နောက်တာပါ ဆရာတို့


စာအုပ်ပါးပါးလေးတွေလည်း ထုတ်ထားဦးမှ။
စာအုပ် အထူကြီးတွေပဲဆိုရင် စားရေးသူအချင်းချင်း စာအုပ် အပြန်အလှန် လက်ဆောင်ပေးရင် အတော်အရှုံးပေါ်တယ်။

နေပြည်တော်က ဒကာကြီး သို့


ဒီမနက် သမ္မတကြီးဦးသိန်းစိန်နဲ့ အင်တာဗျူးဆောင်းပါး အရှည်ကြီး စထရိတ်တိုင်းမ်းမှာ ပါလာတယ်။
အကြောင်းအရာလည်း တော်တော်စုံတယ်။ ဘာသာရေး သည်းခံစိတ်နည်းမှုကို ခပ်ဖိဖိပြောသွားတယ်။
ရွာကပြန်ရောက်စမို့ အမှတ်တရရှိနေဆဲ မိုဗိုင်းဖုန်းကိစ္စလေးကိုပဲ ဆွဲထုတ်လိုက် ပါတယ်။
သူတို့ တာဝန်ယူစဉ်က မိုဗိုင်းဖုန်းသုံးစွဲသူ သုံးရာခိုင်နှုန်း၊ အခု သုံးဆယ် ရာခိုင်နှုန်း။ နယ်စွန်နယ်ဖျား ကျေးလက်ကလူတွေအထိ အခု မိုဗိုင်းဖုန်း သုံးစွဲ လာနိုင်၊ အဲလို။

တကယ်က ဖုန်းကတ် သူများဝယ်ပေးလို့ အိုင်ပက်လေးထဲထည့်ပြီး ဖေ့စ်ဘုတ်သုံး တယ်။ သုံးရက်အကြာ ပို့စ်တိုနံ့နံ့ နည်းနည်းတင်အပြီး ငါးထောင်ဖိုးချောသွား တယ်။ အဝိုင်းလည်ခက ဈေးကြီးတာကိုး။
"နယ်စွန်နယ်ဖျား ကျေးလက်ကလူတွေအထိ အခု မိုဗိုင်းဖုန်း သုံးစွဲလာနိုင်" သုံးနိုင်တာက ဟုတ်တယ်။ ရွာမှာ ဘယ်လိုင်းမှ မတက်ဘူး။ ဖုန်းကတ်အလှူရှင်တွေက စိတ်ပူလို့။
ဒါနဲ့ ရန်ကုန်ပြန်ရောက်တော့ တစ်သောင်းဖိုး ထပ်ထည့်တယ်။ ခါးတောင်းကျိုက်ပြီးတင်တော့ ပုံတချို့လည်း တက်သွားတယ်။ ရွာမှာတက်သွားတဲ့ပို့စ်လေးတွေက တစ်သောင်းခွဲဖိုး။

စတက်တစ်စတစ်ကို ကွာလတီနဲ့ကပ်ထားမှ အဆင်ပြေမယ် ထင်တယ် နေပြည်တော်က ဒကာကြီးရယ်။

ဆားကိုင်သူများ


(တစ်) ကိုရင် ဥာဏ

၂၀၁၅ အိပ်မက်အတွက် ခရီးတစ်ခု ထပ်ထွက်ဖို့ ကိုရင်ဥာဏ ပြင်ဆင်နေမိသည်။ သူ ဘာတွေလုပ်နေတယ်ဆိုတာကို ခပ်ပါးပါးသဘောပေါက်တာကလွဲလို့ မျှော်လင့်ချက် လေးလေးလံလံ ရှိမနေဖို့လည်း သူ့ကိုယ်သူ ထိန်းကွပ်ထားလိုက်သည်။ အမှန်တော့ ၂၀၁၄ သည် သူ့အတွက် နှစ်ကောင်းနှစ်မြတ်ဖြစ်သည်။ သူ့ကျိုးစားမှုအတွက် ကျိုးစားခ ၆၃ သိန်းခန့် ရရှိသည်။ ထိုပမာဏက သူ့ဖခင် လူ့ဘ၀မှာ နေထိုင်သွားရသည့် နှစ် အရေအတွက်နဲ့ တိုက်ဆိုင်နေလေသည်။
ထို့ကြောင့် ဖခင်အတွက် ၂၀၁၄ လက်ကျန်စာရင်းရှင်းလှူဒါန်းလိုက်ပြီး ပိုင်ဆိုင်မှု သုညဖြင့် ခရီးတစ်ခု ထပ်ထွက်ဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ ကိုရင်ဥာဏ ပေါ့ပါးနေသည်။

(နှစ်) ကိုရင်ဝါသဝ

သူ့မှာ ရင်ဖွင့်ပေါင်းလို့ရသည့် ကိုရင်ဝါသ၀လည်း ရှိသည်။ ကိုရင်ဝါသ၀ မှာ ဆောက်လက်စ သုံးထပ်ကျောင်းဆောင်ရှိသည်။ ပိုက်ဆံမရှိဘဲ ဆောက်လုပ်ချင်သည့် ငါးထပ်ကျောင်းဆောင်လည်း ရှိနေဟန်တူသည်။
သို့သော် ကိုရင်ဝါသ၀ကိုယ်တိုင်ကလည်း လေးလေးလံလံကြီး မဟုတ်၊ ပေါ့ပေါ့ပါးပါးဖြင့် သူယုံကြည်ရာ သူလုပ်နေတတ်သည်။
"ဒီခေတ်မှာ လေယာဉ်စီးပြီး ခရီးသွားရတယ်ဆိုကတည်းက သေခြင်းတရားနဲ့ သူသေကိုယ်သေ တိုက်ခိုက်နေရတာ၊ တကယ်လို့များ၊ တစ်ခုခုဆိုရင်......"
သူ့ကျောင်း သူ့မြေ သူစာချုပ်တွေကို သေတန်းစာနဲ့အတူ ကျန်နေရစ်ခဲ့သူတွေထံ လွှဲပြောင်းပေးထားတတ်လေသည်။
လည်ပင်းမှာ ပိုင်ဆိုင်မှုတွေ ချိတ်ဆွဲမထားသည့်အတွက် ကိုရင်ဝါသ၀လည်း ပေါ့ပါးနေတတ်သည်။

(သုံး)

ရေပေါ်မှာ ရေဖော့ထားတတ်လျင် ရေဘယ်လောက်နစ်သလဲဆိုတာသည် အရေးမကြီးလှပါ။
လက်ညှိုးမှာ ဒဏ်ရာမရှိလျင် ဆားကိုကိုင်သော်လည်း မစပ် ဟု ဘုရားရှင် မိန့်မှာခဲ့ဖူးသည်။
၂၁ ရာစုထဲမှာ ဆားကိုင်တတ်ဖို့ ကျွနုပ်တို့ လေ့လာရပါဦးမည်။

သီဟနာဒ

သွေးသစ္စာ


သမိုင်းထဲက သစွာတရားကလည်း
လက်မောင်းသွေးတွေ ကုန်လိုက်တာ။

သပိတ်လေးတစ်လုံး


(တစ်)

"ရပ်တော်မူပါအုံးဘုရား"
လက်ထဲက သပိတ်ရဲ့ လေးလံဆကို ကိုရင်ဥာဏ ခန့်မှန်းကြည့်လိုက်သည်။ သူ့ ၀မ်းတစ်ခါးအတွက် သေချာပေါက် လုံလောက်ပြီ။ ဒါနဲ့
ထိုအသံကို ပီပီပြင်ပြင်ကြီး ကြားလိုက်ရသော်လည်း ကိုရင် ဥာဏ မရပ်ဖြစ်တော့။ ၀မ်းတစ်ခါးစာ မရသေးသည့် ညီနောင်တို့ ၀မ်းစာကို သူယူနေဖို့ မသင့်တော့။ နောက်မှ
"ဘယ်လို ကိုရင်လေးလဲ မသိဘူး၊ ရပ်တော်မူပါအုံးလျောက်တာတောင် မရပ်ဘူး"
ကိုရင်ဥာဏ လေးလေးနက်နက်လေး ပြုံးလိုက်မိသည်။

(နှစ်)

အရာရာတို့ ပြောင်းလဲ သွားကြပြီ။
နှစ်ပေါင်း ၃၀ ကျော်ကာလသည် ကိုရင်ဥာဏကို (. )ဆရာတော် ဥာဏဖြစ်စေခဲ့ပြီ။ အာဏာရှင်၊ ဓနရှင်တို့ ကိုးကွယ်သောဆရာတော်တစ်ပါး ဖြစ်နေသည့်အတွက် ကိုယ်တိုင်သီတင်းမသုံးနိုင်၊ အမြဲသီတင်းသုံးမည့် သံဃာလည်း များများစားစား မရှိ၊ ဘာသာရေး အက်တီဗီတီများ အပတ်စဉ်၊ လစဉ် မရှိနိုင်သည့်တိုင် သိန်းပေါင်း ထောင်ကြီးဂဏန်းကုန်ကျသည့် ကျောင်းတိုက်ကြီးပေါင်းများစွာ တည်ဆောက်နိုင်ခဲ့သည်။

နန်းတော်ကြီးတွေတမျှ ခန်းနားသည့် ဆရာတော် ဥာဏ၏ ကျောင်းတော်ကြီးများ။

ထိုထိုကျောင်းတော်ကြီးတွေဘေးမှ ကြယ်မြင်လမြင် ဘာသာဝင်တို့ တဲအိမ်ကလေးများ။

တစ်ခါတစ်ခါမှာ ရှိတတ်သည့် သင်တန်းကြီးတွေကို တက်ရောက်ရန် ရောက်လာတတ်သော ကားကြီးကားငယ်ထဲက လူချမ်းသာလေးတွေကို အားကျစွာ ငေးမောကြည့်နေတတ်သည့် ၀န်းကျင်ရှိ ဖိနပ်မဲ့ လူဆင်းရဲလေးများ။

(သုံး)

ဆရာတော်ဥာဏသည် ကိုရင်ဥာဏဘ၀နှင့် သူ့ဝမ်းတစ်ခါး ၀ မ၀ ဆဆကြည့်မိသည့် သပိတ်လေးတစ်လုံးကို ဒီမနက် ထူးထူးခြားခြား သတိရနေမိသည်။

သီဟနာဒ