☂ သစ်ပင်ဆုတောင်း ☂

ဖြစ်နိုင်ရင် ဗောဓိညောင်ပင်တော့ မဖြစ်ချင်ဘူး၊ ဘုရားပွင့်ခဲ့တဲ့ သစ်ပင်မို့အခြားသစ်ပင်တွေထက်
ခေါင်းတစ်လုံးပိုမြင့်နေတာတော့ ဟုတ်ပါရဲ့ ...

မြန်မာပြည်မှာဆိုရင် ကဆုန်လပြည့် တစ်ရက်တည်း လာပြီး လိုမှန်းမသိ မလိုမှန်းမသိ
ရေတွေနင်းကန်လောင်းကြတယ်။ ကျန်တဲ့ ၃၆၄ ရက်မှာ ဘယ်သူမှဂရုမစိုက်ကြဘူး။
သီရိလင်္ကာနဲ့ အိန္ဒိယမှာဆို ပိုတောင်ဆိုးသေး၊ နွားနို့တွေ ဆိတ်နို့တွေပါလောင်းကြတာ။
မကြိုက်ပါဘူးပြောလည်းမရဘူး။

ဒီလိုနဲ့ ပုရွက်ဆိတ်တွေရောက်လာရော၊ ဒီကောင်တွေက ခြေဆော့လက်ဆော့၊ အခေါက်တွေကို ကိုက်ကြတာ။
ဒီထက်ပိုဆိုးတာက "ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်"က အရူးဘုံမြှောက်လုပ်လိုက်တော့
ကုန်မှန်းမသိ မကုန်မှန်းမသိနင်းကန်ပြီး အစာတွေစုကြတယ်။ မကုန်လို့ကြာတော့ ခြ ဆိုတဲ့အကောင်တွေ
ရောက်လာပြီး အမြစ်တွေကို ကိုက်ကြတော့တာပဲ၊ကျန်းမာရေး ဘယ်ကောင်းနိုင်တော့မတုန်း။

ဒီကြားထဲ အမွှေးတိုင်တွေ နင်းကန်ထွန်းကြသေး၊ အသက်ရှုကျပ်ပါတယ်ပြောလည်းမရ။
ကံမကောင်းရင် သေသွားနိုင်တယ်၊ဒါကြောင့်ပါ။ ဖြစ်နိုင်ရင် ဗောဓိညောင်ပင် မဖြစ်ချင်ဘူး၊တကယ်။
(ကဆုန်လပြည့်တုန်းက အမှတ်တရ မတင်လိုက်ရလို့)
Monday, March 19, 2012
ဦးကိုမောင်

သူတို့အတွက် ချမိသည့် သက်ပြင်း

စင်္ကာပူလာစဉ် အင်္ဂလိပ်စကားလုံးဝ မပြောတတ်သည့် နောင်တော် ရဟန်း တစ်ပါးက ယခင်ကအမြင်နှင့်တိုင်းတာပြီး မှတ်ချက်ပေးသည်။
"အရင်ကဆိုရင် မင်းနဲ့ တရုတ်တွေနဲ့ ဒီထက်ပိုပြီး ပြုံးပြုံးရွှင်ရွှင်ရှိတယ်၊ အခု အဲသလိုမဟုတ်တော့ဘူးလားလို့" ဟု ဖြစ်သည်။
သူ့ကို ခပ်တိုတိုတော့ဖြေမိသည်။
"အရင်က တပည့်တော်က ဆုံးဖြတ်ရတဲ့ နေရာမှာမဟုတ်ဘူး၊ တာဝန် ဒီလောက် မရှိဘူး။ လူတိုင်း ချစ်အောင်နေလို့ရတယ် ဘုရား၊ အခု အခြေ အနေက ဆုံးဖြတ်စရာရှိရင် ရဲရဲဆုံးဖြတ်ရတော့ မကြိုက်သူ၊ သဘောထား မတိုင်ဆိုင်သူတွေ ရှိနေမှာပေါ့၊ အရေးကြီးတာက အများစု လက်ခံနေဖို့ပါပဲ" ဟူ၍သာ ဖြစ်သည်။

ရဟန်းမှာလည်း စိတ်ဖိစီးမှုရှိသည် ဆိုလျင် လူမျိုခြားကြား မနေဖူးလျှင် အထူးအဆန်း ဖြစ်နိုင်သည်။ မြန်မာပြည်မှာတော့ ကျောင်းတစ်ကျောင်းမှာ ဆရာတော်က အချုပ်ဖြစ်သည်။ ဟင်းကို ဘယ်လိုချက်ရတယ်ဟု ဆရာတော် ကဆိုလျင်ပင် နေ့တိုင်း ဟင်းချက်နေသော ဒကာမက နားထောင်တတ် သည်။ နိုင်ငံခြားတွေမှာတော့ ဆရာတော်၏ ဗွီတိုအာဏာက အကန့်အသတ် ရှိသည်။ ပို၍ ဒီမိုကရက်တစ်ဆန်လာသည်။ လူတိုင်း ပြောခွင့် ဝေဖန်ခွင့်ရှိသည်။ ကောင်းသည်ဟု ယုံကြည်မိသည်၊ ကိုယ့် အားနည်းချက်ကိုလည်း သိလို့ရသည်။

မိမိအရင်နေသွားသည့် ဆရာတော်က ဒါတွေတော့ ငါရှိစဉ် ပြောင်းလဲသွား မည်ဟု မိန့်သည်။ ထို့ကြောင့် သူ့ကိုပင် အရှင်ဘုရားက အဲဒါတွေ မပြောင်း လဲခင် အရှင်ဘုရားကို သူတို့က အရင်ပြောင်းသွားလိမ့်မယ် ဟု ရယ်စရာ ပြန်လျှောက်မိသည်။ ဤကျောင်း၏အဓိပတိ ဆရာတော်ကြီးက ၂၀၀၂ ခုမှာ ပျံတော်မူသည်။ သူရှိစဉ် အရာအားလုံးက သူ့ခြေသူ့လက်၊ တပည့်တွေကလည်း ငယ်မွေးခြံပေါက်ချည်းဖြစ်သည်။ ထို့ကြောင့် ပွဲလမ်းရှိလို့ ဘုန်းကြီးပင့်လျှင်ပင် ဘယ်နေ့ မင်းတို့ ဆွမ်းစားလာခဲ့ကြ ဟု ဖီတ်ကြားလိုက်ရုံသာ။ ကား အကြိုအပို့က ဘယ်လိုလဲ စသည့်မေးခွန်းမျိုး မည်သူမှ မမေးရဲကြ။ စ ရောက်စဉ်ကတည်းက ဆရာတော်ကြီး မရှိတော့ သည့်နောက် ဒါတွေတော့ ပြင်သင့်သည်ဟု ခံစားမိသည်။ သို့သော် ကိုယ့်မှာ တာဝန်မရှိသေးတော့ ရေလိုက်ငါးလိုက်သာ နေလိုက်သည်။ အမှန်မူ ရေ လိုက်ငါးလိုက်နေခြင်းက လူမုန်းနည်းသည်။ သို့သော် ရေလိုက်ငါးလိုက်စနစ်က တာဝန် တကယ်ရှိလာလျင် ကျင့်သုံးဖို့ ခက်လာသည်။

ပြောင်းလဲရေးဟူသည် လွယ်ကူလှသော ကိစ္စမဟုတ်၊ သူတို့ အရိုးစွဲနေသော အမြင်၊ အမူအကျင့်ကို ချက်ချင်းစွန့်လွှတ်ဖို့ကခက်သည်။ မှန်တယ်ထင်သောကြောင့် ဖြစ်သလို အတ္တကြောင့်လည်း ဖြစ်နိုင်သည်။ ဤ၌ ဒေါ်စုပြောသည့်စကားတစ်ခွန်းကို သတိရမိသည် " ပြောင်းလဲမှုဟာ မြင်သာရမယ်၊ ညင်သာရမယ်" ဖြစ်သည်။ မှန်လှသည်။

အရင်က ဆရာတော်လို ပါးစပ်ဖြင့် ဖွင့်မပြောမိသော်လည်း ပြောင်းလဲသင့် သည်ထင်သောကိစ္စအချို့ကို ပြင်နိုင်ခဲ့သည်ဟု ယုံကြည်မိသည်။ ပင့်သံဃာများ ကား အကြို အပို့ကိစ္စ၊ သံဃာများ (အတွင်းသိ၊ အပြင်သိဆို လျင်) ညအိပ်ညဉ့်နေ လက်ခံခြင်း၊ အလှူခံငွေများ အခြားဌာနတွေကို လှူဒါန်း ရာ သသံဃာ၏ သဘောတူညီချက်ရယူဖို့၊ ဗုဒ္ဓဘာသာကို သင်တာဆိုလျှင် ဘယ်ဘာသာစကားနဲ့ သင်သင် လက်ခံဖို့ စတာတွေ ဖြစ်သည်။ သူတို့ လက်ခံအောင်လည်း ပြောရသည်။ လီကွမ်းယု ယနေ့ ဝန်ကြီးချုပ်ဆိုလျှင်ပင် တချို့ ဥပဒေတွေ ပြောင်းကို ပြောင်းရမည်၊ ထို့အတူ ဆရာတော်ကြီး သက်ရှိ ထင်ရှားရှိနေဆဲဆိုလျှင်လည်း တချို့ စည်းကမ်းတွေကို ပြောင်းရတော့မည် စသဖြင့် ခပ်မာမာ ပြောရသည်။ စီမံခန့်ခွဲသည့် ဂေါပကလူကြီးတွေက လက်ခံကြ၏။ ထို့ကြောင့်လည်း အလုပ် ဆက်လုပ်လို့ ရနေခြင်းဖြစ်သည်။

ဤကျောင်းက စုံ၏။ တရုတ်ရှိသည်၊ တရုတ်ဆိုရာ၌ အင်္ဂလိပ်စကားပြော တရုတ်၊ မင်ဒရင်း စကားပြော တရုတ်ရှိသည်၊ သိရိလင်္ကာတွေ ရှိသည်၊ ယခု မြန်မာရှိသည်။ လုပ်ငန်းတွေအနေနဲ့ကြည့်လျှင် ဆန်းဒေးစကူးရှိသည်၊ ပါဠိကောလိပ်ရှိသည်၊ အရွတ်အဖတ် သင်တန်းများရှိသည်၊ တရုတ်လို၊ အင်္ဂလိပ်လို အလွတ်သင်တန်းများရှိသည်၊ ဝိပဿနာသင်တန်းရှိသည်၊ စုံလှ ၏။ ဘုံဆိုင် ဥပဒေမရှိလျှင် တစစီကွဲသွားမည်။ ထိုအခါ ပြတ်ပြတ်သားသား ပြောဆို ဆုံးဖြတ်ရ၏။ ဥပဒေ ချမှတ်ကြရ၏။
ထို့ကြောင့် ဒီ မြန်မာရဟန်းလက်ထက်မှာ ဒီလိုတွေလုပ်၊ ဒါတွေပြောင်း ဆိုသူတွေလည်း ရှိနိုင်ပါ၏။ အမှန်က ကော်မတီနှင့် ဆွေးနွေးပြီးမှ လုပ် လို့ ရသည်။ ကော်မတီကလည်း ဘုန်းကြီးနှင့် တိုင်ရသည်။
အထက်ပါ နောင်တော်ရဟန်းမိန့်သော စကားများလည်း ဤ လူများကို ရည်စူးဟန်တူပါသည်။

ဤသည်မှာ သာမန် ကျောင်းတစ်ကျောင်း၏ ခေါင်းဆောင်လွန်ကာလ ကို ပြောင်းလဲနေပုံ၊ ပြောင်းလဲကြရပုံဖြစ်ပါသည်။ မလွယ်ပါ။ အရေး ပါ သည့် ကော်မတီ ( ဂေါပက) ဥက္ကဋ္ဌနှင့် အခြားပုဂ္ဂိုလ်များကိုယ်တိုင်၊ မိမိ ကိုယ်တိုင် ဆုံးရှုံးသွားသည့် အပြုံးမျက်နှာတချို့ ရှိနိုင်ပါ၏။ သို့သော် ဤ အရာတို့သည် မိမိတို့ယုံကြည်ရာကို ပြောင်းလဲဖို့အတွက် ပေးလိုက် ရ သည့် လျော်ကြေးဟု မှတ်ယူကြရပါတော့မည်။ အမှန်မူ သီဟိုဠ်ကျောင်းမှာ မြန်မာဘုန်းကြီး ကျောင်းထိုင်တင်သည်ဆိုကတည်းက ဂေါပကဖက်က ပြောင်းလဲမှု စခဲ့ခြင်းဟု ဆိုနိုင်သည်။

ဤသည်မှာ သာမန် ကျောင်းတစ်ကျောင်း၏ ခေါင်းဆောင်လွန်ကာလ ကို ပြောင်းလဲရာ၌ အခက်အခဲတို့ဖြစ်သည်။ မလွယ်လှပါ။

သို့ဆိုလျှင် နိုင်ငံအလိုက် ပြောင်းလဲနေသော၊ ထို တာဝန်ကို အဓိက ယူထား ရသော သမ္မတကြီး ဦးသိန်းစိန်အတွက်လည်းကောင်း၊ အကြည်ညိုခံ၊ အလေးစားခံ ဘဝမှ တကယ့်ပြောင်းလဲရေး ရေစီးထဲ စီးဝင်လိုက်ရ သည့် ဒေါ်စုအတွက်လည်းကောင်း စာနာစွာ သက်ပြင်းချလိုက်မိ၏။
သေးလျှင် သေးသလို၊ ကြီးလျှင် ကြီးသလို လွယ်ကူသော ပြုပြင်ပြောင်း လဲရေးဟူသည် မရှိပါ။
လူတိုင်းလက်ခံဖို့မလို၊ ၅၅ ရာခိုင်နှုန်းလက်ခံလျှင် ခေါင်းဆောင်ဖြစ်နိုင်ကြ ပါသည်။

တော်တော်နောက်တဲ့သားမက်တွေ

Dormitory ကို စာလုံးတွေ နေရာရွှေ့စဉ်လိုက်တော့ Dirty Room ဖြစ်တယ်။
Mother-in-law ကို နေရာရွှေ့လိုက်တော့ Woman Hitler ဖြစ်ရော၊ ဟစ်တလာမကြီး တဲ့။
တော်တော်နောက်တဲ့သားမက်တွေ။

ဖြစ်ရလေ အယ်ဒီတာရယ်

လူညံ့ဟာ နှစ်မျိုးပဲရှိတယ်။
တစ်မျိုးက မွေးရာပါ ညံ့သူနဲ့ နောက်တစ်မျိုးက လူတတ်ကြီး ဝင်လုပ်လိုက် မှ ညံ့သွားတဲ့သူ တဲ့။

"အယ်ဒီတာ၊ အယ်ဒီချာ၊ အယ်ဒီညာ၊ အယ်ဒီပြာ၊ အယ်ဒီငါ၊ အယ်ဒီဆာ၊ အယ်ဒီဝါ၊ အယ်ဒီဟာ၊ အယ်ဒီနာ၊ အယ်ဒီသာ၊ အယ်ဒီခါ " စတဲ့ အယ်ဒီတာဂိုဏ်းဝင်တွေကို ဆရာ သစ္စာနီက စာရင်းပြုပေးထားပါတယ်။
ဘယ်သူတွေ ဘယ်အထဲပါတယ်ဆိုတာသိချင်ရင် သူ့ကို လက်ဘက်ရည် တိုက်ပြီး တိုးတိုးလေး လာမေးဖို့လည်း ဆရာ သစ္စာနီက ကြော်ငြာ ဝင်ထား ပါတယ်။ သစ္စာနီက အရက်မသောက်တတ်ပါဘူး။ ဒါ့ကြောင့် ဈေးချိုချိုနဲ့ အဖြေရနိုင်ပါတယ်။

စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အယ်ဒီတာ အာဘော် တစ်ခုကို ဖတ်မိတယ်။ အယ်ဒီတာ ခပ်နာနာဝေဖန်ထားတာက ဒေါ်စုရဲ့ ဘင်္ဂါလီကလေးနှစ်ယောက် ဥပဒေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအရ အပြစ်တင်စရာ ဖြစ်မယ် ဆိုတဲ့ မှတ်ချက်ကိုပါ။ ယဉ်ကျေးမှု စီးမျောပုံ (သို့) အရပ်စကားနဲ့ ဥပဒေကို အယ်ဒီတာ မကွဲရှာဘူး။ ဖတ်ကြည်ပါ။

"ဘင်္ဂလားဒေ့ရှ်လို မူဆလင်အများစုနေထိုင်ရာ နိုင်ငံမှာတောင် သားဖွားနှုန်း ကန့်သတ်မှုတွေကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ အိမ်နီးချင်းဖြစ် တဲ့ မြန်မာနိုင်ငံမှာ ဒီကိစ္စကိုဆောင်ရွက်တာဟာ မတရားဘူးလို့ စွပ်စွဲလို့ မရ ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီး တစ်ဦးစနှစ်ဦးစ ထက် ပိုယူတာမျိုး စားဝတ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါ တယ်။
ဘင်္ဂါလီမိသားစုတွေရဲ့ သားဖွားနှုန်းဟာ ကြောက်ခမန်းလိလိမြင့်တက်နေတာ ကြာပါပြီ။ ဒါကိုထိန်းချုပ်ဖို့မကြိုးစားရင် တစ်နှစ်ထက်တစ်နှစ် ဖြစ်ပေါ်လာမ ယ့် ပြဿနာတွေက အများကြီးပါ။ ဒါကို လူ့အခွင့်အရေးရှုထောင့်ကနေ ကွက်ကွက်လေးကြည့်တာက နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့အမြင်မျိုး မဟုတ်ပါဘူး။ တရားမ၀င်ဘင်္ဂါလီတွေကို မြန်မာနိုင်ငံ သားတွေထက် ပိုတဲ့အခွင့်အရေးမျိုး ပေးသင့်ပါသလား။ အဲဒီလိုပေးလို့ဖြစ် လာတဲ့ ပြဿနာတွေကို မြန်မာနိုင်ငံသားတွေပဲ ရင်စီးခံစားရမယ် ဆိုတာ ကို ဒေါ်အောင်ဆန်းစုကြည် မစဉ်းစားမိလေရော့သလား။ တတိယစကားအဆုံးမှာ ၀ုန်းခနဲခုန်ဆင်းသွားတယ်လို့ စာရေးသူသုံးသပ်ရင် မှားတယ်လို့ ငြင်းမလား သိချင်ပါတယ်။" တဲ့။

သူ့စေတနာနဲ့ မျိုးချစ်စိတ်ကို လေးစားပါတယ်။

" မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီးတစ်ဦးစနှစ်ဦးစထက် ပိုယူတာမျိုး စားဝတ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါတယ်" ဟာ ယဉ်ကျေးမှု စီးမျောပုံပါ (သို) အရပ်စကားပါ။ ဥပဒေ မဟုတ်ဘူး။ သူတို့အကြောင်းနဲ့သူတို့ ကလေးမယူကြတာ၊ ဥပဒေကြောင့် မဟုတ်ဘူး။

ဒါကို ထပ်ရှင်းအောင် ပြောရရင် "ဒီနေရာမှာ ဆေးလိပ် မသောက်ရ" ဆို သလိုပဲ၊ နဂိုက ဆေးလိပ်မသောက်ရင် ဒီဥပဒေကြောင့် ဘာမှမထူးခြားဘူး၊ ဒီဥပဒေက လက်ရှိ ဆေးလိပ်သောက်သူတွေအတွက့်ပဲ။ ဒါပေမဲ့ ဒီ ဥပဒေ ထဲမှာ ဆေးလိပ် မသောက်သူတွေလည်း အကြုံးဝင်နေရမယ်။ ဒါမှ ဥပဒေ။ သူတို့ကို ဖယ်ထားလို့ မရဘူး၊ ငါတို့ လက်ရှိလူတွေထဲမှာတော့ ဆေးလိပ်ေ သာက်သူ မရှိသေးဘူး၊ ရှိရှိ မရှိရှိ ဒီနေရာဟာ ဆေးလိပ် လုံးဝမသောက်သင့် တဲ့ နေရာမို့ ဒီ ဥပဒေရှိနေရမယ်။ ဒါမှ ဥပဒေ။ ဟိုဟာက အရပ်စကား။

"တရားမ၀င်ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားတွေထက် ပိုတဲ့အခွင့် အရေး မျိုး ပေးသင့်ပါသလား"
ဒီ စကားကလည်း မြန်မာတိုင်းရင်းသားတွေအတွက် ကလေးနှစ်ယောက်ပဲ ယူခွင့်ရှိတယ် ဆိုတဲ့ ဥပဒေမျိုးရှိနေမှ ( ရိုဟိန်ဂျာတွေတော့ ကြိုက်သလောက် ယူကြစေ ဆိုသလို ဖြစ်နေလို့ ) ပြောလို့ ဘောင်ဝင်မယ့် စကားပါ။

ဒေါ်စုက ဒီ ဥပဒေအကြောင်း သူမ ကောင်းကောင်းမသိဘူးလို့ ပြောတယ်။ မသိတာ ကောင်းသွားတယ်၊ နိုင်ငံရေးခေါင်းရှိတဲ့လူ ဒီ ဥပဒေမျိုးမထုတ်ဘူး။ ရိုဟိန်ဂျာ ပြဿနာဟာ ဒီဥပဒေကြောင့် သေးမသွားတဲ့အပြင် ပိုတောင် ဆိုး လာမယ်။
ရိုဟိန်ဂျာ ပြဿနာဟာ မသေးလှကြောင်း သိပေမဲ့ ဒီထက် ပညာသားပါတဲ့ အကြံပြုချကတွေနဲ့မှ အလုပ်ဖြစ်မယ်လို့ ထင်တယ်။ "ကလေးနှစ်ယောက် ပေါ်လစီနဲ့ မေးခွန်းများ" ရေးခဲ့ ပြီးပြီမို့ ဒီကိစ္စကို ဒီမှာ နားပါတော့မယ်။
ဒေါ်စုကိုဝေဖန်လို့ ရေးမိတာ မဟုတ်ဘူး။ အယ်ဒီတာဆရာ အရပ်စကားနဲ့ ဥပဒေ မကွဲဘူးထင်လို့ ရေးမိတာပါ။

ဦးဝေရောစနကြောင့် စိတ်နဲ့ ပြန်လျှောက်မိတဲ့ ခရီး

         ထို ခရီးက ကြမ်း၏၊ မိုင် ၄၀ ခန့်ရှည်၏။ မိမိတို့လို မြေပြန့်သားများအ တွက် နှစ်ညအိပ် သုံးရက် သွားရသည်။ ထို ခရီးကား နာဂတောင်တန်း က လေရှီးမြို့ပင်ဖြစ်သည်။ ပိန်သေးသေးရဟန်းငယ်ကိုကြည့်ကာ လာ ကြိုနှင့်သော လူပုဂ္ဂိုလ်သာသနာပြုတို့က အရှင်ဘုရား၊ တက်နိုင်ပါ့မလား ဟုပင် မေးကြသည်။ ကြိုးစားပြီးတက်မယ်ဟု မယုတ်မလွန် ဖြေမိသည်။

         ယခုရေးလိုသည်က ခရီးကြမ်းအကြောင်းမဟုတ်၊ ပထမဆုံးတွေ့ ကြုံလိုက် ရသည့် လေရှီးမြို့ ပန္နက်ချထားပုံဖြစ်သည်။ ထိုစဉ်က လေရှီးမြို့သည် အိမ်ခြေ နှစ်ရာပင် မပြည့်။ ထိုမြို့ကို ပန္နက်ချသွားသူတို့က ဗြိတိသျှတို့ဖြစ် သည်။ အံ့ဩချီးမွမ်းစရာကောင်းသည်က မြို့တည်သည်ဆိုကတည်းက ဗြိတိသျှတို့မူအရ
၁။ ဆေးရုံ
၂။ ရဲစခန်း နှင့်
၃။ စာသင်ကျောင်း
တို့ကို ပထမဆုံး အခိုင်အမာတည်ဆောက်ကြသည်။ ယနေ့ အထိ ပြည်မထဲ မှာ ဤအခြေခံအဆောက်အဦများ လုံလုံလောက်လောက် မရှိသေးခြင်းကို ကြည့်လျှင် ဗြိတိသျှတို့ ဘယ်လောက် စနစ်ကြီးသည်၊ လူ၏ အခြေခံ လိုအပ် ချက်ကို ဘယ်လောက် အလေးထားနိုင်သည်ဆိုတာကို သဘောပေါက်နိုင် သည်။ ယနေ့ ဘူးသီးတောင် မောင်းတောကိစ္စက ထိမ်းမရ၊ သိမ်းမရဖြစ်နေသည်။

         မြန်မာအစိုးရက ထိုဒေသကို မြန်မာတိုင်းရင်းသားများ သွားရောက်နေ ထိုင်စေလိုသဖြင့် စီမံကိန်းချခဲ့သည်။ လူပုဂ္ဂိုလ်များသားမက ရဟန်း သာသနာပြုများကိုလည်း လွှတ်ခဲ့သည်။ သို့သော် စနစ် မကျ သဖြင့် ရေရှည်မခံခဲ့။ အားလုံး ပြန်ပြေးလာကြသည်။ အရာရှိတို့က မနေနိုင်သူတို့ကို အပြစ်တင်၏။ သို့သော် သူတို့က ဗြိတိသျှတို့လောက် ခေါင်းမရှိ၊ စိတ်ကောင်းမရှိ၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းမပေးခဲ့။ စစ်တိုက်ခိုင်း၏၊ လက်နက် မပေးလိုက်။

         လေရှီးမှာ မြို့နှင့်တူတာဆို၍ ထို အဆောက်အဦ သုံးခုသာရှိသည်ဟုဆိုလျှင် ရနိုင်သည်။ ဗြိတိသျှတို့ လုပ်မပေးနိုင်ခဲ့သဖြင့် ယနေ့တိုင် အဆုံးမသတ်နိုင် သည့် ကိစ္စက လမ်းပမ်းဆက်သွယ်ရေးဖြစ်သည်။ ငွေကုန်ပြီး ခရီးမပေါက်။ ရယ်ဖွယ်ပင် ဖြစ်နေသေးတော့သည်။ မိုးကုန်ပြီဆိုသည်နှင့် စက်ကြီးများသုံး ကာ လမ်းခင်း၊ လမ်းပြင်တော့သည်။ ဆောင်းရာသီတစ်ခု ဂျစ်ကားများ၊ စစ်ကားများတက်လို့ရသည်။ မိုးရွာပြီဆိုသည်နှင့် တောင်ကျရေတိုက်စားပြီး ထိုလမ်းလည်း ပျက်လေတော့သည်။ နောက်နှစ်ရောက်လည်း ဤအတိုင်း ထပ်ခင်း၊ ဤအတိုင်း ထပ်ပျက် သံသရာဖြင့် နိုင်ငံ့ဘဏ္ဍာကို လူစား၊ ရေကျွေး လုပ်နေကြသည်။ အလွန် ဦးနှောက်နည်းသည့် ခန့်ခွဲမှု၊ အုပ်ချုပ်မှုဖြစ်သည်။
သွားလာရေး မလွယ်ကူခြင်းကြောင့် အချင်းချင်း ဆက်ဆံမှု သိပ်မရှိကြ၊ ထို့ကြောင့် တစ်ရွာ နှင့်တစ်ရွာ၊ တစ်အုပ်စုနှင့် တစ်အုပ် ဘာသာစကားလည်း မတူကြ။ တစ်ရွာထဲသာ နားလည်သော ဘာသာစကားများရှိသည်။ ကမ္ဘာက ရွာဖြစ်ချိန် ထို နာဂရွာတို့က ကမ္ဘာခြားနေကြဆဲပင်။


Novices in Red by Aung Kyaw Htet
Source: www.dhammaweb.net

         ကိုယ်တိုင်လည်း နာဂတောင်ပေါ်မှာ တစ်သက်လုံး မနေနိုင် ဆိုသည်ကို သဘောပေါက်မိပြီး ငါ ဘာလုပ်ပေးခဲ့ရမလဲဟု အကြိမ်ကြိမ် စဉ်းစားမိခဲ့ဖူး သည်။ ကိုယ်မှလည်းမဟုတ်၊ ၉၀ ရာခိုင်နှုန်းသော မြေပြန့် ရဟန်းတော်များ အတွက် ဝေးလံသီခေါင်လှသော၊ ငှက်ဖျားရောဂါ ထူပြောလှသော ထိုဒေသ တို့၌ တစ်သက်လုံးနေရန်က ခက်ခဲလှ၏။ ထို့ကြောင့် နာဂ စစ်စစ် လူ တစ်ယောက်နှင့် နာဂရောက် မြန်မာလေးတစ်ယောက်ကို ရဟန်းခံ၊ ရှင်ပြုေ ပးပြီး ရန်ကုန်ကို ပို့ပေးခဲ့သည်။ သူ့လူမျိုးနှင့်သူ သာသနာပြုနိုင်အောင် စီစဉ်ပေးမှ ရေရှည်တည်မည်ဟု ယုံကြည်မိသည်။ ကိုရင်ကို စာသင်တိုက်၊ ရဟန်းကိုတော့ မဟာစည်ရိပ်သာထဲ အဝင်ခိုင်းလိုက်သည်။ သူတို့ကို တာဝန်ယူ ပို့ပေးခဲ့သော်လည်း ကိုယ်တိုင်က ခြေသလုံး အိမ်တိုင် ( ခြေသလုံး ကျောင်းတိုင် ဆို ပိုသင့်မည်) ဖြစ်နေသည့်အတွက် အရပ်က ရန်ကုန်ရှိ နောင်တော် ရဟန်းကို အပူကပ်ရသည်၊ ကူညီစောင့်မ ရန်လျှောက်ထားရ၏။ ကိုရင်ကိုတော့ အမတွေက ရဟန်းခံပေးထားသည်။

         ရေစက်ဆိုတာ ရှိ၏။ဝမ်းမြောက်ဖွယ် ကြုံဆုံမှုလေးတစ်ခု ဖြစ်ပေသည် ။ မေလက ရန်ကုန်ပြန်တော့ ကိုယ့်အလုပ်နဲ့ကိုမို့ မည်သူ့ကိုမှ အသိမပေးမိ။ တည်းခိုနေသည့် ကျောင်းမှာပင် လုပ်စရာရှိတာလေးတွေ လုပ်နေမိသည်။

         ထိုအခိုက် ဦးဝေရောစန ရောက်လာသည်။ နာဂတောင်မှ ကလေးတွေ ရန်ကုန်ပို့ရင်း ဆင်းလာခြင်းဖြစ်သည်ဟုဆိုသည်။ သူပင် ရဟန်း ၁၄ ဝါ ရနေပေပြီ။ တော်တော်ကြီး ဝမ်းသာမိသည်။ လူချင်းမတွေ့တာ ၁၀ နှစ်ေ ကျာ်နေပြီ။ ယခု သူက ကျောင်းထိုင်ဘုန်းကြီးသင်တန်းပင် ပြီးလို့ ရွာမှာ လက်ထောက်ကျောင်းထိုင်ပင် ဖြစ်နေပြီဟု ဆိုသည်။
           "ဦးဝေရောစန၊ ဘာလိုသေးလဲ" ဆိုတော့
          " ဖြစ်နိုင်ရင် ခရီးစရိတ်ကုန်ကျ တာပေးခဲ့ပါ (စုစုပေါင်း ၇ သောင်း ဟုဆိုသည်) ပြီးတော့ ဆက်သွယ်ရေးအတွက် ဟန်းဖုန်းလည်း ရရင်ကောင်းမယ်" ဟုဆိုသည်။     
         ပြုံးလိုက်မိ၏။ ယနေ့ခေတ်က နာဂရဟန်းလည်း ဟန်းဖုန်းလိုသည်။ ဂလို ဘယ်ကမ္ဘာက နာဂရွာလေးကို ချန်မထားခဲ့။
သို့သော် ဒီလူ ဒီမူနဲ့ဆိုလျင် လေရှီးကားလမ်းကတော့ ?????

အဟင့် အဟင့် ယင်းလပ်တို့ အိမ်ဖြူတော် မရောက်ဖူးသေးဘူး

နေးရှင်းက အယ်ဒီတာ ဆရာကဝိရဲ့ ဆောင်းပါးလေးပါ။ ဒုန့် ခရိုင်း ဖော် မီ ထိုင်းလန့်ဒ် (Don't cry for me Thailand) လို့ပဲ မက်ဒေါနား အသံနဲ အော် ဆိုရမလိုလို။ ဒီဆောင်းပါးကို ( အဟင့် အဟင့် စွက်ပြီး) အကျဉ်းချုပ်ပြန် ထားပါတယ်။

အရင်တပတ် ကြာသပတေးနေ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ဂျပန် ဝန်ကြီးချုပ် အဘေနဲ့ ဂျပန်မှာတွေ့ဆုံပြီး ဒါးဝယ် ပရောဂျက်မှာ ရင်းနှီးမြှတ်နှံဖို့ တိုက်တွန်းခဲ့တယ်။
ဒါပေမဲ့ မြန်မာပြည်ထဲက သတင်းခေါင်းစဉ်က နောက်နေ့ ဂျပန်ဝန်ကြီး ချုပ် မြန်မာပြည်လာမယ်တဲ့။ ဂျပန် ဝန်ကြီးချုပ် စိတ်ထဲမှာ ဒါးဝယ် ပရော ဂျက် ရှိမနေဘူး၊ သီလဝါပဲ ရှိနေခဲ့တယ်။ (အဟင့် အဟင့်)
ရောက်ပြီး ရေတို၊ ရေရှည် စီမံကိန်းတွေနဲ့ အကြွေးတွေလျှော် ဝမ်း ဘီလီယံ ရင်းနှီးမှုတွေ ကတိပြုခဲ့တယ်။ တကယ်က ဂျပန်ရော မြန်မာပါ ထိုင်း ရင်းနှီး မှုပါတဲ့ ဒါးဝယ် ပရောဂျက်ကို အာရုံမကျကြသေးပါဘူး။



စောစောကပဲ မြန်မာ သမ္မတ ဦးသိန်းစိန် အမေရိက အိမ်ဖြူတော်ကို သွားရောက် အိုဗားမားနဲ့တွေ့ဆုံပြီး အခြေခံ စီးပွား၊ ကုန်သွယ်မှု သဘောတူ ညီချက်တွေ ရယူနိုင်ခဲ့ကြတယ်။ မိတ်ဆွေဟောင်း ထိုင်းနိုင်ငံနဲ့ ကာလ အတော်ကြာက ရှိနေခဲ့တဲ့ ဆွေးနွေးမှုတွေကိုတော့ အမေရိကန်တွေက မီးစိမ်း မပြသေးဘူး။ (အဟင့် အဟင့်)

တကယ်ဆို ယင်းလပ်ကိုယ်တိုင် အိမ်ဖြူတော်ထဲ မရောက်ဖူးသေးဘူး။ (အဟင့် အဟင့်)။ ဗုဒ္ဓဟူးနေ့က ထိုင်းအမေရိကန် ဆက်ဆံရေး နှစ် ၁၈၀ ပြည့်ပွဲ ကျင်းပခဲ့တယ်။ ဒါကလည်း မနှစ်ကဆွေးနွေခဲ့တာတွေ နဲ့ နှိုင်း စာရင် ကြက်ပွဲလောက်ပဲ ရှိတယ်။
မြန်မာအချက် ထိုင်းအခက်ပဲ။ အခု ကမ္ဘာမှာ " ပြုပြင်ပြောင်းလဲရေး အိုက် ကွန်း၊ ဦးသိန်းစိန်၊ ဒီမိုကရေစီ ချန်ပီယံ၊ ဒေါ်အောင်ဆန်းစုကြည်" တဲ့။ သူတို့နှစ်ယောက်က ပါတီကွဲနေပေမဲ့ နိုင်ငံအတွက် တညီတညွတ်ရှိနေတယ်။

အလားတူပဲ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ မဟာဗျူဟာဆိုင်ရာတွေ တွေ့ဆုံဆွေးနွေးကြတယ်။ သူတို့ဆွေးနွေးတာကို ထုတ်ပြန်တော့ စာပိုဒ် နှစ်ပိုဒ်ထဲ။

တချိန်က "အပြုံးမြို့တော်" ဘွဲ့ကို မြန်မာက ထိုင်းဆီက လုယူသွားပြီ။ ဂျော့ဂ်ျ ဘုရှ် လက်ထက်ကဆို မြန်မာဟာ "axis of evil" အကုသိုလ် မဏ္ဍိုင်တဲ့။ အခု ပြောင်းလဲလို့ လ ၂၀ ပဲရှိသေးတယ် စူပါကြီးတွေ စုပြုံဝင်လာလိုက်တာ လူ့အခွင့်အရေး၊ တိုင်းရင်းသားပြဿနာ၊ ရိုဟိန်ဂျာအသံတွေပါ တိတ်ဆိတ်ေ နပါရော။ ဆိုပါတော့၊ ရိုဟိန်ဂျာပြဿနာက ရှိဆဲပဲ၊ ဒါပေမဲ့ အခြား သတင်းတွေက ဒါကို ဖုံးသွားပြီ။

ဒီကြားထဲ ဓါးစာခံက ထိုင်းပဲ။ ထွက်ပြေးလာတဲ့ ရိုဟိန်ဂျာတွေကို ဗီဇာ ၆ လ ပေးထားရတာ။ အခု ၆ လ ပြည့်တော့မယ်။ ခေါ်မယ့် တတိယနိုင်ငံ လည်းမရှိ။ တကယ့်ပြဿနာ။ ဘာဆက်လုပ်ကြမလဲ။ အဲ ထိုင်းကိုကျတော့ ရိုဟိန်ဂျာတွေကို ဘယ်လိုဆက်ဆံသလဲဆိုပြီး မျက်စေ့ ဒေါက်ထောက် ကြည့်နေကြပြန်တယ်။ (အဟင့် အဟင့်)

သံတမန်တွေ၊ စီးပွားရေးသမားတွေနဲ့ ရန်ကုန်မှာ အင်တာဗျူးတော့ သူတို့ အမြင်တွေ တူနေကြတယ်။
၁။ ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာဟာ တကယ် ဆီးရီးယပ်စ်ဖြစ်တယ်။
၂။ သူတို့အားလုံး အစိုးရ၊ ပုဂ္ဂလိ ဆက်ဆံရေးတွေနဲ့ ဆက်ဆံသွားမယ်။ အဓိက က အဓိက မူနဲ့ တဲ့။

မြန်မာအစိုးရက ပါးတယ်။ တရုတ်နဲ့ ဖြစ်နိုင်ရင် ဝေးချင်တယ်ပြောတယ်။ ပြီးတော့ အနောက်က အမြဲ ပြောနေတဲ့ အကျဉ်းသားတွေကို လွှတ်ပေး တယ်၊ မြောက်ကိုရီးယားနဲ့ အနုမြူကိစ္စကို ရပ်ပစ်တယ်။ အံ့ဩစရာက ဦးသိန်းစိန် အိမ်ဖြူတော် ရောက်သွားတာ နှစ် နှစ်ပဲ အချိန်ယူလိုက်ရတယ် (ယင်းလပ်ကိုယ်တိုင် အိမ်ဖြူတော်ထဲ မရောက်ဖူးသေးဘူး)။ အခု အရှေ့တောင်အာရှရဲ့ အမေရိက မဟာဗျူဟာ ဌာနချုပ်က မြန်မာပဲ။ လုံခြုံရေး၊ အတူစစ်လေ့ကျင့်ရေးတွေလုပ်မယ်။ မြန်မာစစ်တပ် အရည် အသွေး မြင့်လာမယ်။

သံတမန်ရေးအရ စကားလုံးချိုချိုတွေ ပြောနေကြပေမဲ့ ထိုင်းတွေဟာ သူတို့ နောက်ကောက်ကျနေရစ်ပြီဆိုတာ သိလိုက်ကြရပြီ။ (အဟင့် အဟင့် )

အမေရိက၊ ဥရောပ၊ ဂျပန်တို့ မြင်နေတာက ထိုင်းဟာ ပရိုချိုင်းနား ဖြစ် တယ် ။ မြန်မာက ဖြစ်နိုင်ရင် တရုတ်နဲ့မပေါင်းချင်ဘူး၊ ခင်ဗျားတို့က မပေါင်း လို့ ပေါင်းနေရတာလို့ လက်သိပ်ထိုး ပြောတယ်။ ဒီတော့ သူတို့က ရွေးစရာ ရှိသွားပြီ။ ရွေးမယ်ရွေး ပရိုချိုင်းနား ထိုင်းကို ဘယ်ရွေးနေတော့မလဲ။

Ref: Myanmar gains affection in US, Thailand loses out
By Kavi Chongkittavorn. ST, The Nation, Asia News Network.

အကိုကြီး ဂျပန်

နိုင်ငံတစ်ခုရဲ့ ဖြတ်သန်းမှုမှာ အဆင့်လေးဆင့် ရှိတယ်လို့ မှတ်သားရဖူးပါ တယ်။ ဒါတွေကတော့..
၁။ Athletic stage ( ပြေးခုန်ပစ် အဆင့်)
၂။ warrior stage (တိုက်ခိုက်ရေး အဆင့် )
၃။ big brother stage (အကိုကြီး အဆင့်) နဲ့
၎။ intellectual stage (ပညာရှင်အဆင့်) တို့ ဖြစ်ပါတယ်။

၂။ warrior stage (တိုက်ခိုက်ရေး အဆင့် )

တိုက်ခိုက်ရေး အဆင့် နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုက
၁။ ပိုပြီး ပြင်းထန်သလို ကမ္ဘာ့အလယ်မှာ လူရာအရမ်းဝင်ချင်နေတော့ ပြိုင်ဆိုင်မှုက အများအားဖြင့် (No matter what, by any mean) ဘာဖြစ်ဖြစ်၊ ဘယ်နည်းနဲ့ ရရဆိုတဲ့သဘောတရားတွေ ရှိနိုင်ပါတယ်။
၂။ အောင်မြင်မှုရလာတာလေးတွေ၊ ဂုဏ်ယူစရာလေးတွေကို ဂုဏ်ယူ ဝင့်ကြွားတတ်ပြီး မောက်မာစိတ်လည်း ရှိနေတတ်တယ်။ မရင့်ကျက်သေး တဲ့အဆင့်လို ယူဆကြပါတယ်။

ဒီ warrior stage (တိုက်ခိုက်ရေး အဆင့် ) နိုင်ငံတွေရဲ့ ပြယုဂ်ကတော့ တရုတ်လို့ ထင်ပါတယ်။ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ပါဝါတည်ဆောက်ေ နပုံဟာ တကယ်ကို (No matter what, by any mean) ဘာဖြစ်ဖြစ်၊ ဘယ်နည်းနဲ့ ရရ ဆိုတဲ့သဘောတရားအတိုင်းပါပဲ။ တစ်ဖက်သား၊ သဘာဝ ဝန်းကျင်ဆိုတာတွေ လုံးလုံးထည့်မတွက်ပါဘူး။ မြန်မာတွေ အနေနဲ့ မြန် မာပြည်ထဲက တရုတ်စီးပွားရေးတွေဟာ လက်မခံနိုင်စရာ ထိခိုက်မှုတွေ ရှိတယ်လို့ တွေ့မြင်နေကြရပေမဲ့ သူ့နိုင်ငံရဲ့ မြို့တော်ကြီးတွေမှာဆိုရင် လည်း လေထုငြစ်ငြမ်းမှုက အသက်ရဲရဲ မရှူရဲလောက်အောင်ပါ။ ဒါတွေဟာ လူတွင်ကျယ်လုပ်ချင်လွန်းလို့ ပြန်ပေးရတဲ့ လျော်ကြေးတွေပါ။ တိုးတက်နေပုံဟာ စနစ်မကျသေးဘူး၊ မရင့်ကျက်သေးဘူးပေါ့။

အောင်မြင်မှုကလည်း ရစပြုနေပြီဆိုတော့ မောက်မာစိတ်လည်း အပြည့်ပဲ၊ မင်းတို့လုပ်နိုင်တာမှန်သမျှ ငါတို့လည်း လုပ်နိုင်တယ်။ လုပ်ပြီးရင်လည်း ငါတို့လုပ်ပြီးပြီလို့ ဝါဝါကြွားကြွား ရင်ကော့နေတတ်ပြန်တယ်။ နိုင်ငံနဲ့ လူဦးရေ ဘယ်လောက်ကြီးကြီး တရုတ်ဟာ ဒုတိယအဆင့်က ပြောတာတွေနဲ့ တစ် ထပ်တည်းကျနေတယ်။

၃။ big brother stage (အကိုကြီး အဆင့်)

ဒီအဆင့်ကတော့ ရင့်ကျက်လာတဲ့ အောင်မြင်မှုတွေနဲ့ နိုင်ငံတွေပါ။ သူတို့ ကို နိုင်ငံငယ်လေးတွေက အထင်ကြီး အားကျနေကြရတယ်။ အရင်နှစ်တွေ ကဆိုရင်တော့ အမေရိကနဲ့ ဆိုဗီယက်တို့ကို ဥပမာပေးကြ တယ်။ အခုတော့ ဆိုဗီယက်လည်း ပုံပျက်ပန်းပျက် မဖြစ်ဖို့ပဲ မနည်းကြိုးစားနေရတယ်။

သူတို့ရဲ့ အဓိကထင်ရှားတဲ့အချက်တွေက (အကိုကြီး အဆင့် ဆိုတဲ့အတိုင်း)
၁။ သူများကို စာနာနားလည်ပေးတယ်။
၂။ သူတို့စကားကို နားထောင်စေချင်တယ်။ ငါတို့တုန်းက ဘယ်လို ဘယ်ညာ ဆိုတဲ့ ဩဝါဒဆန်ဆန်တွေ ပေးတတ်ကြတယ်။

အမေရိက က အခု သူတို့ကျင့်သုံးနေတဲ့ ဒီမိုကရေစီနဲ့ တံခါးဖွင့်စီးပွားရေး ဘယ်လောက်ကောင်းကြောင်းစတာပြောဆိုပြီး သူတို့စကားကို နားထောင် မယ်ဆိုရင်လည်း ကူညီဖေးမပေးနေတယ်။ သူတို့အဓိကလိုချင်တာက နိုင်ငံရေး၊ စီးပွားရေးဩဇာဖြစ်တယ်။
ဒီတော့ ပြေးခုန်ပစ်အဆင့် နိုင်ငံတွေဟာ တတိယ (အကိုကြီး အဆင့်) တွေ နဲ့ပေါင်းရင် ဘူလီအကျခံရတာ သက်သာမယ်၊ သူများကလည်း ကိုယ့်ကို ဘူလီသိပ်မကျရဲတော့ဘူး။



ကမ္ဘာမှာ ဂျပန်ဟာ ဘယ်အထဲပါမယ်ဆိုတာ ပြောရခက်ပေမဲ့ မြန်မာနိုင်ငံ အ တွက်တော့ ဂျပန်ဟာ တကယ့်ကို big brother stage (အကိုကြီး အဆင့်) နဲ့ ဆက်ဆံနေတာ တွေ့ရပါတယ်။ အကြွေးတွေ လျော်နေရတာလည်း မနည်းတော့ဘူး။ သူ့ ပရောဂျက်တွေက လူထုကောင်းကျိုးကို ဦးတည်တယ်။

နောက်ဆုံး intellectual stage (ပညာရှင်အဆင့်) ကတော့ နိုင်ငံ အ လိုက် ပြစရာမရှိသေးဘူးဆိုတော့ ရေးစရာလည်း မလိုတော့ဘူး။

မြန်မာ့အပေါ်မှာတော့ (ဖက်စစ်လွန်) ဂျပန်ဟာ လူကြီးလူကောင်း အဆန်ဆုံး၊ အကိုကြီးအဆန်ဆုံးပါပဲ။ သူတို့က တရုတ်လို No matter what, by any mean မဟုတ်ကြဘူး။

ကလေးနှစ်ယောက် ပေါ်လစီနဲ့ မေးခွန်းများ ( မောနင်းပို့စ်)

၁။ မြန်မာအစိုးရက ရိုဟိန်ဂျာကို လက်ခံလိုက်ပြီလား။ (သူတို့အတွက် ဥပဒေထုတ်လိုက်တယ်ဆိုရင် သူတို့ကို တနည်းနည်းနဲ့ လက်ခံလိုက်ရတဲ့ သဘောပါပဲ)

၂။ ဒီဥပဒေကြောင့် မွတ်စလင်တွေကို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ ဝေဖန် သံတွေ ထွက်လာနိုင်မလား။ (ဥပဒေနှစ်မျိုးဖြစ်နေတယ်၊ မဖြစ်လို့ရော ဒီပြဿနာက ဘယ်လိုရှင်းမလဲ)

၃။ ကလေးနှစ်ယောက်ထက် ပိုယူရင် အဲဒီကလေးနဲ့ ကလေးမိဘတွေရဲ့ ကံကြမ္မာက ဘာလဲ။ (တချို့နိုင်ငံတွေမှာတော့ အစိုးရက တတိယကလေး အတွက် မထောက်ပံ့ဘူး)

၎။ အခုရော အစိုးရက ဘာတွေ ထောက်ပံ့ထားလို့လဲ။ (ထောက်ပံ့မှု မရ တာလောက်တော့ ရိုဟိန်ဂျာက မကြောက်ရေးချ မကြောက်၊ ရဖူးတာမှ မဟုတ်ဘဲ၊ မွေးထုတ်လိုက်ပြီး ရှာစားကြတော့လို့ ထားကြမှာပဲ)

၅။ တတိယကလေးကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုဘူး။ ဒီလိုလား။ (ဒါဆို မိဘတွေကရော အသိအမှတ်ပြုခံထားရသူတွေ ဖြစ်နေပြီလား)

၆။ ဒါဆို ကိုယ်ဝန်ဖျက်ချခြင်း ဥပဒေကို ဘယ်လိုပြင်ဆင်ကြမလဲ။ (ဘာသာရေးကို ဘေးထားပြီး ခွင့်ပြုထားရတဲ့ နိုင်ငံတွေ အများအပြား ရှိတယ်)
၇ ။ ရွေးကောက်ပွဲရလဒ်ကို စိုးရိမ်လို့ ပြည်သူကို နားလှည့်ပါးလှည့်ပေါ်လစီနဲ့ အချိုသပ်ပြီး ရိုဟိန်ဂျာကို လက်ခံလိုက်တာလား။ (ပြည်သူအများစုဟာ သိပ် မ 'အ' သလို ဘာဖြစ်သင့်တယ်ဆိုတာလည်း သဘောပေါက်နိုင်ကြပါတယ်)
ဒီ ဥပဒေက အဖြေထက် အမေးတွေကို ပိုပေးနေတယ်။

မီးမီး ရေ လိုနေတယ်

ဂျပန် ဝန်ကြီးချုပ်လာမှပဲ ပြည်သူတွေ တကယ်လိုအပ်နေတဲ့ တစ်နိုင်ငံလုံး အတွက် လျပ်စစ်မီးကိစ္စအသံ ကြားရတော့တယ်။
လျပ်စစ်မီးရမှ မက်ဒေါ်နယ်နဲ့ ကိုကာကိုလာက ပိုအဓိပ္ပါယ်ရှိတယ်။
ပြီးတော့ ပင်လယ်ထဲအဓိပ္ပါယ်မဲ့ စီးဝင်သွားတဲ့ မြစ်ရေတွေနဲ့ (ပင်လယ်က သူ့ရေနဲ့သူတောင် မဆန့်မပြဲဖြစ်နေတာ) သောက်ရေငတ်နေတဲ့ လူထု။
သောက်ရေရှိမှ KFC ကလည်း မြိုလို့ကျမှာ။
သီလဝါကိုတော့ သဘောကျတယ်။ မြန်မာလို သီလရှိသူလို့ အဓိပ္ပါယ်ရှိတယ်။
သီလဝါပြီးရင် ပညဝါ (ပညာရှင်) ဓနဝါ (ဥစ္စာရှင်) ပရောဂျက်တွေ လိုတယ်။
မြန်မာပြည်မှာရေ မီးရှိရင် စပါး၊ ပဲ၊ ဆီ၊ အသီးအရွက် အကုန်ရနိုင်တယ်။

(စာကြွင်း)
ဦးသိန်း 'စိန်' က စိန်ဆိုင်မဖွင့်ရဘဲ မဆိုင်တဲ့ ဦးသန်း 'ရွှေ' က အမေရိကမှာ စိန်ဆိုင်ဖွင့်မလို့ဆိုလား။
လိုက်များ အားပေးချင်ကြရင် အမေရိကန်ဗီဇာ ကြိုယူထားကြ။ ဒါမှ စိတ်ချ ရမယ်။

သူခိုးဖမ်း ကဗျာ

" သူခိုးဖမ်းပါ
လမ်းပေါ်မှာလား
ပန်ကာအောက်မှာ
ထိုင်နေသည်"

(မောင်သာရ (ရေးတာမှတ်ပါတယ်))

Believe it or not. ကဗျာနဲ့ အထက်က စိန်ဆိုင်ဖွင့်မယ်ဆိုတဲ့ ကောလဟလ ဘာမှဆက်စပ်မှုမရှိပါ။

သင် သမ္မတဆိုရင် ဘာလုပ်မလဲ

ဆိုပါတော့၊ သင်ဟာ အမေရိကရဲ့ သမ္မတ အိုဗားမား။
သိပ္ပံပညာရှင်တွေ တွက်ချက်၊ ခန့်မှန်းထားတာက အလွန်ကြီးမားတဲ့ ဂြိုလ်ပဲ့ကြီး တစ်ခုဟာ တရုတ်ပြည်ဆီကို ဦးတည်လာနေပြီး နောက် နှစ် ရက် မှာ တရုတ်ပြည်ကို တည့်တည့်ဝင်တိုက်မိတော့မယ်။ ခန့်မှန်းထားတဲ့ အချိန် က ည နှစ်နာရီမှာ။
တိုက်မိပြီဆိုရင်လည်း ကံကောင်းရင် တရုတ်ပြည်ရဲ့ စီးပွားရေး၊ စက်မှုစတဲ့ အချက် အချာကျတဲ့ မြို့ကြီးတွေပဲ ပျက်စီးမယ်။
ကံမကောင်းရင် ကမ္ဘာ့မြေပုံပေါ်မှာတောင် တရုတ်ပြည်ဆိုတာမရှိနိုင်တော့ဘူး။

ဒီတော့ တရုတ်ပြည်ကရော ကုလသမဂ္ဂကပါ ဒါကို အကာအကွယ်ပေး ဖို့ တောင်းခံလာတယ်။
ကာကွယ်ရမယ့် သင်္ဘော၊ လေယာဉ်၊ လူ စတဲ့ အသုံးစရိတ်ကလည်း တစ် ကမ္ဘာလုံးမှာ ဖြန့်ကျက်ထားရတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အသုံး စရိတ်နဲ့ အတူတူပဲ။
အကူအညီတောင်းခံလာမှုအပေါ် အခြေခံပြီး သမ္မတ တစ်ယောက်အနေနဲ့ တစ်ခုခုကို မဖြစ်မနေ ဆုံးဖြတ်ရတော့မယ်။

ပါလီမန်က တညီညွတ်တည်းဆုံးဖြတ်ပြီး ပေးထားတဲ့ ရွေးချယ်စရာ နှစ်ခုက..
(က) ညဉ့်နက်အောင် ထိုင်စောင့်ပြီး ဘယ်လောက်ထိခိုက်ပျက်စီးသွားတယ် ဆိုတာ လိုက်ဖ်ရှိုး ထိုင်ကြည့်မလား
(ခ) မနက်မှ ရက်ကော့လုပ်ထားတာကို အေးအေးဆေးဆေး ထိုင်ကြည့် မလား

ကဲ ဘယ်လိုလဲ။
သမိုင်းတွင်မယ့် ဆုံးဖြတ်ချက် ချရတော့မယ်၊ ခေါင်းရှောင်နေလို့ မရတော့ဘူး။
(နိုင်ငံရေး ဂျုတ် တောင်းဆိုသူများအတွက်)

Ref: The World Joke Book

လူတိုင်းအတွက် Abhidhamma App

၂၀၁၁ ခုနှစ် ကဆုန်လပြည့်နေ့တွင်စတင်ဖွဲ့စည်းခဲ့သော အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) သည်ယနေ့တွင်၂ နှစ်ပြည့် အထိမ်းအမှတ်တစ်ခုအနေဖြင့်မြတ်စွာဘုရားရှင်၏ အဘိဓမ္မာတရားတော်များ ပိုမိုပြန့်ပွား နိုင်စေရန်အတွက် Abhidhamma App ကို သူတော်ကောင်းတို့လက်သို့အရောက်ပို့ဆောင်ပေးလိုက်ပါပြီ။


Released: 24 May 2013 ( Vesak Day or ကဆုန်လပြည့် ဗုဒ္ဓနေ့ )
Version: 1.0
Size: 102 MB

Requirements:
# Compatible with iPhone 3GS, iPhone 4, iPhone 4S, iPhone 5,
iPod touch (3rd generation), iPod touch (4th generation), iPod touch (5th generation) and iPad.
# Requires iOS 5.0 or later

View in iTunes
https://itunes.apple.com/au/app/abhidhamma/id648920772?mt=8

More info >> visit to www.abhidhammafoundation.org

စောနေသလား? နောက်တောင်ကျနေပြီ

စထရိတ်တိုင်းမှာပဲ မြန်မာနဲ့ပတ်သက်တဲ့ သတင်း၊ဆောင်းပါး လေး ပုဒ်ေ တာင်ဖော်ပြထားတယ်။ ဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတာက တစ်ခုပေး၊ တစ်ခုယူပေါ်လစီအကြောင်း ရေးထားတဲ့ Nehginpao Kipgen ရဲ့ "Quid pro quo diplomacy in US-Myanmar relations" ဆိုတဲ့ဆောင်းပါးပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရန်သူတော်ကြီးတွေ အခုတော့ တစ်စားပွဲတည်း အတူထိုင်ပြီး စီးပွားရေး၊ နိုင်ငံရေးတွေ ဆွေးနွေးနေကြတာ ဟာ နိုင်ငံရေးေ လ့လာသူတွေအဖို့ ပဟေဠိ ဆန်နေမယ်တဲ့။ ဒါပေမဲ့ ဒါတွေဟာ အမေရိ က ရဲ့ ပေါ်လစီ လို့ ဖော်ပြထားတယ်။

၂၀၁၁ခု အောက်တိုဘာ ၁၁ ရက်မှာ နိုင်ငံရေး အကျဉ်းသား ၂၂၀ လွှတ်ပေး ခဲ့တယ်။ ဒီမှာ အမေရိကရဲ့ တုန့်ပြန်မှုက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် သုံးရက်ကြာခရီး မြန်မာပြည်ကို သွားတယ်။

၂၀၁၂ခု လွတ်လပ်ရေးနေ့ နဲ အမျိုးသားနေ့တွေမှာ နိုင်ငံရေး အကျဉ်း သားေ ပါင်း ၆၀၀ ကျော် လွှတ်ပေးခဲ့တယ်။ ဒီနောက် အမေရိကန် သံတမန်ရေးရာ ကနေ စပြီး ဆက်ဆံရေး စလုပ်လာတယ်။ အဲဒါရဲ့ အကျိုးဆက်က စီးပွားရေး ပိတ်ဆို့ထားတာတွေ ရွှေ့ဆိုင်းခဲ့တယ်၊ အမေရိကန်ဘဏ်တွေ မြန်မာပြည်နဲ့ ဆက်ဆံမှု ခွင့်ပြုခဲ့တယ်။

လက်ရှိ ဦးသိန်းစိန်ရဲ့ အိမ်ဖြူတော်ခရီး မထွက်မီလေးမှာပဲ နိုင်ငံရေးအကျဉ်း သား ၂၀ ကျော်ကို လွှတ်ပေးခဲ့ပြန်တယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရက အကျဉ်းသားတွေကို အသုံးချနေတယ်ဆိုတဲ့ ဝေဖန်သံတွေတော့ ရှိတာပေါ့။

ဒီအတိုင်း ဆက်သွားရင် နှစ်နိုင်ငံ
၁။ စီးပွားရေး
၂။ နိုင်ငံရေး
၃။ မဟာဗျူဟာတွေမှာ အကျိုးရှိစေနိုင်မယ်။

အမေရိက ရတဲ့ အမြတ်
၁။ စီးပွားရေး ပိတ်ဆို့ထားတာတွေ ဖွင့်ပေးလိုက်ရင် မြန်မာအတွက်သာမက အမေရိကအတွက်လည်း အကျိုးအမြတ်ရှိမယ်။
၂။ နိုင်ငံရေးအရ အမေရိကန်တွေက ကမ္ဘာ့ခေါင်းဆောင်၊ ဒီမိုကရေစီ ချန်ပီယံ အနေနဲ့ ကမ္ဘာမှာ ရှိနေချင်တယ်။ ဦးသိန်းစိန်ကို အိမ်ဖြူတော်မှာ ဖိတ်ပြီး စကားပြောလိုက်တော့ မြန်မာရဲ့ ပြောင်းလဲလာမှုကို အသိအမှတ်ပြု ရာရော က် သလို အကူအညီ ပေးဖို့လည်း အဆင်သင့်ဆိုတာ ပြသရာရောက်တယ်။
၃။ မဟာဗျူဟာအရ မြန်မာနဲ့ဆက်ဆံနေရရင် အရှေ့တောင်အာရှနဲ့လည်း ပိုပြီးရင်းနှီး၊ နီးကပ်လာမယ်။ နောက်ပြီး ဒါဟာ တရုတ်ကို ယှဉ်ပြိုင်လိုက်တာ လည်း ဖြစ်တယ်။

မြန်မာရမယ့် အမြတ်
၁။ ရင်းနှီးမြှတ်နှံမှုတွေကို ဆွဲဆောင်နိုင်ရုံသာမက အပြန်အလှန် သွင်းကုန် ထုတ်ကုန် စီးပွားရေး အခွင့်အလမ်းတွေပါရမယ်။ အမေရိကနဲ့ ဆက်စပ်နေတဲ့ အခြားနိုင်ငံ၊ အဖွဲ့အစည်းတွေဆီက ချေးငွေ စတာတွေရမယ်။
၂။ လက်ရှိ မြန်မာ့အစိုးရထဲမှာ ခေါင်းမာမာနဲ့ ဗိုလ်ချုပ်ကြီးတွေရှိတယ်။ သူတို့ကို ဦးသိန်းစိန်က" ကြည့်၊ တို့ကပြောင်းလဲရင် ကမ္ဘာက အားပေးတယ်" ဆိုတာမျိုး ပြောနိုင်၊ စည်းရုံးနိုင်မယ်။
၃။ မဟာဗျူဟာ အရလည်းမြန်မာ နိုင်ငံရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် အမေရိကရဲ့ အကူအညီတွေ အများကြီး ရလာနိုင်မယ် လို့ သုံးသပ်ထားတယ်။

အနည်းဆုံး မြန်မာအစိုးရလိုက်တာကတော့ အိုဗားမားပါးစပ်က " မြန်မာ" ဆိုတဲ့အသံပါပဲ။ အခြားနိုင်ငံတွေလည်း လိုက်လာကြလိမ့်မယ်။
ကြိုက်သလိုခေါ်ကြ။ ဘယ်လိုပဲခေါ်ခေါ် ငတ်မနေဖို့၊ တိုးတက်လာဖို့ပဲ အရေးကြီးတယ်။
ရီပတ်ဘလင်ကန် တချို့နဲ့ တရုတ်အဖို့ကတော့ အိုဗားမားရဲ့ အရွေ့ဟာ မြန် လွန်းနေမလားပေါ့။
ဒါပေမဲ့ ဦးသိန်းစိန်အတွက်၊ အိုဗားမားအတွက်၊ မြန်မာပြည်သူပြည်သားတွေ အတွက်ကတော့ နှေးတောင် နှေးနေသေးတယ်။ လိုက်ယူရမယ့် အကွာ အဝေးက မသေးလှဘူး။

နိုးထခြင်း ၊ ဥဒေါင်းမင်းဆက်၊ နီပွန် နှင့် အာရှယဉ်ကျေးမှု

စိတ်ထဲမှာ စွဲနေသော ဝေါဟာရလေးတစ်ခု ရှိသည်။ “ဗုဒ္ဓဘာသာ” ကို ဗုဒ္ဓဘာဟု မပြောဘဲ “နိုးထခြင်း” ဘာသာဟူသော ဝေါဟာရဖြစ်သည်။ “ဗုဒ္ဓ” ဟူသည်ကပင် သိမြင်ခြင်း ၊ နိုးထခြင်း ဟူသော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အနောက်တိုင်းသား ရဟန်းတော် တစ်ပါးက Buddhism ကို Awakenism ဟုပြန်ဆိုလိုက်သည်။ အိပ်မောကျမနေသူ ၊ နိုးကြားတက်ကြွနေသူများကို ဗုဒ္ဓဘာသာဟု ခေါ်ဆိုထိုက်လေတော့သည်။ ကံမကောင်း အကြောင်းမလှစွာ မိမိတို့လူမျိုးများ အိပ်မောကျနေခဲ့သည် (နေခဲ့ရသည်)မှာ ကာလ အတန်ကြာခဲ့လေပြီ။

ယနေ့ရေးလိုသည့် ကိစ္စသည် အရှေ့တိုင်းယဉ်ကျေးမှု အကြောင်းဖြစ်သည်။ အရှေ့ယဉ်ကျေးမှု၌ နေနှင့် လတို့ကလည်း အလွန် အရေးပါလှသည်။ အရေးပါတာခြင်းတူသော်လည်း ရဲရင့် ပြတ်သားခြင်း ၊ လူမျိုးရေးစိတ်ဓါတ် စသည့်ကိစ္စတို့ကို ဖော်ပြရာ၌ “နေ” ကိုဖော်ပြတတ်ကြသည်။ နေနှင့်တွဲစပ်ပြီး ဥဒေါင်း (ခွပ်ဒေါင်း) လည်းပါလာလေတော့သည်။


နေထဲ၌ ဥဒေါင်းအရုပ်ရှိသည်ဆိုသော အယူအဆကတော့ ဗြဟ္မဏဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရန် ပိုများပြီး ဗုဒ္ဓဘာသာ (နှောင်းပိုင်း) စာပေများတွင်လည်း နေနှင့် ဥဒေါင်းတူလျက်ရှိနေကြသည် ဆိုသော အယူအဆများ ထွန်းကားခဲ့ပြန်သည်။

          “ဥဒေတယံ ၊ စက္ခုမာ ဧကရာဇာ ဟရိဿဝဏ္ဏော” စသော မောရသုတ်ကိုတော့ အထင်အရှားတွေ့ရလေသည်။ ထို့ကြောင့် ဗြဟ္မဏတို့၌သာမက ဗုဒ္ဓဘာသာ၌လည်း နေနှင့်ဥဒေါင်းမင်း တွဲစပ် အသိအမှတ်ပြုထားသည်ကို တွေ့မြင်ကြရသည်။

အိန္ဒိယ၌ မောရိယအင်ပါယာကို တည်ထောင်ပြီး ကမ္ဘာကိုသာသနာပြုခဲ့သော အသောကမင်းကြီးကိုယ်တိုင်လည်း ဥဒေါင်း (သို့) နေကို အလွန်အလေးအမြတ်ထားကြောင်းသိရသည်။ မင်းဆက်၏ အမည်ကပင် မောရိယမင်းဆက် မဟုတ်တုံလော။ ထိုမောရိယမင်းဆက် စတင်ချိန်၌ ဗုဒ္ဓဘာသာ၏လွှမ်းမိုးမှု သိပ်မရှိဘဲ ဗြဟ္မဏအယူအဆ၏ လွှမ်းမိုးမှုသာ ဖြစ်နိုင်ကြောင်း သုံးသပ်စရာရှိသည်။ အဘယ်ကြောင့်ဆိုသော် အသောက အပေါ်၌ ကလိင်္ဂစစ်ပွဲ မတိုင်မီအထိ ဗုဒ္ဓ၏ အဆုံးအမ လွှမ်းမိုးမှု မရှိပေ။ “သဗ္ဗပါပဿ အကရဏံ” စသော “မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ စိတ်ကိုဖြူအောင်ထား ” အဆုံးအမကိုပင် အံ့သြတကြီး နားလည်ခဲ့ရရှာသည်။ ထို့နောက် ကျောက်စာရေးထိုးပစ်လိုက်သည်။

          ရှေးဦးထဲက အာရှတိုက်သားတို့ နေကို မြတ်နိုး၏။ ကိုးကွယ်၏။

         ထိုနေကို ညွှန်းဆိုသည့် ဥဒေါင်းသည်လည်း မကင်းရာ မကင်းကြောင်း ပေါ်ပြူလာ ဖြစ်လာတော့သည်။

အသောက၏ ဥဒေါင်းစိတ်ဓါတ်က ပြင်းထန်၏ ၊ ရဲရင့်၏ ။ မှား၏ ၊ မှန်၏။ အသက်များစွာချွေခဲ့၏ ။ အသက်များစွာ ကယ်ခဲ့၏ ။ အမှားကို အမှားဟု သိသည်နှင့် တပြိုင်နက် အမှန်ကို ပြောင်းလဲ၏ ။ ဆိုလိုသည်မှာ လူ့အသက်များကို ချွေစဉ်ကလည်း ဥဒေါင်းစိတ်ဓါတ်ဖြင့် ချွေခဲ့ခြင်းဖြစ်ပြီး အသက်များစွာကို ကယ်သောအခါ၌လည်း ထိုဥဒေါင်းစိတ်ဓါတ်ပင် ဖြစ်လေတော့သည်။ မှားတတ် မှန်တတ်သော လူစွမ်းကောင်းတို့၏ ဘ၀ကောက်ကြောင်းများတွင် အသောကမင်းကြီးထက် ခိုင်လုံသော ဘ၀ကောက်ကြောင်း အတော်ပင် ရှားပေလိမ့်မည်။


ထို့နောက် နေမင်းစိတ်ဓါတ်(သို့) ဥဒေါင်းစိတ်ဓါတ်ဖြင့် ကမ္ဘာကို အဆိုးအကောင်းတို့ဖြင့်တုန်လှုပ်စေခဲ့သူများက ဂျပန်များ (သို့) နီပွန်များပင် ဖြစ်လေသည်။ မတုန်မလှုပ် ၊ မပွင့်တပွင့်ဖြင့် အလွန်ကြောက်စရာကောင်းသော စိတ်ဓါတ်ဖြစ်လေသည်။ ဂျပန်တို့က မဟာလူသားဝါဒ ဖြစ်သည်။ ဂျာမန်တို့နှင့်ဆင်သည်။ နေကိုပထမဆုံး မြင်ရသော မဟာလူသားဝါဒဖြင့် တည်ထောင်ခဲ့ရာ လူတိုင်းလိုလိုကလည်း ရဲဝံ့ကြ၊ ထက်မြက်ကြသည်။ အနောက်ကို တုန်လှုပ်စေနိုင်သူဆို၍ ဂျပန်သာရှိသည်။ အထည်ကြီးကြီး တရုပ်ပင် သိပ်မလှုပ်နိုင် ။

တိုက်လေယာဉ်မောင်းသူသည် (၂၃) နှစ်ထက်မကျော်စေရ ဟု ဒုတိယကမ္ဘာစစ်က ဥပဒေရှိခဲ့သည်ဟု ကြားဖူးသည်။ (မှားရင် ပြင်ကြပါ ပညာရှင်တို့)။ ကြီးလာသောအခါ တုန်းတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓါတ်လျော့နည်းကာ ကျိုးကြောင်းဆင်ခြင်မှုများဖြင့် ဆုံးဖြတ်ချက်နှေးဖင့်နေတတ်သောကြောင့်ဟု ဆိုသည်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ စစ်ပွဲကား လက်နှေး၍မရဟု ဆိုလိုဟန်တူပါသည်။ အမှားဖက်တွင် အသုံးချလိုက်သော်လည်း ဤသည်မှာ ဥဒေါင်းစိတ်ဓါတ်ပင် ဖြစ်သည်။

အကယ်၍ အိုင်းစတိုင်းသာ နောက်ငါးနှစ်လောက်ကြာမှ အနုမြူကို တွေ့မည်ဆိုလျှင် ထိုငါးနှစ်အတွင်း ဂျပန်သည် အသောက မဖြစ်ဟု မည်သူမျှ မဆိုနိုင်ပေ။ ဂျပန်ကြီးသေ ၊ ဂျပန်လေးဖြစ်သဖြင့် လူတိုင်း စစ်သားဖြစ်နေပြီး လူတိုင်းက ဂျပန်(သို့) နီပွန် အတွက် သေဖို့ အဆင်သင့်ဖြစ်နေသည်။

         ဤဥဒေါင်းစိတ်ဓါတ်နှစ်ခု (အသောကဥဒေါင်းနှင့် ဂျပန်တို့ဥဒေါင်း) ကိုပြန်ကြည့်သောအခါ တူညီနေ၏။

ဂျပန်တို့လည်း စစ်ဝါဒမှားသည်ဟု သိသည်နှင့် တပြိုင်နက် လက်လျှော့ကာ ထိုဥဒေါင်းစိတ်ဓါတ်ကို စီးပွားရေးဖက် ခေါင်းတည်ပေးလိုက်ကြသည်။ ထိုအခါ အနုမြူပြာထဲမှ လူသားများ ကုန်းထလာခဲ့တော့သည်။ နှစ် ၂၀ နှင့် ၃၀ အတွင်း ကမ္ဘာကို စီးပွားရေးဖြင့် ခြိမ်းခြောက်လာကြတော့သည်။

ထို့အပြင် စစ်လျော်ကြေးများပေးကြသည်။ စစ်လျော်ကြေးသာမက လူထုကယ်ဆယ်ရေးကိစ္စများကိုပါ အားတက်သရော ပါဝင်လာကြသည်။ လုမ္ဗိနီ တောအုပ်ကြီး လုမ္ဗိနီဖြစ်လာစေရန် အများဆုံး အလှူငွေထည့်ဝင်သူမှာ ဂျပန်ဖြစ်သည်။

          ကြည့်ပါ။
  • ၁။           အသောကလည်း စစ်တိုက်၏။ ဂျပန်တို့လည်း စစ်တိုက်၏ ။

  • ၂။           အသောကလည်း စစ်ကိုရပ်ပြီး ငြိမ်းချမ်းရေးဖြင့် နိုင်ငံကို ထူထောင်၏ ။ ထို့အတူ ဂျပန်တို့ကလည်း စစ်ပွဲအဆုံးသတ်ကာ ငြိမ်းချမ်းရေးအတွက် အားကျိုးမာန်တက် အလုပ်လုပ်ခဲ့ကြသည်။

  • ၃။           အသောကမင်းကြီးက ဘုရားမွေးဖွားရာ လုမ္ဗိနီကို တွေ့အောင်ရှာပြီး ကျောက်စာထူခဲ့၏။ သို့သော် အသောက၏ လုမ္ဗိနီကာ ဗြဟ္မဏများလွှမ်းမိုးမှုကြောင့် တောအုပ်ဖြစ်ကာ ပျောက်ဆုံးခဲ့၏။ ပျောက်ရှသွားခဲ့သော အသောက၏ လုမ္ဗိနီကို ဂျပန်တို့ကဦးဆောင်၍ ပြန်လည် အသက်သွင်းခဲ့၏။


ဤသည်မှာ မောရိယစိတ်ဓါတ်၊ နီပွန်စိတ်ဓါတ် ဖြစ်သည်။ မောရိယဖြစ်စေ ၊ နီပွန်ဖြစ်စေ ဥဒေါင်းသာဖြစ်၏။ အသောကလောက်မစွံ၊ ဂျပန်လောက်မစွံသော်လည်း မြန်မာတို့မှာ ဥဒေါင်းစိတ်ဓါတ်ရှိ၏ ။ ထိုဥဒေါင်းစိတ်ဓါတ် အမှာဒဖက်ကို ဦးတည်ခဲ့၏ ။ နိုင်ငံအပေါ် အနုမြူမကျဘဲ ပြာပုံဘ၀ ရောက်ခဲ့ရ၏


          ဥဒေါင်းသည် မှား၏ ။ မှန်၏ ။ သတ်၏ ။ ကယ်၏။ ထိုဥဒေါင်းသည် မောရသုတ်မှ လာ၏။ နေထဲ၌ ကဗ္ဗည်းတင်၏။ ရဲရင့်၏။ မှားမှန်းသိလျှင် အမှန်ကို ဦးတည်၏။ မြန်မာတို့ ဥဒေါင်းစိတ်ဓါတ် နိုးထချိန်ရောက်ပြီ။ အမှန်ကို ဦးတည်ဖို့ အချိန်ရောက်ပြီ။ အသောက ၊ ဂျပန်တို့ ခြေရာကို ကောက်သင့်ပြီဟု ထင်သည်

          ဥဒေါင်းမင်းတဖြစ်လဲ ဗုဒ္ဓသည်နိုးထသူဖြစ်သည်

          မြန်မာတို့ ဥဒေါင်းစိတ်ဓါတ် အမှားအယွင်းများ ၊ တယူသန်မှုများမှ နိုးထလာပါစေဟုသာ ဆုတောင်းရင်း….

          မောရိယ ၊ နီပွန် ၊ …. ။ ။

သီဟနာဒ

First record
14/04/2012 07:30
Singapore Time

အနာဂတ်ကို ကြိုဖတ်ခဲ့သူများ

၁။ မာ့က် တွင်း၊ ၁၈၉၈၊ (အင်တာနက်)
၁၉၀၄ ခုမှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ "From the 'London times' " ဆိုတဲ့ ဝတ္ထု တိုထဲမှာ အင်တာနက် ပေါ်ပေါက်လာမယ်ဆိုတာ ကြိုတင်နိမိတ်ဖတ်ခဲ့ပါ တယ်။
တကယ်တော့ ၁၉ ရာစုမှာ အင်တာနက်ဆိုတာ ကြားတောင် မကြားဖူး ကြသေးပါဘူး။ သူ့စကားနဲ့ပြောရရင်
"တယ်လီဖုန်းလိုင်းအပေါ် အခြေခံပြီး တစ်ကမ္ဘာလုံးကိုဆက်သွယ်လို့ရတဲ့ နက်(တ်)ဝါ့က် ပေါ်ပေါက်လာမယ်" ဆိုတာပါပဲ။

၂။ Jules Verne ၊ ၁၈၆၅ ( လကမ္ဘာပေါ် ခြေခြခြင်း)
သူက ပြင်သစ်လူမျိုး သိပ္ပံဝတ္ထု စာရေးဆရာပါ။ သူ့ရဲ "From the Earth to the Moon နဲ့ Around the moon" ဆိုတဲ့ ဝတ္ထုတွေထဲမှာ လူသားတွေ လကမ္ဘာပေါ် ခြေခြနိုင်လိမ့်မယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြခဲ့တယ်။ အမေရိက၊ ဖလော်ရီဒါကနေ "Columbiad" လို့ခေါ်တဲ့ အာကာယာဉ်ဟာ အက်စထရောနတ် သုံးယောက်ကို တင်ဆောင်ပြီး လကမ္ဘာကို ခရီးထွက် ခဲ့ တယ်။ အောင်မြင်စွာ လှည့်လည်ပြီး အဲဒီ အာကာယာဉ်ဟာ ပစိဖိတ် သမုဒ္ဒ ရာမှာ ပြန်လည်ဆင်းသက်နိုင်ခဲ့တယ် လို့ ရေးသားဖော်ပြခဲ့ပါတယ်။ သူ နိ မိတ်ဖတ်ပြီး နှစ်တစ်ရာကျော်တဲ့အခါမှာ အပိုလို ၈ ဟာ ၁၉၆၈ ခုမှာ လ ကမ္ဘာပေါ် ခရီးထွက်နိုင်ခဲ့ပါတယ်။
စိတ်ဝင်စားစရာ ပိုကောင်းတာက နာဆာဟာ အပိုလို ၂ ကို တည်ထွင်တော့ သူ့ရဲ့ မော်ဂျူးကိုယူပြီး "Columbia" လို့ ဂုဏ်ပြခေါ်ဆိုခဲ့ကြရတယ်။

၃။ John Elfreth Watkins၊ ၁၉၀၀၊ (တီဗွီ၊ ဒစ်ဂျစ်တယ် ဓာတ်ပုံ၊ ကျည်ဆန် ရထား၊ အဆင်သင့်ပါဆယ်ထုပ် အစားအစာ)
သူ့ရဲ "What may happen in the Next Hundred years" ဆိုတဲ့ ဆောင်းပါးထဲမှာ အထက်ပါပစ္စည်းတွေ ပေါ်ပေါက်လာစရာရှိတယ် လို့ ရေးသားခဲ့ပါတယ်။တီဗွီနဲ့ ပတ်သက်လို့
"ကမ္ဘာ့တစ်ဖက်ခြမ်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ကင်မရာကနေတဆင့် လျပ်စစ်ဝါယာဆက်ထားတဲ့ ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလို့ ရမယ်" လို့ဆိုခဲ့ပါတယ်။
ဒစ်ဂျစ်တယ် ဓာတ်ပုံနဲ့ ပတ်သက်လို့တော့ "ဖိုတိုဂရပ်ဖ်ဟာ တယ်လီဂ ရပ် ဖ်ဖြစ်လာမယ်။ စနပ်ရှော့တွေနဲ့ နှစ်ရာပေါင်းများစွာက တရုတ်ပြည်မှာဖြစ် ခဲ့တဲ့ စစ်ပွဲတွေအကြောင်းဓာတ်ပုံတွေ၊ လတ်တလော အရေးအခင်း ဓာတ်ပုံေ တွအားလုံးကို ကမ္ဘာအရပ်ရပ်က သတင်းစာစတာတွေပေါ်မှာ ဖော်ပြနိုင်လိမ့် မယ်" တဲ့။
ကျည်ဆန်ရထားနဲ့ ပတ်သက်လို့တော့ " ရထားတွေဟာ တင်မိနစ်ကို နှစ်မိုင် ခရီးပေါက်မယ်၊ ကျည်ဆန်ရထားကတော့ တစ်နာရီကို မိင် ၁၅၀ အထိ မြန် ဆန်လိမ့်မယ်" တဲ့။
အဆင်သင့်ပါဆယ်ထုပ် အစားအစာနဲ့ ပတ်သက်လို့လည်း
"အခု ကျနော်တို့ ချက်ပြုတ်စားနေကြတဲ့ အစားအစာတွေလိုပဲ အနာဂတ်မှ ချက်စရာမလိုဘဲ အသင့် ထုပ်ပိုးထားတဲ့ အစားအစာတွေ ထုပ်လုပ်လာကြ လိမ့်မယ်" တဲ့။
အခု မထူးဆန်းတော့ပေမဲ့ သူတို့ပြောစဉ်တုံးကတော့ ဒါတွေက "strange and almost impossible" ထူးဆန်းပြီး မဖြစ်နိုင်ဘူးလို့ ထင်စရာတွေချည်း ပါပဲ။

(ဆက်ရန်)
Ref: R.D, May,2013.

ညီမလေးကို ပြောမိတဲ့ ပန်း နဲ့ လူ ပုံပြင်

တစ်ခါက သူငယ်ချင်း စကားပုံလေး နှစ်ခု ရှိခဲ့တယ်။
သူတို့ကတော့ "ပန်းသတင်း လေညှင်းဆောင်" နဲ့ "လူ့သတင်း လူချင်းဆောင်" တို့ပဲ တဲ့ ညီမလေး ရေ။

တစ်နေ့မှာတော့ လူ့သတင်း လူချင်းဆောင် ကလေးဟာ တော်တော် စိတ်မကောင်း ဖြစ်နေရှာ သတဲ့။
ဒါနဲ့ ပန်းသတင်း လေညှင်းဆောင် က ဘာဖြစ်နေလို့လဲ လို့ မေးတာပေါ့ ကွယ်။
ဒီတော့ လူ့သတင်း လူချင်းဆောင်က


"မင်း သတင်းတွေကိုကျတော့ လေညှင်းကဆောင် ပြီး လူ့သတင်းကိုကျတော့ လူတွေက ဆောင်တာလေကွာ"
"အေးလေ ဒီတော့ ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး။ လူ့သတင်းကိုလည်း လေညှင်းကဆောင်ရင် ကောင်းမှာပဲ လို့ စဉ်းစားမိလို့ပါ"
"မင်း ကလည်းကွာ ကြံကြံ ဖန်ဖန်"

"ကြံကြံ ဖန်ဖန် မဟုတ်ပါဘူးကွာ။ လေညှင်းဆိုတာက သက်မဲ့ ဆိုတော့ ချစ်ခြင်း မုန်းခြင်း မရှိဘူး။ ဒီတော့ ရနံ့ အမှန်ကို ဆောင်သွားတယ် ကွ။ လူ ဆိုတဲ့ သတ္တဝါ ကတော့ ချစ်ခြင်း မုန်းခြင်း ခံစားချက်တွေကြောင့် သူတို့ ဆောင်သွားတဲ့ သတင်းတွေက မှန်လိုက်၊ မမှန်လိုက်၊ ပိုလိုက်၊ လိုလိုက် တွေပါကွာ။ ဒီတော့ လူဆောင်သွားတဲ့ သတင်းက သတင်းထက် ဆောင်သွားတဲ့ လူ့ငနဲ နဲ့ ပိုဆိုင်တယ်ဆိုတာ တွေးမိလို့ စိတ်မကောင်း ဖြစ်နေမိတာပါ"

"အေး မင်းပြောတာလည်း ဟုတ်တုတ်တုတ် ပဲ" ပန်းသတင်း လေညှင်းဆောင်ကလေးက ခေါင်းညိတ် သတဲ့။

ဒါပါပဲ ညီမလေးရယ်။ မော်ရယ်က ဘာညာ ဆိုပြီး ဆရာကြီးဂိုက် ဖမ်းမနေတော့ပါဘူး။
ဒီလိုနဲ့ လူဆောင်တဲ့ သတင်းတွေကတော့ မှန်လိုက်၊ မမှန်လိုက်၊ ပိုလိုက်၊ လိုလိုက်။

Posted on August 13, 2012

ဇင်ဝေသော်

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၃)


မေး ။ ။ မစ္စတာလီကိုယ်တိုင်က ဗုဒ္ဓဘာသာစိတ် အခြေခံရှိနေတော့ တရားထိုင်တဲ့နေရာမှာ ပိုပြီး လွယ်ကူသွားတာ မဖြစ်နိုင်ဘူးလား။ တစ်ခါက မစ္စတာလီ ပြောဖူးသလားလို့။ မစ္စတာလီက ဗုဒ္ဓဘာသာဆိုတာလေ။

ဖြေ ။ ။ ဟုတ်တယ်။ ငါ ဗုဒ္ဓဘာသာ အမည်ခံတယ်။ ဗုဒ္ဓဘာသာ ဘုန်း ကြီးကျောင်းတွေထဲက ရဟန်း၊ သီလရှင်တွေကို တွေ့ဖူးတယ်။ တင်ပလ္လင်ခွေ ထိုင်ပြီး တရားရှု့မှတ်နေကြတာမျိုးတွေ၊ သူတို့ မျက်စိတွေ ဖွင့်ထားတာတောင် သူတို့အမြင်အာရုံမှာ ဘာမှ မတွေ့ကြရဘူး။ တော်တော် ငြိမ်းချမ်းတာ။ ငါက အဲ့ဒီအဆင့်ထိ ဘယ်ရောက်မလဲ။ ငါက မျက်စိမှိတ်ပြီးမှ တရားမှတ်လို့ ရတာ။ ရဟန်းတွေလောက် အကျိုးများများ မရပေမဲ့ ငါ့အတွက်လည်း အကျိုး တော်တော်များများရပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone နဲ့အတူ သွားပြီး တရား ထိုင်နေတဲ့ ရဟန်းတွေကို တစ်နာရီလောက် လေ့လာဖူးတယ်။ စင်္ကာပူ မှာ တွေ့တုန်းကလည်း သူက ပုံမှန် တရားထိုင်တဲ့အကြောင်း ငါ့ကို ပြောဖူး တယ်။ သူက “လောကကြီးနဲ့ အဆက်ဖြတ်ပြီး တရားမှတ်ရင်း အေးအေး ချမ်းချမ်း နေလို့ရတယ်” တဲ့။
ငါက သူတို့လို တင်ပလ္လင်ခွေပြီး မထိုင်နိုင်ဘူးကွ။ အဲ့သလိုထိုင်ပြီးရင် တင်ပါး ဆုံတွေ နာကျင်ပြီး နေရစ်တော့တာ။

မေး ။ ။ တရားထိုင်တာအပြင် စိတ်အပန်းဖြေဖို့ ဘာတွေ လုပ်သေးသလဲ။ အထူးသဖြင့် စောစောပိုင်း နှစ်တွေမှာပေါ့။
ဖြေ ။ ။ ငါ့ကလေးတွေနဲ့ ချက်(စ်) ကစားတယ်။

မေး ။ ။ ကောင်းတာပေါ့။ သူတို့ကို အရှုံးပေးသလား။
ဖြေ ။ ။ အရှုံးမပေးဘူး။ အကောင်တော့ “ချ” ပေးတယ်။ သူတို့ အရွယ်ရောက်လာတော့ အကောင် “ချ” ပေးစရာ မလိုတော့ဘူး။ ဒါနဲ့ အိုကေ၊ ချက်(စ်) ကစားတာ ရပ်ကြစို့လို့ ငါပြောလိုက်တယ် (ရီလျက်)။

မေး ။ ။ ကလေးတွေ ကြီးပြင်းလာချိန်မှာ သူတို့နဲ့ အချိန်ယူနိုင်ခဲ့ရဲ့လား။
ဖြေ ။ ။ တစ်နှစ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လောက် သူတို့နဲ့ ရက် ရှည် အတူနေနိုင်ဖို့ ကြိုးစားပါတယ်။ Comeron Highlands ဒါမှမဟုတ် Frasher’s Hill တို့လို နေရာတွေသွားပြီး အတူ ဂေါက်တွေဘာတွေ ရိုက် ကြပေါ့။ ဂေါက်ကွင်းထဲမှာ ငါတို့ ဇနီးမောင်နှံရယ်၊ ကလေးတွေရယ် လမ်းလျှောက်ကြပေါ့။ အဲ့သလို အခါတွေမှာ
“မင်းတို့ ငါ့လို နိုင်ငံရေး လုပ် ကြမလား” လို့မေးတော့ ငါ့သားကြီးက လုပ်မယ် လို့ ဖြေတတ်တယ်။
ဒါ့ကြောင့် မဲဆန္ဒနယ်တွေ ငါဆင်းတဲ့အခါ သူက ငါ့နောက်မှာ အမြဲလိုလို လိုက်လိုက်လာတတ်တယ်။ ၁၉၆၄ - ခု ဂျူလိုင်လမှာ ဖြစ်တဲ့ အရေးအခင်း ဆိုရင် သူကောင်းကောင်း မှတ်မိနိုင်လောက်တဲ့ အရွယ်ကို ရောက်နေပြီ။

မေး ။ ။ လက်ရှိဝန်ကြီးချုပ်က နိုင်ငံရေးထဲ ဝင်မယ်။ သားအငယ် ကေ တာ့ နိုင်ငံရေးလောကထဲ ဝင်မယ် မဟုတ်ဘူးလို့ ဘာ့ကြောင့် ထင်ခဲ့ ရတာလဲ။
ဖြေ ။ ။ သားအငယ်က ၅၇ - ခုနှစ်မှာ မွေးတာ။ သားကြီးထက် ခြောက်နှစ် ငယ်တယ်။

မေး ။ ။ သူ့ကိုပါ ခေါ်သွားရင် သူလည်း အတွေ့အကြုံတချို့တော့ ရနိုင် တာပေါ့။ အကြီးလောက် မမှတ်မိဘူးဆိုရင်တောင် …
ဖြေ ။ ။ သူက ငါနဲ့ အတူမလိုက်နိုင်ဘူး။ သိပ်ငယ်လွန်းသေးတယ်။

မေး ။ ။ ၁၉၇၀ - ခုတွေမှာဆို အရွယ်ရောက်နေပါပြီ။
ဖြေ ။ ။ အဲ့ဒီအချိန်မှာ သူက အေလယ်ဘယ် စာမေးပွဲအတွက် ပြင် ဆင်နေရပြီ။

မေး ။ ။ မစ္စတာလီ ဆိုလိုတာက သားအငယ် နိုင်ငံရေးထဲ ရောက်မလာ တာက သူ့ခံယူချက်ကြောင့် မဟုတ်ဘဲ အမြင်အတွေ့ မရှိခဲ့လိုသာ စိတ်မဝင်စားတာလို့ ဆိုလိုတာလား။
ဖြေ ။ ။ ၆၄ - ခု အရေးအခင်း ဖြစ်တော့ သားကြီးက လမ်းမှာ ပိတ်မိနေခဲ့တယ်။ အဲ့ဒီအချိန်မှာ သားငယ်နဲ့ သမီးက နန်ယန်းမူလတန်းကျောင်းမှာပဲ ရှိသေးတယ်။ သူတို့ကို သွားကြိုရတာ လွယ်တယ်။ ရှင်လွန်းက ကက်သိုလစ် အထက်တန်းကျောင်းမှာ။ အဲ့ဒီအချိန်မှာ ယာယီဝန်ကြီးချုပ် တိုချင်ချိုင်က ချက်ချင်းကြီး ကာဖျူးအမိန့် ထုတ်လိုက်တော့ ကျောင်းသားတွေ အား လုံးကျောင်းထဲကနေ ထွက်ပြေးလာကြပြီး ကားလမ်းတွေလည်း ပိတ်ကုန်ရော။ အဲ့ဒီအဖြစ်အပျက်က သူ့စိတ်ထဲ နက်နက်နဲနဲကြီး ဝင်သွားတာ။ အားလုံး ကမောက်ကမ ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကိုး။

မေး ။ ။ ဝန်ကြီးချုပ် နိုင်ငံရေးထဲ ဝင်လာလိမ့်လို့ ဘယ်အချိန်မှာ အကဲခက် လို့ ရခဲ့တာလဲ။
ဖြေ ။ ။ ပထမဆုံးအကြိမ်ကတော့ ကိန်းဘရေ့ဂ်ျက Trinity ကောလိပ်က သူ့ကို သင်္ချာပညာရှင် အဖွဲ့ထဲဝင်ပြီး သူတို့ဆီမှာပဲ သင်္ချာဆက်သင်ပေးဖို့ ကမ်းလှမ်းတုန်းက။ သူ့ကို ကမ်းလှမ်းတဲ့ဆရာကြီးဆီကို သူက စာပြန်ရေးတယ်။
“ကျွန်တော် စင်္ကာပူပြန်ရမယ်။ စစ်မှုလည်း ထမ်းရမယ်။ ကျနော့်အဖေက ဝန်ကြီးချုပ်။ စင်္ကာပူမပြန်ဘဲ ဒီမှာပဲ နေမယ်ဆိုရင် စင်္ကာပူအတွက်ရော၊ ကျွန်တော့အတွက်ပါ မကောင်းလှဘူး” တဲ့။

ဆက်ရန် -


 ဇင်ဝေသော်

တနင်္ဂနွေ အပျင်းပြေ


ကွန်ဖျူးရှပ် ဖွင့်မပြောခဲ့ပေမဲ့ သူ့မှတ်စုထဲမှာ
"တူ တစ်ချောင်းပဲရှိသူ ခေါက်ဆွဲဝအောင် မစားရ" လို့ ရေးခဲ့တယ်။
ဒါကြောင့် အမျိုးသား အမျိုးသမီးတွေ မတူညီကြပေမဲ့ အိမ်ထောင်ပြုကြတယ်။

ယောင်္ကျားက လိုအပ်တဲ့ပစ္စည်းဆိုရင် တစ်ကျပ်တန်ကို နှစ်ကျပ်ပေးဝယ်တယ်။
မိန်းမက နှစ်ကျပ်တန်ပစ္စည်း တစ်ကျပ်နဲ့ရရင် မလိုအပ်းလည်း ဝယ်တယ်။

လက်ထပ်ပြီးရင် ပြောင်းလဲလာမယ်လို့ မျှော်လင့်ပြီး အမျိုးသမီက အမျိုးသားကို လက်ထပ်တယ်။
ဒါပေမဲ့ သူက မပြောင်းလဲဘူး။
လက်ထပ်ပြီးရင်လည်း ပြောင်းလဲမယ် မဟုတ်ဘူးထင်ပြီး အမျိုးသားက အမျိုးသမီကို လက်ထပ်တယ်။
ဒါပေမဲ့ သူမက ပြောင်းလဲသွားတယ်။

( ဒီနေ့အတွက် မှတ်သားဖွယ်ရာ)
အိမ်ထောင်ရှင် အမျိုးသားဟာ သူ့အမှားကို သတိမရသင့်။
တစ်အိမ်ထဲမှာ တစ်ခုခုကို နှစ်ယောက်စလုံး မှတ်မိနေခြင်းက အပို အလုပ်သာဖြစ်တယ်။
(မှတ်စုထဲမှ)

ဇင်ဝေသော်

 

ဒီလို မွတ်စလင် ရှိတယ်


(၁)
မွတ်စလင် ဒေါက်တာ Izzeldin Abuelaish က "I Shall Not Hate" ငါ ဘယ်တော့မှ မမုန်းဆိုတဲ့ စာအုပ်ကိုရေးတယ်။ သူဟာ အောက်စဖို့နဲ့ ဟား ဘတ် ဘွဲ့ရ ဒေါက်တာတစ်ယောက်ပါ။
သူတို့ မိသားစုတွေဟာ ဘိုးစဉ်ဘောင်ဆက်ကတည်းက ပါလက်စတိုင်းမှာ လယ်ယာလုပ်ကိုင်စားရတဲ့ ဆင်းရဲသားမိသားစုတွေပါ။
သူတို့မိသားစု ပိုင်ဆိုင်တဲ့ မြေယာတွေအားလုံးကို Ariel Sharon ဆိုသူက သိမ်းပိုက်ပြီး သူတို့ကို ဒုက္ခသည်စခန်း ပို့လိုက်တယ်။
မိဘတွေကလည်း အတိုင်အခံလုပ်မနေကြပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရတယ် (someone had to break the cycle of hate) လို့ ခံယူထားကြတယ်။
အကောင်းဖက်ကပဲ ကြည့်၊ အလုပ်ကြိုးစားပြီး ကလေးတွေ ကျောင်း ထားပေးနိုင်ဖို့ပဲ မိဘတွေက ဆုံးဖြတ်ကြတယ်။

(၂)

ကလေးတွေထဲမှာ Izzeldin ဟာ ဉာဏ်လည်းကောင်း ကြိုးလည်းကြိုး စားတော့ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တယ်။ သိပ်တော်လွန်းတော့ အစ္စရေးက ဆေးရုံမှာတောင် အလုပ်ရခဲ့တယ်။
ဒါပေမဲ့ ဂါဇာကနေ အစ္စရေးနယ်စပ်ဖြတ်တိုင်း နယ်ခြားစောင့် အစ္စရေး စစ် သားတွေရဲ့ မေးမြန်းစစ်ဆေးခြင်း၊ ပျက်ရယ်ပြောင်လှောင်ခြင်းတွေ အမြဲ ခံရတယ်။
ဒါတွေကိုသူ စိတ်ဝင်မစားပါဘူး။ သူ စိတ်ဝင်စားတာက သူ့ဝင်ငွေနဲ့ သူ့ကလေးတွေအတွက် အစားကောင်း၊ အဝတ်ကောင်းလေးတွေ အစ္စရေး ကနေဝယ်ပြီး အိမ်ပြန်ဖို့ပါပဲ။

အစ္စရေးစစ်သားတွေကို မမုန်းဘူးလားလို့မေးတော့
"မမုန်းပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရတယ် (someone had to break the cycle of hate)" လို့ ဖြေတယ်။

(၃)
တစ်နေ့မှာတော့ သူတို့အိမ်ပေါ် ဒုံးကျည်တစ်စင်းကျလာတယ်။ အဲဒါ သူ့ သမီးလေး အခန်းပေါ် တည့်တည့်ပဲ။ အိမ်ထဲပြေးဝင်ကြည့်တော့..ကလေး လေးယောက်ရဲ့ ခန္ဓာကိုယ် အပိုင်း ပိုင်းတွေပဲ တွေ့ရတော့တယ်။
ကလေးတစ်ယောက်ကတော့ အသက်ရှင်နေဆဲ ဒါပေမဲ့ မျက်လုံး နှစ်ဖက် စလုံးက ကလေးရဲ့ ပါးပေါ်မှာ။
လူနာတင်ကားကိုခေါ်တော့ ဝင်ခွင့်မရလို့ မလာရဘူး တဲ့။ ဒါနဲ့ ကလေးကို ချီပြီး ဆေးရုံကို သွားခဲ့ရတယ်။
ဒုံးကျည်ပစ်လိုက်တဲ့ အစ္စရေးစစ်သားတွေကို မမုန်းဘူးလားလို့မေးတော့ "မမုန်းပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရ တယ် (someone had to break the cycle of hate)" လို့ပဲ ဖြေပြန်တယ်။

I Shall Not Hate: A Gaza Doctor's Journey on the Road to Peace and Human Dignity [Paperback]
Izzeldin Abuelaish (Author)
အမေဇုန်က ဖြန့်ချီပါတယ်။


 ဇင်ဝေသော်

ပြေးခုန်ပစ် နိုင်ငံတော်


နိုင်ငံတစ်ခုရဲ့ ဖြတသန်းမှုမှာ အဆင့်လေးဆင့် ရှိတယ်လို့ မှတ်သားရဖူးပါ တယ်။ ဒါတွေကတော့..
၁။ Athletic stage ( ပြေးခုန်ပစ် အဆင့်)
၂။ warrior stage (တိုက်ခိုက်ရေး အဆင့် )
၃။ big brother stage (အကိုကြီး အဆင့်) နဲ့
၎။ intellectual stage (ပညာရှင်အဆင့်) တို့ ဖြစ်ပါတယ်။

ကမ္ဘာ့စစ်ပြီးစ လွတ်လပ်ရေးရပြီးတဲ့နောက် ကမ္ဘာ့ဇာတ်ခုံပေါ်ကို အပြိုင်း အရိုင်းတက်လာတဲ့ နိုင်ငံလေးတွေကို ပြေးခုန်ပစ် အဆင့်လို့ ဆိုလိုပါတယ်။ သူတို့ထက် ပို ရှေ့ရောက်နေပြီး စီးပွားရေး၊ နိုင်ငံရေးပါဝါ အထိုက် အလျောက် ရှိတဲ့ နိုင်ငံတွေ၊ ဒါတွေကို သူများတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်း ဂုဏ် ယူနိုင်၊ ဝါကြွားနိုင်၊ မောက်မာနိုင်တဲ့ နိုင်ငံတွေကိုတော့ တိုက်ခိုက်ရေး အ ဆင့် လို့ဆိုပါတယ်။

အကိုကြီး အဆင့်နိုင်ငံတွေကတော့ စူပါ ပါဝါကို ရရှိပြီးဖြစ်ပြီး သူတို့ ကျင့်သုံး တဲ့ ပေါ်လစီဟာ ဘယ်လောက်ကောင်းတယ် စတဲ့ အိုင်ဒီယော်လော်ဂျီတွေနဲ့ သူများနိုင်ငံအပေါ် ဩဇာသက်ရောက်ဖို့ ကြိုးစားတဲ့ နိုင်ငံကြီးတွေကို ဆိုလိုပါ တယ်။ ဒီအဆင့်ကိုကျော်တော့မှ ပညာရှင်အဆင့်ကို ရောက်သွားတယ်။ ဒါပေမဲ့ပညာရှင်အဆင့်ကိုရောက်သွားတဲ့နိုင်ငံတွေဟာ ဘယ်နိုင်တွေလည်း ဆို ရင်တော့ တိတိကျကျ လက်ညှိုးထိုးပြဖို့ ခက်ခဲဆဲလို့ ဆိုပါတယ်။

ဒီ အဆင့်လေးဆင့်နဲ့ကြည့်ရင် ကျနော်တို့ဟာ လွတ်လပ်ရေး ရခဲ့တာစောပေ မဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ ပြေးခုန်ပစ် အဆင့်မှာပဲရှိသေးတယ် ဆိုတာ သေချာပါတယ်။
ပြေးခုန်ပစ် အဆင့်ဆိုတာ
၁။ အတွေ့အကြုံနုနယ်ပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ခြင်း။
၂။ ပြိုင်ဆိုင်မှုနယ်ပယ် ကျဉ်းမြောင်းပြီး ခက်ခဲတဲ့ ပြိုင်ဆိုမှုကို ကိုယ်တွေ့ မကြုံတွေ့ရသေးခြင်းလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။


ဒီအဆိုဟာ အစိုးရနဲ့သာ သက်ဆိုင်တာမျိုးမဟုတ်ဘဲ ပြည်သူတရပ်လုံးနဲ့ပါ သက်ဆိုင်ပါတယ်။ အစိုးရမှာ အတွေ့အကြုံ မရှိလှသေးသလို ပြည်သူ က လည်း သိပ် မရင့်ကျက်သေးဘူးလို့ ဆိုလိုပါတယ်။ မရင့်ကျက်ခြင်းကို ဘာနဲ့ ကြည့်ရမလဲ ဆိုရင် အလွယ်ဆုံး၊ အရှင်းဆုံးနည်းကတော့ အကောင်းပြောမှ ကြိုက်ပြီး အပြုသဘောဝေဖန်မှု၊ သဘောထား ကွဲလွဲမှုတွေကို လက်မခံနိုင်ခြင်းပါပဲ ( ဦးသိန်းစိန်လက်ထက်မှာ လုံးဝတိုးတက်လာတယ်၊ ဦးအောင်မင်းဆိုရင် သူတို့မစွံသေးကြောင်းဝန်ခံတာ နည်းနည်းတောင် များနေသလိုလို)။ ခပ်ရိုင်းရိုင်းပြောရင် အမြှောက်ကြိုက်ဘဝက မလွတ်သေး ဘူးဆိုတာမျိုးပါ။ ဒါပေမဲ့ ယှဉ်ပြိုင်လိုစိတ်တော့ အားကောင်းလှပါတယ်။

ဒီနေ့ နိုင်ငံတော်ကို ပြန်ကြည့်ရင် သမ္မတကအစ ပြည်သူအဆုံး ယှဉ်ပြိုင်လို စိတ်တွေ သိပ်အားကောင်းတယ်ဆိုတာ တွေ့ရတယ်။ သမ္မတကြီးကဆိုရင် ( အမှတ်မှားရင် ခွင့်လွှတ်ပါ) မကြာမီ စင်္ကာပူပုံစံမျိုး ရောက်စေရမယ် ဆိုတာမျိုး၊ ပြည်သူတွေဖက်ကလည်း မကြာမီ ရင်ဘောင်တန်းနိုင်မယ်၊ မြန်မာတွေ မခေဘူး၊ စလုံးတွေ တို့လောက် အင်္ဂလိပ်မတတ်ဘူး ဆိုတာမျိုးတွေ ရှိနေတတ်ပါတယ်။

ဒီမှာ စင်္ကာပူကို မမီနိုင်ဘူး၊ မြန်မာတွေ ခေပါတယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း ပြောခဲ့ချင်ပါတယ်။ ဒါပေမဲ့ ဖြစ်တတ်တဲ့ သဘာဝက ကိုယ့်ရှိတာသိပြီး သူ့မှာရှိတာ မသိရင် ဒီ အဖြေမှန်ဖို့က ခက်ပါတယ်။ စင်္ကာပူမရောက်ခင်က မြန်မာပြည်ဟာ ဘယ်လောက်စိမ်းစို လှပကြောင်း၊ မင်္ဂလာဒုံ လေယာဉ်ကွင်းကနေ မြို့တွင်းအဝင်မှာ လမ်းဘေး ဝဲယာက သစ် ပင်တွေ ဘယ်လောက်လှပကြောင်း စာသင်ခန်းထဲမှာ ဆရာက ခဏ ခဏပြောနေတော့ (အဲဒီဆရာက ဗြိတိန်က ဒေါက်တာဘွဲ့ကြီးနဲ့ပါ) ဘုမသိ ဘမသိ ဂုဏ်ယူခဲ့ရဖူးတယ်။ ဒီခံစားမှု ပျောက်သွားတာက ချန်ဂီလေဆိပ် ကနေ စင်္ကာပူမြို့ထဲအဝင် လမ်းဘေး ဝဲယာကသစ်ပင်တွေကို မြင်လိုက် မိတော့မှပါ။ ကိုယ့်နိုင်ငံရဲ့ ပထဝီ အနေအထားကြောင့် ကိုယ့်နိုင်ငံကို အထင်မသေးမိပါဘူး။ အောက်ခြေလွတ်နေတာတော့ ပြန်ထိသွားပါတော့တယ်။

ပြေးခုန်ပစ် ပြိုင်ပွဲက ဘောင်ကျဉ်းတယ်၊ သေရေး ရှင်ရေး မဟုတ်သေးဘူး။
ကျနော်တို့ ဘောင်ကျဉ်းနေသေးတယ်။ ဘာကိုကြည့်ပြီး ပြောလို့ရမလဲ။ အလွယ်ဆုံးကတော့ လူးဦးရေ သန်းခြောက်ဆယ်မှာ သတင်းစာ ဘယ်လောက်ဖြန့်ချီရသလဲဆိုတာသာကြည့်ပါ။ ဟ..သတင်းစာက ယုံကြည်စရာမှ မရှိတာ။ ပြောစရာ ရှိပါတယ်။ နာမည်ရ စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေ လည်း သိန်းချီပြီး မဖြန့်ရသေးဘူး ( ရှိများရှိမလား၊ ရှိလည်း လက်ချိုးလို့ရမယ်)။

အခြား မီဒီယာကရော???
မွဲပြာကျသွားတဲ့ ပညာရေး စနစ်ကြောင့် အင်္ဂလိပ်လို ကြည့်နိုင်၊ နားထောင်နိုင်သူ အရေအတွက်က သိပ်မရှိပြန်ဘူး။ ပြည်တွင်းရေးက ကျပ်တည်းလွန်းတော့ ကမ္ဘာ့သတင်းကိုလည်း လူတွေ အာရုံသိပ်မစိုက်နိုင်သလို သတင်းစာနဲ့ ဂျာနယ်တွေမှာ ကမ္ဘာ့သတင်းဖော်ပြထားပုံကလည်း အပျင်းပြေ သဘောလောက်ပဲ ပါတော့တယ်။ အများစုဟာ ဗဟုသုတ အရ ကျဉ်းနေတယ်။ ( မြန့်မာ့ လူဦးရေ အားလုံးကိုခြုံပြောတာပါ)

စီးပွားရေး အနေနဲ့ကြည့်တော့လည်း မြန်မာ့သူဌေးဆိုသူတွေက အာရှဈေး ကွက်၊ ကမ္ဘာ့ဈေးကွက်ထဲဝင်လို့ ချမ်းသာတာမျိုးမဟုတ်ဘဲ အကျင့်ပျက် ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်ပြီး အိမ်သားချင်း ညစ်ပြီးဖဲရိုက်လို့ နိုင်တာ မျိုးလောက်ပဲရှိတယ်။ ဘယ်လောက်နိုင်နိုင် ဒီ အိမ်ထဲကပိုက်ဆံပဲ၊ အပြင်က မပါဘူး။ အခု နိုင်ငံရေး၊ စီးပွားရေးတံခါးဖွင့်လိုက်တာဟာ warrior stage (တိုက်ခိုက်ရေး အဆင့် ) ကို တက်ဖို့ ခြေလှမ်းပြင်တာလို့ ယူဆလို့ရပါတယ်။ ပိုပြီး ပြင်းထန်တဲ့ သူသေကိုယ်သေ အားပြိုင်မှုတွေ ရင်ဆိုင်ရတော့မယ်။

စင်္ကာပူကိုမီဖို့ တော့ ကျနော်တို့ တော်တော်ကြိုးစားရးဦးမှာပါ။ သူတို့က warrior stage မှာ အခြေခိုင်ပြီး အကောင် သေးသေးလေးက ဘစ် ဘရားသားဆင့် (big brother) ကို မရဲတရဲ မျက်စောင်းထိုးနေကြတယ်။
(အကြောင်းသင့်မှ ဆက်ပါဦးမယ်)


 ဇင်ဝေသော်

လူကြိုက်များတဲ့ မော်ဒယ်


ဂျင်နရယ်ဖော့ဒ် မော်တော်ကားတည်ထွင်ရှင် ဟင်နရီဖော့ဒ် သေ ဆုံးေ တာ့ ကောင်းကင်ဘုံကို တန်းရောက်သွားတယ်။ ရောက်တယ်ဆိုရင်ပဲ ဂိတ်စောင့်က
" မစ္စတာဖော့ဒ်၊ ခင်းဗျားကတော့ T မော်ဒယ်ကားတည်ထွင်ပြီး လူသားေ လာကကြီးကို ပြောင်းလဲပေးနိုင်ခဲ့သူ တစ်ယောက်ပဲ။ ခင်းဗျားကို အထူးအခွင့် အရေး ပေးတဲ့အနေနဲ့ ခင်ဗျားရွေးချယ်တဲ့ စိတ်ကြိုက် လူတစ်ယောက် နဲ့ တွေ့ဆုံစကားပြောခွင့် ပြုပါမယ်။ ဘယ်သူနဲ့ တွေ့ချင်ပါသလဲ" ဆိုတော့ မစ္စတာဖော့ဒ်
" ဂေါ့ဒ် နဲ့ပဲ တွေ့ချင်တယ်" လို့ တောင်းဆိုတယ်။

တံခါးမှူးကလည်း သူ့ကတိအတိုင်း မစ္စတာဖော့ဒ်ကို ထာဝရဘုရားရှင်နဲ့ မိတ်ဆက်ပေးလိုက်တယ်။
တွေ့တွေ့ချင်းပဲ မစ္စတာဖော့ဒ်
" ဘယ်လိုစိတ်ကူးနဲများ အမျိုးသမီးတွေကို ဒီမော်ဒယ်အတိုင်း တည်ထွင် ခဲ့တာလဲ။ ဒီမော်ဒယ်မှာ အားနည်းချက်တွေ အများကြီး တွေ့ရတယ်" ကွန်ပလိန်းတက်တော့
"ဘယ်လို အားနည်းချက်တွေ တွေ့ရလို့လဲ မစ္စတာဖော့ဒ် ရဲ့" လို့ ထာဝရ ဘုရားရှင်က ပြန်မေးတယ်။

ပြောရမယ်ဆိုရင်....
၁။ ဒီမော်ဒယ်ရဲ့ ရှေ့ပိုင်းမှာ အကာအကွယ်၊ အခုအခံတွေ များလွန်းတယ်။
၂။ အမြန်နှုန်း နည်းနည်းတင်လိုက်တာနဲ့ အသံဗလံတွေ ပူညံပူညံနဲ့ ဆူလွန်းတယ်။
၃။ သူ့အတွက် မိန်းတိန့်နင့် စရိတ်ကလည်း ကြီးမှကြီးပဲ။
၎။ အမြဲတမ်း အရောင်တင်ရ ဆေးပြန်သုတ်ရနဲ့ ကယိကထကလည်း များမှများ။
၅။ အရည် စွန့်ပြစ် လဲလှယ်မှုကလည်း လစဉ်လိုလို ပုံမှန်ဖြစ်နေမှရတယ်။ ဒါမရှိရင် မဖြစ်ပြန်ဘူး။
၆။ ဒီမော်ဒယ်ရဲ့ နောက်ပိုင်းကလည်း မငြိမ်သက်ဘူး၊ လှုပ်တိလှုပ်ရွနဲ့။
၇။ ရေဟောင်းစွန်းတဲ ပိုက်ကလည်း အိတ်ဇောနဲ့ နီးကပ်လွန်းတယ်။
၈။ ရှေ့မီးကြီးနှစ်လုံးကျတော့ သေးလွန်းနေပြီး ရှေ့ကို ဝေးဝေးမမြင်ရပြန်ဘူး။
၉။ ဆီစားနှုန်းကလည်း စိတ်ပျက်လောက်အောင် များလွန်းတယ်....
ပြောရရင် အများကြီး ကျန်သေးတယ် လို့ မစ္စတာဖော့ဒ်က ပြောတော့

ထာဝရဘုရားရှင်..
"ခဏလေး" ဆိုပြီး ကောင်းကင်ဘုံက စူပါကွန်ပြူတာကို ကောက်ဖွင့်ပြီး ချက်ကြည့်တယ်။ တချိန်တည်းမှာပဲ ရီပေါ့တ်ကိုလည်း ပရင့်ထုတ်လိုက်တယ်။ ပြီးတော့မှ
" မစ္စတာဖော့ဒ်၊ လူကြီးမင်းပြောသလို ကျွန်ုပ်ရဲ့ အမျိုးသမီးတွေ အတွက် မော်ဒယ် ဖန်ဆင်းမှုမှာ အားနည်းချက်တွေ အများကြီး ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရတဲ့ ဒေတာအရ အမျိုးသားတွေကြားမှာတော့ ခင်ဗျားတည်ထွင်တဲ့ ကားတွေထက် အမျိုးသမီးတွေက ပိုပြီးလူကြိုက်များနေတယ်ဆိုတာ တွေ့ရတယ် ဗျ " တဲ့။
(the world Joke book ကဟာသကို နည်းနည်းပဲ ပြင်ထားတာပါ)


 ဇင်ဝေသော်

ဉာဏ်စမ်းမေးခွန်းများ


( အောက်ဖော်ပြပါ ၁၊ ၂၊ ၃၊၄ အဆိုပြုချက် လေးခုကို အဖြေလေးခု (က) (ခ) (ဂ) (ဃ) တို့နဲ့ တွဲစပ်ပြပါ။

၁။ လူတစ်ယောက်ကို တစ်နိုင်လုံးက ဘယ်လောက် ကြည့်မရဖြစ်နေတယ် ဆိုတာ ဒါကိုကြည့်ပြီးသိနိုင်ပါသည်။
၂။ သမ္မတနဲ့ဝန်ကြီးများ အမေရိကားက ပြန်ရောက်ပြီး မကြာခဏသုံးသည့် အင်္ဂလိပ်စကား။(ရယ်ရတယ်)
၃။ ခဲလ်မီကယ် အင်ဂျင်နီယာနှင့် မြို့ပြအင်ဂျင်နီယာတို့ ထူးခြားချက်။
၎။ လမ်းမှားဟူသည် လျောလျောလျူလျူ ရှိတတ်သည်။

(က) မှားခေါ်မိသော ဖုန်းနံပတ်တိုင်း လျောလျောလျူလျူ ဝင်သွားသည်။ ( ဆယ်သွယ်ရေး ဧရိယာ ဘာညာ မရှိ)
(ခ) တစ်ယောက်က လက်နက်တည်ထွင်ပြီး တစ်ယောက်က ပစ်မှတ်ကို တည်ထွင်သည်။
(ဂ) ကက်ပက်စီတီ။
(ဃ) ခွေးက အမြင်ကပ်ကပ်နဲ့ (မျက်စေ့စုံမှိတ်ပြီး) အနှီ ပုဂ္ဂိုလ်ကြီး ကို ဘောင်းဘီအစိမ်းရောင်ကြီး ပေါက်အောင် ကိုက်ခဲသည်။

အဖြေအားလုံးမှန်ရင် ထိုက်ထိုက်တန်တန် ကျေးဇူးစကား ပြောပါမည်။


 ဇင်ဝေသော်

Kids Program on Skynet MRTV Today


MNTV (SKY NET) မှ 14-05-2013 မြန်မာစံတော်ချိန် 1:20pm, 4:20 pm, 7:20pm တွင်
စင်္ကာပူနိုင်ငံ၊ မင်္ဂလ၀ိဟာရကျောင်းတွင် သင်ကြားနေသော “ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှု အကယ်ဒမီ” အကြောင်းကို ထုတ်လွှင့်မည်ဖြစ်ပါသည်။

More info
https://www.facebook.com/BMCAsg



 ကမ်းလက် 

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၂ )


လီကွမ်းယုရဲ့ The Hard Truths မှ PART 3 Private Musings.
Chap 11 "Husband, Father, Grandfather, Friend" အဆက်ကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။



မေး ။ ။ မစ္စတာလီရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပြောပြပေးပါလား။

ဖြေ ။ ။ အခုလောလောဆယ် နေ့စဉ်ဘဝလား။

မေး ။ ။ ဟုတ်တယ်။

ဖြေ ။ ။ အင်း … ငါ အလုပ်လုပ်တာ နောက်ကျတယ်။ ညပိုင်းတွေမှာ အ လုပ်လုပ်ရတာကို သဘောကျတယ်။ ၁၉၅၉ - ခုနှစ်တွေတုန်းကတော့ စီး တီးဟောက ရုံးကို မနက် (၈) နာရီ သွားတယ်။ တဖြည်းဖြည်းနဲ့ ရုံးသွားချိန် က (၉) နာရီ (၁၀) နာရီ ဖြစ်လာတယ်။ အခုဆို နေ့လည်ခင်းတွေမှပဲ သွားေ တာ့တယ်။ နေ့လည်မှာ တစ်နာရီခွဲလောက် အနှိပ်ခံတယ်။ ပြီးရင် နေ့လည်စာ စားတယ်။ ဆေးကြောပြီး အီးမေးလ်တွေ စစ်တယ်။ ပြီးတော့ အခု မင်းနဲ့ စကားပြောနေတယ်။ ပြီးရင် ဘာလုပ်ဖြစ်မယ် မသိသေးဘူး။ ငါ့လင်ပန်း ညစ် ပတ်နေရင် ဆေးမယ်။ အီးမေးလ်တွေ ပြန်ရဦးမယ်။ စက်ဘီးစီးမယ်။ ရေကူးမယ်။ အိမ်ပြန်၊ ညစာ စား။ နာ့စ်နဲ့ တရုတ်စကားပြော၊ ပြီးရင် လုပ်စရာရှိတာ မအိပ်ခင် လုပ်တယ်။ အချိန်တော့ အလကား ဘယ်တော့မှ မထားဘူး။

မေး ။ ။ အရွယ်နဲ့စာရင် တစ်နေ့တစ်နေ့ မစ္စတာလီ အလုပ်တွေက အများ ကြီးပဲလို့ တော်တော်များများ ပြောကြတယ်။ ဥပမာ တလောက မလေးရှား ကိုတောင် သွားလိုက်သေးတယ် မဟုတ်လား။

ဖြေ ။ ။ ဒါက ဗီဇနဲ့ ဆိုင်မယ် ထင်တယ်။ ငါ့ရဲ့ ခုနှစ်ဆယ်၊ ရှစ်ဆယ် ရာ ခိုင်နှုန်းဗီဇက အဲ့သလိုပဲ။ ငါ့အဖေက အသက် (၉၄) နှစ်အထိ နေသွားတယ်။ အမေကတော့ (၇၄) ပဲ။ အမေ့မှာ နှလုံးရောဂါလည်း ရှိတယ်။ သူတို့ခေတ်တုန်းက ခေတ်မီဆေးဝါးနဲ့ စက်ပစ္စည်းတွေ မရှိသေးဘူးပေါ့။ ငါ့မှာလည်း အသက် (၇၂) ရောက်တော့ နှလုံးပြဿနာ တက်တာပဲ။ ဒါပေမဲ့ ငါ့မှာတော့ ဆေးဝါးနဲ့ စက်ပစ္စည်းကောင်းတွေ ရှိတာပေါ့။ အခုဆိုရင် ငါ့ အသက်က အဖေနဲ့ အမေကြားမှာ။ ဘယ်လောက် ဆက်နေရဦးမလဲ မသိ ဘူး။ ငါကတော့ carry on ပဲ။

ငါ့သူငယ်ချင်းတွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေဆိုရင် လက်တွန်း လှည်းပေါ် ရောက်သူရောက်၊ သေသူကသေ ဖြစ်ကုန်ပြီ။ ငါ့ဘဝကို အဆိုးမြင် မနေသင့်ဘူး။ အင်္ဂလန်က ငါနဲ့ ခေတ်ပြိုင်တွေဆိုရင် တစ်ယောက်မှ မရှိ ကြတော့ဘူး။ အခု တရုတ်ပြည်မှာ သံအမတ် လုပ်သွားတဲ့ Percy Cradock ပဲ ရှိတော့တယ်။ သူက လူတော်ကွ။ သွေးတိုးရှိတယ်။ ခြေထောက်နှစ်ဖက် မရှိတော့ဘူး။ သူ့ဆီ ငါ ရောက်ခဲ့သေးတယ်။ စိတ်ကတော့ ဒေါင်ဒေါင်မြည်နေတုန်းပဲ။ တက္ကသိုလ်ကတည်းက အဆက် အသွယ် ရှိခဲ့ကြတာ။ နောက် သူက ကွာလာလမ်ပူမှာ သံအမတ်ဖြစ်၊ တရုတ် စာကောင်းတော့ နောက် ပီကင်းကို ပြောင်းရတယ်။ မာဂရက် သက်ချာက ဟောင်ကောင်ပြဿနာကို တိန့်ရှောင်ဖိန်နဲ့ ဆွေးနွေးတော့ သူ ပါတာပေါ့။ အဲ့ဒါ ၁၉၈၄ - ခုက။ တရုတ်ပြည်ရောက်ရင် သူ့ကို သွားသွား တွေ့ တယ်။ တွေ့တိုင်းလည်း ဘယ်သူက ဘာ၊ ဘယ်ဟာက ဘယ်လို ပြောတော့ တာပဲ။ သတင်းတော့ တော်တော် စုံတဲ့လူ။

သူ အင်္ဂလန်ကို ပြန်တဲ့အခါတိုင်း ငါတို့ဆီကို ဝင်လာပြီး တစ်ရက်စ၊ နှစ် ရက်စ နေတတ်တယ်။ ငါ အင်္ဂလန်ကို ရောက်ရင်လည်း သူနဲ့ တွေ့ပြီး ည စာတွေ အတူစား၊ စကားတွေ ပြောကြတယ်။ သူ့မှာ အကူအညီဆိုလို့ သူ့ဇနီး ပဲ ရှိတယ်။ ဒီတော့ ငါ့ကိုယ်ငါ ကံကောင်းတယ်လို့ ယူဆတာပဲ။ သူဆိုရင် ငါနဲ့ အရွယ်တူ၊ ငါ သိသမျှတွေထဲမှာတော့ သူပဲ အသက်ရှင် ကျန်တော့တယ်။ (Sir Percy Cradock ဟာ ၂၀၁၀ - ခု၊ ဇန်နဝါရီလထဲက ဆုံးပါးသွားရှာပါပြီ။)

မေး ။ ။ မျိုးရိုးဗီဇအပြင် အခြားအချက်တွေရော မပါနိုင်ဘူးလား။ ဥပမာ အစားအသောက်လို ဟာမျိုးတွေပေါ့။

ဖြေ ။ ။ ငါက လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။ ဂေါက်ရိုက်ဖူးတယ်။ ဒါပေမဲ့ ဂေါက်ရိုက်တာက အတော် ပျင်းစရာကောင်းတဲ့ အားကစား တစ် မျိုးပဲကွ။ ငါ့သမီးက အမေရိကန်လေတပ်က ဒေါက်တာ Kenneth Copper ရေးတဲ့ လူကြီးပိုင်းတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Aerobics ဆိုတဲ့ စာအုပ်ကို ပေးတယ်။ အေရိုးဗစ်ကို ဘယ်လို ကစားရမယ်၊ ဘယ်ေ လာက်ကြာအောင် ကစားရမယ်စတာတွေကို ရေးထားတာ။ တစ်နေ့မှာတော့ ငါက အသက်ပြင်းပြင်းရှုပြီး လေ့ကျင့်နေတာကို သမီး က တွေ့သွားပြီး ဘာ လုပ်နေတာလဲလို့ မေးတယ်။ အဆုတ်ထဲ အောက်စီဂျင် ပိုရောက်အောင်ေ လ့ကျင့်နေတာလို့ ငါက ပြောတော့ သူက အဲ့သလို မလုပ်ရဘူး၊ လမ်းမြန်မြန်လျှောက်၊ ဒါမှမဟုတ် ပြေးရတယ်တဲ့။ သူလည်း ဒီအတိုင်းပဲ လုပ်နေတာဆိုလို့ သူ့ဆီက စာအုပ်ကို ယူဖတ်ပြီး ငါ လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။ ဂေါက်ရိုက်နေရင်း လမ်းလျှောက်ရတဲ့ အခါတွေမှာ မြန်မြန်ေ လျှာက်ကြည့်တယ်။ ဟုတ်တယ်။ အဲ့ဒီနည်းက အလုပ်ဖြစ်တယ်။ အဲ့ဒီနောက် ဂေါက်ရိုက်ရင်းနဲ့ပဲ ပြေးလည်းပြေးတယ်။ နောက်ဆုံးတော့ ဂေါက်ရိုက်ပြီး ဘာလို့ အချိန်ဖြုန်းနေတော့မှာလဲ၊ တစ်နာရီ နှစ်နာရီ ကြာတယ်။ ဒါနဲ့ ဂေါက်ရိုက်တာ ရပ်ပြီး မိနစ်နှစ်ဆယ်လောက် ငါ ပြေးလိုက်တော့တယ်။ ခံစားရတာ ပိုကောင်းတယ်။ ဒါနဲ့ ဂေါက် လုံးဝ မရိုက်တော့ဘူး။

မေး ။ ။ ကိုယ်ရောစိတ်ပါ အနားရဖို့ တခြားဘာတွေ လုပ်သေးသလဲ။

ဖြေ ။ ။ အင်း … ငါ့ရုံးက ပြောရေးဆိုခွင့်ရှိသူ Yeoh Ghim Seng ကင်ဆာဖြစ်တော့ ဗုဒ္ဓဘာသာ ဆရာဝန်တစ်ယောက် ဖြစ်တဲ့ K.K. Tan က တရားမှတ်နည်း သင်ပေးတယ်။
(Dr. Tan Kheng Khoo ပါ။ တော်တော် နာမည်ကြီးပါတယ်။ တရားထိုင် နည်း သင်တန်းတွေလည်း ပေး၊ စာအုပ်တွေ လည်း ရေးပါတယ်။ ကေကေ တန်က ဗုဒ္ဓဘာသာထဲက ထင်ရှားတဲ့ ပညာရှင်ပေါ့)။

သူ့နည်းက ရောဂါအကြောင်း တွေးပြီး ကြောက်နေတာထက် တစ်ခုခုကို အာ ရုံစိုက်နေတာက စိတ်ပိုငြိမ်တယ်ဆိုပြီး
“ငါ သေရမယ်။ ငါ သေရမယ်” လို့ နှလုံးသွင်းခိုင်းတယ်။

ငါလည်း
“စိတ်ဝင်စားစရာပဲ။ ငါ့အတွက်လည်း တရားမှတ်နည်း ပေးပါဦး” လို့ ပြောတော့ ဒေါက်တာတန်က ငါ့ရုံးရောက်လာပြီး သင်္ခန်းစာ (၆) ခု သင်ပေးတယ်။ အစပိုင်းတော့ တော်တော် ခက်တယ်ကွ။ တဖြည်းဖြည်းနဲ့ အဆင်ပြေလာတယ်။ အသက်ရှုတာက နှေးပြီး ညင်သာလာတယ်။ မှတ်ရတာ ပိုကောင်းပြီး စိတ်လည်း အေးချမ်းတယ်။ ရွတ်တာ၊ ဖတ်တာတွေ မလုပ်လည်း တရားမှတ်နေလို့ ရတယ်။ ငါ့သွေးပေါင်ချိန် တိုးနှုန်းတွေလည်း ကျသွားတယ် ဗျ။ ငါက တစ်ခုခုကို မှတ်သားပေးနေရတာ။ တစ်ခါတစ်ခါ တတိယမျက်လုံးနဲ့ ကိုယ့်ကိုယ်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ စကြာဝဠာကြီးထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်တာမျိုးကွ။ ငါဆိုတဲ့ကောင်ဟာ တကယ့်ကို အသေးအမွှားလေးဆိုတာ မြင်သည်အထိပဲ။

သူရောက်တဲ့ အဆင့်ထိတော့ ငါမရောက်ခဲ့ဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှု လျော့ ချလို့ ရအောင်အထိတော့ ငါလည်း ရောက်တယ်။ ဆိုပါတော့ ငါ့စိတ်တွေ ပူလောင်နေပြီး ဒေါသထွက်နေပြီဆိုရင် နာရီဝက်၊ မိနစ်နှစ်ဆယ်လောက် ထိုင်ပြီး တရားမှတ်လိုက်ရင် အေးသွားတယ်။ ငါ့ကိုတင် မကဘူး။ သူက ငါ့သား Hsein Loong (ယခု - ဝန်ကြီးချုပ်) ကိုလည်း တရားမှတ်နည်း သင်ပေးသေးတယ်။

မြန်မာဝန်ကြီးချုပ်နေဝင်းနဲ့လည်း တစ်ခါက တွေ့ဖူးတယ်။ သူက ဒီ လာပြီး ဆေးကုတာ။ ငါက
“အခု ခင်ဗျားကြည့်ရတာ ကျန်းကျန်းမာမာပဲ” လို့ ပြောတယ်။ ဟုတ်တယ်။ အရင်တစ်ခါ သူနဲ့ တွေ့တုန်းက သူ့ပုံစံက အခုပဲ သေတော့မယ့် အတိုင်းပဲ။ ဒီတော့ သူက တစ်ချိန်လုံး တရားပဲ မှတ်နေတဲ့အကြောင်း ပြောတယ်။

ဒါနဲ့
“တကယ်ကြီးလား။ ဘယ်လို တရားမှတ်သလဲ” လို့ မေးတော့ သူက
“ခင်ဗျားသမီး သေပြီ ဆိုပါတော့ ဘယ်လို ခံစားရမလဲ
(မစ္စတာလီရဲ့ သမီးက အပြင်မှာ သူ့အမျိုးသားနဲ့ အတူရပ်နေလို့တဲ့ ) ။
တော်တော် ခံစားရမလား။ ခဏတော့ ခံစားရမှာပေါ့။ ဒါပေမဲ့ တရားရှု့ မှတ်ရင်း ဒီလို ဆင်ခြင်လို့ ရတယ်။ ဘဝဆိုတာ ဘာလဲ။ ငါတို့အားလုံးဟာ စကြာဝဠာထဲက အသေးမွှားဆုံး အစိတ်အပိုင်းလေးတွေပဲ။ ဒီတော့ သမီး ဆုံးတယ်ဆိုတာလည်း အသေးမွှားဆုံး အစိတ်အပိုင်းလေး ဆုံးသွားတာပဲ” လို့ ငါ့ကို ရှင်းပြတယ်။
ဒါက နည်းစနစ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ဓာတ်လေးကျင့်တဲ့နည်းတော့ ဖြစ်နိုင်တယ်။

တရားမှတ်တာက လက်တွေ့ တကယ် အလုပ်ဖြစ်တယ်။ ငါ့သဘော အရ က ကျောင်းတွေမှာတောင် ကျောင်းသားတွေကို တရားထိုင်နည်း သင်ပေး သင့်တယ်လို့ ယုံကြည်တယ်။ ဒါဆို ဆရာဝန်တွေအတွက် စိတ်ရောဂါနဲ့ ပတ် သက်တဲ့ လူနာတွေ လျော့သွားမယ်။ စိတ်ငြိမ်ဆေးတွေ၊ ဘာတွေ သောက်ရ တာလည်း နည်းသွားမယ်။

ဆက်ရန် -


 ဇင်ဝေသော်

နိုင်ငံရေး သင်္ချာ


ရုံးထဲက သင်္ချာ

Smart boss+smart employee=profit.
Smart boss+dumb employee=production.
Dumb boss+smart employee=promotion
Dumb boss+dumb employee=overtime.

နိုင်ငံရေး သင်္ချာ

ပါးနပ်တဲ့ အစိုးရ+ ပါးနပ်တဲ့ ပြည်သူ=ဖွံ့ဖြိုးတိုးတက်။
ပါးနပ်တဲ့ အစိုးရ+ ခပ်ညံ့ညံ့ ပြည်သူ=ဘုရားတည်၊ ချပ်ကျောင်းဆောက်၊ ဗလီဆောက်ပြပြီး နိုင်ငံအုပ်ချုပ်။
ခပ်ညံ့ညံ့ အစိုးရ+ ပါးနပ်တဲ့ ပြည်သူ=လူတော်တွေထွက်ပြေး၊ တချို့ ထောင်ထဲရောက်။
ခပ်ညံ့ညံ့ အစိုးရ+ခပ်ညံ့ညံ့ ပြည်သူ=အငတ်ခံပြီး ညီညီညွတ်ညွတ် အနုမြူဗုံးလုပ်ကြ။




 ဇင်ဝေသော်

ရပ်သတင်း ရွာသတင်း


မနေ့ ညကတော့ သတင်းထူးတစ်ပုဒ်ကို ဖြစ်စေခဲ့တယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဝီဂန်က မန်စီးတီးကို တစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အက်ဖ်အေဖလား ယူသွားတယ်။
ဒီနေ့မနက် စထရိတ်တိုင်းမှာတော့ ပထမဆုံး မြန်မာအမျိုးသား အိမ်ဖော် တစ်ယောက် စင်္ကာပူရောက်လာတဲ့အကြောင်း တခန်းတနား ဖော်ပြ ထား တာ တွေ့ရပြန်တယ်။
လစာက ဆင်းဒေါ်လာ ၅၀၀ တဲ့။ တလောလေးကပဲ "စင်္ကာပူက ဖွင့်လာ မယ့် တံခါး" ဆောင်းပါး ရေးခဲ့မိတယ်။ အခု တကယ်ပဲ ဖွင့်လာလေပြီ။

ပြည်တွင်းမှာကလည်း လမ်းတွေမှာ ကားတွေကြပ်နေသလို အလုပ်အကိုင်နဲ့ စားဝတ်နေရေးကလည်း ကြပ်နေကြတယ်။
အကျင့်ပျက် လာဘ်စားမှုကလည်း ပုံစံတမျိုးနဲ့ ဖြစ်တည်နေတယ်ဆိုတာ ခပ် ပါးပါး လေ့လာမိတယ်။
နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ဆက်တိုက် အရှုံးပြနေပေမဲ့( သန်း ၆၀ လူဦးရေမှာ သတင်းစာ သိန်းဂဏန်းမရှိသေး) ဒေါ်စုမျက်နှာဖုံး နဲ့စာအုပ်ေ တွ ရောင်းအားလိုက်နေတယ်။
စာအုပ်တွေကလည်း တစ်ခါ နှစ်ခါကိုင်ဖတ်လိုက်တာနဲ့ စာရွက်တွေ ဖောင် လိုက်ပြုတ်ကျလာတယ်။
လူငယ်တွေ စာဖတ်အားနည်းလို့ဆိုပြီး စည်းရုံးလှုံ့ဆော်ပွဲတွေ လုပ်နေကြပေ မဲ့ ဒီပွဲတွေကို တက်ရောက်လာတာက လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပါ။
အွန်လိုင်းမှာတော့ စာဖတ်အားကောင်းတယ်လို့ ထင်မိပါတယ်။
နောက်မှ အကျယ် ရေးရဦးမယ်။


 ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( နေကျော်တဲ့ ပဲကြီးလှော်မှ)


"ဒီပွဲကို ဒီဇင်ဘာလကတည်းက စလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကျွန်တော် ဒီမလာခင်မှာ ဖတ်ရတဲ့ ဦးဇင်ဝေသော် ရေးထားတဲ့အထဲမှာ "ဦးအောင်မင်းက တရုတ်ကို ကြောက်နေရတယ်" လို့ ပြောတဲ့အတွက် အ စည်းအဝေးကို ရွှေ့ရတယ်ဆိုတာလည်း သိရပါတယ်။ အဲဒီအထဲမှာ ဘာ ပါလဲဆိုတော့
"ဦးအောင်မင်းစကားကြောင့် ရင်ကွဲခဲ့ရတယ်"
ဆိုတဲ့ စားသားလေးကို ဖတ်လိုက်ရတဲ့အခါမှာ ကျွန်တော် စိတ်မကောင်း ဖြစ် ရပါတယ်။ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်ဟာ တရုတ်ကို ကြောက် တဲ့သူ မဟုတ်ပါဘူး။ တရုတ်က ကျောထောက်နောက်ခံပြုထားတဲ့ ဗကပတွေ နဲ့ တိုက်ခဲ့ရတဲ့ စစ်ပွဲမှာ ကျွန်တော် သူရဲကောင်းမှတ်တမ်းဝင် ရခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တာပဲ ဖြစ်ပါတယ်။"
(ဦးအောင်မင်း)

ဒီတစ်ခါ ပြန်ရမယ့် ကွန်မင့်က ဝန်ကြီးကိုယ်တိုင်ဖြစ်တော့ နည်းနည်း တာဝန် ကြီးတယ်။
"ဒါပေမဲ့ "တရုတ်ကို ကြောက်နေရတယ်" စကားနဲ့ ဦးအောင်မင်းက ပြည်သူ့ အ သည်းကို ခွဲလိုက်တော့ ဘာနဲ့ ကုစားရမှန်းမသိဖြစ်ပြီး ဒီပွဲကို ရက်ရွှေ့ လိုက် ရတယ်"
ဆိုတာ ကျနော်ရေးခဲ့တဲ့ဝါကျပါ။

ဒါက ဦးအောင်မင်းပါးစပ်ထဲမှာကျတော့
"ဦးအောင်မင်းစကားကြောင့် ရင်ကွဲခဲ့ရတယ်" လို့ဖြစ်သွားတယ်။
သူ တရုတ်ကို မကြောက်ဘူးဆိုတာ သက်သေထူသွားပုံကလည်း ဗကပတွေ နဲ့ တိုက်ခဲ့ရတဲ့ စစ်ပွဲဖြစ်နေပြန်တယ်။ တရုတ်က ကျောထောက်နောက်ခံပြုထားတယ် ဆိုပေမဲ့ တကယ် တိုက် ခိုက်နေရတာက တိုင်းရင်းသားတွေပါ။ တရုတ်မဟုတ်ပါဘူး။
ဝန်ကြီးတစ်ယောက်နဲ့ စကားအချေအတင်ပြောရတဲ့ကိစ္စက မမိုက်လှပါဘူး။

ဒီမှာ ရွှေရောင်အနားကွတ်လေး တွေ့လိုက်ရတာက လူကြီးတွေ ပြည်သူ့ အသံကို တကယ် နားထောင်လာပြီ၊ မှားနေတယ်ထင်ရင် ရှင်းပြလာပြီ ဆို တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကဆို လုံးဝမျှော်လင့်လို့မရတဲ့ ကိစ္စပါ။

ဒါနဲ့ မဆိုင်လှပေမဲ့ သတိရလို့ ပြောချင်မိတယ်။ ဆရာမောင်စိမ်းနီရယ်၊ ဆရာ သစ္စာနီရယ် ကားပေါ်မှာရိုနေစဉ် ဆရာမောင်စိမ်းနီက
" ဒီ အစိုးရက လုပ်တော့ လုပ်ရှာတယ်" လို့ သူ့ဘာသာသူ ပြောနေရင်း တော်တော်ကြာတော့မှ သူ့ဝါကျသူ အဆုံးသပ် တယ်။
"တလွဲတွေ" တဲ့။

သူပြောတာကို ရယ်မိကြရင်း ကားမောင်းနေတဲ့ မင်းမင်းသန့်က
"နည်းနည်းလေးတော့ လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ်" ဆိုတဲ့ သီချင်းလေးကို ကောက်ဆိုလိုက်တယ်။




 ဇင်ဝေသော်

၂၁-ရာစု ငါးသုံးကောင်ပုံပြင် (နယူးဗားရှင်း)




ညီမလေး…ရေ
(၂၁) ရာစု ငါးသုံးကောင်ဟာ တံငါသည်ရဲ့ မြှုံးထဲမှာ မိနေကြသတဲ့။ အဲဒီငါးသုံးကောင်ကလည်း ပုံပြင်ဟောင်းထဲမှာပါတဲ့ ငါးတွေပါဘဲ။ 

ပညာတတ်ဘွဲ့ရ ငါးရယ်။
ဝီရိယကောင်းတဲ့ ငါးရယ်။
အေးဆေးလွန်းပြီး ထုံပေပေဖြစ်နေတဲ့ငါးရယ်။ 


 ပညာတတ်ငါးကတော့ မျက်မှန်ပါဝါထူထူနဲ့တဲ့။ သူက ပုံပြင်ဟောင်းကိုလည်း ဖတ်ဖူးထားတော့ သူ့အတွက် လွတ်မြောက်ဖို့လမ်းပဲ ရှာနေတာပေါ့။ ခပ်တည်တည်ပေါ့လေ။ ပညာတတ်ကိုး။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သူကြောက်တာက ပညာရှိငါးပဲ။ လွတ်စရာရှိ ဒီကောင်ပဲလွတ်သွားမှာ။ ဒါတင်မကဘူး ပြဿနာရှာရင် ဒီပညာရှိရှာတာက ပိုရှင်းရခက်တယ်ဆိုပြီး မျက်မှန်ပါဝါထူထူနဲ့ ဘွဲ့ရပညာတတ်ငါးကို အရင်ဆုံး ထုသတ်လိုက်သတဲ့ကွယ်။ အန္တရယ်ရှိတာကိုး ခေတ်သစ်ငါးသုံးကောင်ပုံပြင်မှာတော့ နံပါတ်တစ် ကံဆိုးသူက ပညာတတ်ငါးတဲ့ကွယ်။ 


 ဝီရိယကောင်းတဲ့ ငါးကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သိပ်ပြီး ထထကြွကြွတော့ မလုပ်ဘူးတဲ့ကွယ်။ ဝါသနာက မဖျောက်နိုင်တော့ ခိုးကြောင်ခိုးဝှက်တော့ လုပ်နေတာပဲ ။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးတော့ ဘယ်ကောင်ကဝီရိယကောင်းတဲ့ ငါးဖြစ်မလည်းလို့ အကဲခတ်နေသတဲ့။ သူကသာ မျက်လုံးလေး ကလယ်ကလယ်နဲ့။ အမြီးလေး တနန့်နန့်နဲ့ လူမသိဘူးထင်ပြီး လုပ်နေတာ။ တံငါသည်က သဘောက်ပေါက်ပြီး တစ်ခုခုဆို ဒီလိုကောင်မျိုးတွေက ရှေ့ကထွက်ထွက်လာတာဆိုပြီး ထုရိုက်လိုက်ပြန်ရောတဲ့ကွယ် ။ 
 

ဘေးပတ်ဝန်းကျင်မှာ ဘာတွေပဲ ဘယ်လိုဖြစ်ဖြစ် သူအိပ်ရေးပျက်မှာပဲ စိုးရိမ်နေတဲ့ ငါးပျင်းကတော့ တုတ်တုတ်ကို မလှုပ်ဘူးတဲ့။ စာဖတ်ရမှာအထိပျင်းတော့ ဒီငါးက ပုံပြင်ဟောင်းလေးကိုတောင် မဖတ်ဖူးဘူးတဲ့။ ဒါကြောင့် သူကတော့ ထုံပေပေနဲ့ပဲ မှိန်းနေတယ် ။ 

တံငါသည်ကတော့ ပုံပြင်ကိုဖတ်ဖူးထားတဲ့အတွက် ငါးပျင်းကတော့ ခါးပိုက်ထဲက ဖားဆိုပြီး အေးအေးဆေးဆေးပဲနေသတဲ့။ 


ဖြစ်ချင်တော့ နောက်ထပ် ကွန်ပစ်ဖို့ ကွန်အချမှာ တံငါသည် ခြေချော်ပြီး လှေမှောက်သွားပါရောတဲ့။ အဲဒီမှာ ပျင်းလို့အိပ်နေတဲ့ ငါးလည်း အိပ်ရာကလန့်နိုးပြီး ထွက်ပြေးသွားပါလေရောတဲ့။ 

အဲဒီပုံပြင်ကြားရပြီးတဲ့နောက် ပျင်းတဲ့ငါး အသက်ရှည်ဆိုပြီး လူတွေဟာ ထုံပေပေနဲ့ပဲ နေကြတော့သတဲ့။  ပညာတတ်မလုပ်ရဲသလို ရှုပ်ရှုပ်ယှက်ယှက်လည်း မလုပ်ကြတော့ဘူးတဲ့။ အသက်တိုတတ်ကိုးကွဲ့ ။ 

ဒါပါဘဲ ...ညီမလေးရယ်။



ဇင်ဝေသော်













 Copyright © 2011 ကမ်းလက်. All rights reserved.