လူနဲ့ တံလျပ်

ဟေး မှိုတွေ မှိုတွေ
ဟာ တစ်ပွင့်ထဲ
ဟင် ညောင်ရွက်ကြီး
အို နိုး ခွေချေးခြောက် ကြီး။ ။



ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

A-Z ဗုဒ္ဓဘာသာအကြောင်း (၁)

ပထမဆုံးအမှာစကား ပြောချင်ပါတယ်။ A Guide To Buddhism A to Z စာအုပ်က S- Dhammaki ဆိုတဲ့ သြစတေးလျ ရဟန်းတော်တစ်ပါး ရေးတဲ့စာအုပ်ပါ။ အက္ခရာစဉ်အလိုက် ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဝေါဟာရ၊ ထင်ရှားတဲ့ဆရာတော်၊ လူပုဂ္ဂိုလ်တွေကို အရင်းပြုထားတာပါ။ အက္ခရာစဉ်မှာ အင်္ဂလိပ်အက္ခရာအတိုင်းစဉ်ထားတာမို့ ကခဂဃင နဲ့တော့ သွားလို့မရတော့ပါဘူး။ A ဆိုရင် အဘိဓမ္မ၊ အဘိဓမ္မာ ပိဋကတ်စတာတွေနဲ့ ဖွင့်ဆိုသွားပါတယ်။ သိပ်သိပ်သည်းသည်းရှိပြီး ကျမ်းညွှန်းလည်တိကျလို့ ရှိသင့်တဲ့စာအုပ်လို့ ထင်ပါတယ်။

            ဒီစာအုပ်ထဲက မြန်မာတွေသိသင့်တယ် ထင်တာလေးတွေကို မျှဝေသွားဖို့ ဆန္ဒရှိပါတယ်။ အက္ခရာစဉ်ဆိုတော့ မတတ်နိုင်တော့ဘူး။ Abortion နဲ့ပဲ စလိုက်ပါရစေတော့။

Abortion (ကိုယ်ဝန်ဖျက်ချခြင်း)
            ပါဠိလို “ဂဗ္ဘပတန” လို့ ရှိပါတယ်။ ဒီကိုယ်ဝန်ဖျက်ချခြင်းဟာ ရှေးခေတ်ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့ပါတယ်။ ခွဲစိတ်လို့ဖြစ်စေ၊ ကိုယ်ဝန်ကို ပျက်ကျစေအောင် ပြင်းပြင်းထန်ထန် ခါရမ်းခြင်းဖြင့်ဖြစ်စေ၊ ဆေးဝါးစသည် သုံးစွဲစေခြင်းအားဖြင့်ဖြစ်စေ ကိုယ်ဝန်ကိုကျစေနိုင်ပါတယ်။

            ဗုဒ္ဓဘာသာအရ ကိုယ်ဝန်တည်လိုက်သည်နှင့်တပြိုင်နက် သတ္တဝါက အသက်ရှိပြီမို့ ပါဏာတိပါတကံရောက်ပါတယ်။ ဇာတ်တော်များအရ ကိုယ်ဝန်ဖျက်ချခြင်းအားဖြင့် မကောင်းတဲ့ဘုံဘဝတွေမှာ မွေးဖွားစေနိုင်ပါတယ်။ ( ဇာတက- ၅၊ ၂၆၅) ရဟန်းသီလရှင်များ ဤကိစ္စကို မပြုလုပ်မိစေဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ( ဝိနယ ၁၊ ၁၁)

            အချို့အခြေအနေများမှာ မိခင်ရဲ့အသက်ကို ကာကွယ်ဖို့ ကိုယ်ဝန်ကိုမလွဲမရှောင် ဖျက်ချရခြင်းလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ အရှက်ကိုကာကွယ်ဖို့နဲ့ ကလေးယူဖို့ အဆင်သင့် မဖြစ်သေးခြင်းစတဲ့ အကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၏ ရှုထောင့်အရ လွန်စွာကျိုးကြောင်းမညီညွတ်တဲ့ ဆင်ခြေများဖြစ်ပါတယ်။

            ကိုယ်ဝန်ဖျက်ချခြင်းသည် သီရိလင်္ကာနှင့် မြန်မာနိုင်ငံတွင် တရားဥပဒေနှင့်ဆန့်ကျင်ပြီး၊ ထိုင်းနိုင်ငံမှာတော့ တရားဥပဒေနဲ့ ညီတယ်လို့ သိရပါတယ်။

AJHAN CHAH- (အဂျန်ချာ)
            အဂျန်(အရှင်နှင့်တူမည်) ချာဟာ (၂၀) ရာစုမှာ အထင်ရှားဆုံး ကမ္မဌာန်းနည်းပြဆရာတော်တစ်ပါး လို့ပြောရင် ရကောင်းရပါတယ်။ ၁၉၁၈-ခု ထိုင်းနိုင်ငံမှာ မွေးဖွားတော်မူခဲ့ပြီး ငယ်စဉ်ကတည်းက သာမဏေဝတ်ခဲ့ပါတယ်။ နောက်ပိုင်း သမရိုးကျ ဘုန်းတော်ကြီးကျောင်း ရဟန်းဘဝကို ငြီးငွေ့ပြီးတောတောင်ထဲမှာပဲ လှည့်လည်တရားကျင့်နေခဲ့တယ်။ တဖြည်းဖြည်းနဲ့ တောကျောင်းတည်ထောင်ပြီး တရားဘာဝနာပွါးများလိုသူတွေကို နည်းပြပေးခဲ့ပါတယ်။
            အဂျန်ချာဟာ သူ့ရဲ့နွေးထွေးလှိုက်လှဲတဲ့ ပြုံးရွှင်စရာစကားတွေနဲ့ တရားရှုမှတ်မှုအပေါ်မှာ လက်တွေ့ကျပြီး ရှင်းလင်းတဲ့ ရုတ်တရက် အဖြေစကားတွေကြောင့် လူသိထင်ရှားခဲ့ပါတယ်။

            ၁၉၇၀- ဝန်းကျင်မှာတော့ အနောက်တိုင်းသား ယောဂီများကို စည်းရုံးနိုင်ခဲ့ပြီး တော်တော်များများ ရဟန်းဖြစ်၊ ရဟန်းတော်များကလည်း အနောက်တိုင်းနိုင်ငံများမှာ ကျောင်းတွေထောင်၊ တရားရိပ်သာတွေဖွင့် လုပ်ကြပါတယ်။

            သူကိုယ်တိုင် စာအုပ်မရေးခဲ့ပေမယ့် သူမိန့်ကြားခဲ့တဲ့စကားတွေ၊ တရားတွေ၊ ပုံတိုပတ်စတွေကတော့ အသံဖမ်းယူဖြန့်ချီကြလို့ ကမ္ဘာ့လူထုကြား တော်တော်ပျံ့နှံ့ပါတယ်။

            အဂျန်ချာဟာ ၁၉၉၂- ခုမှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
            (Venerable Father: A Life With Ajhan Chah, Paul Breiter, 1993)

ALPHABET- အက္ခရာ
            ပါဠိလို ဝဏ္ဏမာလာလို့ ခေါ်ပါတယ်။ အက္ခရာသီကုံးခြင်းပါ။
            ဘုရားရှင်ရဲ့ ဒေသနာတော်တွေကို ခရစ် (၂) ရာစုခန့်မှာ အက္ခရာအဖြစ်ရောက်ရှိခဲ့တယ်လို့ ယူဆရပါတယ်။ ဗြဟ္မီအက္ခရာ (Brahmi) နဲ့ပါ။ အသောကမင်းကြီး ရေးထွင်းခဲ့တဲ့ အက္ခရာနဲ့အတူတူပါ။ Brahmi ဘာသာမှာ အက္ခရာ (၇၂) လုံးရှိပြီး ဒီဘာသာစကားကနေ သီဟိုဠ်ဘာသာ၊ တိဗက်ဘာသာ၊ မြန်မာဘာသာ၊ ထိုင်းဘာသာနဲ့ ရှေးဟောင်းမလေးဘာသာတွေဆီ ကူးစက်သွားခဲ့ပါတယ်။ ဘုရားရှင်၏ အကျော်ကြားဆုံးစကားကတော့ “ မကောင်းမှုရှောင်၊ ကောင်မှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုတာ ဖြစ်ပါတယ်။ ( ဒီဃ ၁၈၃) အောက်မှာ ပြထားတာက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားရဲ့ မူရင်းပါဠိအက္ခရာတွေပါ။




ဆုထားမျက်ချယ်













Copyright © 2011 ကမ်းလက်. All rights reserved.

ငှက်ပျောအူစားသူများ


နားမလည်သောတပည့်ထက် နားမလည်သည်ကို နားလည်ချင်ယောင်ဆောင်သော၊ တနည်းသော် မရိုးသားသောတပည့်သည် ပို၍မိုက်မဲ၏ဟု ယုံကြည်သဖြင့် ဥာဏ်ထူးသောတပည့်ထက် ရူးမိုက်သောတပည့်မဖြစ်ရေးကို ရှေးရှုကာ ရိုးသားစွာပင် ဆိုရချေဦးတော့အံ့။

            ဒေသနာကား ဤသို့လာ၏။

            ဖေကာ ပိဏ္ဍူပမံ ရူပံ။ ရူပက္ခန္ဓာသည် ရေမြုပ်ဆိုင်နှင့်တူ၏။
            “ ရေမြုပ်၏ သဘောသည် အစုတ်စုတ်၊ အပေါက်ပေါက်၊ အတွင်းတွင်းရှိသကဲ့သို့ ထို့အတူ ဤ ရူပက္ခန္ဓာသည်လည်း ခံတွင်းပေါက်၊ နှာခေါင်းပေါက်၊ မျက်ကွင်းပေါက်အစရှိသည်တို့ဖြင့် အစုတ်စုတ်၊ အတွင်းတွင်း၊ အပေါက်ပေါက်ရှိရကား ရေမြုပ်နှင့်တူ၏။ ( ဂမ္ဘီရတ္ထဒေသနာ၊ သီးလုံးဆရာတော်ကြီး၊ နှာ-၂၁၇)

            မြစ်ချောင်းအင်းအိုင်နှင့် အလှမ်းဝေးပြီး “ ရေငံသောက်၊ မြက်ခြောက်စား” ဆိုသည့် အညာကျေးလက်၌ မွေးဖွားကြီးပြင်းခဲ့ရသော သီဟနာဒသည် ရေမြုပ်၏သဘာဝကို နားလည်သိ မသိ၊ ခံစားသိသာ သိ၏။ မြစ်ချောင်းထဲမှ ရေမြုပ်ကိုမသိသော်လည်း ရေချိုးသည့်အခါ၊ ခွက်ဆေးသည့်အခါ အသုံးပြု့သည့် ဖော့တုံးဟု ခေါ်လျှင်ရသည့် ရေမြုပ်ကိုတော့သိသည်။

            ထိုရေမြုပ်ကား လွန်စွာအသုံးကျ၏။ ဆပ်ပြာကုန်သက်သာ၏။ မန္တလေးနေစဉ်ကတည်းကပင် ဤကိစ္စကို သိခဲ့သည်။ ရေမြုပ်မသုံးပဲ ဆွမ်းဟင်းခွက်များဆေးလျှင် ဆပ်ပြာက သိပ်မခံ။ ထို့ကြောင့် ရေမြုပ်ကို သုံးခဲ့ရ၏။ ထိုစဉ်ကတဲက ဒေသနာတော်နှင့်ဆန့်ကျင်နေသည့်သဘောကို တွေးမိကာ ပြုံးမိ၏။

            ယခု ခေတ်မီလာပြီဖြစ်သဖြင့် အပေါက်ပေါက်၊ အတွင်းတွင်းတို့နှင့် ရေမြုပ်ကိုသုံးကာ ရေချိုးလာတတ်ပြီဖြစ်၏။ ထိုအပေါက်ပေါက်၊ အတွင်းတွင်းတို့ကြောင့်ပင် ဆပ်ပြာအနည်းငယ်မျှ သုံးသော်လည်း ရေချိုး၊ ဆပ်ပြာတိုက်ခြင်း ကိစ္စပြီး၏။

            ရွာမှာရှိစဉ်က အမဲသားဝယ်လျှင် အရွတ်ကိုရွေးဝယ်ဟု ပြောသောလူတစ်ယောက်ကို သတိရသည်။ သူက ဆို၏။ အရွတ်ဖတ်ကား ဝါးရခက်သဖြင့် ပို၍အစားခံသည်။ အရွတ်ဖတ်ကို မျိုချလျှင် အရွတ်ဖတ်တစ်တုံးဖြင့် ထမင်းတစ်နပ်လုံးပြီးတော့၏ဟူသတတ်။

            ထိုပုဂ္ဂိုလ်ကိုလည်းကောင်း၊ သီဟနာဒကိုလည်းကောင်း လူညံ့များဟုဆိုချေသော် ခံရပေတော့အံ့။

            ရူပက္ခန္ဓာကို မြစ်၊ ချောင်း၊ သမုဒ္ဒရာထဲက ရေမြုပ်ထက် ခွက်ဆေး၊ ကိုယ်တိုက်သော ရေမြုပ်၏အဓိပ္ပါယ်က ပိုထင်ရှားနေခြင်းကား ဝိပဿနာဥာဏ်ပါးလျမှုကြောင့်သာ ဖြစ်ပေတော့မည်။ ဆက်လက်ကြိုးစားရန်မှတပါး အခြားမရှိတော့လေပြီ။

            ဒေသနာကား လာပြန်၏။
            ဝေဒနာ ပုဗ္ဗုလူပမာ။
            “ ဝေဒနာသည် ရေပွက်နှင့် အဘယ်သို့တူသနည်းဟူမူကား မိုးပေါက်၊ ရေပြင်၊ ရေ၌ထိကျသော အစဉ်၊ မိုးပေါက်နှင့်အတူတကွပါလာသော လေအဟုန်၊ ဤလေးပါးသော အကြောင်းတို့ကြောင့် ပတ္တမြားလုံးနှင့်တူသော ရေပွက်ဖြစ်၏။ ထိုရေပွက်ကို မျက်စိအမြင်နှင့် ပြည့်စုံသော ယောင်္ကျားသည် ကမ်းနား၌ရပ်၍ အဖန်တလဲလဲ ကြည့်ရှုဆင်ခြင်သည်ရှိသော် အနှစ်သာရမှ ဆိတ်သည်ဖြစ်၍ ရိတ္တ၊ တုစ္ဆ အဖြစ်ကိုသာ ထင်မြင်လေ၏။ ( ဂမ္ဘီရတ္ထဒေသနာ၊ သီးလုံးဆရာတော်ကြီး၊ နှာ-၂၁၈)

            ဤရေပွက်ကိစ္စကို အနည်းငယ် သဘောပေါက်သလိုလို ရှိ၏။ အနည်းငယ်ဟူသည် မဆိုသလောက်ကိုသာ ဆိုလို၏။ သို့သော်-

            ဝေဒနာကိုကျော်ရန်ကား အခက်ဆုံးပင်။ အဘိဓမ္မာက ဝေဒနာကို စိတ်အားလုံး ဖြစ်တိုင်းပါသော စေတသိက်ဟုဆို၏။ ထို့ကြောင့် ရှောင်၍မရ။ လူသည်၊ တိရိစ္ဆာန်သည်၊ နတ်၊ ဗြဟ္မာ၊ ဘုရား ရဟန္တာသည် ဝေဒနာနှင့်တွဲနေ၏။ တနည်း ရေပွက်နှင့် တွဲနေ၏။ တချို့က ထုံပေပေနေတတ်သူများကို ခံစားမှုမရှိဟု ဆိုကြ၏။ အမှန်မူ ဥပေက္ခာဝေဒနာဖြစ်ကောင်းဖြစ်နိုင်ပြီး၊ မောဟနှင့်ယှဉ်နေသော ဝေဒနာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

            ဝေဒနာသည်ခြင်းတူသော်လည်း ဝေဒနာကို လက်ခံခြင်း၊ ရှုမြင်ခြင်း၌ကား ကွဲပြား သွားလေတော့၏။ ယောဂီစစ်စစ်တစ်ယောက်အတွက် ဝေဒနာကိုမှီ၍ သတိ၊ သမာဓိဖြစ်၏။ ဥာဏ်ထူးသူများ ပညာအထိပင်ဖြစ်နိုင်၏။ ယောဂီမစစ်တစစ်နှင့် ရှုမှတ်မှုမရှိဘူးသေးသူများ၌ ဒေါမနဿ၊ သောမနဿတို့ဖြစ်ဖို့များ၏။

            ရေချိုးစဉ် ဤဒေသနာကို သတိရခိုက် ရေပန်းမှကျလာသော ပူနွေးနွေးရေပေါက်များ ခန္ဓာကိုယ်ပေါ်ကျလာ၏။ ရေပွက်တော့မဟုတ်၊ ရေပေါက်မျှသာ။

            ဝေဒနာသည် ရေပေါက်နှင့်ကော တူ၍ရသလားဘုရား…။
            ဘုရားရှေ့ ငမိုက်သားကျူး၍ မေးမိ၏။
            ဘုရားက မည်သို့ဖြေမည်မသိ။ အရှင်အာနန္ဒာကလည်း မေးတော်မမူခဲ့။
            (……………………………………………………………………………………………..)

ဒေသနာကို ခုန်ရပေတော့အံ့။

သင်္ခါရာ ကဒလူပမာ။
            သင်္ခါရက္ခန္ဓာတို့သည် ငှက်ပျောတုံးနှင့် တူ၏။

            အဘယ်သို့ သင်္ခါရက္ခန္ဓာတို့သည် ငှက်ပျောတုံးနှင့် တူလေသနည်းဟူမူကား အနှစ်ကို အလိုရှိသော ယောက်ျားသည် ထက်လှစွာသောဓါးမကို စွဲကိုင်၍ ငှက်ပျောပင်၏ အရင်းအဖျားကို ဖြတ်ပြီးသော် အပေါ်ထပ်ကိုခွါ၍ အနှစ်ကို ရှာလေရာ၏။ အလယ်ထပ်ကိုခွါ၍ အနှစ်ကို ရှာလေရာ၏။ အတွင်းထပ်ကိုခွါ၍ အနှစ်ကို ရှာလေရာ၏။ အနှစ်ကိုရှာသော်လည်း အကာကိုမျှမရသည်သာ ဖြစ်၏။ ထိုယောက်ျား၏ ငှက်ပျောတုံးကို မျက်စိအမြင်နှင့်ပြည့်စုံသော ယောက်ျားသည် အနီး၌ရပ်၍ အဖန်တလဲလဲ ကြည့်ရှုဆင်ခြင်သည်ရှိသော် အနှစ်သာရမှဆိတ်သည်ဖြစ်၍ ရိတ္တ၊ တုစ္ဆအဖြစ်ကိုသာ ထင်မြင်သကဲ့သို့ ထို့အတူ သင်္ခါရက္ခန္ဓာကို ပညာစက္ခုဖြင့် အဖန်တလဲလဲ ကြည့်ရှုဆင်ခြင်သောသူအား အနှစ်သာရမှ ဆိတ်သည်ဖြစ်၍ ရိတ္တ၊ တုစ္ဆအဖြစ်ကိုသာ ထင်မြင်လေ၏ ” ( ဂမ္ဘီရတ္ထဒေသနာ၊ သီးလုံးဆရာတော်ကြီး၊ နှာ-၂၁၉)

            ငှက်ပျောပင်ကို ခုတ်လိုက်ကြ၏။ ငှက်ပျောပင်ကိုဖြတ်၍ ငှက်ပျောတုံးကို ခွါကြ၏။ အပေါ်ယံအလွှာ၊ အလယ်အလွှာ၊ အကြမ်းစားအလွှာတို့ကို ဖယ်ကြ၏။ တွေ့ရပါလေပြီ။ ဖွေးဖွေးဥဥ၊ နုနုထွက်ထွက် အလယ်က ငှက်ပျောအူကလေး။

            သူတို့ကောက်ယူလိုက်ကြ၏။ လိုချင်တာ ရကြလေပြီ။

            ထိုငှက်ပျောအူကလေးကို အပိုင်းပိုင်းစိတ်ကာ မုန့်ဟင်းခါးချက်စားရန် ပြင်ကြတော့၏။ (မဝါဝါလွင်နှင့် သူမ သူငယ်ချင်းကို မဆိုလို)။

            ဘုရားရှင်က ငှက်ပျောတုံး၌ အနှစ်သာရမရှိဟု မိန့်ထားသော်လည်း၊ လူကား အနှစ်မပါလည်း ကိစ္စမရှိ၊ အူတိုင်ကိုလည်း ယူကြ၊ စားကြလေသောကြောင့် ငှက်ပျောတုံးများလည်း မုန့်ဟင်းခါး ချက်တိုင်း အသုံးဝင်လေတော့၏။

            ဤသို့ ဤသို့ဖြင့်ပင်

            ဝေနေယျတို့ကို သနားတတ်သော မဟာပုရိသများလည်း ရှိနေခြင်း၊ သင်္ခါရက္ခန္ဓာက အနှစ် ကင်းသော်လည်း သင်္ခါရက္ခန္ဓာအူတိုင်ကိုစားလိုသော ပုထုဇဉ်များရှိနေခြင်း။

            ဗုဒ္ဓ အဆက်ဆက်ကလည်း အူတိုင်ကို အူတိုင်ဟု အသိပေးလိုခြင်း

            လူကလည်း အူတိုင်မှန်းသိလျှက် စားလိုခြင်းတို့ကြောင့် လောကကြီးထဲ၌ ဘုရားရှင်များလည်း အနှေးအမြန်သာကွာပြီး ပွင့်တော့ ပွင့်ကြလိမ့်ဦးမည်

            သီဟနာဒကား ထိုငှက်ပျောအူဖြင့်ချက်ရသော မုန့်ဟင်းခါးကို တမ်းတဆဲပင် ဖြစ်၏။ ရသတဏှာတည်း။ မတတ်နိုင်။ ဟမ္ဘာဂါ မႀကိဳက္၊ ဟမ္ဘာဂါအေပၚ၌ ရသတဏွာမရွိ။ ငှက်ပျောအူတဏှာကား အားကောင်းမောင်းသန်ရှိဆဲတည်း။

            မဆိုင်သော်လည်း ပြောချင်၏။ ငှက်ပျောတုံးကြီးကိုကား မကြိုက်။







သီဟနာဒ





















Copyright © 2011 ကမ်းလက်. All rights reserved.

အမျိုးသားရေးစိတ်ဓာတ်(Nationalism)


 အမျိုးသားရေးဝါဒအကြောင်းကိုပြောလျှင် ဘုရားရှင်မှာပင် လူမျိုးရေးစိတ်ဓာတ်ရှိသည်ဟု ဆိုနိုင်ပေသည်။ သာကိယ(သို့)သကျဟု ဘုရားရှင်မကြာမကြာသုံးစွဲတတ်သည်။သာကိယ(သို့)သကျဟူသည် လူမျိုးရေးအမည်ဖြစ်၏။
နည်းများမဟူ လူတိုင်း၌ အမျိုးသားရေးစိတ်ဓာတ်ရှိတတ်၏၊ဒေသစွဲစိတ်ဓာတ်ရှိတတ်၏။ မွေးဖွားကြီးပြင်းရာ ဝန်းကြင်၊ကျင့်သုံးသည့်ဓလေ့စရိုက်၊စားဖူးသည့် အစားအသောက်တို့သည်မေလျော့ပစ်ရန်ခက်ခဲပြီး မြတ်နိုးဖွယ်လည်းဖြစ်တတ်၏။

အမျိုးသားရေးစိတ်ဓာတ် ဟူသည် နားလည်၍ရပြီး ဂုဏ်ယူစရာတစ်ခု လည်းဖြစ်သည်။
သို့သော် ထိုအမျိုးသားရေးစိတ်ဓာတ်လွန်ကဲနေလျှင်မလိုလားအပ်သော လူမျိုးရေးပြသနာများ ဖြစ်ပွားစေနိုင်ပြန်၏၊အခြားလူမျိုးများကို အထင်အမြင်သေးခြင်းလည်းဖြစ်ပွားစေနိုင်ပြန်၏။
ထို့အပြင် အစွန်းရောက် အမျိုးသားရေးဝါဒသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ အပြည်ပြည်ဆိုင်ရာ ဝင်ဆန့်ရေးတို့အတွက် ကြီးမားသောအဟန့်အတားဖြစ်စေနိုင်သည်။

ဂလိုဘယ်ဆန်လာသောကမ္ဘာ၌ ပြည်တွင်းအားတစ်ခုတည်းဖြင့် မလုံလောက်တတ်၊လုံလောက်သည်ဆိုစေ တိုးတက်မှုနှေးကွေးတတ်၏။ ဗုဒ္ဓအဆုံးအမအနေဖြင့်ကား ဤကိစ္စသည် အရေးမပါလှပေ။

လူတစ်ယောက်သည် ယခုဘဝ ဤနိုင်ငံ၍မွေးသော်လည်း နောက်ဘဝ အခြားနိုင်ငံ၍မွေးဖွားနိုင်ပြန်သည်။
(A guide to Buddhism.A to Z ၏ Nationalism ကိုမှီးသည်။)




































Copyright © 2011 ကမ်းလက်. All rights reserved.

ပုထုဇ္ဇနောဖြောင့်ချက်

ပုထုဇဉ်များသည် အရူးအနှမ်းများသာတည်း။ ဤစကားမှန်၏။သို့သော် "ပုထုဇ္ဇနော ဥမ္မတ္တကော" စကားတော် ပိဋကတ်၌မရှိသော် ယင်းစကားကိုလက်မခံနိုင်သော ဗုဒ္ဓဘာသာဝင် တော်တော်များများ ရှိနိုင်၏။ ယခု မရှိရဲကြတော့။ ဗုဒ္ဒဘာသာမဟုတ်သူများကတော့ လက်ခံသူတချို့၊ လက်မခံသူတချို့ဖြစ်၏။ မည်သို့ ဆိုစေ ပုထုဇဉ်သည် ရူး၏။ အထူအပါးသာခြားနား၏။

သို့သော် ဘဝသည် အရူးပြိုင်သောနေရာမဟုတ်။


ပရမတ္ထသစ္စာမဆိုက်သေးသော် ရူး၏။ ဆိုက်သော်အရူးပျောက်တော့၏။

တခါကနာမည်ကျော် ဓမ္မကထိကဆရာတော်ကမိန့်၏။ မြန်မာပြည်၌ သစ္စာတရားများလွန်းစွာ ထွန်းကား နေပြီဟူ၍ဖြစ်၏။ ဟောတရား၊ နာတရား ၊ဖတ်တရားများကိုဆိုလိုဟန်တူပါသည်။ အငြိမ်မနေ တတ်သော ပါးစပ်က သစ္စာစကားထွန်း၏။ လာဘ်ပေးလာဘ်ယူနှင့်မရိုးသားမှု များလည်းထွန်းကား၏ ဟုဖြစ်သည်။ ထို့နောက် စကားဆက်ပြောမရကြတော့။

သစ္စာသည် သမုတ္တိနှင့် ပရမတ္ထ ဟူ၍ နှစ်မျိုးသာရှိ၏။ သမုတ္တိသစ္စာကားဖောက်၍  ပရမတ္ထ သစ္စာ ကားမဖောက်။ ထို့ကြောင့် သစ္စာဟူသည် ဖောက်မဖောက်နှစ်မျိုးသာဖြစ်သည်။ အမှန်ဆိုသော် သစ္စာက မဖောက် လူကသာဖောက်၏။ ထိုလူသည် ဖောက်လို၍ လည်းဖောက်နိုင်၏။ ထိုသစ္စာကိုတည်ခွင့်မရသော ကြောင့်ဖောက်လိုက်ရသည် လည်းရှိနိုင်ပြန်၏။ ရှုပ်သွားမည်ထင်သည်။ ရှင်းအံ့။


သက္ကရာဇ် ၂၀၀၂ ခန့်က ကတိသစ္စာလေးခုရခဲ့ဖူး၏။ သုံးခုသောကတိသစ္စာများသည် ဆရာသမားတို့ ထံမှဖြစ်၏။ ဆရာသမားတို့သည် လိမ်ညာသူများမဟုတ်ကြ ၊ သို့သော် ထိုကတိတို့ကိုမူမတည်နိုင်ခဲ့ကြ။ ထိုကတိများမတည်နိုင်ခြင်း၌ အကြောင်းတရား အမျိုးမျိုး ရှိနိုင်၏။ သေချာသည်ကတော့ ထိုကတိများ ပေးနေချိန် ၌ ဆရာများသည် အမှန်တကယ်သာ ပြောနေကြခြင်းသာဖြစ်၏။ တည်ခွင့်မရသောကတိနှင့် မုသာဝါဒ မတူဟု ထင်သည်။ တူသည်ဟုဆိုသော်လည်းအငြင်းမပွားလို။

နောက်ကတိတစ်ခုကား အပြန်အလှန်ထားမိကြသော ကတိဖြစ်သည်။ ထိုကတိ၏စာချုပ် သက်တမ်း က ၄ နှစ်ဖြစ်သည်။ လေးနှစ်ပြည့်၍ အပြန်အလှန်ထားမိကြသော ကတိသစ္စာ မတည်နိုင်သော် (သို့) တည်ခွင့် မရ သော်  ထိုစာချုပ်ပျက်ပြယ်၏။ ထိုအခါ ကတိတစ်လုံးပေါ့လျော့သွားသော  ဘဝကို ခရီးဆက်ကြရန်ဖြစ်သည် ။ ထိုမိတ်ဆွေကား ယနေ့တိုင် ဖက်လဲတကင်းရှိဆဲပင် ဖြစ်၏။ တည်ခွင့် မရသောကတိသစ္စာအတွက် အပြစ်ဆို နေကြမည့်အစား ကြိုးစားသော်လည်းမှားခွင့်ရှိနေသည့်ဘ၀ကို ပို၍နားလည်လိုက်ကြရသည်။


                  ကလေးဘဝက ဆရာမဒေါ်ဝင်းဝင်းမြင့် သူငယ်ချင်းကိုဝယ်ပေးသည့် စက်ဘီးနီနီလေးကို အရူးအမူးလိုချင်ဖူးသည်။ မိဘတို့ကစာမေးပွဲတွေအောင်လျှင် ဝယ်ပေးမည်ဟု ကတိသစ္စာပြုခဲ့ကြ၏။ စာမေးပွဲတချို့အောင်မြင်ပြီး ထိုစက်ဘီးနီနီလေးကို မပိုင်ဆိုင်ရသောအခါ စာမေးပွဲအောင်ခြင်းနှင့် စက်ဘီး နီနီသည် အချိုးညီသောသင်္ချာတစ်ပုဒ်မဟုတ်ကြောင်း နားလည်လာခဲ့ရတော့၏။ ကိစ္စမရှိ။ ဘဝဆိုသည်ကပင် စက်ဘီးနီနီလေးနှင့် အချိုးညီသောပုစ္ဆာမဟုတ်။

ထိုကတိမတည်နိုင်ခြင်းနှင့်ပက်သက်ပြီး မိဘများအပေါ်ပို၍ပို၍ ပင်နားလည်မိသေး၏။ သူတို့သည် မုသာဝါဒကို ဆိုကြသည် မဟုတ် ၊ ကျပ်တည်းသော စားဝတ်နေရေးက ထိုကတိကိုတည်ခွင့် မပြုလိုက်ခြင်းသာ ဖြစ်သည်။

          ထို့ကြောင့်ဖြစ်တော်စဉ်ဇာတ်တော်တချို့ဆီခြေဆန့်မိ၏။ဇာတ်တော်တခုခုသည် ပါရမီတခုခုကို အဓိကရည်ညွှန်းနေသည်။ ဝေသန္တရာမင်းသည် ဒါနပါရမီ၏ တမန်တော် ဖြစ်ပြီး မဟာသုတသောမ က သစ္စာစကားမက်ဆေ့(ခ်ျ) ကိုသယ်လာသူဖြစ်သည်။ တေမိမင်းသားက စကား မပြောခြင်းဖြင့် အဓိဌာနပါရမီအကြောင်းကို နက်နက်ကြီးအော်ဟစ်ပြောပြသွားသည်။ အလောင်းတော်များပင် ပါဖက်မဟုတ်ကြ။

အလောင်းတော်သည် တချို့ဘဝ၌ ရှင်ဘရင်ဖြစ်၏။ ရှင်ဘုရင်ဖြစ်သော်မလွဲမသွေ စစ်တိုက်ရ၏။ အချို့ဘဝ၌ စစ်သူကြီးဖြစ်၏။ ထိုအခါသေနင်္ဂ ဗျူဟာကိုအသုံးချရ၏။ သေနင်္ဂ ဗျူဟာကိုအသုံးချခိုက် သတ္တိရှိရန် ၊ ဗျတ္တိရှိရန် သာလိုသည် ၊ ခန္တီပါရမီရှိနေချင်၍ မရ။ ထို့ကြောင့်ပါရမီ ဆယ်ပါးသည် တစ်ဘဝထဲနှင့်ကိစ္စပြတ်သော ခရီးမဟုတ်။ လေးသင်္ချေကျော်ကြာ၏။

ကတိသစ္စာရှိသောအခါ နွယ်မြက်တို့ပင်ဆေးဝါးဖြစ်နိုင်၏ ဟုဗုဒ္ဓစာပေကဆုံးမ၏။ မှန်ပါသည်၊ အမှန် တကယ် ကတိသစ္စာများတည်သောအခါ ဖြစ်နိုင်ပါသည်။သို့သော် ယနေ့ဆေးရုံဆေးခန်းများ၌ နွယ်မြက်များ ပေး၍ ဆေးမကုကြပါ။ ဤသည်မှာ လူနှင့်လူ့သစ္စာသာဖြစ်ပါသည်။

ကတိသစ္စာမဖောက်ဖူးသေးဟု ယုံကြည်ကြသူများ ဘုရားစကားကို နားထောင်ခြင်းအားဖြင့် နေထိုင်မကောင်း သောအခါ နွယ်မြက်များဖြင့် ကြိုးစားကုကြည့်နိုင်ပါသည်။ အမှန်တကယ် ကတိသစ္စာ မဖောက်ဖူးသူဖြစ်ပါက ဘုရားစကားမှားနိုင်စရာမရှိပါ ။ အကယ်၍ နွယ်မြက်ကမစွမ်းသော် ဘုရားစကားတော်ကို အပြစ်တင်မည့် အစားမတည်ဖြစ်ခဲ့သောမိမိတို့ကတိကို ပြန်ကြည့်ရမည်သာဖြစ်ပါသည်။ ဆရာဝန်ဆီသာ သွားလိုက်ပါ။

ပြောလိုသည်မှာလူကိုယ်ဆီ၌ တည်ခွင့်မရသောကတိတချို့ရှိနေတတ်သည် ဟုပင်ဖြစ်ပါသည်။
တည်ခွင့်မရသော ကတိနှင့် မုသာဝါဒမတူပါ။ မုသာဝါဒသည် ပြောစဉ်ကပင် စေတနာဆိုးဖြင့် ပြောခြင်းဖြစ်ပြီး ကတိသစ္စာတချို့ကတော့ ပြောစဉ်ကစေတနာကောင်းဖြင့်ပြောကြပါသည်။ သို့သော် ပေးမိသော ကတိသစ္စာ အားလုံး တည်နိုင်သူလဲရှားပါလိမ်.မည်။ တည်နိုင်လျှင်တော့ အကောင်းဆုံးဖြစ်ပါ၏။

ကိုယ်တိုင်တော့ ၂၀၀၀ ၀န်းကျင်က ရခဲ့သောကတိလေးခု တစ်ခုမှပြန်မရခဲ့ပါ။ ကိုယ်တိုင်ကတိတစ်ခု တည်ဖို့ နှစ်နှစ်ခန့်ကြိုးစားခဲ့ရဖူးသည်။ ကတိပေးခံရသူကပင် "Never Fulfill" ဟုပြောပါသည်။ သို့သော် ထိုတည်ခဲ့သောကတိသည် တည်ခွင့်မရခဲ့သောကတိလောက်ပင် ဘဝ၏ ကျေနပ်မှုကိုမပေးနိုင်။                                             

ကတိတည်ခြင်းကားကောင်း၏။ အနစ်နာခံ၍ ပင်တည်သင့်၏။ ထိုကတိတစ်လုံးအတွက် ဘဝနှင့်ယုံကြည်မှု ၊ ခံစားမှုစသည်တို့ကိုထိုးကျွေးလိုက်ရမည်လား ? လျှောက်မိသည့်လမ်းကို ထိုးကျွေးလိုက်ရမည်လား?

ဤကိစ္စများသည် ကိုယ်စီဖြေရမည့် ပြသနာများဖြစ်သည်ဟုယုံကြည်ပါသည်။
ပုထုဇဉ်သည် အရူးများဖြစ်သည်။ အထူအပါးသာကွာ၏။
            သို့သော်ဘဝကား   အရူးပြိုင်သောနေရာမဟုတ်။




သီဟနာဒ











Copyright © 2011 ကမ်းလက်. All rights reserved.