တက်ခေါက်ခြင်း အနုပညာ


 
ဒီလူကတော်တော်ထူးဆန်းတဲ့လူ။ သူနဲ့တွေ့မှတက်ခေါက်ခြင်းအနုပညာဆိုတာ  ကြားဖူးတယ်။ လေချွန်တာတို့ ဘာတို့ဆိုရင်တော့ ထားပါတော့။ ဒါပေမယ့် သူ့ဟာနဲ့ သူကျတော့ အဟုတ်ပဲ။

          “ ဒီလိုဗျ၊ တက်ခေါက်သံကို ခြုံပြီးကြည့်လိုက်ရင် နှစ်မျိုးပဲရှိတာ။ ခပ်မာမာခေါက်လိုက်တဲ့ “ တက်” ခေါက်သံနဲ့ ခပ်ညှင်းညှင်းလေး ဆွဲခေါက်လိုက်တဲ့ “ တက်” ခေါက်သံဆိုတာပဲ။ ဒါပေမယ့် အဲဒီအသံနှစ်သံရဲ့ အဓိပ္ပါယ်က အများကြီးကွဲသွားတယ်”

          ဒီလူဘာစိတ်ကူးနဲ့ တက်ခေါက်သံတွေအကြောင်း လာရှုင်းပြနေတာလည်း မသိဘူး။ မဆိုးဘူး၊ စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဒါနဲ့ သူ့ကို ထောက်ပေးလိုက်တယ်။

          “ ဟုတ်ပြီ၊ လုပ်ပါဦးဗျ။ နည်းနည်းလေး ထပ်ရှင်းပါဦး”


           “ ဆိုကြပါစို့ဗျာ၊  နွားမောင်းနေတုန်း “တက်” ခေါက်သံ ခပ်ပြင်းပြင်းခေါက်လိုက်၊ အဲဒီ “ တက်” ခေါက်သံရဲ့ အဓိပ္ပါယ်က “ကြိမ်နဲ့ ဆော်မိတော့မယ်” ဆိုတာဗျ။ နွားကလည်း သိတယ်။ ခပ်သွက်သွက် သွားတော့တယ်။ အဲသလို မဟုတ်ဘူး။ ခင်ဗျားက နွားမောင်းနေရင်း “တက်” ခေါက်သံ ညှင်းညှင်းလေးကိုဆွဲပြီး ခေါက်မယ်ဆိုပါတော့။ ဒါပေမယ့် “ ညှင်းတောက်” က တစ်ချက်ထဲတော့ ခေါက်လို့မရဘူး။ “ တောက်၊ တောက်၊ တောက်” လို့ စီးရီးလေးလိုက်ရတယ်။ အဲဒီ “ ညှင်းတောက်” ရဲ့ အဓိပ္ပါယ်က “ဖေ့သားကြီးရဲ့၊ ရုန်းထားစမ်းပါကွာ၊ ပြီးတော့မှာပါ၊ ရောက်တော့မှာပါ”  ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တယ်ဗျ ။ ဆိုလိုတာက ကြိမ်နဲ့ဆော်တာထက် ကြိမ်နဲ့ကျောပေါ်ကို ပွတ်ပေးလိုက်တဲ့ အဓိပ္ပါယ်မျိုးပဲ။ နွားကလည်း ဒါကိုသဘောပေါက်တယ်ဟု ရှည်ရှည်မျောမျောကြီး ရှင်းပြ၏။


           ပြီးတော့ သူ့က ကော်ဖီတစ်ကြိုက်ကို အေးအေးဆေးဆေး ကြိုက်နေပြန်ရော။ ကျွန်တော် စိတ်ဝင်စားမှုရှိမရှိကို အကဲခတ်နေတာလည်း ဖြစ်မှာပေါ့။ ကျွန်တော်လည်း စိတ်ဝင်စားကြောင်း မျက်ရိပ်ပြပါတယ်။ ဒါပေမယ့် သူကခပ်တည်တည်ပဲ၊ စီးကရက်တစ်လိပ်ကိုတောင် မီးညှိလိုက်သေးတယ်။ မမေးရင် မပြောတော့ဘူးဆိုတဲ့ အချိုးနဲ့တူပါတယ်။

          ဒါနဲ့ သူကဆက်ပြီး “ တက်” ခေါက်လို့ရအောင် ထောက်ပေးလိုက်တယ်။

          “ခင်ဗျား “တက်” ခေါက်ခြင်း အနုပညာက နွားတွေနဲ့ပဲ ဆိုင်သလိုဖြစ်နေတယ်ဗျာ။ ကျွန်တော်က ထူတယ်ဗျ။ စပ်စပ်လိုပဲ။ ဒီကောင်မလေးကို သိတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ထပ်လင်းပါဦးဗျ”

          ဒီတော့ သူက-
          “ခင်ဗျားက တကယ်ထူတဲ့သူဗျာ။ ဒီတက်ခေါက်သံနှစ်ခုနဲ့ ခွေးတစ်ကောင်ကိုလည်း စမ်းသပ်နိုင်တယ်။ ဟိုမှာ ခွေးကြီးတစ်ကောင်ရှိတယ်။ ကျွန်တော်လက်တွေ့ပြမယ်ဆိုပြီး သူ့ “တက်” ခေါက်ခြင်းအနုပညာကို ဆက်ပြတော့တာပဲ။ သူက “ ညှင်းညှင်းတက်” ခေါက်သံကို သူ့ဖီး(လ်)နဲ့သူ ခေါက်လိုက်တယ်။

          “ တောက်၊ တောက်၊ တောက်၊ တောက်”
          ဟုတ်တယ်၊ ခွေးကြီး သူ့အနား ပြေးလာတယ်။ သူခေါက်လိုက်တဲ့ တက်ခေါက်သံက မြန်မာလို “ အို့၊ အို့၊ အို့၊ အို့၊” ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တယ်။ မေတ္တာ၊ ကရုဏာဓာတ်ပါတယ်ပေါ့။ ဒါကို ခွေးက ခံစားလို့ရတယ်။ ဒါ့ကြောင့် ပြေးလာတာ။

          ခွေးကြီးလည်း အနားရောက်ရော သူက-
          “တောက်!” ဆိုပြီး အပြင်းစား “တက်” ခေါက်သံကြီး ခေါက်ချလိုက်တယ်။ ခွေးကြီးလည်း တစ်ချိုးတည်းလစ်ပြေးတော့တာပဲ။ ဒီတော့မှ သူက-

          “ ခင်ဗျား တွေ့ပြီ မဟုတ်လား” လို့ မေးတယ်။ “တကယ်တော့လည်း ဘာမှတော့ မဟုတ်ပါဘူးဗျာ။ ဒေါသနဲ့ ခေါက်လိုက်တော့ ဒီခွေးကြီးကလည်း အန္တရာယ်တော့ရှိပြီဆိုပြီး ထွက်ပြေးတော့တာပဲ”

          ဒါနဲ့ ကျွန်တော်က-
          “ ဆရာ သစ္စာနီရဲ့ ဝတ္တုတစ်ပုဒ် ရွှေမြန်မာထဲမှာ ဖတ်လိုက်ရတယ်။ ဖရုသဝါစာ ဝတ္တုတဲ့ဗျ။ အဲဒီလူရဲ့အလုပ်က လူတွေဆဲတာကို ခံပေးတဲ့အလုပ်တဲ့။ အလကားတော့ သူက အဆဲမခံဘူးဗျ။ ပိုက်ဆံပေးပြီး ဆဲရတာ။ တစ်ချို့ဆို မဆဲတတ်လို့ သူကတောင် ဆဲနည်းသင်ပေးရတယ် တဲ့။ ဆဲနည်းလည်းသင်ပေး၊ အဆဲလည်းခံဆိုရင်တော့ ကြေးကတော့ တမျိုးဖြစ်သွားတာပေါ့။ ခင်ဗျားလည်း အဲသလို လုပ်ကြည့်ပါလား။ “တက်” ခေါက်နည်း သင်တန်းလေးဘာလေးပေါ့ဗျာ။ ကျွန်တော် ထင်တယ်နော်၊ တစ်ချို့ “ တက်” မခေါက်တတ်ဘူး။”

          “ ဆရာ သစ္စာနီရဲ့ဝတ္တုကို ကျွန်တော်လည်း ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိစ္စက မလွယ်ဘူးဗျ။ “တက်ခေါက်တာက နည်းပညာထက် ခံစာမှုက ပိုအရေးကြီးတာဗျဆဲတယ်ဆိုတာက စကားလုံးတွေနဲ့ ဆဲတာဗျ။ “တက်” ခေါက်တာက စကားလုံးတွေ မပါဘူး၊ ပါလို့လည်း မရဘူး။ ဒါ့ကြောင့် ပိုခက်တာဗျ။ ခံစားမှုနဲ့မှ ရတာ။

          အမှန်အတိုင်း ဝန်ခံရရင် အဲဒီလူကို ကျွန်တော်အရမ်းစိတ်ဝင်စားသွားပြီ။
          “ ရှင်းပါဦးဗျ၊ ခင်ဗျား ခံစားမှုကိစ္စကို-”

          “လွယ်လွယ်လေးပါဗျာ။ လူတစ်ယောက် ဒါမှမဟုတ် အရာဝတ္တုတစ်ခုကို ခါးခါးသီးသီးကြီး မုန်းမနေဘူးရင် ခင်ဗျားရဲ့ ပထမ “တက်” ခေါက်သံက အနုပညာမပါဘူး။ လူတစ်ယောက်၊ ဒါမှမဟုတ် အရာဝတ္တုတစ်ခုခုကို နှစ်နှစ်ခါခါ မချစ်ဘူးဆိုရင် ဒုတိယ “တက်” ခေါက်သံက အနုပညာ မမြောက်ပြန်ဘူးဗျ။ ဒါပါပဲ-”

          “ ခင်ဗျားက ဒါတွေ ဘယ်လိုသိတာလဲ“
          “ကျွန်တော့် ခွေးမလေးက အသည်းငယ်တယ်ဗျတက်ခေါက်သံပြင်းပြင်းတွေကြားရင် တအားဝမ်းနည်းတတ်တာ ။ ဒါနဲ့ ကျွန်တော်က ဒုတိယ တက်ခေါက်သံကို စပြီးလေ့ကျင့်ခဲ့တာ။ ခွေးမလေးကို ကျွန်တော်က နှစ်နှစ်ကာကာချစ်တော့ ကျွန်တော့် တက်ခေါက်သံကလည်း အနုပညာမြောက်ပြီး ထိရောက်မှုလည်း ရှိသွားတာ။ နဂိုကကျွန်တော် ဒီတက်ခေါက်သံမျိုး မခေါက်တတ်ဘူး။ ခေါက်လည်း အသက်မဝင်လှဘူး။”

          “ ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ”
          “ ခင်ဗျားမယုံရင် အိမ်ကိုသွားရအောင်။ ကျွန်တော့ခွေးမလေးကို ခင်ဗျားတက်ခေါက်ကြည့်။ အနုပညာမြောက်မမြောက် တိရိစ္ဆာန်တွေက ခံစားနိုင်တယ်”

          ဒါနဲ့ သူ့အိမ်ကိုလိုက်သွားတယ်။ သူပြောတဲ့ ခွေးမလေးကိုလည်း တွေ့တယ်။
          “ ဖမ်းတော့လေ၊ ခင်ဗျားတက်ခေါက်ကြည့်လေ” သူကပြောတယ်။

          “ တောက်၊ တောက်၊ တောက်၊ တောက်” ညှင်းညှင်းသွဲ့သွဲ့ တက်ခေါက်သံကို ခေါက်လိုက်တယ်။ ခွေးမလေးက ကျွန်တော့ဆီ ပြေးမလာဘူး၊ ခပ်တည်တည်နဲ့ရပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူပြောတာကို နည်းနည်းသဘောပေါက်သလိုလို ရှိလာတယ်။

          “ ကဲ၊ ခင်ဗျား တွေ့ပြီမဟုတ်လား။ ခဏနားဦးဗျာ။ ပြီးတော့မှ ခပ်ပြင်းပြင်းတက်ခေါက်သံကို ဆက်ပြီး စမ်းသပ်ပေါ့”


          “ ကဲ ခင်ဗျား ခပ်ပြင်းပြင်းတက်ခေါက်သံကို စမ်းကြည့်တော့”
          “တောက်” အကျယ်လောင်ဆုံးဖြစ်အောင် ကျွန်တော်ခေါက်လိုက်တယ်။ အသံက ကျယ်ပေမယ့် ခွေးမလေးက ထွက်မပြေးဘူးဗျဒီတော့မှ သဘောပေါက်တာကျယ်တိုင်းလည်း ကြောက်တာမဟုတ်ဘူး ဆိုတာကိုလေ

          ကျွန်တော့် တက်ခေါက်သံနှစ်မျိုးကြောင့် ခွေးမလေးက ရှေ့တိုးမလာသလို၊ နောက်ဆုတ်လည်း ထွက်ပြေးမသွားဘူး။ ဒီတော့မှ သူကပြောပြတယ် -

          “ တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားအခု တက်ခေါက်နေတဲ့အချိန်မှာ ခင်ဗျားက ဘာကိုမှ နှစ်နှစ်ကာကာချစ်မနေသလို၊ ဘာကိုမှလည်း ခါးခါးသီးသီးမုန်းမနေလို့ပါ။ ဒါကြောင့် ခင်ဗျားတက်ခေါက်သံက အသံသာကွဲသွားတာ၊ ဟိုတစ်ဖက်မှာကျတော့ ခံစားမှုကွဲမသွားဘူး ဖြစ်နေတာ။ ကျွန်တော်ကတော့ အနုပညာမမြောက်ဘူးလို့ သုံးပါတယ်။ ခင်ဗျား သဘောမတူလည်း မတတ်နိုင်ဘူး” ဆိုပြီး-

          “တောက်၊ တောက်၊ တောက်၊ တောက်” လို့ ခေါက်လိုက်တော့ ခွေးမလေးက သူ့အနားပြေးလာခဲ့ပြီး သူ့လက်ကိုတောင် လျှာနဲ့လျှက်နေလိုက်သေး။


          တော်တော်ဟုတ်တဲ့လူ
          တက်ခေါက်ခြင်း အနုပညာတဲ့။                                      


ဇင်ဝေသော်















Copyright © 2011 ကမ်းလက်. All rights reserved.

အဘိဓမ္မာသည် အယ်ဒီတာနှင့်လည်းတူ၏


အဘိဓမ္မာဒေသနာတော်ကား နက်ရှိုင်း၏။ ပြောဖွယ်မရှိတော့။ ဗုဒ္ဓဝိသယ (ဘုရားရှင်၏အရာ)၊ သဗ္ဗညုတဥာဏဝိသယ (သဗ္ဗညုတ ဥာဏ်တော်၏အရာ) သာ ဖြစ်တော့၏။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ပညာရေးဒေါက်ထရိတ်ဘွဲ့ ချီးမြှင့်တော်မူရသော သာရီဟူသည့် ဒါယိကာမကြီး၏ သားကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တ (ပီအိတ်ခ်ျဒီ အတုမရှိ) သည်ပင် ကုန်စင်အောင် သဘောပေါက်တော်မူလိမ့်မည်မထင်။ ဗုဒ္ဓဝိသယဟု ဆိုတုံသည်မဟုတ်လော။



          အဘိဓမ္မာသည် သုတ္တာန်ဒေသနာတော်လာ စကားတော်ကို အဆုံးမရှိ ဆွဲဆန့်၏။ ထို့ကြောင့် ဂျာနယ်လစ်(စ်) နှင့်တူ၏ဟု ဆိုခဲ့ပြီ။ အဆုံးမရှိ ဆွဲဆန့်လိုက်ပြီး အားလုံးကို တစ်စုတစ်ဝေးတည်း ဖြစ်အောင်လည်း ပြန်လည်ပေါင်းစည်း၏။

          အနည်းငယ် ချဲ့ဆိုချင်၏။

          ဘုရားရှင်သည် မင်္ဂလသုတ်၌ “ အသေဝနာစ ဗာလာနံ” ဟု ဟောတော်မူ၏။
          သုတ္တာန်ဒေသနာက “ဟော” ဆိုသည့် စကားတစ်လုံးကိုသာ ဆို၏။
          အဘိဓမ္မာက ထို “ဟော” ဟူသည့် စကားလုံးကို ဤသို့ ဖွင့်ဆို၏။ “ မြတ်စွာဘုရားရှင်၏ သဏ္ဍာန်၌ဖြစ်သော၊ ဒေသနာဥာဏ်တော် ပြဌာန်းသော (အချို့ဌာနများ၌ မဟာကရုဏာဥာဏ် ပြဌာန်းသော) သောမနဿသဟဂုတ်၊ မဟာကြိယာ ဥာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြစ်၏” ဟု ဆို၏။ အချို့ကား ရှုပ်သွားသည်ဟု ဆို၏။ ဥာဏ်မှီသော်ရှင်း၍ ဥာဏ်မမှီသော် ရှုပ်သွားသည်ဟုထင်သည်။

          ထိုမျှမက ထိုစိတ်နှင့်ယှဉ်ဖက် စေတသိတ်တို့ကို ဆက်ဖွင့်ပြ၏။
          ထိုစိတ်၊ စေတသိတ်တို့ကြောင့် ဖြစ်နေသော (ထိုဟောတော်မူခိုက်၌) စိတ္တဇရုပ်တော်တို့ကို ဆက်ဖွင့်ပြန်၏။

          ထိုတရားတို့ကိုပေါင်း၍ ခန္ဓာဖွဲ့လိုက ဖွဲ့လို့ရ၏။ အာယတန၊ ဓာတ်၊ သစ္စာတို့ ဖွဲ့လိုက ဖွဲ့လို့ရ၏။
          ဤသည်မှာ “ဟော” ဆိုသည့် စကားလေးတစ်လုံးကို အစယူကာ အဘိဓမ္မာက ဖြန့်ထုတ်လိုက်သော ပရမတ္တတို့တည်း။ နက်နဲလှပေစွ။

          “အဘိဓမ္မာသည် အယ်ဒီတာနှင့်လည်းတူ၏” ဟူသော စကားကိုဆိုအံ့။ အဘိဓမ္မာ ဒေသနာသည် အဓိပ္ပါယ်၊ သရုပ်သကန် ဖြန့်ထွက်ခြင်းကို လိုလိုလားလား လက်ခံသော်လည်း စကားလုံး ဖောင်းပွခြင်း ကိုတော့ လက်မခံ။ အားလုံးကို အက်ဒစ်လုပ်ပစ်၏

          ဥပမာဆောင်၍ ရှင်းအံ့။

          နေ့စဉ်ဘဝ၌ ရေရှိ၏။ ရေအေးရှိ၏။ ရေပူရှိ၏။ ရေခဲရှိ၏။ အမည်နာမများ ရှုပ်ထွေး၏။ ဓာတုဗေဒသိပ္ပံစမ်းသပ်ခန်းက ဤမျှရှုပ်ထွေးဖောင်းပွနေသော အမည်နာမတို့ကို လက်မခံ။ အတိုချုပ်၍ အက်(ခ်ျ) တူးအို ဟုဆို၏။ ရှင်းသွား၏။ (သို့) ရှုပ်သွား၏။ ဥာဏ်မှီသော်ရှင်း၍ ဥာဏ်မမှီသော် ရှုပ်၏။



          သို့သော် သီဟနာဒတို့က ရေသောက်သည်၊ ရေချိုးသည်ဟုသာ ပြောကြ၏။ အက်(ခ်ျ) တူးအို သောက်သည်၊ အက်(ခ်ျ) တူးအို ချိုးသည်ဟု မပြောကြ။ ပြောလျှင် ကြောင်၏။

          ဤသည်မှာ သမ္မုတ္တိသစ္စာနှင့် ပရမတ္ထသစ္စာတို့ သဘောတည်း။
          အဘိဓမ္မာသည် ပရမတ္ထစစ်စစ်ကို လက်ခံ၏။ ( အာရမ္မဏပစ္စည်းမှာတော့ ပညတ်ပါရ၏။)

          သုတ္တာန်ဒေသနာမှာ ရှင်ဘုရင်ရှိ၏။ တိုင်းသူပြည်သားရှိ၏။ ပေးကမ်းသူရှိ၏။ တောင်းစားသူ ရှိ၏။ ရဟန်းရှိ၏။ ဒကာ၊ ဒကာမရှိ၏။ နိုင်ငံရှိ၏။ မြို့ရှိ၏။ တရားဟောသည်ရှိ၏။ အတင်းပြောသည်ရှိ၏။….ရှိ၏။…ရှိ၏။

          အဘိဓမ္မာဟုခေါ်သည့် အယ်ဒီတာ့စားပွဲသို့ ရောက်သောအခါ ထိုမျှဖောင်းပွလှသော စကားလုံးတို့ တည်းဖြတ်ခြင်းကို ခံရတော့၏။

          ထိုအရာတို့ကို အဘိဓမ္မာက စကားနှစ်လုံးထဲကျန်အောင် တည်းဖြတ်လိုက်၏။ နာမ၊ ရူပ (နာမ်နှင့် ရုပ်) ဟုဖြစ်၏။ အဆင့်အမြင့်ဆုံး ပရိသတ်အတွက်ဖြစ်၏။ အရာခပ်သိမ်းသည် နာမ် (သို့) ရုပ် တစ်ခုခုဖြစ်နေရမည်။ နာမ်နှင့် ရုပ်တွဲစပ်လည်းဖြစ်မည်။ ရှင်းသွား၏။ နာမည်တွေ မလိုတော့။

          အချို့သော ပရိသတ်များအတွက် အနည်းငယ်ချဲ့၍ ပတ်ဗလစ်(ရှ်) လုပ်လိုက်၏။ ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးဟု ဖြစ်၏။

          အချို့အတွက် အာယတန (၁၂) ပါး။ အချို့အတွက် ဓာတ် (၁၈) ပါး။ အချို့အတွက် သစ္စာ (၄) ပါး။ မိမိအသိနှင့်ကိုက်သော အယ်ဒီးရှင်းကို ယူဖတ်ရန်သာ အရေးကြီး၏။

          အက်ဒစ်လုပ်ရာ၌ အဘိဓမ္မာက ရက်စက်၏။ ဘုရားမရှိ၊ စင်္ကြာဝတေးမင်းမရှိ၊ ဗိမ္ဗိသာရမရှိ၊  အဇာတသတ်မရှိ။ ထိုအရာတို့ကို စုစည်း၍ နာမနှင့် ရူပဟုဆိုလိုက်၏။ ပဉ္စက္ခန္ဓဟု ဆိုလိုက်၏။ အနှစ်မပါသော ပညတ်တို့ကို အားလုံးမင်နီဖြင့် ဖြတ်ပစ်လိုက်၏။

          ရှင်းသွား၏။ (သို့) ရှုပ်သွား၏။ သိသော် ရှင်း၍၊ မသိသော် ရှုပ်၏

          အဘိဓမ္မာသည် လူကိုလွတ်မြောက်စေ၏။ (သို့) လူကိုလည်း ချည်နှောင်သွားနိုင်၏လွတ်မြောက်ဟူသည် အဘိဓမ္မာသဘောကျကျ နေတတ်သွားခြင်းဖြစ်ပြီး၊ ချည်နှောင်သွားနိုင်၏ ဟူသည် ထိုအဘိဓမ္မာအသိကို အခြေခံ၍ မာနတက်သွားခြင်းတည်း။ ဤသည်မှာ အဘိဓမ္မာနှင့်မဆိုင်၊ ပုဂ္ဂိုလ်နှင့် ဆိုင်၏

          မည်သို့ဆိုစေ အဘိဓမ္မာသည် အယ်ဒီတာနှင့်တူ၏။ မလိုသည်များကို တည်းဖြတ်၏။ မလိုသောအရာတို့သည် လောကသစ္စာ၊ သမုတိသစ္စာတို့တည်း။ ထိုသစ္စာတို့က စင်္ကာပူမှာမှန်၍ ရန်ကုန်တွင်မှားနေတတ်၏။ အာရှမှာမှန်ပြီး အမေရိကမှာ မှားနေတတ်၏။ မနေ့ကမှန်၍ ယနေ့ မှားနေတတ်၏။ ယနေ့ မှားနေသော်လည်း မနက်ဖြန်၌ မှန်လျှင် မှန်နေတတ်ပြန်၏။ ဒါကို အဘိဓမ္မာဒေသနာက တစ်စက်ကလေးမှ ကြည့်လို့မရ။ အက်ဒစ်ချလိုက်သည်။

          မှန်၏။ အဘိဓမ္မာသည် အယ်ဒီတာနှင့်လည်းတူ၏။

          အားလုံးကို ချုပ်ကြပါစို့။
          “ဟော” ဆိုသည့် သုတ္တာန်ဒေသနာကို အဘိဓမ္မာက တစ်စချင်းဆွဲထုတ်ကာ ဂျာနယ်လစ်၏။ အင်ဖော်မေးရှင်းမှန်သမျှ အကုန်ရအောင် ဆွဲထုတ်၏။( ဂျာနယ်လစ်)

          “ပညတ်များဖြစ်သည့် အကာသဘာဝ၊ စကားအသုံးအနှုံးတို့ကို အဘိဓမ္မာက ရက်ရက်စက်စက် တည်းဖြတ်၏။ ( အယ်ဒီတာ)

          ဤဆောင်းပါးကိုဖတ်ပြီး လူတစ်ယောက်မျှ အဘိဓမ္မာသင်လိုစိတ်ပေါက်သွားမည်ဆိုလျှင် အငြင်းပွါးဖွယ်စကားနှစ်လုံးကို(လူ့နားသို့ရောက်စေလိုသောစေတနာဖြင့်)သုံးမိခြင်းအတွက်နောင်တမရလို။ နာမည်ကြီးအောင် အဆန်းထွင်ခြင်းမဟုတ်

          ဆုတောင်းပတ္ထနာပြုချင်၏။
          အဘိဓမ္မာဒေသနာတော်ကြီး စည်ပင်ပြန့်ပွါးပါစေသတည်း။
          အဘိဓမ္မာပို့ချသူ၊ သင်ကြားသူ၊ သဘောပေါက်သူများ တိုးပွါးလာပါစေသတည်း။
          ထိုသူများကလည်းအဘိဓမ္မာဒေသနာကို စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေကုန်သတည်း။


                                                                                                                          သီဟနာဒ  
                                                                              







    ( ၂-၁-၂၀၁၂   ညနေ-၄:၄၅)











Copyright © 2011 ကမ်းလက်. All rights reserved.

စိတ် အကျယ် ၁၂၁ ပါး

စိတ် အကျယ် ၁၂၁ ပါး တွင်ပါ ၀င် သော စိတ်အမျိုး အစား များ ကို ဖေါ် ပြ ထား ပါ သည်။
အရေ အတွက် ပမာဏ အ လျောက် Pie Chart  ဇယား တွင် ထည့် သွင်း ထား ပါ သည်။
စိတ် အကြောင်း ရှင်း လင်း သင် ကြား ပေးကြ သော ဆရာ အပေါင်း တို့ အား ပူ ဇော် အပ်ပါသည်။

မလတ်
ပုံဆွဲပေးသူ - မတိုး












Copyright © 2011 ကမ်းလက်. All rights reserved.

Classes @ Mangala Vihara



 I.        BUDDHANUSSATI RECITATION


The 108 times chanting of the 9 virtues of the Buddha.
1st Sunday of the month – 1pm to 2:30pm














II.        MANDARIN CLASSES

Every Friday – 7:00pm to 9:30pm



III.        MANDARIN  MEDITATION CLASSES


         (Conducted by Bhante Raja)

Every Thursday – 7:45pm to 9:30pm


     







 IV.        ENGLISH MEDITATION CLASSES

(Conducted by Bhante Cittara)

March 9, 16, 23, 30 & April 6( Friday)
Retreat -14 April ( Saturday)

June 8,15,22,29 & July 6 (Friday)
Retreat -14 July ( Saturday)

September 7, 14, 21, 28 & October 5 (Friday)
Retreat -13 October ( Saturday)


V.        QUARTERLY NIKAYA CLASSES IN BURMESE LANGUAGE


Every Saturday – 5:00pm to 6:00pm















VI.        ABHIDHAMMA CLASSES IN BURMESE LANGUAGE

Every Saturday – 7:30pm to 9:30pm



Contact Us

Phone: 6744 4285 for class I, II, III & IV
Phone: 9743 6992, 9066 2407, 859 3989, 826 9581 for Class V & VI

Mangala Vihara Buddhist Temple
30 Jalan Eunos, Singapore 419 495.
Nearest MRT Station: Eunos





Copyright © 2011 ကမ်းလက်. All rights reserved.

ဧည့်သည် ကျွန်မ၊ ကျွန်မ ဧည့်သည်


လောကကြီးထဲမှာ တစ်ခါတစ်ခါ ကျွန်မတို့ကိုယ်တိုင်က ဧည့်သည်တွေဖြစ်ပြီး၊ တစ်ခါတစ်ခါ ဧည့်သည်တွေက ကျွန်မတို့ဆီလာကြတာမို့ ကျွန်မတို့က အိမ်ရှင်ဖြစ်နေတတ်ပြန်ပါတယ်။ တစ်ခါတစ်ခါကျပြန်တော့ ကျွန်မတို့ဟာ ဧည့်သည်ရော အိမ်ရှင်ပါဖြစ်နေရပြန်ရော

          မြန်မာလိုတော့ အိမ်ရှင်နှင့် ဧည့်သည်။
          ပါဠိလိုတော့ အာဝါသိကနဲ့ အာဂန္တုက။
          အင်္ဂလိပ်လိုတော့ ဟို့(စ်ထ်) နဲ့ ဂတ်(စ်ထ်)။

          မြန်မာလူမျိုးတွေဧည့်သည်ကိုချစ်တတ်ကြပေမယ့် “လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနဲ့”  လို့ အရုပ်ဆိုးဆိုး စာတန်းလေးတွေကို တွေ့ရတတ်ပြန်ရော။

          ဒီထက်ပိုဆိုးတာက ပါဠိလိုဆိုထားတဲ့ ဝိဂြိုဟ်လေးပါ။ (ဆရာတော်တွေလည်း ဝင်မန့် တတ်ကြလို့ သေချာအောင်လျှောက်ရတာပါ) အာဂန္တာဟနတီတိ အာဂန္တုကောတဲ့ရှင်။ စင်္ကာပူက ဒကာမတွေ ပါဠိလေးမတောက်တခေါက်တော့ သိကြပါတယ်။ အာဂန္တာ- ရောက် ရောက်လာပြီး၊ ဟနတိ- အိမ်ရှင်ကို နှိပ်စက်တတ်၏၊ ဣသိတသ္မာ- ထို့ကြောင့်၊ အာဂန္တုကော- အာဂန္တုကမည်၏ တဲ့။ ရောက်ရောက်လာပြီး အိမ်ရှင်ကို နှိပ်စက်တတ်လို့ အာဂန္တုတဲ့။ သိပ်သဘောမတွေ့လှပါဘူး။ ဧည့်ကောင်းစောင်ကောင်းတွေကို အားနာစရာ။

          ဘုရားရှင်ကို ဇေတဝန်အထိလိုက်ပြီး စွပ်စွဲရဲတဲ့ စိဉ္ဖမာနလို အမျိုးသမီးအတွက်ဆိုရင်တော့ အဲဒီ ဝိဂြိုဟ်လေးရဲ့ အဓိပ္ပါယ်က ကွက်တိပဲ။ ဟုတ်တယ်လေ။ ဘုရားရှင်က အိမ်ရှင်၊ သူမက ဧည့်သည်ပေကိုး။

          ဒါပေမယ့် ဆွမ်းကပ်ချင်လို့ပါဆိုပြီး ဘုရားရှင်နဲ့ သံဃာတော်တွေကို အိမ်ပင့်၊ ဘာဆွမ်းမှ မကပ်ပဲ ဆဲရေးတိုင်းထွာခြင်းတွေနဲ့ ဧည့်ခံတဲ့ ပုဏ္ဏားမျိုးကျတော့ ဘယ်လိုလုပ်မလဲ။ ဘုရားက ဧည့်သည်၊ သူက အိမ်ရှင်လေ။ ဘုရားရှင်ကလည်း ခေတော်မူသူမှ မဟုတ်ပဲ။

          “ ပုဏ္ဏားကြီး၊ ဧည့်သည်တွေ ရောက်လာရင် စားစရာ သောက်စရာတွေနဲ့ သင်ဧည့်ခံတယ်။ ဧည့်သည်တွေ စားမသွားလို့ ကျန်ခဲ့ရင် ကျန်ခဲ့သမျှ သင့်ဥစ္စာတွေ။ ဒီလိုပဲ သင်က ဘုရားရှင်ကို ဆဲရေးတိုင်းထွာမှုတွေနဲ့ ဧည့်ခံတယ်။ ဒါတွေကို ဘုရားရှင်က မဘုန်းပေးဘူး။ ဒီတော့ သင့်ရဲ့ ဆဲရေးတိုင်းထွာမှုတွေဟာ သင့်ဥစ္စာတွေချည်းပါပဲ၊ ငါဘုရားရှင်နဲ့မဆိုင်” လို့ မိန့်တော်မူခဲ့ပါသတဲ့။

          ဒီလို(ဘုရားရှင်လို) ဧည့်သည်မျိုးကို လာပြီးနှိပ်စက်သူလို့ ဘယ်ပြောလို့ရပါတော့မလဲ။ အိမ်ရှင်ကနှိပ်စက်နေတာ။

          ဒါကြောင့် ဖြစ်မှာ-
          ရွာတုန်းက ကိုရင်လေးတွေ ကျက်နေတဲ့စာအုပ်လေးကို ယူကြည့်မိလို့ စုဒ္ဒသ ခန္ဓကဝတ်ဆိုတာလေးတွေ တွေ့ဖူးတယ်။ စုဒ္ဒသက တစ်ဆယ့်လေး၊ ခန္ဓကဝတ်ကတော့ ခန္ဓာမှာလာတဲ့ တာဝန်ဝတ္တရားလို့ သိခဲ့ရပါတယ်။

          ကိုရင်လေးတွေကိုသင်ပေးတဲ့ တာဝန်ဝတ္တရား(၁၄) ပါးလို့ အကြမ်းဖျင်း သိခဲ့ရပါတယ်( မှားရင် ပြင်ပေးတော်မူကြပါ အရှင်မြတ်တို့ဘုရား)။ အဲဒီ ဆယ့်လေးပါးထဲမှာ အာဂန္တုကဝတ်နဲ့ အာဝါသိကဝတ်ဆိုတဲ့ ဧည့်သည်ရဟန်းလိုက်နာရမယ့် ဝတ္တရား၊ ကျောင်းနေရဟန်းတွေ လိုက်နာရမည့် ဝတ္တရား ဆိုတာတွေ တွေ့ရတယ်။ ဘုရားရှင်က တော်တော်ကရုဏာကြီးတော်မူတာကိုးလို့ ကြည်ညိုခဲ့ရပါရဲ့ရှင်။

          ပိုပြီးစိတ်ဝင်စားစရာကောင်းတာက စိန္တကျော်သူ ဦးသြ ရေးသားတဲ့ ရယ်ခြင်းသုံးမျိုးပါပဲ။ ဒါကလည်း ရွာက ပထမလတ်တန်း ဖြေတော်မူတဲ့ ကိုရင်လေးတစ်ပါးရဲ့ မြန်မာစာသင်ရိုးစာအုပ်ကို ခဏယူကြည့်မိလို့ တွေ့ရတာပါ။( ပထမလတ်တန်းလို့တော့ ထင်တာပဲ)။ အဲဒီ အထဲမှာ-

          ၁။ ရွှေ၊ ငွေရဲ့ ရယ်ခြင်း
          ၂။ ကမ္ဘာမြေရဲ့ ရယ်ခြင်း
          ၃။ ဇနီးမယားရဲ့ ရယ်ခြင်း တဲ့။

          ငါ့ရွှေ၊ ငါ့ငွေလို့ လူတွေကပြောတိုင်း ရွှေ ငွေက ရယ်သတဲ့။ တော်တော်ရူးမိုက်တဲ့လူ၊ ငါတို့က သူဆီ ခဏလေးလာတာ။ လာတာကလည်း သူ့စီးပွါးရေး ကောင်းနေလို့၊ သူစီးပွါးရေး မကောင်းတော့ရင် ကောင်းတဲ့သူဆီသွားမှာ။ တို့က ဧည့်သည်ဆိုတာတောင် မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ဧည့်သည်မျိုး။ ဒါတောင်မှ ငါ့ရွှေ ငါ့ငွေနဲ့ သည်းနေလိုက်တာ။ တော်တော်ညံ့တဲ့လူဆိုပြီး ရွှေ ငွေက ရယ်သတဲ့။

          ကမ္ဘာမြေကြီးကလည်း ရယ်သတဲ့။ ငါ့မြေ၊ ငါ့နိုင်ငံ စသဖြင့် လူတွေက ပြောကြရင်တဲ့။ ဒီလူတွေက အခုမှ ခဏလေးရောက်လာပြီး ငါ့ကိုများ ငါ့မြေ၊ ငါ့နိုင်ငံ စတာတွေနဲ့ “ တို့ ဘိုးဘွား အမွေစစ်မို့” တွေ လုပ်နေကြတယ်။ ငါက ကမ္ဘာဦးကတည်းက ရှိနေတာ။ သူတို့က အခုမှ ရောက်လာတာ။ နှစ်တစ်ရာအတွင်း အားလုံးပြန်ကြရမယ့် ဧည့်သည်တွေချည်းပဲ။ ဒါနဲ့များတောင် ငါ့မြေ၊ ငါ့နိုင်ငံတွေ လုပ်နေလိုက်ကြတာဆိုပြီး ရယ်ပြန်သတဲ့။

          ရွှေ ငွေတွေနဲ့ ပတ်သက်တော့ ကျွန်မတို့က အိမ်ရှင်၊ ရွှေငွေတွေက ဧည့်သည်။
          ကမ္ဘာမြေနဲ့ ပတ်သက်တော့ ကမ္ဘာမြေက အိမ်ရှင်၊ ကျွန်မတို့က ဧည့်သည်။

          ဒါ့ကြောင့် ကျွန်မပြောတာပါ။ ကျွန်မတို့က တစ်ခါတစ်ခါ အိမ်ရှင်ရော ဧည့်သည်ရော တပြိုင်နက် ဖြစ်နေကြတာလို့။

          ဇနီးမယားရဲ့ ရယ်ခြင်းကိုတော့ မရေးချင်လို့ မရေးတော့ဘူး။ ဖတ်ချင်ရင် ရှာသာဖတ်ကြပေတော့။ စိန္တကျော်သူ ဦးသြရေးတဲ့ သြဝါဒထူးပျို့တဲ့။

          နောက်ဆုံး ဘုရားရှင်က ဆုထားတို့ ပုထုဇဉ်တွေကို ခပ်စပ်စပ်လေး သတိပေးတော်မူခဲ့တာက
 “အရူးအနှမ်း ပုထုဇဉ်တွေအတွက် အပါယ်လေးဘုံဟာ ကိုယ့်အိမ်လိုပဲတဲ့”။ ကြောက်စရာ ကောင်းလိုက်တာ။ ကမ္ဘာမြေပေါ်မှာ လူသားဆိုတဲ့ ဧည့်သည်အနေနဲ့ ရောက်ခဲ့ရတာတောင် ဒုက္ခတွေက ဒုနဲ့ဒေး။ ရုံးနဲ့ အိမ်ပြန်ရတာကဝေး၊ ဘော့(စ်) နှစ်ယောက်စလုံး ခရီးထွက်တိုင်း တာဝန်တွေကလေး၊ အမေမွေးတဲ့ လက်နှစ်ဘက်က အလုပ်နဲ့စာရင် နည်းနေသေး၊ သူစိတ်ကောက်တော့ ကိုယ်ချော့ရ၊ ကိုယ်စိတ်ကောက်တော့ သူချော့ရ၊ ဒါတောင် ကျန်းမာရေးလေးက ကောင်းနေလို့ တော်သေးတာ။ နို့မို့တော့ စင်္ကာပူမှာက မလွယ်ရေးချ အောက်ကမြစ် မလွယ်။

          ဒီကြားထဲ အပါယ်လေးဘုံကိုများ အလည်သွားရမယ့် ဧည့်သည်ဆိုရင်တော့ စဉ်းစားတောင် မနေနဲ့တော့ပဲ။

          ဘုရား….ဘုရား….။

          ဧည့်သည်ဖြစ်တဲ့အစ်မက အိမ်ထောင်ခွဲသွားပြီ။ ဖေဖေနဲ့ မေမေ သဘောတရားမညီတာတွေ ဘယ်လိုညှိရပါ့။ ကျွန်မဆိုတဲ့ ဧည့်သည်ကရော ဘယ်ကို ခရီးဆက်ရမှာပါလိမ့်။

           “ခွဲခြားကန့်သတ်ကာ၊ ပိုင်းထားတဲ့ လူ့အရွယ်
          တစ်ကွေ့တော့ဖြင့် ဖြတ်ကျော်သွားခဲ့ပြီ၊
          မဆုံးသေးလို့ ခရီးစဉ် သတ်မှတ်ပြီးရွေးချယ်
          ရှေ့ဆက်မယ့်လမ်း…..ဘယ်
          တရွေ့ရွေ့နဲ့ အဝေးဆီ… 

          အဆိုတော် ရာပြည့်ရဲ့ ကျောင်းပိတ်ရက် တပေါင်းနွေ သီချင်းလေးကိုပဲ ညည်းမိပါတော့ရဲ့။

အမှာ။       ရွာမှာရှိစဉ်က အန်တီတူး(ဒေါ်တူးတူးမြင့်သိန်း) ကိုင်တဲ့ မုခ မဂ္ဂဇင်းရဲ့ “ ဧည့်ခန်းများကို ဖြတ်သန်းခြင်း” အခန်းမှာ (အကောင်စုတ်) ဇင်ဝေသော် ရေးခဲ့တဲ့ “ကျွန်တော် ဧည့်သည်၊ ကျွန်တော့ ဧည့်သည်” ကို ပြန်တွေးပြီး ရေးလိုက်တာပါ။ ဒါလေး ကောင်းတယ်၊ ပြန်ရေးပါလားဆိုတော့ ငါတော့ မရေးချင်ပါဘူး၊ နင်ရေးချင်ရေးပေါ့ဆိုတာနဲ့ ကျွန်မဆိုတဲ့မဖြစ်ညစ်ကျယ် ဆုထားမျက်ချယ်က…။        ။


 
  ဆုထားမျက်ချယ်
















Copyright © 2011 ကမ်းလက်. All rights reserved.