ကြွက်သေတစ်ကောင်နှင့်ခေတ်သစ်စီးပွားရေးမူ(၇)ချက်

 ၁။ (က)ကျွမ်းကျင်ပညာရှင်တို့၏စကားကို မှတ်သားတတ်ခြင်း။
    (ခ)အကျိုးအမြတ်မရှိလှဟု ထင်ရသော်လည်း ရဲရဲဝံ့ဝံ့လုပ်ကိုင်ရဲခြင်း။
ဇာတ်တော်ထဲလာလူငယ်သည် "ဤကြွက်သေကို အရင်းအနှီးပြု၍ စီးပွားရေးလုပ်စားတတ်လျှင် ကောင်းစွာချမ်းသာလိမ့်မည်" ဟူသောဘုရင့် ဘဏ္ဍာတော်ထိမ်း၏ စကားကို မှတ်သားခဲ့သည်။(က)
ထို့နောက် ကြွက်သေကိုကောက်ယူကာ မေးမြန်းစုံစမ်းခြင်းအနည်းငယ်ပြုက ကြောင်စာကျွေးသူများထံ တစ်ပြားဖြင့် ရောင်းပြီး သူ့စီးပွားရေးကိုစတင်ခဲ့သည်။(ခ)




၂။(က) သုံးသပ်ဆင်ခြင်မှု၌ ပါးနပ်ခြင်း။
    (ခ)  အရှုံးခံရင်းနှီးမှုကိုပြုလုပ်ပြီး ဆားဗစ်တန်ဖိုးကို မြှင့်တင်ခြင်း။
ကြွက်သေရောင်း၍ရသော တစ်သပြာသောငွေဖြင့် အိုးတစ်လုံးကိုဝယ်ယူခဲ့သည်။ အိုးကိုရေဖြည့်ပြီး ပန်းခူးရာမှ မောမောပန်းပန်းပြန်လာကြသောပန်းခူးသမားတို့ကို အေးချမ်းသောရေဖြင့် ဧည့်ဝတ်ပြုခဲ့သည်။(က)
ပန်းခူးသမားတို့က ကျေးဇူးဆပ်သ့်အနေဖြင့် သူ့ကိုပန်းများပြန်ပေးကြသည်။ ထိုပန်းများကိုပြန်ရောင်းပြီး ရှစ်ဆပိုသောဝင်ငွေကို ထပ်ရှာခဲ့ပြန်သည်။(ခ)




၃။(က) အခြားသူများက ပြဿနာထင်နေသော အခြေအနေကို အခွင့်အရေးတစ်ခုဟု သုံးသပ်နိုင်ခြင်း။
    (ခ) သူတစ်ပါးတို့ကို့ စည်းရုံးသိမ်းသွင်းနိုင်ခြင်း။

ဥုံ မဏိ ပဒ်မေ ဟုမ်( Om mani Padme Hum)

ဥုံ မဏိ ပဒ်မေ ဟုမ် ဆိုတာ သက္ကဋစကားဖြစ်ပြီး
မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကရုဏာကုကိုယ်စားပြုတဲ့
အဝလောကိတစွာရ ကို ဆုတောင်းအရိုအသေပြုတဲ့ စကားပါ။

ဒီစကားက ခရစ်ယန်တွေရဲ့ "Praise the Lord" နဲ့
မွတ်စလင်တွေရဲ့ " God is Great!" နဲ့ ဆင်ဆင်တူပါတယ်။

ဒီစကားကို သက္ကရစ် လေးရာစုနဲ့ ခွန်နှစ်ရာစု ကြားမှာပေါ်ထွက်ခဲ့တဲ့
Karandavyaha Sutra ထဲမှာ ပထမဆုံးတွေ့ခဲ့ရတာပါ။
ဒါပေမဲ့ ဒီစကားကို သုံးစွဲနေကြတာကတော့ ဒီထက်အများကြီးရှေးကျပါတယ်။

အဲဒီစကားခြောက်လုံးထဲမှာ ဥုံ နဲ့ ဟုမ်က အဓိပ္ပာယ် ထွေထွေထူးထူးမရှိပါဘူး၊
ma ni pad me လေးလုံးက ရတနာရွှေကြာ လို့အဓိပ္ပာယ်ရပါတယ်။
အဝလောကိတစွာရ ကိုညွှန်းဆိုတယ်လို့ ဆိုရင်လည်းရပါတယ်။

ဥုံ မဏိ ပဒ်မေ ဟုမ် ဆိုတာအဝလောကိတစွာရဆီက အကူအညီတောင်းတာ၊
ကရုဏာဂုဏ်ကိုကြည်ညိုတာ၊အနုဿတိပွားများတာ အထိ အဓိပ္ပာယ်ရှိပါတယ်။
A Guide to Buddhism A to Z.



Copyright © 2011 ကမ်းလက်. All rights reserved.

မပြုံးရက်ခဲ့သော ပြုံးဖွယ်များ

           အကြောင်းမသိသော် ရိုက်ချင်စရာပင်ကောင်းသေး၏။ သူတို့မေးလိုက်ပုံက “ ဦးနု နေကောင်းသလား” တဲ့။ ဘယ်က ဦးနုလည်းဟု ဆက်မေးရာ ကျုပ်တို့ကို အဝတ်အစားတွေ၊ စောင်တွေ၊ ဆီ၊ ဆန်၊ ဆားတွေပေးတဲ့ ဦးနုပေါ့တဲ့။ သို့မှ စဉ်းစားမိသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းကြီး ဦးနုကို မေးနေကြခြင်းတည်း။ ထိုမြို့ကလေး၌ ဦးနု စိုက်ပေးခဲ့သော ညောင်ပင်လည်းရှိ၏။

           ဦးနုလာစဉ် ကျုပ်တို့အားလုံး ဗုဒ္ဓဘာသာလုပ်ခဲ့ကြသည်။ သူမလာတာကြာတော့ ကျုပ်တို့တစ်ရွာလုံး ခရစ်ယာန်ပြောင်းလိုက်ကြပြီဟု ဆိုကြပြန်၏။ မည်သို့ပင်ဖြစ်စေ ဦးနုအကြောင်းကို ဒဏ္ဍာရီဆန်ဆန် တစ်ယောက်ကိုတစ်ယောက် ပြောရစ်၊ မှာရစ်ကြသည်ဟု ထင်သည်။ အမှန်ဆိုရမူ ကိုယ်တိုင်ပင် ဦးနုကို ဝေဝါးဝါး။ သမိုင်းသာ သိသည်၊ လူကို မသိ။ သူတို့က အစိုးရအဆက်ဆက်ပြောင်းသည်ကိုပင် မသိကြ။ ဦးနုရှိဆဲ၊ အသက်ရှင်ဆဲ၊ ဦးနု အစိုးရ အုပ်ချုပ်ဆဲဟုပင် ထင်နေကြသည်။

           ထို့ကြောင့် ဦးနုက စောင်တွေ၊ အဝတ်အစားတွေ မပေးတာကြာပြီ-တဲ့။

           ကဲ- ဘာပြောရန်ရှိပါသေးသနည်း။ ထိုသူများကား နာဂတောင်ပေါ်မှ နာဂများသာတည်း။( ၁၉၉၇-၉၈ က ဖြစ်သည်)

           ရဲသားငါးယောက်၊ စခန်းမှူးတစ်ယောက်၊ တပ်စိတ်တစ်စိတ်၊ ရဟန်းတစ်ပါးတို့ နာဂတောင်ပေါ် ကျောပိုးအိတ်ကိုယ်စီဖြင့် တက်ခဲ့ကြသည်။ စစ်သားများနှင့် ရဲသားတို့က အတွေ့အကြုံရှိကြသဖြင့် တစ်ဖောက်ဖောက်ဖြင့် တက်သွားကြလေတော့၏။

           ဝဝဖိုင့်ဖိုင့် ရဲစခန်းမှူးနှင့် ပိန်ပိန်လှီလှီရဟန်းတို့ကမူ သူတို့ခြေရာကို မှီအောင်မလိုက်နိုင်ကြ။ နောက်ကျ ကျရစ်ခဲ့လေတော့၏။

           နာဂအမျိုးသမီးနှစ်ယောက်က စစ်သားများနှင့် ရဲသားများအသံကိုကြားပြီး ချုံထဲဝင်၍ ပုန်းနေကြဟန်ရှိ၏။ ထိုအသံများ တိတ်ဆိတ်သွားပြီး ချုံထဲမှ ထွက်လာဖို့ ပြင်ဆင်ကြဟန်ရှိ၏။ ထိုအခါ စခန်းမှူးနှင့် ရဟန်းတစ်ပါးလာနေကြောင်း သိရပြန်သောအခါ အလောတကြီး ချုံထဲပြန်ဝင်ကြပြန်၏။ မျက်စေ့လျင်သော စခန်းမှူးက ချုံပုတ်လှုပ်နေသည်ကို မြင်လျှင်မြင်ချင်း ခါးကြားက ခြောက်လုံးပြူးကို ထိုးချိန်ကာ-
           “ ထွက်ခဲ့၊ ထွက်ခဲ့” ဟု အမိန့်ပေးလေတော့၏။

          သေနတ်ကိုကြောက်စရာဟုသိသော၊ ကြောက်ကြောက်နှင့် ချုံထဲပုန်းနေရှာသော အမျိုးသမီးနှစ်ယောက် ချုံထဲမှ ထွက်လာခဲ့တော့သည်။

           မျက်စိများ ပြာဝေသွား၏။ ခန္ဓာကိုယ်တစ်ခုစလုံး မဆိုစလောက်ကလေးသာ ဖုံးအုပ်ထား၏။
           ခရီးပန်းလာသောစခန်းမှူးက ထိုအချင်းအရာကို မြင်သောအခါ-
           “ဟာ- ဒီကောင်မတွေ၊ သေတော့မှာပဲ။ ခရီးပန်းလာရတဲ့အထဲ- သွားကြ၊ ထွက်သွားကြ” ဟု အော်ငေါက်လေတော့၏။

          မြန်မာစကားမတတ်ရှာသော ယင်းဒကာမနှစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့၏။ မြန်မာစကားတတ်လျှင်ပင် ဘာလုပ်ရမှန်းသိမည်တော့မထင်။ ထွက်ခဲ့ဆို၍ ထွက်ခဲ့ရ၏။ ထွက်လာပြန်တော့လည်း ထွက်သွားကြဟု ဆိုပြန်သေးသည် မဟုတ်ပါလော။

           ဒါနဲ့ပင် ရဟန်းဝင်ရတော့၏။

           သူတို့ကို ပြုံးပြ၊ စခန်းမှူးကို ရှင်းပြကာ အိတ်ထဲမှာပါသော ချိုချဉ်ခေါ် သကြားလုံးလေးများကို ထုတ်ပေးရ၏။ သူမတို့က စားစရာမှန်းသိသော်လည်း မည်သို့စားရမှန်းမသိ။ ထို့ကြောင့် အခွံကိုခွါ၍ လက်ထဲထည့်ပေးဖို့လုပ်စဉ် လက်မဖြန့်ပဲ ပါးစပ်ဟပေးလေတော့၏။ မတတ်နိုင်၊ သူတို့ ပါးစပ်ထဲ သကြားလုံးထည့်ပေးလိုက်ရတော့၏။

           အမျိုးသမီးများကို သကြားလုံးခွါ၍ ခွံ့ကျွေးရသော ရဟန်းတစ်ပါး၏ပုံရိပ်ကား အနည်းငယ် ရိုမစ်တစ်ဆန်သွားနိုင်၏။ မတတ်နိုင်၊ ခွံ့လိုက်ရ၏။ ခဏကြာသော် ပြုံးပြီး ကောင်းသည်ဟု နားလည်ရနိုင်သည့် တုန့်ပြန်မှုကို ရရှိခဲ့သည်။ ပြုံးမိကြ၏။

           ထိုအမျိုးသမီးနှစ်ယောက်အတွက် ထိုရဟန်းပင် ဦးနုဖြစ်နိုင်သေး၏။

           ဘဝ၌ ခေါင်းမာသူများ တွေ့ဖူး၏။ ထိုအချိန်အထိ တင်ပါးမာသူများကိုမူ မတွေ့ဖြစ်ခဲ့ချေ။ အမှန်ပင် တင်ပါးမာကြ၏။

           ကျန်းမာရေးမှူးရောက်ခိုက် လူတစ်ယောက်နေမကောင်းသဖြင့် လာပြ၏။ ကျန်းမာရေးမှူးက ဆေးထိုးဖို့လုပ်၏။ ထိုလူ၏ တင်ပါးကား အသားမာများဖြင့် တင်းနေသဖြင့် ဆေးထိုးအပ်မတိုး။ ဇွတ်အတင်း ဆေးထိုးသော် ရနိုင်၏။ သို့သော် အပ်ကျိုးကျန်ခဲ့လျှင် ပြဿနာ။ ထိုစဉ်-

           အခြားလူတစ်ယောက်က သူ့ခါးမှာပါသော ဓားဖြင့် အသားမာတစ်ချို့ကို ခြစ်ပေး၏။ သွေးအနည်းငယ် စို့သွား၏။ အဲဒီနေရာမှာ ဆေးထိုးဟု ထိုလူကပြော၏။ ထိုအခါမှ ဆေးထိုးခြင်းကိစ္စ ပြီးသွားတော့သည်။

           ဟုတ်ပါ့မလားဟု အချို့က သံသယရှိနိုင်၏။ မြင့်မားမတ်စောက်သော တောင်ဆင်းလမ်းများ၌ ကလေးငယ်များ လျောစီးဖို့လုပ်ထားသည့် လျောစင်နှင့်တူသော အဆင်းလမ်းများရှိသည်။ ထိုကဲ့သို့ ချောမွေ့နေခြင်းမှာ အဆင်းတွင် လူအောက်တစ်ခုခုခံပြီးထိုင်ရင်း လျောချလိုက်ကြသည်။ လမ်းလျှောက်ဆင်းခြင်းထက် မြန်သည်ဟူသတတ်။ ထို့ကြောင့် အချို့သူများ၏တင်ပါးများ မာနေခြင်း ဖြစ်ပေတော့၏။ ဤကိစ္စကို မပြုံးရက်။

          ဒေသခံများနှင့် အတန်ငယ်ရင်းနှီးမှုရလာသောအခါ-

           လူတစ်ယောက်အသားတုံးကြီးဆွဲကာ ဝါးကျောင်းလေးထဲ ဝင်လာ၏။
           ဘာ့ကြောင့်လဲ၊ ဘာအတွက်လဲဟုမေးရာ ဟင်းရတိုင်း ရွာလူကြီးကိုတစ်တွဲ၊ ရွာဘုန်းကြီးကိုတစ်တွဲ ဦးဦးဖျားဖျားပေးရသည့် ယဉ်ကျေးမှုရှိ၏။ သို့မှသာ ဘေးရန်ကင်း၏၊ သားကောင်လိုက်ရတာလွယ်၏ဟု ရှင်းပြကြ၏။ ဦးဦးဖျားဖျားပေးလှူခြင်းကား ကောင်းပါ၏။ အသားက သွေးတရဲရဲ။ နောက်နောင် သားကောင်ရှာရလွယ်အောင်ဟု ဆိုပြန်သေး၏။ မတတ်နိုင်၊ ယူခဲ့ရ၏။ သူတို့နှင့် မိတ်ပျက်၍မရ။ ငါးပါးသီလ ပြောခွင့်မသာ။

           တဖြည်းဖြည်းနှင့် ကျောင်းနေကျောင်းသားလေးတစ်ယောက်ပင် ရလာခဲ့၏။ သူ၏ တူမီးသေနတ်ကိုလည်း ကျောင်းထောင့်မှာ ထောင်ထား၏။ မင်းတူမီးသေနတ်ကြီး မယူခဲ့နဲ့ဆိုလျှင် ၎င်းကျောင်းသားပါ ပျောက်သွားမှာ စိုးရိမ်ရ၏။

           တစ်ညနေတွင် ဇီးကွက်တစ်ကောင်ကိုပစ်ရန် သူ့လက်စွဲတော် တူမီးသေနတ်ကိုယူပြီးမှ ပြန်ချလိုက်၏။ လေးခွကို ကောက်ကိုင်၏။

           “ ဘာဖြစ်လို့လဲ”
           “ ဒီကောင်က နတ်ကြီးတယ် ဘုန်းဘုန်း။ တူမီးသေနတ်နဲ့ပစ်ရင် မီးမကူးတတ်ဘူး”
           “ လေးဂွနဲ့ ဆိုရင်ကောကွာ”

           “လေးဂွက မီးကူးစရာမလိုဘူး၊ လေးဂွနဲ့ ပစ်ရင် ဒီကောင် နတ်မကြီးနိုင်တော့ဘူး” ဟုဆိုကာ ပြောရင်းဆိုရင်း ပစ်ထည့်လိုက်၏။ မှန်သည်။ ဇီးကွက် နတ်မကြီးနိုင်ရှာ။ ဖုတ်ကနဲ ကျလာ၏။ မကြည့်ရက်က မျက်စိလွှဲယုံသာ။ ဤသို့ဖြင့်ပင် နာဂတောင်၌ သုံးနှစ်ကြာခဲ့ရသေး၏။

အမှာ။         ။ အချို့ကား ကိုယ်တွေ့ဖြစ်ပြီး အချို့ကား ရှေ့ကရောက်နှင့်နေသော မိတ်ဆွေရဟန်း၏ အတွေ့အကြုံများ ဖြစ်ကြသည်။





သီဟနာဒ











Copyright © 2011 ကမ်းလက်. All rights reserved.

အဖြစ်အပျက်နဲ့ အပျက်အဖြစ်

 "အဖြစ်+အပျက်+အဖြစ်+အပျက်+အဖြစ်+အပျက်+အဖြစ်+အပျက်+"
"သံဝေဂဉာဏ်ရဖို့ဆိုရင် အဖြစ်+အပျက် ကိုရှုရတယ်။
လောကီကြီးပွားဖို့ဆိုရင်အပျက်+အဖြစ် ကိုလည်းရှုရတယ်၊
ဒါမှအပျက်ကိုမမှုတော့တာ။

ပျက်ပါစေပေါ့၊
ပျက်ပြီးရပ်နေတာမှမဟုတ်တာ၊
ဖြစ်ဖို့ပျက်ပေးရတာ။

ဘုန်းကြီးတို့ မလေးရှားမှာမနေရတော့ အမေရိကကိုရောက်သွားရော။
အမေရိကကိုရောက်ဖို့ကို မလေးရှားမှာနေလို့မရတော့တာ။
အဖြစ်နဲ့အပျက်ပဲရှုရင် ၅၀ ရာခိုင်နှုန်းပဲမှန်တယ်၊
အပျက်အဖြစ်ပါရှုမှ ရာနှုန်းပြည့်တယ်။"

(မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်၍ပေးခဲ့သော ပီနန်ဆရာတော်ကြီး၏ဩဝါဒမှ)





Copyright © 2011 ကမ်းလက်. All rights reserved.

ဘာသာစကားနှစ်ခုပြောခြင်းက အတိတ်မေ့ရောဂါကို ကာကွယ်နိုင်

ဘာသာစကားနှစ်ခုပြောနိုင်ခြင်းက အကျိုးကျေးဇူးများစွာရှိနိုင်ကြောင်း ယနေ့ ဂလိုဘယ်လိုက်ဇ် ကမ္ဘာ၌
ပြောဖွယ်ပင်မလိုတော့။ လတ်တလော သိပ္ပံပညာရှင်များတွေ့ရှိချက်အရ လူထုဆက်ဆံရေးထက် များစွာပိုလွန်နေကြောင်း တွေ့ရှိကြသည်၊ဘာသာစကားနှစ်ခုပြောနိုင်ခြင်းက ပို၍စမတ်ဖြစ်နိုင်သည်။ ကျိုးကြောင်းဆက်စပ်မှုတို့၌ ပို၍တော်စေပြီး အသက်ကြီးသောအခါ ဖြစ်တတ်သော အတိတ်မေ့ရောဂါကိုပင်ကာကွယ်နိုင်သည်ဟု ဆိုကြသည်။

ယနေ့တွေ့ရှိမှုသည် ၂၀ ရာစုကတွေ့ရှိမှုနှင့် ခြားနားလျက်ရှိသည်။ ၂၀ ရာစုကတွေ့ရှိမှုအရ ဘာသာစကားနှစ်ခုပြောခြင်းက ကလေး၏ဦးနှောက်ဖွံဖြိုးမှုနှင့်ပညာရေးကို အဟန့်အတား(သို့) ထိခိုက်စေနိုင်သည်ဟုဖြစ်လေသည်။

သူတို့ဆိုလိုသည်လည်း မှားတော့မမှားပေ၊ ဘာသာစကားနှစ်ခုပြောနိုင်သူက တစ်ဘာသာဖြင့် စကားပြောခိုက် အခြားဘာသာစကားနှင့်စပ်သော ဖန်ရှင်များလည်း အလုပ်လုပ်လျှက်ရှိသည်။ ထို့ကြောင့် ဖန်ရှင်တစ်ခုကိုတစ်ခု အဟန့်အတားဖြစ်စေသည်။ သို့သော် ဤသို့ဖြစ်ခြင်းက အဆိုးထဲက အကောင်းပင်ဖြစ်ကြောင်း ယနေ့တွေ့ရှိခဲ့ကြသည်။ ဤသို့ဖြစ်ခြင်းကဦးနှောက်ကို ပို၍အလုပ်လုပ်စေပြီး ဆက်စပ်သိမြင်နိုင်မှုတို့၌ အကူအညီများစွာရနိုင်သည်။

ကလေးသူငယ်များအတွက် ဘရိန်းဂိမ်းများ ကစားရာ၌ ဘာသာစကားနှစ်ခုပြောနိုင်ခြင်းက တစ်ခုသာပြောနိုင်သောကလေးများထက် များစွာသာလွန်ကြောင်းတွေ့ရှိရသည်။ ဤအချက်ကို စိတ်ပညာရှင်များဖြစ်ကြသည့် Ellen Bialystok နှင့် Michelle Martin-Rhee တို့ကဘာသာစကားနှစ်ခု ပြောနိုင်သော ကလေးများနှင့်တစ်ခုသာပြောနိုင်သောကလေးများ အကြားစမ်းသပ်ခဲ့ခြင်းဖြစ်သည်။


ရှာဖွေတွေ့ရှိမှုများကို ခြုံငုံသုံးသပ်ကြည့်ရာ ဘာသာစကားနှစ်ခုပြောနိုင်သူက အစီအစဉ်ရေးဆွဲခြင်း၊ ပြဿနာဖြေရှင်းခြင်း နှင့်အခြားဦးနှောက်သုံးလုပ်ရသော အလုပ်များ၌ သာလွန်ကြောင်းတွေ့ရှိကြသည်။အခြားကိစ္စများကိုဘေးထားပြီး အလုပ်တစ်ခုထဲ၌အာရုံစိုက်နိုင်ခြင်း၊ စိတ်ထဲမှ တစ်ခုခုမှတ်ထားစဉ် အာရုံတစ်ခုမှ အခြားအာရုံတစ်ခုသို့ ကူးပြောင်းနိုင်ခြင်း၊ ကားမောင်းနေစဉ် ခရီးစဉ်ကိုကြိုတင်တွက်ချက်တတ်ခြင်းတို့ပါဝင်လေသည်။

ဤကိစ္စက ဆက်စပ်တွေးတောမှု၌ အဘယ်ကြောင့် ဤမျှခြားနားရေသနည်း။

လတ်တလောမတိုင်မီအထိ တွေ့ရှိမှုအရ အာရုံနှစ်ခုပြိုင်လာသောအခါ ဘရိန်းစစ်စတန် တစ်ခုက အခြားစစ်စတန်တစ်ခုကို ဘေးဖယ်ထားနိုင်ခြင်းကြောင့် ဘာသာစကား နှစ်ခုပြောသူက ဘာသာစကားတစ်ခုပြောသူထက် သာလွန်တတ်ကြောင်းရှင်းပြခဲ့ကြသည်။ ဤရှင်းပြချက်က ယနေ့မလုံလောက်တော့ပေ။ အဘယ်ကြောင့်ဆိုသော်အာရုံနှစ်ခု ပြိုင်မနေသောအလုပ်များ၌ပင် ဘာသာစကားနှစ်ခုပြောသူက ဘာသာစကားတစ်ခုပြောသူထက် သာလွန်နေသောကြောင့်ဖြစ်သည်။
ဘာသာစကားနှစ်ခုပြောသူနှင့် ဘာသာစကားတစ်ခုပြောသူတို့ကြား ခြားနားချက်က ထိုထက်အခြေခံကျသည်။

"ဖခင်နဲ့ ဘာသာတစ်ခုပြောပြီးမိခင်နဲ့အခြားဘာသာကိုပြောရမဲ့သူဟာ ပတ်ဝန်းကျင်ကိုပိုပြီး အလေးထားရပါတယ်၊ ဦးနှောက်ကိုချက်ချင်းအာရုံပြောင်းပြီး အလုပ်လုပ်ရပါတယ်၊ ဒါကြောင့် ကားမောင်းနေစဉ်မှာခရီးကိုကြိုတင်တွက်ဆခြင်းစတဲ့ ဝန်းကျင်နဲ့ဆိုင်တဲ့ကိစ္စတွေမှာပိုတော်နေတာပါ" လို့ စပိန်နိုင်ငံ၊Pompea Fabra တက္ကသိုလ်၊သုတေသနပညာရှင် Albert Costa ကရှင်းပြပါသည်။

အီတလီ၊ ဂျာမန်ဘာသာစကားနှစ်ခုပြောသည့်အုပ်စုနှင့် အီတလီဘာသာစကားတစ်ခုသာ ပြောတဲ့အုပ်စုကို နှိုင်းယှဉ်လေ့လာရာမှာ ဘာသာစကားနှစ်ခု ပြောသည့်အုပ်စုက ပါဖောင်းမင့်မှာ
သာရုံတင်မကပဲ ဦးနှောက်အလုပ်းပေးရမှုနည်းပြီး အလုပ်လုပ်ရာမှာလည်းပိုပြီး ထိရောက်မှုရှိကြောင်း သူကရှင်းပြခဲ့သည်။

ဘာသာစကားနှစ်ခုပြောတဲ့အလေ့အကျင့်က ကလေးဘဝကနေ သက်ကြီးရယ်အိုအထိ အကြုံးဝင်ပါသည်။ (ကြီးမှ အခြားဘာသာကို လေ့လာသူတွေလည်း အကြုံးဝင်တယ်လို့ယူဆရပါတယ်)
အီတလီနိုင်ငံ၊ အင်တာနေရှင်နယ် အထက်တန်းကျောင်းမှ ပညာရှင် Agnes Kovacs ကလည်း ဤနှစ်စုကိုအခြေခံပြီးသုတေသနပြုခဲ့သည်။ သူ့အဆိုအရ ဘာသာစကားနှစ်ခုပြောတဲ့ကလေးများက အခြားကလေးတွေထက်အာရုံအပြောင်းအလဲလုပ်ရာနဲ့ ဒါရိုက်ရှင်မှတ်သားတဲ့နေရာတွေမှာ သာလွန်နေကြောင်းသိရသည်။

ဤလေ့လာမှု သုတေသနအရ တတိယအရွယ်မှာလည်း အကျိုးကျေးဇူးကြီးကြောင်း သိရပြန်သည်။

San Diego မှာရှိသည့် California တက္ကသိုလ်က  စပိန်၊ အင်္ဂလိပ်ဘာသာစကား နှစ်ခုပြောသည့် ဦးနှောက်နဲ့အာရုံကြောပညာရှင် Tamar Gollan ဦးဆောင်သည့် လေးဆယ့် လေးယောက်ပါဝင်သော သိပ္ပံပညာရှင်များ၏ တွေ့ရှိမှုအရ အဆင့်မြင့်ပညာများကို ဘာသာစကား နှစ်ခုဖြင့် ကျွမ်းကျွမ်းကျင်ကျင်တတ်ထားလျှင် ဘာသာနှစ်ခုစလုံးမှာ အကျိုးသက်ရောက်မှုရှိပြီး အတိတ်မေ့ရောဂါနဲ့အခြားသော အာရုံကြောဆိုင်ရာ ရောဂါများကို ပိုပြီးကာကွယ်ထားနိုင်ကြောင်း သိရသည်။ပညာအဆင့်အတန်းမြင့်လေလေ အသက်ကြီးသောအခါ အကျိုးသက်ရောက်မှု ရှိလေလေဖြစ်သည်။

ဘာသာစကားနှစ်ခုပြောနိုင်ခြင်း၏ အားသာချက်ကို လူတိုင်းလက်ခံကြသော်လည်း ကျွန်ုပ်တို့ကြားနေ၊ ပြောနေကြသည့် စကားလုံးများ၊ ဝါကျများက ဒီမျှ အကျိုးရှိလမ့်မည်ဟုတော့ မည်သူမှမစဉ်းစားမိခဲ့ကြသေးပေ။

NEW YORK TIMES SYNDICATE
Original story >> Why Bilinguals Are Smarter


ဇင်ဝေသော်








Copyright © 2011 ကမ်းလက်. All rights reserved.