အိုလံပစ် နဲ့ အိုဗားမား

တရုတ်တွေ အိုလံပစ်ပွဲတော်မှာ ရွှေတံဆိပ်တွေ အများကြီးရတာနဲ့ ပတ်သက်ပြီး ဘာကြောင့်လဲ ဆိုတာ သိချင်လို့ အိုဗားမား က တရုတ်ပြည်ကို လေ့လာရေး သွားလုပ်တယ်။ တရုတ်အားကစား နည်းပြက အရှေ့ ဒဿနိက နဲ့ အညီ လေ့ကျင့်ပေးထား လို့ - လို့ ဖြေတယ်။ ဒါကို အိုဗားမား က သဘောမပေါက်ဘူး။

ဒါနဲ့ လာ၊ လက်တွေ့ပြမယ် ဆိုပြီး လမ်းလျှောက်ရင်း ထွက်လာကြတဲ့အခါ လမ်းမှာ ဘတ်စကက်ဘော အားကစားသမား Yao Ming နဲ့ တွေ့တယ်။ နည်းပြက အရှေ့ ဒဿနိက ပြမယ် ဆိုပြီး Yao Ming ကို ပဟေဠိ တစ်ခု မေးတယ်။
"လူတစ်ယောက်က မင်း နဲ့ ညီ အစ်ကို မတော်ဘူး၊
ဒါပေမယ့် မင်း အဖေရဲ့ သားအရင်းတော့ ဖြစ်တယ် ဆိုရင် အဲဒါ ဘယ်သူလဲ"

Yao Ming က ခဏလေး စဉ်းစားပြီး
"ဒါဆို ကျနော် ပေါ့ဗျ " လို့ဖြေလိုက်တယ်။

အိုဗားမား က အရှေ့ဒဿန ကို မှတ်ယူပြီး အမေရိက ကို ပြန်သွားတယ်။
အမေရိက ကို ရောက်တော့ ဘောလုံးသမား ဒေးဗစ် ဘက်ခမ်း ကို အဲဒီ ပဟေဠိ ကို ပြန်မေးတယ်။

"ဒေးဗစ်၊ လူတစ်ယောက်က မင်း နဲ့ ညီ အစ်ကို မတော်ဘူး၊
ဒါပေမယ့် မင်း အဖေရဲ့ သားအရင်းတော့ ဖြစ်တယ် ဆိုရင် အဲဒါ ဘယ်သူလဲ "
ဘက်ခမ်းက
"Wat? Dunno" တဲ့။

ဒါနဲ့ ဘက်ခမ်းက အာရှအနွယ်ဖွား ဂေါက်သမား တိုက်ဂါးဝုဒ် ကို အဲဒီ ပဟေဠိ ရဲ့ အဖြေကို သွားမေးတယ်။
"တိုက်ဂါး၊ လူတစ်ယောက်က မင်း နဲ့ ညီ အစ်ကို မတော်ဘူး၊ ဒါပေမယ့် မင်း အဖေရဲ့ သားအရင်းတော့ ဖြစ်တယ် ဆိုရင် အဲဒါ ဘယ်သူလဲ"
တိုက်ဂါးဝုဒ် က ခဏ စဉ်းစားပြီး
"That's me." လို့ ဖြေ လိုက် ပြန်တယ်။

အဖြေရ သွားတဲ့ ဒေးဗစ်ဘက်ခမ်း ဟာ အိုဗားမား ဆီ ပြန်သွားပြီး သူ အဖြေရလာတဲ့ အကြောင်း သွားပြောတယ်။
ဒါနဲ့ အိုဗားမား က ဒါဆို ဘယ်သူလဲ လို့ မေးတော့ ဘက်ခမ်း က
"တိုက်ဂါး ဝုဒ် " တဲ့။

" အရူး၊ ဘယ်ကလာ တိုက်ဂါးဝုဒ် ရမှာတုန်း၊ အဲဒါ Yao Ming" တဲ့။ အိုဗားမား က။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

☻ နောက် တောက်တောက် သေခြင်းတရား အကြောင်း ☻

၁။ ဟဲမင်ဝေး
ပထမဆုံး နောက်လိုက်တာက ဟဲမင်ဝေး ပါ -
"မာ့ခ်တွိန်းကို အကြောင်း သုံးချက်ကြောင့်သူ့ကိုသိပ်ကြိုက်ပါတယ်။
၁) သူက စာရေးကောင်းတယ်။
၂) ကျနော့်ကို ဖျော်ဖြေမှု ပေးနိုင်တယ်။
၃) နောက်ဆုံး အခု သူသေသွားပြီ၊မရှိတော့ဘူး၊ ဒါကြောင့် ပါ" တဲ့။

၂။ ဒုတိယ လူနောက်က ဘော်လ်တိုင်းယား -
"သူဟာ တကယ့်မျိုးချစ်ပုဂ္ဂိုလ်၊ လူသားချင်း စာနာတတ်သူ၊ မိတ်ဆွေစစ် မိတ်ဆွေမှန်။
အဲ....ဒါနဲ့..သူ တကယ်သေပြီဆိုတာ မှန်ရင် ပေါ့ဗျာ" တဲ့။

၃။ အမေရိကန် သုဘရာဇာလုပ်ငန်း ကုမ္ပဏီ -
သူတို့ ဘယ်လောက်ပဲ နောက်နောက် ဒီ ကုမ္ပဏီ ရဲ့ ကြော်ငြာက အနောက်ဆုံး။
"သေသာ သေပေးပါ၊ ကျန်တာတွေ ကျနော်တို့ တာဝန်ထားလိုက်ပါ" တဲ့။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်

By: Timothy Garton Ash
S.T. 22, June, 2012.
ခံစားပြန်ဆိုသူ: ဇင်ဝေသော်


အခု နှစ်ရက်အတွင်းမှာ ကျနော်ရဲ့ နေအိမ်၊ အလုပ်လည်းလုပ်ရာ အောက်စဖို့ ထောင့်ချိုးမှာ မှော်ဆရာရဲ့ ဆေးကြိမ်နဲ့ အရိုက်ခံ လိုက်ရပါတယ်။ အဲဒါ လေဒီ လို့ခေါ်တဲ့ ဒေါ် အာင်ဆန်းစုကြည် လွန်ခဲ့တဲ့ ရာစုဝက်လောက်တုန်းက သူမ ပညာသင်ကြားခဲ့တဲ့ St Hugh ရဲ့ လမ်းအကူးမှာ လာရောက် နေထိုင်နေခြင်းပါပဲ။ အင်္ဂါနေ့က သူမရဲ့ ၆၇ နှစ်မြောက် မွေးနေ့ ပါတီမှာ မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ အတူ ဆင်နွှဲခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ တက္ကသိုလ်ရဲ့ နှစ်ပတ်လည် လက်တင်ဆန်ဆန် ဂုဏ်ထူးဆောင် ပါရဂူ ဂုဏ်ပြုပွဲ။

ဥရောပ ငါးနိုင်ငံ ခရီးဟာ ဒေါ်စုရဲ့ တတိယနဲ့ စတုတ္ထ ကကြိုး အလှည့်အပြောင်း တစ်ခုပါ။ သူမရဲ့ ပထမ ကကြိုးက သူမရဲ့အဖေ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်ခွင်မှာ အစ ပျိုးခဲ့တယ်။ ဗိုလ်ချုပ် နေဝင်ချိန်မှာ သူမဟာ နှစ် နှစ်အရွယ် ခေါင်းဆံစလယ်မှာ "ပန်းတွေနဲ့ဝေ" ကလေးငယ်မလေး။ အဲဒီနောက် ချစ်သလောက် အလိုတော့ မလိုက် တတ်တဲ့ မိခင်ရဲ့ ရင်ခွင်အောက်မှာ။ ဒီနောက် အိန္ဒိယ၊ အရှေ့ရဲ့ အမြုတေ ဗုဒ္ဓဘာသာနဲ့ အနောက်ရဲ့ ခွန်အား အင်္ဂလိပ် ဘာသာ စကား။ ဒီနှစ်ခုကို မွေးမြူ ပြုစုခဲ့တယ်။

သူမရဲ့ ဒုတိယ ကကြိုးကတော့ 1964 မှာ စတင်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသူ၊ ကလေး မိခင်၊ အိမ်ရှင်မ၊ တိဗက် နဲ့ ဟိမဝန္တာရပ်ဝန်းယဉ်ကျေးမှု ကို အထူးပြု လေ့လာသူ Antony's Collage က ကျနော့် မိတ်ဆွေ Michael Aris ရဲ့ချစ်လှစွာသော ဇနီး။ ဒီ ခရီးက ၂၄ နှစ်ကြာတယ်။ အဲဒီ မှာ ဘဝရဲ့ ကျေနပ်စရာ၊ မကျေနပ်စရာတွေနဲ့ အတူ တိတ်ဆိတ် ငြိမ်သက်တဲ့ လမ်းပေါ်မှာ တစ်ခါတစ်ခါ လမ်းလျှောက်၊ တစ်ခါတစ်ခါ စက်ဘီး စီး၊ မီခိုးပြာရောင် ကောင်းကင်ရဲ့ အောက်မှာ။ ၁၉ ရာစု ဟန် နဲ့ ခြေတံ ရှည် အိမ်လေးပေါ်မှာ။ ဒီ ခရီးက ၂၄ နှစ်ကြာတယ်။ လွန်ခဲ့တဲ့ တစ်ပတ် အထိ ဆိုပါတော့။

သူမရဲ့ တတိယ ကကြိုးက 1988 ဆောင်းဦးပေါက် အောက်စဖို့က အိမ်ဆီ ရောက်လာတဲ့ ဖုန်းခေါ်သံ တစ်ခုက ခြေလှမ်းစတယ်။ သူမ အမေ နေမကောင်း လို့ တဲ့။ အဲဒီကနေ ၈၈ မျိုးဆက် ရဲ့ အော်ခေါ်သံတွေကို ပြန်လည် ထူးမိရင်း အမျိုးသား ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကပြလိုက်ရတော့တယ်။ ဒီဘဝမှာ ဒဏ်ရာများစွာကို ယူရင်း ကုစားရင်း ပါဝါ ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းက တိတ်ဆိတ်၊ အထီကျန်၊ မိခင်ရဲ့ အမွေ အိမ်ထဲမှာ အိမ် အကျဉ်းစံ၊ အိမ် အကျဉ်းခံ ဘဝ။ BBC ရဲ့ အသံနဲ့ ခန္ဓာ လန်းဖို့ စိတ် ကျန်းဖို့ ကြိုးစားရင်း ကျားကန် ထားခဲ့ရသတဲ့။

သူမရဲ့ စတုတ္ထ ကကြိုးကိုတော့ အိမ် အကျဉ်းစံ၊ အိမ် အကျဉ်းခံ ဘဝက လွတ်ချိန် ၂၀၁၀ ခု နိုဝင်ဘာ နဲ့ နှလုံးသားအောင်ပန်း ထိုး ရိုက် စိုက် လိုက်နိုင်တဲ့ ဒီနေ့ ကြားထဲမှာ လို့ ဆိုရလိမ့်မယ်။ သမ္မတ အသစ်စက်စက် ဦးသိန်းစိန်က ဖြစ်သင့်တာတွေ ဖြစ်သင့်သလို ဖြစ်စေဖို့ နိုင်ငံရေးတံခါးကို အားနဲ့ ဆွဲဖွင့်လိုက်တယ်။ အဲဒါ သူမ ပန်လိုတဲ့ ပန်းအစစ်။ အစိမ်းရောင်တွေ လွှမ်းနေဆဲ ပါလီမန် စားပွဲထဲကို သူမ အရဲစွန့်ပြီး ရောထိုင် ချလိုက်တယ်။

ဒီနေ့က စလို့ လာမဲ့ ၂၀၁၅ ရွေး ကောက်ပွဲ ကာလဟာ အကျပ်အတည်းတွေနဲ့ အူလည်နေလိမ့်မယ်။ ရာစုဝက် ကျော်ကျော် စစ်တပ်ရဲ့ အုပ်ချုပ်မှု အမှား အယွင်း၊ ရိရွဲနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ ယူဂိုစလပ် လက်ဖျားခါလောက်တဲ့ တိုင်းရင်းသားရေး ပြဿနာ၊ အရေးပါတဲ့ နေရာတိုင်း စစ်တပ်က ဖင်ခု ထိုင်ဆဲ၊ ရခိုင် ပြည်နယ်ထဲက ဘာသာရေး ကတောက် ကဆ။ တောထနေတဲ့ ပြဿနာ ပေါင်း သောင်း ခြောက်ထောင်။ ခပ် နဲ့နဲ့ NLD ဟာ အမြန်ဆုံး တည်ဆောက် ယူရမယ်။ အိမ်နီးချင်း နိုင်ငံတွေထဲက ဂဏာမငြိမ်(nervous) ဗိုလ်ကျချင်တဲ့ (authoritarian) အင်အားကြီး တရုတ်ကိုလည်း မေ့ထားလို့မရဘူး။

အလျှော့ အတင်း လုပ်စရာတွေ၊ စိတ်ပျက်စရာတွေ ဟာ မလွဲမသွေ ပါပဲ။ သမိုင်း ပညာရှင် Max Weber ရဲ့ ကြော်ကြားတဲ့ အဆို အမိန့် လို ပညာရှင်ရဲ့ အက်သစ် သဘောတရားဟာ အနည်းဆုံး နိုင်ငံရေးသမား ရဲ့ တာဝန်ကျေမှု သဘောတရား တော့ စွက်ထားမှ ရလိမ့်မယ်။ ထောင်တဲက ထွက်လာတဲ့ တောင် အာဖရိက ရဲ့ နယ်လ်ဆင် မင်ဒဲလား လို၊ ပါရာဂွေး ရဲတိုက်ကို မောင်းထုတ်တာ ခံရတဲ့ ချက် ပြည်ပြေး Vaclav Havel လို အတိုက် အခံ ခေါင်းဆောင်ပဲ ဆိုဆို၊ သမ္မတ လို့ ပြောပြော၊ နိုင်ငံ့ အမကြီး လို့ တွင်တွင် ၆၇ နှစ် သမီး ဒေါ်စုဟာ အခု နိုင်ငံတော်ရဲ့ တစ်သက်တာ အကျဉ်းသားဖြစ်နေပါပြီ။ အကျဉ်းကျစဉ် လိုသလောက် ရနေတဲ့ အချိန် ဟာ အခု အရှားပါးဆုံး ရတနာ တစ်ခု ဖြစ်နေပြီ။ မိနစ် ၃၀ စည်းဝေး၊ စက္ကန့် ၃၀ အနားပေး။ သမိုင်းက ပေးတဲ့ ဆုလဒ်၊ ရှေ့ ဆက်ရမယ့် ခရီး၊ အသုံးသပ်ခံရတော့မယ့် စတုတ္ထ ကကြိုးကို သူမ အခုမှ ခရီး စ ခဲ့ရပါတော့တယ်။

ဒါပေမယ့် နေသာတဲ့ အခိုက် သူမရဲ့ ၂၄ နှစ်ကြာ ကကြိုးအတွက် ဂုဏ်ပြုဖို့ ခဏ အချိန်ယူ လိုက်ကြရအောင်။ သူမကို ဂုဏ်ပြုဖို့ ဖျက်မရနိုင်တော့တဲ့ သမိုင်းစာအုပ်ထဲမှာ သူမ ဘယ်လို ရေးထိုးသွားခဲ့ သလဲ ဆိုတာတော့ သိထားဖို့ လိုအပ်ပါတယ်။ ကျနော် လက်တို့ပြခဲ့ပါရစေ။

တစ် - အကျဉ်းစံ အကျဉ်းခံ ဘဝက သူမ ရေးထားခဲ့ပြီး (ဒီ အက်ဆေးကို စောင့်ရှောက်နေတဲ့ အမျိုးသမီး ရဲ့ ထမီ ထဲမှာ ဝှက်ပြီး ထုတ်ယူ ခဲ့ရတယ်။) အခု ပြန်ပြောပြတဲ့ အက်ဆေးတွေ နဲ့တင် ကျနော်တို့ နက်နက် နဲနဲ ခံစား ခဲ့ရပြီးပါပြီ။ အဲဒီ အထဲက အပြောင်မြောက်ဆုံး Freedom From Fear ကို BBC Reith လက်ချာခန်းမှာ ဗွီဒီယို ကလစ် မနှစ်က ပြသခဲ့ပါတယ်။ အီဒီ အက်ဆေး ဟာ မစ္စတာ Havel ရဲ့ အကောင်းဆုံး လက်ရာတွေကို ကောင်းကောင်းကြီး ရင်ဘောင် တန်းပါတယ်။ ဒီ အထဲမှာ စိတ်ဓာတ်ရေး၊ စာပေရေး၊ နိုင်ငံရေး သဘောတရားတွေ မနည်း မနော စီးမျော နေတယ်။ Reith လက်ချာမှာ နိုင်ငံရေး ဖရီးဒမ်းဟာ အဇ္ဈတ္တငြိမ်းချမ်းမှု အပေါ်မှာ တည်ဆောက်ယူသွားနိုင်တယ် လို့ ဆိုခဲ့ပေမယ့် စိတ်ဓာတ်ရေး၊ စာပေရေး၊ နိုင်ငံရေး ကြားက ဟန်ချက်ကို ညီအောင် ထိန်းရာမှာ တစ်ခုခုတော့ အနည်းငယ် ရွေ့လျားမယ့် သဘော ရှိနေပါတယ်။ Havel တုန်းကလည်း ဒီလိုပါဘဲ။

နှစ် - သူမရဲ့ ရဲဝံ့မှု၊ ရိုးသားမှု၊ သန့်ရှင်းမှု။ လွတ်လပ်မှု လုံးဝ မရှိတဲ့ အရပ်မှာ ရဲဝံ့ခြင်းဟာ ရှားပါး ရတနာပါ။ အထူးသဖြင့် သူမရဲ့အကျဉ်းစံ ပထမနှစ် မှာပေါ့။ အရွယ်မရောက်သေးတဲ့ သားတွေနဲ့ ဝေးကွာ၊ တစ်ကိုယ်ထဲ အထီးကျန်စွာ၊ အပြည့်အဝ မရသေးတဲ့ ဗုဒ္ဓဘာသာ တရားအရိပ် အောက်မှာ၊ အခက်ခဲ ကာလပေါ့။ ဒါပေမယ့် သူမသုံးတဲ့ ဝိတိုရိယ အင်္ဂလိပ် ဟန်နဲ့ "ကျမမှာ ခေါင်းမာတတ်တဲ့ အကျင့် ရှိတယ်" လို့ ဆိုရမှာပါ။

သုံး - ဒါက လူတွေ သိပ် အမှတ်မထားမိတဲ့ သူမရဲ့ အလုပ် နဲ့ ဘဝ ကို ကျနော့်ကို လက်တို့ ပြလိုက်သလိုပါ။ အဲဒါ အရှေ့ အနောက် ပေါင်းစပ်ထားမှု။ ဥပမာ နိုဘယ်လ်ဆု ယူစဉ် မိန့်ခွန်းပြောတော့ စာအုပ်ကြီးတွေထဲက အင်္ဂလိပ် စကားလုံး အဟောင်းတွေ၊ အင်္ဂလိကန် ဝေါဟာရ လို့ဆိုရမလောက် သုံးပြသွားတယ်။ "other reaches of the earth" "some of our warriors fell at their post" "perfect peace is not of this earth" စတာတွေပါ။ နောက်ပြီး ဗုဒ္ဓဘာသာက ပြောတဲ့ ဒုက္ခ ခြောက်မျိုးကို (ဒုက္ခ ကို suffering လို့ မပြည့်မစုံ ဘာသာပြန်တယ်) သူမရဲ့ ကိုယ်ပိုင်ဘဝ နဲ့ နိုင်ငံရေး ကိစ္စတွေထဲမှာပါ လက်တွေ့သုံးသပ်ပြသွားတယ်။ ဒီ ယဉ်ကျေးမှု နှစ်ခု ကို တစ်ဖက်စီမှာ ထားတာတောင် မဟုတ်ပဲ ဟန်ချက်ညီညီ ပေါင်းစပ် ပြလိုက်တယ်။


အောက်စဖို့ တက္ကသိုလ် ပတ်ဘလစ် အော်ရေတာက သူမရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ ချီးမြှင့်ရာမှာ အနောက်ရဲ့ သမိုင်းဝင် လက်တင်လို မိန့်ခွန်း ချွေတော့ သူမကို အရှေ့က ကြယ်တာရာ (praesento stellam orientalem) လို့ ညွှန်းဆို လိုက်တယ်။ ဒါပေမယ် သူမ ဆိုသလို ဆိုရမယ် ဆိုရင် တက္ကသိုလ်တွေဟာ လူ့ယဉ်ကျေးမှု ကို အထွတ် အမြတ် လေးစားကြဖို့ သင်ကြားပေးကြတာပါ၊ ဒီ ယဉ်ကျေးမှု တွေကတော့ ကမ္ဘာ့ နေရာစုံကနေ စီးဝင်လာခဲ့တာပါ တဲ့။

ယိုယွင်းစ ပြုလာတဲ့ အနောက်ရွာဟာ တက်သစ်စ အရှေ့ဆီက သင်ယူစရာ အလှည့် အပြောင်း တစ်ခေတ် ရောက် လာနေပြီ ဆိုတာ ကျယ်ကျယ် လောင်လောင် သတိပေးထားခဲ့လေရဲ့။ သူမ အကြိုက်ဆုံး နာမည်ကျော် အင်္ဂလိပ် စာရေးဆရာ တွေထဲက တစ်ယောက်ဖြစ်တဲ့ Rudyard Kipling က လှလှပပ သမိုင်းဝင် နေရအောင် ဒီလိုပြောခဲ့တယ် " But there is neither East nor West .....when two strong men stand face to face." တဲ့။

ဒီ.... လေဒီ နဲ့ ပတ်သက်လို့ သူ့ စကားကိုပဲ ငှားပြီး ပြောရရင်
"And there is both East and West ,when one strong woman faces generals and the world."


(The writer is a professor of European studies at Oxford and senior fellow at the Hoover Institution, Stanford University.)

ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ဓမ္မဆိုတာ ကွယ်ပျောက်နိုင်သလား

ဗုဒ္ဓဘာသာတွေကြားမှာ ဓမ္မဟာ မကြာမီ ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ အယူအဆ ရှိနေကြတယ်။ ဒီအယူအဆကို လက်ခံနိုင်စရာ အကြောင်းရှိပေမယ့် ဒါဟာ ရှေးကဖြစ်ခဲ့တဲ့ ယုံကြည်မှုတစ်မျိုးပါ။ အဲဒီတုန်းက ဗုဒ္ဓဘာသာပတ်သက် ဆက်နွယ်နေတဲ့ အထောက်အကူ တွေကလည်း မလုံမလောက် ရှိနေခဲ့တယ်။ ဒါကြောင့် ဖြစ်လာဟန်တူပါတယ်။

ဒီယုံကြည်မှုဟာ တကယ်ရော မှန်နိုင်ပါသလား။

ဒီမေးခွန်းကို ဖြေဖို့ ပထမဆုံး “ဓမ္မ” ဆိုတာ ဘာလဲ လို့ မေးကြရပါလိမ့်မယ်။
၁။ ဓမ္မဆိုတာ အစစ်အမှန် သဘာဝတရား။
၂။ ဓမ္မဆိုတာ ဘုရားရှင် ထိုးထွင်းသိတော်မူခဲ့ပြီး ဟောကြားထားတဲ့ သစ္စာတရား။
၃။ ဓမ္မဆိုတာ ဗုဒ္ဓဘာသာဝင်တွေ ဘုရားအဆုံးအမနဲ့ အညီ ကျင့်သံးနေထိုင်မှု လို့ သုံးမျိုး ခွဲ ကြည့်နိုင်တယ်။

ဓမ္မဆိုတာ သဘာဝတရားလို့ ဘာသာပြန်ဆိုတဲ့ ပထမ ဖွင့်ဆိုချက်အရဆိုရင် ဓမ္မဟာ ဘယ်တော့မှ မကွယ်ပျောက်နိုင်ပါဘူး။ အာကာသ (Space)၊ ဓါတ်သဘာဝ (Energy) နဲ့ အချိန် (Time) ဆိုတာတွေ ရှိနေသရွေ့ ဓမ္မလည်း တည်ရှိနေပါလိမ့်မယ်။

ဒုတိယ နဲ့ တတိယ ဖွင့်ဆိုချက်တွေအရဆိုရင် ဘုရားရှင်ရဲ့ စကားတော်၊ လူသားရဲ့ နားလည်မှု နဲ့ အကျင့်စရိုက် စတာတွေအားလုံးဟာ သင်္ခါရတရားတွေချည်းမို့ပါ။ သင်္ခါရတိုင်းဟာ အနိစ္စ တွေ ချည်းပါပဲ။

ဒါတွေကွယ်ပျောက်သွားပြီဆိုရင် နောက်ပွင့်မယ့် အရိမေတ္တယျဘုရားရှင်က ဒါတွေကို ပြန်လည် သိမြင်လာပြီး ဟောပြတော်မူပါလိမ့်မယ်။

ဒုတိယနဲ့ တတိယ ဖွင့်ဆိုချက်အရ ဓမ္မဟာ ဘယ်အချိန်မှာ ပျောက်ကွယ်သွားမလဲ။
ဒီမေးခွန်းကို မေးတဲ့အခါမှာ ဘုရားရှင်က “အက္ခရာတွေကို မှားမှားယွင်းယွင်း အသံထွက်မယ် ဆိုရင် ၊ အနက်အဓိပ္ပါယ်တွေလည်း မှားယွင်းကုန်မယ်။ အသံထွက်မှားယွင်းမှုကို အခြေခံပြီး အဓိပ္ပါယ် အယူအဆတွေလည်း မှားနိုင်တယ်”။ လို့ ဖြေတော်မူခဲ့တယ် (A-1, 59)

ဒီနေရာမှာ ဘုရားရှင်ဆိုလိုတာက “စကားတော်” တွေပါ။ ဒါတွေကို တပည့်သားတွေက နှုတ်တက် အာဂုံဆောင်ထာကြတယ်။ နောက်ပိုင်းမှာတော့ ဒီစကားတော်တွေကိုပဲ အက္ခရာနဲ့ ရေးသားပြီး ပိဋကတ်သုံးပုံ ဆိုတာ ဖြစ်လာခဲ့ပါတယ်။

ဒီ အဆိုအရာ ဓမ္မကွယ်ပျောက်ဖို့ဆိုတာ အန္တရာယ်မကြီးလှသေးပါဘူး။ ဒီခေတ်စာအုပ်စာပေ ထုတ်ဝေသိမ်းဆည်းပုံ၊ လျှပ်စစ်ပစ္စည်း မီဒီယာတွေရဲ့ အကူအညီတွေဟာ အလွန်စိတ်ချရတယ်။ အလွယ်တကူရနိုင်သလို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လေ့လာဖတ်ရှု လို့ ရပါတယ်။

ဒီမေးခွန်းမျိုးပါပဲ။ အခြားတစ်နေရာမှာ “မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ပြီးတဲ့နောက် သူတော်ကောင်းတရားကွယ်ပျောက်စေဖို့ အဓိက အကြောင်းတရားက ဘာပါလဲ ဘုရား” ဘုရားရှင်ကိုမေးတော့ ဘုရားရှင်က သတိပဋ္ဌာန်တရားလေးပါး မပွားများရင် သာသနာကွယ်မယ်” လို့ ဖြေဆိုတော်မူပြန်ပါတယ်။ (S.V. 174)

ဒီနေရာမှာ ဘုရားရှင်ဆိုလိုတာက တရားရှုမှတ်ခြင်းနဲ့ လူတွေ စိတ်ဖြူစင်အောင် ၊ စိတ်ငြိမ်းချမ်းအောင်၊ ကျင့်ဆောင်နေသမျှ “ဓမ္မ” လည်း တည်နေမယ်လို့ ဆိုလိုတာပါ။

ဒီလိုပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘုရားရှင် မိန့်ခဲ့ပါသေးတယ်။ “ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော” ဆိုတဲ့ ဓါတ်ကြီးတွေက သဒ္ဓမ္မကို မကွယ်စေနိုင်၊ အသုံးမကျတဲ့ မောဃပုရိသ တို့ကြောင့်သာ သဒ္ဓမ္မဟာ ကွယ်သွားနိုင်တယ်” တဲ့။

ဒါတွေဟာ ဓမ္မတည်ရှိနေပုံရဲ့ အဖြေတွေပါ။

ဓမ္မဟာ ဘယ်လောက်ရှည်ရမယ် ဆိုတဲ့ သက်တမ်းမရှိသလို ဘယ်အချိန်မှာ ကွယ်ပျောက်သွားမယ် ဆိုတဲ့ သတ်မှတ်ချက်အချိန်လည်း မရှိပါဘူး။ ဗုဒ္ဓဘာသာဝင် တွေ ဓမ္မကို သဘောပေါက်နားလည်စွာ ကျင့်သုံးနေသရွေ့ ဓမ္မ တည်ရှိနေမှာပါ။

အသုံးမကျတဲ့ မောဃပုရိသတွေလည်း လူနည်းစု ဖြစ်နေရင်ပေါ့။

Ref.: The disappearance of the Dhamma
- A Guide to Buddhism A to Z , S. Dhammika

သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

¸.•♥• ချစ်ခြင်းတရားနဲ့ ကျနော်တို့ အမြင် •♥•.¸

၁။ တာရာမင်းဝေ
"တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ ဘုရားစိုက်တဲ့ ပန်းကလေး ပွင့်လာတာ" လို့ တာရာမင်းဝေက ပြောဖူးတယ်။

၂။ Lance Morrow
"သမ္မာ ကျမ်းစာထဲမှာတော့ မစားအပ်တဲ့ အသီးကို စားမိပြီး တစ်ယောက်ကို တစ်ယောက် ချစ်သွားကြလို့ ထာဝရ ဘုရားရှင်က ဒဏ်ခတ်တဲ့အနေနဲ့ အာဒမ် နဲ့ ဧဝ ကို အလုပ်လုပ် ခိုင်းတယ်။ အလုပ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ ခိုင်းတာ၊ ဆုပေးတဲ့ အနေနဲ့ ခိုင်းတာမဟုတ်ဘူး၊ ဒါကြောင့် ကမ္ဘာဦး ကတည်းက အလုပ်လုပ်တယ်ဆိုတာ ကောင်းတဲ့ အဓိပ္ပါယ် မဆောင်ဘူး" လို့ Lance Morrow က တိုင်း မဂ္ဂဇင်း မှာ ရေးခဲ့ပြန်ရော။

၃။ ဇင်ဝေသော်
ဘာပဲပြောပြော ဘုရားစိုက်တဲ့ ပန်းကလေး ပွင့် မလာခင်အလုပ်ရှိမှ ဆိုတဲ့သဘောကိုတော့ သမ္မာကျမ်းစာက ဆိုလိုချင်ဟန်တူပါတယ်။ "ဒါကြောင့် အလုပ်လက်မဲ့တွေ များလာတာဟာ ချစ်ခြင်းတရားတွေ ခေါင်းပါးလာလို့" - လို့ ( ဒီ စာညွှန်းနှစ်ခုကို ကြည့်ပြီး) ကျနော် ကောက်ချက်ဆွဲလိုက်ပါတယ်။

(အကြောင်းကြောင်းကြောင့် အလုပ်မရှိဖြစ်နေသူတွေ သမ္မာ ကျမ်းစာထဲက အတိုင်း ချစ်သူ ရှာကြဖို့ အကြံပြုလိုပါတယ်။)

အဲ ချစ်သူရှာတဲ့အခါ မျက်စိမှတ်ပြီးရှာရင် တွေ့ဖို့ ပိုမြန်သလို နှလုံးသားနဲ့ ပို နီးစပ်သတဲ့။ ကြားဖူးနားဝပါ။ အလုပ်ဖြစ်လို ဖြစ်ငြား ပေါ့။ သူကလည်း မျက်စိမှိတ် ရှာမယ့်သူ ဖြစ်နေရင်တော့ ကျနော့် တာဝန် မဟုတ်တော့ဘူး။


ဇင်ဝေသော်
Zin Wai Thaw







Copyright © 2012 ကမ်းလက်. All rights reserved.