ပြန်ချင်တဲ့ ကွန်မင့်များ ( ၁၁ ) ဂျပန်ကမြန်မာကိုပေးနေတဲ့ ခံစားချက်လျော်ကြေး


" လေးစားဖို့တော့ ကောင်းပါတယ်.. ဒါပေမယ့် အဖြူကောင်နေရာ မှာ အေး ရှန်း တစ်ယောက် ဆိုရင်ရော.. ဂျပန်က အားနာပါမလား မသိဘူးနော်.." ဆိုတဲ့
နန်းဖြူဖြူရဲ့ လေးစားစရာ သံယက ဂျပန်နဲ့ မြန်မာအကြောင်း ဆောင်းပါးတို တစ်ပုဒ် ရေးဖြစ်စေခဲ့ပြန်ပါတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်တော့ နေမဝင်အင်ပါယာထောင်ချင်တဲ့ ဗြိတိသျှတွေ လည်း အသက်ပေါင်းများစွာပေးခဲ့ရတယ်။ ဒါပေမဲ့ ပေးခဲ့ရတဲ့အသက်တွေက သာမန်စစ်သားတွေနဲ့ ဆင်းရဲသားလူတန်းစားတွေ များနေတယ်။ စစ်ကြီးပြီးတော့ အရာရှိကြီးပိုင်းနဲ့ လူချမ်းသာ အသိုင်းအဝိုင်းက ဒီအတွက် အပြစ်ရှိသလိုလို ခံစားကြရတယ်။ သာမန်လူတန်းစား ကို ပြန်ပေးရ မယ့်ေ လျှာ်ကြေးတွေလည်း ရှိတယ်ပေါ့။ ဒီ ခံစားချက်ကပဲ လေဘာပါတီကို အား သစ်သွေးပေးခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်။

အဲသလိုပါပဲ မြန်မာတွေနဲ့ ပတ်သက်ရင် ဂျပန်အများစုက ကမ္ဘာစစ်အတွင်းက သူတို့ ပြစ်မှုတွေအတွက် ပေးဆပ်စရာရှိတယ်လို့ ခံယူကြဆဲပါ။ ကျနော်လက် လှမ်းမီသလောက်တော့ ဂျပန်နဲ့ပေါင်းရင် မရှုံးဘူးဆိုတာ သတိထားမိပါတယ်။
ဒီအမြင်က တစ်ဦးချင်းနဲ့ဆိုင်သလို အစိုးရအဆင့်အထိလည်း ပါဝင်ပါတယ်။

အရင်ဆုံး အစိုးရအဆင့်ကို ကြည့်ရအောင်။ ကျနော်တို့ နိုင်ငံပေါ် တင်နေတဲ့ အကြွေးတွေထဲမှာ ဂျပန်တွေ လျှော်ပစ်လိုက်တဲ့အကြွေးတွေ မနည်းဘူး။ ဘယ် အာရှနိုင်ငံက ဒီလောက် စိတ်ကောင်းရှိလို့လဲ။ ( ကမ္ဘာစစ်အတွင်းက သူတို့ ပြစ်မှုတွေအတွက် ပေးဆပ်စရာရှိတယ်လို့ ခံယူကြဆဲပါ )

ယဉ်ကျေးမှုနဲ့ အနုပညာကဏ္ဍ ( စာပေနဲ့ ရုပ်ရှင် ) မှာလည်း ဂျာနယ်ကျော်ဒေါ်မမလေးတို့ခေတ်ကတည်းက ရင်းရင်းနှီးနှီး နီးစပ်မှုခဲ့ကြရှိ တယ်။ မြန်မာတွေ ဂျပန်တွေလောက် ကြိုးစားသလား၊ ဂျပန်တွေလောက် တော်သလား ကလွဲရင် စိတ် ခံစားမှုမှာ တော်တော် ဆင်ကြပါတယ်။ အားနာတတ်တာ၊ " နိုး " ပြောဖို့ ဝန်လေးတတ်တာမျိုးတွေ ပါ။
၁၉၉၀ ခုတွေတုန်းက ကျနော်ကိုယ်တိုင် ဂျပန်တွေနဲ့ ရင်းနီးခဲ့ရဖူးတယ်။ အများစုက ယဉ်ကျေးကြ၊ အားနာတတ်ကြတယ်။ကျနော့် သူငယ်ချင်းတစ်ယောက် ဂျပန်မနောက် ပါသွားတယ်။ သိရသလောက် သမီးလေးတစ်ယောက်နဲ့ သူတို့အိမ်ထောင်ရေးဟာ သာသာယာယာပဲ။

နောက်ပြီး ဂျပန်က တိုကျိုတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ယူခဲတဲ့ ( ရွှေမြန်မာ အယ်ဒီတာချုပ်၊ စာ ရေးဖော်ရေးဖက် ) ဒေါက်တာခင်မောင်လတ်ရဲ့ " တော်တော် ခွကျတဲ့လူ " စာအုပ်ထဲမှာလည်း ဂျပန်ပါမောက္ခ ဘယ်လောက် စိတ်ဓာတ်ကောင်းကြောင်း ထပ်တွေ့ရပြန်တယ်။

ပြီးတော့ ကိုရီးယားမှာ ဒေါ်စုကိုယ်တိုင် တကယ်ပဲပြောခဲ့သလား၊ မီဒီယာ ဖွ ချက်လားတော့ မသိဘူး။စစ်အတွင်းက ဂျပန်ရဲ့ အနာဟောင်းကို ဒုတ်နဲ့ဆွ တဲ့ကိစ္စလေ။ ဒါကို မခံမရပ်နိုင်တဲ့ ကျောင်းသားတစ်ယောက်က ယူကျုကနေ ဝမ်းမင်းရှိုး ရင်ဖွင့်ပါလေရော။ အားလုံးသိကြပါတယ်။

ဂျာမန်တွေဟာ နာဇီရောဂါကို ကုစားဖို့ ( သို့ ) မေ့ပျောက်ဖို့ ကြိုးစားနေ ကြသလို ဂျပန်တွေကလည်း ဖက်စစ်ဝါဒကို ကုစားဖို့ ( သို့ ) မေ့ပျောက်ဖို့ ကြိုးစားနေကြပါတယ်။ ဂျာမန်တစ်ယောက်ဟာ ဟစ်တလာဆိုတဲ့အသံ တစ်ယောက်ယောက်ဆီက ကြားလိုက်တာနဲ့ အဲဒီလူဘေးကနေ ထွက် သွားတော့တယ်။ ဥရောပတစ်တိုက်လုံး ဒီလောက် ဒုက္ခရောက်နေချိန်မှာ ဂျာမန်တွေက ဘာကြောင့်ဒီလောက် ကောင်းပြနေရတာလဲ၊ " ဥရောပ က ဖြုန်း၊ ဂျာမန်တွေကလျော် " လို့တောင် ဆိုစမှတ်ပြုကြတယ်။ အခြား အကြောင်းတရားတွေလည်းပါမှာပေါ့၊ ဒါပေမဲ့ နာဇီရဲ့သမိုင်းကြွေးကို တနည်း နည်းနဲ့ ပြန်ပေးနေတာမဟုတ်ဘူးဆိုတာ ( ဝမ်းနည်းစရာမို့ ဖွင့်မပြောကြပေမဲ့ ) ငြင်းဖို့တော့ ခက်မယ်။

ဂျပန်တွေလည်း အဲသလိုပါပဲ၊ သူတို့ကို ကိုယ်ချင်းစာရင် ( သို့ ) သူတို့နဲ့ ဆက်ဆံရမယ်ဆိုရင် အဲဒီ အနာဟောင်းကို ဒုတ်နဲ့မဆွတာက အပြုသေ ဘာဆောင်နိုင်တယ် ထင်ပါတယ်။ အမေရိက၊ ဥရောပ၊ တောင် ကိုရီယား တို့ဆီ ခရီးစဉ်တွေဆွဲခဲ့ကြတဲ့ ကျနော်တို့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ တိုကျိုကို ဘာလို့များ မရောက်ကြသေးပါလိမ့်လို့ ( အမှတ်မှားရင် ထောက်ပြကြပါ ) တွေးမိရင်း ယူကျုကနေ ဝမ်းမင်းရှိုး ရင်ဖွင့်သွားတဲ့ ကျောင်းသားလေးကို အားနာနေမိတော့တယ်။

တွေ့ကြုံသိ၊ ကြားသိ၊ မြင်သိအရ ကမ္ဘာ့စစ်နောက်ပိုင်း အာရှမှာ မိတ်ဆွေရင်း ပီသတာ ဂျပန်ပဲလို့ ခံစားမိလို့ ဒီလောက်အရှည်ကြီးပြန်မိတာ နားလည်ပေးပါ မနန်းဖြူဖြူ ရေ။

ဒါကတော့ ကျနော်ဖတ်မိတဲ့ ဂျပန်အကြောင်းလေးပါ။

THE EPIDEMIC of extreme politeness in Japan is spreading. Armed robbers are now acting super-nice, to the detriment of their professional standards. Consider two recent cases, forwarded to me by a reader called Hiroto.
1) A man with a knife walked into a bank in Fukuoka Prefecture, and gently asked the teller to hand over all the money. “Certainly, sir,” the teller replied. “Please take a seat.”
The villain sat politely with his knife for ten minutes until police arrived and carted him off. I’m sure all stages of the raid and arrest happened quietly, with voices not rising above a murmur, and everyone bowing to each other the whole time and saying things like: “Our bank is honored to be the site of your esteemed robbery attempt.”

2) In the town of Noto, a woman walked into a store with a bread knife and asked the cashier to hand over the cash. The cashier politely declined. The woman then put the knife away and told the cashier that the police should now be summoned. They waited quietly together until cops arrived, Rocketnews24 reported.
The growing level of politeness in Japan is a problem for officers as well as robbers. When villains don’t threaten staff or take anything, no one knows what to charge them with. “Being a total wacko” is not a crime, as Michael Jackson proved.
ဒါက အင်တာနေရှင်နယ် အသိအမှတ်ပြုမှုလို့ ဆိုရမှာပါ။


ဇင်ဝေသော်
 

ပြန်ချင်တဲ့ ကွန်မင့်များ ( ၁၀ )


" hard truths ဆိုတဲ့အတိုင်းသူပြောသမျတွေဟာ နားဝင်ဆိုး နိုင်ပေမယ့် အမှန်တွေကြီး ပဲ၊" မမေဇင်ရဲ့ ကွန်မင့်တစ်ပိုင်းပါ။

" ဒီစာက " Hard Truths " ထဲက မဟုတ်ပါဘူး။ တစ်ပတ်ကျော် သူ ဆေးရုံ မတက်ခင် စနေနေ့က အင်တာဗျူးပါ။ " ( ကမ်းလက် )

စိတ်မကောင်း ဖြစ်မိပါတယ်။ ကြိုတင် အသိမပေးတော့ Hard Truths လို့ပဲ ထင်သွားစရာ ရှိပါတယ်။

ပုံနှိပ်ထုတ်ဝေခွင့်ကိစ္စနဲ့ ပတ်သက်ပြီး " Hard Truths " နားဝင်မချို အင်တာ ဗျူး မတင်ဖြစ်တာ နှစ်ပတ်ကျော်သွားပါပြီ။ စောင့်ဖတ်သူတွေ သတိထားမိနိုင် မယ် ထင်ပါတယ်။

ဒီအကြောင်း ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘူး။ ကျနော် သိရသလောက် မြန် မာပြည်တွင်းထဲမှာတော့ စာအုပ်ကောင်းရင် ကောက် ဘာသာပြန်ပြီး ထုတ် လိုက်ကြတာပဲ။ မူရင်း စာရေးသူ၊ ထုတ်ဝေသူတွေဆီက ခွင့်ပြုချက်တွေ လည်း အများအားဖြင့် ( အများအားဖြင့် ဆိုတာ အားနာလို့ပြောတာပါ ) ယူ မနေကြပါဘူး။ အယ်ဒီတာ တစ်ယောက်ကတောင် ပြည်တွင်းမှာထုတ်ဝေတာ ဘယ်သူ့ဆီကမှ ဖြန့်ချီခွင့်တောင်းစရာ မလိုဘူး ပြောနေပါသေးတယ်။

ဒါပေမဲ့ ကျနော့်ပုံစံက တစ်မျိုးပါ။ ကိုယ်ကလည်း စင်္ကာပူမှာ ရှိနေတယ်၊ ခွင့်ပြုချက်တောင်းဖို့လည်း လက်လှမ်းမီတယ်၊ အက်သစ်ကယ်လည်း ပိုဖြစ် တယ်ဆိုပြီး လီကွမ်းယုဆီရယ်၊ မူပိုင်ဖြစ်တဲ့ SPH ( Singapore Press Holding ) ဆီရယ်ကို ပုံနှိပ်ထုတ်ဝေခွင့် တောင်းခဲ့ပါတယ်။ တစ်ခုခုဆို ကိုယ့် ပတ်ဝန်းကျင်က စလုံးတွေပါ အရှက်ရစရာ ခိုးယူမှုဖြစ်နေလို့လည်း ပါဝင် ပါ တယ်၊ ပြည်တွင်းမှာဆိုရင်တော့ လုပ်မနေပါဘူး၊ အက်သစ်ပြောပြော ဘာပြောပြော။ လီကွမ်းယုရုံးက မီးစိမ်း ချက်ချင်းပြပေမဲ့ SPH ( Singapore Press Holding ) ကတော့ သူတို့လိုချင်တဲ့ ပုံစံနဲ့ ကျနော့်စိတ်ကူး ထပ်တူ မကျလို့ ဆက်ညှိရမယ့်သဘော ရှိနေဆဲပါ။

ဒီလထဲမှာ
၁ ။ ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည် ( စင်္ကာပူလာသင့် မလာသင့် အပါအဝင် )
၂ ။ လီကွမ်းယုရဲ့ နားဝင်မချိုတဲ့ အမှန်တရားတချို့
၃ ။ ဆရာ မောင်စိမ်းနီ ( ပိတောက်ပွင့်သစ် အယ်ဒီတာချုပ် )၊ ဆရာသစ္စာနီ တို့ ကဗျာရှည်နှစ်ပုဒ်နဲ့ ကျနော့်ရဲ့ သစ္စာနယ်အဝင် ခရီးကြမ်း ကဗျာ ရှည်ပေါင်းပြီး ကဗျာရှည်သုံးပုဒ် စုစည်းမှု ကဗျာစာအုပ်ရယ် ထွက်နိုင်ဖို့ ကြိုး စားခဲပေမဲ့ လီကွမ်းယုရဲ့ နားဝင်မချိုတဲ့ အမှန်တရားတချို့ကြောင့် အား လုံး နှောင့်နှေးခဲ့ရပါတယ်။

အထက်က ကိစ္စ ပြန်ဆက်ရရင် ဒီ စာအုပ်ထုတ်ဝေရာမှာ စာရေးသူ ရသင့်တဲ့ စာမူခ ထည့်မတွက်ဘဲ ဖြန့်ချီမယ်ဆိုတဲ့စကားဟာ အင်တာနေရှင်နယ်ဘောင် နဲ့ နည်းနည်း ကွဲလွဲနေပါတယ်။ ယုံကြည်ဖို့ ခက်နေတာလည်း ပါပါလိမ့်မယ် ။ မြန်မာတစ်ယောက် အနေနဲ့ကတော့ လွယ်လွယ်လေးပေါ့။ စာရေးသူက ၁၅ သို့၂၀ ရာခိုင်နှုံးဆိုပါတော့။ ၂၀၀၀ ကျပ်တန် စာအုပ် တစ်ထောင်ကုန် လို့ လေယာဉ်စရိတ်၊ သွားလာစရိတ်တောင် မကျေပါဘူး။ အဲဒီကိစ္စ ရှင်းနိုင် ရင်တော့ အဆင်ပြေကောင်းပါရဲ့လို့ စိတ်ကူးမိချိန်........

တရုတ်နဲ့ ရုရှားတို့က ဒီ Hard Truths ကို ဘာသာပြန်ခွင့်ပြုဖို့ သံရုံးကနေတောင် တဆင့် တောင်းဆိုကြတယ်လို့ သိလာရပြန်ပါတယ်။ အဲဒါကျတော့ ကိုယ်မလုပ်နိုင်၊ မလုပ်ချင်တဲ့ကိစ္စဖြစ်သွားတယ်။
ဒါနဲ့ပဲ Hard Truths နဲ့ ကျနော်နဲ့လည်း " ရွှေပြည်တော် မျှော်လေတိုင်းဝေး " ဖြစ်ရပြန်ပါရော။ အဆင်တော့ ပြေသွားကောင်းပါရဲ့။

ဒါ့ကြောင့် အသိတချို့ကပြောတယ်။ "အရစ်ရှည်တာ၊ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ရိုက်ထုတ်လိုက်ရင် စာအုပ်ဖြစ်နေ ပြီ " တဲ့။
သူတို့ပြောတာလည်း ဟုတ်သလိုလို။
ဒီ Hard Truths နားဝင်မချိုကို အွန်လိုင်းပေါ်မှတော့ ဆက်တင်သွားမှာပါ


ဇင်ဝေသော် 

ပြန်ချင်တဲ့ ကွန်မင့်များ ( ၉ )


" ဒို့ကတော့ဝန်ထမ်းဆိုရင်ဘယ်နိုင်ငံမှာမှမလုပ်ချင်ဘူး ကိုယ်ပိုင်အလုပ်က အကောင်းဆုံးပဲလို့ထင်တယ် ကိုယ်ကျိုးစားသလောက်အကျိုးရှိတယ်လေ "
" ဘုရားဟောတဲ့အတိုင်း ...ချမ်းသာချင်ရင်....လခစားမလုပ်နဲ့ ....စီးပွားရေးလုပ်တဲ့!! "

ဤ ကွန်မင့်လေးနှစ်ခုကိုတော့ သဘောလည်းကျ၊ လေးလည်း လေးစားမိပါ သည်။
ပြဿနာက " ဘုရားဟောတဲ့အတိုင်း ...ချမ်းသာချင်ရင်....လခစားမလုပ်နဲ့ ....စီးပွားရေးလုပ် " နဲ့ ဆိုတဲ့ ဒုတိယ ကွန်မင့်ပါ။

သာမန်အားဖြင့် ကြည့်လျှင်
" ချစ်သားတို့၊ လခစားမလုပ်ကြနဲ့၊ ကိုယ်ပိုင် စီးပွားရေးပဲ လုပ်ကြ " ဆိုတာမျိုးက မတွေ့ရနိုင်ပါ။
တိုက်ရိုက်ဟောထားတာမျိုး မရှိသော်လည်း သွယ်ဝိုက်ပြီး တွေးယူရဲ လျင်တော့ ဤ အဓိပ္ပါယ်မျိုး ပေါက်သည်ဟု ဆိုနိုင်ပါလိမ့်မည်။
စောစောက တင်ထားသည့်  " ငွေတိုးပေးခြင်း ( ဘာသာတရားတို့ အမြင် ) " ကို ညွှန်းချင်ပါသည်။ ဟုတ်သည်။ ကိုယ်ပိုင်.စီးပွားရေးလုပ်ဟန်ကို အင်္ဂုတ္ထိုရ် မှာ တွေ့ရသည်။
မဖတ်ရသေးသူများ ဖတ်လို့ရစေရန် မူရင်းထဲက သက်ဆိုင်သည့် အပိုဒ်လေး များကို ပြန်ကူးပေးလိုက်ပါသည်။

ဘုရားရှင် ဥပမာပေး မိန့်ဆိုထားတာ အင်္ဂုတ္ထိုရ် မှာ တွေ့ရသည်။
"လူတစ်ယောက်သည် သူ၏ စီးပွားရေးကို တိုးချဲ့ရန် အကြွေးချေးငှါးပြီး လုံး လစိုက်ထုတ်ကာ စီးပွားရေး တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် အကြွေးတို့ကိုပေးပြီး မိမိ၏ ကိုယ်ပိုင်စီးပွားရေးကိုပင် ကိုယ် ပိုင်ငွေဖြင့် လည် ပတ်လာနိုင်သည်။ ထို့နောက် သင့်တော်သော မိန်းကလေး တစ်ယောက်နှင့် လက်ထပ်လိုက်သည်။ ထိုအခါ သူသည် 'တစ်ချိန်က ငါ့မှာ အကြွေးများ ရှိခဲ့ သည်။ ယခု အကြွေးမရှိတော့။ အကြွေးမရှိတော့သည့်အပြင် ကိုယ်ပိုင် စီးပွားရေးပင် အမြတ်ကျန်ခဲ့သည်' ဟု တွေးကာ ကျေနပ်ပျော်ရွှင်ရ၏" ဟု မိန့်တော်မူသည်။

ထို့အပြင် "လူတစ်ယောက်သည် အသေးစားစီးပွားရေးကို သူတပါးထံမှငွေ ကို ချေးငှါး၍ စတင်နိုင်သည်။ ပေးချေရမည့် အချိန်၌လည်း အတိအကျ ပေးေ ချရမည်။ သို့ဆိုလျှင် လိုအပ်သောအခါ ထပ်မံချေးငှားဖိုလည်း ဖြစ်နိုင်၏" ဟု ယနေ့ စီးပွားရေးဆန်ဆန် ပြောနေကြသော ယုံကြည်စိတ်ချရမှု၊ တိကျမှု့တို့ ကို ချီးမွမ်းပြောဆိုတော်မူခဲ့ပြန်သည်။ "

သေချာသည်ကတော့ ဝန်ထမ်းဖြစ်နေလျင် ရဟန်းပြုချင်လျင်ပင် အလုပ်ရှင် က ခွင့်ပေးမှ ရတာမျိုး ဖြစ်သည်။ ကိုယ်ပိုင် စီးပွားရေးလုပ်တော့ ကိုယ်မဝတ် ချင်၊ မဝတ်နိုင်တာပဲ ရှိမည်။ လွတ်လပ်သည်။
လွတ်လပ်၊ လွတ်မြောက်ရေးကို ဘုရားရှင်က အားပေးထားသဖြင့်ကိုယ်ပိုင် စီးပွားရေးလုပ်ခြင်း ကိုလည်း အားပေးလောက်တယ် ဟု ယူဆလိုက ယူ ဆနိုင်ပါသည်။

ဘုရားရှင် တိုက်ရိုက်ဟောသည်ကတော့ သမ္မာ အာဇီဝ ဖြစ်ရေးသာဖြစ်သည်။
အနာကုလာစ ကမ္မန္တာ ( သူတစ်ပါးကို မထိပါးစေဘဲ စီးပွားရှာခြင်း )
အနဝဇ္ဇာနိ ကမ္မာနိ ( ကိုယ်လည်း စီးပွားဖြစ်၊ သူတစ်ပါးကိုလည်း ကူညီ ရာ ရောက်အလုပ်မျိုးတို့ ) မင်္ဂလသုတ်မှာ တွေ့နိုင်သည်။
အနာကုလာစ ကမ္မန္တာ ( သို့ ) အနဝဇ္ဇာနိ ကမ္မာနိ လည်းဖြစ် ကိုယ်ပိုင် စီး ပွားရေးလည်း ဖြစ်မည် ဆိုလျင် တံခွန်နှင့် ကုက္ကား ဟု ဆိုရမည် ဖြစ်ပါသည်။

ထို့ကြောင့်ကိုယ်ပိုင် စီးပွားရေးဖြင့် စီးပွားရှာခြင်းကို ဘုရားအားပေးသည်ဟု သွယ်ဝိုက်၍တွေးယူနိုင်သည်ဟု ထင်မြင်သုံးသပ်မိပါ၏။

မေတ္တာဖြင့်


သီဟနာဒ

ပြန်ကို ပြန်ရမယ့် ကွန်မင့် ( ၂ )


အက်သစ်ရဲ့ အဓိပ္ပါယ်ကတော့ အဘိဓာန် အကြီးအသေးပေါ်မှာ မူတည်ပြီး အတို အရှည်ကွဲတာကလွဲရင် အဘိဓာန် တိုင်းမှာ ပါပါတယ်။
ကလေးအက်သစ်က " မာမီ ကုတင်အောက်မှာ ပုန်းနေတယ် " ဖြစ်ပေမယ့် လူကြီး အက်သစ်က ဒီထက်တော့ ပိုသင့်တာပေါ့။
ဥပမာ အေးအေးဆေးဆေး ဇနီးနဲ့ တေ့တေ့ဆိုင်ဆိုင် စကားပြောတာမျိုး၊ တကယ် အပြစ်ရှိရင်လည်း ထွက်ပြီး ရင်ဆိုင်လိုက်၊ ကိုယ်တစ်ယောက်လုံး ရှိတယ်လို့ အားပေးတာမျိုး စသည် စသည် ဖြစ်နေရမှာပေါ့။
" ဟုတ်ပါတယ်ဗျာ၊ ခင်ဗျားတို့ အလိုရှိနေတဲ့ ကျနော့်ဇနီးကတော့ ကုတင်အောက်မှာ ပုန်းနေလေရဲ့ " ဆိုရင် အက်သစ်တော့ အက်သစ်ပေါ့။ ဒါပေမယ့် ကလေးအက်သစ်။
အဖမ်းခံရမယ့် နေရာက မဟုတ်ရင် အက်သစ်အရေးကြီးကြောင်း ပြောရ တာ တော်တော် အရသာရှိပါတယ်။ သဘောတူတယ်။

ဒုတိယ ကိစ္စက ပြောသင့်၊ မ ပြောသင့်၊ ဒါလည်း အက်သစ်ပဲ။ မှန်တယ်၊ ပြောရမလား။ ပြော၊ မပြောရဲ့ အကျိုးဆက်တွေက ဘာလဲ။ ဒါပါ။

ပြီးတော့ အင်္ဂလိပ်စကားပြော မဟုတ်တဲ့ နိုင်ငံသားတွေ အတွက် အပို ရှိသင့်တဲ့ အက်သစ်။
ဒီအကြောင်းကို ပြောမှရမယ်၊ ဒါပေမယ့် ဘယ်ဘာသာစကားနဲ့ပြောမလဲ။
မြန်မာလို ပြောဆို၊ ဝေဖန်၊ ရေးသားက အချင်းချင်း လက်တို့ပြောတာမျိုးပါ။ ဒီကိစ္စ ( မစွံတဲ့ကိစ္စ ) ကို အပြင်လူ မသိစေချင်တဲ့ စေတနာပါတယ်။
အဓိပ္ပါယ်တူ စကားတစ်ခွန်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြောကြည့်ပါ။ ကျယ်ပြန့်မှု မတူသလို အဓိပ္ပါယ်ယူဆပုံလည်း လုံးဝ မတူနိုင်ဘူး။ အင်္ဂလိပ် မီဒီယာ သယ်သွားတဲ့ သတင်းက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ တွေးပုံခေါ်ပုံနဲ့ လုံးဝမတူတဲ့ လူထုဆီကို ဖြစ်နေ ပါတယ်။

ကျနော် အရင်ဆောင်းပါးမှာ ပေးခဲ့တဲ့ အချက်တွေနဲ့ ပတ်သက် လို့ ပြော ချင်၊ ရေးချင်တာလည်း လက်တွေယား၊ အင်္ဂလိပ်လို မရေး တတ်တာလည်း မဟုတ်၊ မရေးသင့်ဘူး ထင်ပါတယ်လေ ဆိုပြီး ( အင်္ဂလိပ်လိုမရေး ) မြန်မာလိုပဲ ရေးတဲ့ ပြည်တွင်း ပြည်ပ ပညာ ရှင်တွေ အများကြီးရှိနိုင်တယ်။
ဒီ မီဒီယာခေတ်ကြီးမှာ ဘာမှ ဖုံးအုပ်လို့ မရဘူးဆိုတာတော့ လူတိုင်းသိပါ တယ်၊ သူတို့ စေတနာက ကိုယ့်ကြောင့်တော့ မဖြစ်စေ ချင်ဘူး။ ဒါပါပဲ။

ဒေါ်စုကို ဘယ်သူမှ မဝေဖန်သင့်ဘူးလို့တော့ မပြောခဲ့ဖူးပါဘူး။

မြန်မာအစိုးရကို ဝေဖန်အကြံပြုချင်တာ၊ ပြည်သူကိုအသိပေးချင်တာဆိုရင်တော့ အင်္ဂလိပ်လိုရေးလည်း အပိုပဲ၊ အခြားအကြောင်းတွေရေးတာက အဓိပ္ပါယ်ရှိတယ်၊ အင်္ဂလိပ်လို မဖတ်နိုင်သူတွေကို မြန်မာတစ်ယောက်က အင်္ဂလိပ်လိုရေးပြီး ဝေဖန်တာက ဘာအဓိပ္ပါယ်ရှိမှန်း ( သိတော့သိတယ် ) မသိလို့။



ဇင်ဝေသော်

ဒီဇင်ဘာ စကာဦး


ဒီ အပတ်ကစလို့ အင်္ဂါနေ့တွေမှာ သီဟနာဒ ဘာသာပြန်ဆိုတဲ့ " ဗုဒ္ဓဘာသာနှင့် စစ်တပ် " ဆိုတဲ့ ဆောင်းပါးတွေကို တင်ပေး သွား မှာပါ။ ဆောင်းပါး အများစုဟာ ဗြိတိသျှစစ်တပ် အတွင်း တာဝန်ထမ်းဆောင်ဆဲ အရာရှိတွေ၊ ဗုဒ္ဓဘာသာ ပညာရှင်တွေ ရေးထားတဲ့ စစ်တပ်နဲ့ဆိုင်ရာ ဆောင်းပါတွေ၊ သဝဏ်လွှာတွေပါ။ အင်္ဂလန်က ထုတ်တဲ့ " The Middle Way= အလယ်လမ်းစဉ် " ဂျာနယ်ထဲက ထုတ်ယူထားတာဖြစ်ပါတယ်။ သုတေသန ဆန်တာတွေ ပါသလို ကိုယ်ရေး ကိုယ်တာ အတွေ့အကြုံ၊ ခရစ်ယန် အများစုကြားမှာ ရင် ဆိုင်ရတတ်တဲ့ အခက်အခဲတွေလည်း ပါပါတယ်။

အထူးအဆန်း အနေနဲ့ သိခွင့်ရလိုက်တာကတော့ ဗြိတိသျှ ဗုဒ္ဓဘာသာ စစ်သားတွေဟာ ဟစ်တလာရဲ့ စစ်တပ်ကို ပစ်ဖို့တောင် ပါဏာတိပါတ သိက္ခာပုဒ်ကြောင့် ငြင်းဆိုခဲ့ကြပါ သတဲ့။ တာဝန်နဲ့ ဗုဒ္ဓ အဆုံးအမကြား သူတို့ ဘယ်လိုများ ဟန်ချက် ထိန်းထား ခဲ့ ကြတယ်ဆိုတာ စိတ်ဝင်စားစရာပါ။
မေတ္တာဖြင့်


သီဟနာဒ 

ပြန်ချင်တဲ့ ကွန်မင့်များ ( ၈ )

"ကားတွေ ဝယ်ရလွယ်တယ် အကြွေးဝယ်စီးလို့ရတယ်။ ငါတို့နိုင်ငံနဲ့ ကွာပါ့လို့ မြန်မာတချို့ကပြောတယ်။
မျက်တောင်မွေးတဆုံး မကြည့်ဘဲ မျက်စေ့တဆုံးကြည့်ရင် ဘယ်နေရာမှ အလကားရပ်လို့မရတဲ့ ပါကင်ခ၊ မြို့ထဲလမ်းတွေအတွက်လမ်းခွန် အဲ့ဒါတွေနဲ့ ပြန်ထိန်းချုပ်ထားတာ တွေ့ရမယ်။ တချို့က စစ်စတမ်ကို အစ အဆုံးမကြည့်ဘဲ အရစ်ကျနဲ့ ကားဝယ်လို့ ရတာလောက်ကိုပဲ ချီးမွမ်းနေ ကြလို့ ။"


မငှက်သွင် ရေ
စင်္ကာပူရဲ့ ပေါ်လစီက ကားဝယ်တာကို အားမပေးပါဘူး။ နေတတ်ရင် လို လည်းမလိုလှပါဘူး။ နိုင်ငံက သေးသေး၊ ပတ်ဘလစ် ထရန်စပေါ့ တွေ က ကောင်းတယ်။

သိရတာက စင်္ကာပူမြေရဲ့ သုံးပုံ တစ်ပုံက ကားလမ်းတွေ တဲ့။ ဒီ့ ပြင်နိုင်ငံတွေလောက် လမ်းပိတ်ဆို့မှု မရှိပေမယ့် စနစ်တကျတော့ ထိန်း ထားမှ ရမယ့် သဘောပါ။ကား မဝယ်နဲ့ ပြောမရတော့ အခွန် တွေနဲ့ တားထားတယ်။ လူထုက ကွန်ပလိန်း တက်တယ်။ ကား တစ်စီးဝယ်ဖို့ ကား နှစ်စီးစာ ပိုက်ဆံ ရှိနေမှ ရ တယ် တဲ့။

သူတို့က ကွန်ပလိန်း တက်ပေမယ့် နိုင်ငံအလိုက်ကြည့်ရင် ကား ဝယ်နှုန်းက တိုးလာနေတယ်။
ဒါကြောင့် အစိုးရကလည်း သူတို့ ကွန်ပလိန်း ကို ဂရုမစိုက်ပါဘူး။
တက္ကသိုလ် ဘွဲ့ရ မဟုတ်၊ စီးပွားရေး သမားမဟုတ်တဲ့ ပိုလီပြီး၊ အိုင်တီအီး ပြီး အဆင့်တွေကတော့ သူတို့ဘဏ် အကောင့်မှာ မြန်မာတွေလောက်ကို မရှိဘူး။ ကားတော့ ရှိတယ်။

စင်္ကာပူရဲ့ အားသာချက်က ရေရှည် စီမံကိန်း ရှိတာပဲ။ နယ်မြေတွေလိုက်ပြီး ကားလမ်းဘေးက အိမ်တွေဆို သုံးထပ်ပဲ ဆောက်ရမယ်၊ လေး ထပ် ပဲေ ဆာက်ရမယ် ဆိုတာတွေရှိတယ်။ ပြီးတော့ LTA ( Land Transport Authority ) က စနစ်တကျ စံမံချက်တွေ ရှိတယ်။ လာမယ့် ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ မှာ ဘယ်လို ပရောဂျက်တွေ ဘယ်နေရာတွေမှာ ရှိလာမယ်ဆိုတာ တွက်ချက်ပြီးသား။

ဒီတော့ ( ဟီလာရီ ကလင်တန် ပြောတဲ့ ကျနော်တို့ " This Country " နိုင်ငံမှာလို ) လမ်းမလွတ်လို့ အိမ်ဖျက်၊ ဆိုင်ဖျက်ခံရတယ်ဆိုတာတွေ မရှိတော့ဘူး။ ရှိချင်းရှိ ဆောက်ခွင့် မရတာဘဲ ရှိတယ်။
စင်္ကာပူ က ကားဝယ်စီးကြဖို့ အားပေးတဲ့ နိုင်ငံတော့ မဟုတ်လှပါဘူး မငှက်သွင်ရယ်။

နိုင်ငံခြား အကြောင်းဆိုတာကလည်း တစ်ခါ တစ်ခါ " ဘကြီးက ရန်ကုန် မရောက်ဖူးတော့ တူမကြီးပြောတာပဲ ယုံရမှာပေါ့ " ဆိုသလိုပါ။


 လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၇ )


" အော် စီကာ စဉ်ကာနဲ့ စနစ်တကျ ပူနေရတဲ့ စင်္ကာပူ "

ဤ ကွန်မင့်ကိုတော့ ဇင်ဝေသော်ဆီက လုယူပြီး ပြန်ရပေတော့မည်။ ဖြစ်ပုံက ဤ သို့တည်း။ ကျောင်းမှ ဒကာ ဒကာများနှင့်အတူ လာအိုကိုသွားစဉ် တောင် ငယ် တစ်တောင် ကို တက်အပြီး ချွေးများထွက်၊ သင်္ကန်းလဲလှယ်ချိန်မရတော့ ချွေးမှစ၍ အအေးပတ်သွားတော့သည်။

ထို အအေးပတ်က စင်္ကာပူအထိ ပါလာတော့ ဆရာဝန်ကို ပြရသည်။ စင်္ကာပူက ဆေးဝါးကုသမှု၊ ဆေးရုံ ဆေးခန်းများနှင့်ပတ်သက်၍ နာမည်ရ ပါသည်။ ဤ နာမည်က ထူးထူး ခြားခြား ရောဂါတွေနဲ့ ပတ်သက်သည်။ သာမန် နှာစီး၊ ချောင်းဆိုး၊ အအေးမိလို့ကတော့ တော်တော်ဆိုးသည်။ နှာစီး၊ ချောင်းဆိုး၊ အအေးမိရင် သောက်ဖို့ ကိုယ် သောက်နေကျ ဆေး များ မြန်မာပြည်ကနေ ယူလာတတ်ကြသည့် လူများကိုတွေ့လျှင် အရင်က ပိုလွန်းတယ်ဟု ထင်မိသည်။ ယခုမှ သူတို့ကို နားလည်သွားတော့သည်။

ဆရာဝန်ကို သွားပြစဉ် အပူလည်း မရှိ၊ အအေးပတ်ရုံသာဟု ဆိုကာ သာမန် သောက်ဆေးကိုသာ ပေးပြီး မသက်သာက ပြန်လာရန် ပြောသည်။ ကိုယ်တိုင်တော့ သိသည်။ ဆေးပြင်းများ သောက်ခဲ့ရသူ အဖို့ ဤ ဆေးလောက်ကတော့ ရောဂါပိုးက ပျင်းတောင် ပျင်းသေးတယ် ပါ။ မသက်သာ။ ဤသို့ဖြင့်ပင် သာမန် အအေးပတ်ရာမှ အဆုတ်ကို သွား ထိလေတော့သည်။ ထိုအခါ ဆရာဝန်က အဆုတ်မှာ ခရက်ကင်း ဆောင်းဒ် ကြားရသည်။ ရင်ဘတ် ဓာတ်မှန်ရိုက်ဖို့ လိုကောင်း လိုမည်ဖြစ်ကြောင်း ပုံကြီးချဲ့လာပြန်သည်။

ဆေး ငါးရက်သောက်၍ မသက်သာသောအခါ ဆရာဝန်ကို အင်တီ ဗိုင်အော တစ် ပိုးသတ်ဆေးမပါဘဲ ရောဂါ မပျောက်နိုင် ဟု ပြောမိသည်။ သို့သော် ဤမှ ဆရာဝန်တွေက အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးရ မှာ ထောင် ကျတော့မလောက် ကြောက်သည်။ ကြောက်မယ်ဆိုလည်း ကြောက်စရာပင်၊ တစ်ခုခုဆို ဆရာဝန်ကို တရားစွဲဖို့ ဝန်မလေးကြပေ။ သို့သော် ဒုတိယ ငါးရက်စာ ဆေပေးရာမှာလည်း ဆေး က ပျော့နေဆဲ။ မသက်သာက ပြန်လာရန်သာ ပြောလာပြန်သည်။ ခက်ရချည့်။

သွားရပြန်ပြီ တတိယအကြိမ်။ ဤ အကြိမ်မှာ သလိပ်မရှိတော့ အဆုတ်က ခရက်ကင်း ဆောင်းဒ် မကြားရတော့။ ထိုအခါရောက်မှ အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးလေတော့သည်။ သုံးရက်မျှသောက်ပြီး ရောဂါလည်း ပျောက်တော့၏။ ဆေးနဲ့ ရောဂါ သင့် သွားပြီပေကိုး။

စဉ်းစားမိသည်၊ မြန်မာပြည်မှာ ဆိုလျှင် တစ်ရက် နှစ်ရက် မျှဆို ပျောက်ရ မည့် ရောဂါက ဆေးထိုးဖို့ကြောက်၊ အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးရမှာကြောက်သော ဆရာဝန်တို့ကြောင့် သုံး ပတ်လောက် ဖျားလိုက်ရ၊ ပူလိုက်ရသည်။ သူတို့ မမှားပါ၊ သို့သော် မြန်မာတို့ အင်မြူး စစ်စတန်ကို မြန်မာဆရာဝန်တို့သာ သိသည်။ အော် သူများ ကောင်းတိုင်း ကိုယ့် အတွက် မကောင်းတတ်ဟုသာ တွေးနေမိသည်။ ထို့ကြောင့် အထက်ပါ ကွန် မင့်လေးကိုဖတ်ရင်း ပြုံးလိုက်မိသည်။

အပြစ်ဆိုလိုက ဆိုကြစေ၊ ကောင်းလှသည်ဆိုသော ပြင်သစ် စားဖိုမှူး ချက် သည့် ဒေါ်လာ ၁၀၀ ရာတန် နေ့လယ်စာသည် မိမိလျှာပေါ်မှတော့ ပဲပြုတ် နဲ့ ငါးပိရည်မျှပင် ခံတွင်း မတွေ့။ နောက်နောင် ဤ နေ့လယ်စာမျိုး မကပ်ပါ နဲ့ကော့ ဟု ပင် တစ်ခါတည်း မေတ္တာရပ်လိုက်မိသည်။ ကိုယ်တိုင် ရိုးသား ဖို့တော့ လိုသည်။ သူများ ကောင်းတိုင်းတော့ လိုက် မကောင်းနိုင်။

မြန်မာတို့ အအေးမိရောဂါအတွက်တော့ စ လုံးဆရာဝန်သည် မြန်မာ ဆရာဝန်တို့ ခြေဖျားပင် မမီ။ ရောဂါပိုးကို အဆုတ်အထိ ကူးစက်ခွင့် သုံးပတ်ပေး သည်။
မှန်ပေသည်။  စီကာ စဉ်ကာဖြင့် စနစ်တကျ သုံးပတ်နီးပါး ကိုယ်ပူလိုက်ရတော့သည်။
မေတ္တာဖြင့်


 သီဟနာဒ

ပြန်ချင်တဲ့ ကွန်မင့် များ ( ၆ )

" ယန္တယား တခုလုံးကို စီးပွားရေးတွက် တွက် ထားတဲ့ စင်ကာပူ..."

ဒီမှာလည်း အကောင်းရော အဆိုးရော မြင်မိပါတယ်။ ဒီ ကွန်မင့်ဟာ စင်္ကာပူနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ် မရှိ မှန်တယ်လို့လည်း ထင်ပါတယ်။ သိပ်ပြီး တိုးတက်ချင်တော့ ဈေးတွက်တွက်ပြီး အလုပ်လုပ်ကြရတယ်၊ ဒီ အားနည်းချက်ကြောင့် ဘယ်မှာသွားထိသလဲ ဘာတွေကို ကြည့်ရမလဲ ဆိုရင် အနုပညာ၊ စာပေ၊
အားကစား နဲ့ ယဉ်ကျေးမှု စတဲ့ ကဏ္ဍတွေမှာ အားနည်းသွားတော့တယ်။ နိုင်ငံသစ်ကလေး မို့ လို့ ပြောရင်တော့ ရတာပေါ့။ နိုင်ငံကသာသစ်တာ ဒီမှာ နေနေကြတဲ့ လူတွေက အသစ်တွေ မဟုတ်ကြပါဘူး။ သူလို ကိုယ်လို အာရှသားတွေပဲ။

အရင်ဆုံး ဈေးတွက် တွက်ပြီး အင်္ဂလိပ်စာ ရုံးသုံးလုပ်တော့ တရုတ်လူမျိုးတွရဲ့ အနုပညာ နဲ့ စာပေအမွေ ကောင်းကောင်း မရတော့ဘူး။ ဒါနဲ့ ပတ်သက်လို့ တရုတ်ဘွဲ့ရ ပညာတတ်တွေက အခုအထိ မကျေကြသေးဘူး။ စာပေနဲ့ယဉ်ကျေးမှုပါ ကိုယ်ပိုင်အမွေ မကျန်တော့လိုပ့ါ။ စင်္ကာပူရီးယန်း မလေးနဲ့ အိန္ဒိယန်းတွေက သူတို့ စာပေနဲ့ ယဉ်ကျေးမှု စတာတွေကို အပြောက်မခံဘူး။ လက်သိပ်ထိုး ထိန်းသိမ်းကြတယ်။

တိုးတက်တဲ့ နိုင်ငံတွေထဲ အနုပညာ နဲ့ ဖန်တီးမှုမှာ စင်္ကာပူ တော်တော်ညံ့ပါတယ်။ လူဦးရေ ကြောင့်လို့ ပြောနိုင်ပေမယ့် တကယ့် ပါရမီရှင်တွေဟာ နိုင်ငံ သေးသေးလေးထဲကနေလည်း ထွက်လာနိုင်တာပဲ။ အဓိက ကတော့ လူတွေရဲ့ မိုင်း ( ဒ် ) ဆက်ပါ။ လူဦးရေကြောင့်လို့ ပြောချင်ပြော စင်္ကာပူမှာ ကမ္ဘာသိတဲ့ အနုပညာရှင် ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့လို မရှိဘူး။ တကယ်စွမ်းရင် တရုတ် ပရိဿတ်က ကမ္ဘာနဲ့အဝှမ်း ရှိနေတာပဲ။ မရေမရာ၊ အာမခံချက်မရှိတဲ့ အနုပညာလို ကဏ္ဍတွေမှာ အားမပေးတဲ့ မိဘတွေက ၉၀ ရာခိုင်နှုန်းလောက် ရှိမယ်။

အခုတော့ အစိုးရကပါ စပြီး ဒီအားနည်းချက်ကို ဖြည့်ဖို့ ဆော်အောနေတာတွေ ကြားရ ဖတ်ရတယ်။ ဒါပေမယ့် သူတို့ မိုင်း ( ဒ် ) ဆက်ကို ချက်ချင်း ပြင်လို့ မရတော့ဘူး။
လီကွမ်းယု ပြောခဲ့ပါရော လား။ သုတေသန လုပ်မယ့် ကျောင်းသား စလုံးတွေထဲမှာ မရှိဘူး တဲ့၊ ဘာကြောင့်လဲ ဆိုတော့ ဆရာဝန်လုပ် ရှေ့နေလုပ်ရတာလောက် ပိုက်ဆံ မဝင်လို့ တဲ့။ သုတေသနဆိုတာကလည်း ဘရိတ် သရု မဖြစ်သေးရင် ငွေရဖို့ မသေချာလှဘူး။

စာပေရေးသားမှုမှာလည်း ဂျာနယ်လစ်လို ပညာရပ်ပိုင်းတွေမှာ တော်ပေမယ့် ဒီထက် ပါရမီနဲ့ အားစိုက်မှုလိုတဲ့ ရသစာပေလိုမျိုးတွေမှာ သိပ်မစွံပါဘူး။ ကျန်တာတွေ နောက်ထား မြန်မာတွေရဲ့ စာပေနဲ့ ပတ်သက်တဲ့ အဆင့်က အတော်မြင့်တယ်လို့ ယုံကြည်ပါတယ်။
အားကစားမှာလည်း တရုတ်ပြည်မကြီးရဲ့ ဒုတိယတန်းစားတွေကို မွေးပြီး ပြိုင်ပွဲတွေ ဝင်ရတယ်။ ဘောလုံး ဆိုရင်လည်း လူ အထိုက်အလျောက်သိတဲ့ ဖန်ဒီ အာမက်တို့ အလန် ရှာ တို့က စင်္ကာပူရီးယန်း မလေး အသိုင်းအဝိုင်းထဲကပါ။ လူ အများစု တရုတ်တွေထဲက မပါဘူး။ ပရော်ဖက်ရှင် အနေနဲ့ မိဘတွေက အားလည်း မပေးကြဘူး။ ဝင်ငွေ ပုံမှန် တွက်လို့မှ မရတာပဲ။

နောက်ထပ် အရွယ်နဲ့ မလိုက်တဲ့ ဖိအားက ကလေးတွေရဲ့ ပညာရေး။ နှစ် နှစ်လောက်က စ လို့ ပညာရေး ပရက်ရှာတွေနဲ့ နေကြရရှာတယ်။ မျက်မှန်ပါဝါ ထူထူလေးတွေနဲ့။ ပြီးတော့ ပရက်ရှာတွေကြောင့် စင်္ကာပူမှာ စိတ်ရောဂါသည်တွေလည်း များတယ်။

ထားပါတော့ တော်တော်များများဟာ စီးပွားရေး ပုံသဏ္ဍာန်နဲ့ လည်ပတ်နေတာလို့ ပြောရင်ရပါတယ်။

စင်္ကာပူဖက်က နေရေးတာမဟုတ်ပါဘူး။ လူတိုင်းဟာ စီးပွားရေး တွက် တွက်တတ်ပါတယ်၊ တွက်လည်း တွက်ရပါမယ် ။ ဟင်းချက်စရာဝယ်တဲ့ အိမ်ရှင်မက စလို့ ကုမ္ပဏီတစ်ခုလုံးကို လည်ပတ်နေသူအထိ တွက်ရပါတယ်။ ဟင်းချက်စရာ ဝယ်တဲ့နေရာမှာတောင် ပစ္စည်းမှန် ဈေးမှန်ဆိုတာ သိပါလျက်နဲ့ ဈေးချိုနိုင်သမျှ ချိုအောင် ဆစ်တော့ ဆစ်နေကြတာမဟုတ်လား၊ ဒါဟာ အမြတ်ရရေး၊ မရှုံးရေး အခြေခံ ပြယုဂ်ပါ။ စင်္ကာပူလို မြေဆင်းရဲ သယံဇာတ မရှိတဲ့ နိုင်ငံလေးက စီးပွားရေးတွက် တွက် မထားရင် ဒီလိုလည်း ဖြစ်မလာနိုင်ပါဘူး။

ကျနော်တို့ဆီ ပြည်ပက စီးပွားရေးလာလုပ်ကြမယ့် စီးပွားရေးသမားတိုင်းဟာလည်း ဒီလိုပဲ ရှိမှာပါ။ လက်ရှိ မြန်မာပြည်ကိုပဲ ကြည့်ပါ။ ပြည်ပက စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုလည် လိုချင်တယ်ပြည်တွင်းစီးပွားရေးသမားတွေ သူတို့နဲ့မယှဉ်နိုင်မှာကိုလည်း စိုးရိမ်တယ် ဒါကိုဈေးကွက်စနစ်နဲ့ညီမျှအောင်ကည့်ပြီးဆုံးဖြတ်ကြရမှာပါ။ ရှုံးမယ်လို့ သေချာပေါက် တွက်ထားရင် ဘယ် စီးပွားရေးသမားမှ မလာပါဘူး။ မြန်မာပြည်က စီးပွားရေး ကောင်းလာလို့ နိုင်ငံခြားသားတွေ လာပြီး အလုပ်လုပ်လာကြမယ်ဆိုရင် တိုးတက်တဲ့ နိုင်ငံတွေက အလုပ်ရှင်တွေကို ပိုပြီး နားလည်လာနိုင်ကြမှာပါ။

( အများအားဖြင့် ) သူတို့ နစ်နာရင် ပြည်သူက ဆန္ဒပြတယ်၊ အစိုးရက သူတို့ ရှုံးမှာကို မလုပ်ဘူး။ ကုမ္ပဏီ ပိုင်ရှင်က အရှုံးခံပြီး အလုပ်သမားကို လစာပေးမထားဘူး၊ အလုပ်သမားကလည်း ဒီထက်သာတာတွေ့ရင် အလုပ်ပြောင်းတယ်။ နေရာပဲကွာတယ် အရှုံးမခံချင်တာကတော့ အတူတူပါ။
စီးပွားရေးတွက် တွက်တဲ့နေရာမှာ ပညာသားပါရင် စီးပွားရေးကျွမ်းကျင်သူ ဖြစ်ပြီး ပညာသားမပါရင်၊ မရိုးမသားဆိုရင် အမြတ်ကြီးစား ဖြစ်သွားပါတယ်။ မျှော်လင့်ချက် တစ်ခုခုမှ မရှိဘဲ အရှုံးခံသူတော့ မရှိနိုင်ပါဘူး။ တံခါးဖွင့် စီးပွားရေး ဆိုတာ တကယ်တော့ ဘယ်သူ ပိုလည်သလဲ၊ ပို ပါးနပ်သလဲ ( အရင်းအနှီး ပိုရှိသလဲ ) ဆိုတာ ကမ္ဘာနဲ့ချီပြီး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပါ။ ကြိုက်သည် ဖြစ်စေ မ ကြိုက်သည် ဖြစ်စေ ဈေးကွက် စီးပွားရေးက တွက်မှကို ရပါတယ်။ တစ်။ မရှုံးရေး။ နှစ်။ အမြတ် ရရှိရေး။ သုံး။ မြတ်နိုင်သမျှအမြတ် ရရှိရေးပါ။ ပြီးတော့မှ လှူချင် လှူပေါ့။

ပြည်ကြီးတရုတ်တွေနဲ့စာရင် စင်္ကာပူတရုတ်၊ မလေးတရုတ်တွေက အများကြီး အက်သစ်ကယ် ပိုဖြစ်ပါတယ်။ ဆက်ဆံကြည့်ပါ။
ဒါပေမယ့် တိုးတက်ဖို့ အတွက် ဘာသာစကားကို အလျော်ပေးလိုက်ရတာမျိုးကတော့ နည်းနည်း အရင်းများသွားသလား ထင်ရပါတယ်။ သူ့ အနေအထားနဲ့ သူပေါ့လေ။


လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့် များ ( ၅ )

" စင်ကာပူမှာ အလကားသုံးလို့ရတာ အိမ်သာပဲရှိတယ် ကျန်တာတခုမှ free မရဘူး "
" တချို့ဈေးအိမ်တွေက၁၀ပြားပေးရတယ် "

ဘာမှ အလကား မရဘူးဆိုတာ တော်တော်များများ မှန်နိုင်ပါတယ်။ ( ထူးထူးခြားခြား သတင်းစာလေးတွေ တချို့ အလကား ဝေပါတယ် ) အိမ်သာတွေ အတွက် သိသိသာသာကြီး မပေးလိုက်ရဘူး ဆိုရင်တောင် ပုံစံတစ်မျိုးမျိုးနဲ့ ယူထားမယ်ထင်တယ်။ ဥပမာ ရထားဘူတာတွေလိုမှာပေါ့၊ ရထားစီးခထဲမှာ ထည့်တွက်ထားမယ်လို့ ထင်ပါတယ်။ လေယာဉ်ဆိပ်မှာတော့ ခရီးသွားသူ မဟုထ်ရင် အခွန်ရဖို့ လမ်းမမြင်ဘူး။

အိမ်သာရယ် ဆေးရုံဆေးခန်းတွေရယ်ဟာ ကျန်းမာရေး၊ လူမှုရေး ရှုဒေါင့်တွေအရ နံပါတ်တစ် ဖြစ်နေရမယ်လို့ တိုးတက်ပြီး နိုင်ငံကြီးတိုင်း ( အိန္ဒိယက လွဲရင် ) လက်ခံကျင့်သုံးကြပါတယ်။ စင်ကာပူတော့ နိုင်ငံကသေးတော့ သူများတွေထက်ပိုပြီး ဂရုစိုက်နိုင်တာပေါ့။


ရိုးရိုးသားသားပြောရရင် ကမ္ဘာ့ခရီးသွားနဲ့ စီးပွားရှာမယ့် နိုင်ငံတိုင်း ဒီ စနစ်ရှိရပါမယ်။ မြန်မာပြည်ရောက်တဲ့ နိုင်ငံခြားသားတိုင်း ဒီ ဒုက္ခကို ရင်ဆိုင်ကြရတယ်။ ကျန်တာတွေကောင်းတယ်၊ အဲဒါက တော်တော် စိတ်ညစ်စရာ လို့ ပြောကြတယ်။
အရေးကြုံလာရင် ပိုက်ဆံပေးရတာက ပြဿနာကြီးမဟုတ်လှပါဘူး။ ဒီ ပြဿနာ ဘယ်သွားရှင်းရမလဲ ဆိုတာ မသိရခြင်းကသာ ဇောချွေးပျံရတာပါ။ နှာခေါင်းပိတ်၊ အသက် မရှုရဲတဲ့ အိမ်သာထဲဝင်ဖို့ထက် ၁၀ ပြားပေးရတာက မဆိုးဘူးထင်ပါတယ်။

ပြီးတော့ ဆေးရုံဆေးခန်းတွေပါ။ မဖြစ်လို့ သွားရပေမယ့် မသွားချင်တဲ့ နောက်ထပ်နေရာတစ်ခုပေါ့။
စင်ကာပူ ဆေးရုံဆေးခန်းတွေရဲ့ ပေါ်လစီက စိတ်ကိုလည်းကု ရောဂါလည်းကု ပါ။ ကျနော်တို့နိုင်ငံက ဆရာဝန်တွေ၊ နာ့စ်တွေ ( တချိ့လို ) မျက်နှာထားကြီးတွေနဲ့ မကျန်းမာရှာတဲ့ လူနာကို မအော်ကြ မငေါက်ကြဘူး။ လူငယ်ဆရာဝန်တွေဆိုရင် ပိုပြီးတောင် ဖော်ရွေသေးတယ်။ စိတ် ချမ်းသာတယ်။ ဒါတွေကို အလကားတော့ မရဘူးပေါ့။ ဒါဟာ ခေတ်သစ် လူနေမှုစနစ်၊ ဝန်ဆောင်မှုစနစ်ပါ။ မှန်တယ်လို့လည်း ထင်ပါတယ်။

အလကား ရတာ မရတာ အပထား။ အိမ်သာနဲ့ ဆေးရုံဆေးခန်း ဝန်ဆောင်မှု အဆင့်မရှိသေးရင် အဲဒီ လူ့ အဖွဲ့အစည်းလည်း သိပ်မစွံသေးပါဘူး။ ရှောင်လွှဲမရတဲ့ နေရာတွေမို့ပါ။

ဒါ့ကြောင့် လူတော်တွေ ဘယ်လောက်ရှိရှိ အိန္ဒိယ ဟာ ကမ္ဘာ့စံ နဲ့ ဝေးနေရတာပါ။ စိတ်ညစ်ညစ်နဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေကြောင့် သွားနေရတဲ့ နေရာတွေမှာ အိန္ဒိယက နံပါတ် တစ် ပဲ။ မြန်မာက နံပါတ် နှစ် မဖြစ်သင့်ဘူး။ ဒါပေမယ့် အလကားတော့ ရပါရဲ့ ဆေးရုံတွေမှာ၊ ဘူတာရုံတွေမှာ၊ ဈေးတွေမှာ၊ အဝေးပြေးကားဂိတ်တွေမှာ အိမ်သာတွေက ညစ်ပတ်လွန်းတယ်။

ကမ္ဘာ့ခရီးသွား ထွန်းကားရင် အိမ်သာတွေသန့်ရှင်းဖို့ အဓိက လိုပါတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ စီးပွားရေးလို့တောင် ပြောလို့ရပါတယ်။ မရှိလို့ကတော့ တကယ် ဒုက္ခရောက်တဲ့ ကိစ္စပါ။


လေးစားလျက်
ဇင်ဝေသော် ( ကမ်းလက် )

ပြန်ချင်တဲ့ ကွန်မင့်များ ( ၄ )

" ယန္တယား တခုလုံးကို စီးပွားေ၇း တွက် တွက် ထားတဲ့ စင်ကာပူ... "

ဒီကွန်မင့်လေးကိုကြည်ပြီး ပြုံးမိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ( ဦး ) သီဟနာဒ မိန့်တာလေးကို ပြန်ဝေလိုက်ပါတယ်။

" ငါ ရောက်တော့ ဒီကျောင်းရဲ့ အရောင်က အစိမ်းရာင်ကြီးကွ၊ ဒါနဲ့ ငါက စပြီးဝေဖန်တာ၊ အရှေ့အလယ်ပိုင်း ရောက်နေရသလို ပဲ လို့။
ကျောင်းရဲ့ နှစ် ၅၀ ပြည့်ပွဲလုပ်တော့မယ်ဆိုတော့ ကျောင်းကို ဘာအရောင်သုတ်ရင် ကောင်းမလဲ လို့ အရင် စဉ်းစားရတာပေါ့။ ဒီဇိုင်နာ သုံးယောက်နဲ့ တွေ့ပြီးလည်း ဆွေးနွေးကြည့်တယ်။ နောက်ဆုံး ဘာသာရေးနဲ့ လိုက်ဖက်တဲ့ အခုရှိတဲ့ အရောင်ပဲ သုတ်မယ်ဆိုပြီး ကျောင်း ဥက္ကဋ္ဌ နဲ့ တိုင်ပင်ကြည့်လိုက်တယ်။

ဒီလူက ဘန္တေ၊ ကောင်းတယ်။ အရင် အရောင်ပဲ ထပ်သုတ်ရင်တော့ ငွေလှူထားတဲ့ လူတွေက ဘာမှလည်း မထူးဘူးလို့ ပြောကြလိမ့်မယ် တဲ့။

ငါ့မှာ ပရော်ဖက်ရှင်တွေနဲ့ အမြင်တွေ၊ လိုက်ဖက်မယ့် အရောင်တွေ စဉ်းစားလိုက်ရတာ၊ သူကတော့ လွယ်လွယ်လေး၊ အရင် အရောင် မဟုတ်ရင် အလှူရှင် ကွန်ပလိန်း မတက်တော့ဘူး တဲ့။
အဲဒါ စလုံး အများစုရဲ့ သဘောထားပဲ "

" ယန္တယား တခုလုံးကို စီးပွားရေး တွက် တွက် ထားတဲ့ စင်ကာပူ... "
အဲသလိုတော့ မပြောချင်ပါဘူး။ ဒါပေမယ့် တော်တော် များများ ကြုံရတာကတော့ အဲသလိုလို ပဲ။


လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၃ )

၁ ။ စလုံးမှာ ကျောင်းပြီးထားပြီး မြန်မာပြည်ပြန် အလုပ်လုပ်တယ်ဆိုတဲ့သူတွေထဲမှာ တကယ်ပြန်ချင်လွန်းလို့ ပြန်တဲ့သူလည်း ရှိပါတယ် ... သို့သော် အများစုဟာ စလုံးမှာ နေထိုင်ခွင့်မရလို့သာ ပြန်ကြရတယ်ဖြစ်ပါတယ် ... အဲဒီလို ပြန်ကြသူတွေထဲမှာ ဘယ်နှစ်ရာခိုင်နှုန်းကများ  ကျွန်တော်ကျွန်မတို့ နေထိုင်ခွင့်မရလို့ ပြန်လာကြရပါတယ်လို့ ရိုးရိုးသားသား သူတော်ကောင်းလုပ်ပြီး ၀န်ခံမယ် ထင်ပါသလဲ ...

၂ ။ ပြောတော့ လွယ်တယ်ဗျာ....ကိုယ့်မြန်မာပြည် ကို ပြန်လာရင်လဲ ဘာအလုပ် အကိုင်မှမရှိ ဘူး..ရှိတော့ရှိပါတယ် .?တစ်နေ့လုပ်ခ ပိုက်ဆံက ၁၅၀၀ ဗျာ. ထမင်းတခါးစားရင် ၈၀၀ ဗျာ ဒါတောင်မှ အဝစားမဟုက်ဘူးနော် သတိ September 27 at 9:01pm · Unlike · 4

၃ ။ 50/50...yes and no par...I came back 1999/2000...after 2003..very bad economy..now a little of blink..and shine shine..but still money make everything in Myanmar..
September 26 at 2:25pm ·


ဒီ ကွန်မင့် သုံးခုကတော့ ဆောင်းပါးကို ကောက်ချက်ချ ပုံ နည်းနည်းလေး ချော်နေပါတယ်။ ကျနော် ဇောင်းပေးရေးတာက ဟိုက လူငယ်တွေ " လာသင့် မလာသင့် " ပါ။ ဒီမှာ အခြေကျပြီးသားလူတွေ " ပြန်သင့် မ ပြန်သင့် " မဟုတ်ပါဘူး။
ကွန်မင့်  တစ် ကို ကြည့်ရင် ဒီမှာ ဘွဲ့ရတာတောင် ဘဝဟာ မရေမရာ ပဲ ဆိုတာ ပြောနေပါတယ်။

ကွန်မင့်  နှစ် ကလည်း နိုင်ငံခြားမှာ အနေကြာပြီး ရန်ကုန်ပြန်ရောက်တော့ " တွေ " သွားတာ၊ ရန်ကုန်က ရေစီးနဲ့ အံမဝင်တတ်တာကိုပဲ ပြောနေပါတယ်။

ကွန်မင့်  သုံး ကလည်း ဒီ သဘောပါဘဲ။ အပြန်ခက်တဲ့ အကြောင်းပါ။

ကျနော် ဆွေးနွေးတဲ့ " လာသင့် မလာသင့် " က လူငယ်တွေ အဲ သလိုြံကုံရမှာကို စိုးရိမ်လို့ အရဲစွန့်ပြီး ရေးမိတာပါ။
မြို့ကနေ ရွာပြန်ရောက်တော့ မြို့ပြန်ဆိုပြီး လယ်ထဲ မဆင်း ချင်။ နိုင်ငံခြားကနေ ရန်ကုန် ပြန်ရောက်တော့ တစ်နေ့လုံး လုပ်မှ  နိုင်ငံခြား တစ်နာရီ ဝင်ငွေတောင် မရှိ ဆိုပြီး အလုပ်လုပ်ချင်စိတ် ပျောက်သွားတတ်တာ။ ဒါတွေပါ။

ဟိုမှာ အမြဲနေသူတွေမှာ ဒီလို အတွေးတွေ မရှိတော့ ရေစီးအတိုင်းပဲ ပုံမှန် စီးနေနိုင်တယ်။ ဒါက စိတ်ဓာတ်အပေါ် ထိရိုက်သွားတဲ့ နိုင်ငံခြားပြန် အကျိုးဆက်ပါ။ မမှားပေမယ့် မကောင်းတော့ဘူး။ ပရောဒတ်တစ်ဗ် မဖြစ်တော့ဘူး။

ဒီကောင့်စာ ဖတ်မိလို့ စင်္ကာပူ မသွားဖြစ်တာ၊ နို့မို့ဆို ဘာညာ စတဲ့ ဘေးထွက် ဆိုးကျိုးတွေကိုလည်း စဉ်းစားရပါတယ်။ မဖြစ်စေ၊ အကျိုးမယုတ်စေချင်ပါဘူး။ ဒါ့ကြောင့် ဖွင့်ထားတဲ အမြင်ကို ပြောတာပါ။

နောက်ပြီး အမြင်မှန်တွေရ၊  အတ္တတွေ ခဝါချပြီး အားနဲ့ မာန်နဲ့ နိုင်ငံတော်ကို တည်ဆောက်ယူနေကြရတဲ့ သမ္မကြီးတို့၊ ဒေါ်စုတို့ လက်ကြားကနေ ပညာတတ်တွေ ယိုစိမ့်ထွက်သွားမှာ စိုးရိမ်တာလည်း ပါတာပေါ့။

ကိုယ်က ဘာကောင်မှ မဟုတ်ပေမယ့် ကိုယ်ယူနိုင်တဲ့ တာဝန်လေးကို ကူထမ်းမိတာပါ လို့လည်း ဝန်ခံရမှာပါ။
ဘာမှ ကြီးကြီး ကျယ်ကျယ် မဟုတ်ပါ။


လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၂ )

ပညာမတတ် ဘွဲ့မရရင်လာလို့မရဘူးထင်တယ်နော်...
September 27 at 11:35pm


ပညာတတ်၊ ဘွဲ့ရ ဆိုတာကလည်း ဘယ်ဘွဲ့ရတာလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။ မြန်မာစာတို့ သမိုင်းတို့ လောတို့ဆိုရင် ပညာတတ်ထဲ မဝင်ပါဘူး။ ဝမ်းနည်းစရာပါ။

အဓိကအားဖြင့် အင်ဂျင်နီယာ၊ အကောင့် ( ACCA ပြီးမှ LCCI ) ကွန်ပျူတာတို့နဲ့ ရထားရင်တော့ မဆိုးပါဘူး။

ပညာမတတ် ဘွဲ့မရလည်း လာလို့တော့ ရပါတယ်။ အလုပ်ကြမ်းတွေ လုပ်ရမှာပေါ့။ မိန်းကလေးဆိုရင် အိမ်ဖော်တို့ နာ့စ်အကူတို့ လုပ်ရမှာ။ ယောက်ျားလေးတွေဆိုရင် ဆောက်လုပ်ရေးတို့ သင်္ဘောကျင်းတို့မှာပေါ့။ ကျနော့် မိတ်ဆွေတစ်ယောက်ဆိုရင် သူက ငွေစိုက်ပြီး သူ့ရွာသားတွေကို ခေါ်တယ်။ သင်္ဘောကျင်းမှာ လုပ်ကြရတယ်။ ပထမ တစ်လ နှစ်လ လောက်က တွေ့တုန်းမေးကြည့်တော့ အဆင်ပြေတယ်လို့ ပြောကြတယ်။ တဖြည်းဖြည်းနဲ့ ကြာတော့ သိပ်မစွံဘူးလို့ ပြောတယ်။
အဓိက က အိုဗာတိုင် မဆင်းရရင် မကိုက်တော့ဘူး။ သူ တို့ နောက်ဆုံး ရွာပြန်သွားကြတယ်။

အေးဂျင့်ကို ပေးရတာတွေ၊ ပြဿနာ ဖြစ်ရင် ဘာသာစကား မပြောတတ်တော့ သူများကိုပဲ အားကိုးနေရတာတွေ စုံလို့ပဲ။
နောက် ပြဿနာက ရွာရောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တာပဲ။ စိတ်ဓာတ်ပါ ပျက်သွားတယ်။
ကျနော်ကိုယ်တိုင်ကတော့ ခေါ်လို့ရတာတောင် အမျိုးထဲက လူငယ်တွေကို မခေါ်ဘူး၊ ကိုယ့် နိုင်ငံထဲမှာ တက်လမ်းရှာဖို့ပဲ ပြောမိတယ်။ အနာဂတ် မရှိဘူး ထင်လို့။

ကျနော်မှားချင် မှားမှာပါ၊ အခွင့်သင့်ရင် ကြိုးစား ကြည့်ပါလား။ နောက်ဆုံးတော့ ကံ ပါဗျာ။
ကျနော့် ဝန်းကျင်မှာ အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးဆိုရင် အိမ်ရှင် ဆရာမဟောင်း ဗုဒ္ဓဘာသာ တရုတ်မကြီးကပဲ သူ့ စကား နားထောင် နေရသလိုလို။ သူက လက်သည်းရှည် လက်သည်းနီတွေနဲ့။

ပေါ်လစီကို ခန့်မှန်းရဲပေမယ့် " ကံ " ကတော့ ဘုရားရှင်ရဲ့ အရာ ဖြစ်နေတယ် မဟုတ်လား။


လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၁ )

( စင်္ကာပူကို လာသင့် မလာသင့် ထဲက ကွန်မင့်တချို့ကို သိပ်များသွားတဲ့ အတွက် မပြန်နိုင်ခဲ့ပါဘူး။ အခု ပြန်ဖတ်တော့ ပြန်သင့်တဲ့ ကွန်မင့်တချို့ တွေ့ရပါတယ်၊ အကျိုးရှိလောက်တာလေးတွေကို တတ်နိုင်သရွေ့ ရွေးပြီး ပြန်လိုက်ပါတယ်။ )

မြတ်စွာဘုရား singlish ကိုတောင် အတီးအတပြောနေရတဲ့ကောင်တွေလောက်တောင် ငတို့ဘန်းကျော်သားတွေ အီးလို မတတ်ဘူးဆိုပဲ
လေပကွာ
ဘယ်သူတွေကို ဘယ်လိုကြည့်ပြီး ပြောလေတယ်မသိဘူး
September 26 at 12:55pm ·

ပထမဆုံးပြောချင်တာက ဘွဲ့ရတွေ မဆိုထားနဲ့ အေ လယ်ဘယ်လောက် အောင်တဲ့သူတွေတောင် အင်္ဂလိပ်စာကို ကောင်းကောင်း တတ်ပါတယ်။ မတတ်နေမလား၊ အများစုက အိမ်မှာရော ကျောင်းမှာပါ အင်္ဂလိပ် ပဲ သုံးကြတာကိုး။

စကားပြောတဲ့လေသံက singlish မို့ လားတွေ၊မားတွေ ပါနေကြတာပါ။ ဒါက သူတိုချင်း နေ့စဉ်သုံး နဲ့ ဖုန်း မက်ဆေ့တွေမှာ တွေ့ရတာပါ။ စနစ်တကျ ပွဲတွေ လမ်းတွေမှာပြောရင် ပညာတတ်တွေက ( ရယ်စရာက လွဲရင် ) လား လဲ တွေ မပါကြဘူး။
အင်္ဂလိပ် လို ရှယ်ရေးနိုင်တယ်။ စတန်းဒတ် အင်္ဂလိပ်စကားကို တစ်ခေါက် နားထောင်ရုံနဲ့ ရာနှုန်းပြည့် ( နီးပါး ) နားလည်တယ်။

အထူးမှတ်သင့်တာက အင်္ဂလိပ် မီဒီယာနဲ့ ကမ္ဘာ့ တက္ကသိုလ်တွေကို တက်ဖို့ တိုဖယ်တွေ ဘာတွေ သူတို့ မဖြေရဘူး။ တတ်လို့ပေါ့ ဗျာ။ စကားပြောတဲ့လေသံကတော့ သူတို့ အသံနဲ့ သူတို့ပဲ ထွက်မှာပေါ့။ လမ်းပေါ်က လေသံကို နားထောင်ပြီး မတတ်ဘူးထင်ရင် မှားပါတယ်။ ပညာတတ်တွေက နေရာကြည့်ပြီး အင်္ဂလိပ် လိုလည်း ပြောတယ်၊ singlish လိုလည်း ပြောပါတယ်။


လေးစားလျက်
ဇင်ဝေသော်

“စင်ကာပူကိုလာသင့် မလာသင့်နဲ့ လွင့်မျောပြာစများ” (ကမ်းလက် ၁၁ လပြည့် အမှတ်တရ)

ကမ်းလက် ( ၁၁ ) လမြောက်မှာ အမှတ်တရလေး တစ်ခုခု တင်ဖို့ရှိပေမယ့် ပြောင်းလိုက်ပါတယ်။ ဒါလည်းပဲ အမှတ် တရ လို့တွေးမိလို့ပါ။ ကျနော်တို့ ဖေ့စ်ဘွတ် နဲ့ ဘလော့ဂ် မှာ လီကွမ်းယုရဲ့ စာအုပ် ဘာသာပြန် တင်ရာက စလို့ စာဖတ်သူ အရေအတွက်ဟာ သိသိသာသာ တက်လာခဲ့ပြီး " စင်္ကာပူကို လာသင့် မလာသင့် " လည်းတင်လိုက်ရောစာဖတ်သူ အရေအတွက် မယုံနိုင်လောက်အောင် တက်လာတာ တွေ့ရပါတယ်။ ဆိုလိုတာကတော့ ဒီစာမူတွေဟာ ကမ်းလက်အပေါ် တာဝန်တွေ ပိုပေးလိုက်သလို ဖြစ်နေပါတော့တယ်။ ကျယ်ဝန်းတဲ့ လူမှုရေး၊နိုင်ငံရေး ဒိုင်မင်းရှင်းတွေဟာ ဆောင်းပါးတို တစ်ပုဒ်နဲ့ လုံးဝ မကာမိနိုင်ပါဘူး။ ဒီ " စင်္ကာပူကို လာသင့် မလာသင့် "စာမူ ရေးဖြစ်ဖို့ ကျနော်တို့ ပေ့ဂ်ျ အပေါ်မှာ ကွန်မင့် ရေသွားတဲ့ ညီမငယ် တစ်ယောက်ကို ကျေးဇူးစကား ဆိုပါတယ်။ အခု " လွင့်မျော ပြာစ " များအတွက်လည်း နောက်ထပ် ညီမငယ် တစ်ယောက်ကို ကျေးဇူးစကား ဆိုပါရစေ။
ဇင်ဝေသော်

ဒီဆောင်းပါးကို လူစိတ်ဝင်စားတဲ့ပမာဏက ကျွန်တော်ခန့်မှန်းတာထက် အများကြီးပိုသွားတယ်။ လူပိုဖတ်ပြီဆိုတာနဲ့ အန္တရာယ်လည်း ပိုရှိလာပါတယ်။ ဒီတော့ ဆောင်းပါးတစ်ပုဒ်တည်းမှာ ချုပ်ပြီးရေးလိုက်တော့ တစ်ချို့ရှင်းရှင်းလင်းလင်း မရှိတာတွေ ပါကောင်းပါသွားနိုင်ပါတယ်။ ဒါကြောင့် လွင့်မျောပြာစ အနည်းငယ်လည်း ရှိလာခဲ့ပါတယ်။ ဒါကြောင့် ထပ်ပြီးရေးလိုပါသေးတယ်။

ကျွန်တော်ဆွဲခဲ့တဲ့ ကောက်ချက်တွေဟာ အများအားဖြင့် လီကွမ်းယုရေးတဲ့ ကိုယ်ရေးမှတ်တမ်းတွေရယ်၊ အခု ကျွန်တော်ဘာသာပြန်နေတဲ့ “ နားဝင်မချိုတဲ့ အမှန်တရားတချို့( Hard Truth : To Keep Singapore Going) ရယ်၊ သူပုံမှန် သတင်းစာမှာရေးတတ်တဲ့ ဆောင်းပါးတွေရယ်၊ ကြုံတွေ့ရတာတွေကို အခြေခံပြီးဆွဲခဲ့တဲ့ ကောက်ချက်တွေပါ။ ဘာလို့ လီကွမ်းယုလဲ…။ ဒီအဖိုးကြီး ဒိတ်အောက်နေပါပြီ။ ဒီလိုပြောသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က လီကွမ်းယုကို နှစ်ခြမ်းခွဲပစ်လိုက်ပါတယ်။

၁။ ပစ္စုပ္ပန်ကနေ အတိတ်ကို လှမ်းကြည့်တဲ့ လီကွမ်းယု နဲ့
၂။ ပစ္စုပ္ပန်ကနေ အနာဂတ်ကို လှမ်းကြည့်တဲ့ လီကွမ်းယုပါ။

ပစ္စုပ္ပန်ကနေ အတိတ်ကိုကြည့်ရင်း ချမှတ်တဲ့ သူ့သုံးသပ်ချက်တွေက ရက်စက်တယ်။ ဒီခေတ်လူတွေနဲ့ သဟဇာတသိပ်မဖြစ်တော့ဘူး။ မှားပါတယ်လို့လည်း ငြင်းဖို့တော့အခက်။ ဘာပဲဖြစ်ဖြစ် ဒီလီကွမ်းယုကိုတော့ ကျွန်တော် လက်ရှောင်ပါတယ်။

ပစ္စုပ္ပန်ကနေ အနာဂတ်ကိုလှမ်းကြည့်တဲ့ လီကွမ်းယုကို မျက်ကွယ်ပြုရင်တော့ မှားတာပါပဲ။ အသက်ရှစ်ဆယ်ကျော်၊ နေ့တိုင်းပုံမှန် ရေကူးဆဲ၊ အိုင်ကျူအဆင့် တစ်ရာကျော်တဲ့ လီကွမ်းယုရဲ့ အနာဂတ်ကောက်ချက်တွေက သွေးထွက်အောင် မှန်နေတုန်းပဲ။ ဒါကြောင့်လည်း ပြင်သစ်က တိုတယ်(ရေနံ) ကုမ္ပဏီ၊ ဂျာမဏီက မာဆီးဒီး (ကား) ကုမ္ပဏီတွေမှာ အကြံပေးအဖွဲ့ဝင်ဖြစ်နေတာ မဟုတ်လား။

ဒါတွေအထဲက သုံးချက်လောက် ကျွန်တော်ထုတ်ပြပါ့မယ်။
၁။ အရှေ့အလယ်ပိုင်းကနေ ကူးစက်လာနိုင်တဲ့ ဘာသာရေးပြဿနာတွေ။
၂။ လူမှုရေးထဲမှာ ပြောစရာတွေဖြစ်လာနိုင်တဲ့ လိင်တူဆက်ဆံမှု၊ လိင်တူအိမ်ထောင်ပြုမှုတွေ။
၃။ စီးပွါးရေးမှာ နိုကီယာ(ဆဲလ်ဖုန်း) ကုမ္ပဏီကို ဂျပန် (သို့) ကိုရီးယားကုမ္ပဏီတစ်ခုခုကဖြုတ်ချလိမ့်မယ်ဆိုတာတွေဟာ သွေးထွက်အောင်မှန်နေတဲ့ အနာဂတ်ဟောစာတမ်းတွေပါ။

ဟုတ်ပြီ။ ဒါဆိုရင် ကျွန်တော်တို့ မြန်မာတွေနဲ့ဆိုင်တာက ဘာလဲ။

ဒီမှာ ကျောင်းသားတွေနဲ့ပတ်သက်လို့ ကျွန်တော်ထပ်ရှင်းပါမယ်။
ပထမဆုံး စင်ကာပူအားကိုးတဲ့ အာဆီယံနိုင်ငံတွေထဲက ကျောင်းသားတွေဟာ ဗီယက်နမ်တွေပါ။ ယေဘုယျကိုကြည့်ရင် ဗီယက်နမ်ကျောင်းသားတွေဟာ မြန်မာတွေထက် ပိုတော်ပါတယ်။ (မကြိုက်လည်း မတတ်နိုင်ဘူး။ ဒါက စင်ကာပူနဲ့ အမေရိကတို့က လက်ခံထားတဲ့ အချက်ပဲ။ ကျွန်တော့် အယူအဆမဟုတ်။) ဒါပေမယ့် နိုင်ငံရေးပြေလည်သွားကြတဲ့နောက် ဗီယက်နမ်တွေကလည်း ကျောင်းပြီးရင် အမေရိကကူးဖို့နဲ့ ဗီယက်နမ်ပြန်ဖို့ တော်တော်များများ စဉ်းစားလာကြတယ်။ ဒါကို စင်ကာပူအစိုးရ (အဓိက) လီကွမ်းယုက သိတယ်။ တတ်နိုင်သလောက်ထိန်းတယ်။ ထိန်းလို့မရရင် ဘယ်လိုလုပ်မလဲဆိုတဲ့အဖြေကို ထုတ်တယ်။

ဒီမှာ လီကွမ်းယုရဲ့ ဆိုလူးရှင်းက - “ ဈေးချိုချိုနဲ့ထုတ်မယ့်ပစ္စည်းတွေမှာ ငါတို့ သူတို့ကို မယှဉ်နိုင်ဘူး။ ဒီတော့ ပစ္စည်းအရည်အသွေးကိုမြှင့်ပြီး ဈေးကြီးကြီးပစ္စည်းတွေ သူတို့နဲ့မတူအောင်ထုတ်နိုင်မှ အဆင်ပြေမယ်” လို့ ပြောခဲ့တယ်။ ရိုးရိုးခေါင်းကလေးပဲ သုံးပါ။ နိုင်ငံခြားသားအများစုဟာ ဘာကြောင့် သူများနိုင်ငံကို လာချင်ကြတာလဲ။

၁။ ပညာရေး အဆင့်မမှီသေးလို့ -
၂။ နိုင်ငံရေး မလွတ်လပ်လို့ -
၃။ စီးပွါးရေး၊ ကျန်းမာရေးစတာတွေ အားနည်းလို့ - ။
ဒါပါပဲ။ (တစ်ချို့ (လူနည်းစု) ကတော့ ပင်ကိုယ်ကကိုပဲ နယ်ခြားမြေခြားသွားရ၊ ပညာရှာရ၊ အလုပ်လုပ်ရတာကို သဘောကျတတ်ပါတယ်။ ဒါက လူနည်းစုပါ။)

၈၈- အရေးအခင်းကြီးဖြစ်ပြီးတဲ့နောက် စင်ကာပူအာရုံကျလာတာက မြန်မာအင်ဂျင်နီယာကျောင်းသားတွေ၊ ကျောင်းပြီးပြီးသား ဘွဲ့ရတွေပါ။ ဘာကြောင့်လဲ။ နိုင်ငံရေးကြောင့်။ အဲဒီ အင်ဂျင်နီယာတွေကို အများဆုံးရလိုက်တာက စင်ကာပူပဲ။ ကျွန်တော်ရောက်သွားတဲ့ အိမ်တစ်အိမ်မှာ အညာက အင်ဂျင်နီယာတွေနှစ်ဆယ်ကျော် တပြိုင်နက်တွေ့ခဲ့ရတယ်။ တချို့က မာစတာ တက်၊ တစ်ချို့က အချိန်ပိုင်း မာစတာ တက်၊ အချိန်ပိုင်း အလုပ်လုပ်၊ တစ်ချို့က ဒေါက်တာဘွဲ့ယူဖို့ သုတေသနလုပ်နေကြတယ်။

အခုပြောမှာက ကျွန်တော့်ကောက်ချက်ပါ။ မှန်နိုင်၊ မှားနိုင်ပါတယ်။
ဗီယက်နမ်တွေအပြီး စင်ကာပူရဲ့ပစ်မှတ်က မြန်မာအင်ဂျင်နီယာကျောင်းသားတွေပဲ။ နိုင်ငံထဲမှာ ဝင်ငွေမရှိ။ အလုပ်မရှိ။ အဖမ်းအဆီးက များ။ ဒီတော့ စင်ကာပူက ရက်ရက်ရောရော တံခါးဖွင့်ပေးလိုက်တယ်။ (စင်ကာပူက စက်မှုတက္ကသိုလ်အဖွဲ့ကြီးခင်ဗျား။ ၈၈- နောက်ရောက်လာတဲ့ အင်ဂျင်နီယာဦးရေ ဘယ်လောက်ရှိပါသလဲ။ စာသင်ခန်းလိုက် ရောက်လာကြတယ် ကြားမိသလားလို့ပါ။) ၈၈- နောက်ပိုင်း ဘာလို့ အင်ဂျင်နီယာတွေ ထွက်ပြေးလာကြတာလဲ။ ထပ်ပြောပါရစေ။

နိုင်…………ငံ…………..ရေး……….ကြောင့်။

ဒီနေ့ နိုင်ငံရေးပြောင်းလဲလာနေတယ်။
စင်ကာပူအစိုးရ မရူးဘူး။ ဗီယက်နမ်တွေပေးတဲ့သင်ခန်းစာ သူတို့ ယူထားပြီးပြီ။ ညီမလေးရေ။ စင်ကာပူအစိုးရက မရူးဘူးကွဲ့။

စင်ကာပူမှာ လူမျိုး၊ နိုင်ငံအပေါ်မူတည်ပြီး ချမှတ်တဲ့သီးသန့်ပေါ်လစီ မရှိဘူး။ ဟုတ်တယ်။ မရှိဘူး။ မဲရစ်တိုခရေစီ။ မင်းစွမ်းရင် မင်းရမယ်။ ဒါက ယေဘုယျ “စံ”။ ရာနှုန်းပြည့်တော့ မမှန်သေးဘူး။

“အိမ်ပြန်မယ့် ကျောင်းသားမှန်း ၇၅ ရာနှုံးသေချာရင် ပိုက်ဆံတွေအကုန်ခံပြီး ဘာလို့ သူ့ကို ပညာတွေသင်ပေးနေမှာလဲ” ဒါက လော့ဂျစ်။ သေချာတယ်။ ၈၈- အပြီး အင်ဂျင်နီယာကျောင်းသားလောက် ဒီနေ့ အင်ဂျင်နီယာကျောင်းသား အခွင့်အရေးမရဘူး။ ဒီတော့ လက်ရှိဒီမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက် ဘာမှ ထူးထူးခြားခြား မဖြစ်ဘူး။ စွမ်းရင် ရ၊ မစွမ်းရင် ကျ။

ဒါပေမယ့် အခုလာတက်မယ့် ကျောင်းသားတွေကိုတော့ စင်ကာပူက “ဒီကောင်တွေ သူတို့နိုင်ငံက ပညာရေးမစွံလို့လာတာ။ စိတ်ထဲက အိမ်ပြန်ဖို့ပဲတွေးနေတဲ့ကောင်တွေ” ဆိုပြီး သံသယစိတ်နဲ့ကြည့်ပြီး စကောလားပေးဖို့ တော်တော်စိစစ်လိမ့်မယ်။ ရလောက်ပြီ။ မရလည်း ရှိစေတော့။

ပိုကျယ်တဲ့နယ်ပယ်ကို ထပ်ပြောကြည့်မယ်။
မလေးရှားကနေ စင်ကာပူလာပြီး အလုပ်လုပ်ကြတယ်။ ဘယ်လိုလူတွေလဲ။ မလေးတရုတ်တွေ။အင်ဒိုနီးရှားကနေ စင်ကာပူကိုလာပြီး အလုပ်လုပ်ကြတယ်။ အင်ဒိုတရုတ်တွေ။ မလေးစစ်စစ်၊ အင်ဒိုစစ်စစ်က ခဏပဲလာမယ်။ ရေရှည်မနေဘူး။ ဘာကြောင့်လဲ။ ဘာသာရေးနဲ့ ပတ်သက်ပြီး အခွင့်ထူးခံခွင့် စင်ကာပူမှာ မရှိလို့။

မြန်မာပြည်ကနေ့  စင်္ကာပူကို လာပြီး အလုပ်လုပ်နေသူတွေထဲမှာ မြန်မာပြည်ဖွား တရုတ် စစ်စစ်တွေ ပါတယ်။ ၅၀၊၅၀ တွေ ပါတယ်၊ အညာဒေသ ကုန်း ခေါင်ခေါင်က အသားညိုညို မြန်မာတွေ၊ အသား လတ်လတ် မြန်မာပြည်အောက်ပိုင်းက မြန်မာတွေ၊ တိုင်းရင်းသားတွေ ပါတယ်။ ရာနှုန်းပြည့် မြန်မာစစ်၊ တိုင်းရင်းသားစစ်တွေ။ နိုင်ငံရေး ပြောင်းလဲလာတဲ့နောက် မြန်မာတွေ၊ တိုင်းရင်းသားတွေ အိမ်ပြန်ချင်စိတ် မပေါက်လောက် ဘူးလား။ မလေးစစ်၊ အင်ဒိုစစ်တွေလို။ မြန်မာတွေ၊ တိုင်းရင်းသားတွေက ဘာကြောင့် အိမ်ပြန်ချင်စိတ်ပေါက်ရတာလဲ။

ဘာသာတရားနဲ့ ယဉ်ကျေးမှုကြောင့်။

ဒီတော့ ကျနော် မေးမယ်။
၁ ။ဒီနှစ် ပီအာ တင်တဲ့ မြန်မာတွေ၊ တိုင်းရင်းသားတွေထဲမှာ ဘယ်နှယောက် ပီအာ ရပြီး ဘယ်နှယောက် ရီဂျက် ထိသလဲ။ ( ကျနော့် ဝန်ကျင်မှာတော့ ရီဂျက် ထိသူတွေပဲ များနေတယ် )
၂။ စီတီဇင် လျှောက်လွှာ တင်တဲ့ မြန်မာတွေ၊ တိုင်းရင်းသားတွေထဲမှာ ဘယ်နှယောက် စီတီဇင် ရပြီး ဘယ်နှယောက် ရီဂျက် ထိသလဲ။ ( အတွင်း သတင်း သဲ့သဲ့ ကြားရတာကတော့ မြန်မာတွေ အတွက် ကိုယ်တာ ကုန်ပြီ တဲ့။ ဘယ်လောက် မှန်မလဲတော့ မသိဘူး ။ ရီဂျက် ထိတယ် ဆိုတဲ့ အသံတွေပဲ ကြား ကြားနေရတယ် )

ဒါပေမယ့် ..ဒါပေမယ့် ..... ဒါပေမယ့် ... ဒါပေမယ့်......

ကျနော်သိတဲ့ မန္တလေးက ကျောင်းသား ( ကြီး ) ကိုတော့ စီတီဇင် ဘာလို့ မယူသေးတာလဲ၊ စီတီဇင်ဖြစ်သွားရင် ဘယ်လို အခွင့်အရေးတွေ ရမယ် စသဖြင့် ပြောနေပါသတဲ့။ ပြောမှပေါ့။ အိုင်တီနဲ့ ပီအိတ် ( ခ်ျ ) ဒီ ကြီးကိုး။ စင်္ကာပူကြိုက်။ သူ့ကျပြန်တော့ " စင်္ကာပူ " က ရင်မခုန်လောက်ပါဘူး တဲ့။ သူ့ကို လိုချင်တာ၊ ပြန်သွားမှာ စိုးတာပေါ့။ နောက်ပြီး အနောက်ကုမ္ပဏီကြီးတစ်ခု မှာ မန်နေဂျာ ဖြစ်နေတဲ့ မြန်မာ မလေး တစ်ယောက်။ စင်္ကာပူရဲ့ ထိပ်သီး ( တက်သစ်စ )မိန်းကလေး ဆယ်ယောက်ထဲမှာ ပါတယ်။ သူ့ကိုလည်း ပြန်သွားမှာ စိုးတာပေါ့။ ( ဒါကြောင့် ယေဘုယျ " စံ " ရာနှုန်းပြည့် မမှန်ဘူးပြောတာ။ ) အဲသလို အောက်စတန်းဒင်း မဟုတ်ရင်တော့ ...... အားနာတယ်။


ဒီလို ပီအာတွေ စီတီဇင်တွေ ရီဂျက်ထိတာရဲ့ အကြောင်းက ဘာတွေ ဖြစ်မလဲ။
၁ ။ စင်္ကာပူကိုယ်တိုင် ခြေလွန် လက်လွန် တရုတ်၊ အိန္ဒီယန်းတွေကို လက်ခံမိတာ။ အခုမှ လူပြန်ရွေးပြီး လက်ခံချင်တာ။ ဒါက ယေဘုယျ " စံ "။ ( ငါတို့တော့ လက်လွန်သွားပြီ၊ မစွံတဲ့ကောင်တွေ ပြန်လွှတ်မယ် လို့ အစိုးရက ပြောနေပါ့မလား။ ဒါထက် အ တဲ့လူတွေ ယုံ၊ ကြားလို့လည်းကောင်း စင်္ကာပူက မဲရစ်တို ခရက်တစ် ဆိုဆိုက်တီ လို့ပဲ ပြောမှာပေါ့။ မတရားဘူးတွေ ဘာတွေ လုပ်မနေနဲ့ ၊အဲဒါ နိုင်ငံရေး ။)
၂။ မြန်မာတွေကို ထိတာကျတော့ တစ် အချက်ကြောင့် ရော ပြောင်းလဲလာတဲ့ ကျနော်တို့ နိုင်ငံရေးကြောင့် ရော ပဲ။

ဒါတွေဟာ ပြောင်းလဲလာတဲ့ ကျနော်တို့ နိုင်ငံရေးကြောင့် ကျနော်တို့ ပြန်ပေးရတဲ့ လျော်ကြေးတွေလို့ ခံယူပါတယ်။ ဒီ လျော်ကြေးမျိုးကိုတော့ ရက်ရက် ရောရော ပေးပါရဲ့။ ပေးရတာ တန်တယ်။

ကျနော်တို့ ဒုက္ခရောက်စဉ် အလုပ်ပေး၊ ထမင်းကျွေခဲ့တဲ့ စင်္ကာပူကို မုန်းလို့၊ နာကျည်းလို့ ဒီဆောင်းပါးကို ရေးနေတာ မဟုတ်ပါဘူး။ လူငယ်တွေ သုံးသပ်နိုင်ဖို့ပါ။ ကျနော့်ထက် ပညာကြီး၊ အသက်ကြီး၊ ဆရာကြီး ၊ ဆရာမကြီးတွေ ဖတ်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည် ပြီးရင် စင်္ကာပူကို အချစ်ဆုံး၊ ကျေးဇူး အတင်ဆုံးပါ။ ဒါပေမယ့် ရေးစရာ ရှိလာရင်တော့ ( သူတို့ကို ပုတ်ခတ်တာ မပါဘဲ ) ရေးရမှာပါ။ ဘောလုံးပွဲ တစ်ပွဲမှာ မြန်မာက ရှုံးထွက်၊ နိုင်လည်းထွက်။ စင်္ကာပူက မြန်မာကို နိုင်ရင် တက် ဆိုရင် အဆဲခံပြီး စင်္ကာပူကို အားပေးရဲပါတယ်။ ဒါပေမယ့် စင်္ကာပူ နဲ့ မြန်မာ နိုင်သူတက် ဆိုရင်တော့ " ဆောရီးပဲ စင်္ကာပူ " ပါ။ နှလုံးသား နဲ့ ထမင်းခွက် တန်းတူတော့ မထားနိုင်ပါဘူး။

ဒီဆောင်းပါး ရေးရလို့ တန်ခိုးရှင် တစ်ယောက်ယောက်ကများ အလိုချင်ဆုံး ဆု နှစ်ဆုတောင်းပါ ဆိုခဲ့ရင် ( နှစ်ဆုထက်လည်း ပိုလို့ မရဘူး ဆိုခဲ့ရင် ) နိုင်ငံတော်အတွက် တောင်းချင်ပါရဲ့

╰⊰⊹✿ သမ္မတကြီး ကျန်းမာပါစေ ✿⊹⊱╮
╰⊰⊹✿ ဒေါ်စု (အန်တီစု ၊ အမေစု ) ကျန်းမာပါစေ ✿⊹⊱╮




ဇင်ဝေသော်