ဒေါ်စုကို အာရှအရေးလောက်နဲ့ ကန့်သတ်တာ မှားတယ်

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ခပ်ချာချာ ဆောင်းပါး စထရိတ်တိုင်းမှာ ဖော်ပြတာ ကျနော် လက်လှမ်းမီသရွေ့ ဒီဟာက ဒုတိယ အကြိမ်ပါ။ ပထမ အကြိမ်က ရွှေဝါရောင် တော်လှန်ရေးပါ။ အဲဒီတုန်းက မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ တွဲပြီး ကျနော်တို့ တုန့်ပြန်ခဲ့ကြဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းက သတင်းစာ လွတ်လပ်ခွင့် ဒီလောက်မရှိသေးပါဘူး၊ ဒါကြောင့် သက်ဆိုင်သူတွေကိုသာ ဆောရီးပြောပြီး သူတို့ အားနည်းချက်ကိုတော့ လူထုရှေ့ ချမပြခဲ့ကြဘူး။

ဒီတစ်ခါ ပိုလှသွားတယ်၊ မကျေနပ်လို့ တုန့်ပြန်တာက မြန်မာ မဟုတ်ဘဲ အဖြူဖြစ်နေတယ်။ ဆောရီးရုံနဲ့ မရတော့ဘူး။ ဒီကောင်က အခြား သတင်းစာကနေ ပြန်ဆော်လိုက်ရင် အခြေအနေ ပိုဆိုးသွားနိုင်တယ်။ ဘာပဲပြောပြော Michael J.Montesano ကို ကျေးဇူးစကား ဆိုလိုက်ပါတယ်။
Thank you Mr.Michael J Montesano for your standing point, time and efforts.

အင်္ဂလိပ်လို ဖတ်ရတာ ပျင်းသူတွေအတွက် ခပ်ပါးပါး ဘာသာပြန်ပေးလိုက်ပါတယ်။

ဒေါ်စု ကို အာရှအရေးလောက်နဲ့ ကန့်သတ်တာ မှားတယ်
ပါမောက္ခ Kishore Mahbubani ရဲ့ ဆောင်ပါးကိုပဲ ဖတ်မိမယ်ဆိုရင် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်စုဟာ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံကီု ရောက်ခဲ့ပြီးပြီ ဆိုတာ လုံးဝ မသိနိုင်ဘူး။ အိမ်နီးချင်း အာဆီယံ နိုင်ငံဖြစ်တဲ့ ထိုင်း နိုင်ငံကို အနှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်ရောက်ပြီး World Economic Forum ကို တက်ရောက်ခဲ့တယ် ဆိုတာလည်း သူ့ ဆောင်းပါးဖတ်ရုံနဲ့ မသိနိုင်ဘူး။

သူမ တက်ရောက်လာခြင်းဟာ အာရှ စီးပွားရေး တက်လာမှုကို သက်သေထူလိုက်သလိုပါ၊ စနေနေ့က အော်စလိုမြို့မှာ နိုဘယ်လ်ဆု ယူစဉ်က ပြောခဲ့တဲ့ သူမရဲ့ မိန့်ခွန်းထဲမှာလည်း သူမကို အကူအညီ ပေးခဲ့တဲ့ ထိုင်းနိုင်ငံတက် ပြည်နယ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။

မှန်ပါတယ်၊ အာစီယံ နိုင်ငံတွေနဲ့ အိမ်နီးချင်းအာရှ နိုင်ငံ တွေဟာ မြန်မာ့ အနာဂတ်အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ဒေါ်စု သူမကိုယ်သူမ ပုံသွင်းထားတာကကို သူမနိုင်ငံ အတွက်သာမက ကမ္ဘာနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ တန်ဖိုးတွေ အတွက်ရောပါ။

မြန်မာတွေ အတွက် ဒီတန်ဖိုးတွေ ရရှိဖို့ တစိုက်မတ်မတ် ကြိုးစား ထောက်ပံ့ကြရာမှာ အာစီယံ နိုင်ငံတွေထက် ဥရောပ နိုင်ငံတွေက ပိုပြီး အသံကျယ်ခဲ့တယ် ဆိုတဲ့ လတ်တလော သမိုင်းကိုတော့ ပါမောက္ခ Kishore Mahbubani ငြင်းနိုင်မယ် မဟုတ်ပါဘူး။ ဥရောပနဲ့ အာရှ နိုင်ငံတွေကြား မြန်မာနိုင်ငံ ဗျာများပြီး အရွေးမှားအောင် အလံရူးလုပ်တာ မဟုတ်ဘူး လို့တော့ ထင်လိုက်ရပါတယ်။

နိုဘယ်လ်ဆု ယူစဉ်က ပြောခဲ့တဲ့ သူမရဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံ ရဲ့ ဟန်ချက်ညီရေးသာမက ကမ္ဘာ့အတွက်ပါ ပါဝင်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း ပြောခဲ့ပါတယ်။ နောက်ပြီး ဥရောပဘာသာ စကားတစ်ခု ဖြစ်တဲ့ အင်္ဂလိပ်စကား မှာလည်း အာရှ ဘာသာ စကားတစ်ခု ဖြစ်တဲ့ မြန်မာစကားထက် မညံ့အောင် ပြောနိုင်တယ်ဆိုတာကလည်း ဥရောပရော အာရှဟာ သူမရဲ့ အိမ်တွေ ဆိုတာ ပြနေပါတယ်။

သူမရဲ့ ရက်ရောမှု၊ ပွင့်လင်းမှုတွေနဲ့ မြန်မာနိုင်ငံ လူထုအတွက် ကြိုးစားရာမှာ အာရှနဲ့ ဥရောပတို့ ဆီက အကောင်းဆုံးတွေ ရအောင်ယူနိုင်လိမ့်လို့ ယုံကြည်ရပါတယ်။


မူရင်းအတိုင်းဖတ်ချင်သူများအတွက်
The Lady should look to Asia not Europe By KishorexMahbubani
Wrong to restrict Suu Kyi to Asian concerns By Michael J Montesano



ဇင်ဝေသော်
Zin Wai Thaw







Copyright © 2012 ကမ်းလက်. All rights reserved.

တော်တော် ချာ တဲ့ Dean


ဥရောပ တစ်ခွင် ပြဲပြဲစင် နေတဲ့ ခရီးကို အာရှသား အိန္ဒိယန်း မျိုဆက်ပီပီ ကြည့်လို့မရဘူး ဖြစ်နေတယ် ထင်ပါရဲ့။ ကျနော်ပြောနေတာ လီကွမ်းယု စကူးလ် က ဒိန်း အကြောင်းပါ။ Kishore Mahbubani တဲ့။ ဒီနေ့ စထရိတ်တိုင်းမှာ ပေါ်လာတဲ့ ဆောင်းပါး ရေးသူ။

သူပြောမသွားတဲ့ အချက်က ဂိုချောက်ထောင် တို့အုပ်စုကရော ဒေါ်စု ဥရောပ ခရီးစဉ်နဲ့ ကိုက်ပြီး ဘာဖြစ်လို့ မြန်မာပြည်ကို သွားခဲ့ကြတာလဲ။ ကံမကောင်း အကြောင်းမလှ လို့ လွဲသွားတာပါ လို့ ပြောမလားမသိဘူး။ ကျနော်တို့ အဲသလောက် မ အ ကြဘူး။

ကမ္ဘာ့အနောက်ခြမ်းက ဒေါ်စုနဲ့တွေ့ဖို့ အဝေးကြီးက လာနေကြချိန်မှာ အာရှ (စင်ကာပူ) က ဆရာကြီးတွေကတော့ ဒေါ်စု မရှိချိန် မြန်မာပြည်ကို သွားခဲ့ကြတယ်။

ဥရောပကို ဒေါ်စု ဘာကိစ္စနဲ့ သွားရသလဲ ဆိုတာ ပညာရှိပီပီ မေ့ချင်ယောင် ဆောင်လိုက်တယ်။ နိုဘယ်လ် ဆုယူဖို့(စီးပွားရေး အမြတ်အစွန်းပဲ ကြည့်တတ်သူတွေနဲ့တော့ ဝေးတဲ့ ဆုပေါ့။) သွားတယ်။ ပြီးတော့ ဘဝတစ်ခုလုံး သေသည်အထိ အားပေးသွားတဲ့ လင်သားရဲ့ ခေါင်းချရာ၊ အသက်ရှိနေသေးတဲ့ သားနှစ်ယောက် ရှိရာ။ မောင်းထုတ်ခံရစဉ် ထမင်းကျွေး ပညာပေးခဲ့တဲ့ နေရာ။ ဘဝတစ်ခု ခဏအမောဖြေဖို့ ဒီနေရာကို မသွားရင် ဘယ်ကို သွားမှာတုန်း မစ္စတာဒိန်း ရယ်။ ချာလှချည့်။

ဒေါ်စု ထိုင်းကိုရောက်ခဲ့ပါပြီ။ မရှောင်ခဲ့ရင် စ လုံးတွေ ဒေါ်စုနဲ့ တွေ့ခဲ့မှာပါ။ ဂိုချောက်ထောင်လို မလုပ်ရင်ပေါ့။ ဒါပေမယ့် ထိုင်း ဝန်ကြီးချုပ် ကိုယ်တိုင်ကကို သူ့ထက် သာနေတဲ့ ဒေါ်စုကို အမျိုးသမီး အချင်းချင်း သိပ်ကြည်တာ မဟုတ်ဘူး။ သူမ ပြောတာတွေကြည့်ရင် မရူးတဲ့သူတိုင်း သဘောပေါက်တယ်။ ဒါက အိမ်နီးချင်းတွေရဲ့ မြန်မာပြည်နဲ့ ဒေါ်စု အပေါ်ထားတဲ့ သဘောထား အကျဉ်းချုပ်ပါ။

နိုဘယ်ဆု ယူဖို့သွားတာ၊ သားတွေနဲ့ တွေ့ဖို့၊ သူမ ချစ်သူတွေနဲ့ တွေ့ဖို့ သွားတာကို ဒီနေ့ ဥရောပ စီးပွားရေးက လေးဖက်ထောက်နေပြီ လို့ မဆိုင်တဲ့ အစ်ရှူးကို ရူးကြောင်ကြောင် မွှေထည့်သွားသေးတယ်။ ဂရိ၊ စပိန်၊ အီတလီ တွေ အကြွေးတင်တာနဲ့ နော်ဝေး၊ ဒိန်းမတ် တို့ ဆက်စပ်လို့ မရပါဘူး။ နော်ဝေးမှာ ကျနော်တို့လူမျိုးတွေရှိတယ်။ သူတို့ကို သူတို့နိုင်ငံ ဒီမိုကရေစီ ရအောင် ကြိုးစားဖို့ နော်ဝေက ထမင်းကျွေးပညာသင် ပေးထားတာ။ ချာလှတဲ့ ပတ်ဘလစ် ပေါ်လစီ ပါမောက္ခ။

အကြောင်ဆုံးကိစ္စက ယူတူး က ဘိုနို နဲ့ အန်ပလေး ပီယာနို ဆိုခဲ့သူ ဒယ်မီယံ ရိုက်စ် တို့က မွေးနေ့ကြို ဂုဏ်ပြုမယ့်ဂီတပူဇော်ပွဲ။ ဟျူးမင်းရိုက် ခေါင်းဆောင်၊ သူထင်ရာ သူလုပ်တတ်တဲ့ ဘိုနိုလို ကောင်က ဘယ်လိုအာရှခေါင်းဆောင်ကို ယူတူး နဲ့ ဂီတပူဇော် ဖူးလို့တုန်း။ မစ္စတာ ဒိန်း မေ့နေတဲ့ကိစ္စက ဒ်ါစု အကျဉ်းကျနေစဉ်မှာ ဂီတ နဲ့ ကမ္ဘာ့မျက်စိတွေ ပြူးလာအောင် ကိုယ့်ထမင်းကိုယ်စားရင်း ဆွဲဖွင့်ခဲ့တာ ဘိုနို တို့ ဒယ်မီယံ ရိုက်စ် တို့ပါ။ စီးပွားရေး တစ်ခုဘဲ သိသူကို အနုပညာအကြောင်း ပြောရတာ လက်ပေါက်တော့ များများ ကတ်တာပေါ့။

ဒေါ်စု ထောင်ကျစဉ်က အိမ်နီးချင်းကောင်း ဆိုလို့ အာရှက ဂျပန်ပဲ ရှိခဲ့တယ်။ ကျန်သူတွေကတော့ ၁၉၆၂ က ကျားကြီးတစ်ကောင် ထောင်ခြောက်တွေ ဖောက်ထွက်လာမှာကို စိုးတထိတ်ထိတ်ပါဘဲ။ သူ့ သယံဇာတနဲ့ သူ့ဦးနှောက်တွေ ပေါချောကောင်း မရနိုင်တော့ဘူး မဟုတ်လား။ တရားမျှတ ပါတယ်။

အမျိုးဆိုတာ မခေါ်လို့ရတယ်၊ မတော်လို့ မရဘူး ဆိုသလိုပေါ့။ စိတ်မပူပါနဲ့။ ဒေါ်စု စိတ်ကူးပေါက်ရင် အာရှကို လာမှာပါ။ သားတွေနဲ့တွေ့ဖို့ သွားတဲ့ ခရီးကို ရိုဟိန်ဂျာ တွေ၊ အရှေ့အလယ်ပိုင်း ပြဿနာတွေနဲ့ ရော မမွှေကြေးပေါ့။

တကယ်တော့ ဥရောပ ဆိုတာ ဒေါ်စုရဲ့ နေခဲ့ရတဲ့အိမ်ပါ၊မြန်မာနဲ့ အာရှ က ဆယ်စုနှစ် များစွာ သူမရဲ့ အကျဉ်းထောင်ပါ။ ဒါကိုတော့ ဆိုရှယ် ပတ်ဘလစ် ဆရာကြီးက မြင်အောင် မကြည့်နိုင်ခဲ့ရှာဘူး။ သူမ အိမ် ခဏပြန်ပါစေ ဗျာ။

ပါးပါး ၊ ထူထူ လှီး တတ်တဲ့ တရုတ်၊ အိနွိယ၊ စင်ကာပူ တို့နဲ့ လည်း ကင်းလို့ မရဘူး ဆိုတာလောက်တော့ ဒေါ်စု မပြောနဲ့ ဘုန်းကြီးကျောင်းထွက်လည်း သိပါတယ်။ ကျွတ် ကျွတ် ကျွတ်။
လာရင်တော့ ထွက်မပြေးနဲ့ နော် မစ္စချာ ကီရှော မဘုဘာဏီ။



ဇင်ဝေသော်   
Zin Wai Thaw







Copyright © 2012 ကမ်းလက်. All rights reserved.

ရွာအနောက်ခြမ်းက အသံများ (၂)

Pre-Buddhist Background
ဗုဒ္ဓဘာသာကို လေ့လာကြရာမှာ ဗုဒ္ဓဝင်ကစကြတာများပေမယ့် ကျွန်တော်ကတော့ ဗုဒ္ဓ မပေါ်မီ ခေတ်ကို ပြန်သွားကြည့်ချင်ပါတယ်။ ဒီလိုလေ့လာမှုဟာ ဗုဒ္ဓဝင်နဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကို ပိုပြီး သဘောကျ စေမယ်လို့ ယုံကြည်ပြီး သမိုင်းနဲ့ယဉ်ကျေးမှုဆက်သွယ်ချက်တွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိနားလည် လာစေနိုင်ပါတယ်။ ဒါမှသာ ဗုဒ္ဓပေါ်ထွန်းခဲ့တဲ့ အိန္ဒိယရဲ့ ဒဿနအမြင်နဲ့ ကိုးကွယ်မှုကို အခြေခံလိုက်နိုင်မှာပါ။

အိန္ဒိယရဲ့ ဒဿနနဲ့ ကိုးကွယ်မှုဖွံ့ဖြိုးလာပုံကို ပထဝီအနေအထားပေါ် အခြေခံပြီး သုံးသပ်ကြည့် လိုပါတယ်။ အိန္ဒိယမှာ ဂင်္ဂါနဲ့ ယမုံနာဆိုတဲ့ မြစ်ကြီးနှစ်စင်းရှိတယ်။ ဟိမဝန္တာကနေ အစချီပြီး ဒီမြစ်ကြီးနှစ်စင်းက နယ်မြေတွေကို ကျယ်ကျယ်ပြန့်ပြန့်ခွဲထားပေးခဲ့တယ်။ နောက်မှ တဖြည်းဖြည်းနီးလာပြီး အိန္ဒိယလွင်ပြင် အလဟာဘတ်မြို့နားကိုရောက်မှ ဒီမြစ်ကြီးနှစ်စင်း ပေါင်းဆုံသွားတယ်။

ဒီမြစ်ကြီးနှစ်စင်းဟာ အိန္ဒိယဖလော်ဆော်ဖီနဲ့ ဘာသာရေးအစပြုပုံနဲ့ ဖွံ့ဖြိုးတိုးတက်ပုံတွေကို ညွှန်ပြနေတယ်။ ပထဝီ အနေအထားအရ ခြားနားသလို အဲဒီမြစ်ကြီးတွေအပေါ်မှာ အမှီပြုနေထိုင်နေကြတဲ့ လူတွေရဲ့ စရိုက်လက္ခဏာတွေကလည်း မတူကွဲပြားနေကြပါတယ်။ ဒီယဉ်ကျေးမှုတွေဟာ ရာစုနှစ်ပေါင်းများစွာ မတူကွဲပြားရာကနေ တဖြည်းဖြည်းနီးစပ်လာခဲ့ပြီး ယနေ့ဆိုရင် ခွဲခြားလို့တောင်မရတော့အောင် ဖြစ်နေပါတယ်။ မြစ်ကြီးနှစ်စင်းကွဲပြားရာကနေ နောက်ဆုံးပင်လယ်ထဲကို အတူစီးဝင်သွားသလိုမျိုးလို့ပြောရင် ရနိုင်လိမ့်မယ် ထင်ပါတယ်။

အိန္ဒိယသမိုင်းကိုပြန်ကြည့်တော့ ဘီစီတတိယထောင်စုနှစ်တွေကတည်းကပဲ အလွန်ဖွံ့ဖြိုးနေပြီဖြစ်တဲ့ ယဉ်ကျေးမှုကို တွေ့ကြရတယ်။ ဒီယဉ်ကျေးမှုဟာ လူ့ယဉ်ကျေးမှုပုခက်လို့ခေါ်ရမယ့် အီဂျစ်၊ ဘေဘီလုံတို့နဲ့ ခေတ်ပြိုင်ပါ။ ဘီစီ ၂၈၀၀ ခန့်ကနေ ၁၈၀၀ အထိ ဖွံ့ဖြိုးခဲ့တဲ့ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုပါ။ ဟရပ္ပန်စီဗီ လိုက်ဇေးရှင်းလို့လည်း ခေါ်နိုင်ပါတယ်။ အဲဒီယဉ်ကျေးမှုဟာ ဒီနေ့ပါကစ္စတန်အနောက်ပိုင်းကနေ ဘုံဘေအထိ ပြန့်ခဲ့ပြီး အရှေ့ဖက်ဆိုရင် ရှင်းမလကနေ ဟိမဝန္တာတောင်ခြေအထိ ပြန့်နှံ့ခဲ့တယ်။

ဒီနေ့မြေပုံကိုပြန်ကြည့်ရင် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုရဲ့ ခမ်းနားခဲ့ပုံကိုသိနိုင်ပါတယ်။ ဒီယဉ်ကျေးမှုဟာ နှစ်ထောင်ချီပြီးတည်တံ့ခဲ့ရုံသာမက ရုပ်ပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အများကြီးတိုးတက်နေခဲ့ပါပြီ။ အထူးသဖြင့် ဆည်မြောင်းများနဲ့ မြို့ပြအိမ်ရာစနစ်တွေပါ။ အဲဒီခေတ်ကလူတွေဟာ ဒီနေ့ကွန်ပျူတာမှာသုံးနေတဲ့ binary model သင်္ချာစနစ်ကို သုံးစွဲတတ်နေပြီဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။

သူတို့ဟာ စာပေတတ်မြောက်ခဲ့ရုံသာမက ရေးသားမှုပင်ရှိနေခဲ့ပြီး အဲဒီအက္ခရာတွေ ကို အခုအထိ ဘာသာ မပြန်ဆိုနိုင်သေးပါဘူး။ (အိန္ဒုမြစ်ဝှမ်းမှတ်တမ်းကကိုပဲ ဘာသာဗေဒအရ ဖြေရှင်းလို့မရသေးတဲ့ ပဟေဠိတစ်ခုရှိနေဆဲပါ) ။ ဒါ့အပြင် စိတ်ဓာတ်ရေးရာမှာလည်း အများကြီးဖွံ့ဖြိုးနေပြီဆိုတာ Mohenjo-daro နဲ့ Harappa တို့က သက်သေခံနေပါတယ်။

အဲဒီ ငြိမ်းချမ်းတဲ့ ရှေးဟောင်းလူ့ယဉ်ကျေးမှုဟာ ဘီစီ ၁၈၀၀ နဲ့ ၁၅၀၀ ကြားမှာတော့ သဘာဝ အန္တရာယ်နဲ့ နယ်ချဲ့သူအန္တရာယ်တို့ကြောင့် တော်တော်အထိနာခဲ့ရပါတော့တယ်။ နယ်ချဲ့သူတွေဟာ အာရီးယန်း တွေလို့ ဆိုစမှတ်ပြုကြပါတယ်။ သူတို့မူလနေရပ်က အရှေ့ဥရောပကဖြစ်နိုင်ပြီး ယနေ့ ပိုလန်နဲ့ ယူကရိန်း နိုင်ငံတို့လို့ဆိုရင် ရနိုင်ပါတယ်။ အရီးယန်းတွေဟာ ဒေသခံအိန္ဒုမြစ်ဝှမ်းကလူတွေနဲ့ လုံးဝမတူ ခြားနားပါတယ်။ အိန္ဒုမြစ်ဝှမ်းသားတွေက စိုက်ပျိုးမွေးမြူရေးနဲ့ အခြေချနေထိုင်တတ်ပြီး အရီးယန်းတွေက လှည့်လည်ကျင်လည် ကျက်စားတတ်ကြပါတယ်။ မြို့ပြစနစ်ကို အထာမကျကြသေးပါဘူး။

အာရီးယန်းတွေရောက်လာပြီး မကြာခင်မှာပဲ တဖြည်းဖြည်းနဲ့ သူတို့ယဉ်ကျေးမှုတွေ လွှမ်းမိုးလာခဲ့ပြီး ဒုတိယထောင်စုတစ်ဝက်လောက်လည်းရောက်ရော အိန္ဒိယပြည်ကြီးဟာ အာရီးယန်းယဉ်ကျေးမှုတွေနဲ့ လွှမ်းခြုံ သွားခဲ့ပါတော့တယ်။

အိန္ဒုမြစ်ဝှမ်းသားတွေနဲ့ အာရီးယန်းတွေရဲ့ ဘာသာရေးအမြင်ကို ကြည့်ကြပါဦးစို့။ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အိန္ဒုမြစ်ဝှမ်းသားတွေဆီမှာ ဒီနေ့အထိ ဘာသာပြန်ဆိုလို့မရသေးတဲ့ စာပေရေးသားမှု ရှိနေခဲ့ပါပြီ။

ဒါပေမယ့် ကျွန်တော်တို့သိထားခဲ့တဲ့ ယဉ်ကျေးမှုသမိုင်းဟာ ရှာဖွေတွေ့ရှိမှုအထောက်အထားနှစ်ခုနဲ့ အနည်းငယ်သွေဖီနေပါတယ်။ မိုဟိန်ဂျိုဒါဇိုနဲ့ ဟရပ္ပမှာ တူးဖော်တွေ့ရှိချက်တွေအရ ဒီစာပေရေးသားမှုတွေဟာ အာရီးယန်းတွေရဲ့ အက္ခရာတွေဖြစ်ပြီး သူတို့အောင်နိုင်သိမ်းပိုက်လိုက်တဲ့ လူတွေရဲ့ ဘာသာရေး ယုံကြည်မှု တွေနဲ့ ပတ်သက်လို့ ရေးသားထားတာလို့ ဆိုပါတယ်။

တူးဖော်တွေ့ရှိမှုတွေအရ အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ အရေးကြီးတဲ့သင်္ကေတ အမှတ်အသားတွေ အများကြီးရှိတယ်ဆိုတာ သိရပြန်တယ်။ ဒါတွေက ဘာသာရေးနဲ့ပတ်သက်တဲ့ သင်္ကေတတွေဖြစ်ပြီး ဗုဒ္ဓဘာသာက အထွက်အမြတ် ထားတဲ့ သင်္ကေတတွေဖြစ်နေပြန်ပါတယ်။ ဥပမာ ဗောဓိပင်၊ ဆင်၊ သမင် စတာတွေပါ။ အရေးကြီးဆုံးလို့ ဆိုရင် ရနိုင်တာက လူတစ်ယောက် တင်ပလ္လင်ခွေ၊ လက်နှစ်ဖက်ပေါင်ပေါ်တင်၊ မျက်စိကို ခပ်ရေးရေးမှိတ်ထားတဲ့ တရားထိုင်နေတဲ့ ပုံမျိုးပါပဲ။

ဒီလို တူးဖော်တွေ့ရှိမှုတွေ၊ အထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ယောဂနဲ့ တရားထိုင်ခြင်းတွေကို ခြေရာခံနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် အာရီးယန်းတွေရေးသားထားတဲ့ အိန္ဒုမြစ်ဝှမ်းသားတွေအကြောင်း ဖော်ပြတဲ့ ဝေဒကျမ်း တွေကို ပြန်ကြည့်ပြန်တော့ အတည်တကျမရှိ လျှောက်သွားတတ်တဲ့ ရသေ့သူတော်စင် တွေအကြောင်းလည်း တွေ့ရပြန်တယ်။ သူတို့ဟာ စိတ်ထိန်းချုပ်မှုကျင့်စဉ်တွေကိုကျင့်ပြီး တစ်ယောက် တည်းနေ၊ အဝတ်အစားမပါ၊ (သို့) ကြီးမားတဲ့ဝတ်ရုံတွေကို ဝတ်ရုံထားတဲ့လက္ခဏာတွေ တွေ့ရပါတယ်။ သူတို့ဟာ မွေးခြင်း၊ သေခြင်းရဲ့လွတ်မြောက်ရာတရားတွေကို လိုက်လံဟောကြားနေတတ်ကြတယ်။

အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုနဲ့ပတ်သက်လို့ တူးဖော်တွေ့ရှိမှုတွေ၊ အရီးယန်းတွေ ရေးသားထားတဲ့ ကနဦးပိုင်း အထောက်အထားတွေကို ပေါင်းစပ်ကြည့်ရင် အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ဘာသာရေးအယူအဆနဲ့ ကျင့်သုံးမှုတွေကို ရှင်းရှင်းလင်းလင်းကြီး မဟုတ်တန်စေ အရေးကြီးတဲ့အပိုင်းတွေကိုတော့ အတော်အတန် ကောက်ချက်ချလို့ရပါပြီ။

သူတို့ဘာသာရေးမှာ အရေးကြီးတာတွေ အများကြီးပါ။

ပထမဆုံး တရားထိုင်ခြင်း(သို့) စိတ်ကျင့်စဉ်အကြောင်း။
ဒုတိယ - တောရိပ်မှီခိုတဲ့ အလေ့အကျင့် စတာတွေဟာ တော်တော်လေး ယေဘုယျဆန်တဲ့ ဓလေ့စရိုက်တွေပါ။
တတိယကတော့ သံသရာဝါဒနဲ့
စတုတ္ထကတော့ ဒီနေ့ကမ္မလို့ပြောရမယ့် သေတဲ့နောက်ပါလာတဲ့ နာမ်သတ္တိသဘောတရားတွေပါ။
နောက်ဆုံးကတော့ သေခြင်းတရားမှ လွတ်မြောက်ရာ ဝိမုတ္တိဆိုတဲ့ အကြီးမားဆုံးပန်းတိုင်ပါပဲ။

ဒါတွေဟာ အံ့ဘနန်း အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ရှေးအကျဆုံးပုံရိပ်တွေပါ။

ယခု အာရီးယန်းတွေရဲ့ ဘာသာရေးကို ကြည့်ကြပါစို့။ တော်တော်လေး ခြားနားပါတယ်။ ရှေးဦး အာရီးယန်းတွေရဲ့ ယုံကြည်မှုက ရှင်းလင်းတယ်။ သူတို့မူလနေရပ်က အရှေ့ဥရောပက ဖြစ်နိုင်တယ် ဆိုတဲ့အတိုင်း ရှေးဟောင်း ဂရိယဉ်ကျေးမှုတွေနဲ့ တော်တော်များများ ဆင်တူတာတွေ့ရပါတယ်။ ဂရိနတ် မော်ကွန်းတွေကိုကြည့်ရင် သိနိုင်ပါတယ်။ သဘာဝကို ကိုယ်စားပြုတဲ့နတ်တွေ အများကြီး အာရီးယန်းတွေရဲ့ ကိုးကွယ်မှုမှာ တွေ့ရပါတယ်။ ဥပမာ ဣန္ဒရ(မိုးနတ်) ၊ အဂ္ဂိ( မီးနတ်)၊ ဝရုဏ(ရေနတ်) စတာတွေပါ။

အိန္ဒုမြစ်ဝှမ်းသားတွေအတွက် ရသေ့ရဟန်းဟာ ဘာသာရေး သင်္ကေတတစ်ခုမျှသာဖြစ်ပေမယ့် အာရီးယန်းတွေရဲ့ တရားဟောဆရာက ဒီထက်အများကြီး ပိုအရေးကြီးပါတယ်။

အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ အထွက်အမြတ်ဘာသာရေးအကျင့်က ကာမဂုဏ်ကိုစွန့်ကာ တောထွက်ခြင်း ဖြစ်ပြီး အာရီးယန်းတွေအတွက်ကတော့ တူတူတန်တန်မိသားစုခေါင်းဆောင် ဖြစ်ဖို့ပါ။

မိသားစုနဲ့ပတ်သက်လို့ အိန္ဒုမြစ်ဝှမ်းသားတွေမှာ ထူးထူးခြားခြားယုံကြည်မှု မတွေ့ရပေမယ့် အာရီးယန်း တွေအတွက်ကတော့ “သား” မွေးဖွားမှုဟာ အကြီးမားဆုံးဆုလာဒ်ပါ။

အိန္ဒုမြစ်ဝှမ်းသားတွေက တရားရှုမှတ်ခြင်းကို အလေးအနက်ထားပေမယ့် အာရီးယန်းတွေကတော့ ယဇ်ပူဇော်မှုကို အလေးထားတယ်။

အိန္ဒုမြစ်ဝှမ်းသားတွေက ကမ္မနဲ့ သံသရာဝါဒကို ယုံကြည်ကြပေမယ့် ဒီလိုယုံကြည်မှုမျိုး အာရီးယန်း တွေဆီမှာ မတွေရပြန်ပါဘူး။

တမလွန်နဲ့ပတ်သက်တဲ့ အယူအဆတွေ၊ ကံတရားတွေ အာရီးယန်းတွေဆီမှာ မတွေ့ရပါဘူး။ သူတို့ရဲ့ အမြင့်မြတ်ဆုံးကိုယ်ကျင့်တန်ဖိုးက အဖွဲ့အစည်းကို သစ္စာစောင့်သိဖို့၊ လူမျိုးစုကြားထဲမှာ သပ္ပါယဖြစ်ဖို့၊ လူမျိုး ကိုပြန်လည်အကျိုးပြုဖို့ စတာတွေနဲ့ သတ်မှတ်ပါတယ်။

နောက်ဆုံးအနေနဲ့ အိန္ဒုမြစ်ဝှမ်းသားတို့ရဲ့ နောက်ဆုံးဘဝပန်းတိုင်ဟာ လွတ်မြောက်ရေးဖြစ်ပြီး အာရီးယန်း တွေအတွက်မှာတော့ ကောင်းကင်ဘုံရောက်ရှိရေးပါ။

အားလုံးကိုပြန်ချုပ်ကြည့်ရင် အိန္ဒုမြစ်ဝှမ်းသားတို့က တောထွက်ခြင်း၊ တရားအားထုတ်ခြင်း၊ သံသရာ၊ ကံ၊ ဝိမုတ္တိတို့ကို အလေးထားပြီး အာရီးယန်းတွေကတော့ ယဇ်နတ်ပူဇော်ခြင်း၊ သစ္စာရှိခြင်း၊ ချမ်းသာ ကြွယ်ဝခြင်း၊ အာဏာရှိခြင်းနဲ့ ကောင်းကင်ဘုံတို့ကို အလေးထားပါတယ်။ ဒါတွေကိုကြည့်ရင် ဒီယုံကြည်မှု နှစ်ခုဟာ လုံးဝမတူကွဲပြားခဲ့ပြီး နောက်ရာစုနှစ်များစွာကြာတဲ့အခါမှာတော့ ခွဲခြားလို့မရအောင် တစ်သားတည်း ဖြစ်ခဲ့ရပါတယ်။

ပြီးတော့ အရီးယန်းတွေဆီမှာ ဒေသခံတွေလုံးဝမကြားဖူးတဲ့ အချက်နှစ်ခုရှိနေပြန်ပါတယ်။ ဒါကတော့ ဇာတ်ခွဲခြားမှုနဲ့ နတ်ဒေဝတာတို့က သတင်းပေးခြင်းဆိုတာတွေပါ။

ဘီစီ ၁၅၀၀ နဲ့ ဘီစီခြောက်ရာစု (မြတ်စွာဘုရားပေါ်ထွန်းချိန်) ကြားကာလဟာ မတူကွဲပြားတဲ့ ဒီယဉ်ကျေးမှုနှစ်ခု အပြန်အလှန်နှီးနှောတဲ့ကာလ ဖြစ်ခဲ့တယ်။ အာရီးယန်းတွေက အိန္ဒိယအရှေ့တောင်ပိုင်း ဆီကို တဖြည်းဖြည်းရွေလျားခဲ့ကြပြီး မြို့ပြအိမ်ယာတည်ထောင်မှုစနစ်တွေက တဖြည်းဖြည်း မွေးစားကျင့်သုံး လာခဲ့ကြတယ်။ ရှေးရှေးကပြောခဲ့သလိုပါပဲ၊ မြစ်ကြီးနှစ်စင်း ပေါင်းဆုံသွားသလို ဒီယဉ်ကျေးမှုနှစ်ခုလည်း ပေါင်းစပ်သွားတော့တယ်။

ဘုရားရှင်ပွင့်ထွန်းတဲ့ကာလလည်းရောက်ရော ဘာသာယဉ်ကျေးမှုတွေဟာ လုံးဝဖွံ့ဖြိုးလာခဲ့ ပါတော့ တယ်။ ဘုရားရှင်ရဲ့ဖြစ်တော်စဉ်ထဲမှာကိုပဲ ဒီယဉ်ကျေးမှုတွေ တွေ့လာခဲ့ရတော့တယ်။ ဥပမာအားဖြင့် ဘုရား အလောင်းမွေးဖွားပြီးပြီးချင်း အလောင်းတော်ရဲ့ မြင့်မြတ်လာမယ့် အနာဂတ်နိမိတ်ကို ပညာရှင် တော်တော် များများက ဖတ်ကြားကြတယ်။

ပထမဆုံးနိမိတ်ဖတ်သူက အသိတပါ။ သူက တောတောင်ထဲမှာနေတဲ့ ရသေ့တစ်ပါးဖြစ်တယ်။ ဗုဒ္ဓဝင်အရ သူဟာ ဗြဟ္မာလို့အခိုင်အမာဆိုထားပေမယ့် သူဟာ အာရီးယန်းမျိုးဆက်အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ဒါဟာ ဒီယဉ်ကျေးမှုနှစ်ခု ဘယ်လောက်အထိ ထပ်တူကျနေပြီလဲဆိုတာ ပြောနေတဲ့အချက်ပါ။

ဘီစီခြောက်ရာစုမှာ ဗြဟ္မဏတို့ကိုယ်တိုင်ကပင် တောထွက်ပြီး အိမ်ယာမထောင် ရသေ့ရဟန်းဘောင် ကို ယူနေကြပါပြီ။ စောစောပိုင်းကဆို ဒါမျိုးကိစ္စက ကြားပင်မကြားဖူးတဲ့ကိစ္စပါ။ ခဏကြာတော့ ၁၀၈- ပါးသော ဗြဟ္မဏတို့ကို သိဒ္ဓတ္ထမင်းသားရဲ့ ကင်ပွန်းတပ်မင်္ဂလာအတွက် ဖိတ်ကြားခဲ့တယ်ဆိုတာ တွေ့ရပါတော့တယ်။ သူတို့ဟာ အိမ်ယာထောင်မှုကို မစွန့်လွှတ်ပဲ အာရီးယန်းတွေကျင့်သုံးတဲ့ ဓလေ့၊ စရိုက်တွေကို စွဲစွဲမြဲမြဲ လေ့ကျင့်ကြတဲ့ ဗြဟ္မဏတွေပါ။

ဒီလိုကွဲပြားတဲ့ယဉ်ကျေးမှုနှစ်ခု ဘာကြောင့် တစ်သားတည်းဖြစ်သွားရတာလဲ။

အာရီးယန်းတွေရဲ့ နယ်ချဲ့မှုဟာ မြေပြန့်လွင်ပြင်ကိုရောက်တော့ အဆုံးသတ်သွားခဲ့တယ်။ လူမျိုးခြင်း ပေါင်းစည်းသွားတယ်။ အဲဒီနောက် လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေးတွေ အပြောင်းအလဲဖြစ်ခဲ့တော့တာပါပဲ။

အစပထမကတော့ လူဦးရေအများစုဟာ မြစ်ချောင်းတွေနားမှာနေပြီး သဘာဝအန္တရာယ်တွေရဲ့ နှိပ်စက်မှုတွေကို အလူးအလဲခံခဲ့ကြရတယ်။ ဒီသဘာဝတွေကိုပဲ အာရီးယန်းတို့က နတ်တွေကို ကိုယ်စားပြု တယ်လို့ ယုံကြည်ခဲ့ကြတယ်။

ဒုတိယအနေနဲ့ စီးပွါးရေးအချက်အခြာ ဖြစ်လာခြင်းသဘောပါ။ ကနဦး အာရီးယန်းတွေရဲ့ ယဉ်ကျေးမှုမှာ ရသေ့၊ ရဟန်း(သမဏ၊ ဗြဟ္မဏ) နဲ့ စစ်သား(ခတ္တိယ) တို့သာ လွှမ်းမိုးထားခဲ့တယ်။ ရသေ့၊ ရဟန်းက နတ်ဒေဝတာတွေနဲ့ ဆက်သွယ်ပေးတယ်။ စစ်သားက နီးစပ်ရာလူမျိုးစုတွေဆီသွားပြီး စစ်တိုက်တယ်။ ဒီတော့ နိုင်ငံမွဲတေလာမှာပေါ့။ အဲဒီကနေတဆင့် စီးပွါးရေးပုံသဏ္ဍာန်ပေါ်လာပြီး ကုန်သည်၊ ပွဲစားတွေ အရေးပါလာတော့တာပါ။ ဘုရားရှင်ရဲ့ သာဝကဖြစ်တဲ့ အနာထပိဏ္ဏိကဆိုရင် ထင်ရှားတဲ့ သာဓကတစ်ခုပါ။

နောက်ဆုံးအနေနဲ့ လူမျိုးစုကွဲလေးတွေအားလုံး တစ်စုတစ်ဝေးတည်းဖြစ်လာတယ်။ လူ့အဖွဲ့အစည်း ဟာ လူမျိုးနဲ့မသတ်မှတ်တော့ပဲ၊ ပထဝီနယ်နိမိတ်နဲ့ သတ်မှတ်လာကြတယ်။ လူမျိုးစုကွဲတွေ စုပေါင်းနေထိုင် လာကြတယ်။ ဘုရားရှင်ရဲ့ သာဝကဖြစ်တဲ့ မဂဓတိုင်းသခင် ဘုရင်ဗိမ္ဗိသာရ မဂဓနိုင်ငံတော်ဟာ ဒီအတွက် ထင်ရှားတဲ့ သာဓကတစ်ခုပါပဲ။

စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ အိန္ဒုမြစ်ဝှမ်းသားတို့ကျင့်သုံးတဲ့ ဘာသာရေးဓလေ့စရိုက်တွေကို အာရီးယန်းတွေ လက်ခံလာဖို့တွန်းပို့လိုက်တဲ့ အချက်တစ်ချက်ဖြစ်နိုင်ပါတယ်။ အာရီးယန်းတွေက အစပိုင်းမှာ ရုပ်ဝတ္တုတွေနဲ့ လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် နောင်နှစ်ပေါင်း နှစ်ထောင်လည်း ကြာရော အိန္ဒိယဟာ အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ဘာသာရေးအယူအဆ၊ အကျင့်တရားတွေနဲ့ လုံးဝကြီးလွှမ်းမိုး သွားပါတော့တယ်။ အဲဒီအခါမှာတော့ အိန္ဒုမြစ်ဝှမ်းသားတွေနဲ့ အာရီးယန်းတွေကြားက ခြားနားချက်ဆိုတာ ရှာမတွေ့တော့လောက်အောင် တသားတည်းဖြစ်သွားတော့တယ်။

ဒီသမိုင်းအထောက်အထားကိုကြည့်ရင် ဗုဒ္ဓဘာသာက ဗြဟ္မဏဘာသာကို ဆန့်ကျင်တယ်ဆိုတဲ့စကား လုံးဝအဓိပ္ပါယ်မရှိတော့ပါဘူး။

ဗုဒ္ဓဘာသာထဲမှာ အိန္ဒုမြစ်ဝှမ်းသားတွေယုံကြည်တဲ့၊ ကျင့်သုံးတဲ့ ဘာသာရေးအယူအဆ တော်တော် များများကို မွေးစားယူခဲ့ပါတယ်။ ဥပမာ တောထွက်ခြင်း၊ ကမ္မ၊ ဝိမုတ္တိ ဆိုတာတွေပါ။ ဗုဒ္ဓဘာသာ မပေါ်မီ ကတည်းက ဒါတွေရှိနေခဲ့ပြီး ဗုဒ္ဓဘာသာပေါ်လာတဲ့ နောက်မှာလည်း ဒါတွေက ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ အချက်တွေပဲ ဖြစ်လာခဲ့ပါတယ်။

သူသင်ပြမယ့်တရားတွေဟာ ရှေးဟောင်းတရားဖြစ်တယ်၊ ပန်းတိုင်ကလည်း ရှေးကရှိခဲ့တဲ့ ပန်းတိုင် (သူထွင်တာ မဟုတ်- တထာဂတကို ဘာသာပြန်သည်ဟုထင်- စာရေးသူ) သာဖြစ်တယ်ဆိုတဲ့ ဘုရားရှင်ရဲ့ စကားဟာ အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ အကျင့်ဟောင်း၊ ပန်းတိုင်ဟောင်းကိုပဲ အခြေခံတယ်လို့ မိန့်ဆိုဟန်ရှိပါတယ်။ (သမိုင်းကို လေ့လာရာမှာ ရှေးဘုရားရှင်တွေမပါဘူးဆိုတာလေး စိတ်ထဲမှာထားပြီး သဒ္ဓါတရားခိုင်ခိုင်နဲ့ ဖတ်ကြ စေချင်ပါတယ်)။

ဒါတင်မကပါဘူး။ ဂေါတမဗုဒ္ဓ မပွင့်ခင်ကတည်းက ရှေးရှေးဘုရားရှင်တွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ အိန္ဒုမြစ်ဝှမ်း သားတို့ရဲ့ ယုံကြည်မှုကိုလည်း ဗုဒ္ဓဘာသာက ဆက်လက်ယုံကြည်စေခဲ့ပါတယ်။

ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာကိုလေ့လာရင်း ဘာသာရေးယုံကြည်မှုတွေဟာ အနည်းနှင့်အများ ကူးလူး ဆက်ဆံနေတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဟာ အိန္ဒုမြစ်ဝှမ်းသားတို့ရဲ့ ယုံကြည်မှုကို အများစု လက်ခံခဲ့ပြီး အာရီးယန်းတွေရဲ့ ယုံကြည်မှုအနည်းငယ်ကိုသာ လက်ခံခဲ့ပါတယ်။ နတ်ဒေဝတာတွေနဲ့ ပတ်သက် တာနဲ့ နိမိတ်ဖတ်တာစတဲ့ ဝေဒပညာတစ်ချို့လောက်ပါ။

ဟိန္ဒူတွေကတော့ အာရီးယန်းတွေရဲ့ ယုံကြည်မှုကို အများစုအခြေခံပြီး အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ယုံကြည်မှုကို အနည်းငယ်သာ လက်ခံခဲ့တယ်။ ဒါကြောင့် ဟိန္ဒူအများစုဟာ ဇာတ်စနစ်ရှိတယ်၊ ဝေဒရှိတယ်၊ နတ်ရှိတယ်၊ ယဇ်ပူဇော်မှုရှိတယ်။ ဒါတွေဟာ အာရီးယန်းတွေရဲ့ အကျင့်ဟောင်းတွေပါ။ ဒါပေမယ့် အိန္ဒုသားတို့ရဲ့ ယုံကြည်မှုဖြစ်တဲ့ တောထွက်ခြင်း၊ တရားထိုင်ခြင်း၊ သံသရာ၊ ကမ္မ၊ ဝိမုတ္တိတို့ကိုလည်း နေရာတော့ပေးထားတာ တွေ့ရပြန်ပါတယ်။



ဆုထားမျက်ချယ်









Copyright © 2012 ကမ်းလက်. All rights reserved.


သိပ္ပံနဲ့ ကျနော်တို့အမြင်

၁။ တာရာမင်းဝေ
တာရာမင်းဝေကတော့ လူငယ်ဆန်ဆန် လူငယ်ကြိုက်ပဲ ပြောခဲ့တယ်။
"သိပ္ပံပညာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက် ကွဲနေတဲ့ အသည်းကိုတော့ ပြန်ဆက်အောင် မစွမ်းနိုင်သေးပါဘူး" တဲ့။

၂။ စတန်နီ
သူကတော့ သိပ္ပံပညာကို သရော်သံ စွက်စွက်နဲ့ ကြည့်တယ်။
"သိပ္ပံပညာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက် ရိုးရိုးလှေကားထက် စက်လှေကားက ပျက်တာ ပိုများတယ်" တဲ့။

၃။ ဂျော့ ဘားနတ်ရှော
သူကတော့ ပိုပြီးတောင် သရော်သံ စွက်နေပါသေးတယ်၊ သိပ္ပံပညာကို လူနဲ့ရောပြီးတောင် သရော်လိုက်သေးတယ်။
နွားနို့ညှစ်စက် တီထွင်နိုင်တဲ့ သူ့တပည့်တွေက သူ့ကို လာကြွားကြတယ်။
"ဆရာကြီး ဒီနေ့ကစလို့ လူကိုယ်တိုင် နွားနို့ညှစ်စရာမလိုတော့ဘူး၊ ကျနော်တို့ နွားနို့ညှစ်စက်ကို တီထွင်နိုင်ပြီ။"
"ဒါနဲ့ မင်းတို့စက်ကလူကို အစားထိုးတာလား၊ နွားမကို အစားထိုးတာလား"
"လူကိုပေါ့ ဆရာကြီးကလည်း"
"နွားမကိုရော အစားထိုးလို့ မရဘူးလား"
"ဘယ်ရမလဲ ဆရာကြီးကလည်း"
"ဟင် လူကိုတော့ စက်နဲ့အစားထိုးလို့ရတယ်၊ နွားမကိုတော့ မရဘူး၊ ဒါဆို လူက နွားမလောက်တောင် အသုံးမကျ၊ မရှိမဖြစ် မဟုတ်လို့ပေါ့ ကွာ" တဲ့။

၎။ ဇင်ဝေသော်
ဆိုပါတော့ သိပ္ပံပညာက ကွဲနေတဲ့ အသည်းကို ပြန်ဆက်ပေးနိုင်တယ်၊ နွားမကိုလည်း စက်နဲ့ အစားထိုးပေးနိုင်တယ်။
ဒါဆိုရင် အသည်း နဲ့ နွားမက စက်လှေကားလို ခဏ ခဏ ပျက်သွားနိုင်တာပေါ့။


(ဇင်ဝေသော် ၊ ကမ်းလက်)







Copyright © 2012 ကမ်းလက်. All rights reserved.

အတင်းတုပ်သည့် သင်းအုပ်

နှစ်နှစ်ခန့်ကြာပြီဖြစ်သည်။ စင်ကာပူတစ်ကျွန်းလုံး အုံးအုံးကြွက်ကြွက် ဖြစ်သွားခဲ့သည်။ အကြောင်းကား ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်က ဗုဒ္ဓဘာသာ၏ အနှစ်သာရအဆုံးအမများဖြစ်ကြသည့် ကမ္မဝါဒ၊ သံသရာဝါဒ၊ နိဗ္ဗာန်နှင့်ပတ်သက်သည့် ဒေသနာတို့ကို သူ၏ပိုင်နက်တရားဟောခန်းမထဲ၌ ပျက်ရယ်ပြုလှောင်ပြောင်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ ယနေ့ခေတ်ကြီးကား ပြောသတိ၊ ဆိုသတိ၊ ရေးသတိ အရေးကြီးလှပေသည်။

ထိုအတင်းတုပ်သော သင်းအုပ်ဆရာ၏ ဗွီဒီယိုများ ယူကျုပေါ်ရောက်သွားပြီး ဗုဒ္ဓဘာသာတို့၏နှလုံးသားကို ထိရိုက်သွားလေတော့သည်။ ထို့နောက် အစိုးရပိုင်သတင်းစာမှာပင် အသံတွေဆူညံသွားလေတော့သည်။ ဗုဒ္ဓဘာသာဝင်များသာမက အခြားသောဘာသာဝင်များကလည်း သူတပါး၏ယုံကြည်လေးမြတ်မှုကို သရော်ရဲသော ထိုဆရာကို ဝိုင်းဝန်းဝေဖန်ကြလေတော့သည်။ ထိုအခါရောက်မှ ထိုအတင်းတုပ်သင်းအုပ်ဆရာ ပါးစပ်ဗရိတ်အုပ်သွားလေတော့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အွန်လိုင်းပေါ်မှ တုံ့ပြန်ကြသူများတွင် စင်္ကာအမျိုးသားတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့မှ ကျောင်းသားများ အများစုပါဝင်ကြလေသည်။

ကြွားသည်ဟုမထင်လျှင် ပြောချင်၏။ သီဟနာဒကား ထိုစင်္ကာပူအမျိုးသားတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ Spiritual Adviser ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာအဖွဲ့မှ ကော်မတီများ တစ်စုတစ်ဝေးတည်း ရောက်လာပြီး သြဝါဒခံယူကြသည်။

အတင်းတုပ်သော သင်းအုပ်၏တော့ပစ်က ဟော့ဖြစ်နေသောကာလတည်း။ ကိုယ်တိုင်က သည်းခံတတ်သော အမျိုးအစားတွင်သိပ်မပါဝင်သော်လည်း Spiritual Adviser ဟူသော ခေါင်းစည်းကြီးအောက်၌ကား ထုကြကွာ၊ နှက်ကြကွာဟုကား သြဝါဒပေး၍မရချေ။ထို့ကြောင့် -

စာလာပေလာအတိုင်း (ကိုယ်တိုင်မလိုက်နာနိုင်သေးဆိုစေ) မြတ်စွာဘုရားကား သည်းခံ၏။ သည်းခံခြင်းကို တန်ဖိုးထား၏။ ချစ်သားတို့- ငါဘုရားကိုဖြစ်စေ၊ ငါ၏ ဒေသနာတော်တို့ကိုဖြစ်စေ၊ ရဟန်းသံဃာအဖွဲ့အစည်းကိုဖြစ်စေ ၊ မဟုတ်မမှန် စွပ်စွဲပုတ်ခတ်က စိတ်တိုစိတ်ပျက်ရန်မလို။ မဟုတ်က မဟုတ်ကြောင်း၊ ဟုတ်က ဟုတ်ကြောင်းသာ ရှင်းပြကြ၊ အစချီသော ခေါက်ရိုးကြိုး သြဝါဒကိုပေးမိ၏။

ထိုအခါ နှုတ်သွက်သော ကျောင်းသူလေးက “ဘန္တေ ၊ ဒါဆို ငုံ့ခံနေကြရတော့မှာလား” ဟုမေး၏။ မေးထိုက်ပါပေ၏။ သူတို့အားလုံးအမှန်ပင် နာကြည်းနေကြသည်။

ငုံ့ခံဟု မဆိုလို၊ ခပ်ပြုံးပြုံးတုံ့ပြန်ဟုသာ ဆိုလိုသည်။ ခပ်ပြုံးပြုံးတုံ့ပြန်ရန်ကား ချက်ချင်းမရ။ ကိုယ်က ပြုံးနိုင်မှ တုံ့ပြန်မှုကလည်း အပြုံးတုံ့ဖြစ်ပေလိမ့်မည်။ ပြုံးရန်ကလည်း အီမိုးရှင်းနည်းမှ ဖြစ်မည်။ အချိန်ကိုစောင့်ပြီး ဒေါသသံမပါသော တုံ့ပြန်မှုများဖြင့် ထိုအတင်းတုပ်သင်းအုပ်ဆရာကို ပညာပေးမှ ဗုဒ္ဓဘာသာကို လူအထင်ကြီးပေလိမ့်မည်ဟု ဆက်ပြောရ၏။ ပညာတတ်ကလေးများဖြစ်သဖြင့် နားထောင်ကြ၏။ သဘောပေါက်ကြ၏။

ဒါဆို ဘာလုပ်သင့်သနည်း။
မဟာယာနဖက်၊ တိဗက်တန်ဖက်၊ ဇင်ဂျပန်ဗုဒ္ဓဘာသာဘက်မှ ဆရာတော်များထံမှလည်း သြဝါဒတောင်းခံပြီးမှ တစ်ခုခုလုပ်ကြရန် အရေးကြီးသည်။ မဟာယာနဘက်မှ သြဝါဒကိုတော့ရပြီးဖြစ်၏။ အလွန်ကောင်းသော တုံ့ပြန်မှုတစ်ခုလည်းဖြစ်သည်။ ယင်းကား စာအုပ်ပါးပါးလေးတစ်အုပ် တရားဝင်ထုတ်ပြန်ရန်ဖြစ်သည်။ စင်္ကာပူဗုဒ္ဓဘာသာ အဖွဲ့ချုပ်(Buddhist Federation) က ထုတ်ဝေမည်ဖြစ်သည်။ NUS, NTU နှင့် ပိုလီဗုဒ္ဓဘာသာအဖွဲ့တို့က ပံ့ပိုးမည်ဖြစ်သည်။

ပြုံးစိစိတုံ့ပြန်ကြရန် သဘောတူလိုက်ကြသည်။
နောက်တစ်ပတ်ခန့်ကြာသောအခါ NUS ကျောင်းသားဟောင်း၊ လတ်တလော လက်တွေ့ဗုဒ္ဓဘာသာတစ်ဖွဲ့ကို ဦးဆောင်ပြီး အတော်အတန်လူဖတ်များသည့် ဘာသာရေး ဘလော့ဂါတစ်ယောက် ရောက်လာပြန်သည်။ (အင်္ဂလိပ်ဘာသာစကားဖြင့်)

ဘာသာရေးကို နှံ့နှံ့စပ်စပ်သိသူပင်ဖြစ်သည်။
ဘန္တေ ၊ ဒီကိစ္စကတော့ ပုဏ္ဏမထေရ်ရဲ့ထုံး နှလုံးမူလို့တော့ ရမယ်မထင်ဟု သူကပင်စကားစလေတော့၏။
အချို့သိ၍ အချို့ကမသိသေးဟုထင်၏။

ကြမ်းတမ်းသောဒေသသို့ သာသနာပြုကြွမည့် ပုဏ္ဏမထေရ်ကို ဘုရားရှင်က သတိပေးခြင်း အဖြစ်အပျက်ဖြစ်သည်။ သူတို့က နှုတ်ကြမ်း၏၊ ဆဲရေးတိုင်းထွာလိမ့်မည်ဟုမိန့်ရာ မထေရ်က ကိုယ်ထိလက်ရောက်မှ မစော်ကားသေးဘဲဟု နှလုံးပိုက်ပါမည်ဟု ဖြေ၏။ ကိုယ်ထိလက်ရောက် စော်ကားလျှင်ရောဟု ဗုဒ္ဓကမေးပြန်ရာ မထေရ်က ငါ့အသက်ကိုမှ ရန်မရှာသေးဘဲဟု နှလုံးပိုက်ပါမည်ဟု ဖြေပြန်၏။ အသက်ကို ရန်ရှာလာလျှင်ကောဟု ဘုရားရှင်ကမေးပြန်ရာ မထေရ်က သေနေ့စေ့က သေရမည်။ ငါ့သေခြင်းအတွက် သူတို့က အကူအညီပင်ပေးသေးသည်ဟု နှလုံးသွင်းပါမည်ဟု ဖြေတော်မူ၏။ ထိုအခါမှသာ ဘုရားရှင်က ပုဏ္ဏမထေရ်ကို မီးစိမ်းပြလိုက်တော့သည်။

ထိုဒကာက ဤအဖြစ်အပျက်ကို ရည်ညွှန်းခြင်းဖြစ်၏။
ထိုပုဏ္ဏမထေရ်ကား ကိလေသာဟူသမျှ ပရိုတွန်၊ နျူထရွန်ပင်မကျန်အောင် ပယ်သတ်ပြီးသော ရဟန္တာမထေရ်ကြီးတည်း။ ယခု မိမိတို့ကား ကိလေသာများ မူလအော်ရဂျင်နယ်အတိုင်း ရှိနေသေးသော ပုထုဇဉ်အရိုင်းတုံးကြီးများသာ။ ပုဏ္ဏမထေရ်လိုတော့ သည်းမခံနိုင်။ ဟန်လုပ်၍လည်း သည်းမခံ။

ယင်းဒကာက ထိုလှုပ်ရှားမှုကို စ၏။
အွန်လိုင်းက စ၏။ ပတ်ဗလစ်ရှ်လည်းလုပ်၏။ Workshop တွေးလည်းလုပ်၏။ ယင်းစာအုပ်ကလေးကား Agree to Disagree ပင်ဖြစ်သည်။ မဖတ်ကြရသေးလျှင် ရှာ၍ဖတ်ကြည့်သင့်ပါ၏။ သိမ်မွေ့သော တုံ့ပြန်မှု ဖြစ်သဖြင့် ဗုဒ္ဓဘာသာလည်း အခြားဘာသာများအလယ် မျက်နှာထည်ပါ၏။

မည်သို့ဆိုစေ၊ ထိုအတင်းတုပ်သော သင်းအုပ်၏ပါးစပ်က ငြိမ်သွား၏။ ငြိမ်လည်း ငြိမ်ရပေမည်။ ဤကား စင်္ကာပူ၏ နိုင်ငံတော်မူဝါဒနှင့်ပင် မညီ။ ဝမ်းနည်းစရာကောင်း၏။ သူ့အတွက်၊ ဗုဒ္ဓဘာသာအတွက်၊ ခရစ်ယာန်ဘာသာဝင်များအတွက်ရော ဝမ်းနည်းစရာတည်း။ အမှန်မူ ထိုဓမ္မဆရာကလည်း ပညာတတ်တစ်ယောက်ပင်ဖြစ်သည်။

မည်သို့ဆိုစေ-
အတင်းတုပ်သော သင်းအုပ်ကားငြိမ်သွားပြီ။ သို့သော် အတင်းတုပ်မည့်သူကတော့ သင်းအုပ်ဆရာတစ်ယောက်တည်း မဟုတ်တန်ရာ။ တစ်ချိန်ချိန်၍ ပုံစံတစ်မျိုးမျိုးဖြင့် တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ပေါ်လာနိုင်သေး၏။

ထိုအခါ NUS က ကလေးများကဲ့သို့ ဗုဒ္ဓဘာသာ၏ သည်းခံခြင်းဟူသောဓါးအိမ်ထဲမှ သိုသိပ်စွာ မျက်ရှနေသော ဓါးကလေးများ အနာဂတ်တွင်လိုနေမည်ဖြစ်သည်။

ပုဏ္ဏမထေရ်ကဲ့သို့ ရဟန္တာတစ်ပါး၏ကျင့်စဉ်ကို ပုထုဇဉ်ရဟန်းများ၊ လူပုဂ္ဂိုလ်ဗုဒ္ဓဘာသာများက ဟန်ဆောင်၍လိုက်နေရန်မလို။ ဘာသာနှင့် ဒေသနာအတွက်လိုအပ်လျှင် ဓါးတစ်လက်ပင်ဖြစ်သင့်သည်။ သို့သော် ထိုဓါးကို သည်းခံခြင်းဓါးအိမ်ဖြင့် အုပ်ချုပ်ထားသင့်သည်။ အရေးမကြီးဘဲ ဓားအိမ်ထဲမှ ထွက်မလာသင့်။ ။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.