လွန်ခဲ့သော ခြောက်လခန့်က ခြံအလုပ်သမားနှင့်အတူ ဤသင်္ဘောပင်လေးကို စိုက်ပျိုးခဲ့ပါသည်။ ထိုနေရာမှာ အရင်က တံတိုင်းကာရံသည့် သဘောဖြင့် စိုက်ထားသည့် ဂျင်းအနွယ်ဝင်အပင်များ ရှိခဲ့ဖူးသည်။ ဘာပင်ခေါ်သလဲ မသိပါ၊ သိသည်က စိုက်လိုက်မိလျှင် အမြစ်ပြတ်အောင်သတ်ဖို့ အလွန်ခက်ခဲသော အပင်ဖြစ်သည်ဆိုတာပဲ ဖြစ်ပါသည်။
ထို အပင်များမရှိတော့သော်လည်း သူတို့အမြစ်များက ရှိနေဆဲပင်။ ဆိုလိုသည် မှာ စိုက်သာစိုက်ခဲ့ရသော်လည်း သင်္ဘောပင်လေးနှင့် ပတ်သက်သည့် မျှော် လင့်ချက် ကြီးကြီးမားမား ကျနော့်ဆီမှာ မရှိဆိုတာသာဖြစ်ပါသည်။
သို့သော် မြေကိုအနည်းငယ် ပြင်ပြီးမှ စိုက်ပျိုးခြင်းဖြစ်သဖြင့် တစ်လနှစ်လ အတွင်းလောက်မှာတော့ အရွက်တဖားဖား၊ လက်တံ တကားကားနဲ့ တက် လာခဲ့သည်။ ထိုအခါ သီးများသီးလေဦးမလားဟု သင်္ဘောပင်လေးအပေါ် မျှော် လင့်ချက်ပြန်ထားလာမိသည်။
သို့သော် တစ်လနှစ်လလွန်သည့်အခါမှာတော့ အလွန်ခက်မာလှသည့် ဂျင်းရိုင်းအမြစ်ဒဏ်ကို သူ ခံရရှာတော့သည်။ ကျနော်တို့ မြေဩဇာကျွေးလျင် ဂျင်းရိုင်းမြစ်တွေက စားသုံးသွားသည်၊ ရေလောင်းလျင်လည်း ဂျင်းရိုင်းမြစ်တွေ က သောက်သုံးသွားသည်။ သို့ဖြင့် ယခုပုံအတိုင်း ဖြစ်နေရှာတော့သည်။
တစ်နေ့က ခြံအလုပ်သမား ဂေါဝိန္ဒက
"ခုတ်ပစ်ရအောင်လား၊ သီးမှာ မဟုတ်တော့ဘူး" ဟု ဆိုလာသည်။
"မခုတ်ပါနဲ့၊ သူစွမ်းသရွေ့ ရှင်နေပါစေ၊ ဒါပေမဲ့ ဂျင်းရိုင်းမြစ်တွေရဲ့ဒဏ်ကို သူ ကြာကြာခံနိုင်မှာတော့မဟုတ်ဘူး" ဟု ပြန်ပြောမိပါသည်။
အမှန်မူ ဂျင်းရိုင်းမြစ်များရှိသည့်နေရာမှာ သူတို့ထက် စွမ်းအားကောင်းသည့် အုန်းပင်လိုမျိုး စိုက်ပျိုးနိုင်မှ ရှင်သန် သီးပွင့်နိုင်ပေမည်။
ဤ သင်္ဘောပင်လေးက သီးပွင့်လာလေဦးမလားဆိုသည့် သံသယဆန် ဆန်မျှော်လင့်ချက် ယခု ကျနော့်ဆီမှာ မရှိတော့ပါ။
ကိုယ်ကျင့်တရား ပျက်မှု၊ အတ္တထူပြောမှုနှင့် ငတေမာပြီးရော စိတ်ဓာတ်တို့သည် ဂျင်းရိုင်းမြစ်များနှင့် တူသည်ဟု မနေ့က စာတစ်ပုဒ်ထဲမှာ
ဖတ်လိုက်ရသည်................................။