တောင် မြန်မာ မြောက် မြန်မာ ( South Myanmar and North Myanmar )

နိုင်ငံ တစ်ခြမ်းပဲ့....................
ဆော့ နေချက်၊ ဟော့တ် နေချက်၊ ပေါ့ပ် နေချက်၊ တော့ပ် နေချက် က
တရုတ် အန္ဒိယ ခဏ..... မကြွားကြပါနဲ့ဦး။

နိုင်ငံ တစ်ခြမ်းပဲ့ ဟူသည် တောင်ကိုရီးယား။
ဆော့ နေချက် ဟူသည် အိုလံပစ်မှာ အမေရိက၊ တရုတ်၊ အိမ်ရှင်၊ ရုရှား တို့နောက်က နံပါတ် ငါး ချိတ်နေပြီး ဆု ၂၇ ခု မှာ ရွှေက ၁၃ ခု။ ငွေ ၄၊ ကြေး ၄။

ဟော့တ် နေချက်ဟူသည် ကိုရီးယား ဒရားမား ဇာတ်ကားများကိုဆိုလိုသည်။ မြန်မာ ဘိုးဘိုး ဖွားဖွား တို့ ရှက်နေစရာမလို၊ တစ်ကမ္ဘာလုံး အနည်းဆုံးအာရှတစ်တိုက်လုံး က ဘိုးဘိုး ဖွားဖွားလည်းထိုင်ကြည့်နေကြရသည်။ မဇ္ဈိမဒေသ အပါအဝင်။

ပေါ့ပ် နေချက် ဟူသည် ကေ ပေါ့ပ် ( K-Pop )ကိုဆိုလိုသည်။ ဂျပန်တွေ အပါအဝင် လက်မြှောက်ထားရသည်။

တော့ပ် နေချက် ဟူသည် ဆမ်ဆောင်း ဂလက်စီ တက်စ် တည်း၊ သူ လုပ်လို့ နိုကီယာ ဗုန်းဗုန်းလဲကျသွားပြီ၊
အခု ပန်းသီးနဲ့ သူတင်ကိုယ်တင်။ ဟန်းဖုန်းမှာ ကမ္ဘာ့တစ်။

တကယ်ဆို တရုတ် အန္ဒိယ မီလျံနာတွေဆိုတာ ၁၉ ရာစုက အမေရိကန် မီလျံနာတွေလိုပါဘဲ။
ပြည်တွင်း ဆင်းရဲသားတွေကို ဈေးချိုချိုနဲ့ ခိုင်းပြီးဖြစ်လာတာ များတယ်။
အင်္ဂလိပ် ရုံးသုံးစကားဖြစ်မှ ကမ္ဘာမှာ "တစ်" ဆိုတဲ့ လီကွမ်းယုတို့လည်း ဆင်ခြင်စရာ။

၂၁ ရာစု အာရှကျားက တရုတ် အန္ဒိယမဟုတ်၊ ဂျပန်ပြုတ်၊ နိုင်ငံ တစ်ခြမ်းပဲ့ ဗိုလ်လုပ်နေတယ်။
Well-rounded အဖြစ်ဆုံး။ အရည်အသွေး တစ်ခြမ်းမပဲ့။

မြန်မာပြည်ကိုတောင်မှ တောင် မြန်မာ မြောက် မြန်မာ ( South Myanmar and North Myanmar )
ခွဲပစ်လိုက်ရတော့ မလိုလို။
ဟျွန်ဂျူးတို့ နိုင်ငံမို့ အမွှမ်းတင်နေတာ မဟုတ်ရပါ။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

Troublemaker and Troubleshooter

တက္ကစီဖြင့် ခရီးသွားခိုက် တက္ကစီသမားက သူက ခရစ်ယာန်ဘာသာဝင်ဖြစ်ကြောင်း မိတ်ဆက်စကားဆို၏။ ကိစ္စမရှိ၊ ခရစ်ယာန်ဘာသာဝင်မောင်းသော တက္ကစီ ဗုဒ္ဓဘာသာရဟန်းမစီးရဟူသော ပညတ်ချက်မရှိ။ သူက ဝမ်းမီလျံတန်သော မေးခွန်းကို မေး၏။ ဗုဒ္ဓဘာသာ၏ အရိုးရှင်းဆုံးနှင့် အဓိကအကျဆုံးအဆုံးအမက ဘာနည်း ဟူသောမေးခွန်းဖြစ်၏။

စာဖတ်သူများကူ၍ စဉ်းစားပေးစေလို၏။ အလွန်ခက်သော မေးခွန်းပါတည်း။ အဓိကပြဿနာက “အရိုးရှင်းဆုံး” ဟူသော ဝိသေသနဖြစ်၏။ ထိုစကားမပါလျှင် သစ္စာလေးပါးဟု ကောက်ပြောလို့ရ၏။ သစ္စာလေးပါးက မရိုးရှင်းလှ။ ဒုက္ခဖြင့်စ၏။ ပဋိစ္စသမုပ္ပါဒ်လား၊ ပို၍ဝေးသွား၏။ ကမ္မဝါဒ၊ တစ်ချို့က ပြက်ရယ်ပင်ပြုချင်ကြ၏။ သံသရာဝါဒ၊ ငြင်းခုံကြဆဲဖြစ်၏။ အပြေးအလွှား စဉ်းစားမိ၏။ မရ။

ကံကောင်းသည်။ သူကပင် သဲလွန်စလေးပေးလိုက်သည်။
“သူတော်ကောင်း ဖြစ်ဖို့လား”

ထိုအခါကျမှ ဘုရားရှင်၏ ပေါ်ပြူလာအဖြစ်ဆုံး ဂါထာလေးခေါင်းထဲရောက်လာ၏။ လူတိုင်းသိကြ၏။ “ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူသောစကားဖြစ်၏။ ထို့ကြောင့်-

“မဟုတ်၊ ဗုဒ္ဓဘာသာ၏ အရေးအကြီးဆုံး နံပါတ်တစ်သည် လူယုတ်မာ မဖြစ်ရေး” ဖြစ်သည်ဟု ဖြေလိုက်မိ၏။

မှန်သည်ဟု ထင်၏။ မကောင်းမှုရှောင်ခြင်းသည် လူယုတ်မာမဖြစ်ရေးအတွက် ကျားကန်ထားခြင်းဖြစ်၏။ ထိုမှနောက် “ ကောင်းမှုဆောင်” ဖြင့် သူတော်ကောင်းလမ်းစဉ်ကို တက်လှမ်းရ၏။

ရှောင်ဟူသည် မကောင်းမှုမှသာ ရှောင်လို့ရ၏။
ဆောင်ဟူသည် ကောင်းမှုကိုသာ ဆောင်ရ၏။

အင်္ဂလိပ်စကားဖြင့်ပြောလျှင် Don’t နှင့် Do တို့ ဖြစ်ကြ၏။ ကိုယ်ကျင့်တရားရေးရာ၌ Don’t ပြီးမှ Do တာက လမ်းစဉ်ကျ၏။ မဒုန့်ပဲ ဒူးလျှင်ကော မရဘူးလားဟု မေးရန်ရှိ၏။ ရတော့ ရလိမ့်မည်ထင်သည်။ ဒေသနာကတော့ ဤသို့မဆို။

စာသင်ခန်းထဲ၌ဖြစ်စေ၊ Dhamma Talk များ၌ဖြစ်စေ၊ ဤမေးခွန်းကို မကြာမကြာမေးမိ၏။ အဖြေများ ကွဲပြား၏။

“ငါးပါးသီလလုံလျှင် သူတော်ကောင်းဖြစ်ပြီလား”
ငါးပါးသီလလုံကာမျှဖြင့် သူတော်ကောင်းဖြစ်ပြီဟု ပြောရန်ခက်၏။ သေချာသည်က သူယုတ်မာတော့ မဟုတ်ကြတော့။ ငါးပါးသီလသည် “မကောင်းမှုရှောင်” ဟူသော ပထမစကားတော်တွင်သာပါ၏။ ဆိုလိုသည်မှာ မသတ်ရုံမျှဖြင့်တော့ သူတော်ကောင်းမဟုတ်၊ ကယ်လိုက်မှ သူတော်ကောင်းဖြစ်သွား၏။ မခိုးရုံမျှဖြင့် သူတော်ကောင်းမဟုတ်၊ ပေးလိုက်မှ သူတော်ကောင်းဖြစ်သွား၏။ ကယ်ခြင်းနှင့် ပေးခြင်းသည် ဒူး (Do) များ ဖြစ်သွားကြသည်။ ဒုတိယစကားတော်ဖြစ်သည့် “ကောင်းမှုဆောင်” တွင် အကျုံးဝင်သွားကြတော့၏။

ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလတို့သည် ဒုန့် (Don’t) များဖြစ်ကြသည်။ အခြားအခြားသော ဒုန့်(Don’t) များလည်း ရှိနိုင်ပါသည်။ သို့ဖြစ်လျှင် ဒူး (Do) များက အဘယ်နည်း။ ကျယ်ပြောလွန်းလှ၏။ မင်္ဂလသုတ် တစ်သုတ်လုံးလိုလိုသည် ဒူး (Do) များဖြစ်ကြသည်။ အသေဝနာစ ဗာလာနံက (Don’t) ဒုန့်ဖြစ်သည်။ အာရတီ၊ ဝိရတီ ပါပါက (Don’t) ဒုန့်ဖြစ်သည်။ ဤသုံးပါးမှလွဲလျှင် ဒူး (Do) များဖြစ်ကြသည်။ မေတ္တာသုတ်က တစ်သုတ်လုံး ဒူး (Do) ဖြစ်သည်။ မဟာသတိပဋ္ဌာနသုတ်တစ်သုတ်လုံးက ဒူး (Do) များဖြစ်ကြသည်။ ဒူးကားများလှ၏။

ထိုအဆုံးအမတို့ကို ကောက်ချက်ဆွဲရသော်-
၁။ လူယုတ်မာ မဖြစ်ရေးက လွယ်၏( ငါးပါးမျှ ရှောင်လျှင်ပင်မဆိုး)
၂။ သူတော်ကောင်းဖြစ်ရေးက များစွာပိုခက်၏ (အရေအတွက် များလှ၏)

သို့ဖြစ်လျှင် ရှောင်ပြီမှ ဆောင်ရမှာလားဟု မေးရန်ရှိ၏။ မဟုတ်ပေ။ ဤနှစ်လမ်းသည် ခွဲလျှောက်ရမည့် လမ်းများမဟုတ်။ ပူးတွဲလျှောက်၍ ရနိုင်သည်။ ပူးတွဲလျှောက်လျှင် ပို၍ခရီးရောက်လိမ့်မည်ထင်သည်။ တစ်ခါတစ်ခါ ရှောင်လိုက်ကာမျှဖြင့် ဆောင်ပြီးသားလည်း ဖြစ်သွားတတ်၏။ ဆိုလိုသည်မှာ အသားရှောင်လိုက်ကာမျှဖြင့် မေတ္တာ၊ ကရုဏာတို့ကို ဆောင်လိုက်မိလျက်သား ဖြစ်သွားခြင်းမျိုးတည်း။ ( သတ်သတ်လွတ်ဝါဒကို ဆွေးနွေးနေသည်မဟုတ်ပါ)

ဗုဒ္ဓဘာသာကို အင်္ဂလိပ်လို ခြုံပြောကြရာ၌ “Gradual Practice” ဖွင့်ဆိုကြပြီး ဒါန၊ သီလ၊ ဘာဝနာ (သို့) သတိ၊ သမာဓိ၊ ပညာ- ယင်းအဆုံးအမတို့က “Cannot be practiced separately” ဟုလည်း ဆက်ပြောကြရသည်။ တစ်ဆင့်ခြင်းတက်လမ်းစဉ်ဟုဆိုသော်လည်း လှေကားထစ်များကဲ့သို့ အထက်အောက် တစ်ထစ်ပြီးတစ်ထစ် တက်လို့ကလည်း မရတတ်ပေ။ ခရီးမရောက်ဟု ဆိုလိုသည်။ သီလ ပရိဓောတာ ပညာ၊ ပညာ ပရိဓောတံ သီလ ( သီလဖြင့် ပညာကိုဆေး၊ ပညာဖြင့် သီလကိုဆေး) ဟု မိန့်ခဲ့သည်မဟုတ်ပါလား။

နောက်ဆုံး “ဖြူအောင် စိတ်ကိုထား” ကား ဘာဝနာကိစ္စများ ပါဝင်နေသဖြင့် ဖွင့်ဆိုရန် အလွန်ပင်လေးလံသွားတော့၏။

သာမန် အရပ်စကားဖြင့်ဆိုလျှင် စိတ်ထဲမှာ ဘာမှထွေထွေထူးထူး မရှိသဖြင့် ဘာမှမခံစားရခြင်းပင်ဖြစ်သည်။ ငယ်စဉ်က လက်ဝှေ့ပွဲကြည့်နေစဉ် နောက်က (၇) နှစ်သားခန့်ကလေးက ခေါင်းကို တဖြန်းဖြန်းရိုက်တာ ခံခဲ့ရဖူးသည်။ လက်ဝှေ့ပွဲကလည်းကောင်း၊ ဆိုင်းသံဗုံသံကလည်း ဆူညံ၊ ထိုကလေးက ထိုဆိုင်းသံများစည်းချက်အတိုင်း စီးမျောကာ ခေါင်းကိုစည်းဝါးမိမိ ရိုက်နေခြင်းဖြစ်သည်။ စိတ်တိုတိုဖြင့် လှည့်ကြည့်မိသောအခါ သူ့ကိုလှည့်ကြည့်သည်လည်းမသိ၊ သူက သူများခေါင်းကို ရိုက်နေသည်လည်းမသိသော ထိုကလေး၏ အပြစ်ကင်းသော မျက်နှာလေးကို တွေ့လိုက်ရသည်။ ထိုအခါ-
၁။ သူ့ကို (ထိုကလေးကို) လက်တုံ့ပြန်နေစရာမလို (ရှောင်)
၂။ သူ့ကိုပင် (သို့) သူနှင့်ပင်ရော၍ ပျော်သလိုလို ခံစားလိုက်ရ၊ မုဒိတာပွါးလိုက်ရသည် (ဆောင်)
၃။ စိတ်ထဲမှာ ရှင်းသွားသဖြင့် လက်တုံ့မပြန်လိုက်ရလေခြင်းဟူသော ဒေါသ၊ အာဃာတလည်း ကင်းသွား၏။ ငြိမ်းအေးသွား၏။ (ဖြူအောင် စိတ်ကိုထား)

ရှောင်ဟူသည် ဝါရိတ္တ သီလတည်း။ (to be avoided)
ဆောင်ဟူသည် စာရိတ္တ သီလတည်း။ (to be fulfilled)
ဖြူအောင် စိတ်ထားခြင်းသည် ရှောင်လိုက်ရ၊ ဆောင်လိုက်ရသည့်အတွက် စိတ်ထဲမှာ စနိုးစနောင့် မဖြစ်ခြင်းတည်း။ (to be purified)

မနိုင်သဖြင့် ငုံ့ခံရသောအခါ ဝါရိတ္တသီလဖြစ်၏။ စိတ်ထဲမှာ ဒေါသရှိ၏။ မကောင်းတတ်၍ ပေးလိုက်ရသောအခါ(သို့) ကြောက်၍ အရိုအသေပေးလိုက်ရသောအခါ စာရိတ္တသီလဖြစ်၏။ စိတ်ထဲမှာ အာဃာတရှိ၏။ ထိုအခါ ရှောင်ခြင်း၊ ဆောင်ခြင်းနှင့်ပတ်သက်၍ စိတ်ဆင်းရဲရ၏။ ဤသည်မှာ တတိယ ဒေသနာကို(ဖြူအောင် စိတ်ကိုထားကို) မနိုင်နင်းခြင်းပင် ဖြစ်၏။ ထိုတတိယဒေသနာကို မနိုင်နင်းလျှင် သီလရှိသော်လည်း စိတ်ညစ်ရတတ်၏။ သီလဟူသည် ကာယကံကိစ္စ၊ ဝစီကံကိစ္စတည်း။ တတိယဒေသနာကား သမာဓိ၊ ပညာကိစ္စတည်း။

ရိုက်ချင်ရင် စိတ်ထဲက ရိုက်၊ ဆဲချင်ရင် စိတ်ထဲက ဆဲ၊ သီလမကျိုးဟု ပြောသောအခါ လူငယ်တော်တော်များများက ရယ်ကြ၏။ အမှန်မူ ဤစကားက မှန်၏။ သို့သော် ရိုက်ချင်စိတ်၊ ဆဲချင်စိတ်ပေါက်ခြင်းက မကောင်း။ မကောင်းသော်လည်း သမာဓိ၊ ပညာကို မနိုင်လျှင် ရိုက်ချင်စိတ်၊ ဆဲချင်စိတ်က ချိုးနှိမ်၍ မရသေး။ ထို့ကြောင့် “Buddhist teaching is a gradual practice” ဟူသော စကားလေးကို ကြိုက်မိ၏။ ထို့အတူ “It cannot be practiced separately” ဟူသော စကားကို ပို၍လေးစားမိ၏။

ထိုမှနောက် (၂၁) ရာစုလူသားနှင့်ကိုက်ညီသော အိုင်တီဝေါဟာရလေးကိုငှားပြီး ဘာသာပြန်ကြည့်၏။

၁။ သဗ္ဗ ပါပဿ အကာရဏံ၊
မကောင်းမှုရှောင်
Don’t be a troublemaker,
၂။ ကုသလဿူ ပ သမ္ပဒါ
ကောင်းမှုဆောင်
Be a troubleshooter,
၃။ သ စိတ္တ ပရိယော ဒါပနံ၊
ဖြူအောင် စိတ်ကိုထား
Delete all unnecessary files and data!
၎။ ဧ တံ ဗုဒ္ဓါန သာသနံ။
အဲဒါ ဘုရားရှင်တိုင်းရဲ့ အမှာစကား-
How to keep your PC quick and clear.


ဤဆောင်းပါးအတွက် ထိုတက္ကစီဆရာကို ကျေးဇူးစကားပြောလိုက်မိ၏။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

စိတ်ဝင်စားတဲ့ သတင်းသုံးပုဒ်

၁။ ရှစ်လေးလုံး ၂၄ နှစ်မြောက် နှစ်ပတ်လည် လူထုစုဝေးပွဲကို အစိုးရက ခွင့်ပြုရုံသာ မက ကျပ်ငွေ ဆယ်သိန်းတောင် ($$ 1400) ရံပုံငွေ အဖြစ် ထည့်ဝင်ပေးသတဲ့။ တော်တော်ကြီးကို ပြောင်းလဲလာတာလို့ ဆိုရမှာပါ !! ဒါနဲ့ စင်ကာပူက နေရှင်နယ်ဒေး နဲ့ မြန်မာတို့ ရှစ်လေးလုံး နေ့ တိုက်ဆိုင်နေတာ တွေ့ရတယ်။ မြန်မာတွေက သူတို့ နေရှင်နယ်ဒေး ကို စိတ်မဝင်စားအားသလို သူတို့လည်း ရှစ်လေးလုံး အကြောင်း မသိကြဘူး။ လူတိုင်းသိတဲ့ စင်ကာပူက သတင်းတစ်ပုဒ်တော့ မပြောတော့ဘူး။

၂။ "Oops' it's Sikh, not Sheikh, Mr Romney." ရီပတ်ဘလစ်ကန် သမ္မတလောင်းက ဆစ်ခ် ဘုရားကျောင်းမှာ သေဆုံးသွားခဲ့ရတဲ့ ဆစ်ခ်ဘာသာဝင်တွေအတွက် ဝမ်းနည်းသဝဏ် ပြောရာမှာ ဆစ်ခ် ( Sikh ) လို့ အသံမထွက်ဘဲ ရှေးခ် ( Sheikh ) လို့ အသံမှားထွက် သတဲ့။ ရှေးခ် က အာရပ်လို ဂုဏ်ပြု၊အရိုအသေပေး တာပါတဲ့။ ဘာမှ မဆိုင်ရှာဘူး။ ဒါပေမယ့် သမ္မတလောင်းတွေ အသံထွက်မှား တာနဲ့ ပတ်သက်လို့တော့ အထူးအဆန်းမဟုတ်ပါဘူး။ ဂျော့ဂ်ျ ဘုရှ်ဆိုလည်း နျူးကလီးယားကို နူးကလား လို့ပဲ အသံထွက်ပါတယ်။ ဂျာနယ်တွေက ရှက်လို့ဆိုပြီး ဆောင်းပါးတွေ ရေးကြတယ်။ ရှက်လည်း သေရုံပဲရှိမယ်။ ဂျော့ဂ်ျ ဘုရှ်ကတော့ နူးကလား ကနေ တစ်ပြားမှ မလျှော့ခဲ့ဘူး။ အင်္ဂလိပ်စာသင်စ ဂျော့ဂ်ျ ဘုရှ်ရဲ့ မိန့်ခွန်းတွေ နားထောင် ဖတ် ကျက် ရင်း ဒီ သတင်းကြောင့် စိတ်ညစ်ခဲ့ရဖူးတယ်။ ဆရာက စ မှားရတယ်လို့။ အသံထွက် မှားသွားရင် ငါ့ဆရာကကို မမှန်တာလို့ ပြောစရာတော့ ရသွားတယ်။ ဒါကို အမေရိကန်တွေ၊ အင်္ဂလိပ်တွေက သဘောကျ ကြတယ်။

၃။ ကမ္ဘာ့အမြန်ဆုံးလူသား ဂျမေကာသား ဦးစိန်ဗိုလ်က ( U Sain Bolt ) အပြေးသမားဘဝကနားပြီး မန်ချက်စတာ ယူနိုက်တက်မှာ ဘောလုံးကစားချင်သတဲ့။ ဒါကို ဖာဒီနန်က စွတ်ထောက်ခံနေတယ်။ သူ့ ဘော့စ် ဖာဂူဆန်ကို ပြောပေးမယ် တဲ့။ နောက်တန်းသမားတွေရှေ့မှာ ပေါလ်စခိုးလ် နဲ့ တွဲကစား တဲ့။ သူတို့ အချင်းချင်း တွစ်နေကြတာ။ ရွန်နီက သဘောမတူလို့ ပြန်တွစ်တယ်။ ကိုယ့် နေရာကို နေပါ၊ အားကစားခြင်း မတူပါဘူး တဲ။ မတူတဲ့ အကစားတွေ ပြောင်းကစားပေမယ့် အောင်မြင်တဲ့ သာဓကတွေ ရှိဆိုပဲ။ စိတ်ဝင်စားစရာ။ ဖာဂူဆန်က အိုကေဆိုရင် ဦးစိန်ဗိုလ်က အိုးထရက်စဖို့ကို ပြေးလာမှာ တဲ့။ ဒါဆို ရော်နာဒိုက အမြန်ဆုံး ဘောလုံးသမား မဖြစ်နိုင်တော့ဘူး။ ဦးစိန်ဗိုလ်က ရော်နာဒို ဆရာ ကိုး။ ဘောလုံးကျန်နေရစ်ခဲ့ရင်သာ ရှိမယ် လူကတော့ အမြဲရှေ့က ရောက်နေမှာ သေချာတယ်။ ဂိုးမဝင်တောင် လူဝင်လို့ ရတာပေါ့။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

:) ဂျူး ဟောလီးဒေး (:

တစ်ခါက အဒေါဖ် ဟစ်တလာ ဟာ ဗေဒင်ဆရာဆီကို ဗေဒင် သွားမေးတယ်။
"ဘယ်နေ့ ကျနော် သေရမှာလဲ ဆရာ"
"ဂျူး တွေရဲ့ ဟောလီးဒေး နေ့ မှာ သေရမှာပါ"

"ခင်ဗျားဟာက သေချာလှပါလား၊ ဂျူး ဟောလီးဒေးမှာ သေရမယ်လို့"
"ဒီလိုပါ၊ ခင်ဗျား ဘယ်နေ့ပဲ သေသေ အဲဒီနေ့ဟာ ဂျူး တွေရဲ့ ဟောလီးဒေး ပါ"


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ကွမ်တန်၊ ဖီးစစ် ဒိုက်ယက်

ခေတ်မီတဲ့မြို့တိုင်းက အရွယ်ရောက်တဲ့ အမျိုးသမီးတစ်ဝက်ဟာ (အမြဲတမ်း) ဝိတ်ချနေကြတယ်လို့ သူငယ်ချင်းတစ်ယောက်ကပြောတော့ တစ်ဝက်လောက်ပဲလား၊ ငါအံ့သြလို့မဆုံးဘူးလို့ ပြန်ပြောမိတယ်။

ကျွန်တော်နဲ့ ညနေစာစားနေကြ ရှီလာက ဒီစကားကို လက်မခံဘူး။ “တော်တော်လှတဲ့ ကွန်မန့်ပဲ၊ နင်သိအောင် ငါပြောထားမယ်၊ အခု ငါဝိတ်ချနေတာ မဟုတ်ဘူးလို့” သူမက ပြောတယ်။ တစ်နှစ်ပတ်လုံး ဝိတ်ချနေပြီး အခုမှ ဝိတ်ချနေတာမဟုတ်ဘူးလို့ သူမကပြောတယ်။ ပြောမှတော့ရမယ်၊ စားပွဲထိုးနှစ်ယောက်ဝိုင်းပြီး သယ်လာရတဲ့ ချိ(စ်)ကိတ်ကို သူမစားနေတာ ထက်ဝက်ပဲ ကုန်သေးတယ်။ သူမဘာလုပ်ရမလဲဆိုတာ ကြိတ်ပြီးအကြံထုတ်နေတာကို ကျွန်တော် ခံစားလို့ရတယ်။

အချိုပွဲမစားဘဲရပ်ပြီး ကျွန်တော်နဲ့ ပြိုင်ငြင်းမလား။
ဝိတ်ကျစေတဲ့ လမ်းညွှန်ချက်တွေကို မေ့ထားပြီး ချိ(စ်) ကိတ် ဆက်စားမလားဆိုတာလေ။
သူဘာမှ မပြောတော့ဘူး။ ချိ(စ်)ကိတ် ဆက်စားနေတယ်။

တကယ်ဆို သူမပြောတာ မှန်ပါတယ်။ ဒီခေတ်ကြီးထဲမှာ အမျိုးသမီးတွေတင် မဟုတ်ဘူး၊ အမျိုးသားတွေပါ ဝိတ်ချနေကြတယ်။ စက်ချုပ်သမားဆိုင်ကိုမသွားခင် လွန်ခဲ့တဲ့ (၁၈) လလောက်က ကျွန်တော်လည်း ဝိတ်ချကြည့်ခဲ့ဖူးပါတယ်။ ကျွန်တော့် ဝိတ်ချပုံက ဒီလိုပါ။

ပထမနေ့။ ။ ကိုယ်အလေးချိန် ချိန်ကြည့်။ ဘုရား….ဘုရား၊ ပေါင်ချိန်တွေ တသက်မှာ အမြင့်ဆုံးကို ရောက်နေပါလား။ ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်လိုက်တယ်။
ဘရိတ်ဖတ်။ ။ ကော်ဖီတစ်ခွက်၊ နို့ သကြား လုံးဝမပါ။
မနက်ပိုင်း ဘရိတ်။ ။ ယောဂတ် တစ်ခွက်။
လန့်(ခ်ျ)။ ။ အသီးအရွက်နဲ့ အရည်မပါတဲ့ ငါးတစ်ပွဲ။
နေ့လည်စာ။ ။ စနက်(ခ်) ၊ ပန်းသီးတစ်လုံး။
ဒင်းနား။ ။ ကြက်သားကြော်၊ ဖရန့် (စ်) ဖရိုင်းကိုတော့ ထည့်မတွက်တော့ဘူး။ ကလေးတွေ ပန်းကန်ပြားထဲက ယူစားလို့။
အချိုပွဲ။ ။ ငှက်ပျောသီးတစ်လုံး၊ ချောကလက်တစ်ခုကိုလည်း ရေတွက်လို့မရဘူး။ အမှောင်ထဲမှာ စားတာဆိုတော့ ကယ်လိုရီဓာတ်မပါလို့။

ဒုတိယနေ့။ ။ မနက်ပိုင်း ကိုယ်အလေးချိန် ချိန်။ လုံးဝ ဝိတ်မကျ၊ စိတ်ပျက်။
ဘရိတ်ဖတ်(စ်)။ ။ ကော်ဖီတစ်ခွက်။ သကြားမပါ၊ နို့ အနည်းငယ်။
မနက်ခင်း ဘရိတ်(ခ်)။ ။ ယောဂတ် နှစ်ခွက်။
လန့်(ခ်ျ)။ ။ ဆလပ်အချို့နဲ့ ငါးကြော်။
နေ့လည်စာ။ ။ စနက်(ခ်)၊ လိမ္မော်သီးတစ်လုံး၊ ကွတ်ကီတစ်ထုတ်။ စားတာ ဘယ်သူမှ မမြင်လို့ ရေတွက်တဲ့အထဲတော့ မပါဘူး။
ဒင်းနား။ ။ ဆလပ်နဲ့ ဆော်လမွန်ငါး။ ဆော့(စ်) နဲ့ စားခဲ့တဲ့ အာလူးကင်ကိုတော့ ပန်းကန်တွေဆေးရင်း မတ်တပ်ပဲစားခဲ့ရလို့ မရေတွက်တော့ဘူး။
အချိုပွဲ။ ။ ဒုတိယနေ့ကို အောင်မြင်စွာဖြတ်သန်းနိုင်လို့ ကိုယ့်ကိုကိုယ် ဂုဏ်ပြုတဲ့အနေနဲ့ ချောကလက်တစ်တောင့်။
ဆပ်ပါး။ ။ ရေခဲမုန့်ခပ်ကြီးကြီး တစ်ပွဲ ရေခဲသေတ္တာထဲကယူပြီး အမြန်စား။

တတိယနေ့။ ။ ပေါင်ချိန်ကြည့်။ တစ်ကီလို တက်လာတာတွေ့ရ။ ဘယ်လိုဖြစ်တာလဲ။
ဘရိတ်ဖတ်(စ်)။ ။ ယောဂတ်အသေး ရှစ်ခွက်။ နွားနို့ သကြားသုံးဇွန်းနဲ့ ကော်ဖီသုံးခွက်။
မနက်ပိုင်း ဘရိတ်(ခ်)။ ။ ချောကလက်နှစ်တောင့်၊ ကပူချီနိုတစ်ခွက်။ ခံတွင်းမရှင်းလို့ နောက်ထပ် ကပူချီနိုတစ်ခွက် ထပ်သောက်။
လန့်(ခ်ျ) ။ ။ အသီးအရွက်နည်းနည်းနဲ့ ဝက်သားဘာဘီကျူး။
နေ့လည်စာ။ ။ စနက်(ခ်)၊ ပန်းသီး၊ ချောကလက်နှစ်တောင့်။
ဒင်းနား။ ။ စူပါဆိုက် ပစ်ဇာတစ်ခု။
အချိုပွဲ။ ။ ၁.၅ ကီလိုရှိတဲ့ ချိ(စ်)ကိတ်တစ်လုံး။

စတုတ္ထနေ့။ ။ ပေါင်ချိန်။ ဘုရား….ဘုရား။ နှစ်ကီလို ထပ်တိုး၊ ဒါနဲ့ ဒေါသတကြီး မိတ်ဆွေဆီ အီးမေးပို့။ “မင်းနည်းက မစွံပါဘူး။ ဘာသာရေးဆန်ဆန် သုံးရက်တိတိ ငါကြိုးစားပြီးပြီ၊ ဘာမှဖြစ်မလာဘူး” လို့ အပြစ်တင်။

ဘာပဲပြောပြော ဝိတ်ချနည်းတွေဟာ သဘာဝဖြစ်စဉ်အရကို အောင်မြင်ဖို့ လမ်းမမြင်ပါဘူး။ အထူးသဖြင့်တော့ တစ်လမ်းသွား ဝိတ်ချနည်း (One-way-Dieting) ဥပဒေသပေါ့။

အချိုပွဲဆယ်ခါ မစားပဲနေခြင်းအားဖြင့် တစ်ကီလိုဝိတ်ကျနိုင်တယ်။
အချိုပွဲတစ်ပွဲစားရင် နှစ်ကီလိုဝိတ်တက်တယ်။
ဒီပြဿနာက ကွမ်တန်ဖီးစစ်နဲ့မှ ရှင်းပြလို့ရတယ်။

ဒါပေမယ့် ယောက်ျားတွေနဲ့ မိန်းမတွေကြားမှာ အငြင်းပွါးစရာမလိုတဲ့ ခြားနားချက်တစ်ခုရှိတယ်လို့ ရှီလာကပြောပြပါတယ်။

“အမျိုးသမီးတွေက သူတို့တကယ်ရှိတဲ့ ကိုယ်အလေးချိန်ထက် ပိုလေးတယ်လို့ ထင်တတ်ကြပြီး ယောက်ျားတွေကတော့ သူတို့အမှန်ရှိတဲ့ ကိုယ်အလေးချိန်ထက် ပိုလျော့တယ်လို့ ထင်တတ်ကြတယ်” တဲ့။ ဒါကို ကျွန်တော် ထောက်ခံပါတယ်။

“ငါသိတဲ့ အမျိုးသမီးတိုင်း ဝိတ်ချကြတယ်။ ပိန်ကပ်ကပ်မိန်းမလေးတွေ အပါအဝင်ပဲ။ ယောက်ျားတွေကတော့ သူတို့ဘီယာဗိုက်ကြီးကိုပဲ မာဆယ်တွေ တက်လာတာလို့ ပြောတတ်ကြတယ်” လို့။ ပြောရင်း ကျွန်တော့်ဗိုက်ကို ပုတ်လိုက်တော့ လှုပ်နေတဲ့ဗိုက်ကြီးရပ်အောင် စက္ကန့်အတော်ကြာ အချိန်ယူရတယ်။ သတင်းကောင်းကတော့ “Hunger-free” အာမခံချက်တစ်ခုနဲ့ လန့်(ခ်ျ) အဆုံးသတ်လိုက်ကြတယ်။ ဘာမှလုပ်စရာမလိုဘဲ ပုံမှန်ဖြစ်သွားစေနိုင်တဲ့ နည်းကိုပေးလိုက်တယ်။

“နော်ရု(Nauru) လို့ခေါ်တဲ့ တောင်ပစိဖိတ်ကျွန်းကိုသွားနေ။ အဲဒီကျွန်းက အရွယ်ရောက်သူ ၉၄.၅ ရာခိုင်နှုံးက အိုဗာဝိတ်တွေ၊ အဲဒီကိုရောက်ရင် နင်ပိစိကွေးလေးဖြစ်သွားမယ်”

ပြောလည်းပြောလိုက်ရော နောက်ဆုံးလက်ကျန် ချိ(စ်) အပိုင်းအစတစ်ခု ခေါင်းပေါ်ကို ပျံတက်လာလို့ မနည်းခေါင်းငုံ့လိုက်ရတယ်။

By- Nury Vittachi


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.