နှင်းတွေ
အသေအပျောက်များလို့ ထင်ရဲ့
ကြယ်စင်တွေ
အိပ်တန်းတက်စောလိုက်တာ။
တကယ်တော့…
ပင်လယ်ဆိုတာ
အပြာရောင် မိုးကောင်းကင်
ကောင်းကင်ဆိုတာကသာ
တိမ်နဲ့
မိုးထားတဲ့ တဲတစ်လုံး။
ဘယ်ကစပြောရမလဲနော်။
တို့တွေဆုံခဲ့တာက ကိုပဲ ငြင်းဆန်ခြင်းနဲ့ တွေ့ဆုံခဲ့ကြတာ မဟုတ်လား။ အားလုံးက
လက်ခုပ်တစ်ဖြောင်းဖြောင်း တီးနေချိန်မှာ လက်ဖဝါးတွေကို အားနာပြီး ယဉ်ယဉ်ကျေးကျေး
ငြင်းဆန်ခဲ့တာဆိုလို့ တို့နှစ်ယောက်ပဲရှိခဲ့တယ်လေ။ ကိုယ်တို့
အချင်းချင်းတွေထဲမှာဆိုတော့ နာမည်တွေ၊ ထောက်ခံ ကန့်ကွက်တာတွေကိုက မိနစ်ပိုင်း
အတွင်းမှာပဲ ပေါ်လာတာပဲ မဟုတ်လား။ ထောက်ခံသူ လေးဆယ့်ရှစ်၊ ကန့်ကွက်သူ နှစ်တဲ့။ ကန့်ကွက်သူ နှစ်ယောက်က မိငယ်နဲ့ ကိုယ်နဲ့။
ကိုယ်မမှားဘူး
ဆိုရင် ကိုယ်နဲ့ မိငယ်နဲ့ စသိတာ အဲဒီနေ့က။
အပြန်လမ်းမှာ
လူတွေက အလုပ်ရှုပ်တယ်သာပြောတယ်။ ဘယ်ဖက်နားရွက် ယားတာကို ညာလက်နဲ့ ကုတ်ပြီး
ညာဖက်နားရွက် ယားတော့ ဘယ်ဘက်လက်နဲ့ ကုတ်တယ်လို့ ဆိုတော့ မင်းလွတ်လွတ်လပ်လပ်
ရယ်လိုက်တယ်လေ။ အဲဒီနောက်မှာတော့ တစ်သီးတစ်သန့်ဆန်တဲ့ ကိုယ်နဲ့ သီးသန့်ဆန်တဲ့
မိငယ်ဟာ တစ်တွဲတွဲ ဖြစ်လာခဲ့ကြတော့တယ်။ မြှောက်တာမဟုတ်ဘူး။ မိငယ်က လှတော့
တကယ်လှတယ်။ လှတယ်လို့တော့ ထပ်မပြောတော့ပါဘူးကွယ်။မင်းလည်း မင်းလှတာ သိတာပေါ့။
“ မိငယ်က တစ်ယောက်တည်းနေတာ တွေ့တွေ့နေရလို့ ရယ်စရာတွေ ဘာတွေ
မပြောတတ်ဘူး ထင်နေတာ “
“ ကို က
တစ်ယောက်တည်းနေတာ တွေ့တွေ့နေရလို့ ရယ်စရာတွေ ဘာတွေ မပြောတတ်ဘူးထင်နေတာ “
ဒီဝါကျက ကိုယ်တို့ ပြိုင်တူ ပြောမိတဲ့ ဝါကျကလေးနော်။
“ မိငယ်က ဘာဖြစ်လို့ သီးသန့် ဆန်တာလဲ “
“ ကိုအရင်ပြောမှ မိငယ်ပြောမှာ “
“ ကိုမသိချင်တဲ့ မေးခွန်းတွေ ယဉ်ကျေးမှုအရ မေးမေးနေရတာ ပျင်းလို့၊ ပြီးတော့
ကိုယ့်ကို ယဉ်ကျေးမှုအရ မေးတဲ့ လူတွေကလည်း အဖြေကို တကယ်သိချင်တာ မဟုတ်ဘဲနဲ့
မေးမေးနေကြတာမို့ ကိုယ့်အဖြေကို အားနာလို့ စကားသိပ်များတဲ့ လူတွေနဲ့
စကားမပြောချင်လို့ “
“ တိုက်ဆိုင်လိုက်တာ ။ မိငယ်လဲ ကို့လိုပဲ။ ဒါကြောင့်
မိငယ်ပေါင်းတာဆိုလို့ မမခိုင် တစ်ယောက်ထဲပဲရှိတယ်။ “
“ ဒါနဲ့ ဟိုတစ်နေ့က ဆရာပြောတဲ့ အယူအဆကို ဘာလို့ကန့်ကွက်ခဲ့တာလဲ။ “
“ ဒါဖြင့် ကိုကရော“
“ ဒီတစ်ခါ တော့လူလည်ကျလို့ မရဘူး။ မိငယ်ပြောပြီးမှ ကိုပြောမှာ “
“ တကယ်လို့ ဒီခေတ်ကြီးထဲမှာ အဲဒီ့ ငါးသုံးကောင်သာ တကယ်ရှိရင်
အရင်ဆုံးအသတ်ခံရမယ့် ငါးက ပညာရှိငါးဖြစ်နေလို့ ဆရာ့ကို ငြင်းခဲ့တာပါ။ ကိုကရော
“
“ မိငယ်လိုပဲ။ တို့ခေတ်မှာ ပညာရှိငါးတွေ အရင်သေတတ်တာပဲလေ။ ဒါနဲ့
ဆရာ့မျက်နှာကို မိငယ်ကြည့်လိုက်သလား။ ဆရာ သိပ်အံ့သြသွားတယ်။ “
“ ဆရာက တစ်နေ့နေ့မှာ ထပ်တွေ့လို့ ဘာဖြစ်လို့ ကန့်ကွက်တာလဲလို့ဆိုရင်
ကို ဖြေမှာလား“
“ မဖြေပါဘူးကွာ၊ ပညာရှိ မလုပ်ချင်ပါဘူး။ အသေစောတတ်လို့ “
ကိုယ်တို့နှစ်ယောက် လွတ်လွတ်လပ်လပ် ရယ်မိကြပြန်ရော။
မိငယ်ချစ်စရာကောင်းတယ်ဆိုတဲ့ အထဲမှာ ဟိုသွားချင်၊ ဒီသွားချင်၊
ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်တွေ သိပ်မများတာလည်းပါတယ်။ နေတာ ထိုင်တာသာ သီးသန့်ဆန်တာ
မဟုတ်ဘူး။ မိငယ်ရဲ့ အဖြေတွေကလည်း သီးသန့်ဆန်တယ်။
ကိုယ်တို့ တတွဲတွဲဖြစ်နေတာကို ဘယ်သူကမှ မယုံကြည်ကြဘူး။ ကိုယ့်သူငယ်ချင်း တစ်ယောက်ကဆို
မင်းတို့နှစ်ယောက်က ခေါဘုတ်လိုပဲတဲ့။ မိငယ်က ခေါဘုတ်ဝေါဟာရကို သိမှာမဟုတ်ဘူး။
ခေါဘုတ်ဆိုတာ ကောက်ညှင်းဆန် အဖြူနဲ့ ငချိတ်ကောက်ညှင်း နှစ်ခုပေါင်းထားတဲ့
ကောက်ညှင်းမုန့်တစ်မျိုးပါ။ ဖြူဖြူလေးနဲ့ မည်းမည်းလေးပေါ့ ။ ဒါပါပဲ။
ဒါနဲ့ မမခိုင်က ကိုယ့်ကိုမေးတယ်။ မင်းတို့က သမီးရည်းစားတွေ
ဖြစ်နေကြပြီလားတဲ့။ မဖြစ်သေးပါဘူးလို့ ကိုယ်ဖြေလိုက်တယ်။ တကယ် မဖြစ်သေးတာလားလို့
ထပ်မေးတော့ ဖြစ်သွားပြီလို့ ကိုယ်ဖြေလိုက်တယ်။ မမခိုင်က ရယ်တယ်။ ဘာဖြစ်လို့
ရယ်တာလည်းဆိုတော့ ဟိုကောင်မလေးကို မေးတော့လည်း ဒီအတိုင်းပဲ ဖြေတယ်တဲ့။ ကိုယ်ဖြင့်
ဝမ်းသာလိုက်တာ။ မိငယ်ဖြေလိုက်တဲ့ အဖြေနဲ့ တူနေလို့လေ။
တကယ်တော့လည်း ဒီအဖြေက အမှန်ပဲ။ ရမ္မက်ပြင်းပြင်း စကားတွေ ၊
အနမ်းတွေနဲ့ မကျူးကျော်ကြ ၊ မဖျားယောင်းကြ။ ဒါတွေနဲ့မှ သမီးရည်းစား အရာမြောက်ရင်
တို့က သမီးရည်းစားမှ မဟုတ်ဘဲ။ အဲ.. သံယောဇဉ်တွေ နားလည်မှုတွေနဲ့ တွယ်ကပ်ထားတဲ့
လူနှစ်ယောက်ကို သမီးရည်းစားလို့ ပြောရင် တို့က သမီးရည်းစားတွေပဲလေ။
ကိုယ်တို့ရဲ့ ငါးနှစ်သက်တမ်းထဲမှာ
မင်းက မင်းအမေဆီ ပြန်သွားတိုင်း သွားသူက ကိုယ်ဖြစ်၊ ကျန်ရစ်သူက မင်း။
ကိုယ်ခရီးထွက်ပြန်တော့၊ ခရီးထွက်သူက မင်း၊ ကျန်ရစ်သူက ကိုယ်။
တကယ်ပါ မိငယ်ရေ။ စကားလုံးတွေ မဖောင်းပွပေမယ့် မင်းက ကိုယ်ဖြစ်၊ ကိုယ်က
မင်းဖြစ်နဲ့ မင်းနဲ့ကိုယ်ခွဲလို့ရော ရလို့လား။ ယုံတာပေါ့ မိငယ်ရယ် “ချစ် “ ဆိုတာ
အသာထား “ကြိုက် “ ဆိုတဲ့ စကားလုံးလေး သုံးလို့ အကြိမ်
တစ်ထောင်ရယ်မောရမယ်ဆိုရင်တောင် မင်းခပ်တည်တည် နေလာခဲ့တဲ့ မိန်းကလေးပဲ။
“ မင်းသိပြီးပြီလား မင့် မိငယ်ပြန်ရတော့မှာ“
“ ဟုတ်ကဲ့ ကျွန်တော်သိပါတယ် မမခိုင် “
“ မင်းဘယ်လိုမှ မခံစားရဘူးလား “
“ မိငယ်ခံစားရသလောက်တော့ ခံစားရပါတယ် “
“ သူပြန်လာမယ်လို့ ပြောသလား“
“ ပြောတယ် “
“ ယုံသလား “
“ ယုံတယ် “
“ ဘာဖြစ်လို့ ယုံတာလဲ “
“ သူကျွန်တော့ကို ယုံလို့။ ဒါပေမယ့် သူပြန်လာနိုင်မယ် မဟုတ်တော့ဘူး။
ကျွန်တော့ကို သူမလိမ်ဘူး။ သူပြန်လာဖို့ ကြိုးစားလိမ့်မယ်။ သူဘယ်လောက်ပဲ
ကြိုးစားကြိုးစား၊ ကြိုးစားမှု မှန်သမျှကလည်း လုံလောက်မှာတော့မဟုတ်ဘူး“
“ မင်းတို့ကို မမခိုင်သနားတယ် “
“ကျေးဇူးတင်ပါတယ် မမခိုင် ကျွန်တော်တို့ သေသေချာချာ အချိန်ယူ
ပြင်ဆင်ထားကြတာပါ။ သိပ်ပြီး ရုပ်ပျက်၊ ဆင်းပျက် မဖြစ်လောက်ပါဘူး “
“ ဧပြီလ ၂၅-ရက်နော် “
“ ဟုတ်ကဲ့ ညနေ လေးနာရီခွဲပါ “
တကယ်တော့ မိငယ်ရယ် တို့ဟာ သေချိန်ကို စောင့်နေတဲ့
မြွေဆိပ်တက်ရောဂါသည်တွေလိုပါပဲ။ (၂)နာရီပဲရှိတော့တယ်။ အဲဒီမြွေဆိပ်ဟာ ခြေဖျားကနေ
တရိပ်ရိပ်ကို တက်လာတာပါ။ စက္ကန့်လေးတွေနဲ့ အတူ မြွေဆိပ်တွေ ပြေးတက်လာနေတာပါ။
မမခိုင်လည်းတို့ဘေးမှာ မရှိဘူး။ မင်းက ဘန်ကောက်ရောက်ရင် ဖုန်းဆက်လိုက်မယ်လို့ပြောတယ်နော်။
ဒါနဲ့ ကိုယ့်ဆီက ဘာတွေ ရသွားခဲ့သလဲ။ ဘာမှ သုံးလို့မရတဲ့ ကိုယ့်ယုံကြည်ချက်နဲ့
ကိုယ် သိုဝှက်ထားတဲ့ ဘဝအစိတ်အပိုင်း တစ်ချို့ ။ ဒါပဲပေါ့။ ဒါပေမယ့် ဒါတွေဟာ
မိငယ်ဘဝအတွက် ခွန်အားတွေလို့ မင်းဂုဏ်ယူပြန်တယ်။ မင်းမလိမ်ဘူး ဆိုတာ ကိုယ်ယုံတယ်။
ကိုယ်ကရော မိငယ်ဆီက ဘာတွေရလိုက်သလဲ။ အတူတူပဲပေါ့။ ကိုယ့်အပေါ် ယုံကြည်တဲ့
မင်းယုံကြည်ချက်၊ မင်းသိုသိပ်ထားတဲ့ မင်းဘဝရဲ့ အစိတ်အပိုင်း တစ်ချို့ ။
ဒါတွေကလည်း ကိုယ့်ဘဝရဲ့ ခွန်အားတွေပဲပေါ့ကွယ်။
ငါ့လ ငါ့ကမ္ဘာမှာတော့
ငါဟာ နေတစ်စင်းပါပဲ
မင်းည မင်းကမ္ဘာမှာ
မင်းဟာ လတစ်စင်းပါပဲ
အလင်းနှစ်တွေ ဝေးကွာလွန်းလို့သာ
အလင်းနှစ်တွေ ဝေးကွာလွန်းလို့သာ…
မင်းကမ္ဘာမှာ ငါနေတစ်စင်းဖြစ်ခွင့် မရဘူးပေါ့။ ဒါပေမယ့် မိငယ်ရယ် ကမ္ဘာဟာ
နေတစ်စင်းနဲ့တင်ပဲ တစ်ဖျစ်ဖျစ်လောင်နေပါပြီ။ အဲ… တိမ်စင်တဲ့ ညညတွေမှာတော့ ကြယ်တာရာလေး
တစ်စင်းအနေနဲ့ မင်းကို လာလာပြီး ချောင်းကြည့်နေမိဦးမှာပါ။
ဘယ်သူမှ မသိတဲ့ ကတိလေးတောင်ရှိခဲ့ကြရဲ့။
ငါသေဆုံးရင် မင်းဆီကို စာရေးဖို့ ၊ မင်းသေဆုံးရင် ငါ့ဆီစာရေးဖို့။
တစ်ယောက်ရဲ့ ဈာပနကို တစ်ယောက်က ပို့စရာမလိုဘူး။ တစ်ယောက်ယောက်တော့
လောကကြီးထဲမှာ မရှိတော့ဘူး ဆိုတာ အသိပေးရုံပါပဲ။ တို့ ချစ်ချင်းမှာ
ဗီဇာတွေ လေယာဉ် လက်မှတ် တွေမလိုပါဘူးကွာ။ ချစ်တတ်ရင် ဒါတွေ မပါလည်း
ချစ်လို့ရတာပါပဲ။
အဲ.. မင်းလေယာဉ်လည်းထွက်သွားရော………
ငါဟာလေ မြေပေါ်မှာလမ်းလျောက်နေတဲ့ လူငယ်တစ်ယောက်မဟုတ်တော့ပဲ ကမ္ဘာမြေကို
ခြေထောက်နှစ်ဖက်နဲ့ ရွက်ထားရတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့တယ်။ မင်းလည်းပဲ
လေယာဉ်ကြမ်းပြင်ကို ခြေထောက်နဲ့ ရွက်ထားရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေမယ်ဆိုတာ
ပက်ပက်စက်စက်ယုံတယ်။
~ မိငယ်ရဲ့ စာကို ကိုယ်မမျှော်ဘဲ စောင့်နေတယ် ~
Copyright © 2011 ကမ်းလက်.
All rights reserved.