ကြားဖူးတဲ့ ပုံပြင်နှစ်ပုဒ်

(၁)
ကံကောင်းတဲ့လူဆိုတာ ရေထဲတွန်းချလိုက်ရင်တောင် ငါးကို ကိုက်ပြီးပြန် တက်လာတယ်။ (အမည်မသိ)

(၂)
ကံဆိုးတဲ့လူ (ကျနော်) သုဿာန်ကန်ထရိုက်ဆွဲလိုက်ရင် လူတွေမသေ ကြတော့ဘူး။(အမည်ရှိ၊မမှတ်မိ)

ဒီပုံပြင်နှစ်ပုဒ်ရဲ့ မော်ရယ်: ကံကောင်းသူကို သုဿာန်ကန်ထရိုက်မဆွဲစေနဲ့။

ကဆုန် ဝါဆို

ကဆုန်လပြည့် (Wesak Day) ရောက်တိုင်း မေးတတ်ကြ သည့် မေးခွန်း က မြန်မာပြည်မှာလည်း ဒီလိုပဲ ကြီးကြီးကျယ်ကျယ် ကျင်းပကြသလား ဆို သည့် မေးခွန်းဖြစ်သည်။
"Yes." ဟုဆိုက အလွယ်တကူ ပြီးနိုင်သော်လည်း အဖြေက အနည်းငယ် လိုနေသလိုပင်။ ကမ္ဘာ့ဗုဒ္ဓဘာသာများကြား၌ ဤနေ့ (ကဆုန်လပြည့်) က အထူးခြားဆုံး အကြီးကျယ်ဆုံးဖြစ်ပြီး ဝါဆိုလပြည့်က တကယ့်ကို သာမန် သာဖြစ်သည်။ မြန်မာပြည်မှာ ကဆုန်လပြည့်နှင့် ဝါဆိုလပြည့်က သူမသာ ကိုယ်မသာဖြစ်သည်။ မင်းကွန်းဆရာတော်ကြီး ဩဝါဒ မချွေခင်က ဝါဆို လပြည့်ကပင် ပို၍စည်ကားသယောင် ထင်မိသည်။
(ညောင်ရေ သွန်းရင်း ယေဓမ္မာ ဟေတုပ္ပဘာဝါ စသော ဥဒါန်း ဂါထာတော် များ၊ ပဋိစ္စသမုပ္ပါဒ် အနု၊ ပဋိလုံများ ရွတ်ဖတ်ကြလျှင် ပို၍ အကျိုးများဖွယ် ရှိသည်၊ ညောင်ရေ သွန်းခြင်းက မြန်မာ့ယဉ်ကျေးမှု သက်သက်သာဖြစ်၍ အဖျားကျပြီး ဥဒါန်းဂါထာတော်များက ဗုဒ္ဓနှင့် တိုက်ရိုက်ဆက်စပ်သဖြင့် အရင်းကျသည်)

ထိုအခါ ကဆုန်လပြည့်နှင့် ဝါဆိုလပြည့်ကို ဘာကြောင့် တန်းတူထားရတာ လဲ (စည်ကားစွာ ကျင်းပတာချင်း တူရတာလဲ) ဟူသော မေးခွန်းလည်း တက်လာတတ်သည်။
ကိုယ့် ဉာဏ်မီသလောက်ကြည့်မိတော့ ယဉ်ကျေးမှုကို အဓိက တွေ့ရသည်။ ရဟန်းတော်အရေအတွက် အခြားနိုင်ငံတွေထက် ပိုများနေခြင်းကြောင့် အရှင်တို့ ဝါဆိုရာနေ့၌ တစ်နွယ်ငင် တစ်စဉ်ပါ ဝါဆိုလပြည်မှာ ကျောင်းကန် ဘုရားတွေမှာ စည်ကားတာ ဖြစ်တန်ရာ၏ ယူဆမိသည်။

ထိုအခါ ဓမ္မစကြာတရားဟောတာ၊ ဝါဆိုဝါကပ်တာလည်း အရေးကြီးပါတယ်၊ ဒါပေသည့် ဘုရားအလောင်း ဖွားမြင်တာ၊ ပရိနိဗ္မာန်စံဝင်တာ၊ အထူးသဖြင့် ဘုရားအဖြစ်ရောက်ရှိတာလောက်တော့ အရေးမကြီး ဆိုသည့် မေးခွန်းလည်း ရှိလာတတ်ပြန်သည်။

ဤမေးခွန်းကိုတော့ ခေတ်စကားနဲ့ပဲ ရယ်စရာလို ဖြေမိသည်။ ကဆုန်လပြည့်မှာ ဘုရားဖြစ်တာပဲ ရှိသေးသည်၊ သတ္တလောက အတွက် ဘာမှ မလုပ်ရသေး၊ ရာထူး ခန့်အပ်၊ လက်ခံ သည့်သဘောသာရှိသည် ။ အော်ဖစ် ရှယ်လီ တကယ် အလုပ်စတာကတော့ ဝါဆိုလပြည့်နေ့မှသာဖြစ် သည်။ ဒါကြောင့် မြန်မာ့ ယဉ်ကျေးမှုမှာတော့ ဒီနှစ်ရက်ဟာ တန်းတူ အရေး ကြီးကြသည်ဟု ရယ်စရာလိုလို ဆိုမိသည်။
နောင်နှစ် ကဆုန်လတွေ ရောက်လျင်လည်း အခြား အခြား ပုဂ္ဂိုလ်တွေ က မေးကြဦးမှာ သေချာပါသည်။ သင်ကော ဘယ်လိုထင်ပါသလဲ။
အကြံဉာဏ်ကောင်းများ ရလျှင် လိုချင်ပါသည်။ ကျေးဇူးလည်း တင်ပါသည်။

နည်းပညာ အကြံပေး အရာရှိ ရှင့်

ကျမလေ မနှစ်ကပဲ Boyfriend 0.5 ပရိုဂရမ်ကို အပ်ပ်ဒိတ်လုပ်တဲ့ အနေနဲ့ Husband 1.0 ကို ပြောင်းလိုက်ပါတယ်။
အပ်ပ်ဒိတ်လုပ်လိုက်တဲ့ အချိန်က စပြီး ပြဿနာ စ တက်တော့တာပါပဲ။ အထူးသဖြင့် Romance 9.5 ဆိုရင် အလုပ် မလုပ်တော့သလောက်ပဲ။
Personal Attention 6.5 ဆိုရင် အခြား ပရိုဂရမ်တွေနဲ့ ရောထွေးနေပြီး ဘာမှ ချောချောမွေ့မွေ့ မရှိတော့ပါဘူး။
သူ့အစား ဝင်လာတဲ့ ပရိုဂရမ်တွေကက NFL. EPL. CL စတာတွေ ဖြစ်နေ ပါတယ်။
နောက်ပြီး Boyfriend 0.5 တုန်းက မရှိခဲ့တဲ့ ပြဿနာတွေ စိတ်ပျက်ေ လာက်အောင် ကြုံတွေ့နေရပါတယ်။
Flowers နဲ့ Jewellery ပရိုဂရမ်တွေ အလိုလို ပျောက်သွားပါတယ်။ အရင်က ကောင်းခဲ့တဲ့ Conservation 8.0 ဆိုလည်း မရန်း တော့ဘူး။
ကျမ အင်စတောလုပ်ထားပေမဲ့ Housecleaning 2.6 က အက်တီဗိတ် မဖြစ်ဘူး။
အကူအညီဖြစ်မလားဆိုပြီး Nagging 5.3 ကို ထပ်တလဲလဲ အင်စတောပေမဲ့ အလုပ်မဖြစ်ပါဘူးရှင်။
ကျမ ဘာဆက်လုပ်ရမလဲဆိုတာ ကျေးဇူးပြု လမ်းညွှန်ပေးပါလား ရှင့်။

*************
သောကသည် ဇနီး

သောကသည် ဇနီး ခင်ဗျား

ဒါတွေက ဖြစ်တတ်တဲ့ နည်းပညာရပ်ဆိုင်ရာပြဿနာတွေဆိုတာတော့ အမှတ်ရပေးပါ။ Boyfriend 0.5 က အင်တာတိန်းနင်း ပရိုဂရမ်ဖြစ်ပြီး Husband 1.0 က အော်ပရိတ်တင်း စစ်စတန်ပါ။ ကွန်ဂရက်ကျူလေးရှင်းလို့ ပြောပါရစေ။

တကယ်တော့ Husband 1.0 က အကောင်းစား ပရိုဂရမ်တစ်ခုပါ။ အရင်ဆုံး ကွန်မင့် C:/ ကို ရိုက်ပြီး ITHOUGHTYOULOVEME လို့ ရိုက်ထည့်လိုက်ပါ။ ဒါပြီးရင် Tears 6 နဲ့ Guilt 3.0 ပရိုဂရမ်နှစ်ခု အော် တိုမက်တစ် အင်စတော လုပ်လာပါလိမ့်မယ်။ ဒီနှစ်ခု အင်စတောပြီးရင် အမကြုံတွေ့နေရတဲ့ Jewellery 2.0 နဲ့ Flowers 3.5 ပရိုဂရမ်နှစ်ခုလည်း အဆင်ပြေသွားပါပြီ။
ဒါနဲ့ပတ်သက်လို့ သတိပေးချင်တာကတော့ Jewellery 2.0 ကို အိုဗာဖြစ်အောင် မရန်း မိပါစေနဲ့။ ဒါက Husband 1.0 ကို အကြီးအကျယ်ပင်ပမ်းစေပြီး Grumpy Silence 6.1 ဖြစ်သွားနိုင်ပါတယ်။ ဒါဆို ဆီးရီးယပ်စ် ဖြစ်သွားပါပြီ။


ဒီ Husband 1.0 အတွက် အထောက်အကူဖြစ်စေတာတွေကတော့ Happy Hour 7.0 ပရိုဂရမ်နဲ့ Beer 6.1 ပရိုဂရမ် တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Beer 6.1 ရန်းတာ များပြန်ရင် Snoring Loudly 10.8 ဖြစ်ပြီး မလိုလားအပ်တဲ့ အသံတွေ ထွက်လာနိုင်ပြန်ပါတယ်။
Ho Lu Gyi 0.11 ရယ် Eing Ga Lugyi 2.2. ရယ် Thay Nar Gyi 3.1 ရယ် စတဲ့ အလကားရတဲ့ ပရိုဂရမ်တွေ သူ့ဘာသာဝင်လာရင် ချက်ချင်း Uninstall လုပ်ပစ်ပါ။
အရေးတကြီးသတိပေးချင်တာကတော့ Husband 1.0 ကောင်းကောင်း မရန်းလို့ဆိုပြီး Mother-in-law 1.0 ကို အင်စတောတာ မလုပ်လိုက်မိ ပါစေနဲ့။
ဒီထက်ပိုဆိုးတာက New Boyfriend Program 0.6 ပါ။ လုံးဝရှောင်ပါ။
တစ်ခုသတိထားရမှာက Boyfriend 0.5 ပရိုဂရမ်ကနေ Husband 1.0 ကို ပြောင်းလိုက်ရင် မှတ်နိုင်တဲ့ မီမိုရီအား အလိုအလို အများကြီး ကျသွားတတ်ပါတယ်။
အမအနေနဲ့ Sweet and Short Conversation 8.5 ရယ် Make-Up 8.6 ရယ် Self-cooked Food 8.7 ရယ်ကို ထပ်ပြီး အင်စတောထားနိုင်မယ်ဆိုရင် Husband 1.0 ရဲ့ ရန်းအား အများကြီး တိုးတက်လာပါလိမ့်မယ်။
အားလုံး အဆင်ပြေ ချောမွေ့ပါစေ



******************
နည်းပညာ အကြံပေး အရာရှိ
(Ref: The World Joke Book)

**ကျောင်းနောက်ကျနေတဲ့ လွယ်အိတ်များ**

ဝင်း ဝင်း စီကျူယေးရှင်းဆိုတာ
လူတိုင်းကို 'ဟိုင်း၊ ဟယ်လို' မလုပ်တတ်ဘူး။

နံနက်ခင်းလေပြေဦးနဲ့ ခရီးထွက်ဖို့
တစ်ညလုံး ထုပ်ပိုးနေတဲ့ ရနံ့တွေ
ကြယ် လ သဘင်ကိုတောင် ရင်မခုန်နိုင်ခဲ့ဘူး
မြို့ဦး တုန်းမောင်းမထိုးခင် အရောက်သွားဖို့ တဲ့။

ကဲ ဘယ်လိုလဲ
မိုင်တစ်ထောင် ခရီးရှည်ဟာ
ကျွံနေတဲ့ ဖဝါး စကြွရာက စတယ်။

နောက်တစ်ကြိမ် နင့်အလှည့်

ကျမမေမေက မွေးချင်းများတော့ ကျမမှာ အဒေါ်တွေအများကြီးရှိတယ်။
မင်္ဂလာဆောင် ဖိတ်လို့ သူတို့နဲ့များ အတူတူသွားရရင် ကျမလက်မောင်းကို လှုပ်လှုပ်ပြီး နောက်တစ်ကြိမ် နင့်အလှည့်လို့ အမြဲပဲ ပြောတတ်ကြတယ်။

သဘော မတွေ့လှပေမဲ့ အဒေါ်တွေဆိုတော့ အပြုံးလေးနဲ့ပဲ တုန့်ပြန်ရ တာပေါ့။ ကျမအသက်က ၂၇ နှစ်ပဲ ရှိပါသေးတယ်။

ဒါနဲ့ ဈာပနပွဲတွေ သွားရတဲ့ အခါတွေမှာ ဘာမှမပြောဘဲ သူတို့ လက်မောင်းတွေကို အပြုံးနဲ့ လှုပ်လှုပ်ပေးလိုက်တယ်။

အဲဒီနောက် ကျမကို ဘာမှ မပြောကြတော့ဘူး။

(အပျိုကြီး များသို့မေတ္တာလက်ဆောင်)