**ဖိုးလပြည့်နဲ့ မော်တော်ပီကယ်**

လွတ်လပ်မှုကို မြတ်နိုးတဲ့ လူတစ်စုဟာ အတူတကွ လွတ်လွတ်လပ်လပ် အရက်သောက်ကြဖို့ လိုအပ်တာတွေယူလာခဲ့ပြီး အပြင်ထွက်လာခဲ့ကြတယ်။ လူသွားလူလာ တော်တော်ရှင်းတဲ့နေရာ ရောက်တော့ ဒီနေရာမှာပဲ သောက် ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ ပြဿနာက ဒီနေရာမှာဆိုပေမဲ့ ကားလမ်းပေါ်မှာလား၊ လမ်းဘေးက သစ်ပင်အောက်မှာလားဆိုတာ ဆုံးဖြတ် ဖို့ ကျန်နေသေးတယ်။

ဒါနဲ့ သူတို့ထဲက တစ်ယောက်က ကားလမ်းပေါ်မှာဆို ပိုပြီး လင်းလင်း ထင်း ထင်းရှိတယ်၊ ကားလမ်းပေါ်မှာပဲ သောက်ကြမယ်လို့ အကြံပြုတော့ အားလုံး သဘောလိုက်ကြတာပေါ့။ သူတို့သောက်လို့ အရှိန်တော်တော်ရတော့ လမ်းပေါ်မှာ ကားတစ်စီး အရေးတကြီးနဲ့ အမြန်မောင်းလာတယ်။ သူတို့အဖွဲ့ကို လည်း သတိထားမိပုံ မရပါဘူး။ အနားရောက်တော့မှ ကားလမ်းပေါ်မှာ လူ တစ်စုထိုင်နေတာကိုရုတ်တရက်ကြီး တွေ့လိုက်ရပြီး ဘေးရှောင်လိုက်ရတော့ အရှိန်မထိန်းနိုင်ဖြစ်ပြီး ကားက သစ်ပင်ကို သွားဆောင့်မလိုအထိ ဖြစ်သွား တယ်။

ဒါကို တွေ့လိုက်ရတော့ စောစောက အကြံပေးသူက
"တွေ့လား၊ ငါတို့ ကားလမ်းပေါ်မှာ မ သောက်လို့ သစ်ပင်အောက်မှာ များ သောက်မိရင် အားလုံး သေသူသေ၊ ကျိုးသူကျိုး ဖြ စ်နေပြီ တဲ့။

ဒီပုံပြင်ရဲ့ မော်ရယ်က " ဖိုးလပြည့်နဲ့ မော်တော်ပီကယ်" တဲ့။

ကြားဖူးတဲ့ ပုံပြင်နှစ်ပုဒ်

(၁)
ကံကောင်းတဲ့လူဆိုတာ ရေထဲတွန်းချလိုက်ရင်တောင် ငါးကို ကိုက်ပြီးပြန် တက်လာတယ်။ (အမည်မသိ)

(၂)
ကံဆိုးတဲ့လူ (ကျနော်) သုဿာန်ကန်ထရိုက်ဆွဲလိုက်ရင် လူတွေမသေ ကြတော့ဘူး။(အမည်ရှိ၊မမှတ်မိ)

ဒီပုံပြင်နှစ်ပုဒ်ရဲ့ မော်ရယ်: ကံကောင်းသူကို သုဿာန်ကန်ထရိုက်မဆွဲစေနဲ့။

ညီမလေးကို ပြောမိတဲ့ ပန်း နဲ့ လူ ပုံပြင်

တစ်ခါက သူငယ်ချင်း စကားပုံလေး နှစ်ခု ရှိခဲ့တယ်။
သူတို့ကတော့ "ပန်းသတင်း လေညှင်းဆောင်" နဲ့ "လူ့သတင်း လူချင်းဆောင်" တို့ပဲ တဲ့ ညီမလေး ရေ။

တစ်နေ့မှာတော့ လူ့သတင်း လူချင်းဆောင် ကလေးဟာ တော်တော် စိတ်မကောင်း ဖြစ်နေရှာ သတဲ့။
ဒါနဲ့ ပန်းသတင်း လေညှင်းဆောင် က ဘာဖြစ်နေလို့လဲ လို့ မေးတာပေါ့ ကွယ်။
ဒီတော့ လူ့သတင်း လူချင်းဆောင်က


"မင်း သတင်းတွေကိုကျတော့ လေညှင်းကဆောင် ပြီး လူ့သတင်းကိုကျတော့ လူတွေက ဆောင်တာလေကွာ"
"အေးလေ ဒီတော့ ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး။ လူ့သတင်းကိုလည်း လေညှင်းကဆောင်ရင် ကောင်းမှာပဲ လို့ စဉ်းစားမိလို့ပါ"
"မင်း ကလည်းကွာ ကြံကြံ ဖန်ဖန်"

"ကြံကြံ ဖန်ဖန် မဟုတ်ပါဘူးကွာ။ လေညှင်းဆိုတာက သက်မဲ့ ဆိုတော့ ချစ်ခြင်း မုန်းခြင်း မရှိဘူး။ ဒီတော့ ရနံ့ အမှန်ကို ဆောင်သွားတယ် ကွ။ လူ ဆိုတဲ့ သတ္တဝါ ကတော့ ချစ်ခြင်း မုန်းခြင်း ခံစားချက်တွေကြောင့် သူတို့ ဆောင်သွားတဲ့ သတင်းတွေက မှန်လိုက်၊ မမှန်လိုက်၊ ပိုလိုက်၊ လိုလိုက် တွေပါကွာ။ ဒီတော့ လူဆောင်သွားတဲ့ သတင်းက သတင်းထက် ဆောင်သွားတဲ့ လူ့ငနဲ နဲ့ ပိုဆိုင်တယ်ဆိုတာ တွေးမိလို့ စိတ်မကောင်း ဖြစ်နေမိတာပါ"

"အေး မင်းပြောတာလည်း ဟုတ်တုတ်တုတ် ပဲ" ပန်းသတင်း လေညှင်းဆောင်ကလေးက ခေါင်းညိတ် သတဲ့။

ဒါပါပဲ ညီမလေးရယ်။ မော်ရယ်က ဘာညာ ဆိုပြီး ဆရာကြီးဂိုက် ဖမ်းမနေတော့ပါဘူး။
ဒီလိုနဲ့ လူဆောင်တဲ့ သတင်းတွေကတော့ မှန်လိုက်၊ မမှန်လိုက်၊ ပိုလိုက်၊ လိုလိုက်။

Posted on August 13, 2012

ဇင်ဝေသော်

၂၁-ရာစု ငါးသုံးကောင်ပုံပြင် (နယူးဗားရှင်း)




ညီမလေး…ရေ
(၂၁) ရာစု ငါးသုံးကောင်ဟာ တံငါသည်ရဲ့ မြှုံးထဲမှာ မိနေကြသတဲ့။ အဲဒီငါးသုံးကောင်ကလည်း ပုံပြင်ဟောင်းထဲမှာပါတဲ့ ငါးတွေပါဘဲ။ 

ပညာတတ်ဘွဲ့ရ ငါးရယ်။
ဝီရိယကောင်းတဲ့ ငါးရယ်။
အေးဆေးလွန်းပြီး ထုံပေပေဖြစ်နေတဲ့ငါးရယ်။ 


 ပညာတတ်ငါးကတော့ မျက်မှန်ပါဝါထူထူနဲ့တဲ့။ သူက ပုံပြင်ဟောင်းကိုလည်း ဖတ်ဖူးထားတော့ သူ့အတွက် လွတ်မြောက်ဖို့လမ်းပဲ ရှာနေတာပေါ့။ ခပ်တည်တည်ပေါ့လေ။ ပညာတတ်ကိုး။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သူကြောက်တာက ပညာရှိငါးပဲ။ လွတ်စရာရှိ ဒီကောင်ပဲလွတ်သွားမှာ။ ဒါတင်မကဘူး ပြဿနာရှာရင် ဒီပညာရှိရှာတာက ပိုရှင်းရခက်တယ်ဆိုပြီး မျက်မှန်ပါဝါထူထူနဲ့ ဘွဲ့ရပညာတတ်ငါးကို အရင်ဆုံး ထုသတ်လိုက်သတဲ့ကွယ်။ အန္တရယ်ရှိတာကိုး ခေတ်သစ်ငါးသုံးကောင်ပုံပြင်မှာတော့ နံပါတ်တစ် ကံဆိုးသူက ပညာတတ်ငါးတဲ့ကွယ်။ 


 ဝီရိယကောင်းတဲ့ ငါးကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သိပ်ပြီး ထထကြွကြွတော့ မလုပ်ဘူးတဲ့ကွယ်။ ဝါသနာက မဖျောက်နိုင်တော့ ခိုးကြောင်ခိုးဝှက်တော့ လုပ်နေတာပဲ ။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးတော့ ဘယ်ကောင်ကဝီရိယကောင်းတဲ့ ငါးဖြစ်မလည်းလို့ အကဲခတ်နေသတဲ့။ သူကသာ မျက်လုံးလေး ကလယ်ကလယ်နဲ့။ အမြီးလေး တနန့်နန့်နဲ့ လူမသိဘူးထင်ပြီး လုပ်နေတာ။ တံငါသည်က သဘောက်ပေါက်ပြီး တစ်ခုခုဆို ဒီလိုကောင်မျိုးတွေက ရှေ့ကထွက်ထွက်လာတာဆိုပြီး ထုရိုက်လိုက်ပြန်ရောတဲ့ကွယ် ။ 
 

ဘေးပတ်ဝန်းကျင်မှာ ဘာတွေပဲ ဘယ်လိုဖြစ်ဖြစ် သူအိပ်ရေးပျက်မှာပဲ စိုးရိမ်နေတဲ့ ငါးပျင်းကတော့ တုတ်တုတ်ကို မလှုပ်ဘူးတဲ့။ စာဖတ်ရမှာအထိပျင်းတော့ ဒီငါးက ပုံပြင်ဟောင်းလေးကိုတောင် မဖတ်ဖူးဘူးတဲ့။ ဒါကြောင့် သူကတော့ ထုံပေပေနဲ့ပဲ မှိန်းနေတယ် ။ 

တံငါသည်ကတော့ ပုံပြင်ကိုဖတ်ဖူးထားတဲ့အတွက် ငါးပျင်းကတော့ ခါးပိုက်ထဲက ဖားဆိုပြီး အေးအေးဆေးဆေးပဲနေသတဲ့။ 


ဖြစ်ချင်တော့ နောက်ထပ် ကွန်ပစ်ဖို့ ကွန်အချမှာ တံငါသည် ခြေချော်ပြီး လှေမှောက်သွားပါရောတဲ့။ အဲဒီမှာ ပျင်းလို့အိပ်နေတဲ့ ငါးလည်း အိပ်ရာကလန့်နိုးပြီး ထွက်ပြေးသွားပါလေရောတဲ့။ 

အဲဒီပုံပြင်ကြားရပြီးတဲ့နောက် ပျင်းတဲ့ငါး အသက်ရှည်ဆိုပြီး လူတွေဟာ ထုံပေပေနဲ့ပဲ နေကြတော့သတဲ့။  ပညာတတ်မလုပ်ရဲသလို ရှုပ်ရှုပ်ယှက်ယှက်လည်း မလုပ်ကြတော့ဘူးတဲ့။ အသက်တိုတတ်ကိုးကွဲ့ ။ 

ဒါပါဘဲ ...ညီမလေးရယ်။



ဇင်ဝေသော်













 Copyright © 2011 ကမ်းလက်. All rights reserved.

ရွှေပြည်တော် မျှော်လေတိုင်းဝေး


( ပုံပြင် တစ် )

ကျွန်တော်တို့ဝင်းထဲမှာ ညနေပိုင်း သန့်ရှင်းရေးလာလုပ်တဲ့ အိန္ဒိယန်း တစ်ယောက် ရှိတယ်။ သူ့နာမည်ကိုတော့ အဲလက်(စ်)လို့ အလွယ်တကူ မှတ်ထားလိုက်ရတယ်။ သန့်ရှင်းရေးလုပ်၊ ပန်းပင်တွေကို ရေလောင်း၊ အလုပ်ချိန် တစ်နာရီလောက်တော့ ကြာပါလိမ့်မယ်။ သူ့ကို ပေးတဲ့လစာက တစ်လကို စင်္ကာပူဒေါ်လာ (၅၀၀) ပါ။

သူ့အကြောင်းကို စိတ်ဝင်စားလို့ နည်းနည်းပါးပါး မေးကြည့်တော့ သူ့မှာ တစ်ခြား အချိန်ပိုင်း အလုပ်နှစ်ခု ရှိတယ်။ ဒေါ်လာ (၈၀၀) နဲ့ (၅၀၀) စီ ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူ့လစာဟာ (၁၈၀၀) ဖြစ်သွားတယ်။ သူပြောတဲ့စကားအရ သူ့မှာ အိမ်ထောင်ရှိတယ်။ သမီးတစ်ယောက်ရှိတယ်။ သူ စင်္ကာပူကို လာပြီး အလုပ်လုပ်တဲ့ ရည်ရွယ်ချက်က ဒေါ်လာ (၂၀၀၀၀) စုမိဖို့ပါတဲ့။

ဒေါ်လာနှစ်သောင်းရှိရင် ဘာလုပ်မှာလဲဆိုတော့ အိန္ဒိယကို ပြန်မယ်၊ ကိုယ်ပိုင် ဈေးဆိုင်ဖွင့်မယ်။ အဲ့ဒါဆို အိန္ဒိယမှာ ငါကိုယ်တိုင် ဘော့စ် တစ်ယောက် ဖြစ်သွားပြီလို့ သူ့စိတ်ကူးကို ပြောပြပါတယ်။ တရုတ်လိုရှာ၊ ကုလားလိုစုဆိုတဲ့ မြန်မာစကားက တော်တော်မှန်တယ်။ သူသိပ်ကြိုက်တဲ့ ကြက်သားဒန်ပေါက် ထမင်းကိုတောင် တစ်လကို တစ်ကြိမ်ပဲ စားတယ်။ စားတဲ့နေ့က သူလစာ ထုတ်တဲ့နေ့ပါ။ ကြက်သား ဒန်ပေါက်တစ်ပွဲကို ငါးဒေါ်လာပေးရပါတယ်။

ဒီမှာ သူအလုပ်လုပ်တာ သုံးနှစ်လောက်တော့ ရှိပြီ ထင်တာပဲ။ ပြီးခဲ့တဲ့ လ ကတော့ သူရောက်လာပြီး သူ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ သူ့နာမည်က ရာဇူးတဲ့။ သူလုပ်နေတဲ့ အလုပ်တွေကို ရာဇူးက ဆက်ပြီး လုပ်တော့မယ်။ သူကတော့ အိန္ဒိယကို အပြီး ပြန်တော့မှာ ဆိုပြီး နှုတ်ဆက် သွားပါတယ်။ မင်း ဒေါ်လာနှစ်သောင်း ရပြီလားဆိုတော့ သူက လက်မထောင်ပြတယ်။ သူ့အတွက် ဝမ်းသာရပါတယ်။ သူ့နိုင်ငံ၊ သူ့ဇနီးနဲ့ သူ့သမီးလေးဆီ သူ ပြန်လို့ ရသွားပြီ။ သူ စိတ်ကူးသလို ဖြစ်ခဲ့ရင် သူကိုယ် တိုင် ဘော့စ်တစ်ယောက် ဖြစ်သွားပြီ။ ပြောဖို့ ကျန်နေတာက သူက ဗာရာဏ သီကပါ။ ဆင်းရဲတဲ့ဒေသတစ်ခုပေါ့။ ဒါ့ကြောင့် ဒေါ်လာနှစ်သောင်းနဲ့ ရင်းနှီး စားသောက်ဖို့ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။

ကျွန်တော် စိတ်ဝင်စားမိတာက သူ ဘယ်လိုစုစောင်းသွားသလဲဆိုတာ ပါဝင်သလို ဈေးကြီးလှပါတယ်ဆိုတဲ့ စင်္ကာပူရဲ့ အခြေခံစားဝတ်နေရေး စရိတ်တွေလည်း ပါပါတယ်။ တကယ်တမ်း တွက်ကြည့်ရင် နေစရာ အိမ်ခန်း ကလွဲရင် စင်္ကာပူရဲ့ အခြေခံ စရိတ်ဟာ မဖြုန်းတဲ့သူအဖို့ ဈေးမကြီးလှပါဘူး။ ဝင်ငွေနဲ့ တိုင်းတာကြည့်ရင် ဈေးချိုတယ်လို့တောင် ပြောလို့ ရပါတယ်။

တစ်လကို ဒေါ်လာ (၁၈၀၀) ရတဲ့ အဲလက်(စ်)ရဲ့ တစ်နေ့ဝင်ငွေဟာ ဒေါ်လာ (၆၀) ပါပဲ။ စားစရိတ်အတွက် ညမနက် ကြက်သားဒန်ပေါက် စားမယ်ဆို ရင်တောင် (၁၀) ဒေါ်လာပဲ ကုန်သေးတယ်။ ဝတ်ဖို့ဆိုတာကလည်း မော်ဒယ် ကျသွားတဲ့ ဂျော်ဒါနိုးတို့ ဘာတို့ကို ဝယ်ဝတ်ရင် (၅) ဒေါ်လာ၊ ဂျင်းဘောင်းဘီ ဆိုရင်လည်း ဒေါ်လာ (၂၀)၊ (၃၀)လောက်နဲ့ ရနိုင်တယ်။ နေရေး အတွက်တော့ စဉ်းစားရပါလိမ့်မယ်။ ငှါးထားတဲ့အိမ်ခန်းမှာ မိတ်ဆွေတွေ နဲ့ ပေါင်းပြီးနေမယ်ဆိုရင်တောင် တစ်လကို (၃၀၀) နဲ့ (၅၀၀) ကြားထဲမှာ ရှိပါလိမ့်မယ်။ ဆိုပါတော့ တစ်ရက်ကို နေခအတွက် (၁၅) ဒေါ်လာ။ မဖြစ်မနေ ကုန်နိုင်သေးတာက ဖုန်းခ၊ တစ်လကို အိန္ဒိယန်းတစ်ယောက် က ဒေါ်လာ (၂၀) ထက်ပိုပြီး အကုန်ခံမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ခရီးသွားလာစရိတ်က သူ့နေရာနဲ့ သိပ်မဝေးလှတော့ MRT စီးရင် အသွားအပြန် (၁) ဒေါ်လာစီ၊ (၂) ဒေါ်လာလောက်နဲ့ အဆင်ပြေနိုင်တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးကောင်းတယ်ဆိုရင် တစ်နေ့တာ သူ့ ကုန် ကျငွေဟာ ဒေါ်လာအစိတ် ကျော်ကျော်လေးပဲ ရှိသေးတယ်။ ဒီတော့ တစ်နေ့ ကို ဒေါ်လာ (၃၀)နဲ့ (၄၀) ဝန်းကျင် စုလို့ ရနိုင်တယ်။ ဒါဆိုရင် တစ်လကို ဒေါ် လာ (၁၀၀၀) လောက် သူ စုလို့ ရနိုင်တယ်လို့ တွက်လို့ ရတယ်။ ဒါ့ကြောင်းလည်း သူမှန်းထားတဲ့ ဒေါ်လာ (၂၀၀၀၀) ပြည့်သွားတာပေါ့။

လက်ဖွာတဲ့ လူချမ်းသာတွေအတွက် ပစ္စည်းတွေက ဈေးကြီးပေမယ့် အခြေခံ လူတန်းစားတွေအတွက် ဈေးချိုချိုနဲ့ ရနိုင်တဲ့ အခြေခံစားသောက်ကုန်တွေ လည်း ရှိတယ်။ ဆိုပါတော့၊ ဒေါ်လာသောင်းချီကုန်မယ့် ဘူဖေးဒင်းနား ကြီးတွေ ရှိသလို သုံးဒေါ်လာနဲ့ ကိစ္စပြီးလို့ ရတဲ့ ကြာဇံကြော်လည်း ရှိတယ် ။ ထောင်ချီပေးရတဲ့ အိုင်ဖုန်းရှိသလို ဖုန်းလိုင်းယူရင် အလကားရတဲ့ ဟန်း ဆက်တွေ လည်း ရှိတယ်။ မီလျံဝက်လောက် ပေးရတဲ့ ကားတွေ ရှိသလို တစ်ဒေါ်လာနဲ့ လိုရာကို ရောက်နိုင်တဲ့ MRT တွေ၊ ဘက်(စ်)ကားတွေလည်း ရှိတယ်။ အားလုံးဟာ အဲယားကွန်းတွေနဲ့ အေးစိမ့်နေတာပါပဲ။

 
 
( ပုံပြင် နှစ် )

ရန်ကုန်ပြန်ရောက်တော့ အထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ကောင်းမလေးနဲ့ စကားပြောကြည့်မိတယ်။ သူမ ရတဲ့လစာက ခြောက်သောင်းလို့ ဆိုပါတယ်။ ဘက်(စ်)ကားခက အသွား ငါးရာ၊ အပြန် ငါးရာတဲ့။ ဘက်(စ်)ကားခနဲ့တင်ပဲ သူမရဲ့လစာထဲက နှစ်သောင်းခွဲသုံးသောင်း ကုန်သွားပြီ။ ဒီကောင်မလေး ဘာနဲ့များ စားမှာပါလိမ့်။ ခရီးသွားရင်း ထမင်းအဝစား တစ်ပွဲကို တစ်ထောင့် ငါးရာက တစ်နေရာ၊ နှစ်ထောင်က တစ်နေရာ ရှင်းခဲ့ရတာကို သတိရမိတယ်။
နိုင်ငံတစ်ခုချင်းစီရဲ့ ခြားနားချက်က အဲ့ဒါပါပဲ။

တစ်နေ့ကို ဒေါ်လာငါးဆယ်ဝင်တဲ့ အလုပ်သမားတစ်ယောက်ရဲ့ စားစရိတ်က ရှစ်ဒေါ်လာနဲ့ ဆယ်ဒေါ်လာကြားမှာ ရှိတယ်။ တစ်နေ့ကို မြန်မာငွေ နှစ်ထောင်ရတဲ့ စက်ချုပ်သမတစ်ယောက်ရဲ့ စားစရိတ် က ဝယ်စားရင် နှစ်ထောင်။ (ချက်စားရင်တော့ သက်သာကောင်းပါရဲ့)
စင်္ကာပူက အလုပ်သမားတစ်ယောက်ရဲ့ ခရီးစရိတ်က (သိပ်မဝေးလှဘူးဆို ရင်) နှစ်ဒေါ်လာနဲ့ သုံးဒေါ်လာ။ မြန်မာပြည်က စက်ချုပ်သမလေးရဲ့ ခရီး စရိတ်က တစ်ထောင်။

ထားပါတော့…
ကျွန်တော် ဆက်ကြည့်မိတဲ့ ကိစ္စက ဒေါ်လာနှစ်သောင်းနဲ့ အိမ်ပြန်သွားတဲ့ အဲလက်(စ်)ရဲ့ အကြောင်းပါ။
မြန်မာပြည်ကနေ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ရှိတယ်။ စာရင်းစစ်၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာပညာရှင်တွေ များပါတယ်။ လုပ်သက် သိပ် မရှိကြသေးဘူးဆိုရင် သူတို့ ဝင်ငွေက ဒေါ်လာ (၁၈၀၀) နဲ့ (၂၅၀၀) ကြားလောက်မှာ ရှိနိုင်ပါတယ်။ အရည်အချင်း သိပ်ရှိပြီး ထက်မြတ်တဲ့ လူငယ်အချို့နဲ့ စင်္ကာပူမှာ ကျောင်းပြီးသူ အချို့ကတော့ ဒီထက် ပိုရစရာ ရှိပါတယ်။

ထားပါတော့။ သူတို့ကိုလည်း စိတ်ကူးထဲမှာ အဲလက်(စ်)လို ပြည်တော်ပြ န်နိုင်ဖို့ ငွေစုခိုင်းလိုက်ပါတယ်။ ဥပမာ ဒေါ်လာ (၂၅၀၀) ရတဲ့ လူငယ် တစ်ယောက် ဆိုပါတော့။ ဒေါ်လာ (၈၀၀) လောက် သုံးခိုင်းပြီး ဒေါ်လာ (၁၇၀၀) လောက် အစုခိုင်းလိုက်တယ်။ မြန်မာပြည်မှာ ကျန်ရစ်တဲ့ မိသားစု အတွက်၊ မြန်မာပြည်ကနေ ထွက်မလာခင် ချေးငှါးခဲ့ရတဲ့ ကျန်ကျမှုတွေ အ တွက် တစ်လကို ဒေါ်လာ (၅၀၀) ကနေ (၉၀၀) ပြန်ပို့ရမယ်။ ဒါဆိုရင် ဒေါ်လာ တစ်ထောင်ဝန်းကျင်လောက်တော့ စုထားလို့ ရနိုင်တယ်။

ကျန်းမားရေးပြဿနာ ကြီးကြီးမားမား မဖြစ်ဘူးဆိုရင် တစ်နှစ်ကို တစ်သောင်းကျော်ကျော်တော့ စုမိပါလိမ့်မယ်။ ဆိုပါတော့၊ သုံးနှစ်ကနေ ငါးနှစ်အထိ အလုပ်လုပ်ရင်း ပိုက်ဆံရှာမယ်။ ဒေါ်လာငါးသောင်းလောက် စုမိပြီ၊ ရန်ကုန်ပြန်မယ်။ သူတို့ ဘာလုပ်စားကြမှာပါလိမ့်။

အဲလက်(စ်)ကတော့ မိဘလက်ငုတ် မပါဘဲ သူကိုယ်တိုင် ဆိုင်လေးတစ်ဆိုင် ဖွင့်ပြီး သူ့မိသားစုကို ဦးဆောင်တော့မတဲ့။ အဲလက်(စ်)ကို သတိရလို့ ရာဇူးကို မေးကြည့်တော့ သူတော်တော်လေး အဆင်ပြေနေတယ်လို့ ကြား ရတော့ ဝမ်းသာမိပါသေးတယ်။

တောင်ဒဂုံမှာ ရှိတဲ့ လယ်ကွက်သာသာ အိမ်မြေက သိန်းထောင်ချီနေသတဲ့။
ငါးနှစ်လောက် ပိုက်ဆံစုပြီး မြန်မာပြည်ကို အပြီးပြန်မယ်လို့ ကြုံးဝါးသွားတဲ့ မိတ်ဆွေတစ်ချို့ စင်္ကာပူကို ပြန်ရောက်လာတယ်။ ဟိုပြန်ရောက်တော့ ရိုးရိုး သားသားနဲ့ လုပ်စားဖို့ ခက်လို့တဲ့။ ငွေအရင်းအနှီး ရှိဖို့ထက် အကပ်ကောင်းဖို့ က ပိုအရေးကြီးနေလို့တဲ့။ အကပ် မရှိလို့ကတော့ သိန်းထောင်ချီ ပါသွား လည်း လုပ်စားဖို့ ခက်နေတုန်းပဲတဲ့။

သမ္မတကြီးကတော့ ပြန်လာဖို့ ဖိတ်ပါရဲ့။
မဆီမဆိုင်တဲ့ဟာတွေအတွက် စားပွဲအောက်ကနေ ငွေထိုးပေးနေရတာတွေ များတော့ ပြန်သွားသူ တစ်ချို့ ပြန်ရောက်လာတာကိုလည်း တွေ့ ရတယ် ။ တောင်ဒဂုံက လယ်ကွက်က သိန်းတစ်ထောင်ဆိုတော့ သူတို့ စုထား တဲ့ ဒေါ်လာနဲ့ မလောက်တာလည်း ပါမှာပေါ့။

အခြေခံပြဿနာတွေ မပြေလည်သေးရင် ပြည်ပမှာ အနေကြာတဲ့ မြန်မာေ တွ ပြန်လာဖို့ ဆိုတာကလည်း …..

ရွှေပြည်တော် - မျှော်တိုင်းဝေး …..။
ရွှေပြည်တော် - မျှော်တိုင်းဝေး …..။
ရွှေပြည်တော် - မျှော်တိုင်းဝေး …..။

( မနှစ်က မေလမှာရေးထားတဲ့ ဆောင်းပါးမို့ သတင်းအချက်အလက်နဲ့ ကုန်ဈေးနှုံးတချို့ ကွဲလွဲနိုင်ပါတယ် )


 ဇင်ဝေသော်

နို့ရည်များဖြင့် ပန်းစိုက်သူ


အမေနေ့မို့ ၂၀၀၇ ခုနှစ်က ရေးခဲ့တဲ့ " နို့ရည်များဖြင့် ပန်းစိုက်သူ " ဆောင်းပါးကို " လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ " အနေနဲ့ နည်းနည်း ပါးပါး ပြင်ပြီး တင်ပေးလိုက်ပါတယ်။

" နို့ရည်များဖြင့် ပန်းစိုက်သူ "

ဟောဒီမှာ ဟေ့...
ရာဇ၀င် လူ့သမိုင်း အဆက်ဆက်
နို့ရေစက်တွေနဲ့ ခဲ... ပျစ်...။
ထုဆစ်ခဲ့တဲ့ ငွေစင်ရောင် ရုပ်ထု
အမေများကို ဂုဏ်ပြု မလို့ပါ။



လူပြောများသလောက် သိက္ခာရှိတဲ့အလှ။ ဘယ်တော့မှ ခံတွင်း မပျက် တဲ့ မေတ္တာတရား။ လူသားအားလုံးရဲ့ နိုဘယ်ဆုရှင်။ ဒီနေ့ သူတို့ကို ငွေစင် ရုပ်တု ချီးမြှင့်လိုက်ပါတယ်။ အမေ... အမေတို့...။

ဒီနေ့ “အမေ့” အကြောင်းနဲ့ ပတ်သက်လို့ ဖတ်ဖူးသူတွေကို တောင်းပန် ပါတယ်။ ဒါပေမယ့် ပြောတော့ ပြောကို ပြောပြရပါဦးမယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်တွေဟာ မိခင် ရဲ့ မေတ္တာစိတ်ကို လက်တွေ့ကျကျ သုတေသနပြု ကြည့်ခဲ့ကြတယ်။ သုတေ သနပြုနည်းကတော့ အစာ၊ လိင်ကိစ္စ၊ သားဇော၊ ဘယ်စိတ်ဟာ အမျိုးသမီး တစ်ယောက်ရဲ့ ရင်ကို အပူလောင်စေဆုံးလဲ ဆိုတာပါပဲ။

သူတို့ရွေးခြယ်လိုက်တဲ့ ဇာတ်ကောင်ကတော့ ကြွက်မလေးပါ။ ပထမဆုံး အစာ။ ကြွက်မကို အစာမကျွေးပဲ ရက်ပေါင်း အတော်ကြာ ထားခဲ့ကြ တယ်။ ကြွက်မလေး တော်တော်ဆာနေပြီ ဆိုတော့မှ သူမနဲ့ မလှမ်းမကမ်းမှာ အစာကို ချထားလိုက်တယ်။ ဒါပေမယ့် သူမနဲ့ အစာကြားထဲမှာက လျှပ်စစ် စီးကြောင်းကြီး ဆီးတား ထားကြတယ်။ ငတ်မွတ်နေတဲ့ ကြွက်မလေးက ကြိုးစားတယ်။ ပူလွန်းလို့ ပြန်ပြေးလာတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် နောက်ဆုံးတော့ စိတ်ပျက်ပျက်နဲ့ အိပ်နေလိုက်တော့သတဲ့။

ဒုတိယ ဖိုမ ကိစ္စ။ ကြွက်မလေးကို သူမရဲ့ ဘွိုင်းဖရင့်နဲ့ အကြာကြီး ခွဲထား ကြတယ်။ ပြီးတော့မှ သူမနဲ့ မလှမ်းမကမ်းမှာ နှုတ်ခမ်းမွေးရေးရေးနဲ့ သူမရဲ့ ဘွိုင်းဖရင့်ကို ကြိုးချည်ပြီး ထားလိုက်တယ်။ ကိန္နရီ ချောင်းခြား အားပါး မလွယ် လျှပ်စစ်စီးကြောင်းက တားလို့ ဘာရမလဲ.. သူနဲ့ဝေးလို့ ခံစားရတဲ့ ဒုက္ခ၊ ကြွက်မထက် ဘယ်သူပိုသိမလဲ။ သူမ ရအောင်သွားခဲ့တယ်။
အဖြေတစ်ခု ရလိုက်တဲ့ သိပ္ပံပညာရှင်တွေက လျှပ်စစ်ဗို့အားကို ထပ်တိုးပြီး ဆီးတားကြပြန်တယ်။ ဒီတော့ သူမ ကြိုးစားတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်," ဆောရီးပဲ ကိုကိုရယ် " ဆိုပြီး မျက်လုံးလေး ကလယ်ကလယ်နဲ့ လှမ်းလို့သာ ကြည့်နေလိုက်တော့ သတဲ့။

နောက်ဆုံး “မိခင်စိတ်”။ နို့တိုက်ရမဲ့ မိခင်က တစ်ဖက်၊ နို့ဆာနေတဲ့ ကြွက် ကလေးတွေက တစ်ဖက်၊ ကြားထဲမှာက ဗို့အား တိုးထားတဲ့ လျှပ်စစ် စီးကြောင်း။ သားဇောနဲ့ ပူလောင်နေတဲ့ ရင်ဘတ်တစ်ခုလုံးကို လျှပ်စစ်စီးကြောင်းတွေက ထပ်ပြီး အပူမပေးနိုင်ကြဘူး။ ကြွက်မလေးက လျှပ်စီးကြောင်းကို ဖြတ်ပြီး နို့တိုက်ဖို့သွားခဲ့တယ်။

သိပ္ပံပညာရှင်တွေက ဗို့အားတွေထပ်တိုးပြီး စိန်ခေါ်တယ်။ သားသမီးကို ချစ်တဲ့ စိတ်နဲ့ စိန်ခေါ်မှုတိုင်းကို ကလေးအမေ ကြွက်မလေးက တုန့်ပြန်တယ်။

သိပ္ပံပညာရှင်တွေက ဗို့အားတွေတိုးလေလေ၊ ကလေးအမေ ကြွက်မလေးရဲ့ သားသမီးဇောတွေကလည်း တိုးလေလေ။ နောက်ဆုံး သိပ္ပံပညာရှင် လူသား ကြီးတွေ ကြွက်မလေးရဲ့ မေတ္တာလက်နက်နဲ့ အလံဖြူအောက်မှာ မရှုမလှ အရှုံးပေးလိုက်ရတယ်။ သူတို့ ရှုံးတော့မှ တစ်ညီတစ်ညွတ်ထဲ အသံပြုလိုက် ကြတယ်။

“သားသမီး ချစ်စိတ်နဲ့သာ ကာကွယ်မထားရင် ဒီကြွက်မဟာ လျှပ်စီးကြောင်းပေါ်မှာ ချက်ချင်း ပြာကျသွားနိုင်တယ်” တဲ့။

ဒါဟာ ကြားကောင်းအောင်ပြောတဲ့ အိပ်ယာဝင်ပုံပြင် မဟုတ်ဘူး။ လက်တွေ့၊ သိပ္ပံနည်းကျလေ့လာ တွေ့ရှိမှု။ ကျေးဇူးပြုပြီး သံသယတွေ ဖျောက်ထားကြပါ။

ဦးဂမ္ဘီရရဲ့ အမေ။ လက်နက်မဲ့ လူသားတစ်ယောက်ကို သေနပ်ကိုင်ထားတဲ့ ငါးသိန်းကျော် လူတွေက “မုန်တိုင်း”လို့ အမည်ပေးရလောက်တဲ့ သားတစ်ယောက်ရဲ့အမေ။ အကျယ်ပြန့်ဆုံး မေတ္တာလွင်ပြင်ရှိတဲ့ ဂေါတမ ဗုဒ္ဓရဲ့ သားတစ်ယောက် မွေးထုတ်ပေးလိုက်တဲ့ အမေ။
မျက်ရည်လွယ်သူ၊ လူသနားအောင် မျက်ရည်ကျပြမှာ မဟုတ်ဘူးဆိုတဲ့ အမေ။
“မိန်းမလက်နက် မျက်ရည်စက်”ဆိုတဲ့ ခပ်ချာချာ စကားပုံကို ပြာဖြစ်အောင် မျက်စောင်းထိုး လိုက်တဲ့အမေ။
ပုထုဇဉ် ပီသစွာ အိပ်ယာထဲမှာတော့ ခိုးပြီး ငိုခဲ့ရပါတယ်, လို့ ရိုးသားစွာ ၀န်ခံခဲ့တဲ့အမေ။
လင်ဇော၊ သားဇောတွေနဲ့ ရူးသွတ်သွားခဲ့ရတဲ့ ဗုဒ္ဓစာပေထဲက ပဋာစာရီကို “ညီမလေး”လို့ ခေါ်လို့ရအောင် ရဲဝန့်ပြသွားတဲ့ အမေ။

ဒီအမေဟာ ပုံပြင်ထဲက အမေ မဟုတ်ဘူး။
လင်နဲ့သားနှစ်ယောက်က နတ်ဆိုးတွေရဲ့ အရက်စက်ဆုံး အကျဉ်းထောင် ထဲမှာ။ (ဒီဆောင်းပါးရေးစဉ် ဘယ်သူမှ လွတ်မလာသေးပါ။) နတ်ဆိုးတွေရဲ့ ဖမ်းဆီးတာကို ခံရပြီဆိုရင် ဘာမဆို ဖြစ်လာနိုင်တယ်။

ဒီအမေဟာ ဒီအခြေအနေတွေထဲကနေ မေးလာတဲ့ သတင်းဌာနတိုင်းရဲ့ သိလိုမှုတွေကို မျက်ရည်တစ်စက်နဲ့မှ လိမ်းကျံ ပေပွမှု မရှိပဲ ရဲရဲဝံ့ဝံ့ ဖြေ ဆိုပြသွားခဲ့တယ်။ ဒီအမေကို ဂုဏ်မပြုရင် ဘယ်အမေကို ဂုဏ်ပြုကြမလဲ။

ဝန်ခံပါတယ်။
အမေတွေ အများကြီးရှိတယ်။
ဆရာကြီး ဦးသုခရဲ့ အမေ၊
ဆရာ ညီပုလေးရဲ့အမေ၊
ထူးအိမ်သင်ရဲ့အမေ၊
မွန်းအောင်ရဲ့အမေ၊
ခင်ဝမ်းရဲ့ အမေ။
ဟင်္သာတ ထွန်းရင်ရဲ့ အမေ။
ချစ်စံဝင်းရဲ့အမေ၊
ကျွန်တော့်အမေ၊
ခင်ဗျားတို့အမေ။
အားလုံးရဲ့ အမေ (အမေစု)။


ဒါပေမယ့် ဒီနေ့ ဒီအခြေအနေမှာ အမေများရဲ့ ကိုယ်စား ငွေစင်ရုပ်ထု တက်ရောက်ယူဖို့အတွက်တော့ ဦးဂမ္ဘီရရဲ့အမေကလွဲ လို့ကျွန်တော့်မှာရွေး စရာမရှိခဲ့ပါဘူး ဘာလို့လဲဆိုရင်တော့ ...........
တစ်ချို့အမေတွေက သားရဲ့ဒုက္ခတွေကိုဝင်ရောက်ကိုယ်စားယူခွင့် ရခဲ့ကြပြီး ဦးဂမ္ဘီရရဲ့ အမေကတော့ ဒီအခွင့်အရေးကိုတောင် ငတ်မွတ်ခဲ့လို့ပါ။ သားရဲ့ ဒုက္ခကို မျှဝေယူခွင့် မရှိတဲ့ အမေတစ်ယောက်ရဲ့ ဒုက္ခဟာ ဘယ်ဒုက္ခထက် မဆိုကြီးတယ်။ သားနဲ့ နေရာချင်းလဲလို့ ရမယ်ဆိုရင် ဦးဂမ္ဘီရရဲ့ အမေဟာ အင်းစိန်ထောင်ထဲကို သွားနေဖို့ ခြေလှမ်းနှေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် ရွေးခြယ်မှုကို ထောက်ခံပေးကြပါ။

ဦးဂမ္ဘီရရဲ့ အမေ။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့အမေ။ အမေ...။

ဟောဒီမှာ ဟေ့...
ရာဇ၀င် လူ့သမိုင်း အဆက်ဆက်
နို့ရေစက်တွေနဲ့ ခဲ... ပျစ်...။
ထုဆစ်ခဲ့တဲ့ ငွေစင်ရောင် ရုပ်ထု
အမေများကို ဂုဏ်ပြု မလို့ပါ။
(အားလုံးရဲ့ ကိုယ်စား)
ဦးဂမ္ဘီရရဲ့ အမေကြွပါ ခင်ဗျား...။
စကြ၀ဠာမှ လက်ခုပ်သံများ စီ ညံ ဝေ စေ။


 ဇင်ဝေသော်

ငယ်လေးတို့ရွာ

နောက်လူတွေကို သနားတယ်၊ ရှေ့ကလူတွေ ခိုးသွားလို့ သူတို့ခိုးစရာ ဘာမှ မကျန်တော့ဘူး။
(ရုရှားစကားပုံ)

စင်္ကာပူဆိုတာ မြေဆင်းရဲတဲ့မြို့။ ဘာတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဒီမြို့ဟာ ဘယ်တော့မှ မြေမချမ်းသာနိုင်ဘူး။ ဒီတော့ တိုက်ခန်းတွေ၊ အိမ်တွေက မြင့်ပြီးရင်း မြင့်လာမယ်။ ကျဉ်းပြီးရင်း ကျဉ်းလာမယ်။ ပြီးတော့ စင်္ကာပူဆိုတာ လူလတ်တန်းစား မြန်မာတွေရဲ့ ထွက်ပေါက်၊ လူချမ်းသာ မြန် မာတွေရဲ့ အိမ်၊ ကွန်ဒို၊ ဘန်ဂလိုတွေ ဝယ်ယူရာ မြို့တော်။ နိုင်ငံတော်ရဲ့ အခြေအနေတွေ ပြောင်းလဲသွားရင် အဲ့ဒီ လူချမ်းသာတွေရဲ့ ထွက်ပေါက် လည်း ဖြစ်နိုင်ပြန်သေးရဲ့။

စင်္ကာပူဆိုတာ အမေရိက၊ ဥရောပ၊ သြစတေးလျတို့လို ဗီဇာရဖို့လည်း သိပ် မခက်ခဲလှ၊ ငွေကုန်ကြေးကျကလည်း လူလတ်တန်းစားတို့ အတွက် ဖြစ်ညှစ် ထုတ်ရင် လက်လှမ်းမီလောက်တဲ့ အနေအထား၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာ ဘွဲ့ရ လူငယ်တွေအတွက် ကမ္ဘာ့စံချိန်မှီ ဘဝထွက်ပေါက်တစ်ခု အဖြစ် ရှိနေခဲ့ တာ ကာလအတန် ကြာခဲ့ပေါ့။

လူလတ်တန်းစား ကျောင်းသားလေးတွေကတော့ တက္ကသိုလ်တွေ ၊ ကျောင်းတွေက ပေးတဲ့ အဆောင်မှာပဲနေနေ၊ အပြင်မှာပဲ ငှါးရမ်းနေနေ ကျပ်ကျပ်ညှပ်ညှပ်ပဲ နေကြရရှာပါတယ်။ တစ်ချို့ကျောင်းသားတွေကတော့ ဘွဲ့ရပြီးလို့ လစာကောင်းကောင်းလေး ရရင် အခန်းကျယ်ကျယ်မှာ တစ်ယောက်တည်း နေလိုက်ဦးမယ်လို့ ကြုံးဝါး တတ်ကြပါတယ်။ ဘယ်လောက်ပဲ ကြုံးလို့ ဝါးဝါး တကယ် အလုပ်လုပ် ကြပြန်တော့လည်း ဒီအိပ်မက်က တကယ်ဖြစ်လာဖို့ ခက်ခက်ပါပဲ။ ဒီလိုနဲ့ တိုက်ခန်းလေးတွေငှါး၊ သဘောထားမျှတဲ့ မိတ်ဆွေတွေနဲ့ အတူ အိမ်၊ အခန်းတွေ ရှယ်ယာလုပ်ပြီး ကျပ်ကျပ်ညှပ်ညှပ်ပဲ ခရီးဆက်နေကြရရှာဆဲပါပဲ။ အဲ့ဒါ စင်္ကာပူမှာ ရှိတဲ့ လူလတ်တန်းစား မြန်မာတွေကို ကိုယ်စားပြုတဲ့ ပုံရိပ်ကလေးပါ။

ဒါပေမယ့် ကျွန်တော်တို့ သိရတဲ့ အိမ်တစ်ချို့လည်း ရှိတယ်။ ဆယ်ကျော် သက် ကျောင်းသားလေး နှစ်ယောက် ကျောင်းထားဖို့ သူတို့ရဲ့ မိဘတွေ ဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းထဲကို အကြောင်းအားလျော်စွာ ရောက်ခဲ့ရဖူး တယ်။ မိဘတွေက စင်္ကာပူနဲ့ မြန်မာ သွားချည်လာလှည့်။ လေယာဉ် စရိတ် ဆိုတာ သူတို့ရဲ့ ထမင်းစားရေသောက် မုန့်ဖိုး၊ သားတို့နေတဲ့ ကွန်ဒိုက စင်္ကာပူရဲ့ အရှေ့ပိုင်းမှာ ရှိတယ်။ စက်ရုံတွေ သိပ်မရှိ၊ လေထုညစ်ညမ်းမှု သိပ်မရှိလို့ ကွန်ဒိုဈေး ပိုကြီးတဲ့ အရပ်ပေါ့။ သူတို့အခန်းကျယ်ကြီးကနေ ငုံ့ကြည့်လိုက်တော့ ပြာလဲ့လဲ့ ရေကူးကန်က ချမ်းစိမ့်စိမ့် မနက်ခင်းမှာတောင် ဒိုင်ပင်ထိုးပြီး ဆင်းကူးချင်စရာပါပဲ။ ဒီကောင်လေးနှစ်ယောက်ဟာ ဘယ်သူရဲ့ သားတွေများ ဖြစ်နိုင်ပါသလဲ။

နာမည်တွေ မပါရင်တောင်မှ ဘယ်လိုလူတွေရဲ့ သားတွေဆိုတာ ခပ်ဝါးဝါးေ တာ့ သဘောပေါက် နိုင်မယ်လေ။ ဒါတွေကို တွေ့ရတော့ ဣဿာ မစ္ဆရိယ ပဲ ဖြစ်ရမလိုလို၊ မုဒိတာပဲ မျက်စေ့မှိတ် ပွားလိုက်ရမလိုလို။ နိုင်ငံတော် အ တွက် ရင်ထဲမှာတော့ အောင့်သက်သက် နာကျင်ဆဲပါ။

နောက်တစ်အိမ်ကတော့ တရံရောအခါက ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့သမီး။ သူမဝယ်ထားတဲ့ ဘန်ဂလိုကြီး ဟီးနေချက်က လစာဒေါ်လာ ခြောက်ေ သာင်းလောက် ရသူတွေတောင် မနာလိုစိတ်ကို ချုပ်တည်းထားနိုင်မယ် မထင်ဘူး။ ရေးကူးကန်က ပြာလဲ့လဲ့။ ဈေးလည်းချို၊ အသစ်စက်စက် လည်း ဖြစ်နေလို့ဆိုပြီး စီးသူမရှိဘဲ ဝယ်ထားတဲ့ မာစီးဒီးနဲ့ BMW ဂျာမန်ကားနှစ်စီးက ဘန်ဂလိုရဲ့ ကျက်သရေကို ပိုပြီး ခန့်ငြားစေတယ်။ အဲ့ဒီ ဘန်ဂလိုမှာ ကလေးထိမ်းတစ်ယောက်ရယ်၊ ကားဒရိုင်ဘာရယ်၊ ကံကောင်း လှတဲ့ ကောင်လေးနှစ်ယောက်တို့ နေကြပါတယ်။ မိဘတွေကတော့ ရန်ကုန်၊ စင်္ကာပူ၊ အင်္ဂလန် သွားချည်လာလှည့်ပဲပေါ့။

နိုင်ငံတော်အတွက် ရင်နာနေရတာနဲ့ ဣဿာလည်း မဝင်မိ၊ မုဒိတာလည်း မပွားမိတော့ပါဘူး။ အနောက်နိုင်ငံတွေကတော့ ဝေးလည်းဝေး၊ ဗီဇာက လည်းကျပ်၊ စီးပွားရေးပိတ်ဆို့မှုတွေကလည်း တင်းကြပ်ဆိုတော့ ပိုက်ဆံ ရှိပေမယ့် ပြဿနာကတော့ အနည်းနဲ့အများ ရှိနေဆဲပါ။

ငွေရှိရင် အဆင်ပြေတဲ့ မြို့က စင်္ကာပူပါ။ ဘိန်းကို အဝင်မခံပေမယ့် ဘိန်းကနေ ရလာတဲ့ ငွေတွေကိုတော့ စင်္ကာပူက “နိုး” မပြောဘူး။ ဒီလိုနဲ့ပဲ စင်္ကာပူဆိုတာ ဆရာ့ဆရာကြီးတို့ သားသမီးတွေ ကျောင်းတက်ရာ၊ တစ်ခုခုဆို ဆရာ့ဆရာကြီးတို့ ခိုလှုံရာ နေရာလေး ဖြစ်နေခဲ့တယ်။

ဆရာ့ဆရာကြီးတို့ရဲ့ တရားဝင် သားသမီးတွေ နေထိုင်၊ ပညာသင်ရာဖြစ်နေ လို့ စိတ်ထဲမှာ စင်္ကာပူကို “ငယ်လေးတို့ရွာ” လို့ ခေါ်နေမိတယ်။

ရန်ကုန်ကို ပြန်ရောက်လို့ သာကေတတို့၊ တောင်ဒဂုံတို့ကနေ လှမ်းကြည့်ရင် လွင်တီးခေါင်ထဲက တိုက်မြင့်မြင့်တွေ ထောင်ထွက်နေတဲ့ မြို့တော် တစ်ခု ကို တွေ့ရတယ်။ စင်္ကာပူက ဆင်ကန်းနဲ့ နည်းနည်း ဆင်ပါတယ်။ အဲ့ဒီမြို့တော်ရဲ့ နာမည်ကို မေ့နေတာနဲ့ ဦးလေးတစ်ယောက်ကို မေးမိတော့ အဲ့ဒါ ယုဇနဥယျာဉ်မြို့တော်လေ၊ ဒီနေ့ လူတွေ သိနေကြတာကတော့ “ငယ်လေးတို့ရွာ” တဲ့။

လာပြန်ပြီ ငယ်လေးတို့ရွာ။
အဲ့ဒီဦးလေး ရှင်းပြတာက ထူးဆန်းလွန်းတော့ မယုံဘူးလို့ မပြောရဲခဲ့ပေမယ့် ယုံပြစ်လိုက်ဖို့ကြပြန်တော့လည်း ဝမ်းနည်းစရာ ကောင်းလွန်းလှတယ်။ နံပါတ်မဝင်တဲ့ အငယ်လေးတွေ အဲ့ဒီမြို့မှာ အနေများတယ်တဲ့။ အဲ့ဒီအငယ်လေးတွေက အများအားဖြင့် နယ်က ဖြစ်နေပါသတဲ့။ (ကျန်သူတွေကို တောင်းပန်ခဲ့ပါရစေ)

ဒါကို ယုံပြစ်လိုက်ဖို့ အင်တင်တင် ဖြစ်နေတဲ့ ကျွန်တော့်ကို “မင်းမယုံရင် တက္ကစီတစ်စီးကို တားပြီး ငယ်လေးတို့ရွာ သွားမလို့ပါလို့ ပြောလိုက်၊ တက္ကစီ က မင်းကို ပို့ပေးလိမ့်မယ်” လို့ ပြောတယ်။

ဒါနဲ့ ကျွန်တော်လည်း သူ့ကားပေါ်က ဆင်းပြီး ရောက်လာတဲ့ တက္ကစီကိုတား၊ ငယ်လေးတို့ရွာ သွားမလို့ပါလို့လည်း ပြောလိုက်ရော တက္ကစီသမားက ကျွန်တော့်မျက်နှာကို တစ်ချက်ကြည့်ပြီး နှစ်ထောင်လို့ ဈေးပြောကာ အဲ့ဒီ မွဲခြောက်ခြောက် မြို့တော်လေးဆီ မောင်းထွက်ခဲ့ပါတော့တယ်။ ကျွန်တော် သဘောပေါက်ထားတာက စင်္ကာပူသာ ငယ်လေးတို့ရွာဆိုတာပါ။ အဲ့ဒီမြို့တော်ကို တက္ကစီသမားလောကက ငယ်လေးတို့ရွာလို့ ခေါ်တာ မသိ ဘူးလေ။

ခေတ်နောက်ဆွဲသမားတွေကို ချန်ထားခဲ့မယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားကြောင့် ကျန်နေရစ်ခဲ့မှာစိုးလို့ အဲ့ဒီဝေါဟာရလေးကို မရ၊ အရ နှုတ် တက် ရွတ်မိတယ်။ “ငယ်လေးတို့ရွာ” ။

ရွာနာမည်ချင်း တူပေမယ့် နေတဲ့လူတွေကတော့ မတူကြဘူး။
သူတို့ အနာဂတ်တွေရော ကွဲပြားနေမှာပဲလား၊ မဆီမဆိုင် ရုရှားစကားပုံက ကျွန်တော့်ခေါင်းထဲ ရောက်လာသေးတယ်။


 ဇင်ဝေသော်

အနောက်ကလူတွေနဲ့ တို့ အစိုးရ


အနောက်ဘောလုံးပရိသတ်က မကျေနပ်လို့ နှစ်ပဲတန် ကြေးပြားနဲ့ ဖာဒီနန် ကို ထုတယ်။
တို့ အစိုးရက မကျေနပ်လို့ မျက်ရည်ယို ဗုံးလိုလို ( စုံစမ်းဆဲ၊ တိတိကျကျ မသိရသေး ) မျက်နှာ စုတ်ပြတ်ဗုံးနဲ့ ထုတယ်။

အနောက်က နှစ်ပဲတန် ကြေးပြားနဲ့ ထုသူကို စီစီတီဗွီ ကြည့်ပြီး တရားခံကို အသည်းအသန် လိုက်ရှာတယ်။
တို့ အစိုးရက မျက်နှာ စုတ်ပြတ်ဗုံးနဲ့ ထုသူကို နေရာပြောင်းပြီး ရာထူး တိုးပေးတယ်။

လူကြောက် မန်စီးတီးက ဘယ်သူမှ ဘာမှ မပြောရသေးပဲ ဖာဒီနန်ကို ( အ လုပ်မရှိ အလုပ်ရှာ ) တောင်းပန်တယ်။
တို့ အစိုးရက ကမ္ဘာက ဝိုင်းအော်တာတောင် တောင်းပန်ရမယ့်အစား ဩဝါဒ စကား ချီးမြှင့်တယ်။

အနောက်ဘောလုံးပရိသတ်က တရားမရှိလို့ တစ်ဂိုးရှုံးတာနဲ့ ကွင်းထဲရောက် တယ်။
တရားရှိတဲ့ တို့ ပရိသတ်က ဂိုး ဒါဇင်ဝက်ရှုံးဦး ခပ်ပြုံးပြုံးနေတတ်တယ်။



ဦးကိုမောင်

စတူးဒင့်တွေ အပေါ်တူ နတီးတွေ ရတော့မယ်

ဟဲမင်ဝေး တို့ အုပ်စုက အင်္ဂလိပ်စာ၊ စကား မဟုတ် အမယ်ရကန် လင်းဂွေ့ တဲ့၊
ဟုတ်တယ်၊ ဒီကောင်တွေက " ယ " သံတွေ အကုန်ဖြုတ်တာ။

ဘယ်ကလာ စကျူးဒင့် ရမှာတုန်း။ တီယူ = တူ ပေါ့။ စတူးဒင့်၊ အပေါ်တူ နတီ။
မနက်ပိုင်း သတင်းဆို နယူးစ် ကနေ နူးစ် ပြောင်းတယ်။ နျူးကလီးယား မဟုတ် နူး ခလျား။
တစ်ခုခု မှာဖို့ ( Menu ) မင်နျူး ကြည့်စရာ မလို မဲန် နူး ဆို ရပြီ။

ဗရိတိရှ် က အသံထွက် မငြိမ်ဘူး။
Sch တွေကို စကူး လုပ်လိုလုပ်၊ ရှက်ဒျူး လို့ ထွက်လိုထွက်။ အမယ်ရကန် လင်းဂွေ့က စကူးလ်၊ စကက် ဒူးလ် တဲ့။
မယုံရင်ကြည့် school စကူးလ်၊ schedule ရှက်ဒျူး လ် တဲ့။ ဘယ်ကလာ၊ စကူးလ်၊ စကက် ဒူးလ်။
တာဝန် ရှိတယ်၊( duty )ဒူးတီ ပေါ့၊ ဘယ်လိုလုပ် ဂျူတီမှာတုန်း။ ဒီယူ ဒူ။ လူတိုင်းသိ။

ဒီကောင်တွေက အို သံတွေ တစ်ဝက် ဖျေက်တယ်။ ဟဲမင်ဝေး ပြောတယ်၊ ပျင်း လို့ တဲ့။
ဟော့ ဒေါ့တ် လား၊ ဘယ်ကလာ၊ ဟာ့ ဒါ့ဂ်။
ဆေးရုံဆိုလို့များဟော်စပီတယ် မနေနဲ့ ဟာ့ စပဒယ်။
ဟက်ဗ်တူတွေ မလိုဘူး၊ got to go ဂါ့ တာ့ ဂိုး ဆို ရနေပြီ။ အိုင် ဂါ့ဒါ့ဂါ့ ဆို နားလည်ပြီ။

ဟဲမင်ဝေး ပြောတာကို သဘောတူတယ်။
သူတို့ အသံမှာ " တ " ကနေ " ဒ " ကို ပြောင်း၊ " ဒ " ကနေ " န " ကို ပြောင်းတယ်။
ဝေါထား ( water )ကနေ ဝေါဒါး၊ ဝန့် တူ( want to )ကနေ ဝန္န ( wanna )၊ အိုင် ဝန္န ဂါ့တ် အ ခပ် ပါ့ဖ် ဝေါးဒါး။

တူရှင် ( ကျူရှင် မဟုတ် ) ဆရာတွေ ပြောသလို အော့ဖင်း ( often ) မှ မှန်တယ်ဆိုရင်တော့ သွားပြီ။
အော့ဖတင် လည်း မှန်တာ ပဲ။ ဘီဘီစီ ကို မေးကြည့်၊ ဗွိုက် စ် ဖ် မာ့ရိက ( The Vice of America ) ကို နားထောင်ကြည့်။

" ယ " သံတွေကို ဖျက်၊ " အို " သံတွေ ကို တစ်ဝက်ပေမယ့် " ရ် " သံကျတော့ သယ်လာခဲ့ကြပြန်ရော၊
မက်တာရ် ( matter ) တဲ့၊ မိုဟာမက် ဆင်း လောက်တော့ ရှည်စရာ မလိုဘူး။
မက်တာရ် တစ်လုံးထဲဆို ရ် သံက မသိမသာ၊ နောက်မှာ သရ ရှိရင် မက်တာ ရော ဖ်( matter of )၊
စတား ရောဖ် ( star of ) တွေ ဖြစ်ပြန်ရော၊အီးသား ကိုတော့ ပျင်းလို့ မပြောဒေါ့ဘူး။

ဂျဲပဲ န်တို့ ခိုရီးယားတို့ ( ခိုးရယား၊ ပိုပြန်တဲ့ အခါ) လိုပဲ
တို့ စတူးဒင့်တွေလည်း အပေါ် တူနတီတွေ ရဒေါ့မယ်။
ဆီးယား လိတ် ဒါ။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

အိုလံပစ် ခဲခြစ်

အိုလံပစ် လည်း အရှိန်ကောင်းနေပြီ။ မြန်မာတွေလည်း ဘယ်ရောက်နေတယ် မသိ။ ရှက်စရာတော့ မရှိ။ ဆု မရတဲ့ နိုင်ငံတွေက ဆုရတဲ့ နိုင်ငံတွေထက် ပိုများတယ်။ ရယ်စရာလိုပဲ၊ ရယ်တတ်တဲ့ လူတွေများပြီး ရယ်အောင် ပြောတတ်တဲ့လူက နည်းနည်းလေး။

ဆင်းရဲလို့ မစွံတာလား ဆိုတော့ အီသီယိုပီးယား မာရသွန်သမားတွေက အဓိပ္ပါယ်မရှိ (Non-sense) တဲ့။
စစ်အုပ်ချုပ်မှု အောက် နေခဲ့ရလို့လား ဆိုတော့ မြောက် ကိုရီးယားသားတွေက မဖြစ်...နိုင် (impossible! ) ဘူး တဲ့။
ဗိုက်ကြီးတွေ ရွှဲနေလို့လား ဆိုတော့ တောင်ကိုရီးယား မြား ပစ်သမားက နိုးဝေး ဆိုပြီး သူ့ ဗိုက်ကြီး ပုတ်ပုတ် ပြတယ်။
(Look at my athletic chest)
(ဟုတ်တယ်၊ နည်းတဲ့ ဗိုက်ကြီးမဟုတ်ဘူး၊ အရပ်ကပုပု၊ အသားက မည်းမည်း (ကိုရီးယား အနေနဲ့ပေါ့ )
မြားပစ်ကတော့ စပယ်ရှယ်လစ်)

ကိုရီးယား အမျိုးသမီး မြားပစ်ချန်ပီယံ နာမည်က ပါ့က် တွေ၊ လီတွေ၊ ဟျွန်တွေ မပါဘူး။ ကိုဘေ တဲ့။ ဂျပန်နာမည် လေး။
စင်ကာပူက ချိုင်းနီးစ် မလေး ကြေးတံဆိပ်ရတော့ တချို့က ပျော်ကြတယ်၊ တချို့က ဖောရိန်း တဲလင့် မို့ မပျော်ကြဘူး။
ပျော်တဲ့လူတွေက မပျော်တဲ့ လူတွေကို "ပျော်ကြ၊ အင်္ဂလန်က လှေလှော် ချန်ပီယံ ကောင်လေးက ဂျာမနီမှာ မွေးတာ" တဲ့။ သိပ် မဆိုင်သလိုဘဲ။

အင်္ဂလိပ် ဘောလုံး အသင်းက တောင်ကိုရီးယားကို (သိကြတဲ့ အတိုင်း) ပင်နယ်တီနဲ့ ရှုံးသွားပြီ။ တစ်ချိန်က မြန်မာဘောလုံး အသင်းက တောင်ကိုရီးယားနဲ့ သူတင်ကိုယ်တင်။ ဒီတော့ တောင်ကိုရီးယား အသင်း အင်္ဂလိပ် ဘောလုံး အသင်းကို နိုင်တယ်ဆိုရင် သင်္ချာသဘောအရ မြန်မာလည်း အင်္ဂလိပ်ကို နိုင် လိုက်တာပဲ မဟုတ်လား။

ဂုဏ်ယူတတ်ရင် ယူစရာတွေ အများကြီး။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

အချင်းချင်းလည်း မညှာဘူး

ဆရာဝန် နဲ့ ရှေ့နေတို့ ပါတီတစ်ခုမှာ ဆုံရင်း စကားစမြည် ပြောနေကြတယ်။
အဲဒီအချိန်မှာ လူတွေက ဆရာဝန်ဆီ လာလာပြီး ကျန်းမာရေးကိစ္စတွေ မေးကြ၊
ဆေးပညာရပ်ဆိုင်ရာ အကြံဉာဏ်တွေ လာတောင်းကြ ဆိုတော့ စကားဖြောင့်ဖြောင့် မပြောရဘူး။

ဆရာဝန် သတိထားမိတာက ရှေ့နေဆီကို ဥပဒေရပ် ဆိုင်ရာ
အကြံဉာဏ်တောင်းသူ တစ်ယောက်မှ မရှိဘူး။
ဒါနဲ့ ဆရာဝန်က
"ရုံးချိန်မဟုတ်ဘဲ ဥပဒေရပ် ဆိုင်ရာ အကြံဉာဏ်လာတောင်းရင် ခင်ဗျား ဘယ်လိုလုပ်လဲ"
"အကြံဉာဏ် ပေးလိုက်တာပေါ့။ နောက်မှ အကြံပေးခ ဘေ ( Bill ) ပို့ လိုက်တယ်"

ပါတီပြီးလို့ နှစ်ရက်မြောက်နေ့မှာ ဆရာဝန်ရဲ့ စာတိုက်ပုံးထဲ စာတစ်ဆောင် ရောက်နေတယ်။
စာက " ဒေါက်တာ၊ ပါတီမှာတွေ့စဉ် လူကြီးမင်း တောင်းဆိုခဲ့တဲ့ အကြံပေးခ" တဲ့။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

☺ ရီလေးတစ်ဗတီ သီအိုရီ ☺

အိုင်းစတိုင်း သူ့မိတ်ဆွေကိုပြောနေတယ်
"ရီလေးတစ်ဗတီ သီအိုရီ မှန်ကန်ကြောင်းထင်ရှားရင်
ဂျာမန်တွေက ကျနော်ဟာ ဂျာမန်လူမျိုးဖြစ်တယ်လို့ပြောကြပြီး
ပြင်သစ်တွေကတော့ ကမ္ဘာ့နိုင်ငံသား လို့ပြောကြလိမ့်မယ်။

ရီလေးတစ်ဗတီ သီအိုရီ မမှန်ဘူးဆိုရင်တော့
ကျနော်ဟာ ဂျာမန်လူမျိုးလို့ ပြင်သစ်တွေကပြောပြီး
ဂျာမန်တွေကတော့ ကျနော်ဟာ ဂျူးလူမျိုးလို့ပြောကြလိမ့်မယ်။"

အဲဒီအချိန်မှာ မီးဖိုထဲက အသံ တစ်သံထွက်လာတယ်။
"ဘယ်သူတွေ ဘာပဲပြောပြော ရှင်ဟာ ကျမယောက်ျားပါ လို့ပြောဖို့တော့ တော်တော်ခက်နေပြီ"

အိုင်းစတိုင်းကြီး ဒီတော့မှ ငြိမ်သွားတယ် တဲ့။
အဲဒီ ရီလေးတစ်ဗတီ သီအိုရီ က ညစာနဲ့ပိုနီးနေတာကိုး။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

သမ္မတကြီးရဲ့ ဒုက္ခအိုးလေး

အင်း။ ဟို ပါလီမန်အမတ် နိုဘယ်လ်ဆု သွားယူမလို့ ဆိုပြီး ထွက်သွားလိုက်တာ ဥရောပမက ကမ္ဘာပါ ပြဲပြဲစင်နေရော။ ငါ့ကိုတောင် အင်္ဂလန်က ဖိတ်အုံးမတဲ့။ အင်း ဖိတ်တော့လည်း ကြွရသေးသပ။ သူမ စကားပြော မမှားပါစေနဲ့ လို့သာ ဆုတောင်းရပေတော့မယ်။ သူ့ မိန့်ခွန်းထဲ ထည့်ပြီး ငါ့ကို ကျေဇူးတင်ဖော်တော့ ရရှာသားပဲ။ အင်းလေ သူလည်း ငါ့ အခြေအနေကို သဘောပေါက် မှာပါ။

နောက် ပြဿနာက မနာလို တိုရှည် ပြည်တွင်းက ပါလီမန် အမတ်မတွေ။ သူတို့ကလည်း တောင်ပြော မြောက်ပြော။ ခက်တာက သူတို့ သွားဖို့ဆို အင်္ဂလန်က ဗီဇာတောင် ပေးမလား မသိ။ ပေးလို့ သွားတယ် ဆိုအုံး ဘယ်သူက ကြက်ဥပုံ ဝိုင်းရပ်ပြီး ကြိုမှာတုန်း၊ သမိုင်းဝင် မိန့်ခွန်း ပြောဖို့ နေနေသာသာ။ ဒီဟာမ တွေကလည်း နေရာမသိ၊ ခက်ပါဘိတော့။ လေလုံးမကွဲတဲ့ အင်္ဂလိပ်နဲ့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ကနေ မိန့်ခွန်းပြောမယ် တကဲကဲ။ မနည်း ဆွဲထားရတယ်။ အရှက် ခွဲမယ့်ဟာတွေ။

ဒါမှ စဉ်းစားလို့ မပြီးသေးဘူး။ လျှပ်စစ်မီး ချက်ချင်း နေ့တိုင်း ပုံမှန်ရဖို့ ဆန္ဒပြကြသတဲ့။ ဘယ်လို လုပ်ရပါ့။ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူးထင်တယ် ကွယ်တို့ရယ်။ ငါက လက်နှီးစုတ် လျှော်ရတဲ့ ကောင်ပါ အဲ သမ္မတပါ။ ဖရောင်းတိုင်က ဘုရား မီးပူဇော်ဖို့ပဲ အသုံးဝင်တယ် ထင်ခဲ့တာ။ အခုမှ သိရတော့တယ် ၊ ဆန္ဒလည်း ပြလို့ရသတဲ့။ ကဲ ဖမ်းမလား၊ လွှတ်ထားမလား။ ခေါင်းရှုပ်တယ်။ ငါ့ သမီးဆို အခုထိ ကိုယ်ပိုင်ကား မဝယ်နိုင်သေးဘူး။ ဗိုလ်ချုပ်ကြီး သမီးတိုင်း BMW စီးကြေးဆို အရင်ဆုံး ဆန္ဒပြ သင့်တာက ငါ့ သမီးပဲ။ "ဗိုလ်ချုပ်ကြီး သမီး BMW စီး၊ ဗိုလ်ချုပ်ကြီး သမီး လက်ဆပ်စ် စီး" ဆိုင်းဘုတ် ကိုင်ရင်း နဲ့ လေ။

ဟို ရခိုင် ပြည်နယ်ကလည်း ပြဿနာ အငွေ့ တထောင်းထောင်း။ လူ့ အခွင့်အရေး ဆိုတဲ့ ကောင်တွေကလည်း အပြစ်ပြောဖို့ ချောင်းနေတာ။ ဒီ ဟာတွေ ငါ့ တိုင်းရင်းသား မဟုတ်တာ ငါ သိသပ။ နယူးယောက်က ငနဲ ဘလော့ဂ်ဂါက ငါ မဖတ်တတ်တဲ့ စကားလုံးတွေနဲ့ မိုးလား ကဲလား ရှောက် ရေးနေသတဲ့။ Who care? ပေါ့လေ။ လူမျိုးတုန်း သတ်ပွဲဆိုလား၊ ဘာဆိုလား။ Who care? အိုဗားမားလည်း ငါ့နေရာမှာဆို အသားဖြူမလာရင်သာရှိမယ်၊ ဟဲယားလုစ် တော့ဖြစ်မှာ။ Who care? အခု ဗိုလ်ချုပ်ကြီးဘဝ ကထက် ဆံပင်ကျွတ်နှုန်း ပိုမြန်လာတယ်။

ငါကမှ တကယ့် ထိုင်ခုံပူ( Hot seat ) ပေါ် ရောက်နေတာ။ ဒီပြဿနာတွေ ရအောင် ရှင်းနိုင်ရင် ငါတောင် နိုဘယ်ဆု အိပ်မက် မက်လို့ ရသတဲ့။ အရူး ချေးပမ်း မီဒီယာ ပြောတာပါ။ အေးလေ ရရင်တော့ ယူရသေးသပ။ ရလို့ ယူလိုက်မိရရင် ဗိုလ်ချုပ်ကြီးတွေက နေအိမ် အကျယ်ချုပ် ပို့ လိုက်မှ ဒုက္ခ။ နိုဘယ်ဆု နဲ့ ငါတို့ ဗိုလ်ချုပ်တစ်ချို့ နဲ့ကလည်း တစောင်းစေးနဲ့ မျက်ချေး။ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

နယူယောက်က ဖူလာ ဆိုတဲ့ကောင်ကလည်း ဘယ်ကရတဲ့ အင်ဖိုတွေလည်း မသိဘူး၊ ငါ့ အကြောင်းကို ရေးထားလိုက်တာ ခရေစေ့ တွင်းကျ၊ သူ့ သုံးသပ်ချက်တွေက ပါးသေး။ တစ်ချို့လည်းမှန်၊ တစ်ချို့လည်း ကိုးယို့ ကားယားတွေ။ စစ်သားနဲ့ မတူတဲ့ စစ်သား တဲ့။ စစ်သား နဲ့ မတူလို့ ပရော်ဖက်ဆာနဲ့ တူနေရမှာလား။ မပြတ်သား၊ စည်းရုံးရေး မရှိ။ စိတ်ဓာတ်လေးကတော့ အနူတောမှာ လူချော တဲ့။ သမ္မတ အလုပ်ခိုင်း မလို့ အဘ က လက်သပ်မွေးခဲ့ တာမို့ ဆန္ဒမပါဘဲ သမ္မတ ဖြစ်လာရသူ တဲ့။ လူနောက် ဖူလာ။ အင်း ဒါနဲ့ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

လူတွေကလည်း ဆန္ဒပြလို့ ရပြီလည်း ပြောလိုက်ရော ပြလိုက်ကြတဲ့ ဆန္ဒ၊ နေရာတိုင်းမှာ။ ဆန္ဒပြလို့ ဖမ်းတော့ မဖမ်ဘူး၊ အခွန်တော့ ပေးရမယ် ဆိုတဲ့ ဥပဒေ ထုတ်ရင် ကောင်းမယ်။ အိန္ဒိယ လိုဖြစ်မှာ စိုးရတယ်။ အိန္ဒိယ မှာ ဆန္ဒပြ မခံရတာဆိုလို့ လမ်းပေါ်က နွားတွေပဲ ကျန်တော့တယ်။ နွားကို ဆန္ဒပြတဲ့သူ ဆန္ဒအပြခံရတဲ့ နိုင်ငံပေပဲ။

ဟို အကောင် လာဘ်စားတဲ့ ကိစ္စက အရေးထဲ မီဒီယာပေါ် ရောက်လာပြန်ရော။ တော်တော် ညံ့တဲ့ကောင်။ အင်းလေ တစ်ခါ မဟုတ်တော့လည်း... ။ လူတွေကလည်း လူတွေပဲ။ လာဘ်စားတာများ သတင်းလုပ်လို့။ လာဘ်မစားလို့ ဒီကောင်တွေလစာနဲ့ ဘယ်ကလာ စင်ကာပူ မှာ ဘန်ဂလို ဝယ်နိုင်မှာ တုန်း။ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

ပါလီမန် အမတ်က ကမ္ဘာမှာကျ သမ္မတ ထက်ကြီးနေတယ်။ ဒါပေမယ့် နေပြည်တော်မှာတော့ ငါ ဘုရင်ပါ။ သွားချင်တဲ့ ခရီးတစ်ချို့ ရှိခဲ့ပေမယ့် သူက အရင်ထွက်သွားတော့ ငါမသွားလိုက်ရပြန်ဘူး။ သူ နဲ့အတူ ကမ္ဘာ့အပြင် ထွက်ဖို့ကလည်း တကယ့်ကို ချဲလင့်ဂ်ျ။ ဒါနဲ့ နိုင်ငံ ပေါက်စက ထုတ်တဲ့ သတင်းစာ အယ်ဒီတာ့ အာဘော်ကတော့ မဆိုးလှဘူး။၂၆ ရက်နေ့ ထုတ် မှတ်တယ်။ ဘာတဲ့ ပါလီမန် အမတ် ဟာ "prisoner of conscience" ထက် "flexibility of politician" ဖြစ်သင့်တယ် တဲ့။ သူနဲ့ ငါ အတူတကွ လက်တွဲ မှ အဆင်ပြေနိုင်မတဲ့။ ဒီကောင် မဆိုဘူး။

အနောက်က သူ့ အသံကို ပို နားစိုက်ပေမယ့် အရှေ့ကတော့ ငါပြောတာကို စောင့်နေကြတာပါ။ လောရှည် ဂိုချောက်ထောင် နဲ့ အဖွဲ့ ပါလီမန် အမတ် မရှိခင် ငါ့ လာတွေတာသာ ကြည့်။ ဒါနဲ့ အဲဒီ ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

ဟိုကောင်တွေရဲ့မြှောက်ထိုး ပင့်ကော်က ရှိသေး။ မြန်မာ ရဲ့ ဂေါ်ဘာချော့ တဲ့။ ငါမှာဖြင့် ဂေါ်ဘာ ကို ချော့ဖို့ နေနေ သာသာ နလဗိန်တုံး ဗိုလ်ချုပ်ကြီးတွေကို ချော့ နေရတုန်း။ တော်တော် လက်ပေါက် ကပ် တဲ့ ကောင်တွေ။ ငါလို နယူးယောက်လောက် တော့ ရောက်ဖူးမှ သူတို့ မျက်စိပွင့်မှာ။ အင်းလေ စိတ်ကောင်းလေး မွေးပြီး တတ်နိုင်သလောက် လုပ်တာပ။ ငါကမှ အဘ အဆက်ဆက် သုံးလာတဲ့ သမိုင်းအိမ်သာခွက် ဆေးရတဲ့ ကောင်။

ဒါနဲ့ သန်းထွဋ် ဆိုတဲကောင် ပါလီမန် အမတ်ရဲ့ သတင်း သတင်းစာမှာ မဖော်ပြတဲ့ အကြောင်း ပြောသွားတာ မဆိုးဘူး။ လွှတ်တော်ကို ကိုယ်စားပြုရင် သတင်းစာထဲ ထည့်ပေးမှာပါ တဲ့။ အဓိပ္ပါယ် မရှိပေမယ့် နားထောင်လို့တော့ ဖြစ်သေးသပ။ ဒါပေမယ့် ပါလီမန် အမတ်ကလည်း မမှုပါဘူး။ မြန်မာ့ သတင်းဆို စိတ်မဝင်စားတဲ့ နိုင်ငံ ပေါက်စက တောင် သူ့ အကြောင်း မြန်မာ့အကြောင်း တွေ ဖော်ပြနေလိုက်တာ နေ့တိုင်း လိုလိုပဲ။ ဒါနဲ့ အဲဒီ ပါလီမန် အမတ် ပြန်မရောက်သေးဘူး။



ဦးကိုမောင်

















Copyright © 2012 ကမ်းလက်. All rights reserved.

☻ နောက် တောက်တောက် သေခြင်းတရား အကြောင်း ☻

၁။ ဟဲမင်ဝေး
ပထမဆုံး နောက်လိုက်တာက ဟဲမင်ဝေး ပါ -
"မာ့ခ်တွိန်းကို အကြောင်း သုံးချက်ကြောင့်သူ့ကိုသိပ်ကြိုက်ပါတယ်။
၁) သူက စာရေးကောင်းတယ်။
၂) ကျနော့်ကို ဖျော်ဖြေမှု ပေးနိုင်တယ်။
၃) နောက်ဆုံး အခု သူသေသွားပြီ၊မရှိတော့ဘူး၊ ဒါကြောင့် ပါ" တဲ့။

၂။ ဒုတိယ လူနောက်က ဘော်လ်တိုင်းယား -
"သူဟာ တကယ့်မျိုးချစ်ပုဂ္ဂိုလ်၊ လူသားချင်း စာနာတတ်သူ၊ မိတ်ဆွေစစ် မိတ်ဆွေမှန်။
အဲ....ဒါနဲ့..သူ တကယ်သေပြီဆိုတာ မှန်ရင် ပေါ့ဗျာ" တဲ့။

၃။ အမေရိကန် သုဘရာဇာလုပ်ငန်း ကုမ္ပဏီ -
သူတို့ ဘယ်လောက်ပဲ နောက်နောက် ဒီ ကုမ္ပဏီ ရဲ့ ကြော်ငြာက အနောက်ဆုံး။
"သေသာ သေပေးပါ၊ ကျန်တာတွေ ကျနော်တို့ တာဝန်ထားလိုက်ပါ" တဲ့။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

လက်မဆေးခင် သန့်ရှင်းရေး အကုန်လုပ်သင့်ပြီ !

အမှိုက်ပုံ တစ်

ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကျော်က စတင်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်။ ဘူးသီးတောင် မောင်းတော စစ်ဆင်ရေး အပြီး လူသူမရှိတဲ့ အဲဒီဒေသကို မြန်မာတိုင်းရင်းသားတွေ အခြေချ နေနိုင်ဖို့ ဋ္ဌာန ဆိုင်ရာက ကြိုးစားခဲ့ကြတယ်။ မအောင်မြင်ခဲ့ဘူး။

မအောင်မြင်တာက လူထုက ပြဿနာကို ခြေခြေ မြစ်မြစ် သဘောမပေါက်သလို အစိုးရဘက်က ဖြည့်ဆည်းပေးရမယ့် မြို့ပြတည်ထောင်ပေးမှု စနစ်မကျ၊ အဆင့်မမီတာလည်းပါတယ်။ ကုန်ကုန်ပြောရရင် ရခိုင် တိုင်းရင်းသားတွေ အပါအဝင် မြန်မာတွေက အဲသလောက်ခေါင်တဲ့နေရာကို မနေလိုကြ၊ မနေနိုင်ကြဘူး။ အဲဒီ အချိန်ကတည်းက ရိုဟိန်ဂျာကိစ္စက စိုးရိမ်ရေမှတ်မှာ ရှိနေပါပြီ။

ညွှန်ကြားရေးမှူးတစ်ယောက် ပြောတာကိုသတိရမိတယ်။ အစိုးရက ရွာတည်ထောင်ပေးတယ်၊ လုပ်ကိုင် စားသောက်ဖို့ အရင်းအနှီး ပေးတယ်။ သာသနာပြု ရဟန်းတော်တွေပါ ပူးတွဲလွှတ်ပေးတယ်။ ဒါပေမယ့် ဘယ်သူမှ အခြေတည်၊ အခြေကျအောင် မနေကြဘူး တဲ့။

သူ့အမြင်က တစ်ဖက်သက် နည်းနည်းဆန်တယ်။ အဓိက ပညာရေး၊ ကျန်းမာရေး နဲ့ လမ်းပမ်းဆက်သွယ်ရေး အဆင်မပြေဘဲ ဘယ်သူမှ ရေရှည်နေနိုင်မှာ မဟုတ်ဘူး။

ဒီနေ့ ရိုဟိန်ဂျာက မနေ့က သီရိလင်္ကာက တမီးလ်တွေ ဖြစ်နေပြီ။ မြန်မာတိုင်းရင်းသားထဲမပါ ဘင်္ဂလားဒေ့ရှ်ကလည်း အသိအမှတ်မပြု၊ အိမ်မရှိတဲ့ လူမျိုးတွေ။ ပြဿနာပေါင်း သောင်းခြောက်ထောင် သယ်လာတော့မယ်။ သီရိလင်္ကာနဲ့ တမီးလ် ပြဿနာက ငြိမ်နေတာ၊ ပြီးသွားတာမဟုတ်သေးဘူး။ ဘာသာရေးဖက်က ကြည့်ရင် သီဟိုဠ်တွေရော မြန်မာတွေပါ စိတ်ပျော့ကြ၊ စိတ်နုကြတယ်။ သနား ကရုဏာစိတ် များတယ်။

လတ်တလော ကရုဏာက အနာဂတ် မျိုးဆက်ကို ပြည်တွင်းစစ် လက်ဆောင် ပေးခဲ့လိမ့်မယ်ဆိုတာ သဘောမပေါက်ကြဘူး။ ဒီနေ့ ရအောင်မရှင်းရင် ရိုဟိန်ဂျာဟာ အနာဂတ်ပြည်တွင်းစစ် မီးပွားဘဲ။လူသားအချင်းချင်း စာနာထောက်ထားတယ် ဆိုစေဦးတော့ မြန်မာပြည်က သူတို့ကို လက်ခံသင့်တာက ရဖျူးဂျီး တွေအနေနဲ့ပါပဲ။နိုင်ငံရေး အရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲဖြစ်ဖြစ် မညှာတမ်းရှင်းထားမှ ရလိမ့်မယ်။

ဘယ်လို ရှင်းရမလဲ ဆိုတာမသိရင် ဂျပန်နဲ့ ကိုရီးယားတို့ကို မေးရမယ်။ ဒီမိုကရေစီ ပီပီပြင်ပြင် ဖြစ်သွားရင် အကျိုးတကယ် ခံစားသွားကြရမှာက မြန်မာနဲ့ တိုင်းရင်းသားတွေမဟုတ်ဘဲ လူမျိုးခြားတွေ ဖြစ်သွားနိုင်တယ်။ လက် စင်အောင် မဆေးခင် ဒီအမှိုက်က အရင်ရှင်းထားမှရမယ်။


အမှိုက်ပုံ နှစ်

ရိုဟိန်ဂျာပြီးရင် ရှုပ်လာမဲ့ အမှိုက်ပုံက ဘိန်း အရောင်းအဝယ်လုပ်ပြီး ချမ်းသာ။ နိုင်ငံသား ကဒ်ပြားတွေ ငွေပေးဝယ်နေကြတဲ့ ဝ တွေ။ အတွင်းရေးမှုးတစ် ဦးခင်ညွန့် ရအောင်ယူခဲ့တဲ့ ပေါချောင်ကောင်း ငြိမ်းချမ်းရေးပေါ့။

စပါး စိုက်တဲ့ မြန်မာက ဘိန်းစိုက်တဲ့ ဝ ကို စီးပွားရေးအရ ဘယ်နည်းနဲ့မှယှဉ်နိုင်မှာ မဟုတ်ဘူး။ ခြောက်လုံးပြူးနဲ့ ဝ ကို လေးခွနဲ့ မြန်မာက မနိုင်ဘူး။ ပါဂျဲရိုးပေါ်က ဝ ကို နွားလှည်း နဲ့ မြန်မာက မှီအောင် လိုက်လို့ မရဘူး။ ပြည်ပထွက် ငွေလာရှာတဲ့ မြန်မာတွေ ပြည်းတွင်းက ဝ တွေရဲ့ ကား၊ အိမ်၊ခြံ မြေ ဈေးကွက်ထဲ မတိုးနိုင်ဘူး။ တစ်လ ဒေါ်လာ ငါးထောင်ဆိုတဲ့ ဝင်ငွေမျိုးကို အကျင့်ပျက် အရာရှိနဲ့ ပေါင်းရှာရင် တစ်ရက် နှစ်ရက် အတွင်း ရှာလို့ရတယ်။

ဒီလိုနဲ့ ပြည်ပရောက် မြန်မာပညာတတ်တွေဆုံး၊ မြို့တွင်းက မြန်မာတွေ မြို့ပြင် ရောက်မှန်းမသိ ရောက်သွားကြရော။ ဘာသာရေး ရှုထောင့်က ကြည့်ရင် သူတို့ ပြဿနာက ရိုဟိန်ဂျာလောက်မကြီးဘူး။ သူတို့က ပိုကောင်း၊ ပိုချမ်းသာတဲ့ ဘဝကို လိုချင်တာ။ ဘာသာရေး အယူမသည်းဘူး၊ ကိုးကွယ်မှု ပြဿနာ မရှိဘူး။ ဒါပေမယ့် နိုင်ငံသား မဟုတ်တာတော့ မဟုတ်တာပဲ။ ဒီကိစ္စကလည်း လက်မဆေးခင် ရှင်းထားမှရလိမ့်မယ်။

သူတို့ကြောင့် တိုင်းရင်းသားတွေ အချင်းချင်း မညီမညွတ် ဖြစ်ရာက အချင်းချင်း သွေးကွဲနိုင်တယ်။ ရက်စက်ကောင်း ရက်စက်မယ်။ ဒါပေမယ့် ဒီ အမှိုက်ပုံ နှစ်ပုံ နဲ့ ပတ်သက်လို့တော့ တိကျတဲ့ ပေါ်လစီ ရှိမှကိုရလိမ့်မယ်။

လက်ကို စင်အောင် ဆေးပြီးရင်လည်း သန့်သန့်လေးနေမှ၊ နို့မို့ သိသာလွန်းတယ်။
အခုနေ လုပ်စရာတွေ လုပ်ထားလို့ရသေးတယ်။ လုပ် ပြီးတော့မှ လက်ဆေး၊ မောင့်ကျက်သရေ စွပ်။



ဇင်ဝေသော်   
Zin Wai Thaw










Copyright © 2012 ကမ်းလက်. All rights reserved.

ဒိုင်မင်းရှင်း

 ၁။ ဘောလုံးဒိုင်မင်းရှင်း
အသက် ၄၀ ဝန်းကြင်နဲ့ အထက်က ဘောလုံးစိတ်ဝင်စားတဲ့လူတွေဆိုရင် အီတလီဘောလုံးသမား
ဒီကာနီယို ဆိုတဲ့  ဘောလုံးသမားကိုသိကြပါတယ်။ ဝက်စ် ဟမ်း အသင်းမှာကစားခဲ့တယ်။
နောက်တန်းသမားအားလုံးကို ကျော်ဖြတ်ပြီး ဂိုးသွင်းမယ်လည်းလုပ်ရော ဂိုးသမားက ဒဏ်ရာရပြီး လဲနေတယ်။
သူ့ဘာသာသူ ဒဏ်ရရာရတာပါ။ ဒီကာနီယိုနဲ့မဆိုင်ပါဘူး။ ဒါပေမယ့်ဒီကာနီယိုက ဂိုးမရှုးတော့ပဲ ဘောလုံးကို ဘေးကန်ထုတ်လိုက်တယ်။
အဲဒါနဲ့ပတ်သက်လို့ စကားသံ နှစ်သံထွက်တယ်၊
    (က) သူတော်ကောင်း၊
    (ခ)  အရူး တဲ့။

နောက်တစ်ယောက်က မန်ယူ က လူးဝစ် နာနီ။ တစ်ဖက်ဂိုးသမားနောက်မှာ သူကလဲနေတာ၊
ဒိုင်က ဂိုးသမားကို ကန်ဖို့ ခရာမှုတ်ပြီးပြီ။ဂိုးသမားက ဘောလုံးကိုတည်ပြီး ကန်ဖို့နောက်ဆုတ်အားယူတယ်။
ဒါကိုသိတဲ့ လူးဝစ် နာနီက ဂိုးသမားအရင်ဦးအောင်ယူပြီး ဂိုးသမားတည်ပေးတဲ့  ဘောလုံးနဲ့ အလွယ်တကူ ဂိုးရှုးသွားတယ်။ ဒီကိစ္စမှာလည်း စကားသံ နှစ်သံထွက်တယ်။
    (က) အချောင်သမား
    (ခ) ဥပဒေဘောင်ထဲကနေ အခွင့်အရေး ရအောင်ယူတတ်သူ တဲ့။

၂။ စီးပွားရေး ဒိုင်မင်းရှင်း
၁၉ ရာစုက မက်ကောလစ်စတာ စတဲ့ အမေရိကန်သူဌေးကြီးတွေကို မသန့်ရှင်းတဲငွေ၊
လူမည်းတွေအပေါ် ခေါင်းပုံဖြတ်ပြီးရတဲ့ငွေတွေနဲ့ ချမ်းသာသူ စသဖြင့်ပြောကြတယ်။
သူတို့က တက္ကသိုလ်တွေ၊ဆေးရုံတွေထောင်တော့လည်း ဒီအပြစ်တွေကျေအောင် လုပ်နေတာလို့ ဆိုကြပြန်တယ်။ သူ့တို့ကို
    (က)တစ်ချို့ကအက်သစ်ကယ် မဖြစ်တဲ့နည်း သူဌေးဖြစ်လာသူ လို့ဆိုကြတယ်၊
    (ခ)တစ်ချို့က စီးပွားရေး လာဘ်မြင်သူ တဲ့။

၂၀၊၂၁ ရာစုရောက်ပြန်တော့ ဘီးလ်ဂိတ်တို့လို လူတွေကိုပဲ
    (က)အက်သစ်ကယ် မဖြစ်တဲ့နည်း သူဌေးဖြစ်လာကြသူတွေ လို့ဆိုကြပြန်တယ်၊
    (ခ )တစ်ချို့ကတော့ စီးပွားရေး လာဘ်မြင်သူ တဲ့။

၃။ နိုင်ငံရေး ဒိုင်မင်းရှင်း
မြန်မာပြည်မှာ ဦးနုအစိုးရတက်လာတယ်၊မဆိုးဘူး  ဦးနုအစိုးရအစွမ်းလား၊ဗြိတိရှလက်ကျန်လား
အာရှမှာတော့ အကောင်ကြီးကြီး ခြင်္သေ့ပဲ။ အမျိုးမျိုးပြောကြတယ်။
    (က)ဘာသာရေးက ကြည့်တော့ ဆဋ္ဌသင်္ဂါယနာပါ တင်သွားနိုင်တယ်။
    (ခ )တစ်ချို့အမြင်က မြန်မာပြည် ဖျက်ဆီးသွားတာ   ဦးနုအစိုးရတဲ့။

စင်ကာပူက လီကွမ်းယု။ တံငါရွာကနေ ထိပ်တန်းမြို့တော်တစ်မြို့ဖြစ်အောင် လုပ်ခဲ့တယ်၊
သူက တကယ့်ကို Perfectionist။ ဝန်ကြီးတိုင်း အိမ်ထောင်ရှိရမယ် ၊အိမ်ထောင်ရေးဖောက်ပြန်မှု ကင်းရမယ်၊
အသေးအမွှားက အစ ပါဖက်ြဖစ်နေရမယ်။
    (က)သူ့ကိုတော့ ဒီမိုရေစီ အာဏာရှင် တဲ့။
    (ခ )တစ်ချို့ကတောဘုရားသခင်လွှတ်လိုက်တဲ့ ဂေါ့ဒ် တဲ့။

၎။ ဘာသာရေး ဒိုင်မင်းရှင်း
ဆွာမိ ဝိဝေကာနန္ဒက ပြောတယ်၊ ဂျီးဇက် ခရိုက်က ဂျူး၊ သူ့ကိုသဘောမတူတဲ့ သူ့လူမျိုး ဂျူးတွေက သူ့ကို ကားစင်တင်ခဲ့တယ်။

ဗုဒ္ဓ ဟာ ဟိန္ဒူတဲ့၊ ဒါပေမယ့် ဟိန္ဒီတွေက ကားစင်မတင်တဲ့အပြင် ဗုဒ္ဓ ကို အထွတ်အမြတ်ထားပြီး
ကိုးကွယ်ခဲ့တယ် တဲ့။

(ကွဲလွဲခွင့်ရှိလို့ ကွဲလွဲရရင် ဗုဒ္ဓ က ခတ္တိယ အနွယ်ဖြစ်တဲ့အတွက် သူ့နောက်မှာ စစ်တပ်ကြီးတွေရှိတယ်။အထူးသဖြင့် ခတ္တိယ တွေနဲ့ အဲဒီခေတ်က စူပါပါဝါ မဂဓအရှင် ဗိမ္ဗိသာရတို့ကဗုဒ္ဓ ကိုထိရင်လက်ပိုက်တော့ကြည့်မနေလောက်ဘူး။ ဗုဒ္ဓ ကို အထွတ်အမြတ်ထားပြီး ကိုးကွယ်တာကိုတော့ ကိုယ့် နိုင်ငံသားမဟုတ်ပေမယ့် ဂုဏ်ယူမိပါတယ်။)
နောက်ဆုံးဝါကျသာ ကျနော့်စကားပါ။    ။


ဇင်ဝေသော်









Copyright © 2011 ကမ်းလက်. All rights reserved.

☺ တူနိုင်ပေါင် ☺

 
ညီမလေး…. ရေ
ရှေးတုန်းက (တကယ့်ကိုရှေးတုန်းက) သမ္မတကြီးက ပရောဖက်ဆာကြီးကို ဆုချမယ်၊ ဘာဆုယူမလည်းလို့မေးသတဲ့။ ဒါနဲ့ မယားကြောက်ရတဲ့ ပရော်ဖက်ဆာကြီးက အိမ်ပြန် တိုင်ပင်ပါရစေဦးခင်ဗျာလို့ ပြောသတဲ့။

အိမ်ပြန်ရောက်လို့ သူ့မိန်းမကို ဘာလိုချင်သလဲ လို့မေးတော့ ရှင်ကရော ဘာလိုချင်နေလို့လဲလို့ သူ့ကိုပြန်မေးသတဲ့။

ဒါနဲ့ ပုဏ္ဏားကြီးက
" ငါကတော့ စူပါမားကတ်ကြီး တစ်ခုလိုချင်တယ်" တဲ့။

ဒါနဲ့သားကိုမေးတော့
" ဘရန်းနယူး ပိုရှေးတစ်စီး" လို့ဖြေသတဲ့။

ချွေးမကိုမေးပြန်တော့
" ကျွန်မကတော့ ပြင်သစ်ထုတ်ပဲ တင်တဲ့ဖက်ရှင်စတိုး " ကိုတောင်းဆိုသတဲ့။


နောက်ဆုံး အိမ်က မေ့(ဒ်)ကိုမေးတော့
" ကျွန်မဖြင့် ဝေါရှင်း မက်ရှင်း ရရင်တော်ပါပြီ " လို့ဆိုသတဲ့။

အဲသလို မတူတဲ့ အလိုတွေကို သမ္မတကြီးထံတင်ပြတော့ သမ္မတကြီးကပြုံးသတဲ့။ ပြုံးစရာကောင်းတဲ့အထဲမှာ ဝေါရှင်းမက်ရှင်းက ပြုံးစရာ အကောင်းဆုံးဖြစ်နေသတဲ့။
 လူဆိုတာ ကိုယ်လိုရာကို တောင်းကြတာပဲပေါ့ကွယ်။

ဒါပေမယ့် တကယ်ဇာတ်တော်ထဲမှာတော့ (ဘုရားဟောထဲမှာတော့)
ပုဏ္ဏားပရော်ဖက်ဆာကြီးက ရွာစားဆု
ပုဏ္ဏားကတော်က နို့စားနွားမတစ်ရာ
သားကတော့ အာဇာနည်မြင်း ကတဲ့ရထားကြီး
ချွေးမကတော့ ပတ္တမြားနားတောင်း
ခုဇ္ဇာဆိုတဲ့ ကျွန်မကတော့ ငရုတ်ဆုံ တဲ့ကွဲ့။

ညီမလေး နားရှုပ်မှာစိုးလို့ နည်းနည်း  အက်ဒစ်လုပ်လိုက်တာ။
တကယ်လည်း ကိုယ်ကြိုက်တာ ကိုယ်ကြိုက်ဖို့၊ ကိုယ်လိုတာကိုပဲ သိဖို့က အရေးကြီးတာပဲ မဟုတ်လား။

ဒါနဲ့ ညီမလေးကို မေးလာရင်ကော ဘယ်လိုဖြေမှာလဲ။ 


ဆယ်လူလာဖုန်းယူ၊ ပါဂျဲရိုးကားကို ကိုယ်တိုင်မောင်း၊ အဲကွန်းတပ်ထားတဲ့ တောအုပ်ထဲက ကျောင်းဆီ စားစရာတွေအပြည့်ထည့်ပြီး တောထွက်ပြီလို့ တီဗွီကတော့ မကြေညာလိုက်ပါနဲ့ကွယ်။ 


ဇင်ဝေသော်












Copyright © 2011 ကမ်းလက်. All rights reserved.

လူ့အခွင့်အရေး သို့သော်....သို့သော်

 လူ့ အခွင့်အရေး
လူ့ အခွင့်အရေးနှင့် ပတ်သက်သော အယူအဆ
၁၈ ရာစုကထဲက ဥရောပ၌ စတင်အခြေပျိုးပြီး တစစတိုးတက်ခဲ့သည်။
၁၉၄၅ ခု ရောက်မှ ကမ္ဘာ့ကုလသမဂ္ဂကြေညာချက်စာတမ်း၌ တရားဝင် ထုတ်ပြန်ခဲ့သည်။
လူ့ အခွင့်အရေး ဖြစ်ပေါ်လာရခြင်းမှာ အဓိကအခြေခံ
အကြောင်းတရား သုံးချက်ကြောင့် ဖြစ်သည်။

၁။ လူ့ဖွဲ့စည်းပုံတရားဥပဒေသည် လူကပြဋ္ဌာန်းသော ဖွဲ့စည်းပုံတရားဥပဒေဖြစ်သည်၊
    တစ်ယောက်သောတန်ခိုးရှင် ဖန်ဆင်းရှင်နှင့်မဆိုင်။
၂။ လူသားတိုင်း၌ တန်းတူ အခွင့်အရေးရှိသည် ။
၃။ လူသားတိုင်း ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တည်းခွင့် ရှိသည်။
    လူ့ အခွင့်အရေးက အနောက်မှာ အစပျိုးခဲ့သည်ကားမှန်၏...

သို့သော်......
ဗုဒ္ဓစာပေကို စောင်းငဲ့ကြည့်သောအခါ........
၁။ နံပါတ်တစ် အချက်ကို အဂ္ဂညသုတ်နှင့် ဇာတ်တော်အချို့တွင်တွေ့ရ၏၊
    လူတန်းစား သတ်မှတ်ပြဋ္ဌာန်းခြင်းသည် မဟာဗြဟ္မာနှင့် မဆိုင်
    လူ့အဖွဲ့အစည်း အဆင့်ဆင့်ပြောင်းလဲမှု၊တိုးတက်လာမှုတို့နှင့်သာဆိုင်သည်။( D.III.92)

၂။ နံပါတ်နှစ်  အချက်ကို ဝါသေဋ္ဌသုတ်၌တွေ့ရသည်၊
    လူအချင်းချင်း အဆင့်အတန်း ခွဲခြားမူကို ယင်းသုတ်၌
    ဘုရားရှင်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။     (Sn.594-611)

၃။ နံပါတ်သုံး အချက်ကိုမူ တိုက်ရိုက်မတွေ့ရ၊ သို့သော် ဒေသနာအားဖြင့်ထင်ရှား၏။
    လူတိုင်း၊သတ္တဝါတိုင်း မိမိအသက်ကို ချစ်မြတ်နိုး၏၊ ဟောညွှန်သည့်အတိုင်းလိုက်နာလျှင်
    လူတိုင်း သံသရာမှ ထွက်မြောက်နိုင်၏။(ဤအချက်ကို မဟာသတိပဋ္ဌာန သုတ်၌ တွေ့ရ၏။)

သို့သော်......
ဗုဒ္ဓဘာသာနိုင်ငံများ၌ လူ့အခွင့်အရေးသမိုင်းနှင့်ပတ်သက်၍
သိပ်မစွံလှကြောင်း မှတ်တမ်းများအရ သိရ၏။
ဝမ်းနည်းဖွယ် ကောင်လှသည်။    ။








Copyright © 2011 ကမ်းလက်. All rights reserved.

သူလည်းလူပါပဲ

 
ကြာတော့ကြာပါပြီ ။ ဒီအင်တာဗျူးလေးကို ပြန်ဖတ်မိတာနဲ့ မိတ်ဆွေတစ်ယောက်ပို့လိုက်တဲ့ ၇-၁၁-၂၀၁၀ ဆိုတဲ့ မက်ဆေ့လေးရတာနဲ့ တပြိုင်နက်ဖြစ်နေတယ် ။ ဒါကြောင့်မို့ထင်ရဲ့ ဒီအင်တာဗျူးလေးကလည်း အရင်တစ်ခါ ဖတ်မိတာကထက် ပိုလို့တောင် စီးစီးပိုင်ပိုင်ရှိနေပါသေးတယ် ။

မယုံရင်ဖတ်ကြည့်ပါ ။ Scott Johnson ဗျူးထားတဲ့ ဇင်ဘာဘွေဝန်ကြီးချုပ် မော်ဂန်စဗန် ဂီရိုင်းရဲ့ အဖြေစကားတွေပါ။ ၂၀၀၉ ခု (မနှစ်က) စက်တင်ဘာလ News week ထဲက "He is human after all" ကိုဘာသာပြန်ထားတာပါ ။

မေး ။   ။ ခင်ဗျားအောင်မြင်မှုရဲ့ အနံ့အသက်လေးတွေ ရနေတယ်မဟုတ်လား ။
ဖြေ ။    ။ ဟုတ်ပါတယ် ၊ အထင်ကရ တိုးတက်မှုနှစ်ခု ရခဲ့ပါတယ် ။ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တာရယ် ၊ ပူးတွဲအစိုးရ ပုံဖော်နိုင်ခဲ့တာရယ်ပါ ။

မေး ။   ။ ခင်ဗျားကို သတ်ပစ်ချင်နေတဲ့ လူတွေနဲ့တွဲပြီး အလုပ်လုပ်နေရတာနော် ။
ဖြေ ။    ။ ဒါကိုကျနော် သဘောပေါက်ပါတယ် ။ နိုင်ငံရေးသဘောတရားမှာ အတိုက်အခံဆိုတာ ရန်သူပါပဲ ။ အယူအဆ မတူညီမှုတွေဟာ တကယ့်ကို အဟန့်အတားပါပဲဗျာ ။

မေး ။   ။ မူဂါဘီ အပေါ်မှာထားတဲ့ ခင်ဗျားရဲ့အမြင် ပြောင်းသွားပြီလား ။ ခင်ဗျားက သူ့ကို အာဏာရှင် လို့ခေါ်ပြီး သူကလည်း ခင်ဗျားခေါ်သလိုပဲ အာဏာရှင်ဆန်ဆန် လှုပ်ရှားပြခဲ့တယ်နော် ။
ဖြေ ။    ။ လွန်ခဲ့တဲ့နှစ်တွေကစပြီး မူဂါကီရဲ့ လုပ်ရပ်တွေဟာ ခွင့်လွှတ်လို့ မရအောင် ဆိုးဝါးလှပါတယ် ။ ဒါပေမယ့် သဘောတူညီချက်ရပြီးတဲ့ နောက်မှာတော့ ဘာပဲဖြစ်ဖြစ် လက်တွဲ အလုပ်လုပ်ကြဖို့ စတင်ခဲ့ကြပါတယ် ။

မေး ။   ။ အတူတကွ ပူးပေါင်းရေးမှာ သူဟာတကယ်လေးလေးနက်နက်ကော သဘောထားရဲ့လား ။
ဖြေ ။    ။ ဒီအတွက်တော့ သံသယဖြစ်စရာမရှိပါဘူး ။ သူ့မှာ သူ့ကိုယ်ပိုင် နိုင်ငံရေးအဖွဲ့အစည်းရှိပါတယ် ။ သူ့အဖွဲ့ကို သူထိန်းချုပ်ထားနိုင်တယ်လို့ သူယုံကြည်ထားပါတယ် ။

မေး ။   ။ အခုဆို နှစ်ပါတီ ပူးပေါင်းပြီး အလုပ်လုပ်နေခဲ့ရပြီ ။ ကျားမြီးဆွဲလိုက်မိသလို မခံစားရဘူးလား ။
ဖြေ ။    ။ ဖွဲ့စည်းပုံ မူဝါဒစခဲ့ပြီ ။ နိုင်ငံတော်ကို ကုစားဖို့လည်းစခဲ့ကြပြီ ။ တစ်ရှိန်ထိုး ကျဆင်းနေတဲ့ နိုင်ငံတော်ရဲ့ စည်းပွားရေး အခုရပ်နေတယ် ။ စီးပွားရေး အသိုင်းအဝိုင်းမှာ ယုံကြည်မှုတွေ ရလာတယ် ။ ကုန်ထုတ်လုပ်မှုတိုးတက်လာနေတယ် ။ နိုင်ငံတော်ဟာလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ။

မေး ။   ။ ဒီထက်ပိုပြီးပြောင်းလဲမှုမလုပ်ရင် ဆက်ပြီးရင်းနှီးမြုပ်နှံမှုလည်း လုပ်မှာမဟုတ်ဘူးလို့ အနောက် သံတမန်တွေက ပြောနေကြပါလား ။
ဖြေ ။    ။ ဇင်ဘာဘွေကိုထောက်ခံဖို့ ဘယ်သူ့ကိုမှ ကျနော်က အတင်းတွန်းအားပေးလို့ မရပါဘူး ။ ဒါဟာကျနော်တို့လက်ရှိအနေအထားနဲ့ ကျနော်တို့ အနာဂါတ်ပါပဲ ။ 

မေး ။   ။ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသင့်ပြီလား ။
ဖြေ ။    ။ ကျနော်တို့ ရင်ဆိုင်နေရတာက ကမ္ဘာလှည့် ခရီးသွားနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုတွေပါ ။ ဒါကလည်း အခြေအနေအရ ဖြစ်ခဲ့ရတာပါ ။ ။ အကြမ်းဖက်မှုတွေပေါ့ ။ အကြမ်းဖက်မှုဆိုတာကလည်း ဘာလက်နက်မှ ခုခံစရာမရှိရှာတဲ့ ပြည်သူတွေကို နိုင်ငံတော်အစိုးရက အကြမ်းဖက်တာပါ ။ တကယ့်ကို ခွင့်လွှတ်လို့ မရတဲ့ ပြစ်မှုပေါ့ ။ ဒါပေမယ့် အခုလက်ရှိအနေအထားမှာတော့ အီးယူတို့  အမေရိကန်တို့နဲ့ ပြန်တွေ့ဆုံပြီး "ကျနော်တို့ ပုံမှန်အနေအထားအတိုင်း ပြန်သွားကြစို့လား" လို့ မေးရတော့မယ့် အချိန်ပါ ။

မေး ။   ။ လွန်ခဲ့တဲ့ လပိုင်းတွေက ခင်ဗျားနဲ့ မူဂါဘီနဲ့ အပြန်အလှန် ဆက်ဆံရေးက ဘယ်လိုအခြေအနေမှာ ရှိပါသလဲ ။
ဖြေ ။    ။ ဒါကတော့ ရှင်းပြလည်း အပိုပဲလို့ ထင်တယ် ။ ကျနော်ရှင်းပြလည်း ခင်ဗျားသဘောပေါက်မှာ မဟုတ်ဘူး ။ (ရီလျက်)တစ်ပတ်တစ်ခါ ကျနော်တို့တွေ့တယ် ။ အစိုးရနဲ့ ပတ်သက်တဲ့ စကားတွေ ကျနော်တို့ပြောကြတယ် ။ သူ့ရဲ့ဝန်ကြီးတွေကို ကျနော်က ဦးဆောင်တယ် ။ ဒါပေမယ့် "သမ္မတကြီး ကျနော်ရောက်လာပါပြီ ။ လျှပ်စစ်မီးနဲ့ ပတ်သက်လို့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်တင်ပြနေပါတယ်" ဆိုတာလောက်တော့ မဟုတ်ရဘူးပေါ့ဗျာ ။ ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေးသင့်မြတ်မှု အတွက်လည်း တိုက်ဆိုင်တိုင်း ပြောကြတာပေါ့ . ဒါလည်းတိုးတက်စ ပြုနေပါပြီ ။

မေး ။   ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ သူနဲ့ဘယ်လိုလုပ် ဆက်ဆံဖို့ လမ်းစတွေ ရခဲ့တာလဲ ။
ဖြေ ။    ။ အခက်ခဲဆုံးကာလတစ်ခုကို ကျနော်ကျော်ဖြတ်ခဲ့ရပါတယ် ။ (ရွေးကောက်ပြီး တစ်ပတ်မှာ သူ့ဇနီး ကားတိုက်မှုနဲ့ သေဆုံးခဲ့ရရှာပါတယ်) ။ ဒီအတွက် ကျနော့်အပေါ်မှာ သူကရုဏာသက်လာပါတယ် ။

မေး ။   ။ ခင်ဗျားကို ကရုဏာသက်ခဲ့တာ  အမှန်ပဲလား ။
ဖြေ ။    ။ အမှန်ပါပဲ ၊ ဒါပေမယ့် ကျနော်နဲ့ မူဂါဘီဟာ တစ်အူတုံဆင်း ညီရင်းအစ်ကိုတွေလို ချစ်ကြပါတယ်လို့တော့ ပြောလို့ဘယ်ရမလဲဗျာ။

မေး ။   ။ ခင်းဗျားကို အံ့သြစေတဲ့ အချက်တွေများ မရှိခဲ့ဘူးလား ။
ဖြေ ။    ။ တကယ်တော့ သူလည်းလူပါပဲ ။

မေး ။   ။သူ့ကို တစ်ယောက်ယောက်က နောက်ကနေ ချုပ်ကိုင်ထားတယ်လို့ မထင်ဘူးလား။
ဖြေ ။    ။ အရူးလုပ်မခံရပါစေနဲ့ဗျာ ။ သူဟာ အားလုံးကို ထိန်းချုပ်ထားတဲ့လူပါ ။ သူဟာ အဘိုးကြီးတစ်ယောက်ဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် သိပ်ပါးနပ်ပြီး အခွင့်အရေးရရင် ရသလို ယူနိုင်တဲ့ လူကြီးပါ ။ 

မေး ။   ။ သူ့ရဲ့ခြိမ်းခြောက်တာကို ခံရဖူးသလား ။
ဖြေ ။    ။ ဘယ်သူခြိမ်းခြောက်တာကိုမှ ကျနော် မခံရဖူးပါဘူး ။ ဒီလိုမှ မဟုတ်ရင်လည်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဆယ်နှစ်တာကာလကို ဘယ်လိုရင်ဆိုင်လို့ ရပါတော့မလဲဗျာ ။

မေး ။   ။ မူဂါဘီက တရားစွဲခံရမှာကို စိုးရိမ်နေသလား ။
ဖြေ ။    ။ မထင်ပါဘူး ။ သူ့အဓိကပစ်မှတ်က သေရင်နာမည်ကျန်ရစ်ခဲ့ဖို့လို့ထင်ပါတယ် ။ ဒါကလည်း အပြင်လူတွေနဲ့ သိပ်မဆိုင်လှဘူးဗျ ။ လူထုချစ်အောင် ဘာမှလုပ်မပေးခဲ့တာတောင် လူထုရဲ့မေတ္တာကို ခံယူချင်တတ်ကြတာ ကျနော်တို့လူ့သဘာဝပဲမဟုတ်လား ။ ကျနော်တို့လုပ်ခဲ့တဲ့ကောင်းကွက်လေးတွေကိုကြည့်ပြီး လူထုကြီးက ကျနော်တို့ကို သတိရစေချင်တယ် ။ အဆိုးတွေမြင်ပြီး မေ့မရဖြစ်တာမျိုး မလိုချင်ဘူးပေါ့ဗျာ ။


ဒါပါပဲဗျာ ။ မစ္စတာမော်ဂန်ဟာ ဒီနေရာကိုရောက်ဖို့ အသတ်ခံရလုနီးပါး ဖြစ်ခဲ့တယ် ။ ရွေးကောက်ပွဲမတိုင်မီ ပြန်ပေးဆွဲခံရမလိုလည်း ဖြစ်ခဲ့တယ် ။ ထောင်ဆိုတာကတော့ အိမ်ဦးနဲ့ကြမ်းပြင် ။

သူ့အတိုက်အခံ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီဆိုတဲ့ အာဏာရှင် အဘိုးကြီးကလည်း အာဖရိကရဲ့ အာဏာရှင် ကျောက်ဖြစ်ရုပ်ကြွင်းကြီး ။ နည်းနည်းနောနော အကောင်ကြီးမဟုတ်ဘူး ။  သူ့အာဏာမြဲဖို့ ဘာလုပ်ရမလဲသာပြော ၊ အကုန်လုပ်ခဲ့တဲ့ အဖိုးကြီးပဲ ။

ဘာပဲပြောပြော ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တော့ မူဂါဘီတစ်ယောက် အောင့်သက်သက်နဲ့ ပါဝါရှဲယား လုပ်ခဲ့ရတယ် ။ မစ္စတာမော်ဂန်ကို ဝန်ကြီးချုပ်နေရာပေးခဲ့တယ် ။

သာကီဝင်မျိုးဆိုတာတွေ ၊ ဘုရားမျိုးဆိုတာတွေနဲ့ ကိုယ့်ကိုယ်ကို လူယဉ်ကျေးလို့ထင်နေကြတဲ့ ကျနော်တို့လူမျိုးတွေ အာဖရိကလူရိုင်းတွေလောက်မှ ယဉ်ကျေးပါ့မလားလို့ စိုးရိမ်မိတယ် ။

မစ္စတာမော်ဂန်ရဲ့စကားအရတော့ သူ့အာဏာမြဲဖို့ ဘာမဆိုလုပ်ခဲ့တဲ့ မူဂါဘီတောင် "He is human after all" တဲ့ ။

မူဂါဘီတော့ လူဖြစ်သွားပြီ ။
အတ္တတွေ မာနတွေချပြီး နိုင်ငံအတွက် အလုပ်လုပ်နေပြန်ပြီ ။

(ရွှေမြန်မာမဂ္ဂဇင်း ၊ အတွဲအမှတ် (၃၄) တွင်ပါရှိခဲ့သောဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)


ဇင်ဝေသော်
















Copyright © 2011 ကမ်းလက်. All rights reserved.