အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (2)
နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်တွေအတွင်း အနောက်မဟုတ်တဲ့ နိုင်ငံအများအပြားဟာ အနောက်နိုင်ငံတွေ၊ ရုရှား၊ အစ္စရေးနဲ့ တရုတ်ဆီကနေ ခေတ်မီလက်နက်တွေ ၀ယ်ယူတပ်ဆင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ အလွန်ခေတ်မီတဲ့ လက်နက်ဆန်းများ ထုတ်လုပ်နိုင်ရေးအတွက် သူတို့လက်ဖြစ် အထောက်အကူပစ္စည်းများကိုလည်း တီထွင် နိုင်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီအတိုင်းပဲ ဆက်ရှိနေပြီး (၂၁) ရာစု ဦးပိုင်းနှစ်တွေမှာ အရှိန်အဟုန် ပိုကောင်းလာစရာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၂၁) ရာစုထဲမှာလည်း အနောက်၊ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ ပံ့ပိုးမှုနဲ့ အမေရိကန်ကသာလျှင် တစ်ကမ္ဘာလုံးနီးပါးကို စစ်ရေးအရ၀င်ရောက်ဖက်စွက်နိုင်ပါလိမ့်မယ်။ နောက်ပြီး ကမ္ဘာ့နေရာ အားလုံးနီးပါးကို လေယာဉ်နဲ့ ဗုံးသွားကျဲနိုင်တဲ့ အစွမ်းမျိုးလည်း အမေရိကန်တွေမှာသာရှိပါလိမ့်မယ်။ (ဟန်တင်တန်)*******************************************************************
အစ္စလာမ်နဲ့ တရုတ်တို့ဟာ အနောက်ယဉ်ကျေးမှု အစဉ်အလာတွေနဲ့ အများကြီးကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သူတို့စိတ်ထဲမှာလည်း သူတို့ယဉ်ကျေးမှုတွေက အနောက်ထက် လုံးဝသာတယ်လို့ ခံယူထားကြတယ်။ အနောက်နဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့နှစ်ဦးစလုံးရဲ့ အင်အားနဲ့ ယုံကြည်မှုက တိုးပွားလာနေပြီး သူတို့နဲ့ အနောက်ကြားက တန်ဖိုးနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေက ပိုများလာနိုင်သလို ပိုလည်းတင်းမာ လာနိုင်တယ်။ အစ္စလာမ်မှာ ပဓာနနိုင်ငံမရှိတဲ့အတွက် သူတို့နဲ့ အနောက်ရဲ့ ဆက်ဆံရေးကလည်း တစ်နိုင်ငံချင်းစီကို မူတည်ပြီး မတူကွဲပြားနေမယ်။ ဒါပေမဲ့ ၁၉၇၀ ခုနှစ်တွေကစလို့ အနောက်ဆန့်ကျင်ရေးဝါဒကတော့ ပုံမှန်လိုလို ရှိနေခဲ့တယ်။ အစ္စလာမ်စာအုပ်ကြီးဝါဒ အားကောင်းလာခဲ့တော့ မွတ်စလင်နိုင်ငံတွေမှာလည်း အနောက်ယိမ်းတဲ့ အစိုးရတွေထက် အနောက်ဆန့်ကျင်တဲ့ အစိုးရတွေ ပိုပိုများလာတယ်။ အစ္စလာမ်မစ်အုပ်စုတွေနဲ့ အနောက် အုပ်စုတွေကြားက အရပ်သားစစ်ပွဲတွေလည်း ဖြစ်ပွားနေတယ်။ စစ်အေးကာလအတွင်းမှာ လုံခြုံရေးအတွက် ပူးပေါင်းခဲ့တဲ့ မွတ်စလင်နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေကလည်း (စစ်အေးပြီးဆုံးသွားတော့) အားလျော့လာနေတယ်။ ကိစ္စတစ်ခုချင်းစီအပေါ်အခြေခံပြီး မတူညီတဲ့ အလေးထား ဆောင်ရွက်မှုတွေဟာ အနောက်နဲ့ ဆက်စပ်ပြီး အနာဂတ်ကို ပုံဖော်ရာမှာ ဒီစီဗီလိုက်ဇေးရှင်းတွေ ဘယ် ခန်းကဏ္ဍက ပါဝင်မလဲဆိုတဲ့အချက်ဟာ အဓိကကျတဲ့မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ (၂၁) ရာစုထဲက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေဟာ အနောက်တိုင်း ရဲ့ တန်ဖိုးတွေနဲ့ အကျိုးစီးပွားကိုပဲ ရောင်ပြန်ဟပ်စေမှာလား၊ ဒါမှမဟုတ် အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းတွေ ပုံဖော်ပေးလိုက်တဲ့အတိုင်းပဲ ဖြစ်လာမှာလား။
နိုင်ငံတကာဆက်ဆံရေး ယထာဘူတ၀ါဒအရ ဆိုရင်တော့ အနောက်တိုင်းလွှမ်းမိုးထားမှုနဲ့ အင်အား ချိန်ခွင်လျှာ ညှိယူဖို့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအချင်းချင်း ပူးပေါင်းကြလိမ့်မယ်လို့ ညွှန်ပြနေပါတယ်။ တချို့ဒေသတွေမှာ ဒီအတိုင်းလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်ကြည့်ရင် အနောက်ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့မှုဟာ မဝေးတဲ့အနာဂတ်မှာတော့ ဖြစ်ပေါ်လာမယ့်သဘော မရှိလှသေးပါဘူး။ အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းနှစ်ခု အကြားမှာလည်း ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုအဆောက်အဦ၊ ဓလေ့ထုံးစံ၊ နိုင်ငံရေး၊ ဘ၀နေထိုင်နည်းတွေမှာ အခြေခံနားလည်သဘောပေါက်မှုတွေ မတူညီကြပါဘူး။ အနောက်နဲ့ သူတို့ကြားက ကွဲပြားမှုထက်တောင် သူတို့အချင်းချင်းကြားကွဲပြားမှုက ပိုပြီးကြီးမားကောင်းကြီးမားနေနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ဘုံရန်သူရှိခြင်းက ဘုံအကျိုးစီးပွားကိုလည်း ဖန်တီးပေးတတ်ပါတယ်။ အစ္စလာမ်နဲ့ တရုတ် လူ့အဖွဲ့အစည်း တွေက အနောက်အပေါ် အမုန်းပွားမှုခြင်းတူညီနေတော့ အနောက်ဆန့်ကျင်ရေးအတွက် အတူတူ ပူးပေါင်းကြဖို့ အကြောင်းတစ်ရပ် ရရှိသွားနိုင်ပါတယ်။ ဟစ်တလာကိုတော်လှန်ဖို့ စတာလင်တောင် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။
မတူညီ များပြားတဲ့ ကိစ္စတွေကို အခြေခံပြီး သူတို့ချင်း ပူးပေါင်းမှု ဖြစ်ပွားနိုင်ပါတယ်။ ဒီကိစ္စတွေထဲမှာ လူ့အခွင့်အရေးအပေါ်သဘောထားနဲ့၊ အထင်ကရ အဖြစ်ဆုံးကတော့ ဒီ စီဗီလိုက်ဇေးရှင်းနှစ်ခုစလုံးက သူတို့ရဲ့ စစ်တပ်စွမ်းရည်တွေကို တိုးမြှင့်ဖို့ ကြိုးစားအားထုတ်မှုပါ။ အထူးသဖြင့်တော့ အနောက်တိုင်းရဲ့ သမားရိုးကျ စစ်အင်အားကို ယှဉ်ပြိုင်နိုင်အောင် ဖျက်ဆီးရေးလက်နက်ကြီးတွေနဲ့ ဒုံးကျည်တွေပိုင်ဆိုင်ဖို့ ကြိုးစား လာနေကြခြင်းပါပဲ။ ၁၉၉၀ ခု စောစောပိုင်းနှစ်တွေမှာ ကွန်ဖျူးရှပ် အစ္စလာမ်ဆက်ဆံရေး ( Confucian Islamic Connection ) ရှိခဲ့ကြတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကတစ်ဖက်၊ ပါကစ္စတန်၊ အီရန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ အယ်(လ်)ဂျီးရီးယားတို့ကတစ်ဖက် ပူးပေါင်းပြီး အထက်ပါကိစ္စတွေနဲ့ ဆက်စပ်ပြီး အနောက်ကို ရင်ဆိုင်နိုင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြပါတယ်။
အနောက်နဲ့ အဲဒီလူ့အဖွဲ့အစည်းတွေကြားက ကွဲလွဲမှုကိစ္စဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျဉ်းမှာ အလွန် အရေးကြီးပါတယ်။ အထင်ကရ အရေးအခင်း သုံးခုမှာ အနောက်ရဲ့ အားစိုက်ထုတ်မှုတွေ ပါဝင်ပတ်သက်နေပါတယ်။ အနောက်က
(၁) သူတို့ရဲ့ စစ်အင်အား အသာစီးရယူထားမှုကို တည်မြဲစေဖို့ လက်နက် ထိန်းချုပ်ရေး ပေါ်လစီနဲ့ အဏုမြူ၊ ဇီဝလက်နက်၊ ဓာတုလက်နက်တွေပိုင်ဆိုင်မှု၊ ဒီ လက်နက်တွေသုံးစွဲမှုကို တန်ပြန်ထိန်းချုပ်ရေး ပေါ်လစီများ ကျင့်သုံးခြင်း
(၂) အနောက်တိုင်းက လူ့အခွင့်အရေးကို အလေးထားသလို တခြားလူ့အဖွဲ့အစည်းတွေကလည်း လူ့အခွင့် အရေးကို လေးစားဖို့ ဖိအားတွေပေးခြင်း၊ အနောက်သတ်မှတ်တဲ့မူအတိုင်း အခြားလူ့အဖွဲ့အစည်းတွေလည်း ဒီမိုကရေစီစနစ်ကို မွေးစားကျင့်သုံးဖို့ ဖိအားတွေပေးခြင်းအားဖြင့် အနောက်နိုင်ငံရေးတန်ဖိုးနဲ့ ဖွဲ့စည်းပုံကို ဦးစားပေးခြင်း
(၃) အနောက်မဟုတ်တဲ့ လူမျိုးတွေ အနောက်နိုင်ငံတွေထဲ ၀င်ရောက်နေထိုင်ခွင့်၊ ဒုက္ခသည်အဖြစ် လက်ခံမှု ပမာဏ ကန့်သတ်ခြင်းအားဖြင့် အနောက်လူ့အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ လူမျိုးစု ပေါင်းစည်းမှုကို ကာကွယ်ခြင်း (တို့ ဖြစ်ပါတယ်)။
အနောက်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေကနေ သူတို့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာ အနောက်အတွက် အခက်အခဲတွေ ရှိနေခဲ့သလို ဆက်လည်း ရှိနေဦးမယ့် လက္ခဏာပါ။
လက်နက်များ ပြန့်ပွားခြင်း ( Weapons Proliferation )
စစ်ရေးစွမ်းရည်တွေ စီးဝင်ပျံ့နှံ့သွားမှုဟာ ကမ္ဘာ့စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုး တိုးတက်လာခြင်းရဲ့ အကျိုး ဆက်ဖြစ်ပါတယ်။ စီးပွားရေးအရ ပိုပြီးချမ်းသာလာကြရင် ဂျပန်၊ တရုတ်နဲ့ အခြား အာရှနိုင်ငံတွေရဲ့ စစ်အင်အားလည်း ပိုပြီးအားကောင်းလာကြမှာပါ။ တဖြည်းဖြည်းနဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းတွေကလည်း လိုက်လာကြလိမ့်မယ်။ စီးပွားရေးပြုပြင်တည်ဆောက်မှု အောင်မြင်သွားမယ်ဆိုရင် ရုရှားလည်း လိုက်လာမှာပါ။ နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်တွေအတွင်း အနောက်မဟုတ်တဲ့ နိုင်ငံအများအပြားဟာ အနောက်နိုင်ငံတွေ၊ ရုရှား၊ အစ္စရေးနဲ့ တရုတ်ဆီကနေ ခေတ်မှီလက်နက်တွေ ၀ယ်ယူတပ်ဆင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ အလွန်ခေတ်မီတဲ့ လက်နက်ဆန်းများ ထုတ်လုပ်နိုင်ရေးအတွက် သူတို့လက်ဖြစ် အထောက်အကူပစ္စည်းများကိုလည်း တီထွင် နိုင်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီအတိုင်းပဲ ဆက်ရှိနေပြီး (၂၁) ရာစု ဦးပိုင်းနှစ်တွေမှာ အရှိန်အဟုန် ပိုကောင်းလာစရာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၂၁) ရာစုထဲမှာလည်း အနောက်၊ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ ပံ့ပိုးမှုနဲ့ အမေရိကန်ကသာလျှင် တစ်ကမ္ဘာလုံးနီးပါးကို စစ်ရေးအရ၀င်ရောက်ဖက်စွက်နိုင်ပါလိမ့်မယ်။ နောက်ပြီး ကမ္ဘာ့နေရာ အားလုံးနီးပါးကို လေယာဉ်နဲ့ ဗုံးသွားကျဲနိုင်တဲ့ အစွမ်းမျိုးလည်း အမေရိကန်တွေမှာသာရှိပါလိမ့်မယ်။ ဒါတွေဟာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်တဲ့ အမေရိကန်တွေရဲ့ စစ်အင်အား၊ ကမ္ဘာအပေါ် လွှမ်းမိုးထားနိုင်တဲ့ စီဗီလိုက်ဇေး ရှင်းကြီးရဲ့ စစ်အင်အားတွေပဲဖြစ်ပါတယ်။ မဝေးလှတဲ့ အနာဂတ်ကာလရဲ့ စစ်အင်အား ချိန်ခွင်လျာကတော့ အနောက်ဖက်ကို သိသိသာသာကြီး ယိမ်းလျက်ပဲ ရှိနေပါလိမ့်မယ်။
ပထမတန်းစား သမားရိုးကျ စစ်အင်အားပိုင်ဆိုင်ဖို့ အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ အသုံးစရိတ်တွေ လိုအပ် နေတာကြောင့် အနောက်ရဲ့သမားရိုးကျ စစ်အင်အားကို ယှဉ်ပြိုင်နိုင်ဖို့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအနေနဲ့ အခြား ဖြတ်လမ်းနည်းတွေရှာဖွေကြည့်ဖို့ အလွန်အမင်းစိတ်အားထက်သန်နေကြလိမ့်မယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဖြတ်လမ်းနည်း ကတော့ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်ကြီးတွေပိုင်ဆိုင်ရေး ဒါတွေကို တပ်ဆင်အသုံးပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ စီဗီလိုက်ဇေးရှင်းတွေရဲ့ ပဓာနနိုင်ငံကြီးတွေနဲ့ ဒေသတွင်းသြဇာလွှမ်းမိုးလိုတဲ့ နိုင်ငံတွေဟာ ဒီလိုလက်နက်ကြီးတွေ ပိုင်ဆိုင်ဖို့ အထူး စိတ်အားထက်သန်နေကြပါတယ်။ ဒီလို လက်နက်ကြီးတွေရှိရင် (တစ်) သူတို့ စီဗီလိုက်ဇေးရှင်းထဲရှိ နိုင်ငံတွေနဲ့ ဒေသတွင်းမှာ သြဇာဖြန့်ကျက်ထားနိုင်ပါတယ်။ (နှစ်) သူတို့ စီဗီလိုက်ဇေးရှင်း အတွင်းရှိ နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေအတွင်း အမေရိကန်(သို့)အခြားပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ ၀င်ရောက် ဖက်စွက်မှုကို ဟန့်တားထားနိုင်ပါတယ်။
တကယ်လို့ အီရတ် အဏုမြူလက်နက် ပိုင်ဆိုင်သည်အထိ စောင့်ပြီးနောက် နှစ်နှစ် သုံးနှစ်လောက်ကြာမှ ဆဒ္ဒန်ဟူစိန်က ကူဝိတ်ကို ကျူးကျော်သိမ်းပိုက်လိုက်မယ်ဆိုရင် ကူဝိတ်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးအများကြီး ပိုရှိပြီး ဆော်ဒီရေနံတွင်းတွေတောင် သူ့လက်ထဲ ရောက်လာနိုင်ပါလိမ့်မယ်။ အနောက်မဟုတ်တဲ့ နိုင်ငံတွေဟာ ပင်လယ်ကွေ့ စစ်ပွဲသင်ခန်းစာကို ကြေကြေညက်ညက် ရယူခဲ့ကြပါတယ်။
- ဆက်ရန်
ဇင်ဝေသော်
(1)
http://tiny.cc/8kkwnx