စကာား " စစ် " ပွဲ


၁ ။ မုသာဝါဒ။ စစ်ကြေငြာခြင်း။
 စေတနာဆိုး မုသာဝါဒဟာ လူမှုရေးပြဿနာ အားလုံးရဲ့ ရေသောက်မြစ်။

၂ ။ ဖရုသဝါစာ။ အသေခံ ဗုံးဖောက်ခွဲခြင်း။ 
တစ်ဖက်သား နာကျင်ဖို့ သူကိုယ်တိုင် အနာခံဖို့ အသင့်ပြင်ထားခြင်း။ ရှောင်ဖို့ သိပ်မလွယ်တဲ့ အကွာအဝေးရောက်မှ ဖရုသဝါစာကိုရော အသေခံ ဗုံးခွဲသူကိုပါ တွေ့မြင်ခွင့်ရ။ နှစ်ဦး နှစ်ဖက် ထိခိုက်၊ အနာတရ ဖြစ်ဖို့များ။

၃ ။ ပိသုဏဝါစာ။ စနိုက်ပါလို တိုက်ခိုက်ခြင်း။ 
ပိသုဏဝါစာပြောတတ်သူက ရှေ့မှာ မပြော၊ ကွယ်ရာကနေ ဆော်တယ်။  ဖရုသဝါစာလောက်ပင် လူမဆန်၊ သတ္တိမရှိ။ မုသာဝါဒ ပြောသူလောက်လည်း ( မဟုတ်တာတော့ မဟုတ်တာပေါ့ ) အရည်အချင်း မရှိ။ တစ်ယောက်နဲ့ တစ်ယောက်သာ နားလည်မှုလွဲ၊ ဘယ်သူ့လက်ချက်လည်းဆိုတာ ချက်ချင်း မသိရ။ ကျည်ဆံတွေသာ ရောက် ရောက်လာတယ် ဘယ်သူက ပစ်နေမှန်း မသိရတတ်။

၎ ။ သမ္မပ္ဖလာပ။ မစ်စ် ဖိုင်းယား၊ လွဲမှား ပစ်မိ၊ ဗုံးချမိခြင်း။ 
တစ်ဖက်သားကို နာကျင်စေဖို့ ဆန္ဒမရှိ။ ဒါပေမယ့် သူ့ကြောင့် တစ်ဖက်သားမှာတော့ မရှုမလှ။ စေတနာ မပါတော့ လက်တုန့်ပြန်လို့လည်းမရတတ်။ တချို့က စေတနာဆိုးမပါ၊ သူပြောချင်ရာ သူပြောတယ်၊ ဂရုမစိုက်တော့  ပြောတာတွေက တစ်ဖက်သားကို သွား သွားထိ။ သူကမသိ။ သိတော့မှ " ဆောရီး၊ အဲသလို မရည်ရွယ်ခဲ့မိ " တဲ့။

ခွေးက လူတွေ အိပ်ယာက နိုးစေလိုတဲ့ စေတနာ မပါ။ သူ ဟောင်ချင်လို့သာ ဟောင်တယ်။ ဘာ့ကြောင့်ပဲ ဟောင်ဟောင် လူ အိပ်ယာက နိုးတာကတော့ အတူတူပဲ။
( စောနေလတ်၊ လူလားမမြောက်သေးသော အတွေးများမှ )


 ကမ်းလက် 

ယောက်ျားနဲ့ ဘစ်ဂါး အင်းမေ့ဂ်ျ


ယောက်ျားဆိုတာက မိန်းမ မွေးနေ့၊ မင်္ဂလာ နှစ်ပတ်လည်နေ့ စတာတွေကို သိပ် သတိရတတ်တာမျိုး မဟုတ်ဘူး။
သူတို့ကို ဂရုမစိုက်ရလား လို့ သွားမပြောနဲ့ ပိုပြီးအရေးကြီးတာတွေ အာရုံစိုက်နေရလို့ လို့ ပြောတတ်ကြတယ်။
အင်္ဂလိပ်လို နည်းနည်းပါးပါး တီးမိ ခေါက်မိ မြန်မာတွေဆိုရင် ဘစ်ဂါး အင်းမေ့ဂ်ျ ( Bigger image ) ကို ဖော့ကပ်စ် ( focus ) လုပ်နေရတာ ဘယ် သတိရနိုင်မလဲ လို့တောင်  ပြောဦးမယ်။
ယောက်ျားတစ်ယောက်က ဒီနှစ်တော့ ရန်လုပ်မခံရအောင် ဆိုပြီး ဘယ်လင်တိုင်း ဒေး ကို သတိရတာနဲ့ ချစ်သူများနေ့ ကတ် လှလှလေး တစ်ခု ဝယ်ပြီး သူ့မိန်းမကို လက်ဆောင်ပေးတယ်။
ပျော်သွားတဲ့ သူ့မိန်းမရဲ့ အပျော်က ခဏပဲ ခံ တယ်။ နောက်တောက်တောက် ကတ်ထဲမှာ ရေးထားတာက
" With Deepest Sympathy ” တဲ့။
ဒီတော့ မှ ကတ်ထဲမှာ ရေးထားတာကို မဖတ်ခဲ့မိကြောင်း သတိရတယ် တဲ့။
ယောက်ျားဆိုတာ ဘစ်ဂါး အင်းမေ့ဂ်ျကိုပဲ ဖော့ကပ်စ် တယ်ဆိုတာ ( သို့ ) တခါတခါ အူလည်လည် ဆိုတာ ရှင်းနေတာပဲ။

လူမှားဗျူးတဲ့ ဘီဘီစီ

အပြစ်ကင်းတဲ့ အမှားတွေကို ပြန်ကြည့်ရင် ဘီဘီစီ တို့ လုပ်ချလိုက်တဲ့ အမှားက ပိုပြီး ပေါ်ပြူလာဖြစ်တယ်။
တကယ်တမ်း အင်တာဗျူးရမှာက Kewney ဆိုတဲ့ ပုဂ္ဂိုလ်၊ သူက Newswireless.net ရဲ့ အယ်ဒီတာ။ ဗျူးလိုတဲ့ အကြောင်းက " Apple vs Apple court case " ပါ။
သူ့ အစား ကမ္ဘာကို ရုပ်သံလွှင့်နေတဲ့ အခန်းထဲခေါ်ပြီး  ဘီဘီစီ အင်တာဗျူးလိုက်တာက ကွန်ဂို နိုင်ငံသား  ဂိုးမား ( Goma ) ဆိုတဲ့လူဖြစ်နေတယ်။
ဂိုးမားကလည်း ဒေတာနဲ့ ပတ်သက်တဲ့ အလုပ်တစ်ခုရဖို့ လျှောက်လွှာ တင်ထားသူပါ။ သူက ပြောတယ်။
" ခေါင်း တော်တော်စားသွားတယ်ဗျာ၊ အင်တာဗျူးမှာ မေးတာတွေကလည်း ကျနော် လျှောက်ထားတဲ့ အလုပ်နဲ့ ဘာမှလည်း မဆိုင်ဘူး "
"  ဘီဘီစီ မှားခဲ့တာနဲ့ ပတ်သက်လို့ လူတွေကို ပြန်ပြောပြဖို့ စိတ် ကသိကအောက် မဖြစ်မိပါဘူး " တဲ့။ ( သူက တကယ်လည်း လျှောက်ပြောတယ် )
သူမပြောရင်တောင် ဘီဘီစီ ကိုယ်တိုင်က ဒီ အင်တာဗျူးကို ကမ္ဘာလွှင့်လိုက်ပြီးပြီပဲ။
တော်တော် အူလည်လည်နိုင်တဲ့ အင်တာဗျူးဆိုပဲ။ ဒါမျိုး အမှားက ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရယ်တောင်ရယ်ရသေးတယ်။ ကောင်းတယ်။
ဘီဘီစီ တို့  ကမ္ဘာကျော်တယ်ဆိုတာ ဒါမျိုးလည်း အင်တာတိန်း လုပ်တတ်လို့။

( BBC News 'wrong Guy' is revealed
    Guy Goma
Guy Goma faced questions about the Apple vs Apple court case
The true identity of a man who was mistakenly interviewed on BBC News 24 has been revealed. )
ပေါ့ပေါ့ ပါးပါးလေးပါ

ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၂ )

တို့က ဘာပေးသလဲဆိုတော့ အိမ်ပေးတယ်။ အိမ်ဝယ်ဖို့ ပိုက်ဆံ မလုံလောက်ဘူးလား။ ဒေါ်လာ ရှစ်သောင်းအထိ တို့က စိုက်ပေးတယ်။ သူတို့ရဲ့ CPF (Central Provided Fund) ကို တိုးပေးတယ်။ နိုင်ငံတော်မှာ ပိုလျှံငွေ ထွက်လာရင် ဘော့နပ်(ခ်) ပေးတယ်။ ဘက်(စ်) အလကား စီးချင်တာလား။ ဒါတော့ မရဘူး။ မင်းမှာ ပြဿနာ ဖြစ်နေသလား။ မင်းကို ငွေ (သို့မဟုတ်) တစ်ခုခု ချပေးမယ်။ မင်း ဘာလုပ်မယ်ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်။
(လီကွမ်းယု)

မေး ။    ။ လူတန်းစား မတူညီမှုတွေ ရှိနေတဲ့ကြားကနေ အစိုးရကသာ ပိုပြီး ကြိုးစားပေးမယ်ဆိုရင် အောက်ခြေက (၂၀) ရာခိုင်နှုန်း ဆင်းရဲသားတွေရဲ့ဘဝ အနည်းငယ်တော့ တက်လာနိုင်မယ် မဟုတ်ဘူးလား။

 ဖြေ ။    ။ လူထုကို ပွင့်ပွင့်လင်းလင်းပဲ ငါပြောခဲ့တယ်။ အဲ့ဒါ ခင်ဗျားတို့ဘုရားရှင် ဖန်ဆင်းထားတဲ့ အတိုင်းပဲ၊ ကျွန်တော်က ဘုရားရှင်မဟုတ်တော့ ပြင်ပြီး ဖန်ဆင်းပေးလို့လည်း မရတော့ဘူး။ ကျွန်တော် ပေးနိုင်တာက အပိုကျူရှင်တွေ ကလေးတွေအတွက် လုပ်ပေးမယ်။ ပိုကောင်းတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးမယ်။ ဒါပဲ။ဒါပေမဲ့ ရလာတဲ့ အကျိုးအမြတ်က သိပ်မဟန်လှဘူး ... လို့။
 ဘာလို့လဲဆိုတော့ အထက်တန်းက ကလေးတွေကလည်း ပိုပြီး ကြိုးစားအားတွေ ရှိနေတော့ ဒီလူတန်းစား ခြားနားချက်က ဘယ်တော့ မှ ကျဉ်းသွားမှာ မဟုတ်ဘူး။
    ငါတို့ ကြိုးစားနေပါတယ်။ တကယ်ပါ။ အပိုကျူရှင်တွေပေး၊ ဂရုစိုက်မှုတွေ ပိုပေးတယ်။ အားပေးတယ်။ မိန့်ခွန်းတွေဘာတွေ သွားပြောရလို့ ဂုဏ်ပြုကြတဲ့ငွေတွေရရင် စကောလားရှစ်တွေအတွက် လှူလိုက်တယ်။ အောက်ခြေက ကလေးတွေကို အားပေးဖို့ ဆုတွေဘာတွေ ချတယ်။ ITE (Institute of Technical Education) ကနေ ပိုလီကျောင်းကို တက်နိုင်အောင် ... စသဖြင့်ပေါ့။
    သူတို့ လိုရာခရီးကိုရောက်ဖို့ ငါတို့က အပိုဆောင်းပေးတဲ့ အကူအညီတွေ အမြဲပေးနေမှာပဲ။ ဒီသဲသောင်ပေါ်က ကျောက် တစ်လုံး ကဖြင့် သွေးပေးလိုက်ရင် တစ်ခြားကျောက်တွေထက် သာသွားမှာပဲလို့ ဘယ်သူက ရွေးချယ်သတ်မှတ်ပေးနိုင်မှာလဲ။ ခင်ဗျားတို့ ကလေးတွေက အိမ်နီးချင်းက ကလေးတွေလောက် ဉာဏ်မကောင်းဘူးလို့ ပြောရင် မိဘတွေက သိပ်မကြိုက်ကြဘူး။
    မဲဆန္ဒနယ်ဟောင်းတွေ ဖြစ်ကြတဲ့ တန်ဂျွန်းပါဂါနဲ့ ကရိတအေရာကို ငါ စောင့်ကြည့်တယ်။ ကွန်မြူနတီစင်တာ (လူထုစုဝေးရာဌာ န) မှာ တက်တက်ကြွကြွ ပါဝင်တဲ့ ကလေးတွေကို ငါ လေ့လာတယ်။ တချို့ကလေးတွေက တော်တော် တော်ကြတယ်။ တစ်ယောက် ဆိုရင် မောင့်(တ်)အလစ်ဇဘက်ဆေးရုံမှာ မျက်စိအထူးကုဆရာဝန်၊ တချို့လည်း ကိုယ်ပိုင်ကွန်ဒို၊ ကိုယ်ပိုင် အိမ်တွေနဲ့ နေနိုင် ကြတဲ့ ပရော်ဖက်ရှင်နယ်တွေ။ မစွံတဲ့ကလေးတွေ မွေးထားမိတဲ့ မိဘတွေကတော့ လေးခန်း၊ ငါးခန်း HDB (Housing and Development Board) မှာ နေကြရတယ်။ သူတို့က မကျေနပ်လို့ ပြောကြသေးတယ်။ အိမ်နီးချင်း ကလေးတွေက ဘာဖြစ်လို့ ပိုသာနေတာလဲတဲ့။ သူတို့ကလေးတွေကမှ မစွံတာ။ ဒါပဲလေ။ ဘယ်သူကမှ သူတို့ကလေးတွေရဲ့ တက်လမ်းကိုဟန့်တား မထားပါဘူး။
  
 မေး ။    ။ ဟိုတုန်းက ခေတ်ကို မဆိုလိုပါဘူး။ ဒီနေ့ခေတ်မှာပေါ့။ တက္ကစီသမားတစ်ယောက်ရဲ့သားက Lim Chee Onn (လင်ချီအုန်း ) လို အစိုးရ ထိပ်သီးအဖွဲ့ဝင်အထိ ဖြစ်နိုင်အောင် အခွင့်အရေး ရှိနိုင်ပါ့မလား။
    ဖြေ ။    ။ ကလေးက ဉာဏ်ကောင်းပြီး ကျောင်းလည်းတက်ရင် ဖြစ်နိုင်တာပေါ့။ သူ့အရည်အချင်း ဖွံ့ဖြိုးဖို့ တားမြစ်ထားတာ မရှိပါဘူး။ အိမ်နားက စာသင်ကျောင်းတွေမှာလည်း နာမည်ကြီးကျောင်းတွေနဲ့ မခြား သင်ထောက်ကူပစ္စည်းတွေ ပေးထားတာပဲ။ ကျောင်းပရိဘောဂတွေကိုကြည့်၊ ကွန်ပျူတာကအစ ကျောင်းအုပ်၊ ကျောင်းဆရာတွေအားလုံး အတူတူပဲ။

    မေး ။    ။ မိသားစု နောက်ခံသမိုင်းကရော ဘယ်လိုလဲ။ တက္ကစီသမားရဲ့သားက ကျူရှင်ကစလို့ လူချမ်းသာကလေးတွေကို မီအောင် မယူနိုင်ဘူး။ ဒေါက်တာရဲ့သားနဲ့ ယှည်လိုက်ရင် သူ့ ဘဝဖွံ့ဖြိုးဖို့ ဒါတွေက အဟန့်အဟားလို ဖြစ်မနေဘူးလား။
    ဖြေ ။    ။ ဒေါက်တာရဲ့သားတွေက ဒေါက်တာရဲ့သမီးတွေကို လက်ထပ်တာ အများကြီးရှိတယ်။ ကိုယ့်လောက် အဆင့်မရှိသူကို လက်ထပ်မိတဲ့လူကတော့ ခေါင်းခြောက်နေမှာပဲ။ သူ့ကလေးက မိဘအစုံ ဒေါက်တာတွေရဲ့ ကလေးကို မီမှာ မဟုတ်ဘူး။ ဒါတွေကို သဘောပေါက်ဖို့ လူ့ဘဝထဲနေခဲ့တာ အတော်ကြီး ကြာပါပြီကွာ။
    အရွယ်ရောက်လာတဲ့ ငါ့ကလေးတွေကို ပြောလေ့ပြောထရှိတာ မင်းကို ပြောပြမယ် "မင်းတို့ အိမ်ထောင်ဖက် ရွေးတော့မယ်ဆိုရင် ဂျော့(ဂ်ျ) ဘားနတ်ရှော ပြောတာကို သတိရ ... လို့။ သူက ပြောတယ်။ မိန်းကလေး ချောချောကို လက်ထပ်ရင် သမီးလေးက မအေတူ အချောလေးဖြစ်ပြီး သားလေးက ဖအေတူ ဉာဏ်ကောင်းလေး ဖြစ်မယ်လို့ထင်ရင် အမှားပဲ။ မွေးလာတဲ့သားက သူ့အမေလောက် ဉာဏ်ရှိတယ်ဆိုရင်ပဲ ကျေနပ်လိုက်တော့.. တဲ့။ အဲ့ဒါကို သေသေချာချာ စဉ်းစားထားကြလို့"။
    အဲ့ဒီအဆုံးအမက သူတို့နားထဲ စွဲသွားတယ်။
    ငါ့ရဲ့ ဒုတိယအငယ်ဆုံးမြေးက အခု စစ်မှုထမ်းနေတယ်။ ပညာသင်ဆု ယူချင်တယ်ဆိုရင် သူ့အနေနဲ့ အလွယ်တကူ ရနိုင်တယ်။ သူက မယူဘူး။ သူက အိုင်တီသမား ဖြစ်ချင်တယ်လို့ ဆိုတယ်။ သူ ဘွဲ့ရရင် အဲ့ဒီမှာ သွားပြီး အတွေ့အကြုံရှာရင်း အလုပ်လုပ်ချင်တယ်။ ပြီးမှ ပြန်လာ၊ နောက်ထပ်ဘွဲ့တစ်ခု ထပ်ယူချင် ယူမယ်ပေါ့။
    ပညာသင်ဆုယူရင်းနဲ့လည်း မင်းလုပ်ချင်တာ လုပ်လို့ရတာပဲလို့ ငါကပြောတော့ သူက မလိုချင်ဘူး။ ကိုယ့်ခြေထောက်ပေါ်မှာပဲ ကိုယ်ရပ်ချင်တယ်တဲ့။
    သူ့အဖေကများ အလုပ်လုပ်ခိုင်းနေလို့လား။ မဟုတ်ဘူး။ သူ့မိဘတွေက ဘာမှ မပြောကြဘူး။ သူက စာ အတော်ဖတ်တယ်။ သူ စိတ်ဝင်စားတာက ကမ္ဘာဦးတိရစ္ဆာန်တွေ၊ ဒိုင်နိုဆောတွေ အကြောင်းရယ်။ သူ့စာအုပ်စင်မှာ အဲ့သလို စာအုပ်တွေ အများကြီးပဲ။ နောက်ဆုံးလည်းရောက်ရော သူ စိတ်ဝင်စားတာက အိုင်တီတဲ့။
    ငါ့သမီး ဦးနှောက်အထူးကုဆရာဝန်က သူ့အိုင်ကျူကို စစ်တယ်။ သူ့အိုင်ကျူအဆင့်က ၁၄၀ ကျော်တယ်။ သူ့မိဘတွေက သူ့အတွက် ပူစရာ မလိုတော့ဘူး။ အဲ့ဒါ ဘဝပဲ။
    ဘွဲ့ရပညာတတ်တစ်ယောက်က ဘွဲ့ရပညာတတ်တစ်ယောက်ကို လက်မထပ်ဘူးဆိုရင် ငါကတော့ သူ့ကို အရူးလို့ ခေါ်မှာပဲ။ ဘွဲ့မရတဲ့ မိန်းကလေးကို လက်ထပ်လိုက်လို့ကတော့ ရလာတဲ့ ကလေးတွေထဲမှာ တချို့က ဉာဏ်ကောင်း၊ တချို့က ဉာဏ်ထိုင်း၊ သူတော့ ဒုက္ခ ကောင်းကောင်း တွေ့မှာပဲ။

    မေး ။    ။ အခုထိ မရှင်းသေးတဲ့ကိစ္စက (ဒီလူတန်းစား ကွာခြားမှုအတွက်) အစိုးရက ဘာလုပ်ပေးနိုင်မလဲ။ ဘယ်အခန်းကဏ္ဍက ပါဝင်သင့်သလဲဆိုတာပါ။
    ဖြေ ။    ။ အစိုးရ လုပ်ရမယ့်ကိစ္စက ဒီလူ့အဖွဲ့အစည်းကို ညီညွှတ်အောင် ထိန်းပေးထားဖို့ပဲ။ အောက်ခြေလူတန်းစားတွေက မကျေမနပ်ဖြစ်ပြီး အမေရိကမှာလို အုံကြွလာတာမျိုး မဖြစ်အောင် ထိမ်းထားဖို့ပဲ။ ဒီပြဿနာအတွက် ဗြိတိန်နဲ့ ဥရောပရဲ့အဖြေက မပြည့်စုံသူတွေကို အစိုးရက ကူညီတာပဲ။ ငါတို့က အဲ့ဒီမူကို လိုက်လို့မရဘူး။
    ငါတို့ လုပ်နေတာက သူတို့ကို Welfare မပေးဘူး။ ပညာရေးပေးတယ်။ အမြတ်ငွေ ခွဲပေးတယ်။ ဒီငွေကို သုံပစ်မလား၊ ရင်းနှီးထားမလားဆိုတာကတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ကြပေါ့။ မင်းက ပေးတာကို သုံးပစ်လိုက်တယ်။ အဲ့ဒါက မင်းကိစ္စ။ တစ်ခုခုမှာ ရင်းနှီးထားတယ်။ ဒါဆို တစ်ခုခုတော့ အဖတ်တင်နေမှာပေါ့။
    တို့က ဘာပေးသလဲဆိုတော့ အိမ်ပေးတယ်။ အိမ်ဝယ်ဖို့ ပိုက်ဆံ မလုံလောက်ဘူးလား။ ဒေါ်လာ ရှစ်သောင်းအထိ တို့က စိုက်ပေးတယ်။ သူတို့ရဲ့ CPF (Central Provided Fund) ကို တိုးပေးတယ်။ နိုင်ငံတော်မှာ ပိုလျှံငွေ ထွက်လာရင် ဘော့နပ်(ခ်) ပေးတယ်။ ဘက်(စ်) အလကား စီးချင်တာလား။ ဒါတော့ မရဘူး။ မင်းမှာ ပြဿနာ ဖြစ်နေသလား။ မင်းကို ငွေ (သို့မဟုတ်) တစ်ခုခု ချပေးမယ်။ မင်း ဘာလုပ်မယ်ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်။ အလုပ်လုပ်ချင် လုပ်၊ သုံးပစ်ချင်ရင် သုံးပစ်။ ခေါင်း သိပ်မကောင်းတဲ့ လူတွေက ပေးထားတဲ့ရှယ်ယာကို ရောင်းပြီး သုံးပစ်ကြတယ်။ အများစုကတော့ စုထားကြတယ်။ ဒီတော့ တို့မှာ ပစ္စည်းပိုင်ဆိုင်မှု ဒီမိုကရေစီ (Property-owning Democracy) ရှိတယ်။ သူ ဘယ်လောက် ပိုက်ဆိုင်တယ်ဆိုတာ သူ ဘယ်လောက် စွမ်းနိုင်သလဲဆိုတဲ့အပေါ် မူတည်တယ်။
    တို့က ပစ္စည်းပိုင်ဆိုင်မှုဒီမိုကရေစီကို တီထွင်ထားခဲ့လို့ စင်္ကာပူ အေးချမ်းငြိမ်သက်တာ။ သူတို့နိုင်ငံကို ကာကွယ်စေချင်ရင် သူတို့ကိုလည်း ပိုင်ဆိုင်မှုတစ်ခုခု ပေးထားရမယ်။ Far East Properties တွေအတွက်၊ Hong Leong အတွက် နိုင်ငံတော်ကို ကာကွယ်နေမှာ မဟုတ်ဘူး။ သူ့မှာ အိမ်ပိုင်ရှိနေတယ်ဆိုရင် သူ့အတွက်၊ သူ့မိသားစုအတွက် ကာကွယ်တော့မှာပဲ။
    ဒီစနစ်က အလုပ်ဖြစ်တယ်။ ဘာ့ကြောင့်လဲ။ အဲ့ဒါက လူ့သဘာဝမို့။ တို့ စင်္ကာပူးရီးယန်းတွေ ကြားမှာ ဂျီးဇက်ရဲ့အပေါင်းပါ တရားဟောဆရာ ဘယ်နှစ်ယောက်ပါလို့လဲ။ သူတို့ကသာ သူများတွေအတွက် သူတို့ဘဝကို စတေးတာ။ ဒီလိုလူတွေ ရှိတော့ရှိပါတယ်။ ဘယ်လောက် ရှိလို့လဲ။ ခရစ်ယန်ချပ်(ခ်ျ)ကျောင်းထဲမှာရော အဲ့ဒီလို တရားဟောဆရာတွေ ဘယ်နှစ်ယောက် ရှိလို့လဲ။ လူ့သဘာဝကို ငါတို့က လက်ခံတယ်။ အဲ့ဒီသဘာဝကို အခြေခံပြီးတော့ ပေါ်လစီချမှတ်တယ်။ ပြီးတော့ လူတွေဆီက အကောင်းဆုံး အရည်အသွေးတွေ ထွက်လာအောင် ထုတ်ယူရတယ်။
    သူတို့ရှာထားတဲ့ စီးပွားရေးထဲကနေ အစိုးရက အခွန်တွေ နင်းကန်ပြီး ကောက်ယူကြည့်၊ ထိပ်သီးသူဋ္ဌေးတွေက တခြားနိုင်ငံကို ထွက်သွားကြမှာပဲ။

( Hard Truths. Chap 5. Tough Love.)
 ဆက်ရန်


မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၁ )

ဇင်ဝေသော်

စနေ ဘောလုံး



" စနေ ဘောလုံးဆိုတာ " ဘောလုံး သဘောတရားတွေထက် ဒီလောကထဲ က လူတွေရဲ့ အကြောင်း၊ ပြုံးစရာသတင်းတွေ အကြောင်း ကို ခံစား ရသ လို ရေး မိတာပါ။ ဘောလုံးကို လုံးဝ စိတ်မဝင်စားရင်တောင် တစ်ခုခုတော့ စဉ်းစားစရာ ရမ လား၊ ပြုံးရ မလားလို့ပါ။

မာရီယို မိုနာလီဇာ

အီတလီ ဘောလုံးသမား၊ မန် စီးတီးက မာရီယို ဘာလိုတယ်လီရဲ့ အေးဂျင့် က ဘာလိုတယ်လီ ဟာ မိုနာလီဇာ ပန်းချီကားလိုပဲ တန်ဖိုးသတ်မှတ်လို့ မရ ဘူးလို့ မဆိုင်ရာ ဝင်နှိုင်းနေပါတယ်။
" အီတလီမှာ သူ့ကိုဝယ်နိုင်လောက်အောင် ချမ်းသာတဲ့ ကလပ်အသင်း မရှိ၊ ဈေးကလည်း သတ်မှတ်ထားတာ မရှိ၊ ဝယ်မယ့် က လပ်အပေါ် အခြေ ခံပြီး အပြောင်းအလဲ ရှိမယ်။ အခုထိတော့ ဘယ်သူကမှ လာမဝယ်သေးလို့ တန်ဖိုးလည်း မသိသေး၊ မရှိသေး ဘူး " လို့ ဆိုပါတယ်။
သူဟာက ရယ်စရာလိုလို အဟုတ်လိုလိုနဲ့။

" no story "

ရီယယ် မက်ဒရစ် နည်းပြ မော်ရင်ညိုတို့ စကားပြော ကောင်းချက်က နိုး စတို ရီ လို့ပြောတာကပင် စတိုရီ ဖြစ်သွားတယ်။

သတင်းထောက်။ ။ ............?
မော်ရင်ညို       ။ ။ There is no story.
သတင်းထောက်။။ ............?
မော်ရင်ညို       ။ ။ No more story to add.
သတင်းထောက်။  ။ ............?
မော်ရင်ညို        ။ ။ Absolutely no story anymore.
ရွာက လူတွေက အင်္ဂလိပ်စာ မဖတ်တတ်တော့ ကြားရတဲ့အသံကို လိုက်ပြီး သူ့နာမည်ကို မြန်မာမှု ပြုကြတယ်။" မောင်တင်ညို " တဲ့။ လှတယ်။ ရွာနံ့လည်းရတယ်။
" ဂယ်ရီ နဗီး " ကို " ဂါရီ နာဗယ်လီ " လို့ အသံထွက်တဲ့ ဂျာနယ်လစ် တချို့ ထက် အများကြီးသာတယ်။

This is Chelsea. Nothing makes sense.
၁ ။ မနှစ်က FA ချန်ပီယံ၊ ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ။ ပီရီးမီးယာလိဂ် ဇယားမှာ ၁၀ နှစ်အတွင်း အဆိုးဆုံး။
၂ ။ နှစ်စတော့ ၇ ပွဲနိုင် ၁ ပွဲ သရေ။ အဲဒီ မန်နေဂျာကိုဖြုတ်။ ၇ ပွဲဆက် တိုက် နိုင်ပွဲ မရှိ။
၃ ။ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၁၆ ဂိုးသွင်းပြီး ဂိုး အများဆုံးသွင်းတဲ့ အ သင်းဖြစ်ခဲ့။ ဒါပေမယ့် အုပ်စုက ထွက်ခဲ့ရ။
၎ ။ အခု ဥရောပသရဖူပြုတ်တော့ ကမ္ဘာ့ကလပ် ချန်ပီယံဖြစ်ဖို့ ကြိုးစားနေပြန်။
This is Chelsea. Nothing makes sense.
THE TIME, LONDON.

မန် စီးတီး၊ မန်ယူ

မနက်ဖြန် ကန်မယ့် ဒီပွဲမှာ နိုင်ငံပေါင်း ၂၀၀ ကျော်က စောင့်ကြည့်မယ်လို့ သိ ရပါတယ်။ မန် စီးတီး ဆိုတာ ဥရောပ ချန်ပီယံလိဂ်မှာ ၃ ပွဲ သရေ၊ ၃ ပွဲ ရှုံး၊ နိုင်ပွဲ ဇီးရိုးနဲ့ အညံ့ဆုံး အင်္ဂလိပ် ဘောလုံးအသင်း သရဖူ ပူပူနွေးနွေး ရ ထားတဲ့ အသင်းပေါ့။ အရှေ့အလယ်ပိုင်းရေနံတွေ ဥရောပမှာ အလုပ်မဖြစ်ဘူး ထင်ပါရဲ့။ ဂျာမဏီ က ဒေါ့မွန်က အိမ်ရော၊ အဝေးရော ပညာပေးလိုက် တယ်။ မှတ်ကရော အရပ် သူဌေး။
မနက်ဖြန်လား။ ဘာသာရေး အစွန်းရောက်တယ် ပြောပြော အာရပ် ရေနံနဲ့ အသက်ရှူနေတဲ့ အသင်းဘက်ကတော့ အားမပေးနိုင် ပါ ဘူး။ ပွဲအဖြေ ဘယ်လိုပဲဖြစ်ဖြစ် ဖာဂီ မှ ဖာဂီ၊ တစ်ပြားသားမှ မလျှော့လို။ ။


 ဇင်ဝေသော်

" ဝ " တာက ကောင်းပါတယ်


ကလေးတုန်းက သိခဲ့ရတာက နွားတွေ မြွေကိုက်ရင် အဆီမရှိလို့ ချက်ချင်း အဆိပ်သင့်တယ်။ ဝက်တွေကျ မြွေကို မကြောက်ဘူး။ ကိုက်လည်း အဆီေ တွများတော့ အဆိပ်မတိုးဘူး။
ဒီ အချက်က အခု သိပ္ပံနည်းကျကို မှန်နေတယ်။ ( တခါတခါ သိပ္ပံလည်း အူ တူတူတော့ နိုင်တာပေါ့။ )
မက္ကစီကို နိုင်ငံသား Stephen ဆိုသူက " a man who survived a being shot when his pot belly caught " ဆိုတဲ့ သူ့ကိုယ်တိုင်ရဲ့ အတွေ့အကြုံ သတင်းကိုြေ
ပာပြခဲ့တယ်။ ဝမ်းဗိုက်ကို ကျည်ဆံ ထိတာတောင် အဆီတွေ ကြားမှာ ကျည်မတိုးနိုင်တော့ သူ မသေခဲ့ဘူး။
ဆရာဝန်တွေကလည်း ထောက်ခံပါတယ်။ " အဆီမရှိတဲ့ ဝမ်းဗိုက်ဆိုရင် အခုနေ သေနေလောက်ပြီ " တဲ့။
နောက်ထပ် ဆရာဝန်ပြောတာက ပို မှတ်သားထိုက်တယ်။
" ကျည်ဆံရယ်တောင် မဟုတ်ဘူး၊ ဓါး စတာတွေနဲ့ ဝမ်းဗိုက်ကို အထိုးခံ ရ ရင်လည်း အဆီများများ ဝမ်းဗိုက်နဲ့ လူက သေဆုံးဖို့ ရာခိုင်နှုန်း ပိုနည်းတယ်၊
ဒါပေမယ့် ကျည်ဆံ၊ ဓါး စတာတွေရဲ့ အန္တရာယ်ကို ကာကွယ်ရုံ သက် သက် အတွက်တော့ ( ဒါကိုထောက်ရင် တခြား ကောင်းကွက်တွေ ရှိနိုင်သေးတယ် ) ဝလွန်းတာကို အားမပေးပါဘူး " တဲ့။

အမေရိကန်တွေက လူလည်တွေ၊ ဒါ့ကြောင့် သူတို့ လူဦးရေရဲ့ သုံးပုံ နှစ်ပုံက အိုဗာဝိတ်တွေ ဖြစ်နေတာ။ " ဝ " ခြင်းရဲ့ အားသာချက်တွေကို သိထား ကြ လို့ နေမှာ။ ဒါကို အာရှက မသိကြဘူး။
အထူးသဖြင့် မိန်းကလေးတွေ။ ဆောင်းပါတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်။ မိန်းကလေးတွေက မသိလို့ ပိန်ချင်တာ၊ ဖက်ရှင် ရှိုး၊ မော်ဒယ် ရှိုး တွေ ကို ယောက်ျားစစ်စစ် ၈၅ ရာခိုင်နှုန်းက မကြည့်ဘူး။
ယောက်ျားစစ်စစ်တွေ ကြည့်တာက " မယ် " ပြိုင်ပွဲတွေ တဲ့။ ဒါကြောင့် မော်ဒယ် စတိုင် ပိန်ပိန်လေးတွေက ယောက်ျားကောင်း ( စစ်စစ် ) ရဖို့ ရာနှုန်း အတော်နည်း တယ်တဲ့။

အာရှလည်း ပြောင်းလဲ စတော့ ပြုလာနေပြီ။ ဖက်တီး Psy က ဂန်းနန် စတိုင် နဲ့ ပိန်တာရိုးတွေကို ကျော်တက်သွားတယ်။
မြောက်ကိုရီးယား ဖက်တီး ခေါင်းဆောင်သစ် ကင်ဂျုံအွန်း ကို မြောက်ကိုရီး ယား သားတွေက ( ကြောက်လို့ပဲ ဖြစ်ဖြစ် ) " The sexiest man a live in the world " တဲ့။
ဒီ အထောက်အထားတွေ ရှိလို့ ပြောတာပါ " ဝ " တာက ကောင်းပါတယ်။ ။

ပေါ့ပေါ့ ပါးပါးလေးပါ


ဇင်ဝေသော်