ဘုရားရှင်တောင်မှ ကလောင်ခွဲရှိ၏

ယခုတလော ဘာဖြစ်နေသည်မသိ၊ အဘိဓမ္မာနှင့်ပတ်သက်သည့်ကိစ္စများ စာရေးချင်စိတ် ပေါက်နေသည်။ “ ကိလေသာများနှင့် ဘောလုံးကန်ခြင်း” ၊ “ ဟေးလားဝါးလား စေတသိက်များ”၊ “ဒါဘယ် စတန်းဒတ် (Double Standard) စေတသိက်များ”၊ “မည်းရင် မည်း၊ ဖြူရင် ဖြူ စေတသိက်များ (Black or White) ” စသည်တို့ ခေါင်းထဲမှာ တန်းစီနေ၏။

          ထိုခေါင်းစဉ်များကို မတို့မထိရမှီ “ဘုရားရှင်တောင်မှ ကလောင်ခွဲရှိ၏” ဆိုသည့် စာကြောင်းကလေးက သူ့အကြောင်းရေးရန် မကြာခဏ စေ့ဆော်နေပြန်၏။ စာစကားဖြင့် ဆိုသော် စေတနာပင်တည်း။

          သိပ်တော့ မဆိုင်လှ။ ပြောတော့ ပြောချင်သည်။ “ အဘိဓမ္မာ” ဟူသည် နာမည်လေးကပင် လှပ၏။ နောက်ပေါက်ရွှေကြာပင်က လူလည်ဝင်လုပ်သလိုလေးလည်း ခံစားရပါ၏။ နားရှုပ်သွားမှာ စိုးရိမ်သည်။ မဆီမဆိုင် အကုသိုလ် စိတ်၊ စေတသိက်၊ စိတ္တဇရုပ် ( စိတ်ကြောင့်ဖြစ်သောရုပ်) များဖြစ်မှာလည်း စိုးရိမ်သည်။ ဤသို့ ဖြစ်၏။

          ရှေးဦး ဗုဒ္ဓဘာသာ (Early Buddhism) ၌ ဓမ္မနှင့် ဝိနယ သာရှိ၏။ အဘိဓမ္မဟု မခေါ်ဝေါ်ရသေး။ ရာစုနှစ်အနည်းငယ်ကြာသောအခါ ဓမ္မမှတဆင့် အဘိဓမ္မဟူသော ဝေါဟာရနှင့် ဒေသနာ ကွဲထွက်လာခဲ့သည်။ ကြည့်ပါ။ ဓမ္မ။ အက်ဂျစ်တစ်မပါသော ဝေါဟာရတည်း။

          အဘိဓမ္မဟူသည့် ရွှေကြာပင်က “အဘိ” ဟူသော အက်ဂျစ်တစ်ကိုယူကာ “အဘိဓမ္မ” ဟု တည်ရှိလာ၏။ “ အဘိ” ကို More Profound ဟု ဘိုစကားက ဘာသာပြန်၏။ ပို၍ နက်နဲသောဟု အဋ္ဌကထာဆရာက ဖွင့်၏။ အနက်အဓိပ္ပါယ်များစွာ ရှိ၏။

          ယခု ပြောလိုသောကိစ္စက ထို “အဘိဓမ္မ” ကိုထပ်၍ အက်ဂျစ်တစ်သုံးတတ်ကြခြင်းတည်း။ မလိုအပ်တော့ဟု ထင်၏။ ဓမ္မသည် လေးနက်၏။ အဘိဓမ္မသည် ပို၍လေးနက်သိမ်မွေ့၏။ လိုအပ်သော အဓိပ္ပါယ်ခြုံငုံမိပြီဟု ထင်ပါသည်။

          အင်္ဂလိပ်ဘာသာ၌ “Huge” ဟူသော စကားလုံးရှိ၏။ ဘာမှထပ်လုပ်စရာမလိုသော စကားလုံးဖြစ်၏။ ဥပမာ- Big ။ Big ကို အများကြီးကြီးသည်ဟု ဆိုချင်လျှင် Very Big ဟုပြောနိုင်၏။ Bigger ဟု ပြောနိုင်၏။ Biggest ဟုလည်း ပြောနိုင်၏။ Huge ကား ထိုသို့မဟုတ်။

          Very Huge ဆိုလျှင် ပြုံးဖွယ်ဖြစ်၏။ Huge သည် Very ဖြစ်ပြီးသားတည်း။ Huger ဟုလည်းကောင်း၊ More Huge ဟုလည်းကောင်း၊ Hugest ဟုလည်းကောင်း၊ the most huge ဟုလည်းကောင်း မည်သို့မျှ ပြင်၍၊ သုံး၍၊ ပြောဆို၍ မသင့်တော့။ Huge သည် အလွန်ထူးဆန်းသော အက်ဂျစ်တစ်ဖြစ်၏။

          အဘိဓမ္မသည်လည်း ဤသို့ဖြစ်၏။ ဗုဒ္ဓကို ဗုဒ္ဓဟုခေါ်ခြင်းသည် မရိုင်း၊ ဓမ္မကို ဓမ္မဟုခေါ်ခြင်းသည် မရိုင်း၊ အဘိဓမ္မကို အဘိဓမ္မဟုခေါ်ခြင်းသည် မရိုင်း။ ဆိုလိုသည်မှာ အင်္ဂလိပ်ဘာသာပြန်များ၌ Buddha ဟုသာ တွေ့ရ၏။ သုတ္တန်၌ တထာဂတဟု တွေ့ရ၏။ အပိုမပါ။ အက်ဂျစ်တစ်မပါ။ ထိုအခါ အက်ဂျစ်တစ်လှလှများသုံးတတ်သည့် မြန်မာစကားကို အကျွမ်းဝင် နေသူတို့အတွက် အက်ဂျစ်တစ်များ မပါသောအခါ တစ်မျိုးလေးဖြစ်သွားတတ်၏။ ကိုယ်တိုင်လည်း တစ်မျိုးလေးဖြစ်ခဲ့ဖူး၏။ ဤသည်မှာ မဆီမဆိုင် ပြောလိုသော ကိစ္စပင်တည်း။

          ထိုအဘိဓမ္မာဒေသနာတော်ကို ဘုရားရှင်ကိုယ်တော်မြတ်က တာဝတိံသာ၌ သန္တုဿိတ နတ်သား အမှူးပြုသည့် နတ်ဒေဝါများနှင့်တကွ သုံးလောကသားတို့အား ဟောကြားတော် မူသည်ဟု စာပေမှာတွေ့ရ၏။ ထိုအခါ ဘုရားရှင်မှာ တချိန်တည်း အလုပ်နှစ်ခုဖြစ်နေ၏။

          ၁။ တာဝတိံသာ၌ အဘိဓမ္မာတရား ဟောကြားခြင်း၊
          ၂။ လူ့ပြည်၌ ဘုရားရှင်တို့ ပြုကျင့်ရမည့် ဗုဒ္ဓဝေယျာဝစ္စများ ပြုကျင့်ခြင်း။

          အလုပ်က နှစ်ခု၊ ဘုရားရှင်က တစ်ပါး၊ မလောက်ငှတော့။ ထိုအခါ နိမ္မိတရုပ်ပွါးတော်ကို ဖန်ဆင်းရတော့၏။ ဘုရားရှင်ဖြစ်၍ နိမ္မိတရုပ်ပွါးဟု ဆိုရ၏။ ယနေ့ သီဟနာဒတို့ ခေတ်စကားနှင့် ပြောလျှင် ကလောင်တစ်ချောင်းပွါး၍ မက်ဆေ့ပေးခြင်းတည်း။ ဤသို့ ယုံကြည်မိပါ၏။

          အမှန်ဆိုရသော် ထိုအဘိဓမ္မဆိုသည့် ဒေသနာတော်သည် ဘုရားရှင်ကလောင်ခွဲသုံးဖို့ တွန်းအားပေးလိုက်သော ဒေသနာဟုဆိုရသော် မရိုင်းဟုထင်၏။

          အဘိဓမ္မာ၊ အဘိဓမ္မာ။
          ဘုရားပင် ကလောင်ခွဲတော်မူခဲ့ရ၏။




 

သီဟနာဒ





















Copyright © 2011 ကမ်းလက်. All rights reserved.

◎ အစမထင်သံသရာ ◎

ဒီကမ္ဘာကြီးရဲ့အစ  ရှိကိုရှိရမယ်လို့
စဉ်းစာစရာကို အကြောင်းမရှိဘူး၊

အရာခပ်သိမ်းတိုင်း
အစ ရှိနေမယ်ဆိုတဲ့ အယူအဆဟာ
ဆင်ခြင်မှုချို့တဲ့ရာကနေ ဖြစ်လာတာပဲ။  ။

"There is no reason to suppose that the world had a beginning at all.
The idea that things must have a beginning is due to the poverty of our imagination."
~ Bertrand Russell (Why I'm not a Christian) ~








Copyright © 2011 ကမ်းလက်. All rights reserved.

တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ရတာ ...

တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ပြီး နှစ်တစ်ရာခန့် ကြာသောအခါ
ထိုတိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်ရခြင်း၏ တရားခံကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုအရာက လ ဖြစ်သည်။

တိုင်တန်းနစ်သွားနေသော ရေလမ်းပေါ်သို့ ကြီးမားလှသော ရေခဲတောင်ကြီးများ လျှောဆင်းလာရခြင်းမှာ
လ နှင့်ဆက်စပ်နေကြောင်း တက်(က်)ဆက် တက္ကသိုလ် ပါမောက္ခ ရူပဘေဒပညာရှင် ဒေါ်နယ် အိုလ် ဆင်က ရှင်းပြခဲ့သည်။
သူနှင့်သူ့အဖွဲ့က လနှင့်ပတ်သက်သော အချက်အလက်များကိုသုတေသနပြုလျှက်ရှိကြသည်။

၁၉၁၂ခု၊ ဧပြီလ ၁၅ ရက်နေ့ ၌ တိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၅၁၇ ယောက် သေဆုံးခဲ့သည်။
ထိုစဉ်ကထဲက ကပ္ပတိန် အက်(ဒ်)ဝါ(ဒ် ) စမစ်၏ ရေခဲတောင်ကြီးများ သင်္ဘောခုတ်မောင်းရာ လမ်းပေါ်သို့ ရောက်ရှိနေကြောင်း သတိပေးစကားနှင့်ပတ်သက်ပြီး သုတေသနပညာရှင်များ စဉ်းစားမရဖြစ်နေခဲ့ကြသည်။

စမစ်သည် အတွေ့အကြုံအများဆုံး ကပ္ပတိန် ဖြစ်သဖြင့် ထိုခရီးကို ဦးဆောင်ရွက်လွှင့်ရန် အထူးရွေးချယ်ခံရသူလည်းဖြစ်သည်။အလွန်ဗဟုသုတကြွယ်ဝပြီး စေ့စပ်သေချာလှသူဖြစ်သည်။

ဤမျှများပြားသောရေခဲတောင်ကြီးများ ထိုညက အဘယ့်ကြောင့် သဘောင်္ခုတ်မောင်းရာလမ်းပေါ် ရောက်ရှိနေရသနည်း။ 1912 ခု ဇန်နဝါရီလ က ကမ္ဘာနှင့် လ အလွန်နီးကပ်နေခြင်းကြောင့်
ဒီရေ အဆမတန်တက်လာပြီး ထိုကြောင့်ပင် Greenland မှာရှိနေသောရေခဲတောင်ကြီးများ
ပင်လယ်ရေပြင်သို့ ထိုးဆင်းလာခဲ့ခြင်းဖြစ်နိုင်ကြောင်း အဏ္ဏဝါဗေဒပညာရှင်  Fergus Woodက အကြံပြုခဲ့သည်။

၁၉၁၂ခု၊  ဇန်နဝါရီလ လေးရက်က အနေအထားသည် အလွန်ကြုံကြိုက်ခဲကြောင်း(Once-in-many-lives)၊
နေနှင့်လ အပြန်အလှန် ဆွဲငင်နေကြကြောင်း၊ ထို့ကြောင့်ပင် လ သည် လပြည့်ဖို့  ၆ မိနစ်အလိုတွင်
ကမ္ဘာမြေနှင့် နှစ် ၁၄၀၀ အတွင်း  အနီးဆုံး၌ရှိနေခဲ့သည်။

ပို၍အရေးကြီးသောအချက်မှာ  ဇန်နဝါရီလ သုံးရက်နေ့က နေသည်လည်းကမ္ဘာမြေနှင့်အနီးဆုံး၌ရှိနေခဲ့သည်။

"ဒီလို နေ နဲ့ လ တို့ အပြန်အလှန် ဆွဲငင်နေကြခြင်းကြောင့်            
လ ဟာ ကမ္ဘာမြေနဲ့ အနီးကပ်ဆုံးမှာရှိနေပြီး
ဒီရေဟာလည်း အမြင့်ဆုံးမှာ ရှိနေပါတယ်၊
နောက်ပြီးတော့နေနဲ့ ကမ္ဘာမြေ အလွန်နီးခြင်းကြောင့်
ရေခဲတောင်တွေ ပဲ့ထွက်လာပြီး အဲဒီ ပဲ့ထွက်လာတဲ့ရေခဲတောင်တွေက
သဘောင်္ခုတ်မောင်းရာလမ်းပေါ် ရောက်ရှိနေရခြင်းဖြစ်ပါတယ်"

လို့ ပရော်ဖက်ဆာ အိုလ်ဆင် ကရှင်းပြခဲ့သည်။

ထို Greenland  မှပဲ့ထွက်လာ ရေခဲတောင်များကပင် ဧပြီ လလယ်၌ရွက်လွှင့်ခဲ့သော တိုင်တန်းနစ်သင်္ဘောကြီးကို နစ်မြုပ်စေခဲ့ခြင်းဖြစ်သည်။

REUTERS.
The Strait Times. March 8, 2012.



ဆုထားမျက်ချယ်














Copyright © 2011 ကမ်းလက်. All rights reserved.

လူ့အခွင့်အရေး သို့သော်....သို့သော်

 လူ့ အခွင့်အရေး
လူ့ အခွင့်အရေးနှင့် ပတ်သက်သော အယူအဆ
၁၈ ရာစုကထဲက ဥရောပ၌ စတင်အခြေပျိုးပြီး တစစတိုးတက်ခဲ့သည်။
၁၉၄၅ ခု ရောက်မှ ကမ္ဘာ့ကုလသမဂ္ဂကြေညာချက်စာတမ်း၌ တရားဝင် ထုတ်ပြန်ခဲ့သည်။
လူ့ အခွင့်အရေး ဖြစ်ပေါ်လာရခြင်းမှာ အဓိကအခြေခံ
အကြောင်းတရား သုံးချက်ကြောင့် ဖြစ်သည်။

၁။ လူ့ဖွဲ့စည်းပုံတရားဥပဒေသည် လူကပြဋ္ဌာန်းသော ဖွဲ့စည်းပုံတရားဥပဒေဖြစ်သည်၊
    တစ်ယောက်သောတန်ခိုးရှင် ဖန်ဆင်းရှင်နှင့်မဆိုင်။
၂။ လူသားတိုင်း၌ တန်းတူ အခွင့်အရေးရှိသည် ။
၃။ လူသားတိုင်း ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တည်းခွင့် ရှိသည်။
    လူ့ အခွင့်အရေးက အနောက်မှာ အစပျိုးခဲ့သည်ကားမှန်၏...

သို့သော်......
ဗုဒ္ဓစာပေကို စောင်းငဲ့ကြည့်သောအခါ........
၁။ နံပါတ်တစ် အချက်ကို အဂ္ဂညသုတ်နှင့် ဇာတ်တော်အချို့တွင်တွေ့ရ၏၊
    လူတန်းစား သတ်မှတ်ပြဋ္ဌာန်းခြင်းသည် မဟာဗြဟ္မာနှင့် မဆိုင်
    လူ့အဖွဲ့အစည်း အဆင့်ဆင့်ပြောင်းလဲမှု၊တိုးတက်လာမှုတို့နှင့်သာဆိုင်သည်။( D.III.92)

၂။ နံပါတ်နှစ်  အချက်ကို ဝါသေဋ္ဌသုတ်၌တွေ့ရသည်၊
    လူအချင်းချင်း အဆင့်အတန်း ခွဲခြားမူကို ယင်းသုတ်၌
    ဘုရားရှင်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။     (Sn.594-611)

၃။ နံပါတ်သုံး အချက်ကိုမူ တိုက်ရိုက်မတွေ့ရ၊ သို့သော် ဒေသနာအားဖြင့်ထင်ရှား၏။
    လူတိုင်း၊သတ္တဝါတိုင်း မိမိအသက်ကို ချစ်မြတ်နိုး၏၊ ဟောညွှန်သည့်အတိုင်းလိုက်နာလျှင်
    လူတိုင်း သံသရာမှ ထွက်မြောက်နိုင်၏။(ဤအချက်ကို မဟာသတိပဋ္ဌာန သုတ်၌ တွေ့ရ၏။)

သို့သော်......
ဗုဒ္ဓဘာသာနိုင်ငံများ၌ လူ့အခွင့်အရေးသမိုင်းနှင့်ပတ်သက်၍
သိပ်မစွံလှကြောင်း မှတ်တမ်းများအရ သိရ၏။
ဝမ်းနည်းဖွယ် ကောင်လှသည်။    ။








Copyright © 2011 ကမ်းလက်. All rights reserved.

♒ မြွေဆိပ်၊ လူဆိပ် ♒

အညာသိအန်ကယ်၊ တွံတေးသိန်းတန်( နာမည်ကို သုညတစ်လုံး တိုးပေးလိုက်သည်) တို့က မြွေဆိပ်ဖြေဆေးလှူဖို့ လုပ်ခဲ့ကြ၊ လုပ်ကြ၊ လုပ်ဆဲဟု သိခဲ့ရသည်။ ထို့ကြောင့် အညာသိအန်ကယ်ကို လူဆိပ်ဖြေဆေးလည်း လုပ်ကြဦးလေ၊ မြွေတွေကို လှူရအောင်ဟု စမိ၏။ မှန်၏၊ မြွေသားစားသူများ ပေါလာကတည်းက ရွာ၌မြွေမရှိတော့။ လွမ်းတော့ မလွမ်းမိ။ သို့ဖြင့်……

          ဘာမှမဆိုင်ပဲ မြွေကိစ္စ ခေါင်းထဲရောက်လာတော့၏။



          တစ်ခါက ထူးထူးခြားခြား မြွေအကြောင်း အိပ်မက် မက်၏။ ထိုအိပ်မက်အကြောင်း ပြောသည့်အခါ မိတ်ဆွေတစ်ယောက်က မြွေအိပ်မက်မက်လျှင် ငွေဝင်တတ်သည်ဟု ပြော၏။ သို့သော် ဘာငွေမှတော့ ဝင်မလာခဲ့ချေ။ ထိုမိတ်ဆွေကလည်း ငါ့စကားတော့ အမှားမခံ၊ ဒီကောင့်ကို ငွေသွားပေးမည်ဟု သဘောမထား( သူစကားကို သူအလေးမထားဟု ဆိုလိုသည်)၊ ငွေလာမပေးခြင်းကြောင့် ဘာငွေမှ မဝင်ခြင်းဖြစ်သည်။ သူပြောသည့်စကားကို သူတန်ဖိုးထားလျှင် ဘယ်ကမှ ငွေမဝင်သော် သူကပေးရမည်ဖြစ်၏။ အူကြောင်ကြောင်တော့ (အနည်းငယ်) နိုင်၏။

          မက်မိသော မြွေကိုလည်းကောင်း၊ ဝင်မလာသော ငွေကိုလည်းကောင်း၊ သူ့စကားကို သူတန်ဖိုးမထားသော မိတ်ဆွေကိုလည်းကောင်း အပြစ်တင်နေခြင်းသည်လည်း အူကြောင်ကြောင် နိုင်၏။

          တစ်ခါက ရွာကလူတစ်ယောက် မြက်ရိတ်ရင်း မြွေကြီးတစ်ကောင်ကို တွေ့ရ၏။ အတော်ကြီးသည်ဟု ဆို၏။ ထို့ကြောင့် ထိုမြွေကို မြင်လျှင်မြင်ခြင်း နောက်ကိုပင် လှည့်မကြည့်တော့ပဲ တစ်ချိုးတည်း လစ်ပြေးလေတော့၏။ သူ့အထင်က သူကထိလိုက်မိသဖြင့် ထိုမြွေက သူ့နောက် လိုက်လာပြီဖြစ်၏။

          ထိုသူ၏ အနီးအနား၌လည်း အခြားသူများရှိနေ၏။ ထိုသူများက သူပြေးနေသည်ကို တွေ့ကြရ၏။ ဒါ့ကြောင့် ဘာဖြစ်လို့ပြေးနေတာလည်းဟုမေးရာ မြွေကြီးလိုက်လာလို့ဟု ဖြေ၏။ မေးသူတို့ မျက်လုံးများ ပြာဝေသွားကြရတော့၏။ သူ့နောက်လိုက်နေသော မြွေကို မတွေ့ကြရ။ သူတစ်ယောက်တည်းသာ ပြေးနေခြင်းဖြစ်၏။

          အမှန်မူ စားပိုးနင့်နေသောမြွေသည် အပေါ်ကတက်နင်းတာတောင် အိပ်ယာကမနိုးတတ်။ တစ်လံမျှလောက်သော မြွေလိုက်လျှင်လည်း လွတ်လမ်းသိပ်မမြင်။ ရှိစေ။ တစ်ခါတစ်ခါ လူဟူသည် တစ်ယောက်တည်း ပြေးနေတတ်သော သတ္တဝါတည်း။



          သိပ်ပြီးအရေးမပါလှသော၊ မှုစရာမလိုသောသူများကို ရေမြွေဟု ခေါ်ကြ၏။ တချို့သောဒေသက လင်းမြွေဟုလည်း ခေါ်ကြ၏။ ရေမြွေက အဆိပ်မရှိ၊ ရေ၏ အအေးဓာတ်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်၏။ သို့သော် လင်းမြွေကမူ အဆိပ်ရှိ၏။ သူက လူကိုမကိုက်၊ ကိုက်သော်လည်း ဘာမှမဖြစ်။ ထိုလင်းမြွေက နွားကို ကိုက်လျှင်မူ တုံးကနဲ ချက်ချင်း သေတတ်၏။ လူနှင့် နွား ခန္ဓာကိုယ်ဓာတ်သဘာဝ ဖွဲ့စည်းပုံတူဟန် မတူချေ။

          စာပေကတော့ အိပ်၊ စား၊ ကာမဂုဏ်မှီဝဲရာတို့၌ လူနှင့်နွား တူသည်ဟု ဆို၏။ မြွေဆိပ်ခုခံရာ၌ တူသည်ဟုမဆို။ ထို့ကြောင့် ပြောရန်မလိုတော့။

          ပြောရန်ရှိသည်က ရဟန်းတို့မစားအပ်သော အသားကြီးဆယ်မျိုးတွင် မြွေသားပါ၏။ ထို့ကြောင့် ရဟန်းတစ်ပါး မြွေသားမစားအပ်။ စေတနာရှိသော် မြွေဆိပ်ဖြေဆေးအတွက်တော့ လှူကောင်း၏။

          ပူပြင်းသော ကုန်းခေါင်ခေါင်တွင်နေသောမြွေက ရေမြွေထက် အဆိပ်ပြင်း၏။ လူသိနည်း သောကိစ္စက အဆိပ်ပြင်းသောမြွေပင်ဖြစ်စေ အစာစားပြီးခဏ၌ဆိုလျှင် အဆိပ်သိပ်မပြင်းတော့။ အပြန်အားဖြင့်ဆိုရလျှင် အစာရှာထွက်လာသော မြွေကိုက်လျှင် အဆိပ်အပြင်းဆုံး ဖြစ်တော့၏။ မမြန်လျင် အသက်ဆုံးပါးတတ်၏။

          မှန်မမှန်တော့ မသိချေ။ ကျန်စစ်သားလှံတစ်ချောင်းနှင့် ထွက်ပြေးစဉ်က ပုန်းခိုခဲ့သောနေရာ၌ သူဘုရင်ဖြစ်သောအခါ စေတီတည်သည်ဟု ဆို၏။ ထိုစေတီက စည်ဆုံစေတီ၊ ယခု စည်တုန်းဘုရားဟု ခေါ်ကြ၏။ ဗျုပ္ပတ်ကား ကျန်စစ်သားပုန်းနေစဉ် ဟိုရွာ၊ ဒီရွာမှတီးသောစည်များဆုံ၍ ကြားရသောနေရာ၊ ရွာတိုင်း (သုံးရွာ) က စည်သံများ ကြားရသောနေရာဖြစ်သောကြောင့်ဟု ဆို၏။ ထိုဘုရားက တန်ခိုးကြီး၏။

          ဘုရားဝန်းကျင်၌ ညစ်ညမ်းသောအမှု၊ ညစ်ညမ်းသောစကား မပြောရ။ ထိုဘုရားရှေ့၌ မန်ကျည်းပင်ကြီးရှိ၏။ တစ်နေ့သ၌ လူတစ်ယောက်က ထိုမန်ကျည်းပင်ပေါ်တက်ပြီး မန်ကျည်းရွက်ခူးစဉ် ညစ်ညမ်းသောစကားများ ပြော၏။ ထိုပုဂ္ဂိုလ် သစ်ပင်ပေါ်မှ ငုံ့ကြည့်သောအခါ မန်ကျည်းပင်အောက်၌ ဧရာမမြွေကြီးများ ရစ်ထွေးပြည့်နှက်နေလေ၏။ ထိုအခါမှစကာ ထိုပုဂ္ဂိုလ်ဦးနှောက်ချောင်သွား၏။ လူအများလည်း ထိုဘုရားကို ပို၍လေးစားလာကြ၏။ ထိုမြွေများ ဘာမြွေဖြစ်သည်ကို ထင်ကြေးပေးရုံမှလွဲ၍ မည်သူမှ တိတိကျကျ မပြောနိုင်ကြပေ။

          တောင်ရောက်မြောက်ရောက် မြွေကိစ္စပြီးသောအခါ စာလာပေလာမြွေတို့ကို ဆက်ဦးအံ့။

          ပထဝီဓာတ်ပျက်ခြင်းသည် ထဒ္ဓမုခမြွေကိုက်သည်နှင့်တူသည်ဟု ဆို၏။ ထိုမြွေကိုက်သော် ကိုယ်အလုံးခက်ထရော်ရှိခြင်း၊ ခိုင်မာခြင်းသို့ရောက်၍ ကွေးခြင်းဆန့်ခြင်းကို မရမူ၍သေရသကဲ့သို့ ပထဝီဓာတ်ပျက်သော် ကိုယ်အလုံးခိုင်မာခြင်း၊ ခက်ထရော်ရှိခြင်းသို့ရောက်၍ သေချင်းသို့ရောက်၏။
          မုတိမုခမြွေခဲသောသူအား ကိုယ်အလုံးပုပ်၍ ပျက်စီးခြင်းသို့ ရောက်ရသကဲ့သို့၊ ထို့အတူ အာပေါဓာတ်ပျက်သောသူအား ကိုယ်အလုံးပုပ်၍ ပျက်စီးခြင်းသို့ရောက်၏။

          အဂ္ဂိမုခမြွေခဲသည်ရှိသော် ကိုယ်အလုံးကို မီးဖြင့်တိုက်ဘိသကဲ့သို့ လွန်စွာပူလောင်ခြင်း နှိပ်စက်၍ ပျက်စီးခြင်းသို့ ရောက်ရသကဲ့သို့ ထို့အတူ တေဇောဓာတ်ပျက်သောသူအား ပြင်းစွာပူပန်ုခြင်း နှိပ်စက်၍ ပျက်စီးခြင်းသို့ရောက်၏။

          သတ္တမုခမြွေခဲသည်ရှိသော် ကိုယ်အလုံးကို သားလှီးဓားဖြင့် လိုက်၍လိုက်၍ မွှန်းဘိသကဲ့သို့ ဖြစ်၍ သေချင်းသဘောသို့ ရောက်ရသကဲ့သို့ ထို့အတူ ဝါယောဓာတ်ပျက်သောသူအား အလုံးစုံသော အရိုး၊ အဆစ်၊ အသား၊ အကြောတို့ကို သားလှီးဓားငယ်ဖြင့် ဖြတ်ခြင်းကိုပြုဘိသကဲ့သို့ဖြစ်၍ သေချင်းသို့ ရောက်တတ်၏ (ဂမ္ဘီရတ္ထဒေသနာ၊ သီးလုံးဆရာတော်ကြီး၊ နှာ-၂၄၆) ဟု လာရှိလေ၏။

          သိပ္ပံနည်းကျ၊ မကျတော့ မသိပေ။

          လူကို မြွေကိုက်ပါက ဆေးမမှီလျှင် အကိုက်ခံရသောလူ သေဆုံးတတ်၏။ ထို့ကြောင့် မြွေဆိပ်ပြင်းသည်ဟု ဆိုကြ၏။

          လူကိုကိုက်လိုက်မိသော မြွေများသည်လည်း လူ့သွေးနှင့်မတည့်သဖြင့် ကိုက်မိသည့်နေရာနှင့် မလှမ်းမကမ်း၌ သေဆုံးနေရှာကြသည်ကို တွေ့ရတတ်၏။ ဤသို့ဆိုသော် လူများသည် မြွေများအတွက် အဆိပ်ပြင်းသော သတ္တဝါတို့တည်း။ တဖက်သတ်ဆိုခြင်းကား မတရားလှပေ။

မှတ်ချက်။        ။ရွာသားများမှတ်စုဖြစ်သဖြင့် သိပ္ပံနှင့် ညီချင်မှ ညီပါလိမ့်မည်။ မည်သို့ဆိုစေ မြွေဆောင်းပါးသည် အညာသိ အန်ကယ်နှင့် တွံတေးသောင်းတန်- တို့အဖွဲ့ကို မှတ်တမ်းပြုပါ၏။



မှတ်တမ်းဓါတ်ပုံများ  (အဘိဓမ္မာ အသင်းကြီး၏ Facebook မှ ရယူသည်။)

 

သီဟနာဒ

















Copyright © 2011 ကမ်းလက်. All rights reserved.