Home » All posts
ကျူပီအာ နဲ့ ကြာပီအူ
in
ဇင်ဝေသော်,
ဘောလုံး
- on 5/10/2015
- No comments
မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကလည်း ကျူပီအာပွဲ ကြည့်ရသလိုပဲ။ အားပေးလို့မှမပြီးကြသေးဘူး အတန်းဆင်းလက်မှတ် တစ်ဂိုးပေးလိုက်ရပြီ။
သူတို့က "ကျူပီအာ" ဆို ကိုယ်တို့က "ကြာပီအူ" ပေါ့လေ။
အမေနေ့၊ အမေသို့......................(ရဟန်းတစ်ပါးရေးသည့်) ဆော့ဝဲလ် ပရိုဂရမ်းမင်းဝတ္ထု
in
3D ဘာသာရေး,
သီဟနာဒ
- on 5/10/2015
- 2 comments
(၁)
“သင့်ရဲ့လွတ်လပ်မှုတွေအားလုံးဟာ
အခုထိငါ့ရဲ့ လက်ထဲမှာပဲ ရှိနေဆဲပါ” ဟု မပစ်လွှတ်မီ လေးညှို့က မြားတံလေးကို
တိုးတိုးလေးဆို၏။(တဂိုလ်း)
“ မှန်ပါတယ်အရှင်၊ ဒါပေမယ့် သင့်ရင်ခွင်မှာ ထာဝရထွေးပိုက်မထားနိုင်တော့ သင်ထိမှန် စေချင်တဲ့အရာကို
ထိမှန်ဖို့က ကျွန်တော်မျိုးရဲ့ တာဝန်တစ်ခုပါ” ဟု မြှားတံကလေးက လေးညှို့ကို
စကားပြန်ဆို၏။( သီဟနာဒ)
အမေကို ဘာနဲ့မှ မတိုင်းတာနဲ့ဟုဆိုခဲ့သည့် သူငယ်ချင်းကဗျာဆရာကတော့ သဘောတူ လိမ့်မည်မထင်။
သူရေးခဲ့သည့် “ အမေ” ကဗျာလေးကို ပြန်လည်လက်ယပ်ခေါ်မိ၏။ စကားလုံး လေးတွေက သူတို့ကို
မေ့ရပါ့မလားဆိုပြီး စိတ်ကောက်နေဟန်တူ၏။ ရှောရှောရှူရှူ မလာကြတော့။
ဝမ်းနည်းမိ၏။ မေ့လျော့သူ၏ အပြစ်သာ။
“အမေဟာ “လ” မဟုတ်၊ဆန်း၊ ဆုတ်သည် မရှိ။အမေဟာ “ပန်း” မဟုတ်၊နွမ်းပုပ်သည် မရှိ။အမေဟာ “စမ်း” မဟုတ်၊ခမ်း၊ ယုတ်သည် မရှိ။
မရတော့။
စကားလုံးလေးတွေ အမှန်ပင် စိတ်ကောက်နေကြပြီ ဖြစ်၏။ ခွင့်လွှတ်တော့ စကားလုံးလေးတွေနဲ့
မောင်သစ်ဝေ (မြင်းခြံ) ရေ။
အမေ့အသားသည် ညိုညက်၏။ အမေ့ပါးသည် မနီထွေး၊ အမေ့လက်မောင်းများသည် သေးပိန်၏။
အမေ့ပါးစပ်သည် စကားလုံးများဖြင့် ရှုပ်ပွမနေ။ အမေ့ခန္ဓာကိုယ်သည် ပါးလျ၏။ အမေသည်
စာမဖတ်တတ်၊ အမေသည် ဆုံးမစကားမပြောတတ်။ ထိုအမေသည် သူမ၏သားကို စင်္ကြာမင်းထင်၏။
သူမသားနှင့် လက်ဆက်နိုင်လောက်သည့် မိန်းကလေး ကမ္ဘာပေါ်တွင်မရှိဟုထင်၏။
အမေ့နားသည် ထောင်ရန်အသင့်ရှိနေတတ်၏။
“ ကိုရင် အိမ်ကြွခဲ့ဦး”
ရွာရောက်ခိုက် ထိုစကားမပါလည်း မနက်တစ်ခေါက်၊ ညတစ်ခေါက် အိမ်ကိုကြွ၏။ သို့သော်
တစ်ခါတစ်ခါ မှာတတ်၏။ “ ကိုရင် အိမ်ကြွခဲ့ဦး”
“ ဘာဖြစ်လို့ အိမ်ကြွခဲ့ဖို့ မှာတာလဲ”
“ မကြွမှာစိုးလို့” ဟုသာ ဖြေ၏။
ထူးခြားမှုတစ်ခုခု ရှိလေမလားဟု စဉ်းစား၏။ ဘာအဖြေမှ မရ။ ဘာထူးခြားမှုမှ မရှိ။
တစ်ခုတော့ ရှိ၏။ အမေမှာ၍ အိမ်ကြွသွားသောအခါတိုင်း အိမ်နီးနားချင်းလင်မယား
တစ်တွဲမဟုတ် တစ်တွဲ ရန်ဖြစ်နေသည်နှင့် ကြုံတွေ့ရမြဲဖြစ်၏။ သူတို့
လင်မယားရန်ဖြစ်တာနှင့် သာမဏေကို အိမ်ကြွဖို့ ပင့်ခြင်းကလည်း နည်းနည်းလေးမှ
ဆက်စပ်၍မရ။
မေးလွန်းမက မေးတော့မှ အမေကဖြေသည်။
“ကိုရင်၊ နားထောင်။ ဟိုလင်မယား ရန်ဖြစ်ပြန်ပြီ။ လူ့ဘဝဆိုတာ အဲဒါပဲ”
ဒါသည် ပညာမတတ်သောအမေ မသိမသာခေါ်ခေါ်ပြသည့် မက်ဆေ့တစ်ခုဖြစ်သည်။ သူမသိ၏။ သူမသားကို
သူမတစ်သက်လုံး ထွေးပိုက်ထား၍မရ။ သူမ သိ၏။ သူမ၏သား ကို ထိမှန်စေချင်သော ပစ်မှတ်။
ထို့နောက် ကိုရင် သဘောပေါက်သွားသည်။ ကိုရင် အိမ်ကြွခဲ့ဦးဆိုလျှင်
လင်မယားတစ်တွဲတွဲ ရန်ဖြစ်နေပြီဟု။ ထို့အတူ ကိုရင်သိလိုက်၏။ အမေဟူသော လေးညှို့သည်
သားဟူသော မြားတံကို အဘယ်ရပ်ဝန်းကို ဦးတည်ထားသည်ဆိုသည်ကို။
(၂)
ဖြစ်နိုင်ခြေတို့ကို ပျက်ရယ်ပြုတတ်သောအရာသည် ဘဝဖြစ်သည်။ ထို “ဘဝ” ကို ဘာဘာ ညာညာစသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုလျှင် ထိုဘဝ၏ ပျက်ရယ်ပြုခြင်းကို ခံရမည်။
ထိုကိုရင်သည် ဝါဆိုလပြည့်နေ့၌ ရဟန်းဖြစ်၏။
ကျန်းမာရေး
မကောင်းသဖြင့်၊ ဘဝ၏ နောက်ဆုံးအချိန်ကို ရောက်နေသည်ဟုထင်ရသောမိတ်ဆွေတစ်ယောက်က
ရဟန်းသစ်ကို ဖူးတွေ့လို၍ ကြွခဲ့ပါဟုဆို၏။ သို့သော် ဝါဆိုရတော့မည်ဖြစ်သဖြင့်
ဆရာတော်က မလွှတ်။ ရဟန်း၏ ခမည်းတော်တစ်ယောက်တည်းသွားရန်သာ ဆရာတော်က မိန့်သည်။
ထို့ကြောင့် အဖေတစ်ယောက်တည်း မတ္တရာသို့ ခရီးသွား၏။
ထိုလူနာက ပြန်လည်ကျန်းမာသွားပြီး ငှက်ဖျားရောဂါ အပြင်းအထန်ဖြင့် အဖေပြန် ရောက်လာ၏။
အကောင်းဆုံးဟုဆိုသော အပြင်ဆေးခန်း၌ ဆေးကု၏။ အဖေ့ အသက်ကို ကယ်နိုင်တော့ မလို၊
မကယ်နိုင်တော့သလို ဖြစ်နေ၏။ နောက်ဆုံး ဆရာဝန်ကြီးက လက်လျှော့သည်ဟု မပြော၊
ရွာပြန်ခေါ်သွားရန်သာ ပြော၏။
အဖေ ရွာရောက်၍ (၃) ရက်ခန့်ကြာသောအခါ ယောက်ဖတစ်ယောက် ရောက်လာပြီး အကြောက်လန့်ဆုံး
သတင်းကိုပေး၏။
“ကိုရင့် ဒကာကြီး ဆုံးပြီ”
ရဟန်းငို၏။ ယောက်ဖကို ပြန်နှင့်၊ မနက်ဖြန်မှ လိုက်ခဲ့မည်ဟု ဆိုလိုက်၏။ ရဟန်းဖြစ်၍
(၂၇) ရက်မြောက်နေ့တွင် ရဟန်းခမည်းတော်(အဖေ) ဆုံးပါးရှာ၏။
အဖေ ဆုံးပြီ။ သူဘာလုပ်ရမည်ဆိုတာကို ရဟန်းငယ်သိ၏။ သူ့မိသားစုသည် မိဘနှစ်ပါး၊အစ်မခြောက်ယောက်
ရဟန်းဟူသော သားတစ်ယောက်ဖြင့် ဖွဲ့စည်းထားသော မိသားစု ဖြစ်သည်။ ယခု အဖေမရှိတော့။
ရဟန်း ဆုံးဖြတ်ချက်ချ၏။ အင်္ကျီနှစ်ထည်ဝယ်ပြီး ရွာပြန်ခဲ့၏။
ထိုရဟန်း အိမ်ရောက်သောအခါ ထိုအိမ်သည် ဘာမှမဖြစ်သောအိမ်ကဲ့သို့ ဖြစ်နေ၏။
ငိုကြွေးနေသူမရှိ၊ အော်ကြီးဟစ်ကျယ် ဝမ်းနည်းနေသူမရှိ။ ပကတိမှ တကယ့် ပကတိ
အိမ်ဖြစ်၏။ တစ်ခုခုများ မှားယွင်းလေသလား။ အမေက ခရီးဦးကြို၏။ အမေ့မျက်နှာ၌
အပူရုပ်မရှိ၊ မျက်ရည်မရှိ။ အစ်မတွေက ခရီးဦးကြို၏။ သူတို့မျက်နှာ၌လည်း
မျက်ရည်မရှိ၊ အပူရုပ်မရှိ။
မှားတော့ မမှားယွင်း။ အသက်မဲ့နေသော အဖေ့ခန္ဓာကိုယ်သည် မလှုပ်ယှက်တော့။ ဒါဆို အမေနှင့်အစ်မတို့က
အဖေ့ကိုတကယ်မချစ်တာလား။ မဖြစ်နိုင်။ သို့သော် သူတို့ငိုမနေသဖြင့် ရဟန်းလည်းငို၍
မရတော့။ အေးအေးဆေးဆေးဖြင့်ပင် အဖေ့ဈာပန ပြီးသွားသည်။
သူ့ဆုံးဖြတ်ချက်ကို
ပြောသောအခါ အမေကခါးခါးတူးတူး ငြင်း၏။ ဦးဇင်းဒကာကြီး ရှိတုန်း ကလည်း သူ့အသက်
သူ့အရွယ်နှင့် အိမ်အတွက်ဘာမှ မယ်မယ်ရရ မလုပ်ပေးနိုင် တော့။ အဖေမရှိ တော့ခြင်းသည်ဘာမှအရေးကြီးသောကိစ္စမဟုတ်။ အစ်မများကလည်း
အမေနှင့်တသံတည်းထွက် နေ၏။ ဦးဇင်းဘာမှ ပူနေစရာမလို။ တပည့်တော်တို့ဝမ်း တပည့်တော်တို့ကျောင်းနိုင်သည်ဟု
ဆိုကြ၏။
မည်သို့ဆိုစေ ရဟန်းငယ်ရင်၌ တာဝန်ပေါ့သွားသည်။
ထို့ကြောင့် ရဟန်းငယ်သည် အင်္ကျီင်္ီနှစ်ထည်ကိုပေးကာ မန္တလေးသို့ ပြန်သွားတော့သည်။
အဖေဆုံးပါးပြီး ကာလအတန်ကြာသည့်အခါ ရွာမှဆရာ ရဟန်းမန္တလေးသို့ကြွလာ၏။
“ မင်းအမေက ခန္ဓာကိုယ်ကသာသေးသေး၊ စိတ်ဓာတ်တော်တော်မာတာကွဲ့”
“ ဘာဖြစ်လို့လဲဘုရား”
“ မင်းဒကာကြီးဆုံးလို့ မင်းပြန်လာတော့ သူကအိမ်သားတွေကို တစ်ချက်လွှတ်အမိန့်ထုတ်ထားတာ။
မင်းရှေ့မှာ ဘယ်သူမှမငိုရဘူးတဲ့။ သူတို့ငိုနေရင်သူ့သားရဲ့ဘဝ
သေချာပေါက်ယိမ်းယိုင်လိမ့်မယ်တဲ့။ ငိုတဲ့သူ သူ့သမီးမဟုတ်။ ဒီမောင်ရဟန်းရဲ့အစ်မလည်းမဟုတ်တဲ့။
သူကိုယ်တိုင်လည်း တစ်ချက်မှ ငိုမသွားဘူး။ မင်းပြန်မှ ငိုကြတာကွဲ့။
မိဘကျေးဇူးဆပ်ပေါ့ကွယ်။
ဤသည်မှာ စာမဖတ်သောအမေ၊ ပိန်သေးသေးအမေ၏ နှလုံးသားစွမ်းအင်များ ဖြစ်သည်။
ညိုသောအမေ့အသားအရေသည် ဖြူစင်သောမေတ္တာရုပ်ကြွင်းတည်း။
အမေသည် စကားများများမပြောတတ်။ သို့သော် ထိုအမေပေးလိုက်သော မက်ဆေ့ကား ရဟန်းငယ်၏ရင်၌
သံမှိုဖြင့်ရိုက်ထားသလို မြဲလျှက်ရှိနေလေ၏။
(၃)
အားလုံးကြည်ကြည်လင်လင်ဖြစ်၍ ရဟန်းအိမ်ပြန်သောအခါ ရဟန်းက သူ့အမေကိုစ၏။
“ စိတ်မကောင်းဘူးအမေရာ၊ အမေ့ဘဝရဲ့တစ်ခုတည်းသော လိုအပ်ချက်ကို ဖြည့်မပေးနိုင်ဘူး”
“ ဘာကို ပြောတာလဲ ဦးဇင်း”
“ ချွေးမလေ။ သားတစ်ယောက်ရှိ၊ ရှိတဲ့သားက ရဟန်းဝတ်။ ဒီတော့ အမေ့ဘဝမှာ ချွေးမဆိုတာ
ရှိလာတော့မှာ မဟုတ်ဘူး”
“ မလိုချင်ပါဘူး ဦးဇင်း၊ ဦးဇင်းက ချွေးမရှာလာမလို့လား။ နှစ်ယောက်စလုံးကို
အိမ်ထဲကို အဝင်မခံဘူး” ဟု ဆို၏။
သို့သော်-
“ ငါ့သားများ မပျော်လို့လူထွက်ရင် အဖေ့ဆီကအမွေရတဲ့ ဘုရားယာက ငါ့သားကို
လက်ဖွဲ့ဖို့။ နင်တို့ သမီးတွေနဲ့ မဆိုင်” ဟု အစ်မတို့ကို ပြောခဲ့သည်ဟူသတတ်။
သို့သော်ထိုစကား ထိုရဟန်းငယ်ကို မပြော၊ အစ်မတို့ကိုသာ ပြောခဲ့သဖြင့် ထိုရဟန်းငယ်သည် ယနေ့အထိ
ရဟန်းဝတ်ဖြင့် ရှိနေဆဲပင်ဖြစ်၏။
အမေကား မရှိတော့။
❀
အမေ ဒေါ်သိန်းညွှန့်သို့ အမှတ်တရ ❀
သားရဟန်း
01/02/2012
Copyright © 2011 ကမ်းလက်. All rights reserved.
ပညာရေးမင်္ဂလာများ (ပျိုမြစ်နုနယ်မင်္ဂလာ)
in
ဇင်ဝေသော်,
ဆောင်းပါး
- on 5/09/2015
- No comments
တတိယဂါထာမှာတော့ ကလေးတစ်ယောက်ဟာ အတော်အတန် အရွယ်ေ ရာက်လာပြီလို့ ယူဆရပါတယ်။ ဗာဟုဿစ္စဉ္စကို အကြားအမြင်ဗဟုသုတ များခြင်း၊ ဗဟုသုတရှာမှီးခြင်းလို့ ဘာသာပြန်ကြတာ များပါတယ်။ တကယ်လို့ ဒီမင်္ဂလာ တရားတွေဟာ ပညာရေးအတွက် ရည်စူးတယ်ဆိုရင် ဗာဟုဿစ္စဉ္စ ကို အထက် တန်း ပညာရေးလို့ယူဆချင်ပါတယ်။ ကလေးရဲ့ အသက်ကိုလည်း အလယ် တန်းနဲ့ အထက်တန်း ကျောင်းသား အရွယ်လို့သတ်မှတ်ကြည့်ချင်ပါတယ်။
ဘာဖြစ်လို့ အထက်တန်းပညာရေးလဲဆိုရင် အထက်တန်းပညာရေးမှာ ကလေးတစ်ယောက်ဟာ ဘာသာရပ် များစွာကို သင်ကြားနေရလို့ပါပဲ။
ဒါကိုပဲ မြေစမ်းခရမ်းပျိုးပညာရေးလို့ ဆိုရင်ရကောင်းရနိုင်ပါလိမ့်မယ်။ ကလေး တစ်ယောက်ဟာ (မြန်မာပြည် ပညာရေးအရဆိုရင်) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ် စတာတွေကို နည်းနည်းစီ အခြေခံ သင်ယူကြရပါတယ်။ ဒါကိုပဲ ဗဟုသုတ (သို့) ဗာဟုဿစ္စဉ္စ လို့ ခေါ်ချင်ပါတယ်။
ဘာကြောင့်လဲ။
၁။ ဘာသာရပ်တွေ များပြားနေခြင်း
၂။ တစ်ခုခုကို အားစိုက်လေ့လာမှု မရှိသေးခြင်း
၃။ သူဟာ ဘယ်ဘာသာရပ်မှာ ပိုပြီး ထက်မြတ်တယ်ဆိုတာကို ရွေးချယ်စီစစ် ကြည့်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။
နောက်ပြီး ဒီမင်္ဂလာဟာ သိပ္ပဉ္စ မင်္ဂလာဆီကို သွားဖို့ ခရီးစတင်နေခြင်းလည်း ဖြစ်ပါတယ်။
သိပ္ပဉ္စ
သိပ္ပဉ္စကိုတော့ အသက်မွေးဝမ်းကြောင်းပညာလို့ ခေါ်ကြပါတယ်။ လက်ရှိ ပညာရေး စနစ်တွေနဲ့ တိုင်းတာကြည့်ရင် သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး လို့ ယေဘုယျကို ခြုံကြည့်ပြီး သတ်မှတ်ချင်ပါတယ်။ ကလေးရဲ့ အသက်ဟာ လည်း (၁၇) နှစ်သားကနေ (၂၃) (၂၄) ဝန်းကျင် ဖြစ်တန်ရာ ကောင်းပါတယ်။ တက္ကသိုလ်ပညာရပ်မှာ ကလေးဟာ ဘာသာရပ်အားလုံးကို သင်ကြားနေလို့ မရနိုင်တော့ပါဘူး။ အထက် တန်းမှာ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေထဲ ကနေပြီး သူထူးချွန်တဲ့၊ သူစိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုခုကို ရွေးချယ်ပြီး အထူးပြု လေ့လာရပါတော့တယ်။
ဒါကိုပဲ “မေဂျာ” ရွေးတယ်၊ “မေဂျာ” ချမှတ်ပေးတယ်လို့ ဆိုနိုင်ပါတယ်။
တစ်နည်းဆိုရင် သူရွေးခြယ်ခဲ့တဲ့ မေဂျာရပ်ဆိုင်ရာမှာ ဘယ်လောက် နားလည် မှုရှိသလဲ ဆိုတာအပေါ်မူတည်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု အဆင်ပြေ၊ မပြေလည်း ကွဲပြားသွားပါတော့တယ်။ ဗာဟုဿစ္စဉ္စ အားကောင်းလို့ (အထက် တန်း ပညာရေး အမှတ်ကောင်းလို့) သိပ္ပဉ္စ (တက္ကသိုလ်က အဓိကဘာသာရပ်) ကို အဆင့်မြင့်မြင့် အောင်မြင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု ကိစ္စက အလွန်းအမင်း မခက်ခဲတော့ဘူး ဆိုတာမျိုးပါ။
ဒီနေရာမှာ မြန်မာ့ပညာရေးနဲ့ ပတ်သက်ပြီး ရယ်စရာ ကောင်းနေတဲ့ အချက် က ရှေ့နေပညာရပ်၊ သမိုင်းပညာရပ်တွေမှာ ပေါ့တော့တော့ သဘောထားခြင်း ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် ကမ္ဘာ့ပညာရေးတွေမှာ ဒီပညာရပ်တွေကို တလေး တစား ရှိကြပါတယ်။
ဥပဒေပညာရပ်က ဥပဒေရေးဆွဲသူတွေကို မွေးဖွားပေးပြီး သမိုင်းပညာရှင်တွေ က ရှေ့ဖြစ်နောက်ဖြစ်တွေကို တွက်ချက်မှန်းဆပြီး နိုင်ငံရေးပေါ်လစီ၊ လူမှုရေး၊ ပညာရေး၊ လုံခြုံရေး ပေါ်လစီတွေကို ချမှတ်ပါတယ်။
ဒီပညာရပ်တွေကို တလေးတစားမထားတဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဘယ် ဆီများ ဦးတည် နေလေဦးမလဲ။
ဒီထက်ပိုပြီး ဝမ်းနည်းစရာ၊ ရယ်စရာ ကောင်းတာက စင်ကာပူကိုလာပြီး အိမ်ဖော်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ ဥပဒေနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ဘွဲ့ရ သူတွေ ရှိပါတယ်။ တော်တော်ကြီး ကမောက်ကမ နိုင်တဲ့ ပညာရေးစနစ်ပါ။ စင်ကာပူကို ပုံစံပြောင်းပေးလိုက်တဲ့ ရှေ့နေဟောင်းကြီး လီကွမ်းယု (ဥပဒေ ပညာရှင်)၊ ကမ္ဘာ့နိုင်ငံရေး အစီအမံတွေကို ရေးဆွဲပေးတဲ့ ကစ်ဆင်းဂျားနဲ့ ဟန်တင်တန် (သမိုင်း၊ နိုင်ငံရေးသိပ္ပံ ပညာရှင်) တို့ကို အားနာစရာ ကောင်း လှပါတယ်။
ထားပါတော့၊ တတိယမင်္ဂလာကို ဆက်ကြည့်တော့ ဝိနယော စ သုသိက္ခိတော ကို တွေ့ရပါတယ်။ ဒါဆိုရင် ဝိနည်းဆိုတာ ဘာလဲ၊ ရှေးဟောင်းအမွေအနှစ် စာပေတွေအရ လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ လူ့စည်းကမ်း၊ ရဟန်းစည်းကမ်း လို့ ဆိုပါတယ်။ ဒီမှာ လူ့ဝိနည်းရဲ့အဓိပ္ပါယ်ကို ပြောင်းလဲသတ်မှတ်တာမျိုး မဟုတ်ရင်တောင် ဖြည့်စွက်သတ် မှတ်ဖို့တော့ လိုလာပါတော့မယ်။ ဘာဖြစ်လို့ လဲဆိုရင် ကမ္ဘာဟာ ပိုပြီး ရောထွေးယှက်တင် ဖြစ်လာနေလို့ပါ။ အလွန်သေး ငယ်တဲ့ ကမ္ဘာကြီးထဲမှာ ယုံကြည်မှု၊ ကိုယ်ကျင့်တန်ဖိုး သတ်မှတ်မှု မတူညီတဲ့ များစွာသော လူသားတွေဟာ အတူတူ ညှပ်ပူးညှပ်ပိတ် နေနေကြရပါတယ်။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက်မသိဘူး။ တစ်ယောက် ကိုယ် ကျင့်ကို တစ်ယောက်က နားလည်မပေးနိုင်ဘူး ဆိုရင် နေရထိုင်ရတာ အဆင် မပြေသလို ပြဿနာတွေလည်း အများကြီး တက်လာနိုင်ပါတယ်။
ဒါကြောင့် ဝိနယ ကို လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်အပြင် ယဉ်ကျေးမှုဓလေ့ ထုံးစံ၊ အကျဉ်းချုပ်ပြောရင် စီဗီလိုက်ဇေးရှင်း တန်ဖိုးကို သိနားလည်မှုလို့ ဘာသာပြန်ကြည့်ချင်ပါတယ်။
ဆက်ရန်
ဇင်ဝေသော်




