး သယ်ရင်းတို့ရာ။

ဆိတ်ရဲ့စတေးတပ်။ ။ သူတို့ ဟောလီးဒေးနီးလာပြီ၊ ကိုယ်တော့ လည်တ ဆန့်ဆန့်နဲ့ လျှောက်မသွားရဲတော့ဘူး။ အပြင်မှာမတွေ့လို့ တစ်မျိုးမထင်ကြ နဲ့နော်။ ဘိုင်။

သူတို့လည်း လူတွေနဲ့ သိပ်မကွာလှဘူး။

ပြည်သူ့ငွေနဲ့အဖွဲ့အစည်းများ


ဒီခေါင်းစဉ်အောက်မှာ အခြားအဖွဲ့အစည်းတွေ အများအပြားရှိနိုင်ပေမဲ့ အထင်ရှား ဆုံး အဖွဲ့အစည်းနှစ်ခုကိုပဲ ဆွဲထုတ်လိုက်ပါတယ်။
၁။ အစိုးရ
၂။ ဘာသာရေးအဖွဲ့အစည်းများ(ဘာသာစုံ)
အစိုးရငွေက ပြည်သူ့ဆီက အခွန်စတဲ့ပုံစံတစ်မျိုးမျိုးနဲ့ဝင်လာတာဖြစ်ပြီး ဘာသာရေးအဖွဲ့အစည်းပိုင်ငွေတွေက အလှူငွေအနေနဲ့ ပြည်သူ့ဆီက ဝင်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့က....
* ပြည်သူ့အတွက်ပြန်လည်သုံးစွဲရင် မှန်ကန်ပြီး(အလွန်အမင်း သာဓုခေါ်နေစရာ မလိုလှသေးပါ)
*မသုံးစွဲရင် မှားပါ တယ်(ကဲ့ရဲ့၊ အရေးယူထိုက်တယ်)။

ဒီငွေတွေဟာ အစိုးရ (သို့) ဘာသာရေး အဖွဲ့အစည်းတွေရဲ့ အလှူငွေ မဟုတ် ပါ။ ပြန်လည် သုံးစွဲငွေသာ ဖြစ်ပါတယ်။ ဘယ်အစိုးရက၊ ဘယ်ဘာသာရေးအဖွဲ့ အစည်းက ဘာလှူတယ်ဆိုတဲ့ စကားတွေဟာ ဝေါဟာရအားဖြင့်သာမှန်ပြီး အနှစ် သာရအားဖြင့် မမှန်ပါ။ အကြောင်းကတော့ အမှန်တကယ် အလှူရှင်က ပြည်သူ သာဖြစ်ပြီး သူတို့က စီမံခန့်ခွဲသူသာ ဖြစ်နေလို့ပါ။ (ကာယအလှူ၊ ဉာဏအလှူ၊ ဓမ္မအလှူ ဘယ် သွား ထားမလဲဆိုတဲ့ ကိစ္စဟာ ဆွေးနွေးလိုရင်း မဟုတ်ပါ)

အန္တရာယ်ကင်းအောင် စင်္ကာပူက ရွှေကျောင်းဆရာတော်ကို သာဓက ထုတ်ပါ မယ်။ သူဟာ အဖွဲ့အစည်းများစွာကို ဦးဆောင်မှုလည်း ပေးစွမ်းနိုင်၊ သူတော်ကောင်းစိတ်လည်းရှိသူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖွဲ့အစည်းရဲ့ အလှူငွေ ဟာ သူ့အလှူငွေတော့ မဟုတ်ပါ။

ဒါဖြင့် သူ့ကိုယ်ပိုင်အလှူ မရှိနိုင်တော့ဘူးလား။ ရှိပါတယ်။ ဒါကို ( အတင်းအကြပ် ကြီးကို) စင်္ကာပူဥပဒေက ဖြည့်ဆည်းပေးထားပါတယ်။ ဒီအဖွဲ့အစည်းတွေ ရဲ့ နာယက၊ စီအီးအိုအဖြစ်(မဖြစ်မနေ)သူ့ကို ပေးရမယ်လစာ(လုပ်အားခ) ရှိပါတယ်။ ဥပမာ ဒေါ်လာနှစ်သောင်း။ အဲဒီ နှစ်သောင်းကိုပဲ
*အားလုံး(သို့)အဲဒီ နှစ်သောင်းထဲ က အချို့ကို ပြန်လှူရင်တော့ သူ့ကိုယ်ပိုင်အလှူဖြစ်သွားပါတယ်(ချီးမွမ်းထိုက်ပါတယ်)
*မလှူဘူး (မချီးမွမ်းထိုက်ပေမဲ့ ကဲ့ရဲ့စရာ မဟုတ်)။
(လူ့ ဥပဒေအရ ယူတယ်၊ ဘုရား ဥပဒေအရ ပြန်လှူတယ်)
လီရှန်လွန်း၊ ဦးသိန်းစိန်ကိုလည်း ဒီအတိုင်းပဲ ကြည့်နိုင်ပါတယ်။

ဘာရယ်မဟုတ်ပါ။ အင်အားကောင်းလာနေတဲ့ ဘာသာခြားတွေကြားမှာ စနစ်ကျ၊ တင်းကြပ်၊ ဝိနည်းလည်းလက်ခံတဲ့ ဥပဒေများ Charity Acts ရှိလာရင် ကောင်း မှာလို့ တွေးမိလို့ပါ။ ဒါ့ကြောင့် သာသနာမကွယ်တဲ့အပြင် ပိုပြီးတောင် အားကောင်းလာနိုင်ပါတယ်။

မှတ်ချက်။ ။ စင်္ကာပူ ရွှေကျောင်းဆရာတော်ဆိုတာ တိုက်ဆိုင်လို့ထုတ်ပြတဲ့ သာဓကသက်သက်မျှသာဖြစ်ပါတယ်။ ဥပဒေမဲ့ ရိုးသား မြင့်မြတ်တဲ့ မြန်မာ ဆရာတော်တွေ အများကြီး ရှိပါတယ်။

ဓာတ်ပုံများတင်လာရခြင်း အကြောင်း


တလောက အတူနေရဟန်းတစ်ပါးနဲ့စကားပြောမိကြတော့ သူက
"ဦးဇင်း၊ သူကလည်း ဆရာကြီး" လို့ အခြားတစ်ယောက်ကို ရည်ညွှန်းပြီး ပြော ပါတယ်။
"မင်းက ဘာကြည့်ပြီး သူက ဆရာကြီးလို့ ပြောရတာလဲ" ဆိုတော့
"သူကလည်း သူ့ဝေါပေါ်မှာ သူ့ဓာတ်ပုံတွေ မတင်ဘူး" လို့ သူက ဖြေပါတယ်။
ဟင် ဓာတ်ပုံမတင်ရင် ဆရာကြီးလားဆိုပြီး ဆရာကြီးမဟုတ်မှန်းသိအောင် ပုံတွေ တင်နေမိတာပါ။

ဆရာဇော်ဇော်အောင်


မနှစ်က ဆရာဇော်ဇော်အောင်နဲ့ တွေ့ခဲ့ရတယ်။
ဒါတောင် ဗိုက်ခွဲထားစမို့ တုတ်ကောက်နဲ့။
ဒီနှစ် တွေ့တောင်မတွေ့ခဲ့ရဘူး။

သမ္မတကြီး ဖတ်မိစေချင်သည်


ဂျပန် မေဂျိပြုပြင်ပြောင်းလဲရေးကာလ အမျိုးသား အဓိဋ္ဌာန် ၆ ချက်

ကျွန်ုပ်တို့ တစ်မျိုးသားလုံး သစ္စာအဓိဋ္ဌာန်ပြုကြပါသည်...
၁။ ကျယ်ပြန့်သော အခြေခံလိုအပ်ချက်၊ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ ကြွယ်ဝချမ်းသာမှုကိုရရှိအောင် တည်ဆောက်သွားကြပါမည်။

၂။ အမျှော်အမြင်ရှိ တွေ့ဆုံဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့်ပြု လုပ်ပြီး ဖြစ်ပေါ် လာသမျှ အရေးကိစ္စတိုင်းကို ပွင့်လင်းမြင်သာစွာဆွေးနွေးဆုံးဖြတ်သွားကြပါမည်။

၃။ ဆင်းရဲ ချမ်းသာ လူတန်းစားအားလုံး နိုင်ငံတော်၏ ဦးဆောင်မှုအောက်၌ တညီတညွတ်တည်း ရှိနေကြပါမည်။

၎။ ပြည်သူ့ဝန်ထမ်း၊ စစ်မှုထမ်းများပါမကျန် သာမန်လူတန်းစားအားလုံး မိမိတို့ ယုံကြည်ရာအိပ်မက်အမှန်တကယ်ဖြစ်လာရန် အကောင်အထည်ဖော်ခွင့် ရှိနေရမည်။

၅။ အတိတ်က အကျင့်ဆိုးများကို ခဝါချပြီး အရာခပ်သိမ်း လောကနိယာမနှင့်အညီ ကျင့်သုံးသွားကြပါမည်။

၆။ အင်ပါယာ၏ အခြေခံဥပဒေတော်များ ပျံ့နှံ့အားကောင်းလာစေရေးအတွက် ကမ္ဘာအရပ်ရပ်က ပညာရပ်များကို အပတ်တကုတ် လေ့လာဆည်းပူးသွားကြ ပါမည်။

(Henry Kissinger. World Order. P 186-187)

နံပါတ် ၅ နဲ့ ၆ ဟာ မြန်မာပြည်အတွက် သိပ်အရေးကြီးနေတယ်။
စာအုပ်အသစ်ထွက်ရင် ဂျပန်က ဘာသာပြန်ပြီးသား။ အင်္ဂလိပ်ဝေါဟာရအသစ်ထွက်ရင် ဂျပန်လို မွေးစားပြီးသား။
ကဲ နံပါတ် ၅ ကရော ဘယ်လိုလဲ။ အားမရလှဘူး။