ဘာသာရေးလား နိုင်ငံရေးလား

 
တစ်ခါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒကာကြီးတစ်ယောက် စင်္ကာပူလာ၍ ဆေးကုသမှုခံယူ၏။ ကြားသိရသမျှသတင်းမျာအရ သူ့ရောဂါက လွန်နေပြီဖြစ်သည်။ထောင်ထဲ၌ နှစ်ရှည်လများ နေခဲ့ရပြီး ဟုတ်တိပတ်တိ ဆေးကုသမှူလည်း ခံယူခဲ့ရဟန်မတူပေ။ရှိစေတော့၊ဤကိစ္စ။ စင်္ကာပူရောက်ပြီး ရက် အနည်းငယ်အကြာတွင် ထိုဒကာကြီး ဆုံးပါးသွားရှာလေတော့သည်။ ရေးလိုသောအကြောင်း အခုမှ စ ရတော့ မည်။

ထိုဒကာကြီး ၏ ဈာပန၌ အသုဘရှုကြွရောက်ရေးကိစ္စဖြစ်သည်။ စောစောကတော့ ဘာသိဘာသာပင်၊ နောက်မှ ရင်းနှီးသောဒကာ၏ လျှောက်ထားချက်အရ အသုဘရှုကြွရန် ရဟန်းတော် အခက်အခဲရှိနေကြောင်း သိခဲ့ရ တော့သည်။ ထိုဒကာကလည်း လူရင်းတွေဖြစ်သဖြင့် "အရှင်ဘုရားကတော့ ကြွမှကိုဖြစ်မယ်" ဟု လေသံပြင်းပြင်း ပင့်ဖိတ်လေတော့သည်။

အမှန်ပင်စိတ်မကောင်းဖြစ်မိ၏။ ထို့ကြောင့် မဖြစ် ဖြစ်အောင်ကြွခဲ့မည်ဟု အာမခံလိုက်သည်။ ထိုနောက်  မတ်ဆွေရဟန်းကို  ဖုန်းဆက်ရာ မင်းသွားရင် ငါလည်းလိုက်ရမှာပေါ့ ဟူသော သေဖော်သေဖက်စကား ပြန်ရခဲ့သည်။ အဆင်ပြေသွား၏၊ အနည်ဆုံး နှစ်ပါးတော့ရပြီ။ ခက်သည်က ဤကိစ္စမျိုးက တိုင်ပင်၍မကောင်း၊ အဖော်ညှိ၍မကောင်းဖြစ်သည်။

"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" ဟုဆိုလိုက်သည်နှင့် "အသုဘ" ကိစ္စပြောက်ခါ "နိုင်ငံရေး" ဟူသောအသွင် ပြောင်းသွားတတ်ပြန်သည်။ မတတ်နိုင်၊ သွားတော့သွားရမည်။ အမှန်မူ ထိုနေ့က ပါဠိကောလိပ် သင်တန်း ရှိသည်။ သို့သော် သင်တန်းတစ်နာရီနှင့် လူတစ်ယောက်၏ နောက်ဆုံးခရီး ဘယ်ဟာကပိုအရေးကြီသည်ကို လူတိုင်းသိ၏

စဉ်းစားမိသည်၊ သေဆုံးသူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်းဖြစ်သည်။ အသုဘရှုရန် သံဃာတစ်ပါးမှမကြွသော် (မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ)  အရုပ်ဆိုး၏၊ရင်နင့်ဖွယ်ကောင်း၏။ သံဃာများလည်း သိက္ခာကျ၏၊ ရှက်ဖွယ်ဖြစ်၏။ (သဘောမတူက အငြင်းမပွားလို)ထို့ကြောင့် မဖြစ် ဖြစ်အောင်ကြွခဲ့မည်ဟု အာမခံလိုက်ခြင်း ဖြစ်သည်။

မိတ်ဆွေရဟန်း၊ အခြားအာဂန္တုတစ်ပါးနှင့် သုံးပါး ပင်နီဆူလာမှ မန်ဒိုင်းသို့ ထွက်ခဲ့ကြသည်။ မဆိုးပါ၊ လိုက်ပါပို့ဆောင်သူ တော်တော်များများရှိသည်။ တရားဟော ရေစက်ချရန် အချိန်ရောက်သောအခါ ကင်မရာမီး၊ ဗွီဒီယိုမီးများ တလက်လက်ရှိနေတော့သည်။ ဓာတ်ပုံနှင့် ဗွီဒီယိုများယနေ့ည မီဒီယာပေါ်သို့ရောက်ပေတော့မည်။ ဤခေတ်က  မီဒီယာခေတ်၊ မီဒီယာကိုတားမရ။

စောစောက ပြောခဲ့သလိုပင် "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" ဟူသောအမည်ကြောင့် "အသုဘ" တစ်ခုသည်  "နိုင်ငံရေး" ဟူသော ခေါင်စဉ်အောက်၌ မရိုးမယဉ် ပြန့်နှံ့သွားလေတော့၏။ တို့တော့ ရှင်းစရာလေးတွေရလာတော့မယ် ဟု ရယ်စရာပြောမိကြသေး၏။

အမှန်ပင်ရခဲ့ပါ၏၊ နောက်မှဆက်ပါမည်။
ဒုတိယကိစ္စက မြန်မာနိုင်ငံဆိုင်ရာ သံရုံး၌ မဲပေးကြသောနေ့ကဖြစ်သည်။ ညနေ သုံးနာရီလောက်ရောက်သော် ထို ဒကာကပင်အလောတကြီးဖုန်းဆက်ပြန်၏။ မြန်မာလူငယ်(၂၀၀၀)ခန့် သံရုံးရှေ့၌ မဲပေးရန်စောင့်နေကြသည်၊ သို့သော် လူတစ်ယောက် မဲပေးလျှင်(၁၅)မိနစ်ခန့်ကြာသဖြင့် တစ်နာရီကြာမှ လေးယောက်၊ အလွန်ဆုံး ငါးယောက်သာ  မဲပေးလို့ရသည်၊ ထို့ကြောင့် လူငယ်အများစုက အရမ်းဒေါသဖြစ်နေကြသည်။ စင်္ကာပူ ရဲသား၊ ရဲကားမျာကလည်း အဆင်သင့်စောင်ဆိုင်းနေကြသည်။ ပြဿနာတစ်ခုခုဖြစ်လျှင် ထိန်းမရ သိမ်းမရဖြစ်ကာ အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မည်ဟု အလောတကြီးပြောလာပြန်သည်။ ဦးဇင်းတို့က ဘာလုပ်ပေးနိုင်မှာမို့လဲ ဟုမေးရာ ဘာမှလုပ်စရာမလိုပါ၊ အရှင်ဘုရားနဲ့ အခြားဆရာတော်တစ်ပါးကြွလာပြီး မျက်နှာပြပေးရုံပါ။ လူငယ်များကိုဒီနည်ဲး့နဲ့လာထိန်းပေးပါ။ အရှင်ဘုရားတို့ကိုမြင်ရလျင် သူ့တို့ဒေါသအတန်ငယ်ပြေနိုင်ပါသည်။ မိမိတို့နိုင်ငံသားများ ဒုက္ခမရောက်မီ ကြိုတင်၍ ကာကွယ်ပေးပါ ဟု သူကဆိုသည်။

စဉ်းစားစရာရှိသောကိစ္စဖြစ်သည်။ ယမန်နေ့ကမှ ဂျပန်နိုင်ငံ၌ ဂျပန်ရဲများနှင့် မဲပေးလာသောမြန်မာများ ရိုက်ကြနှက်ကြဖြစ်သဖြင့် ခေါင်းပေါက်သူပေါက်၊ ဆေးရုံရောက်သူရောက်၊အချုပ်ခန်းထဲရောက်သူရောက် ဝမ်းနည်းဖွယ်သတင်းဖတ်ခဲ့ရသည်။ ဤကိစ္စမျိုး စင်္ကာပူမှာဖြစ်လျှင်စင်္ကာပူဥပဒေအရ ပိုအထိနာနိုင်သည်။ စင်္ကာပူဥပဒေက ပို၍လက်သံပြောင်သည်။

ထို့ကြောင့် ကြွလိုကကြွ ၊မကြွလိုကနေ ၊ စင်္ကာပူအခြေစိုက် သံဃာအားလုံးကို ပင့်သင့်ကြောင်း ကိုယ်တိုင်ကတော့ ထို(သူတို့ညွှန်းဆို ပင့်ဖိတ်သော) ဆရာတော်နှင့်အတူ ကြွမည်ဟု ကတိပေးလိုက်သည်။

စင်္ကာပူရဲလည်း ခေါင်းမကွဲစေလို၊ ကိုယ့်လူမျိုးလည်း အချုပ်ကျ ကြိမ် အရိုက်ခံ မဖြစ်စေလို၊ မြန်မာသံရုံးလည်း ခဲအထိမခံစေလို။

သို့ဖြင့်ပင် ရောက်သွားခဲ့ကြရပြန်၏။

ရဟန်းသုံးပါးကို မြင်ခိုက် မြန်မာလူငယ်များက လက်အုပ်ချီကြ ၊ ထိုင်ဝတ်ချကြ၏။ မဆိုးဟုထင်သည်။ လူအုပ်ကြီး အတန်ငယ် ငြိမ်သက်နေသည်။

အဆိုးဆုံးက စောစောကပြောခဲ့သော မီဒီယာတည်း။

ချင်နယ် နယူးအေးရှားမှ လူများရောက်လာပြီး မေးကြတော့၏။ မြန်မာလူထုအပေါ် ရဟန်းတော်များ၏ သြဇာသက်ရောက်မှု၊ အဘယ်ကြောင့် သံဃာတော်များ ဤမဲပေးရာကြွလာကြသနည်း ၊ စသော မေးခွန်းများတည်း။ ပြောသောစကားက အင်္ဂလိပ်ဖြစ်နေ၍ ညီတော် နောင်တော်များက ချစ်ခြင်းတရားကြီးစွာ မိမိကို ရှေ့တင်ကြတော့သည်။

မတတ်နိုင်၊ ဖြေရတော့သည်။

ရဟန်းတော်များရောက်လာခြင်းက လူအုပ်ကြီးကို အနည်းငယ်ငြိမ်သက်စေရန်၊ စင်္ကာပူ၏ တည်ဆဲဥပဒေတို့ကို လေးလေးစားစား လိုက်နာကြဖို့ သတိပေးရန်၊ မနေ့ကဂျပန်မှာဖြစ်သော ကိစ္စမျိုး စင်္ကာပူမှာ မဖြစ်စေရန်၊ မိမိမြန်မာနိုင်ငံရေးအတွက်စင်္ကာပူ၏ ပြည်ထဲရေးကို မထိပါးမိကြစေရန် စသည်တို့ကို ပြောဆိုဖို့ ရောက်လာရခြင်းဖြစ်ကြောင်း ရှင်းပြရသည်။

ကိုယ်က နိုင်ငံရေးမပါအောင် ဖြေသည်ကိုပင် ထိုမီဒီယာက နိုင်ငံရေးနှင့်ဆိုင်သော မေးခွန်းကို မေးဖြစ်အောင် မေးသည်။

ရဟန်းတော်များ မဲပေးခွင့်ရှိသလား။ (ရဟန်းတော်များမှာ မရှိ)
ဘယ်ပါတီကို ကြိုက်သလဲဟူသော မေးခွန်းနှစ်ခုမေးသည်။

မခက်လှပါ။ နိုင်ငံတော်နှင့် ပြည်သူလူထုကို တိုးတက်ကြီးပွားအောင် လုပ်ပေးနိုင်သော ပါတီကို ကြိုက်ပါသည်။ နာမည်များကို မကြိုက်ပါ - ဟုပြောလိုက်သည် ။ ဘာမှ ပြဿနာ မဟုတ်ပါ။

ပြဿနာက ညမှ ဖြစ်တော့သည်။ ထိုချင်နယ်နယူးအေးရှားက ၎င်းသတင်းကို ဗွီဒီယိုများဖြင့် ဝေေ၀ဆာဆာ ထုတ်လွှင့်လေတော့သည်။

ထိုသတင်းကိုကြည့်မိသော ကျောင်းမှ တရုတ် ဒကာ ဒကာမများက ဖုန်းတဂွမ်ဂွမ်ဆက်ကာ ပြောကြ ၊ အပြစ်တင်ကြတော့၏။ သူတို့ကိုလည်း အပြစ်မဆိုသာ၊ ထိုနေရာကား ရဟန်းသွားသင့်သည့် နေရာမဟုတ်။ သို့သော်သွားသင့်သော အကြောင်းရှိသည်ဟုထင်ကာ ရဟန်းကြွခဲ့၏ ။ လပြည့်နေ့ည ဒကာ၊ ဒကာများ စုံသော အခါမှသာ ထိုကိစ္စကို တရားဟောရင်းရှင်းပြရသည်။ သူတို့နားလည် သဘောပေါက်သွားကြသည်။ ဒါဆိုရင်တော့ သွားကိုသွားရမယ်၊ ထောက်ခံတယ် ဟုပင်ဆိုလာကြသေးသည်။

ပြဿနာပြီးပြီဟုထင်ခိုက် ထို့ထက်ကြီးသော ပြဿနာပေါ်လာပြန်သည်။
စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးက ခေါ်လေတော့သည်။

ထိုဗွီဒီယို သတင်းကို အခြေခဲပြီး မေးမြန်းသင့်သည်တို့ကို မေးမြန်းကြသည်။ စစ်ဆေးကြသည်။ ပြဿနာမရှိပါ။ မှန်တာတွေ ဖြေစရာ အများကြီးရှိသည်။ အချိန် နှစ်နာရီခွဲခန့်ကြာသော အင်တာဗျူးဖြစ်လေသည်။

နိုင်ငံရေးနှင့်ဘာသာရေးကိစ္စကို သူတို့နားလည်ကြသည်။

လက်ရှိအစိုးရက လူပဲဖြစ်ဖြစ်၊ အဖွဲ့ချုပ်ကလူပဲဖြစ်ဖြစ် သေဆုံး၍ အသုဘရှုပင့်သော် ထိုပင့်ခံရသောရဟန်းသည် ကြွရမည်။ ဤသည်မှာ နိုင်ငံရေးမဟုတ်၊ ဘာသာရေးသာ ဖြစ်သည်။ "Your government is smart enough to know that's not politic" ဟုပြောရာ သူတို့ပြုံးကြသည်။

သံရုံးကိစ္စကိုလည်း ရှေ့ကပြောခဲ့သည့် အတိုင်းရှင်းပြခဲ့သည်။

သူတို့လက်ခံကြသည်။ (လက်ခံသည်ဟုထင်သည်။) ထို့ကြောင့်ဆက်နေ၍ရခြင်းဟု မှတ်ရပေတော့သည်။

မည်သူ့ကိုမှ မထိခိုက်စေချင်သလို ဘာရည်ရွယ်ချက်မှလည်း ကြီးကြီးကျယ်ကျယ် မရှိပါ။ နိုင်ငံရေး၊ လူမှုရေး ၊ ဘာသာရေး ဟူသောကိစ္စရပ်များသည် တစ်ခုနှင့်တစ်ခု နှီးနွယ်နေရကား တစ်ခါတစ်ခါ ခွဲခြားရ အတော်ခက်လှသည်။

မည်သို့ဖြစ်စေ ၊ လုပ်သင့်သည် ထင်တာကို လုပ်လိုက်တာပဲကောင်းပါသည်။ အမြင်ဟူသည် ညှိရခက်သော ကိစ္စဖြစ်သည်။ ညှိစရာလည်းလိုတော့ မလိုပါ။ ထိုပြဿနာငြိမ်သက်အောင်ကား တစ်နှစ် နှစ်နှစ်ခန့် အချိန်ယူကာ ပြန်လည်တည်ဆောက်ရသည်။ သို့သော် တန်သည်ဟုထင်သည်။       ။


သီဟနာဒ
 










Copyright © 2011 ကမ်းလက်. All rights reserved.

ဉာဏ်တော် သက်တော်

ဘုရားကပညာတော်ပြီး မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေမရှိဘူး။
တစ်ချို့ကမ္ဘာကျော်ကြီးတွေဆိုမုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေမရိတ်ကြဘူး။
ဘုရားက သီလသာရှိတာ သွားလေရာ တောင်ဝှေးလည်းမဆောင်ဘူး။
တစ်ချို့သူတော်စဉ်တွေဆို  တောင်ဝှေးလက်ကမချကြဘူး။
ဘုရားကသမာဓိသာရှိတာ ပုတီးကိုင်ထားတာလည်းမတွေ့ရဘူး၊
တစ်ချို့ဆို ပုတီးကိုရွှေချပြီးစိပ်ကြတာ။ ရွှေသမာဓိ။

သဗ္ဗညုတဉာဏ်ဆိုတာဘာလဲလို့ သေသေချာချာမသိဘူး။
ဒါပေမယ့် ဘာပဲမေးမေး ဘုရားရှင် ခေါင်းကုတ်စဉ်းစားရတယ်ဆိုတာမရှိဘူး။
"အင်း၊ အဲ၊ ဘယ်လိုပြောရမလဲ၊ ဟိုလိုပေါ့နော်" ဆိုတာတွေလည်းမတွေ့ရဘူး။

သဘောမပေါက်တာက
ဘုရားဆင်းတုတော်တွေ၊ ပန်းချီတွေကို
ဘုရားရှင်ရဲ့သက်တော်ကို ခန်းမှန်းလို့ရအောင်
ဘာလို့မထုကြ မဆွဲကြတာလဲ။

ကျောက်ဆင်းတုတွေဆို အသက်ကိုမှန်းလို့မရဘူး။
ဓမ္မစကြာဟောတော်မူတဲ့ဘုရားရှင်နဲ့
မဟာပရိနိဗ္ဗာနသုတ်ထဲက ဘုရားရှင် တူလို့ကိုမရဘူး။
ငရဲကြီးမှာကြောက်လို့ဆိုရင်တော့ မဆိုင်လှဘူးထင်တယ်။
ဘုရားက အရှင်မြတ်ကိုတော်တိုင် လှည်းအိုကြီးနဲ့ တူနေပြီလို့မိန့်ခဲ့တာပဲ။

ဗုဒ္ဓဘာသာတွေက မရဏကိုလက်ခံပြီး
ဘုရားရဲ့ဗျာဓိကို ပုံမဖော်ရဲကြသေးဘူး။
အိန္ဒိယကလာတဲ့  ကြေးဆင်းတုဘုရားတစ်ဆူ ဖူးခဲ့ရဖူးတယ်။
အဲဒီဆင်းတုကိုကြည့်ရင် သက်တော် ၅၀ နဲ့ ၆၀ ကြားလို့ ခန်းမှန်းလို့ရတယ်။
တော်တော်ကျေနပ်မိတယ်၊ ဒီလိုမှပေါ့။


ဇင်ဝေသော်








Copyright © 2011 ကမ်းလက်. All rights reserved.

Harvard တက္ကသိုလ် ပါမောက္ခ Francis Bowen က သံသရာဝါဒကိုလက်ခံယုံကြည်ကြရန် ခရစ်ယာန် ညီအစ်ကိုမောင်နှမများထံ ရေးသောစာ

ယခုလက်ရှိရထားသောဘဝသည် ပို၍မြင့်မြတ်သောနောက်ဘဝသို့ တက်လှမ်းရန် ထိန်းကျောင်းဖို့နှင့်ကြိုတင်ပြင်ဆင်ဖို့ဖြစ်သည်။ အလွန်မြင့်မြတ်သောဘဝသို့ ရောက်ရှိရန်
တစ်ခုတည်းသောဘဝကအချိန် အလွန်ပင် တိုတောင်းနေသည်။


ထာဝရကောင်းကင်ဘုံသို့ရောက်ရှိရန် သုံးနှစ်၊ ငါးနှစ်ဆိုသောကာလက
လုံးဝမလုံလောက်နိုင်ပေ။ ဝိဉာဉ်ကိုထိမ်းသိမ်းလေ့ကျင့်ရန်
ဤမျှတိုတောင်းသော အချိန်အကန့်အသပ်လေးထဲ၌ ဘယ်လိုဖြစ်နိုင်ပါမည်နည်း။

တူညီသောကိုယ်ရည်ကိုယ်သွေး ပါရမီတို့ဖြင့် တစ်ဘဝပြီးတစ်ဘဝခရီးဆက်ကြရင်း
ကျင့်စဉ်များအားဖြည့်၊ ကိုယ်ကျင့်တရားများဖြည်းဆည်း၊ စရဏနှင့်လူ့ကာရိုက်တာတို့ကို
ထူထောင်ကြရန် အဘယ့်ကြောင့်အဆက်မပြတ်ဖြစ်နေမည့် ဘဝများစွာ ရှိမနေရပါသနည်း။

လက်ရှိဘဝမှာ အတိတ်ကအကြောင်းတရားတွေရဲ့ အကျိုးဆက်တွေ ရှိနေပေမယ့်
အတိတ်ကို မှတ်မိနေရန်တော့မလိုအပ်ပေ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီအောင်
ခွဲခြားပေးနေသည့် စာနာနားလည်မှုနှင့် သိမြင်သဘောပေါက်မှုတို့ကို တည်ဆောက်ရန်
အများကြီး အထော်အပံ့ ပြုခဲသော အတိတ်စာမျက်နှာပေါင်း မည်မျှ ကျွန်ုပ်တို့ မေ့လျော့ပစ်ခဲ့ကြပြီနည်း။

ဒါတွေအားလုံးကို သတိမရခြင်းကြောင့်တော့ ကျွန်ုပ်တို့ဆောင်ရွက်ရမည့်ဝတ္တရားများ လျော့ပါးမသွားပါ။
ဘာတွေကို ဘယ်လို ဖြုန်းတီးခဲ့ကြတယ်ဆိုတာကို မေ့လျော့နေကြရင်တောင် အချိန်ကို အလွဲသုံးစားလုပ်ခဲ့တြယ်ဆိုတာကတော့ ထင်ရှားပါတယ်။

ယခုလတ်တလောမှာပင် မေ့လျော့နေသည့် အတ္တအခြေခံသော အတိတ်ကအကုသိုလ်တရားတို့၏ အကျိုးဆက်ဖြစ်ကြသော ကျန်းမာရေး မပြည့်စုံခြင်း၊ သမ္မာဆန္ဒနှင့်စွမ်းရည်သတ္တိများ မလုံလောက်ခြင်း
စတဲ့ ခါးသီတဲ့အကျိုးဆက်များကို ခံစားနေကြရဆဲပင်ဖြစ်သည်။ ထိုအကုသိုလ်များက အလွန်များပြားနေသည့်အတွက် ကျွန်ုပ်တို့ မှတ်သားမထားနိုင်ခဲ့ကြပေ။

လူတစ်ယောက်အတွက် ထာဝရ ကောင်းကင်ဘုံကို ချီးမြှင့်ဖို့ မိတ်ဆက်အနေနဲ့ပေးထားတဲ့
ဒီဘဝဟာ ထာဝရဘုရားရှင်၏ ဖန်ဆင်းပေးမှုသက်သက်ကြောင့်သာဆိုလျှင် ဘာကြောင့်
ဝိဉာဉ်တွေရဲ့ ပြင်ပပုံသဏ္ဌာန်ခြားနားချက်က ဒီလောက်ကြီးမားနေရတာလဲ လို့
ကျွန်ုပ်တို့မေးစရာရှိနေပါတယ်။

အကယ်၍ မီတန်ဆိုက်ကိုစစ်သာ တံခိုးရှင်အုပ်ချုပ်သည့် အစီအမံထဲ ပါသွားပြီလျှင် ယင်းပြဿနာပါ အတူတတကွပျောက်ကွယ်သွားပေတော့မည်။ လူတစ်ယောက်၏ လက်ရှိအခြေနေသည် သူ၏အတိတ်ကံကြောင့်ဖြစ်သည်ဆိုတဲ့ အမြင်ကနေကြည့်ပါ၊ အကုသိုလ်ကံနှင့် ထိုကံ၏အကျိုးဆက်ဟူသောဒေသနာသည် ခက်ခဲစွာလေ့လာရသည့်သင်္ခန်းစာဖြစ်သွားနိုင်သည်။

သို့သော် သူကိုယ်တိုင်အတိတ်ကအကြောင်းတရားတွေရဲ့အကျိုးကိုလက်ခံနေရသည်ဆိုသည့်အချက်ကိုမူ မည်သူကမှ စောဒကတက်၍မရနိုင်။ ကျွန်ုပ်တို့ခေါ်နေကြသည့်  သေခြင်းတရားသည်
နောက်ဘဝတစ်ခုဆက်ရန် အစပြုခြင်းသာဖြစ်သည်။

နောက်လာမဲ့ဘဝမှာ ဒီဘဝထက်ပိုပြီးမြင့် မြတ်မလာဘူးဆိုလျှင်ဖြင့်
ကျွန်ုပ်တို့ ကိုယ်တိုင်ကိုသာ အပြစ်တင်ရန်ရှိတော့သည်။


ဆုထားမျက်ချယ်












Copyright © 2011 ကမ်းလက်. All rights reserved.

ကျနော့် အမြင် (Bertrand Russel)

"ပညာအားဖြင့်ဖြစ်စေ ကိုယ်ကျင့်တရားအားဖြင့်ဖြစ်စေ
သမိုင်းအရ တစ်ချို့လူတွေမြင်နေကြသလို
ဂျီးဇက်ခရိုက်ဟာ သိပ်အမြင့်ကြီးမှာရှိတယ်လို့ မထင်မိဘူး။

 ပညာနဲ့ သီလ အကြောင်းပြောရင်
ဗုဒ္ဓ ကို ဂျီးဇက်ခရိုက်ရဲ့ အထက်မှာ ကျနော်တော့ထားမိမယ်"

"I can not myself feel that either in the matter of wisdom
or in the matter of virtue Christ stands quite as high as
some other people know to history.

I think I should put Buddha above him in those respects."
(Bertrand Russel, Why I am not a Christian.)






Copyright © 2011 ကမ်းလက်. All rights reserved.

ဘောလုံး၊ ဒီမိုကရေစီနဲ့ အာဏာရှင်(သို့) Men-management

By- Matthew Syed
THE TIMES, LONDON.
            (ဒီဆောင်းပါးလေးက ဘောလုံးအကြောင်းပြောတာပေမယ့် လူ့အဖွဲ့အစည်းနဲ့ စီမံခန့်ခွဲမှုတစ်ချို့ကို ခပ်ပါးပါးလှစ်ပြသွားလို့ စိတ်ဝင်စားပြီး ဘာသာပြန်မိတာပါ။ စာရေးသူကတော့ အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ ဒီမိုကရေစီလိုသလား၊ အာဏာရှင်စနစ်လိုသလား ဆိုတာကိုဖြေမသွားပဲ မေးခွန်းတစ်ချို့ကိုသာ ချန်ထားခဲ့တယ်။)

            ဂရိပညာရှင်ကြီး ပလေတိုက ဒီမိုကရေစီဆိုတာ ဖော်ရွေတဲ့အစိုးရရဲ့ ပုံသဏ္ဍာန်လို့ ဖွင့်ဆိုခဲ့တယ်။ ၂၁- ရာစု ဘောလုံးလောကကြီးရဲ့ ကျားကုတ်ကျားခဲ ရုန်းကန်နေရပုံကို သိသွားခဲ့ဟန် မတူဘူး။

            အားလုံးတစ်စုတစ်ဝေးတည်းထိုင်၊ ဘာတွေဖြစ်တယ်၊ ဘာတွေလုပ်ကြမယ်လို့ အဖြေရှာကြတာဟာ အလွန်မြင့်မြတ်တဲ့ အယူအဆပါ။ ဒါပေမယ့် ဒီလိုပွင့်လင်းမှုကပဲ ကိုယ့်ကိုပြန်ပြီး ဒုက္ခပြန်ပေးနိုင်သေးရဲ့။ အထူးသဖြင့် အတ္တအကြီးစား အားကစားသမားတွေကို ထိန်းချုပ်နေရတဲ့ (၃၄) နှစ်သား ပေါ်တူဂီ ချယ်ဆီးနည်းပြ ဖြစ်နေမယ်ဆိုရင်ပေါ့။

            သီအိုရီအရကတော့ Andre Villas-Boas ရဲ့ နည်းပညာက နားလည်လို့ရပါတယ်။ “ကျွန်တော့် အသက်အရွယ်ရယ်၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝနဲ့ မကျင်လည်ခဲ့ဘူးတဲ့ ကျွန်တော် နောက်ကြောင်းရယ်ကြောင့် အာဏာရှင်ဆန်တဲ့စနစ်ကို ဘယ်တော့မှ ကျင့်သုံးမှာမဟုတ်ပါဘူး။” ဒါက ဒီလ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းပြများအတွက်ထုတ်ပြန်တဲ့ The Technician မှာ သူပြောခဲ့တဲ့စကားတွေပါ။

            “ ဒါကြောင့် ဘယ်လိုကစားမယ်၊ အသင်းရဲ့ ကစားကွက်ကို ဘယ်လိုပုံဖော်မယ်ဆိုတာနဲ့ပတ်သက်လို့ အားကစားသမားတွေကို တစ်ချို့လွတ်လပ်ခွင့် ပေးထားပါတယ်”

            ဒါက ပြဿနာပါ။ ဒီနေ့ ဘောလုံးသမားအများစုဟာ လေးစားမှုဆိုတဲ့ တစ်လမ်းသွားစနစ် ကျင့်သုံးနေကြပါတယ်။ ဒါကပဲ သူ့ကို ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ရှေ့မှာ အရူးတစ်ယောက်လို ဖြစ်သွားစေတော့တာပါ။ ဘောလုံးသမားတွေက သူ့ရဲ့နည်းစနစ်ပိုင်းကိုသာမက အသင်းလူရွေးမှုကိစ္စကိုပါ ဒီမိုကရေစီဆန်ဆန် မေးခွန်းတွေထုတ်ကြတယ်။ အဲဒါ ဘောလုံးလောကရဲ့ ဒီမိုကရေစီ ပြဿနာပါ။

            သူ့ရဲ့ ရှက်စရာအကောင်းဆုံးအချက်ကို မီးမောင်းထိုးပြသွားတာက ချယ်ဆီးဘောလုံးသမားတွေက နည်းပြဟောင်း မော်ရင်ညိုဆီ တက်(စ်) မက်ဆေ့ခ်ျတွေ ပို့နေဆဲဆိုတာဖြစ်ပြီး အဲဒီမက်ဆေ့တွေက သူ့ကိုသရော်တာ၊ သူ့ရဲ့ အူကြောင်ကြောင်နိုင်မှုတွေကိုပြောတာဆိုတာ သံသယရှိစရာ မရှိပြန်ဘူး။

            “သူ့အသင်းကို သူတည်ဆောက်ရမယ်။ တည်ဆောက်ရာမှာလည်း မော်ရင်ညိုဆီ မက်ဆေ့တွေပို့နေဆဲ ဆိုတဲ့ ကစားသမားတွေရှိနေသမျှတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး” လို့ ပေါ်တိုအသင်း ဥက္ကဋ္ဌ ပင်တိုကပြောပါတယ်။
            AVB (ချယ်ဆီးနည်းပြ) ရဲ့စကားက တင်းကျပ်တဲ့ အာဏာရှင်စနစ် ဘောလုံးအသင်းမှာ အရေးကြီးကြောင်း ဘောလုံးကြေငြာသူတွေအတွက် ထောက်ပြစရာတွေ ဖြစ်ခဲ့တယ်။ ချယ်ဆီး ကစားသမားဟောင်း တိုနီက “နည်းပြလုပ်နေတာတွေ မှားသလား၊ မှန်သလားဆိုတာ နည်းပြက အားကစားသမားတွေကို မေးနေရပြီဆိုရင် အဲဒီနည်းပြရဲ့ဘဝကလည်း အဆုံးသတ်ပါပြီ” လို့ အအောင်မြင်ဆုံးနည်းပြဘဝရဲ့ အခိုက်အတန့်ဟာ တင်းကျပ်တဲ့ အာဏာနဲ့ချုပ်ကိုင်ထားတဲ့အချိန်လို့ ထောက်ပြသွားခဲ့တယ်။

            စီမံခန့်ခွဲမှုမှာ အော်သော်ရတီက အရေးပါတာမှန်ပေမယ့် သိပ်ပြီးရိုးရှင်းလှတဲ့ကိစ္စတော့ မဟုတ်ပြန်ဘူး။ ထင်ရှားတဲ့ ဥပမာကိုပြပါမယ်။ လူးဝစ်ဆွာရက်(စ်) ပြဿနာမှာ လီဗာပူးနည်းပြ Kenny Dalglish က ပါဝါသုံးပြီး ကာကွယ်ပေးခဲ့တယ်။ (ဖာဂူဆန်ဆိုရင်လည်း ဒီအတိုင်းပဲ ကျင့်သုံးမှာပါ)။ ဒီတော့လူတွေက ဒီကိစ္စကို လီဗာပူးအသင်းပိုင်ရှင်ဆီ ထိုးပို့ပေးကြတယ်။ အသင်းပိုင်ရှင်က ဖိအားပေးလာတော့ Dalglish တစ်ယောက် လက်လျှော့တောင်းပန်ခဲ့ရတယ်။ ဒါ့ကြောင့် ဒါ့ဂလစ်(ရှ်) ပါဝါလျော့ကျသွားပါတော့တယ်။

            ဒီပြဿနာက ချယ်ဆီးမှာတော့ လုံးဝဆန့်ကျင်ဖက်ဖြစ်ပါတယ်။ ချယ်ဆီးပိုင်ရှင်က သူ့အာဏာပြဖို့ အချိန်ယူတာမဟုတ်ဘူး။ မန်နေဂျာရဲ့ လုပ်ပိုင်ခွင့်တွေကို ဝင်စွက်တတ်တယ်။ ကစားသမားတွေက မန်နေဂျာကို အာခံဖို့တောင် ဖရီးဒန်းပေးထားတာမျိုးပဲ။ နည်းပြခန့်ဖို့၊ ဖြုတ်ဖို့တောင် ဂျွန်တယ်ရီ (အသင်းခေါင်းဆောင်) နဲ့ တိုင်ပင်ကြောင်း မကြာခဏ ပြောတတ်ကြတယ်။

            တစ်ချို့ကလည်း ကြားခံလူလိုတယ်လို့ ဆိုကြပြန်တယ်။ မန်နေဂျာကို ဘောလုံးပွဲနဲ့ပတ်သက်လို့ အာဏာကုန်ပေးပြီး တခြားကိစ္စတွေမှာတော့ အုံနာ (သို့) စီအီးအိုတို့က စီမံဖို့ပေါ့လေ။ ဒါကလည်း ဟုတ်သလိုလိုနဲ့ မရေရာမှုတွေ ပြည့်သိပ်နေတာပါ။

            နည်းပညာဆိုင်ရာ ဒါရိုက်တာတွေအသာထားလို့ အုံနာတွေကိုယ်တိုင်ကတောင် လုံးဝမထိတဲ့ ဘောလုံးအသင်းနှစ်သင်း ဥရောပမှာ ရှိပါတယ်။ အဲဒါ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်ပါ။ အဲဒီကလပ်တွေမှာ ပုံစံကွဲ အာဏာရှင်ဆန်မှု ရှိနေပြန်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကိုကြည့်ပါ။ ဘီဘီစီကို သပိတ်မှောက်ထားတဲ့ ဖာဂူဆန်ကို ဘီဘီစီနဲ့ အင်တာဗျူးလုပ်ဖို့ တဖွဖွတိုက်တွန်းခဲ့ပေမယ့် မရခဲ့ပါဘူး။ နောက်မှ သူကိုယ်တိုင် သပိတ်ပြန်လှန်ခဲ့တာပါ။ အဲဒီလိုပါပဲ။ ဘောလုံးသမား အရောင်းအဝယ်နဲ့ပတ်သက်လို့ အာဆင်ဝင်းဂါးရဲ့ ခေါင်းမာမှုနဲ့ပတ်သက်ပြီး ထိပ်တန်းအဖွဲ့လူကြီးတွေ မပျော်ရွှင်ကြပါဘူး။

            ဒါ့ကြောင့် ပထမဘောလုံးအသင်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ တိကျတဲ့အဖြေ မရှိဘူး။ ဘောလုံးအသင်းတွေကလည်း တခြားအဖွဲ့အစည်းတွေလိုပါပဲ။ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ အီကိုစစ်စတန်တစ်ခုပါ။ အောင်မြင်တဲ့အသင်းတိုင်းဟာ မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့ အလုပ်လုပ်နေကြရတာပါ။ တစ်ချို့က အုံနာကအာဏာရှိ၊ တစ်ချို့က အားကစားဒါရိုက်တာက အာဏာရှိ၊ တစ်ချို့မန်နေဂျာက အာဏာရှိပါ။

            အာဏာရှင်ဆိုတာကို ဖွင့်ဆိုဖို့ဆိုတာကတောင် သိပ်လွယ်ကူရှင်းလင်းတဲ့ကိစ္စ မဟုတ်ပြန်ပါဘူး။ ဥပမာ ဖာဂူဆန်ကို ကြည့်ပါ။ အဲရစ်ကန်တိုနာနဲ့ကျတော့ ပျော့ပျော့ပြောင်းပြောင်း ဖြစ်နေပြန်ရော။ အလားတူပါပဲ။ မော်ရင်ညိုနဲ့ ဘရိုင်ယန်ဂလော့(ဖ်) တို့လည်း- တစ်ချို့ကစားသမားတွေအပေါ်မှာ ဥပဒေကို သက်ညှာရမယ်ဆိုတာ လက်ခံထားကြတယ်။ ရောဘတ်တို မန်ချိနီလည်း ကာရိုက်တာ အမာစားထဲကပါပဲ။ သူလည်း ကားလို့(စ်) တက်ဗက်နဲ့ပတ်သက်လို့ အလျှော့ပေးခဲ့ရတာပါ။ ဘောလုံးအသင်းတစ်သင်းကို စီမံခန့်ခွဲဖို့ဆိုတာ ပုံသေဖော်မြူလာနဲ့ မရပါဘူး။ ကလိန်ဆန်ခြင်း၊ သိနားလည်ခြင်း၊ ရှင်းလင်းတဲ့အမြင်ရှိခြင်း၊ စည်းရုံးဆွဲဆောင်နိုင်ခြင်းတွေ လိုအပ်ပါတယ်။ ဒါကိုပဲ Men-management လို့ ခေါ်မလားပေါ့။

            AVB မှာ ဒါတွေရှိသလားဆိုတာကတော့ သံသယတွေနဲ့ စောင့်ကြည့်ကြရဦးမှာပါပဲ။


ဇင်ဝေသော်












ဖြည့်စွက်ချက်။ ။စာရေးသူကစောင့်ကြည့်ရဦးမယ်လို့ဆိုပေမယ့် စောင့်ကြည့်ဖို့သူ့လောက်စိတ်မရှည်တဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်က AVB ကို ထုတ်ပစ်လိုက်ပြီဖြစ်ပါတယ်။




Copyright © 2011 ကမ်းလက်. All rights reserved.