ဘုရားရှင်သည် ဒီဇိုင်နာလည်းဖြစ်၏

ဘုရားရှင်၏ ဂုဏ်ပုဒ်တို့ကား များလှ၏။ အရှင်သာရိပုတ္တရာဆိုသည့် အင်တဲလေးဂျင့် အဖြစ်ဆုံး သာဝကကြီးပင် လက်လျှော့တော်မူရ၏။ မတတ်နိုင်။ မတတ်နိုင်တော့သည့်အတွက် တတ်နိုင်သည့် မိုးရေမိုးပေါက်တို့ကိုသာ ထိုင်၍ ရေတွက်တော်မူလိုက်ဟန်တူ၏ဟု အဋ္ဌကထာကချဲ့ဖွင့်၏။ (ဥပမာဖြင့်) စာမေးပွဲမေးခွန်းကို မဖြေဆိုနိုင်သည့်အတွက် ဆင်ရုပ်ကြီး တစ်ရုပ် ရေးလိုက်သည်ဆိုသည်နှင့် ဆင်ဆင်တူ၏။ Right-hand သာဝကကြီး သနားဖွယ်ဖြစ်၏။

လူသိသိပ်မများသော ဘုရားရှင်၏ ဂုဏ်ပုဒ်ကို ပြောချင်၏။

ဘုရားရှင်သည် အတော်ဆုံး ဒီဇိုင်နာကြီး ဖြစ်၏။

ချဲ့အံ့။ သာသနာ့ဘောင်ဝင်လာသော ရဟန်းသာမဏေတိုင်း ဆံပင်ရိတ်ဖြတ်ရ၏။ စာပေက ဆံပင်အပေါ် တွယ်ကပ်မှုတဏှာ၊ ဆံပင်ကြောင့် ရှုပ်လာမည့် အလုပ်များကို ပယ်သတ်ခြင်းဖြစ်သည်ဟု ဆို၏။ ရဟန်းသည် ဆံပင်နီတာတွတ် အရောင်ဆိုးရန်မလို။ ရောင်ထုံးထုံးရန်မလို။ ပန့်ကေမလို။ ဘာဆို ဘာမှမလို။ နားအေး၏။ ခေါင်းအေး၏။ ဆောင်းတွင်း၌ကား သိပ်မကောင်း။

ဆံပယ်ခြင်းသည် တစ်ချိန်က ဘာသာရေးဆန်၏။

ယနေ့ ဆံပယ်ခြင်းသည် ဟောလီးဝုဒ်ဆန်၏။ စလယ်ဘတီဆန်၏။ ဘရက်ပစ်(တ) ကတုံး တုံး၏။ ရော်နယ်ဒို (ဘရာဇီး) ကတုံး တုံး၏။ ဇီဒိန်း ကတုံး တုံးစရာမလို၊ နဂိုက ပြောင်၏။ ဒေးဗစ်ဘက်ခမ်း ကတုံး တုံး၏။ ထို့နောက် ကတုံး တုံးခြင်းသည် ပေါ်ပြူလာ အတော်ဖြစ်လာ၏။ ဘရစ်တနီစပီးယား ကတုံး တုံး၏။ သီဟနာဒ ကတုံး တုံး၏။

ဂလိုဘယ်သည် ဝမ်းသထက် ဝမ်းမားလာ၏။ ထို့ကြောင့် လာမည့် နှစ်-၅၀ နှင့် တစ်ရာကြားတွင် ကတုံး တုံးမည့်သူများ ကမ်းလက်စာဖတ်သူဦးရေထက် ပိုမည်။ ဘုရားရှင် တည်ထွင်ခဲ့သော ဟဲယားဒူးသည် ဘယ်တော့မှ တိမ်မြုပ်ပျောက်ကွယ်မည် မဟုတ်။ တိုး၍၊ တိုး၍သာ ပေါ်ပြူလာ ဖြစ်ချေမည်။ ထို့ကြောင့် ဆို၏။ ဘုရားရှင်သည် ဒီဇိုင်နာဖြစ်၏။



ထပ်၍ ချဲ့ဦးအံ့။ ရဟန်းသံဃာများ အင်ဖော်မယ်ဝတ်ရုံသောအခါ ယာဘက်လက်မောင်းကို ဖော်၏။ ရဟန်းများသည် ယာဘက်လက်မောင်းအတွက် ဒဲယားတူ ဘဲယား ဖြစ်ကြ၏။ ထိုသို့ဖော်ခြင်းသည် တချိန်က ဘာသာရေးဆန်၏။

ယနေ့ ဟောလီးဝုဒ် ဆန်၏။

အနီရောင် ကောဇောနီပွဲများ၌ ယာဘက်ပခုံးမဖော်သည့် မင်းသမီးရှား၏။ နာမည်ပင် မဖော်ပြနိုင်တော့။ များ၏။ သူမတို့ နာမည်ကို သိလည်းမသိ။ သိစရာလည်း မလို။ ဖော်ကြ၏။ သိလိုက်၏။ ခြေသလုံးအထက်ပိုင်း ပေါ်တာနှင့်စာလျှင် ညာပခုံးပေါ်တာက ပိုကောင်းး၏။

သို့သော် ပခုံးတဖက်ဖော် ဖက်ရှင်သည် ယောင်္ကျားများအထံ ရောက်မလာသေး။ ယောင်္ကျားများ (ရဟန်းများမှလွဲ၍) မဖော်သေး။ ဤကားလည်း ဆွန်းနား အော် လိတ်တား ဖြစ်၏။ (သို့) မက်တားအော့(ဖ) တိုင်း (မ) ဖြစ်၏။ နောင်နှစ်ပေါင်း တစ်ရာကျော်လျှင် ဖော်ကြအံ့။ ခန့်မှန်းချက်လွဲသော် သီဟနာဒ၏လက်ကို ကိုင်ခွင့်ပေးမည်။ လူတိုင်းတော့ မဟုတ်။ ကံထူးရှင်တစ်ယောက်သာ။ လူယောင်္ကျားတို့ ဘုရားရှင်၏ ဒီဇိုင်းပညာကို လိုက်မမှီကြသေးခြင်းကြောင့်သာ ဖြစ်၏။ ဤကိစ္စ၌ အမျိုးသမီးများက သာ၏။

နောက်ဆုံးစကားဆိုအံ့။ အနောက်တိုင်းသားတို့က အဝတ်ကြိုးဖြင့် လည်ပင်းကို ချည်တုပ်ကြ၏။ ဤဝတ်စုံကို ဖော်မယ် ဟုလည်း ပြောကြ၏။ လည်ပင်းချည်ဟု ဆို၏။



ဤဒီဇိုင်းကား ဘီစီ စစ်(ခ)ရာစု ကတည်းက ဘုရားရှင်မိတ်ဆက်ပေးခဲ့သည့် ဒီဇိုင်းတည်း။ မယုံကြည်ပါက ရဟန်းတော်များ၏ ဖော်မယ်ဝတ်စုံ သင်္ကန်းရုံထားပုံကို ရှုကြလော့။ ရဟန်းတို့သည် လည်ပင်းကို ရစ်ပတ်၏။ ရစ်ပတ်ရုံမျှမက လည်ပင်းတစ်ခုလုံးကို ကော်လံသဖွယ် သင်္ကန်းဖြင့် ဖုံး၏။ ဖုံးတာခြင်းအတူတူ အနောက်တိုင်း အဝတ်ကြိုးက မလုံခြုံလှ။

ဖော်မယ်ဝတ်ရာတွင် လက်ကောက်ဝတ် အင်္ကျီကြယ်သီးတပ်ရ၏။ မတပ်၍ မရ။ ထိုကိစ္စလည်း ဘုရားက ရှေးကျ၏။ လည်၊ လက်ကောက်ဝတ်တို့ကို ကောင်းစွာဖုံးလွှမ်းပြီးမှ ဂလိုဘယ်ထဲသို့ ကြွရမည်ဟု မိန့်၏။ ဤကိစ္စကို ငြင်း၍မရ။ ဘုရားရှင်သည် အတော်ဆုံး၊ အအောင်မြင်ဆုံး ဒီဇိုင်းနားဖြစ်၏။ စောစောကပြောခဲ့သော “ နောက်ဆုံးစကားဆိုအံ့” ကို ပယ်ရဦးအံ့။ အမှန်တကယ် နောက်ဆုံးစကား ပြောရန်ရှိသေး၏။

ယင်းကား ဘူဖေးတည်း။ ဘူဖေးသည် ဘာမှမဟုတ်၊ ဟိုစပ်စပ် ဒီစပ်စပ် ဟင်းလျှာများတည်း။ ဆွမ်းခံရာမှ ပြန်လာသော ရဟန်းတစ်ပါး၏ သပိတ်ကို ခွင့်တောင်းပြီး လှန်ကြည့်လိုက်ပါ။ ဘူဖေးဆွမ်းဟင်းများ (ဟိုစပ်စပ်၊ ဒီစပ်စပ်) တွေ့ရအံ့။ (စပ်စပ်ဟူသည် စပ်စပ်ဝေရည်၏ အမည်တို မဟုတ်)။ သို့- ဆိုသော် ဘုရားရှင်သည် ဒီဇိုင်းနားဖြစ်သည်သာမက လိုက်(ဖ) စတိုင်ပါ နားလည်တော်မူသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးဟုပင် ဆိုရချေတော့အံ့။



ငြင်းဆိုရဲသူ ငြင်းဆိုလော့။ သီဟနာဒသည် သီဟနာဒ ဥာဏ်မှီသလောက်သာ ဘုရားရှင်ကို ပူဇော်နိုင်၏။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

လရောင်တမ်းခြင်း


        
        နှင်းတွေ အသေအပျောက်များလို့ ထင်ရဲ့
ကြယ်စင်တွေ အိပ်တန်းတက်စောလိုက်တာ။

တကယ်တော့…
ပင်လယ်ဆိုတာ အပြာရောင် မိုးကောင်းကင်
ကောင်းကင်ဆိုတာကသာ
တိမ်နဲ့ မိုးထားတဲ့ တဲတစ်လုံး။
 ဘယ်ကစပြောရမလဲနော်။ တို့တွေဆုံခဲ့တာက ကိုပဲ ငြင်းဆန်ခြင်းနဲ့ တွေ့ဆုံခဲ့ကြတာ မဟုတ်လား။ အားလုံးက လက်ခုပ်တစ်ဖြောင်းဖြောင်း တီးနေချိန်မှာ လက်ဖဝါးတွေကို အားနာပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ခဲ့တာဆိုလို့ တို့နှစ်ယောက်ပဲရှိခဲ့တယ်လေ။ ကိုယ်တို့ အချင်းချင်းတွေထဲမှာဆိုတော့ နာမည်တွေ၊ ထောက်ခံ ကန့်ကွက်တာတွေကိုက မိနစ်ပိုင်း အတွင်းမှာပဲ ပေါ်လာတာပဲ မဟုတ်လား။ ထောက်ခံသူ လေးဆယ့်ရှစ်၊ ကန့်ကွက်သူ  နှစ်တဲ့။ ကန့်ကွက်သူ နှစ်ယောက်က မိငယ်နဲ့ ကိုယ်နဲ့။

ကိုယ်မမှားဘူး ဆိုရင် ကိုယ်နဲ့ မိငယ်နဲ့ စသိတာ အဲဒီနေ့က။
အပြန်လမ်းမှာ လူတွေက အလုပ်ရှုပ်တယ်သာပြောတယ်။ ဘယ်ဖက်နားရွက် ယားတာကို ညာလက်နဲ့ ကုတ်ပြီး ညာဖက်နားရွက် ယားတော့ ဘယ်ဘက်လက်နဲ့ ကုတ်တယ်လို့ ဆိုတော့ မင်းလွတ်လွတ်လပ်လပ် ရယ်လိုက်တယ်လေ။ အဲဒီနောက်မှာတော့ တစ်သီးတစ်သန့်ဆန်တဲ့ ကိုယ်နဲ့ သီးသန့်ဆန်တဲ့ မိငယ်ဟာ တစ်တွဲတွဲ ဖြစ်လာခဲ့ကြတော့တယ်။ မြှောက်တာမဟုတ်ဘူး။ မိငယ်က လှတော့ တကယ်လှတယ်။ လှတယ်လို့တော့ ထပ်မပြောတော့ပါဘူးကွယ်။မင်းလည်း မင်းလှတာ သိတာပေါ့။



         “ မိငယ်က တစ်ယောက်တည်းနေတာ တွေ့တွေ့နေရလို့ ရယ်စရာတွေ ဘာတွေ မပြောတတ်ဘူး ထင်နေတာ “
              “ ကို က တစ်ယောက်တည်းနေတာ တွေ့တွေ့နေရလို့ ရယ်စရာတွေ ဘာတွေ မပြောတတ်ဘူးထင်နေတာ “ 
 ဒီဝါကျက ကိုယ်တို့ ပြိုင်တူ ပြောမိတဲ့ ဝါကျကလေးနော်။

“ မိငယ်က ဘာဖြစ်လို့ သီးသန့် ဆန်တာလဲ “
“ ကိုအရင်ပြောမှ မိငယ်ပြောမှာ “

“ ကိုမသိချင်တဲ့ မေးခွန်းတွေ ယဉ်ကျေးမှုအရ မေးမေးနေရတာ ပျင်းလို့၊ ပြီးတော့ ကိုယ့်ကို ယဉ်ကျေးမှုအရ မေးတဲ့ လူတွေကလည်း အဖြေကို တကယ်သိချင်တာ မဟုတ်ဘဲနဲ့ မေးမေးနေကြတာမို့ ကိုယ့်အဖြေကို အားနာလို့ စကားသိပ်များတဲ့ လူတွေနဲ့ စကားမပြောချင်လို့ “

“ တိုက်ဆိုင်လိုက်တာ ။ မိငယ်လဲ ကို့လိုပဲ။ ဒါကြောင့် မိငယ်ပေါင်းတာဆိုလို့ မမခိုင် တစ်ယောက်ထဲပဲရှိတယ်။  “

“ ဒါနဲ့ ဟိုတစ်နေ့က ဆရာပြောတဲ့ အယူအဆကို ဘာလို့ကန့်ကွက်ခဲ့တာလဲ။ “
“ ဒါဖြင့် ကိုကရော“

 “ ဒီတစ်ခါ တော့လူလည်ကျလို့ မရဘူး။ မိငယ်ပြောပြီးမှ ကိုပြောမှာ “

 “ တကယ်လို့ ဒီခေတ်ကြီးထဲမှာ အဲဒီ့ ငါးသုံးကောင်သာ တကယ်ရှိရင် အရင်ဆုံးအသတ်ခံရမယ့် ငါးက ပညာရှိငါးဖြစ်နေလို့ ဆရာ့ကို ငြင်းခဲ့တာပါ။ ကိုကရော “

“ မိငယ်လိုပဲ။ တို့ခေတ်မှာ ပညာရှိငါးတွေ အရင်သေတတ်တာပဲလေ။ ဒါနဲ့ ဆရာ့မျက်နှာကို မိငယ်ကြည့်လိုက်သလား။ ဆရာ သိပ်အံ့သြသွားတယ်။ “

 “ ဆရာက တစ်နေ့နေ့မှာ ထပ်တွေ့လို့ ဘာဖြစ်လို့ ကန့်ကွက်တာလဲလို့ဆိုရင် ကို ဖြေမှာလား“

“ မဖြေပါဘူးကွာ၊ ပညာရှိ မလုပ်ချင်ပါဘူး။ အသေစောတတ်လို့  “

ကိုယ်တို့နှစ်ယောက် လွတ်လွတ်လပ်လပ် ရယ်မိကြပြန်ရော။

မိငယ်ချစ်စရာကောင်းတယ်ဆိုတဲ့ အထဲမှာ ဟိုသွားချင်၊ ဒီသွားချင်၊ ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်တွေ သိပ်မများတာလည်းပါတယ်။ နေတာ ထိုင်တာသာ သီးသန့်ဆန်တာ မဟုတ်ဘူး။ မိငယ်ရဲ့ အဖြေတွေကလည်း သီးသန့်ဆန်တယ်။

ကိုယ်တို့ တတွဲတွဲဖြစ်နေတာကို ဘယ်သူကမှ မယုံကြည်ကြဘူး။ ကိုယ့်သူငယ်ချင်း တစ်ယောက်ကဆို မင်းတို့နှစ်ယောက်က ခေါဘုတ်လိုပဲတဲ့။ မိငယ်က ခေါဘုတ်ဝေါဟာရကို သိမှာမဟုတ်ဘူး။ ခေါဘုတ်ဆိုတာ ကောက်ညှင်းဆန် အဖြူနဲ့ ငချိတ်ကောက်ညှင်း နှစ်ခုပေါင်းထားတဲ့ ကောက်ညှင်းမုန့်တစ်မျိုးပါ။ ဖြူဖြူလေးနဲ့ မည်းမည်းလေးပေါ့ ။ ဒါပါပဲ။

ဒါနဲ့ မမခိုင်က ကိုယ့်ကိုမေးတယ်။ မင်းတို့က သမီးရည်းစားတွေ ဖြစ်နေကြပြီလားတဲ့။ မဖြစ်သေးပါဘူးလို့ ကိုယ်ဖြေလိုက်တယ်။ တကယ် မဖြစ်သေးတာလားလို့ ထပ်မေးတော့ ဖြစ်သွားပြီလို့ ကိုယ်ဖြေလိုက်တယ်။ မမခိုင်က ရယ်တယ်။ ဘာဖြစ်လို့ ရယ်တာလည်းဆိုတော့ ဟိုကောင်မလေးကို မေးတော့လည်း ဒီအတိုင်းပဲ ဖြေတယ်တဲ့။ ကိုယ်ဖြင့် ဝမ်းသာလိုက်တာ။ မိငယ်ဖြေလိုက်တဲ့ အဖြေနဲ့ တူနေလို့လေ။

တကယ်တော့လည်း ဒီအဖြေက အမှန်ပဲ။ ရမ္မက်ပြင်းပြင်း စကားတွေ ၊ အနမ်းတွေနဲ့ မကျူးကျော်ကြ ၊ မဖျားယောင်းကြ။ ဒါတွေနဲ့မှ သမီးရည်းစား အရာမြောက်ရင် တို့က သမီးရည်းစားမှ မဟုတ်ဘဲ။ အဲ.. သံယောဇဉ်တွေ နားလည်မှုတွေနဲ့ တွယ်ကပ်ထားတဲ့ လူနှစ်ယောက်ကို သမီးရည်းစားလို့ ပြောရင် တို့က သမီးရည်းစားတွေပဲလေ

ကိုယ်တို့ရဲ့ ငါးနှစ်သက်တမ်းထဲမှာ
မင်းက မင်းအမေဆီ ပြန်သွားတိုင်း သွားသူက ကိုယ်ဖြစ်၊ ကျန်ရစ်သူက မင်း။ ကိုယ်ခရီးထွက်ပြန်တော့၊ ခရီးထွက်သူက မင်း၊ ကျန်ရစ်သူက ကိုယ်။

တကယ်ပါ မိငယ်ရေ။ စကားလုံးတွေ မဖောင်းပွပေမယ့် မင်းက ကိုယ်ဖြစ်၊ ကိုယ်က မင်းဖြစ်နဲ့ မင်းနဲ့ကိုယ်ခွဲလို့ရော ရလို့လား။ ယုံတာပေါ့ မိငယ်ရယ် “ချစ် “ ဆိုတာ အသာထား “ကြိုက် “ ဆိုတဲ့ စကားလုံးလေး သုံးလို့ အကြိမ် တစ်ထောင်ရယ်မောရမယ်ဆိုရင်တောင် မင်းခပ်တည်တည် နေလာခဲ့တဲ့ မိန်းကလေးပဲ။

“ မင်းသိပြီးပြီလား မင့် မိငယ်ပြန်ရတော့မှာ“
“ ဟုတ်ကဲ့ ကျွန်တော်သိပါတယ် မမခိုင် “
“ မင်းဘယ်လိုမှ မခံစားရဘူးလား “
“ မိငယ်ခံစားရသလောက်တော့ ခံစားရပါတယ် “

“ သူပြန်လာမယ်လို့ ပြောသလား“
“ ပြောတယ် “
“ ယုံသလား “
“ ယုံတယ် “
“ ဘာဖြစ်လို့ ယုံတာလဲ “

“ သူကျွန်တော့ကို ယုံလို့။ ဒါပေမယ့် သူပြန်လာနိုင်မယ် မဟုတ်တော့ဘူး။ ကျွန်တော့ကို သူမလိမ်ဘူး။ သူပြန်လာဖို့ ကြိုးစားလိမ့်မယ်။ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ကြိုးစားမှု မှန်သမျှကလည်း လုံလောက်မှာတော့မဟုတ်ဘူး“

“ မင်းတို့ကို မမခိုင်သနားတယ် “ 
“ကျေးဇူးတင်ပါတယ် မမခိုင် ကျွန်တော်တို့ သေသေချာချာ အချိန်ယူ ပြင်ဆင်ထားကြတာပါ။ သိပ်ပြီး ရုပ်ပျက်၊ ဆင်းပျက် မဖြစ်လောက်ပါဘူး “

“ ဧပြီလ ၂၅-ရက်နော် “
“ ဟုတ်ကဲ့ ညနေ လေးနာရီခွဲပါ “

တကယ်တော့ မိငယ်ရယ် တို့ဟာ သေချိန်ကို စောင့်နေတဲ့ မြွေဆိပ်တက်ရောဂါသည်တွေလိုပါပဲ။ (၂)နာရီပဲရှိတော့တယ်။ အဲဒီမြွေဆိပ်ဟာ ခြေဖျားကနေ တရိပ်ရိပ်ကို တက်လာတာပါ။ စက္ကန့်လေးတွေနဲ့ အတူ မြွေဆိပ်တွေ ပြေးတက်လာနေတာပါ။ မမခိုင်လည်းတို့ဘေးမှာ မရှိဘူး။ မင်းက ဘန်ကောက်ရောက်ရင် ဖုန်းဆက်လိုက်မယ်လို့ပြောတယ်နော်။ ဒါနဲ့ ကိုယ့်ဆီက ဘာတွေ ရသွားခဲ့သလဲ။ ဘာမှ သုံးလို့မရတဲ့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် သိုဝှက်ထားတဲ့ ဘဝအစိတ်အပိုင်း တစ်ချို့ ။ ဒါပဲပေါ့။ ဒါပေမယ့် ဒါတွေဟာ မိငယ်ဘဝအတွက် ခွန်အားတွေလို့ မင်းဂုဏ်ယူပြန်တယ်။ မင်းမလိမ်ဘူး ဆိုတာ ကိုယ်ယုံတယ်။ ကိုယ်ကရော မိငယ်ဆီက ဘာတွေရလိုက်သလဲ။ အတူတူပဲပေါ့။ ကိုယ့်အပေါ် ယုံကြည်တဲ့ မင်းယုံကြည်ချက်၊ မင်းသိုသိပ်ထားတဲ့ မင်းဘဝရဲ့ အစိတ်အပိုင်း တစ်ချို့ ။ ဒါတွေကလည်း ကိုယ့်ဘဝရဲ့ ခွန်အားတွေပဲပေါ့ကွယ်။

ငါ့လ ငါ့ကမ္ဘာမှာတော့
ငါဟာ နေတစ်စင်းပါပဲ
မင်းည မင်းကမ္ဘာမှာ
မင်းဟာ လတစ်စင်းပါပဲ
အလင်းနှစ်တွေ ဝေးကွာလွန်းလို့သာ
အလင်းနှစ်တွေ ဝေးကွာလွန်းလို့သာ…

မင်းကမ္ဘာမှာ ငါနေတစ်စင်းဖြစ်ခွင့် မရဘူးပေါ့။ ဒါပေမယ့် မိငယ်ရယ် ကမ္ဘာဟာ နေတစ်စင်းနဲ့တင်ပဲ တစ်ဖျစ်ဖျစ်လောင်နေပါပြီ။ အဲ… တိမ်စင်တဲ့ ညညတွေမှာတော့ ကြယ်တာရာလေး တစ်စင်းအနေနဲ့ မင်းကို လာလာပြီး ချောင်းကြည့်နေမိဦးမှာပါ။

ဘယ်သူမှ မသိတဲ့ ကတိလေးတောင်ရှိခဲ့ကြရဲ့။

ငါသေဆုံးရင် မင်းဆီကို စာရေးဖို့ ၊ မင်းသေဆုံးရင် ငါ့ဆီစာရေးဖို့။
တစ်ယောက်ရဲ့ ဈာပနကို တစ်ယောက်က ပို့စရာမလိုဘူး။ တစ်ယောက်ယောက်တော့ လောကကြီးထဲမှာ မရှိတော့ဘူး ဆိုတာ အသိပေးရုံပါပဲ။ တို့ ချစ်ချင်းမှာ ဗီဇာတွေ လေယာဉ် လက်မှတ် တွေမလိုပါဘူးကွာ။ ချစ်တတ်ရင် ဒါတွေ မပါလည်း ချစ်လို့ရတာပါပဲ။

အဲ.. မင်းလေယာဉ်လည်းထွက်သွားရော………
ငါဟာလေ မြေပေါ်မှာလမ်းလျောက်နေတဲ့ လူငယ်တစ်ယောက်မဟုတ်တော့ပဲ ကမ္ဘာမြေကို ခြေထောက်နှစ်ဖက်နဲ့ ရွက်ထားရတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့တယ်။ မင်းလည်းပဲ လေယာဉ်ကြမ်းပြင်ကို ခြေထောက်နဲ့ ရွက်ထားရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေမယ်ဆိုတာ ပက်ပက်စက်စက်ယုံတယ်။


မိငယ်ရဲ့ စာကို ကိုယ်မမျှော်ဘဲ စောင့်နေတယ် ~




   
ဇင်ဝေသော်











Copyright © 2011 ကမ်းလက်. All rights reserved.

ဆုံလည်နွား

ညီမလေးရေ....
တစ်ခါက ပေစုတ်စုတ်ကောင်လေးတစ်ယောက်ဟာ နွားပြာကြီးနဲ့အတူ ဆီဆုံမှာ ဆီကြိတ်နေသတဲ့။ ကောင်လေးက အပေါ်မှာထိုင်၊ နွားပြာကြီးကတော့ရုန်းပေါ့ ။

အဲဒီဆီဆုံနားကို ရောက်ရောက်လာတဲ့သူတွေက သူတို့ကိုယ် သူတို့ ပညာရှိယောင်ယောင် ဘာယောင်ယောင်နဲ့ ပြောကြသတဲ့ ။

"အင်း- အဲဒါကြောင့် ဆရာတော်ကြီးတစ်ပါးက ရေးတာ ၊ သွားတာသွားရ ရှေ့မရောက် ၊ ပြေးမလွတ်တဲ့ ဆုံလည်နွားလို" တဲ့။



အဲဒီစကား ကြားစ တုန်းကတော့ နွားပြာကြီး တော်တော်စိတ်ဆိုးသတဲ့ ...ညီမလေးရဲ့။ စိတ်ဆိုးတဲ့ မျက်လုံးကြီးတွေနဲ့လည်း လှမ်းလှမ်းကြည့်သတဲ့ ။ ချိုနဲ့ ဗိုက်ကိုကော်လိုက်ရရင် ဗိုက်ပေါက်တော့မယ်လို့လည်း ကြုံးဝါးနေသတဲ့ ။ ဒါပေမယ့် ကြာလာတော့ စိတ်မဆိုးတဲ့ အပြင် လူတွေကို သနားလို့တောင်လာသတဲ့။ ပြီးတော့ ရယ်ချင်စိတ်လေးနည်းနည်းပေါက်လာတာနဲ့ -
"၀မ်းထရိမ်း" လို့ကောက်ရယ်လိုက်သတဲ့ ။
နွားကြီးရယ်တာကို သိလိုက်တဲ့ကောင်လေးက
"သူငယ်ချင်း - ဘာတွေသဘောကျပြီး ရယ်နေတာလဲ"

"လူတွေကိုသနားလို့ပါကွာ ၊ ပြီးတော့ ဘာမှနားမလည်ဘဲ လျှောက်လျှောက်ပြောနေကြပါလားလို့ - စဉ်းစားမိလို့ပါ။ စဉ်းစားကြည့်လေကွာ၊ ဆုံလည်နွား ရှေ့မရောက်တာ လူတိုင်းသိတဲ့ ကိစ္စပဲ။  နွားသာဖြစ်တာ ၊ ငါကမာနကြီးတယ် ။ လူတိုင်းသိတဲ့ ကိစ္စမျိုး သိပ်ပြောချင်တာ မဟုတ်ဘူး။ လူတွေမသိတာက ရှေ့မရောက်ပေမယ့် ဆီထွက်တယ်လေကွာ၊ ဆီဆုံဆိုတာ ဆီထွက်ဖို့။ ရှေ့ရောက်ဖို့ မဟုတ်ဘူးလေ။"  လို့ ရှင်းပြသတဲ့။

"စိတ်မရှိပါနဲ့ကွာ၊  သူတို့မသိလို့ပါ၊ သူတို့သာ 'ဆုံလည်နွား' စကားလုံးနဲ့ ဆုံလည်နေကြတာ။ ဆီလည်းမထွက်ဘူး၊ တံတွေးတွေပဲထွက်တယ် ၊ ရွံစရာကြီးကွာ။ " လို့ပြောတော့ နွားပြာကြီးက အားရပါးရ ရယ်သတဲ့။

"၀မ်းထရိမ်း" (ရထားတစ်စင်းလို့ ဘာသာ မပြန်စေချင်ပါ။)
ကဲ - ဒါပါပဲ ညီမလေးရေ ...

ဆရာကြီးလေသံနဲ့ ဒီပုံပြင်ရဲ့ မော်ရယ်က ဘာညာတွေ လုပ်မနေတော့ပါဘူး။ ပျင်းလို့။

ညီမလေးလည်း မညံ့စေနဲ့နော်၊ နွားပြာကြီးက ရယ်လိမ့်မယ်။ အဲ - 'ဆုံလည်နွား ၊ ဆုံလည်နွား' လို့လည်း မပြောပါနဲ့ကွာ။

ဆီမပါဘဲ လဲတို့တွေ ထမင်းမစားတတ်ဘဲနဲ့

မချစ်လို့ မပြောတာမဟုတ်ဘူးနော်။ မှတ်မထားနဲ့လို့လည်း မပြောဘူး။

ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒါပဲ။ 

(ပုံကို http://www.themyanmarpost.com မှရယူပါသည်။)


ဇင်ဝေသော်
 









Copyright © 2011 ကမ်းလက်. All rights reserved.

"မန်းကိုလွမ်းလို့ တမ်းတဲ့စာ"
(ဘာမှမဟုတ်)

လူကလေးရဲ့ ချော့စရာ
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ။
ဖားပါရင်တစ်ကောင်ပေးပါ
မျက်လုံးရယ်ကြောင်တောင်တောင်နဲ့
ဖားကောင်ကသေး။


လူကလေးရဲ.ချော့ စရာလဲမရှိထသော မိတ္ထီလာကန်တော်ကြီးလည်း မရှိထသော ဖားကောက် စရာလည်း မရှိထသော မျက်လုံးကြောင်တောင်တောင်လည်း မရှိထသော ဖားကောင်က လည်း မသေးငယ်ထသော ဤ ကဲ့သို့သော ဒေသနာတော်နှင့်အညီ ဤမရှိရာဖြစ်သော နိဗ္ဗာန် မြန်မြန်ကြီး ရရပါလို၏ ဟုဆုတောင်းကြကုန်။ (အရှင် ဇနကာ ဘိဝံသ၏နံနက်ခင်းသြဝါဒများ နှာ-၂၇၂) အရှင်မဟောသဓပဏ္ဍိတ။




"ရပ်" ကိုယ်တော်တိအာဒိံကတွာ
" ထိုင်" ကိုယ်တော်တိ တစတစ
ပြောကာဟောကာ ပလာပေတွာ
"တို့ ကိုယ်တော်" တိ ပဝုစ္စတိ။


(မန္တလေးမြို့ မိုးကောင်းတိုက် ဒေးဝန်းဆရာတော်ဦးဇောတိကာဘိဝံသ၏ အတ္ထုပတ္တိ.... ဦးပဏ္ဍိစ္စာဘိဝံသ သိန်းသန်းကျောင်းဆရာတော်)

ကိုယ်တော်တိ -နေရာထိုင်ခင်းသည့် ထိုင်ခုံတစ်နေရာ အသေအချာ ရှိနေသော်လည်း ဝါတော်က ငယ်ငယ်စကားတော်ကလဲ မကြွယ် သေးသမို့ ဝင်ထိုင်ရဲဖို့ ဝေလာဝေး မျက်လွှာလေး အသာချ လောင်းသမျှ မတ်တတ်လေးသာခံယူရရှာသော " ရပ်" ကိုယ်တော်ဘဝကို အာဒိံကတွာ -အစပြု ၍ "ထိုင်" ကိုယ်တော်တိတစတစ - တစ်နေ့ပြီးတစ်နေ့ တစ်လပြီး တစ်လ  တစ်နှစ်ပြီးတစ်နှစ် မျက်လုံး ချင်းအကြိမ်ကြိမ်ဆုံထိုင်ခုံလေးကိုလှမ်းလှမ်းကြည့် ဤသည်ကို ရိပ်မိ သော တကာ တကာမတို့ က ကြွပါအရှင်ဘုရား၊ ထိုင်ခုံပေါ်မှာ ခဏနားတော်မူရင်း ဆွမ်းဟင်းဆွမ်းခံယူ ဖိတ်ကြားသူရှိမှ ထိုင်ရသော"ထိုင်" ကိုယ်တော် ရာထူးကို ရပြီးလျှင် - ပြောကာဟောကာ ပလာပေတွာ -ဘုရားစကားပြော တရားစကားဟော မေးတာလေးတွေ ကိုဖြေ- ဖြေချင်တာလေး တွေမေး ကလေးတွေရောနေကောင်းကြရဲ့ လား။ အမှန်တစ်ကယ် မလုပ်လို သော်လည်း မလုပ်က အာမစို သမို့ ထိုထိုဤဤစကားများအမှားမရှိရအောင် သတိ ဆောင် ပြောနိုင်သည့်နောက်မှာ မှ-"တို့ ကိုယ်တော်" တိ ပဝုစ္စတိ-  ဒါမှ ငါတို့ ဆွမ်းခံကိုယ်တော် ဟူ၍ ပဝုစ္စတိ-အလှမ်းမဝေး တကာတကာမတို့ က ဆွမ်းခံကိုယ်တော်တ ကာတို့ ၏အညွန့် အဖူး တို့ ကိုယ်တော်ဟူသည့် ဂုဏ်ထူးဖြင့် ခေါ်ဝေါ်ပညတ် သမုတ်တော်မူကြသတတ်။
(အနက်ကားသီဟနာဒ၏ ဖြစ်ကတတ်ဆန်း အနက် ဖြစ်သည်။)

"ဟဲ့ မောင်ပဉ္ဇင်း - ဈေးချို တစ်ဝိုက်မှာလောင်တဲ့ မီးက နာရီစင်အိမ်(နာရီစင်နားမှာရှိတဲ့ အိမ်) နားရောက်နေပြီလား"
"မရောက်သေးပါဘုရား"
"မောင်ပဉ္ဇင်း ပြင်လျှောက်စမ်း မရောက်ပါဘူးဘုရားဟု လျှောက်စမ်း၊ 
မရောက်သေးဘူးဆိုတာရောက်လာမယ့် အနက်ထွက်တယ်။”
"မှန်ပါ မရောက်ပါဘုရား"
(ဒေးဝန်းဆရာတော်ကြီးနှင့် သီဟနာဒ)

မြို့မှာတော့ အမေ
သားမှာရဟန်းမို့

ဖဝါးနာအောင်လှမ်းပါမှ
စားစရာဆွမ်းဆိုတာရပါတယ်။
အလွယ်နဲ့မရတဲ့ ဆွမ်း
အရွယ်နဲ့မမျှအောင် ပမ်း

အစွမ်းကုန်အောင်လမ်းစုံကြွ
ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ
ကိုယ့်ရွာ ကိုယ့် အရပ် ကိုယ့် အမေကပ်တဲ့
တစ်ထပ်စာဆွမ်းကိုပဲ
မပြတ်သာလွမ်းမိပါရဲ့  ......အမေ။

စင်္ကာပူမှာတော့ အမေ
သားဟာရဟန်းဆိုပေမယ့်

ဖဝါးနာအောင်လှမ်းဖို့မလို
လှမ်းလိုကရဲကိုအကြောင်းကြား
သူ့တရားဥပဒေနဲ့သူ
(ဒါနဲ့)အလွယ်တကူ စားပွဲပေါ်ကဆွမ်းကို
တကယ်ယူခဲ့တော်မူရပေါ့....လွမ်း....အမေ။

အလွယ်နဲ့ရတဲ့ဆွမ်း
တစ်ကယ်လည်းစားရ ပမ်း

တရုတ်တွေရမ်းရမ်းချက်သမျှ
I'll try my best ပါ့လို့ အံခဲပြီး
ရေခွက်လေးစားပွဲပေါ် တင်
မနင်ခင်ရေကြိုကြို သောက်
ရွာကတစ်ယောက်ယောက်များတွေ့ရင်

ဘယ်လိုဘဲပြောပြော
စင်္ကာပူမှာ တစ်စင်ထူနိုင်ပေမယ့် ကိုယ့်ရွာအရပ်
ကိုယ့်အမေကပ်တဲ့
(ဆူးပုတ်ရွက်နဲ့ ကြက်ဥမွှေကြော်)
တစ်ထပ်စာဆွမ်းကိုတော့
မပြတ်သာလွမ်းရဆဲပါ အမေရယ်။
(သီဟနာဒ၏ကျေးဇူးရှင်မိခင်သို့)


စာပြီးအမှာ။ ။
မန္တလေးဆွမ်းခံကိုယ်တော်များတွင် ရပ်ကိုယ်တော် ထိုင်ကိုယ်တော် တို့ကိုယ်တော်ဟုသုံးမျိုး ရှိ၏။ ရာထူးခြင်းကွာခြားသလို ဟင်းများလည်းကွာခြားတတ်၏။ဤသည်ကို ကျေးဇူးရှင် ဒေးဝန်း ဆရာတော်ကြီး ကပြုံးချင်စဖွယ် ဂါထာလေး ရွတ်ဆိုပြခြင်းဖြစ်၏။

ကံကောင်းစွာ ထိုဂါထာလေးကိုပြန်ရွတ်ကြည့်ရာရင်ထဲရှိနေသေးသည်ကိုတွေ့ရ၏။ဆရာတော်သည် မည်မျှ သဒ္ဒါကိုအရေးထားကြောင်း "မရောက်သေး" ဟူသည် ရောက်လာရန်ရှိ၏။ မရောက်ဟု ပြင်လျှောက်ရမည် ဟုဆိုသောစကားဖြင့် သိသာပြီ။ ထိုဆရာတော်မျိုးထံတွင် စာတက်ရခြင်းကလုံးဝ မလွယ်ကူချေ။ ဘာမှမဟုတ်။ မန်းကဆရာသမားများကို ကမ်းစာမပါးနိုင်တော့သည့်အတွက် မျက်ခွက်ဘုတ်အုပ်ကပင် တမ်းစာပို့(စ်) လိုက်ရတော့၏။ (သီဟနာဒ)

အမှန်တစ်ကယ်တွင်ဤစာကိုဆုံးမည်ဆိုက ဤ၌ဆုံးလို့ရ၏။ သို့သော်ခပ်တည်တည်နှင့် "သော" သွားတော်မူသည့် ဆရာတော်ကြီးအရှင်ဇနကာဘိဝံသကိုပူဇော်လိုသေး၏။ ထို့ကြောင့်လေးဖြူ၏ နောက်ဆုံးရထား အပိုဒ်လေး တစ်ပိုဒ်ကိုရေးကူးမိ၏။




တို့နှစ်ယောက်ရဲ့ မြင်ကွင်းကြည့်ရင်းနဲ့ဝေးကွာခဲ့
တဖြည်းဖြည်း မှေးမှိန်သွားရင်း
အစက်အပြောက်လေးသာကျန်ခဲ့
ရေး----ရေးးး။


တို့နှစ်ယောက်ရဲ့ မြင်ကွင်းလည်းမရှိထသော ကြည့်ရင်းနဲ့ဝေးကွာခြင်း လည်းမရှိထသော တစ်ဖြည်းဖြည်းမှေးမှိန်ခြင်းလည်း မရှိထသော (ဒုက္ခဟူသမျှ) အစက်အပြောက်လေး မျှပင် မကျန်ရစ်သော ရေး.....ရေး ဟုအာခေါင်ခြစ်အော်ဟစ်ရန်မလိုတော့သော နိဗ္ဗာန်ကို ဆုတောင်း ပတ္ထနာပြုကြကုန်သတည်း။

ဤ၌အမှန်တစ်ကယ်ပြီးဆုံးပြီဖြစ်၏။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

မုယောစပါးရည် ဓာတုပါနီနှင့် ဘီယာသောက်သူများ

( “ ကမ်းလက် “ နှင့်ပက်သက်၍ သီဟနာဒ၌ တစ်စုံတစ်ရာ တာဝန်ရှိသည်ဟုထင်၏။ ဤသည်မှာ “ ကမ်းလက် “ ဟူသော အမည်သာဖြစ်၏။ Beach Comber (သဲသောင်ကို ဘီးဖီးသူ) ဟူသော ကလောင်အမည်၊ အနတ္တ ဟူသော ကလောင်အမည်ဖြင့် ဗုဒ္ဓဘာသာ စာပေများ ရေးသားတော်မူသည့် သြစတေးလျ၊ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးက “ကျွန်ုပ်တို့၌ လက်နှစ်ဖက်ရှိ၏။ လက်တစ်ဖက်ဖြင့် မြင့်မြတ်သူတို့ ထံမှ ရရှိရန် ရှိသည်များကို ရယူ၍ အခြားလက်တစ် ဖက်ဖြင့် ပြန် လည်ဖြန့်ဝေ ရမည်” ဟုရေးဖူး၏။ ကြိုက်၏။ ထို့ကြောင့် “ကမ်းလက်” ကို အားလုံးသဘောတူ သုံးလိုက်ကြ၏။ သို့သော် (ထို့ကြောင့်) ကမ်းလက်သည် အခြားလက်တစ်ဖက်ဖြင့် ယူလည်းယူပါသည်။ ချီးမြှင့်တော်မူကြပါ မိတ်ဆွေကောင်းတို့။

မဆိုင်သော်လည်း ပြောချင်၏။ ထိုသြစတေးလျသား ရဟန်းသည် ဗုဒ္ဓဘာသာရဟန်းဟုသာ အမည်ခံ၏။ ထေရဝါဒ၊ မဟာယာန စသည့် အမည်နာမများလုံးဝမတပ်၊ လုံးဝမရှိ ကြည်ညိုဖွယ်ကောင်း၏။ ) ဤကား အမှာ။

ကွန်ပျူတာသည် တန်ခိုးကြီး၏။ ဘီယာသည်လည်းတန်ခိုးကြီး၏။

စကားလုံးများကို ဘာသာပြန်ဆိုရာ၌ အလွန်နှစ်ခြိုက်သော စကားလုံးနှစ်လုံးရှိ၏။ ကုလသမဂ္ဂနှင့် ရုပ်မြင်သံကြား တို့ဖြစ်သည်။ ကုလသမဂ္ဂသည် ယူနိုက်တက်နေးရှင်းကို ပြန်တွေး ဆိုခြင်းဖြစ်ကြောင်း လူတိုင်းသိ၏။ ထို့ကြောင့်မပြော ချင်။  ပြောချင် သည်ကား စကားလုံးတိကျသေသပ်မှု ဖြစ်၏။ ယူ-နိုက်-တက်-နေး-ရှင်း ငါးလုံးတည်း။ ကု၊ လ၊ သ၊မဂ်၊ ဂ ငါးလုံးပင်တည်း။ အဓိပ္ပါယ်လည်းကွက်တိဖြစ်၏။

ထို့နောက် တယ်လီဗီးရှင်းဖြစ်၏။ ရုပ်မြင်သံကြားဟု ပြန်ဆိုကြ၏။ တိကျ၏။ စကားလုံးကအစ လေးလုံးစီဖြစ်၏။ သို့သော် ထိုတယ်လီ+ ဗီးရှင်း၏ နောက်ဆက်တွဲ ပစ္စည်းများကို ပြန်ဆိုရာ၌ကား သိပ်မစွံတော့ချေ။ ဖြစ်လည်း မဖြစ်နိုင်တော့ချေ။ ဥပမာဆိုရမူ ဗွီဒီယို၊ ဗွီစီဒီ၊ စီဒီ စသည်တို့ဖြစ်၏။ မြင်မြင်သမျှကို မိမိဘာသာဖြင့် လိုက်ခေါ်နေခြင်းသည် အလုပ်မဖြစ်။ မဖြစ်ဖြစ်အောင် ခေါ်၍ကားရ၏။ ခပ်ကြောင်ကြောင် သာရ၏။ ကြောင်လိုက ရ၏။

မြန်မာစာပေ၌ ပါဠိဘာသာ “စက္က” မှဆင်းသက်လာသည်ဟု ယူဆလိုက ယူဆနိုင်သော “စက်” ဟူသော စကားလုံး တော်တော်များများသုံးစွဲသည်ကိုတွေ့ရ၏။ ပါဠိ “စက္က”က “ဘီး” သို့မဟုတ် “လည်ပတ်ခြင်း” ဟု အဓိပ္ပါယ်ရ၏။ မြန်မာ “စက်” ဟူသည်က မက်ရှင်း ဟုခေါ်သည့် အင်္ဂလိပ် ဘာသာ စကား အဓိပ္ပါယ်ကိုသာ ဆောင်၏။ ထို့ကြောင့် ချိန်းကြိုးလေးတပ်ပြီး ခြေထောက်ဖြင့် နင်းလိုက်လျှင် လူတစ်ယောက်၊ နှစ်ယောက် (တစ်ခါတစ်ခါ) သုံးယောက်ကို သယ်ဆောင်သွားနိုင်သည့် ဘီးနှစ်ဘီးတပ်၊ ဓာတ်ဆီမလိုသော ယာဉ်အငယ်စား လေးကို “စက်ဘီး” ဟုခေါ်၏။ သို့သော် ထိုစက်ဘီးလေး၏ ဒဗလော့မင့် တစ်ခုဖြစ်သည့် ဘေးမှ ဘီးတစ်ဘီး ထပ်တိုးပြီး အခြားလူနှစ်ယောက်ကို ဥပဒေနှင့်အညီ သယ်ဆောင်၍ ရသောယဉ်ငယ်ကို နာမည်မှည့်ခေါ်ရာ၌ မြန်မာစကားမရှိတော့။ သူ့ကို “ဆိုက်ကား” ဟုခေါ်ကြရတော့၏။ “ဆိုက်” သည်လည်းကောင်း၊ “ကား” သည်လည်းကောင်း မြန်မာစကား လုံးမဝမဟုတ်။ ထို့ကြောင့် ဘာသာပြန်ဆိုခြင်း မဟုတ်တော့ပဲ မွေးစားရခြင်း (သို့) လက်မြှောက်လိုက်ရခြင်း ဖြစ်သွားတော့သည်။ ကား၊ မော်တော်ဆိုင်ကယ်အဓိပ္ပါယ်တူဖြစ်၏။

ထို့နောက် ပါဠိဘာသာ “ဓာတု” မှ ဆင်းသက်လာသည်ဟု ယူဆလိုက ယူဆနိုင်သော “ဓာတ်” ဟူသည့် မြန်မာစကားများလည်း တော်တော်များများ တွေ့ရ၏။ ဓာတ်ခဲ၊ ဓာတ်မီး၊ ဓာတ်စက်၊ ဓာတ်လုံး၊ ဓာတ်ရှင် စသည်တို့ဖြစ်၏။ ထိုဓာတ်များအနက် ဓာတ်ခဲနှင့် ဓာတ်မီးသည် အောင်မြင်၏။ ယနေ့တိုင် သုံးစွဲ နေကြရသေး၏။ မီးအလွန်ပျက်သော နိုင်ငံဖြစ်သောကြောင့်ဟု ယူဆလိုက ယူဆနိုင်၏။ မယူဆဘဲ နေလိုကလည်းနေနိုင်၏။ ပြဿနာ တစ်စုံတစ်ရာမရှိ။ သို့သော် ထိုနိုင်ငံ၌ မီးပျက်တတ်သော သဘာဝ လည်းရှိမြဲ၊ ဓာတ်ခဲ၊ ဓာတ်မီးဟုလည်း ခေါ်မြဲတည်း။

“ဓာတ်စက်” ကား ကျဆုံးစပြုလာပြီဖြစ်၏။ အသံချဲ့စက်ဟု တော်တော်များများ သုံးစွဲလာကြ၏။ ဓာတ်ရှင်ကား သုဿာန်တစပြင် ရောက်ရှိသွားပြီဖြစ်၏။ မူဗီဟု ခေါ်သည့် ထိုဓာတ်ရှင်သည် ယနေ့ ရုပ်ရှင် ဖြစ်သွားချေပြီ။ တကယ်မူ ရုပ်သာရှင်သည်မဟုတ် အသံလည်းရှင်သည့်အတွက် ရုပ်သံရှင်ဟု ခေါ်ထိုက်၏။ သို့သော်မခေါ်ကြ။ ( သို့သော်တွေများ၏။ မတတ်နိုင်။ လိုအပ်လျှင်တော့ သုံးရပေမည်။ ) သို့သော် မြန်မာ့ရုပ်သံ ဟူ၍ကား သုံးကြပြန်၏။ သို့သော် ထိုမြန်မာ့ရုပ်သံ အတွက် သရုပ်ဆောင်ကြသော ကိုကျော်သူကိုမူ ရုပ်သံ သရုပ်ဆောင်ဟု မခေါ်ကြပြန်။

ဓာတ်လုံးကား အင်တာနေရှင်နယ်မဟုတ်။ ထို့ကြောင့် မီးဖိုထဲ၌ ဣနြေ္ဒရ၏။ အူကြောင်ကြောင် လူတစ်ချို့ကို ရေစိမ်တိုက်၍ ရ၏။ သင်္ကန်းစ မီးလောင်၏။ တောတောင်ပြုန်းတီး၏။ ရာသီဥတု ဖောက်ပြန် စေ၏။ ဂလိုဘယ်ကို ဝမ်းသထက် ဝမ်းမား ဖြစ်စေ၏။ ယနေ့ ၊ မနေ့က ထိုဂလိုဘယ်ဝမ်းမင်း အကြောင်း တော်တော်ပြောကြ၏။ အဆိုတော် ဒကာမကြီး ဒေါ်ခင်ညွှန့်ရီလည်း အပါအဝင်ဖြစ်၏။ သူမက တော်တော် လေး စော၏။ တေးရေး မောင်ကျော်ညွှန့်ထင်၏။ မြန်မာတို့ မခေကြ။ “ကမ္ဘာမြေက တစစ ပူနွေးလာတယ်” ဟုသူရေး၍ သူမဆို၏။ ဓာတ်လုံးနှင့်တော့မဆိုင်။

ဓာတ်စက်၏ သားသမီးများဖြစ်ကြသည့် အသံကို ရှိရင်းထက် ပို၍ကျယ်လောင်လာအောင် လုပ်၍ ရသောပစ္စည်းကို ခေါ်ရာ၌မူ မြန်မာစကား ဗုန်းဗုန်းလဲကျတော့၏။ ထိုပစ္စည်းကို တစ်ချို့က ဆောင်းဘောက် ဟု ခေါ်၍ တစ်ချို့က စပီကာ ဟုခေါ်၏။ အသံသေတ္တာ ဟု ခပ်ကြောင်ကြောင် မခေါ်ကြ။ ကြောင်လို ကတော့  ကြောင်နိုင်၏။ သီဟနာဒပင် မျက်ခွက်ဘွတ်အုပ်ဟု ကြောင်သေး၏။ သို့သော် ထိုမျက်ခွက် ဘွတ်အုပ်က ဟစ်ဖြစ်နေ၏။ လူသည်အကြောင်ကြိုက်၏။

၂၀-ရာစုနှောင်းပိုင်းက ( အစွန်းရောက်မျိုးချစ်စိတ်ဖြင့်) အတိတ်က ခမ်းနားခဲ့သော်လည်း နောက်ကောက်ကျ ကျန်ရစ်ခဲ့သည့် တစ်ရံရောခါက နိုင်ငံကြီး နှစ်ခုကို အတုခိုးကာ သုံးစွဲနေသည့် ပစ္စည်းများ အားလုံးမြန်မာမှုပြုရန်ကြိုးစား ခဲ့ကြဖူးသည်။ ခပ်ကြောင်ကြောင် အလုပ်ဟုထင်သည်။ ကျလည်းကျဆုံးခဲ့သည်။ ခပ်ကြောင်ကြောင် ကျရှုံးခြင်းဖြစ်သည်။ ဥပမာ-ကားဖြစ်သည်။ ကားကို ဘာသာပြန်လျှင် ကြောင်၏။

ထိုပေါ်လစီသည် ခေတ်ပညာတတ် သွားဆရာဝန်လူရွှင်တော်ဧ။်ပျက်လုံးများအောက်၌ ဖွတ်ဖွတ်ညက်ညက်ကျေတော့၏။

ယခုမှ ပြောလိုသည့်ကိစ္စ ရောက်တော့သည်။

ဗုဒ္ဓ (သို့) သိဒ္ဓတ္ထ ဆိုသည့် အရိုးသားဆုံးလူသားကြီးကို မွေးထုတ်ခဲ့သော်လည်း ထိုဗုဒ္ဓ၏ ရိုးသားသောအဆုံးအမများကို အစာမကြေနိုင်ဖြစ်ကာနှင်ထုတ်ခဲ့သော ထိုတစ်ရံရော အခါက နိုင်ငံကြီးတွင် ဘီယာကို "ဓာတု ပါနီ" ဟုခေါ်ကြောင်းသိရ၏။ သို့သော် ဘီယာဟုပြောသော် လူတိုင်းသိ၏။ မြန်မာလို ဓါတ်ရေဟု ခေါ်နိုင်၏။ သို့သော် ဓါတ်လုံးကိုစိမ်ထားသော ရေကားမဟုတ် ။

မြန်မာတို့မှာလည်းရှိ၏။ ကုန်းဘောင်ခေတ် အမတ်ကြီးတစ်ယောက်ရေးသော အဘိဓါန်၌ င်္ဘီယာကိုမုယောစပါးရည် ဟုဆိုကြောင်းကြားဖူး၏။ တစ်ကြိမ်မက ကြားဖူးသဖြင့် မှန်သည်ဟု ထင်၏။ ထိုအဘိဓါန်စာအုပ်ကား မိမိ၌ မရှိ။ ရှိစရာလည်းမလိုတော့။

သီဟနာဒ၏ တကာ တကာမများ (အချို့) ဘီယာသောက်ကြ၏။ မုယောစပါးရည်ကို မသောက်ကြ။ ဘီယာကြောင့် ဗိုက်ထွက်လာလျှင် ဘီယာဗိုက်ဟုခေါ်ကြ၏။ မုယောစပါးရည်ဗိုက်ဟု မခေါ်ကြ။ အလုပ်တစ်ခု အဆင်တပြေဖြစ်စေရန် ဘီယာဖိုး ကန်တော့ကြ၏။ မုယောစပါးရည်ဖိုး မကန်တော့ကြ။

စတီရီယိုခေတ်ဦး အဆိုတော်တစ်ယောက်က "ဘီယာကျန်သေးလား" ဟုအော်၍မေး၏။ မုယောစပါးရည် ကျန်သေးလားဟုမမေး။ ကဗျာဆရာကြီးတစ်ယောက်က "ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့ နေ့က" ဟုပြော၏။ ငါ့ကိုကျားတံဆိပ် မုယောစပါးရည် မတိုက်တဲ့ နေ့ကဟု မပြော။ ဘာသာပြန် စကားလုံးရှိခြင်း၊ မရှိခြင်းနှင့် လူ့နှလုံးသားထဲ ရောက်ခြင်း မရောက်ခြင်းဘာဆိုဘာမျှ မဆိုင်။

ကွန်ပျု (compute) ဟူသည် to calculate or to estimate (a result) ဖြစ်၏။ ယင်းကို (er) ဆက်လိုက်သောအခါ computer ဖြစ်၏။ ထို့ကြောင့် ထိုကွန်ပျူတာကို မဖြစ်မနေ မြန်မာမှုပြုလိုလျှင် ဂဏန်းပေါင်းစက် ၊ ရလဒ် ခန့်မှန်းစက် ဟုပြန်ရ မည် ဖြစ်၏။ သို့သော် ကြောင်၏။ မပြည့်စုံ။ ကြောင်သမှ တော်တော်ကို သွက်သွက်ခါကြောင်၏။ ထို့ကြောင့် ကွန်ပျူတာဟု ပဲ ခေါ်ပါမည်။ အဘယ်ကြောင့်ဆိုသော် အနှီသတ္တ၀ါလေးသည် "စိတ်" ဆိုသည့် "စိတ္တ" ကိုမြန်မာ မှုပြုမရ သကဲ့ သို့ ဖြစ်သောကြောင့်ပင်တည်း။

သီဟနာဒသည် ရဟန်းဖြစ်၏။ ဘီယာမကြိုက်။ လူဖြစ်ပြီး ဘီယာကြိုက်သော် ဘီယာကိုသာ သောက်မည်။ မုယောစပါးရည်ကို မသောက်။ ကွန်ပျူတာကိုသာ သုံးမည်။ ရလဒ် ခန့်မှန်းစက်ကို မသုံး။

နောက်ဆုံး.... ဘီယာကို မြန်မာလို မည်သို့ခေါ်ပါသနည်း။ သင်ကိုယ်တိုင် (တကာ (သို့) တကာမ ကိုယ်တိုင် ) တိုးတိုးလေးမေး၍ တိုးတိုးလေး ဖြေကြည့်စေချင်သည်။ ပျော်စရာကောင်းပါသည်။

သစ္စာစကား ဆိုရသော် သီဟနာဒသည် ကွန့်မင့်မရေး၊ ကွန့်မင့်မပြန်ပါ။ သို့သော် သူတို့ဆီမှာရှိသည့် ဗဟုသုတကို ရိုးသားစွာ ကမ်းလာသည့် လက်နှစ်ချောင်းကြောင့် ကွန့်မင့်မဟုတ် ဆောင်းပါးရေးလိုက်၏။ ကမ်းလက်သည် ကမ်းလည်း "ကမ်း" ပါ၏။ ယူလည်း ယူပါ၏။

Myomyat Thu ဟု မျက်ခွက် ဘွတ်အုပ်တွင်တွေ့ရသူက "ကွန်ပျူတာကို တရုတ်လို တျန့်နောင် " ( လျှပ်စစ်ဦးနှေက် ) ဟုခေါ်ပါသည် ။ တခြားဘာသာစကားတော့ မသိပါ။" ဟု ကမ်း၏။ ရိုးသား၏။ ထို့ကြောင့် ချစ်မိ၊ ယူမိ၊ လေးစားမိ၏။

Vimuttisukha Bliss ဟု မျက်ခွက်ဘွတ်အုပ်ပေါ်တွင် ပေါ်လာသည့် နောက်တစ်ဦးကတော့ "ဂျပန်လို ပါဆိုကွန် (personal computer ကို အတိုချုံး ထားခြင်း) လို့ ခေါ်ပါတယ်။ ဒါပေမယ့် computer ဆိုတဲ့ အသုံးကိုတော့ တစ်ကမ္ဘာလုံး လက်ခံသုံးနှုန်းကြတာ အမှန်ပါဘဲ။" ဟုကမ်းလာပါသည်။ သီဟနာဒကလည်း ကျေးဇူးတင်စွာ ယူလိုက်ပါသည်။ ဤသို့ ဝင်း-ဝင်း စီကျူယေးရှင်း ဖြစ်စေချင်၏။ သို့သော် အချို့ကား သူတို့သိတာကို မကမ်းပါဘဲ ငေါက်ငမ်းထွက်သွားကြ၏။ ထို့ကြောင့် မည်သူမှ မရလိုက်ကြ။

တရုတ်လိုလျှပ်စစ်ဦးနှောက်ကို မြန်မာလို ဓါတ်ဦးနှောက်ဟုခေါ်နိုင်၏။ ပါဆိုကွန်ကား ဂျပန်စကား အစစ် မဟုတ်။ မွေးစား စကားတည်း။ ထိုင်းများလည်း အသံကွဲစွာ ကွန်ပျူတား - ဟုထွက်သံကြားရဖူး၏။

မျိုးမြတ်သူကို ဂုဏ်ပြုသောအားဖြင့် နောင်ကိုဓါတ်ဦးနှောက်ဟု သုံးမိကောင်းသုံးမိပါမည်။ သေချာသည်ကတော့ "မုယောစပါးရည်၊ ဓါတုပါနီနှင့် ဘီယာသောက်သူများ" ဆောင်းပါးဖြင့် ၀ိမုတ္တိသုခ ဘလစ် (ဘလစ်(စ်) ဟူသည်ဘာသံနှင့်တူမှန်း မသိသော်လည်း) ၏ "computer ဆိုတဲ့ အသုံးကိုတော့ တစ်ကမ္ဘာလုံး လက်ခံသုံးနှုန်းကြတာ အမှန်ပါဘဲ" ဆိုသည့်စကားလေးကို ခံစားချက်နှင့်ကိုက်သဖြင့် သိုသိုသိပ်သိပ် ကျေးဇူးတင်ရင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ဤဆောင်းပါးလေးသည် သရော်သံစွက်သဖြင့် ယောနိသော မနသိကာရ မရှိသူအချို့ကို ကြိုတင်တောင်းပန်ချင်၏။

ကမ်းလက်သည် ကမ်းလက်များကိုကြိုဆို၏။

ဤသစ္စာစကားကြောင့် အသက်တိုလိုက တိုစေ။ သူတော်ကောင်းများနှင့် တွေ့ဆုံခွင့် ရရပါလို၏။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.