အယ်ဒီဆင်ကို ဟောခဲ့သည့် အရှည်သုံးပါးတရားတော်

(ဓမ္မပဒ၊ ဗာလဝဂ်လာ ပထမဆုံး ဤ ဂါထာကိုကြည့်ကာ လတ်တလော ကြုံတွေ့နေရသော အဖြစ် အပျက်နှင့် တိုက်ဆိုင်နေသဖြင့် ဂါထာတစ်ပုဒ် ပုံစံတူ ကူးပြီး ဤ စာကို ရေးလိုက် မိပါသည်။ စစ်စစ်ပေါက်ပေါက် တွေးက ဘုရားရှင်နှင့် ဒေသနာ တော်ကို မလေးမစားလုပ်သည် ဟူသော အခြား အဓိပ္ပါယ် တစ်ခုလည်း ရှိကောင်း ရှိသွားနိုင်ပြန်ပါသည်။ ဤသို့ တွေးမိသူများ စိတ် မချမ်းမြေ့ဖွယ် တစ်စုံတစ်ရာ ဖြစ်ခဲ့သော် တောင်းပန်ပါ၏။ သီဟနာဒ။)

~~~~~

အိပ်မပျော်သူအတွက် ညတာသည်ရှည်၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို နားမလည်သော သူမိုက်အတွက် သံသရာသည်ရှည်၏။
“Long is the night to one who is wakeful;
Long is (the journey of) one yojana to the traveler who is tired;
Long is Samsara to the fool who is the ignorant of the true of Dhamma.”

"New Version"
“မီးပျက်၊ မီးမရှိသူများအတွက် ညတာသည်ရှည်၏။
သယံဇာတကို ရောင်းစားသူများအတွက် လျှပ်စစ်မီးရရှိရေး ခရီးသည်ရှည်၏။
မိမိတိုင်းပြည်၏လိုအပ်ချက်ကို မသိနားမလည်သော သူမိုက်တို့အတွက် နောင်တတရားသည်ရှည်၏။
“Long is the night to those who have no light;
Long is the journey of having light to those who sell their oil and gas;
Long is the regret to the fools who are ignorant of their country’s need!”

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် နံနက်စောစော သမာပတ်မှထတော်မူပြီး မည်သူ့ကို ချေချွတ်ရအံ့နည်းဟု ကြည့်ရှုဆင်ခြင်တော်မူလတ်သော် စိတ်လက်မသာ ညှိုးမှိုင်ကာနေရှာသော သောမတ်(စ်) အယ်(လ်) ဘာ အယ်ဒီဆင်ကို မြင်တော်မူလေ၏။

ထို့ကြောင့် အလုပ်အကျွေးရဟန်းမပါ၊ တစ်ကိုယ်တည်းသာလျှင် ပရိက္ခရာတို့ကို ယူဆောင်တော်မူပြီး သောမတ်အယ်ဒီဆင်ရှိရာ နယူးဂျာဆီမြို့ရှိ မင်လိုပါ့ခ် (Menlo Park) အလုပ်ရုံဆီသို့ ကောင်းကင်ခရီးဖြင့် ကြွတော်မူလေ၏။ ထိုနေရာသို့ရောက်သော်လည်း အပွိုင့်မန့်ကြိုတင်လုပ်ထားခြင်း မရှိသဖြင့် သူ့အလုပ်ထဲသူအာရုံနစ်နေသော အက်ဒီဆင်က ဘုရားရှင်ကို မမြင်မိပေ။ ဘုရားရှင်က ချောင်းဟန့်သော်လည်း နားလေးသော အက်ဒီဆင်က မကြားရှိလေ၏။

ရောင်ခြည်တော်များ ဖြန့်လွှတ်ရန်ကိုမူ ကမ္ဘာကို အလင်းပေးခဲ့သော ဒကာကြီးအရှေ့၌ မပြုအပ်ဟု ဘုရားရှင်က ယူဆတော်မူလေ၏။ ထို့ကြောင့် ဘုရားရှင်သည် မိနစ် (၂၀) ခန့် မတ်တပ်ပင် သီတင်းသုံးတော်မူခဲ့ရ၏။ ထိုအခါ ဆေးပြင်းလိပ်တစ်လိပ်ကုန်ဆုံးပြီး နောက်တစ်လိပ် မီးညှိဖို့လုပ်စဉ် ဒကာတော် အယ်ဒီဆင်သည် ဘုရားရှင်ကို တွေ့မြင်သွားလေတော့၏။

ဘုရားရှင်ကို မြင်လျှင်မြင်ချင်း အယ်ဒီဆင်၏မျက်နှာပေါ်၌ အနည်းငယ် ကျေနပ်သည့်အသွင်များ ရောက်သွားပြီး-

“ဂေါတမ ဗုဒ္ဓ ထင်ပါရဲ့၊ ကြွရောက်တော်မူပါ။ အလုပ်ရုံဖြစ်နေတဲ့အတွက် ခမ်းခမ်းနားနား နေရာထိုင်ခင်းမပေးနိုင်တာ ခွင့်လွှတ်ပါ” ဟု ခပ်ကျယ်ကျယ်ဆိုလေ၏။ ဘုရားရှင်ထိုင်လျှင်ထိုင်ချင်း သူသိလိုသောမေးခွန်းကို မေးလေတော့၏။

“ဂေါတမ ဗုဒ္ဓရေ၊ ကျုပ်လျှပ်စစ်မီးတည်ထွင်ခဲ့တာ နှစ်ပေါင်း (၁၃၀) ရှိပေါ့။ ကျုပ်စိတ်ကူးထဲမှာတော့ သက္ကရာဇ် (၂၀၀၀) ဆိုရင် တစ်ကမ္ဘာလုံး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေလိမ့်မယ်လို့ တွက်ဆထားခဲ့တာ။ မှားသဗျာ။ ကျုပ်တော်တော် စိတ်မကောင်းဖြစ်မိပါရဲ့ ဂေါတမဗုဒ္ဓရယ်။

သဗ္ဗညုတ ဉာဏ်ရှင် ဘုရားရှင်သည် အယ်ဒီဆင်၏ သောကအကြောင်းတရားကို သိမြင်တော်မူသော်လည်း သူ့ရင်မှာစိုက်နေသော သောကဆူးငြှောင့်ကို နှုတ်ရန်အလို့ငှာ-

“ဒကာကြီး အယ်ဒီဆင်၊ အဘယ့်ကြောင့်များ စိတ်လက်မသာရှိနေရပါသနည်း”

“အခု သက္ကရာဇ် ၂၀၁၂- ခု ရောက်နေတာတောင် အာရှတိုက် အရှေ့တောင်အရပ်က နာမည်နှစ်ခုနဲ့နိုင်ငံဟာ မီးမရသေးဘူးတဲ့ ဂေါတမဗုဒ္ဓရယ်။ ကျုပ်အဲဒီအတွက် စိတ်မကောင်းဖြစ်နေရတာပါ။ လောင်စာဆီမရှိလို့များလားလို့ တွေးမိပါရဲ့။ ဒါလည်း မဟုတ်ပြန်ဘူး။ သူတို့က လောင်စာဆီကို သူများကိုတောင် ပြန်ရောင်းစားနေကြသတဲ့။ ဗုဒ္ဓကတော့ လိမ်ပြောမှာ မဟုတ်ပါဘူး။ ကျုပ်ကြားထားတဲ့ သတင်းတွေက အမှန်တွေပဲလား။ မယုံနိုင်လွန်းလို့ပါ ဂေါတမ ဗုဒ္ဓရယ်”

“ဒကာကြီးကြားတဲ့ သတင်းတွေဟာ အမှန်တွေပါပဲ။ ဒကာကြီးတီထွင်ခဲ့တာ နှစ်ပေါင်း (၁၃၀) ကျော်ပေသည့် ထိုနိုင်ငံလေးခမျာမှာတော့ မီးပုံမှန်မရကြသေးပါ။ ထို့အတွက် သင့်ထံ ဗုဒ္ဓကြွရောက်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကြီးကို လျှပ်စစ်မီးနဲ့လင်းစေဖို့ သင်အချိန်တွေ၊ ခွန်အားတွေ ဘယ်လောက်စိုက်ခဲ့ရသည်ကို ဗုဒ္ဓသိသည်။ ထို့အတူ ဗုဒ္ဓ၏ကိုယ်တွေ့ အဖြစ်အပျက်ကလေးကို ဒကာကြီးကို ပြောပြချင်သည်။

ဂေါတမ ဗုဒ္ဓကိုယ်တိုင်ပင် ကမ္ဘာကြီးကို သစ္စာအလင်းများဖြင့် လင်းစေအံ့ဟု နှလုံးပိုက်ပြီး ထိုအလင်းကို ရရှိစေဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ရီဆာ့ခ်ျ (Research) လုပ်ခဲ့ရသည်။ သို့သော် ထိုသစ္စာအလင်းသည်လည်း သက္ကရာဇ်နှစ်ထောင်ကျော်သည့်တိုင် ကမ္ဘာ့ဒေသအများစု၌ မရောက်ရှိ၊ မဖြန့်ကျက်သေးပေ။ ထို့ကြောင့် စိတ်ပျက်ရမည်ဆိုလျှင် ဂေါတမ ဗုဒ္ဓကိုယ်တိုင်လည်း စိတ်ပျက်ရပေတော့မည်။ ဒကာကြီးမှ မဟုတ်ပါ။

“ထို့ကြောင့် ဗုဒ္ဓ၏ Very First ဒေသနာတော်၌ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ ဟု မိန့်ခဲ့သည်။ အဓိပ္ပါယ်ကား - This is suffering when dreams do not come true.’ ဖြစ်ပေသည်” ဟု ရှည်လျားစွာ မိန့်တော်မူ၏။

ထိုအဖြစ်အပျက်ကို ကြားလိုက်ရသော အယ်ဒီဆင်သည် ဘုရားရှင်၏ သစ္စာလေးပါးရှာဖွေရေးကား မိမိထက် အဆများစွာရှည်ကြာ၊ အဆများစွာ ပိုမိုပင်ပန်းခဲ့ရကြောင်းကို သဘောပေါက်ပြီး စိတ်သက်သာရာ အတန်ငယ်ရရှိလေ၏။

အယ်ဒီဆင်၏စိတ်သည် ယခုအခါ တရားနာရန်အသင့်တော်ဆုံးဖြစ်ပြီဆိုသည်ကို သိမြင်တော်မူသော ဘုရားရှင်သည် ဓမ္မပဒ ဗာလဝဂ်လာ မူရင်းဂါထာတော်နှင့်အတူ ဂါထာတစ်ပုဒ်ပါဖြည့်စွက်၍ မိန့်မြွက်တော်မူသည်။

ဒကာကြီး

အိပ်မပျော်သူအတွက် ညတာသည်ရှည်၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို နားမလည်သော သူမိုက်အတွက် သံသရာသည်ရှည်၏။

ဒကာကြီး ပိုရှင်းလင်းစေရန်-

“Long is the night to one who is wakeful;
Long is (the journey of) one yojana to the traveler who is tired;
Long is Samsara to the fool who is the ignorant of the true of Dhamma.”

ပထမဂါထာတော်အပြီးတွင် အယ်ဒီဆင်သည် စိတ်ကျေနပ်မှုရရှိယုံသာမက အသိ ဉာဏ်များပင် လင်းလက်လာလေတော့သည်။ ထိုအခွင့်အရေးကို လက်လွတ်မခံသော ဘုရားရှင်သည် အယ်ဒီဆင်ကို တိုက်ရိုက်ရည်ညွှန်းပြီး ဂါထာအသစ်တစ်ပုဒ် ထပ်ဟောလေသည်။

“မီးပျက်၊ မီးမရှိသူများအတွက် ညတာသည်ရှည်၏။
သယံဇာတကို ရောင်းစားသူများအတွက် လျှပ်စစ်မီးရရှိရေး ခရီးသည်ရှည်၏။
မိမိတိုင်းပြည်၏လိုအပ်ချက်ကို မသိနားမလည်သော သူမိုက်တို့အတွက် နောင်တတရားသည်ရှည်၏။

“Long is the night to those who have no light;
Long is the journey of having light to those who sell their oil and gas;
Long is the regret to the fools who are ignorant of their country’s need!”

ဒုတိယဂါထာ နယူးဗားရှင်း၏အဆုံး၌ အယ်ဒီဆင်သည် ကမ္ဘာ့အလင်းသာမက အဇ္ဈတ္တအလင်းပါ ရရှိသွားလေတော့သည်။
လေးသိန်းရှစ်သောင်းကုန်သော အမေရိကန်တို့လည်း ဗုဒ္ဓဘာသာအဖြစ် ခံယူကြလေကုန်၏။

အမှာ- ပထမဂါထာ အင်္ဂလိပ်ဘာသာပြန်သည် ဒေါ်မြတင်၏ အင်္ဂလိပ်ဘာသာပြန်မှ ယူထားခြင်းဖြစ်သည်။


သီဟနာဒ






Copyright © 2012 ကမ်းလက်. All rights reserved.

☁ နေမင်းပြုံးမယ့် နေ့ ☼

သင့် မှာ ချစ်တတ်တဲ့ နှလုံးသားရှိရင်
နှလုံးသား တစ်ခုစီ
သူသေ ကိုယ်သေ လောင်းကြေးထပ်ဖို့
ပိတုန်း တစ်ကောင်က
"လက်ရှောင်၊ ပေါက်ကောင် ဖော်မယ်" တဲ့။

အဲဒါ
ကိုနေဝင်း၊ကိုခင်ဝမ်း တို့ရဲ့" နေမင်းပြုံးမယ့်နေ့" များ ဖြစ်ခဲ့ရင်
တိုက်ဆိုင်မှု များစွာထဲက
အသေးမွှားဆုံး တိုက်ဆိုင်မှု တစ်ခုထက်
အဓိပ္ပါယ် တစ်စုံတစ်ရာ မရှိပါ။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

☺ ကိုယ့် အထာနဲ့ကိုယ်ကတော့ ကိုယ်လည်း ဘလော့ဂါပဲ ☺

မသိဘဲ ရမ်း မပြောနဲ့
အတင် အသ မတတ်လို့ကတော့
ကဗျာနတ်ကလည်း ကြီးမှကြီး ရယ်။

ကျောင်းပိတ်တဲ့ ရက်မှ
ကလေးတွေရဲ့ ဉာဏ်ရည်က
သိသိ သာသာ တက်လာကြ သတဲ့
ကျောင်းဆရာလုပ်ရတာ လွယ်မှတ်လို့။

အသား မရှောင်ဘူး ပြောလို့
"သစ်သား"တော့ ချက်မကျွေး နဲ့ ဗျာ
ဝါးရတာ တကယ် မချောင်ဘူး။

သစ်ပင် စိုက်တယ်
ပန်းပင် စိုက်တယ်
ထိပ်ပြောင်နေတဲ့ ခေါင်းတွေ မြင်တိုင်း
"ဆံပင်" တူး တူး ပြီး စိုက်ချင်စိတ်တွေ ပေါက်လာလို့
မနည်း ထိန်း ထိန်း ထားရတာ။

ယုံချင်မှသာ ယုံ
အသက် သုံးဆယ် ကျော်ကတည်းက
အဖြူရောင် တော်လှန်ရေး စစ်စစ် ပဲ

ဆံပင်ဖြူ တွေ့လို့ကတော့
ချက်ချင်း နှုတ်နှုတ်ပစ်တာ။

ကိုယ် သစ် တိုင်း မသစ်တဲ့ အထဲမှာ
ကိုယ့် မျက်နှာက စပြီး သစ္စာဖောက်တယ်
ဘယ်လောက်သစ်သစ် ဒီ မျက်နှာအဟောင်းနဲ့။


ငြိသလောက် လေး ရေးတယ်
သိသလောက် လေး ရေးတယ်
ရှင်းအောင် ရေးတယ်
မရှင်းအောင်လည်း ရေးတယ်
ပြောချင်ရာသာ ပြောကြ
(တင်ပေး ရိုက်ပေးသူ ရှိရင်)
ကိုယ့် အထာနဲ့ကိုယ်ကတော့ ကိုယ်လည်း ဘလော့ဂါပဲ။ ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

လူကောင်းများပင် လိုက်မိတတ်သည့် အဂတိ

အဂတိတရားလေးပါးကို မြန်မာ ဗုဒ္ဓဘာသာတိုင်းသိကြသည်။ ချစ်၍ အဂတိလိုက်၏၊ မုန်း၍အဂတိလိုက်၏။
ကြောက်၍ အဂတိလိုက်၏။ မသိ၍ အဂတိလိုက်၏။ ရှေ့ သုံးပါးသော အဂတိကို သူတော်ကောင်းများ ရအောင် ရှောင်နိုင်ကြ၏၊
နောက်ဆုံး အဂတိ ကမူ သူတော်ကောင်းရုံမျှဖြင့် မလုံလောက်တော့ပေ။

ဤ၌ မသိခြင်းဟူသည် သစ္စာလေးပါးနှင့် မဆိုင်တော့၊ အမှု အခင်း ရေးရာကို ကျကျ နန မသိခြင်းဖြစ်သည်။
ထို့ကြောင့် စိတ်ရင်း ကောင်းသူများပင် လွန်ကျူးမိတတ်တော့၏။ မသိ ဆိုရာ၌ သတင်း အချက် အလက်၊ အထောက် အထား မပြည့်စုံခြင်း၊
ပြည့်စုံပါသော်လည်း သုံးသပ်မှု လွဲချော်တတ်ခြင်း တို့ ဖြစ်နိုင်ပြန်သည်။ မည်သို့ ဆိုစေ မတရားမှု ဖြစ်လျှင် အဂတိ သာဖြစ်တော့၏။

ကိုယ်တိုင် မရိုးသားသဖြင့် ဖြစ်ရသော အဂတိ က ကိုယ်တိုင်သိသော်လည်း အချက် အလက် မမီ၊
ဉာဏ် မမီ၍ ဖြစ်ရသော အဂတိ က ကိုယ်တိုင်ပင် မသိတတ်။ နစ်နာလှ၏၊ ရိုးသားသော အဂတိ ဖြစ်၏။

လောက၌ "မသိလို့ မှားမိတာပါ" ဟု ခွင့်လွှတ်လို့ရ၏။
ပဋိစ္စသမုပ္ပါဒ် ဒေသနာ ၌မူ မသိခြင်းကို "မသိရှာ လို့ပါ" ဟု မပြော မဟောခဲ့။
ဘဝ သံသရာ၊ ဘဝ ဒုက္ခ၏ ပင်မ ကြောရိုးဟု မှာတမ်းရှိခဲ့သည်။

ရိုးသားလျက် မှားတတ်သော မောဟာဂတိသည် ကြောက်မက်ဖွယ် အကောင်းဆုံးဟု ကြည့်မိသည်။
အဘယ်ကြောင့်ဆိုသော် ကိုယ်တိုင် အဂတိ လိုက်နေမှန်း မသိသောကြောင့် ဖြစ်သည်။
ကိုယ်တိုင် မှန်သည်ဟု ထင်နေသောကြောင့် ဖြစ်သည်။

ရိုးသားသော အဂတိ။ ရိုးသားမှုက ရိုးသားမှု၊ အဂတိက အဂတိ။
သတိ၊ ပညာမှ လွဲ၍ ကုစားထုံး မရှိ။ တိလောက ဂုရု ကို ဦးညွှတ်မိပါ၏။ ။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ပွင့်သွားတဲ့ စွမ်းအင် တံခါး နဲ့ လူပြော သူပြော အသံများ

"မည်းမှောင်နေတဲ့ အတိတ်က လာခဲ့ရတော့
ခပ်မှိန်မှိန် ပစ္စုပ္ပန်ကိုပဲ
တောက်ပ လှတဲ့ အနာဂတ် လိုလို..."

Ref: Thein Sein meets US business leaders.
A delicate balance with deft move.
S.T. 14,July,2012

မနေ့က သမ္မတကြီး ဦးသိန်းစိန် နဲ့ အမေရိကန် ထိပ်တန်း စီးပွါးရေး ခေါင်းဆောင်များကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီ ကလင်တန် က ကမ္ဗောဒီးယား နိုင်ငံ၊ ရှမ်းမ် မြို့မှာ တွေ့ဆုံ မိတ်ဆက်ပေးခဲ့ပါတယ်။ "နိုင်ငံ နဲ့ပတ်သက်တဲ့ အနာဂတ် အစီအစဉ်တွေ အားလုံး သူတို့ကို ပြောပြနိုင်ပါတယ်"လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က ဆိုပါတယ်။ ဒီ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရက် ပိုင်း အတွင်း သွားရောက်ကြပါလိမ့်မယ်။

အိုဗားမား အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက် မကျခင်မှာ
၁။ အမေရိကန် စီးပွားရေးသမားများရဲ့ မြန်မာ့ ဈေးကွက်ထဲ လက်ဦးမှု ရယူလိုခြင်း၊ ဆုံးရှုံးမှာ စိုးရိမ်ခြင်း။
၂။ လူ့ အခွင့် အရေး အဖွဲ့များရဲ့အထပ်ထပ် စိုးရိမ် သတိပေးခြင်း။
၃။ မြန်မာ အစိုးရ ရဲ့ အမေရိကန် စီးပွားရေး လက်တွေ့ ကျကျ ပါဝင်လာဖို့ အထပ်ထပ် ဖိတ်ခေါ်နေ ခြင်း တွေနဲ့ ဗျာများနေခဲ့ရပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့ ကတော့ စည်းကမ်းချက် အသစ်တွေနဲ့ အတူ ဆုံးဖြတ်ချက် ချလိုက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ရေနံ နဲ့ စွမ်းအင် ကိစ္စမှာ အမေရိကန် စီးပွားရေး ပါဝင်လာတာနဲ့ ပတ်သက်လို့ ကြားရတဲ့ အသံတွေကတော့ တော်တော် စုံလင်လှပါတယ်။

ဆစ်ဒနီမှာရှိတဲ့ Macquarie တက္ကသိုလ်၊မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ ဒေါက်တာ Sean Turnell ကတော့ "The United States has moved very adroitly. Everyone gets something I think, hopefully to the benefit of Myanmar's reform process." အမေရိကန် က တော်တော် မြန်မြန် လှုပ်ရှားလိုက်ပြီး ဒီ လှုပ်ရှားမှုက မြန်မာ့ ပြုပြင် ပြောင်းလဲရေး အတွက် လူတိုင်းကို တစ်ခုခုတော့ ရစေနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် လို့ ဆိုထားပါတယ်။



အခွင့် အရေး ဆိုင်ရာအဖွဲ့များထဲက အမေရိကန် မြန်မာ့ ကမ်ပိန်း အဖွဲ့ကတော့ ဒီ လှုပ်ရှားမှုဟာ "a betrayal of human rights groups" လူ့ အခွင့် အရေး အဖွဲ့တွေကို သစ္စာဖောက်မှု လို့ စွပ်စွဲ ထားပြန်ပါတယ်။ အမေရိကန်အစိုးရ ဟာ စီးပွားရေးကိုပဲ အာရုံစိုက်ပြီး လူ့ အခွင့် အရေး ကိုတော့ မျက်ကွယ်ပြုထားတယ်ဆိုပြီး လူ့ အခွင့် အရေး ချိုးဖောက်မှု၊ မြေယာများ ပြည်သူပိုင်သိမ်းမှု စတာတွေကိုထောက်ပြကြပါတယ်။ နောက်ပြီး ဒီဆုံးဖြတ်ချက်က ဒေါ် အောင်ဆန်းစုကြည် သတိပေးခဲ့တာကိုရော ချိုးဖောက်ရာ ရောက်မသွားဘူးလား လို့ မေးစရာလည်း ရှိလာပြန်ပါတယ်။

ဒါကိုတော့ ဒေါက်တာ တန်နယ်ကပဲ "သူမ စိုးရိမ်တာတွေ မဖြစ်စေဖို့အမေရိကန်အစိုးရ ဟာ သူတို့ ကုမ္ပဏီတွေကို လိုအပ်တဲ့ လမ်းညွှန်မှုတွေ ပေးထားပါတယ် " လို့ ရှင်းပြခဲ့ပြန်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ ဝေဖန်နေသူတွေကြားက စီးပွားရေးတံခါးကို အမြန်ဖွင့်လိုက်ရတယ် ဆိုပေမယ့် မြန်မာ အစိုးရ အတွက်ကျတော့ ဒါက နည်း လည်းနည်း၊ နှေးလည်းနှေး ဖြစ်နိုင်ပြန်ပါရော၊ မြန်မာ အစိုးရ အမှန် မျှော်လင့်ထားတာက မြန်မာ့ ထုတ်ကုန်တွေတွေ အမေရိကန်ထဲကို တင်သွင်းခွင့် ပြုဖို့ လို့ အရှေ့တောင် အာရှ လေ့လာသူ Mr Murray Hiebert က ဆိုထားပြန်ပါတယ်။

ဘာပဲပြောပြော အမေရိကန်တွေ တကယ်ဝင်လာရင်တော့ ကျန်တဲ့ နိုင်ငံတွေကိုလည်း တပ်လှန့်ပြီးသားပါ။ မြန်မာ့ ဆင်းရဲတွင်းက တော်တော် နက်လေတော့ စိုင်းထီးဆိုင်ရဲ့ "အပေး အကမ်း ကပဲ နည်းတာလား၊ အစား အသောက်ကပဲ ကြီးတာလား " ဆိုတာလေးကို မဆီမဆိုင် သတိရ မိသေးတယ်။ "မည်းမှောင်နေတဲ့ အတိတ်က လာခဲ့ရတော့ ခပ်မှိန်မှိန် ပစ္စုပ္ပန်ကိုပဲ တောက်ပ လှတဲ့ အနာဂတ် လိုလို" တဲ့။

ဘာ ပြောပြော မနှစ်ကထက်သာတယ်။ ပြောချင်ရာ ပြောကြ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.