ဘာပဲပြောပြော မြန်မီး တော့ မကြိုက်

Mr Song ဆိုတဲ့ တရုတ် တစ်ယောက်ရှိတယ်။ သူက တေး သီချင်း ထုတ်လုပ်တဲ့သူ တဲ့။ ဟောင်ကောင်မှာလည်း ရှိတယ်၊ Mr To Ba တဲ့ ( တူးဘား လို့ အသံထွက် ) သူက ကား ပြင်ဆရာ။ အဲသလို နာမည်တွေနဲ့ လူတွေ တွေ့ဆုံ ရတာဟာ အံ့ဩ စရာ မဟုတ်ဘူးလား။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးဖို့ အချိန်ဆွဲနေတဲ့ ရီပတ်ဘလီကန် အမတ် နှစ်ယောက် ရှိဖူးတယ်။ သူတို့ နာမည်တွေက Doolittle နဲ့ De Lay တဲ့။ ( Do little ) ။ ယူကေ က ဦးနှောက် အထူးကု ဆရာဝန်ကြီးရဲ့ နာမည်က Mr Brain။ ကမ္ဘာကျော် ပြေးခုန်ပစ် အားကစားသမား ရှိသေးတယ်၊ Stepanova တဲ့။ အစ္စရေးက တင်းနစ်ကစားသမား အမျိုးသမီး နာမည်ကလည်း Smashanova တဲ့။ အမေရိကန်၊ တက္ကဆက် က သုဘရာဇာ ကုမ္ပဏီ ရဲ့ နာမည်ကလည်း Boxwell Brothers တဲ့။ ( Box-well ကောင်းကောင်း ထုတ်ပိုးတတ်တယ်)။ Dr Payne လို့ ခေါ်တဲ့ သွား ဆရာဝန်တွေ အများကြီးရှိတယ်။ အမေရိကန် သွား ဆရာဝန် ကတော့ Dr. Chip Silvertooth တဲ့။

အိန္ဒိယမြောက်ပိုင်းမှာ Butt ဆိုတဲ့ နာမည်က ပေးတာများပေမယ့် ကမ္ဘာ မှာလည်း ဒေါက်တာ Butt တွေ အများကြီး။ တစ်ချို့ဆိုရင် စာရိတ္တ ပြုပြင်ရေး သမားတွေ။ အမေရိက မှာ ရှိတဲ့ တရုတ် မျက်စိ အထူးကု ဆရာဝန်က Dr. Look ။ ကောလိပ်က ပါမောက္ခ တစ်ယောက်ရဲ့ နာမည်ကတော့ သူတို့မို့ ပေးရဲတယ်၊ Dr. Failor တဲ့။ အထူးခြားဆုံးက အာမခံ ကုမ္ပဏီက အရောင်း စာရေးရဲ့ နာမည်။ ကြားဖူအောင် မှတ်ထားကြ။ Justin Case တဲ့။ ( Just in case )

ဒါတွေဟာ တိုက်ဆိုင်မှု သက်သက်ပဲလား။

မန်ချက်စတာ တက္ကသိုလ်က သုတေသန ပညာရှင် Jen Hunt ကတော့ မဟုတ်နိုင်ပါဘူး လို့ ဆိုပါတယ်။ New Science မဂ္ဂဇင်းကလည်း Nominative Determinism ဆိုတဲ့ ဝေါဟာရ နဲ့အတူ နာမည်တွေက သူတို့ အလုပ်အကိုင်တွေ အပေါ်သက်ရောက်မှု ရှိကောင်း ရှိနိုင်တယ် လို့ ဆိုပါတယ်။

သူတို့က အခုမှ လေ့လာပေမယ့် အာရှကတော့ နာမည်က လူ အပေါ် လွှမ်းမိုးမှု ရှိတယ် ဆိုတာ ယုံကြည်ခဲ့ကြတာ ရှေး ပဝေသဏီ ကတည်း ကပါ။ တောင် အာရှက နာမည်တွေကိုကြည့်။ ဘီယာနဲ့ အဖျော် ယမကာ ရောင်းတဲ့လူ၊ သူ့ နာမည်က Bottlewalla ။ (walla ဆိုတာ job )။ ကား အရောင်း စာရေး နာမည်က Tyrewalla။ ထီး ရောင်း တဲ့လူက Brollywalla။ နောက် ကောင်မလေး တစ်ယောက်ရဲ့ နာမည်က Jasmine Sodabottlepopbottleopenerwalla တဲ့။ နာမည် ရှည်လို့ မဖြတ်လိုက်ကြပါနဲ့။ အဲဒါ တစ်လုံးတည်း၊ သူမရဲ့ ဆန်း နိမ်း ပါ။ သူမ အဖိုး၊ အဖွားတွေ ဘာ လုပ်ကိုင်ကြတယ် ဆိုတာ မပြောတော့ဘူး။ ဟောင်ကောင်မှာ ထူးထူး ခြားခြား နာမည် နှစ်ခု ရှိသေးတယ်။ Truly Man. He Man တဲ့။ အဲဒါ တကယ့်ကို နွဲ့နွဲ့ နှောင်းနှောင်း မိန်းကလေး နှစ်ယောက်။ အမေရိကန် မလေး ရဲ့ နာမည်ကို ကြည့်ဦး၊ Tiny Bimbo တဲ့။ ကောင်ကလေး ကို ကျတော့ Ferlon တဲ့။ ( ဒါလေးတွေက မစ္စတာ ဂျင်မ် ဆီက ယူထားတာပါ။)

ငါလား ငါ့ အမေလား
ဒါနဲ့ စကားမစပ် ဂါနာ နွယ်ဖွား မန်စီးတီး နဲ့ အီတလီတိုက်စစ်မှူး ဘာလိုတယ်လီ ဟာ အမြဲတမ်း တစ်ခု မဟုတ် ပြဿနာရှိနေတတ်တယ်။ ထားပါတော့ ပရီးမီးယားလိဂ် ရာသီဦးတုန်းက မန် ယူနိုက်တက်ကို ဂိုးသွင်း အပြီး သူ့ ရင်ဘတ်မှာ ရေးထားတဲ့ စာကို လှန်ပြတယ်။ "Why I always me " တဲ့။ သူ ဘာပြောပြော မန် စီးတီး ပရိသတ်ကတော့ မန် ယူနိုက်တက်ကို သွင်းတဲ့ ဂိုးပဲ မြင်ကြပါတယ်။ ပျော်မဆုံး မော်မဆုံး။ အခု လာပြန်ပြီ။ "These goals for you, Mum" တဲ့။ ရင်ဘတ်မှာတော့ ရေးမထားပါဘူး။ Why I always me နဲ့ စာရင်တော့ These goals for you, Mum က ပရိတ် ရဲ့ ရင်ကို ပိုထိတယ်။ ဖေးဘရိတ် ဂျာမဏီ ကို မထင်မှတ်တဲ့ ဂိုး နှစ်ဂိုး နဲ့ မြူးနစ် ပြန်ပို့ လိုက်တယ်။ အီတလီက စပိန် နဲ့ ဗိုလ်လု ပွဲကို စောင့်နေလေရဲ့။ ပြောချင်တာက These goals for you, Mum ပဲ ဖြစ်ဖြစ် Dad ပဲ ဖြစ်ဖြစ် အီတလီ ပရိသတ် သိတာကတော့ သူသွင်း တဲ့ ဂိုး နှစ်ဂိုး ပါဘဲ။

ဘားမား လား၊ မြန်မာလား။
လာပြန်ပြီ နောက် ကိစ္စတစ်ခု၊ ဒါကမှ ကိုယ်နဲ့ဆိုင်တာ။ ဘားမား လား၊ မြန်မာလား။ အော်ဖစ်ရှယ်လီ ပြောင်းထားပေမယ့် အရှေ့ အုပ်စုက မြန်မာပြီး အနောက်အုပ်စုကတော့ ဘားမား ပဲ။ စစ်တပ်က မြန်မာ၊ NLD က ဘားမား။ အဲဒီအထဲမှာ အပါးနပ်ဆုံးက ဟီလာရီ ကလင်တန်။ ဘားမား လည်းမခေါ် မြန်မာ လည်း မသုံး "This country" တဲ့။ ဒီပလိုမက်တစ် ပိုင်တယ်။ လှတယ်၊ မဆိုးဘူး။ ပြဿနာတော့ ရှိတယ်။ နာမည်ပြောင်းတာ ဝါသနာ ပါတဲ့ နိုင်ငံ ဆိုတော့ နောက် အစိုးရ တက်လာရင် "That country " လို့ ပြောင်းလိုက်မှ ဒုက္ခ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဒါကိုမသိဘူး။      ။

ဘယ်လို ပြောင်းပြောင်း အဆိုးဆုံးက မြန်မီး။ စင်ကာပူက ဘယ်က ခွင့်ပြုချက် ယူပြီး သုံးထားတာလဲ မသိဘူး။ မြန်မီး တဲ့။ အူကြောင်ကြောင် နဲ့၊ လုံးဝ မကြိုက်ဘူး။ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူး၊ စင်ကာပူ နဲ့ မကင်းနိုင်တော့ မြန်မီး နေရတာပဲ။ ဘုရားက ရယ်စရာ မမိန့်တတ်ဘူး ဆိုပေမယ့် ပြုံးစရာလေးတွေတော့ တစ်ခါ တစ်ခါ မိန့်တော်မူတတ်တယ်။ နာမသိဒ္ဓိဇာတ် ထဲမှာ ပါ။ ဦးသက်ရှည်ကြီး စောစောသေ၊ ဒေါ်ချမ်းသာကြီး မွဲပြာကျ။ ကိုဗလ က ပိန်တာရိုး တဲ့။ မိန့်မယ်သာ မိန့်တာ ဘုရားရှင်က အရှင်မြတ်ရဲ့ အမည်ကိုမေးတော့ "ဇိန" တဲ့။

ဒါကြောင့် Why I always me ပဲ ဖြစ်ဖြစ်၊ These goals for you, Mum ပဲ ဆိုဆို လိုနေတာကတော့ အနိုင် ဂိုး ပါ။
အဲ ဒါနဲ့ မြန်မီး တော့ မကြိုက်ဘူး၊ ပြောပေးကြပါအုံး (စာလုံးမဲကြီးနဲ့)။      ။




ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

မျှော်နေသူနဲ့ ပြန်ချင်သူတို့ မတွေ့သမျှရယ်…

မနှစ်က အိန္ဒိယကို သွားတော့ အင်ဒီရာဂန္ဒီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းထဲကနေ ထွက်ထွက်ချင်းပဲ ဖုန်းထဲကို မက်ဆေ့ဂ်ျတစ်ခု ရောက်လာတယ်။ အဲဒီမက်ဆေ့ဂ်ျက ပြည်ပနိုင်ငံတွေမှာ (အထူးသဖြင့်တော့ အမေရိကန်ပေါ့) အခြေချနေထိုင်နေကြတဲ့ ဒိတ်ဒိတ်ကြဲ အိန္ဒိယန်း ပညာတတ်တွေကို စာရင်းပြုစုထားပြီး မွေးရပ်မြေကို မေ့နေကြတဲ့အတွက် ခပ်နာနာလေး ဝေဖန်ထားတဲ့ မက်ဆေ့ဂ်ျပါ။ သူတို့ ကောက်ယူထားတဲ့ စာရင်းဇယားများအရ နာဆာရဲ့ နည်းပညာရှင်တွေထဲမှာ အိန္ဒိယန်းလူမျိုး (၁၂) ရာခိုင်နှုန်း ပါဝင်ပြီး အမေရိကရဲ့ ဒေါက်တာတွေထဲမှာ (၁၆) ရာခိုင်နှုန်းက အိန္ဒိယန်းတွေ ဖြစ်ပါသတဲ့။

သူတို့ ကောက်ယူထားတဲ့စာရင်းက ဘယ်လောက်ခိုင်မာသလဲဆိုတာ မသိရပေမယ့် အိန္ဒိယန်းတွေ အိုင်တီမှာ တော်တာ ကတော့ လူတိုင်း သိနေတဲ့ ကိစ္စပါ။

အဲဒီမက်ဆေ့ဂ်ျလေးက “ဒိတ်ဒိတ်ကြဲ ပညာတွေတတ်ပြီး ရူးကြောင်ကြောင် (ခပ်ရိုင်းရိုင်း Stupid လို့ကို သုံးထားပါတယ်) ပုဂ္ဂိုလ်တွေသာ အိန္ဒိယကို ပြန်လာကြမယ်ဆိုရင် နယူးဒေလီဟာ နယူးယောက်ကို အချိန်မရွေး စိန်ခေါ်နိုင်တယ်” လို့ အဆုံးသတ် ထားပါတယ်။

အိန္ဒိယဆိုတာကလည်း (၁၅) ရာခိုင်နှုန်းလောက် ရှိတဲ့လူတွေက ပိုက်ဆံထားစရာ မရှိလောက်အောင် ချမ်းသာပြီး ကျန်တဲ့ (၈၅) ရာခိုင်နှုန်းလောက်က ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲတဲ့နိုင်ငံပါ။ အဲ့သလိုပါပဲ၊ (၂၀) ရာခိုင်နှုန်းလောက်သာ ရှိတဲ့လူတွေက ပညာတွေ သိပ်တော်နေကြပေမယ့် ကျန်တဲ့ (၈၀) ရာခိုင်နှုန်းလောက်ကတော့ အခြေခံပညာသင်ဖို့တောင် ရုန်းကန်နေကြရဆဲပါပဲ။

တရုတ်ပြည်ကလည်း ဒီကိစ္စအတွက် တစ်စခန်း ထလာပြန်ပါတယ်။ အမေရိကမှာ အခြေချ နေထိုင်နေကြတဲ့ ပညာတတ် တရုတ်လူမျိုးတွေ တရုတ်ပြည်ကြီးထဲ ပြန်လာဖို့ အရေးတကြီး စည်းရုံးရေးတွေ လုပ်နေတဲ့အကြောင်း ဒီနေ့ (၂၄၊ ၀၅၊ ၂၀၁၂) ထုတ် စထရိတ်တိုင်း သတင်းစာမှာ ဖတ်လိုက်ရပြန်တယ်။ ဒီအစီအစဉ်ကို အစပျိုးခဲ့တာ နှစ်နှစ်ကျော် ကြာပြီလို့လဲ ဆိုထားပါတယ်။

နယူးဒေလီရဲ့ အိပ်မက်မျိုးလိုပါပဲ၊ ပီကင်းကလည်း တရုတ်လူမျိုးပညာရှင်တွေ အားလုံးသာ ပြန်လာရင် ပီကင်းဟာ နယူးယောက်ကို အချိန်မရွေး စိန်ခေါ်နိုင်မယ်ပေါ့။

ဒီသတင်းနှစ်ခုကို ဆက်စပ်မိပြီး တစ်ခါက နိုဘယ်လ်ဆုရ ဂျပန်ဆရာဝန်တစ်ယောက် ပြောတာကို သတိရမိတယ်။ ပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆု ဖြစ်တဲ့အတွက် ဂျပန်တစ်နိုင်ငံလုံး ဂုဏ်ယူမဆုံး ဖြစ်နေကြချိန်မှာ အဲ့ဒီဆရာဝန်ရဲ့ စကားကြောင့် အားလုံး အောင့်သက်သက် ဖြစ်သွားကြရတယ်။ သူပြောတာက “သူသာ အမေရိကတက္ကသိုလ်မှာ တက်ပြီး ပညာသင်ကြားခွင့် မရခဲ့ဘူးဆိုရင် ဒီနိုဘယ်လ်ဆုလည်း ရနိုင်စရာ အကြောင်းမရှိပါဘူး” တဲ့။

နိုင်ငံတစ်ခုကို သယံဇာတနဲ့ တည်ဆောက်တာထက် စာသင်ခန်းမထဲမှာ တည်ဆောက်ဖို့ ကြိုးစားရမယ်ဆိုတဲ့ အခြေခံအသိ နောက်ကျခဲ့ကြတဲ့ အာရှနိုင်ငံတွေဟာ အခုတော့ အမြင်မှန်တွေ ရလာပြီး စာသင်ခန်းထဲက ထွက်ပြေးသွားတဲ့ နိုင်ငံတော်အသစ်တွေဆီ အသည်းအမည်း လိုက်ဖမ်းနေကြတယ်။ ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ ပီကင်းနဲ့ နယူးဒေလီဟာ နယူးယောက်ကို ဘယ်တော့မှ ကျော်တက်မှာ မဟုတ်ဘူးလို့။ အကြောင်းက ရှင်းရှင်းလေးပါ။ နယူးယောက်က ပီကင်းနဲ့ နယူးဒေလီ ယဉ်ကျေးမှုကို မွေးစားလိုက်နိုင်ပြီး ပီကင်းနဲ့ နယူးဒေလီက နယူးယောက် ယဉ်ကျေးမှုကို မွေးစားဖို့ ကြိုးစားကြမှာ မဟုတ်သေးလို့ပါ။

အာရှထဲက တစ်နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံကလည်း စာသင်ခန်းထဲက ထွက်ပြေးသွားတဲ့ နိုင်ငံတော်သစ်ကို လိုက်ဖမ်းဖို့ ကြိုးစားနေကြောင်း ဝမ်းမြောက်ဝမ်းသာ သိခွင့်ရခဲ့တယ်။ သမ္မတကြီးကို ရင်ထဲကနေ နှစ်နှစ်ကာကာ ကျေးဇူးတင် မိပါရဲ့။

ပညာတတ် မြန်မာလူမျိုးတွေ မြန်မာပြည်ထဲ ပြန်ဝင်လာပြီး နိုင်ငံတော် ထူထောင်ရာမှာ တစ်တပ်တစ်အား ပူပေါင်း ပါဝင်ကြဖို့ သမ္မတကြီးက ဖိတ်ခေါ်တယ်။

ကျွန်တော့်အထင် ပြောရရင် မြန်မာလူမျိုး တော်တော်များများဟာ မျိုးချစ်စိတ် သိပ်ပြင်းထန်ကြပါတယ်။ ပါးစပ်ပြောလား၊ တကယ်လားဆိုတာ ခွဲခြားရ ခက်လှပေမယ့် ပြုပြင်ပြောင်းလဲလာတဲ့ နိုင်ငံတော်ဆီ ခြေစုံပစ်ဝင်ဖို့ ကြိုးစားသူတွေ အများအပြား ရှိနေပါတယ်။

သေချာတဲ့ စာရင်းဇယားကတော့ စင်္ကာပူလူမျိုးအဖြစ် ခံယူကြတဲ့အထဲမှာ မြန်မာတွေဟာ ရာခိုင်နှုန်း အနည်းဆုံးထဲမှာ ပါဝင်ပါတယ်။ ပညာတတ် မြန်မာတွေဟာ အမြဲနေထိုင်ခွင့် (ပီအာ) ကိုသာ ယူပြီး ပီအာကနေ စီတီဇင်ပြောင်းသူဟာ (၁၂) ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ မနှစ်က သိခဲ့ရပါတယ်။ စီတီဇင်ပြောင်းလိုက်ရင် ရလာမယ့် အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီး ပြောင်းလဲလာမယ့် နိုင်ငံတော်ဆီ မျက်စောင်းထိုးနေကြတဲ့ မြန်မာတွေ သိပ်မနည်းလှပါဘူး။

တရုတ်လူမျိုးတွေကတော့ သူများနိုင်ငံသားအဖြစ် ခံယူကြတဲ့အထဲမှာ ထိပ်ဆုံးမှာ ရှိကြပါတယ်။ စင်္ကာပူလူမျိုးအဖြစ် ခံယူကြတဲ့အထဲမှာ တရုတ်ပြည်မကလူတွေဟာ (၉၀) ရာခိုင်နှုန်းတောင် ကျော်နေပါသတဲ့။ တရုတ်လောက် မများလှပေမယ့် အိန္ဒိယန်းတွေကလည်း သူများနိုင်ငံသားအဖြစ် ခံယူဖို့ မြန်မာတွေလောက် ကပ်စေးမနည်းကြပါဘူး။

တရုတ်၊ အိန္ဒိယန်းတွေနဲ့ နှုန်းယှည်ကြည့်ရင် မြန်မာတွေရဲ့ နိုင်ငံချစ်စိတ်က ပိုအားကောင်းပါတယ်။ ဒါ့ကြောင့် သမ္မတကြီးအတွက် မျှော်လင့်ချက်လည်း သိပ်ရှိပါတယ်။ (၈၈) ကာလမတိုင်မီကတော့ တစ်ယောက်စ၊ နှစ်ယောက် စလောက်ပဲ နိုင်ငံတော်က ဆုံးရှုံးခဲ့တာပါ။ (၈၈) ပြီးတဲ့နောက် ဆုံးရှုံးလိုက်ရတာက စာသင်ခန်းတွေ အခန်းလိုက် ဆုံးရှုံးခဲ့ရ ပါတော့တယ်။ (၈၈) နောက်ပိုင်း မောင်းထုတ်ခံလိုက်ရတဲ့ ဦးနှောက်တွေက အုံနဲ့ ကျင်းနဲ့မို့ တော်တော် ကြေကွဲ စရာ ကောင်းပါတယ်။

စာရင်းဇယားနဲ့ အတိအကျ မတင်ပြနိုင်ပေမယ့် (၈၈) မျိုးဆက် လူလတ်တွေဟာ လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်နေတာ တော်တော်များများ တွေ့ရတယ်။ အဆင်မပြေတဲ့ နိုင်ငံတော်ကို သူတို့ တတ်နိုင်တဲ့ဘက်က ပံ့ပိုးရင်းနဲ့ သူတို့ကိုယ်ပိုင် မိသားစုဘဝလေးတွေ တည်ဆောက်ဖို့တောင် မသိချင်ယောင် ဆောင်ထားရတဲ့ မျိုးဆက်တွေပါ။

အဲ့ဒီမျိုးဆက်တွေကို စည်းရုံးဖို့ ဒေါ်စု၊ အန်တီစု၊ အမေစု မပါလို့တော့ မရပါဘူး။ သူတို့ရဲ့ ခပ်ဖျော့ဖျော့ အိပ်မက်တွေကို ဒေါ်စုဆီမှာ ယုံယုံကြည်ကြည် ပေးထားရင်း ခရီးဆက်နေကြပါတယ်။ ဒေါ်စုကို အမှီပြုပြီး အနောက်က ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေထက် ဒေါ်စုကို အမှီပြုပြီး ပြည်တွင်းထဲ ဝင်လာကြမယ့် (၈၈) ဦးနှောက်တွေကို ပိုပြီး တန်ဖိုးထားတယ်လို့ ပြောရင် ကျွန်တော့်ကိုများ ဝိုင်းဆဲကြမလား မသိဘူး။ (၈၈) မျိုးဆက်ဟာ အခုဆိုရင် (၄၀) ကျော်တွေပါ။ ပညာရှိတယ်၊ အရွယ်ရှိတယ်၊ အတွေ့အကြုံရှိတယ်၊ စိတ်ဓာတ်ရှိတယ်။ နိုင်ငံအသီးသီးမှာ သူ့နယ်ပယ်နဲ့သူ အထိုက်အလျောက် နေရာရထားသူတွေ ဖြစ်တယ်။ အထူးသဖြင့်တော့ အင်ဂျင်နီယာနဲ့ နည်းပညာအိုင်တီဆိုင်ရာတွေမှာပါ။

နောက်ပြီး တန်းဖို့ ဖြတ်မရတဲ့ စိတ်ဓာတ်ရေးရာ အမြတ်က နောက်လူငယ်တွေ လေးစားတဲ့ ကိုမင်းကိုနိုင်တို့လို လူတွေ ရှိနေခြင်းပဲ။ လူငယ်တွေကို ပြုပြင်ပေးရာမှာ သူတို့ဟာ အဓိက မောင်းနှင်အားတွေ ဖြစ်နေလိမ့်မယ်။

တရုတ်ကလည်း တရုတ်ပညာရှင်တွေကို ပြန်လာဖို့ခေါ်၊ အိန္ဒိယကလည်း ခေါ်၊ မြန်မာကလည်း ခေါ်။ ဒီသုံးဦးထဲမှာ မြန်မာဟာ မျှော်လင့်ချက် အကောင်းဆုံးလို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် တရုတ်၊ အိန္ဒိယန်းတွေက သူတို့ သဘောနဲ့သူတို့ ထွက်သွားကြတာ ဖြစ်ပြီး မြန်မာတွေကတော့ အခြေအနေအရ ထွက်ခဲ့ရတာ ဖြစ်နေလို့ပါပဲ။ ကျွန်တော်ပြောခဲ့ သလို နိုင်ငံခြားသား ခံယူသွားတဲ့ မြန်မာအရေအတွက်ဟာ သူများထက် နည်းနေတာလည်း ပါဝင်ပါတယ်။

ဒါပေမယ့် အဓိက ပြဿနာတစ်ခုတော့ ရှိတယ်။

ဆိုပါတော့၊ NUS မှာ၊ အောက်စ်ဖို့ဒ်မှာ၊ မန်ဆာချူးဆက်အင်စတီကျုမှာ အင်ဂျင်နီယာပညာနဲ့ ဒေါက်တာဘွဲ့ ယူထားတဲ့ ကျောင်းသားတစ်ယောက်၊ သူ့ကို မြန်မာပြည်က အလုပ်ပေးမထားနိုင်ဘူး။ သူသင်ထားတဲ့ ပညာရပ်တွေကို အသုံးချနိုင်ဖို့ မြန်မာပြည်က အဆင်သင့် မဖြစ်သေးဘူး။ သူ့အယူအဆနဲ့ ပြည်တွင်းက အင်ဂျင်နီယာတွေရဲ့ အယူအဆတွေ တူနေမှာ မဟုတ်ဘူး။

ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေကနေ အင်တာနက်ဆိုင်ရာ၊ စတဲလိုက်ဆိုင်ရာ ဒေါက်တာဘွဲ့ ရထားတဲ့ ကျောင်းသား တစ်ယောက်၊ သူ့အတွက်လည်း မြန်မာပြည်က အဆင်သင့် သိပ်မဖြစ်သေးဘူး။ မဖြစ်သေးဘူးဆိုတာ သူသင်ထားတဲ့ ပညာရပ်ရဲ့ (၂၀) ရာခိုင်နှုန်းလောက် သုံးရင်ကိုပဲ ရနေပြီ။ နိုင်ငံတော်ဟာ သူ့ကိုလည်း ရာနှုန်းပြည့် အသုံးမချနိုင်ပြန်ဘူး။

ပြီးတော့ အော်ဒစ် - စာရင်းစစ်ပညာ၊ မြန်မာပြည်မှာ အဓိက အားနည်းတာက အိုင်တီနဲ့ စာရင်းစစ် ပညာတဲ့။ နိုင်ငံခြားတက္ကသိုလ်တွေက ကျောင်းပြီးထားတဲ့ စာရင်းစစ်ပညာရှင်တွေအတွက် စနစ်ကျတဲ့အလုပ် ပြည်တွင်း ထဲမှာ ရှိကို မရှိသေးဘူး။ ထားပါတော့ - ဒါဆိုရင် ဒီပြဿနာက မုန့်လုံး စက္ကူကပ် ဖြစ်တော့မယ်။ နိုင်ငံတော်က ပညာရှင်တွေကို ပြန်ခေါ်တယ်။ ပညာရှင်တွေကလည်း ပြန်လာချင်တယ်။ ဒါပေမယ့် နိုင်ငံတော်က သူတို့နဲ့ ထိုက်တန်တဲ့ အလုပ်ကို ဖန်တီး မပေးနိုင်ဘူး။ ဒီလို ပညာရှင်တွေ ပြန်ဝင်မလာဘူးဆိုရင် ဒီလို အလုပ်တွေ ဖန်တီးပေးဖို့ အစိုးရမှာလည်း အခက်တွေ့နေလိမ့်မယ်။ ဒါဆို ဘယ်လို ကွန်ပရိုမိုက် (ဇ်) လုပ်ကြမလဲ။ မြန်မာပညာရှင်တွေ ပြန်မလာရင် နိုင်ငံခြား ပညာရှင်တွေရဲ့ အကူအညီ ယူကြရတော့မယ်။ ဒါဆိုရင် မလိုအပ်တဲ့ နစ်နာမှုတွေ ဖြစ်တော့မယ်။

ကျွန်တော့်ဝန်းကျင်က အင်ဂျင်နီယာနှစ်ယောက်အကြောင်း ပြောချင်ပါတယ်။ တစ်ယောက်က မြန်မာဖြစ် ပြီး နောက်တစ်ယောက်က စင်ကာပိုရီးယန်းပါ။ ဘွဲ့ရတဲ့ တက္ကသိုလ်တွေကြည့်ရင် မြန်မာလူမျိုး အင်ဂျင်နီယာရဲ့တက္ကသိုလ်က အပြတ်အသတ် သာတယ်။

မြန်မာအင်ဂျင်နီယာက စင်ကာပူချန်ဂီလေဆိပ်မှာ အလုပ်လုပ်ပြီး စင်ကာပိုရီးယန်း အင်ဂျင်နီယာက ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ လုပ်တယ်။ စင်္ကာပူက မြန်မာအင်ဂျင်နီယာကို ဒေါ်လာလေးထောင်လောက်နဲ့ ခပ်နှိမ်နှိမ်ပေးပြီး ခိုင်းတယ်။ မြန်မာက စင်ကာပိုရီးယန်း အင်ဂျင်နီယာဆိုပြီး ဈေးမြင့်မြင့်ပေးပြီး ခေါ်ရတယ်။ လူမှုရေးရော ငွေရော ကျွန်တော်တို့ ရှုံးတယ်။

နိုင်ငံတော် တည်ဆောက်ရာမှာ အစိုးရဘက်ကရော ပညာရှင်တွေဘက်ကပါ အလျော့အတင်း လုပ်စရာတွေ ရှိပါလိမ့်မယ်။ ပညာရှင်တွေဘက်ကလည်း လုံးဝပြည့်စုံမယ့် အနေအထားကို မစောင့်ဘဲ ကိုယ်တိုင် ပြောင်းလဲမှုထဲကို အနင့်နာခံ စီးမျောမယ်ဆိုရင် ...

အစိုးရဘက်ကလည်း မျိုးချစ်စိတ်နဲ့ ပညာရှင်တွေဟာ ငွေကို အရေးမစိုက်ပေမယ့် ဘာမှ မသိတဲ့ လူတစ်ယောက်က လက်ညိုးထိုး ခိုင်းမှာကိုတော့ ခံမှာမဟုတ်ဘူးဆိုတာ လက်ခံထားရင် ...

မျှော်နေသူနဲ့ ပြန်ချင်သူတို့ တွေ့ဆုံနိုင်ပါတယ်။

ချယ်ရီပင်အောက်မှာ ဆုံကြပါစို့လား ... နိုင်ငံတော်သမ္မတကြီးနဲ့ ရောင်းရင်းတို့ ...


ဇင်ဝေသော်
(24-May-2012)









Copyright © 2012 ကမ်းလက်. All rights reserved.

မရေရာဘူး

"အမှောင်ညထဲ ကြွေကာပျက်
မလင်းလက်တော့တဲ့ ကြယ်များ အကြောင်း"

နိမိတ်ပုံတွေ ယောက်ယက်ခတ်နေတဲ့ မောင်မောင် ဇော်လတ် ရဲ့ ဒီ စာသားလေး နှစ်ကြောင်း ကို လေးဖြူက ကွဲအက်အက် ငြီးတွားလိုက်တော့ ...
ကြယ်စင်ဟာ အမှောင်ကို ရှက်ရွံ့တတ်သလား။
ဟင့်အင်း။ အမှောင် သက်သက်ကြောင့် တော့ သိက္ခာနဲ့ ကြယ်စင်ဟာ
နောက်ဆုတ်ဖို့ အကြောင်း မလုံလောက်ပါဘူး။ မိုးတိမ်တွေ ကြောင့်လား၊
အခြား အကြောင်းတရားတွေကြောင့်လား။ မလင်းလက်တော့ ဘူးတဲ့ ။

ဝေဝါးခွင့် မရလောက်အောင် လေးဖြူက ဆက်ပြီ ငြီးတွားတယ်
"ပင်လယ်အရောက် အကုန်ကွယ်ပျောက်
စမ်းချောင်းနဲ့ ရေပွက်လေး အကြောင်း"
တဲ့ ။

ကိုနေဝင်း တို့၊ ကိုတိုကြီး တို့ မဇ္ဈိမလှိုင်း ကြီးစိုးခဲ့တဲ့ ၇၀ နဲ့ ၈၀ တွေမှာ နေမင်း ရဲ့ ပုံရိပ်တွေ ထပ်တလဲလဲ ထင်ဟပ်စေသလို (ဥပမာ နေဝင်ညကို ကူးဖြတ်ပြီးမှ.....နေမင်း ပြုံးမယ့် နေ့ စသည် ...)

လေးဖြူကတော့ လမင်းတွေ၊ ပင်လယ်တွေနဲ့ သူ့ ဂီတခရီးကို မွေးမြူခဲ့တယ်။ ကန္တာရ လမင်း၊ ပင်လယ်အော်သံ တဲ့။ သူ့ရဲ့ ပါဝါ ၅၄ ကတော့ တက္ကသိုလ်ရိပ်သာလမ်းဆီ လက်ညှိုး တည့်တည့် ထိုးနေသလိုမို့ ၅၄ ကတော့ကျန်းမရေး ကောင်းခဲ့ဟန်မတူ ဘူး။ ပါဝါ တဲ့။ လမ်းမှာ ကြွေဆုံးသွားခဲ့တယ်။

အခု သူ ထပ်ပြောနေပြန်တယ်။ ပင်လယ်ရောက် အကုန်ကွယ်ပျောက် တဲ့။
ပင်လယ် ဆိုတာ ဆားငန် ရေတွေ ဝါးမြိုထားတဲ့ အဆုံးမရှိရေပြင် ဖြစ်နိုင်သလို တစ်ထွာစာ လူ့ဝမ်းဗိုက်ဟာလည်း သမုဒ္ဒရာ ပါပဲ။
သူတို့လို အနုပညာရှင်တွေဟာ ရေငန်အကြောင်းတော့ ပြောနေကြမှာ မဟုတ်ပါဘူး။

စ မိတဲ့ အတွေးကို မောင်မောင်ဇော်လတ် က အနားယူခွင့် ပေးမထားဘူး။
"စမ်းချောင်းနဲ့ ရေပွက်လေး အကြောင်း" တဲ့။
ပင်လယ်ရောက် အကုန်ကွယ်ပျောက် တာ စမ်းချောင်း၊
ရက်ရက်စက်စက် ဆက်ပြောလိုက်တာက ရေပွက်လေး တဲ့။
ဘယ်သူ ရေပွက်လည်း၊ ဘယ်သူ ရဲ့ ရေပွက်လည်း ......

"လေထုထဲ ပြယ်ကာပျက် ပန်းပွင့်များရဲ့ ရနံ့ များ အကြောင်း"
ပန်းရနံ့ဟာ လေထဲမှာ ပျံ့တတ်သလား၊ ပျက်တတ်သလား။ ရီယယ်လစ်စတစ် သမားကို ခပ်တင်းတင်း ငြင်းဆိုထားတယ်။
ပန်းရနံ့ ဟာ လေညာ ကို မသွားဆိုတဲ့ စကား လား။ ဒါဆို လေညာ အရပ်က ဘယ်မှာ လဲ....
ဒီအတွေးကို လေးဖြူက ကွဲအက်အက်အသံနဲ့ တရွတ်ဆွဲ ခေါ်သွားပြန်ရော

"အချိန်တွေထဲ အကုန်ပြိုလဲ ထားခဲရမယ့် အတိတ်များ အကြောင်း" တဲ့။

လေ အစုန်မှာ ပျံ့ဦးတော့ တစ်စစီ ကွဲလွင့် သွားရတဲ့ ဒီ ရနံ့ဟာ ဝေးကွာခြင်း နဲ့အတူ ပျက်လွင့် ခြင်းပါ ခေါ်ဆောင် သွားခဲ့တယ်။ အချိန်တွေထဲ ပြိုလဲရင်း နေရစ်တော့မယ် အတိတ်များ။

သူ ဟာ ငြီးတွားရုံတင် မကတော့ဘဲ အလိုမကျ၊ အပြစ်တင်သံ ပါ ခပ်ဝါးဝါး စွက်လာတယ်။
"တိုးတိုးလေး ကြားတယ် အသံများဟာ ကြေကွဲ လို့
တိတ်တိတ် ဆိတ်ဆိတ်နဲ့ သိနားလည် ငိုကြွေးဖို့ "
တဲ့။

ကြေကွဲနေတဲ့ အသံတွေ။ တိုးတိုးလေး။ ဘာဖြစ်လို့ ကျယ်လောင်စွာ မကြေကွဲ ကြတာလဲ။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
ကျယ်လောင်စွာ ကျေကွဲခွင့် မရှိတာလား။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
ရအောင် ကြေကွဲကြမယ် ဆိုရင်ကော၊ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
တိတ်တိတ်လေး ငိုကြွေးဖို့ပဲ သိတော့သတဲ့။ Suffer in silence ကို သူ ပြောခဲ့တာ။
ကြီးလွန်းတဲ့ အားကိုလား၊ နည်းလွန်းတဲ့ အားကိုလား။
ရက်စက်လွန်းတဲ့ မြေခွေးကိုလား၊ နူးညံ့လွန်းတဲ့ သိုး ကိုလား။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။

သူ့ရဲ့ ကန္တာရလမင်း အိပ်မက်ရှည်ကိုတော့ ငြီးတွားခြင်း အငွေ့အသက် တစ်ချို့ နဲ့ အသက် ပြန်သွင်းသွားခဲ့တယ်။
"မရေရာဘူး မသေချာဘူး မပြီးဆုံး ဘူး...
မသေချာဘူး မရေရာဘူး မပြီးဆုံး ဘူး...
မထင်နိုင်ဘူး မမြင်နိုင်ဘူး ဘာမှ မရှိဘူး...
ဟူး... ရပ်တန့်လို့ မရ ဘူး..."
တဲ့။

ဟုတ်တယ်။ မရေရာပေမယ့် ရပ်တန့်လို့ မရဘူး။

ပန်းခရမ်းပြာတို့၊ လွန်ခဲသော နေ့ တို့ ခပ်ဝါးဝါး ဝေးလွင့်စဉ်မှာ လေးဖြူရဲ့ ပင်လယ်အော်သံ (မရေရာဘူး) ဟာ အကျယ်လောင်ဆုံး ကြားလိုက်ရတဲ့ ရင်ခတ်သံ စစ်စစ်ပါပဲ။

ကျနော်တို့ ၈ လ ပြည့် အတွက် ရင် အထိဆုံး ကိုလေးဖြူရဲ့ မရေရာဘူး ကို ပုဂ္ဂလိက ဆန်ဆန် ခံစားမိပါတယ်။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

သမ္မတကြီးရဲ့ ဒုက္ခအိုးလေး

အင်း။ ဟို ပါလီမန်အမတ် နိုဘယ်လ်ဆု သွားယူမလို့ ဆိုပြီး ထွက်သွားလိုက်တာ ဥရောပမက ကမ္ဘာပါ ပြဲပြဲစင်နေရော။ ငါ့ကိုတောင် အင်္ဂလန်က ဖိတ်အုံးမတဲ့။ အင်း ဖိတ်တော့လည်း ကြွရသေးသပ။ သူမ စကားပြော မမှားပါစေနဲ့ လို့သာ ဆုတောင်းရပေတော့မယ်။ သူ့ မိန့်ခွန်းထဲ ထည့်ပြီး ငါ့ကို ကျေဇူးတင်ဖော်တော့ ရရှာသားပဲ။ အင်းလေ သူလည်း ငါ့ အခြေအနေကို သဘောပေါက် မှာပါ။

နောက် ပြဿနာက မနာလို တိုရှည် ပြည်တွင်းက ပါလီမန် အမတ်မတွေ။ သူတို့ကလည်း တောင်ပြော မြောက်ပြော။ ခက်တာက သူတို့ သွားဖို့ဆို အင်္ဂလန်က ဗီဇာတောင် ပေးမလား မသိ။ ပေးလို့ သွားတယ် ဆိုအုံး ဘယ်သူက ကြက်ဥပုံ ဝိုင်းရပ်ပြီး ကြိုမှာတုန်း၊ သမိုင်းဝင် မိန့်ခွန်း ပြောဖို့ နေနေသာသာ။ ဒီဟာမ တွေကလည်း နေရာမသိ၊ ခက်ပါဘိတော့။ လေလုံးမကွဲတဲ့ အင်္ဂလိပ်နဲ့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ကနေ မိန့်ခွန်းပြောမယ် တကဲကဲ။ မနည်း ဆွဲထားရတယ်။ အရှက် ခွဲမယ့်ဟာတွေ။

ဒါမှ စဉ်းစားလို့ မပြီးသေးဘူး။ လျှပ်စစ်မီး ချက်ချင်း နေ့တိုင်း ပုံမှန်ရဖို့ ဆန္ဒပြကြသတဲ့။ ဘယ်လို လုပ်ရပါ့။ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူးထင်တယ် ကွယ်တို့ရယ်။ ငါက လက်နှီးစုတ် လျှော်ရတဲ့ ကောင်ပါ အဲ သမ္မတပါ။ ဖရောင်းတိုင်က ဘုရား မီးပူဇော်ဖို့ပဲ အသုံးဝင်တယ် ထင်ခဲ့တာ။ အခုမှ သိရတော့တယ် ၊ ဆန္ဒလည်း ပြလို့ရသတဲ့။ ကဲ ဖမ်းမလား၊ လွှတ်ထားမလား။ ခေါင်းရှုပ်တယ်။ ငါ့ သမီးဆို အခုထိ ကိုယ်ပိုင်ကား မဝယ်နိုင်သေးဘူး။ ဗိုလ်ချုပ်ကြီး သမီးတိုင်း BMW စီးကြေးဆို အရင်ဆုံး ဆန္ဒပြ သင့်တာက ငါ့ သမီးပဲ။ "ဗိုလ်ချုပ်ကြီး သမီး BMW စီး၊ ဗိုလ်ချုပ်ကြီး သမီး လက်ဆပ်စ် စီး" ဆိုင်းဘုတ် ကိုင်ရင်း နဲ့ လေ။

ဟို ရခိုင် ပြည်နယ်ကလည်း ပြဿနာ အငွေ့ တထောင်းထောင်း။ လူ့ အခွင့်အရေး ဆိုတဲ့ ကောင်တွေကလည်း အပြစ်ပြောဖို့ ချောင်းနေတာ။ ဒီ ဟာတွေ ငါ့ တိုင်းရင်းသား မဟုတ်တာ ငါ သိသပ။ နယူးယောက်က ငနဲ ဘလော့ဂ်ဂါက ငါ မဖတ်တတ်တဲ့ စကားလုံးတွေနဲ့ မိုးလား ကဲလား ရှောက် ရေးနေသတဲ့။ Who care? ပေါ့လေ။ လူမျိုးတုန်း သတ်ပွဲဆိုလား၊ ဘာဆိုလား။ Who care? အိုဗားမားလည်း ငါ့နေရာမှာဆို အသားဖြူမလာရင်သာရှိမယ်၊ ဟဲယားလုစ် တော့ဖြစ်မှာ။ Who care? အခု ဗိုလ်ချုပ်ကြီးဘဝ ကထက် ဆံပင်ကျွတ်နှုန်း ပိုမြန်လာတယ်။

ငါကမှ တကယ့် ထိုင်ခုံပူ( Hot seat ) ပေါ် ရောက်နေတာ။ ဒီပြဿနာတွေ ရအောင် ရှင်းနိုင်ရင် ငါတောင် နိုဘယ်ဆု အိပ်မက် မက်လို့ ရသတဲ့။ အရူး ချေးပမ်း မီဒီယာ ပြောတာပါ။ အေးလေ ရရင်တော့ ယူရသေးသပ။ ရလို့ ယူလိုက်မိရရင် ဗိုလ်ချုပ်ကြီးတွေက နေအိမ် အကျယ်ချုပ် ပို့ လိုက်မှ ဒုက္ခ။ နိုဘယ်ဆု နဲ့ ငါတို့ ဗိုလ်ချုပ်တစ်ချို့ နဲ့ကလည်း တစောင်းစေးနဲ့ မျက်ချေး။ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

နယူယောက်က ဖူလာ ဆိုတဲ့ကောင်ကလည်း ဘယ်ကရတဲ့ အင်ဖိုတွေလည်း မသိဘူး၊ ငါ့ အကြောင်းကို ရေးထားလိုက်တာ ခရေစေ့ တွင်းကျ၊ သူ့ သုံးသပ်ချက်တွေက ပါးသေး။ တစ်ချို့လည်းမှန်၊ တစ်ချို့လည်း ကိုးယို့ ကားယားတွေ။ စစ်သားနဲ့ မတူတဲ့ စစ်သား တဲ့။ စစ်သား နဲ့ မတူလို့ ပရော်ဖက်ဆာနဲ့ တူနေရမှာလား။ မပြတ်သား၊ စည်းရုံးရေး မရှိ။ စိတ်ဓာတ်လေးကတော့ အနူတောမှာ လူချော တဲ့။ သမ္မတ အလုပ်ခိုင်း မလို့ အဘ က လက်သပ်မွေးခဲ့ တာမို့ ဆန္ဒမပါဘဲ သမ္မတ ဖြစ်လာရသူ တဲ့။ လူနောက် ဖူလာ။ အင်း ဒါနဲ့ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

လူတွေကလည်း ဆန္ဒပြလို့ ရပြီလည်း ပြောလိုက်ရော ပြလိုက်ကြတဲ့ ဆန္ဒ၊ နေရာတိုင်းမှာ။ ဆန္ဒပြလို့ ဖမ်းတော့ မဖမ်ဘူး၊ အခွန်တော့ ပေးရမယ် ဆိုတဲ့ ဥပဒေ ထုတ်ရင် ကောင်းမယ်။ အိန္ဒိယ လိုဖြစ်မှာ စိုးရတယ်။ အိန္ဒိယ မှာ ဆန္ဒပြ မခံရတာဆိုလို့ လမ်းပေါ်က နွားတွေပဲ ကျန်တော့တယ်။ နွားကို ဆန္ဒပြတဲ့သူ ဆန္ဒအပြခံရတဲ့ နိုင်ငံပေပဲ။

ဟို အကောင် လာဘ်စားတဲ့ ကိစ္စက အရေးထဲ မီဒီယာပေါ် ရောက်လာပြန်ရော။ တော်တော် ညံ့တဲ့ကောင်။ အင်းလေ တစ်ခါ မဟုတ်တော့လည်း... ။ လူတွေကလည်း လူတွေပဲ။ လာဘ်စားတာများ သတင်းလုပ်လို့။ လာဘ်မစားလို့ ဒီကောင်တွေလစာနဲ့ ဘယ်ကလာ စင်ကာပူ မှာ ဘန်ဂလို ဝယ်နိုင်မှာ တုန်း။ ဟို ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

ပါလီမန် အမတ်က ကမ္ဘာမှာကျ သမ္မတ ထက်ကြီးနေတယ်။ ဒါပေမယ့် နေပြည်တော်မှာတော့ ငါ ဘုရင်ပါ။ သွားချင်တဲ့ ခရီးတစ်ချို့ ရှိခဲ့ပေမယ့် သူက အရင်ထွက်သွားတော့ ငါမသွားလိုက်ရပြန်ဘူး။ သူ နဲ့အတူ ကမ္ဘာ့အပြင် ထွက်ဖို့ကလည်း တကယ့်ကို ချဲလင့်ဂ်ျ။ ဒါနဲ့ နိုင်ငံ ပေါက်စက ထုတ်တဲ့ သတင်းစာ အယ်ဒီတာ့ အာဘော်ကတော့ မဆိုးလှဘူး။၂၆ ရက်နေ့ ထုတ် မှတ်တယ်။ ဘာတဲ့ ပါလီမန် အမတ် ဟာ "prisoner of conscience" ထက် "flexibility of politician" ဖြစ်သင့်တယ် တဲ့။ သူနဲ့ ငါ အတူတကွ လက်တွဲ မှ အဆင်ပြေနိုင်မတဲ့။ ဒီကောင် မဆိုဘူး။

အနောက်က သူ့ အသံကို ပို နားစိုက်ပေမယ့် အရှေ့ကတော့ ငါပြောတာကို စောင့်နေကြတာပါ။ လောရှည် ဂိုချောက်ထောင် နဲ့ အဖွဲ့ ပါလီမန် အမတ် မရှိခင် ငါ့ လာတွေတာသာ ကြည့်။ ဒါနဲ့ အဲဒီ ပါလီမန် အမတ် ပြန်မရောက်သေးဘူး။

ဟိုကောင်တွေရဲ့မြှောက်ထိုး ပင့်ကော်က ရှိသေး။ မြန်မာ ရဲ့ ဂေါ်ဘာချော့ တဲ့။ ငါမှာဖြင့် ဂေါ်ဘာ ကို ချော့ဖို့ နေနေ သာသာ နလဗိန်တုံး ဗိုလ်ချုပ်ကြီးတွေကို ချော့ နေရတုန်း။ တော်တော် လက်ပေါက် ကပ် တဲ့ ကောင်တွေ။ ငါလို နယူးယောက်လောက် တော့ ရောက်ဖူးမှ သူတို့ မျက်စိပွင့်မှာ။ အင်းလေ စိတ်ကောင်းလေး မွေးပြီး တတ်နိုင်သလောက် လုပ်တာပ။ ငါကမှ အဘ အဆက်ဆက် သုံးလာတဲ့ သမိုင်းအိမ်သာခွက် ဆေးရတဲ့ ကောင်။

ဒါနဲ့ သန်းထွဋ် ဆိုတဲကောင် ပါလီမန် အမတ်ရဲ့ သတင်း သတင်းစာမှာ မဖော်ပြတဲ့ အကြောင်း ပြောသွားတာ မဆိုးဘူး။ လွှတ်တော်ကို ကိုယ်စားပြုရင် သတင်းစာထဲ ထည့်ပေးမှာပါ တဲ့။ အဓိပ္ပါယ် မရှိပေမယ့် နားထောင်လို့တော့ ဖြစ်သေးသပ။ ဒါပေမယ့် ပါလီမန် အမတ်ကလည်း မမှုပါဘူး။ မြန်မာ့ သတင်းဆို စိတ်မဝင်စားတဲ့ နိုင်ငံ ပေါက်စက တောင် သူ့ အကြောင်း မြန်မာ့အကြောင်း တွေ ဖော်ပြနေလိုက်တာ နေ့တိုင်း လိုလိုပဲ။ ဒါနဲ့ အဲဒီ ပါလီမန် အမတ် ပြန်မရောက်သေးဘူး။



ဦးကိုမောင်

















Copyright © 2012 ကမ်းလက်. All rights reserved.

ဘာသာရေးဝတ်ရုံများနှင့် (၂၁) ရာစု ဖက်ရှင်လောက

ဘုရားရှင်သည် ဒီဇိုင်နာဖြစ်သည်ဟု ရေးပြီးသည်မှ မကြာမီ အခြားသော ဘာသာရေးဝတ်စုံများလည်း ၂၁ - ရာစု ဖက်ရှင်၏ အသုံးအဆောင်ဖြစ်သည်ကို ထပ်တွေ့ရပြန်သည်။ ဘုရားရှင်ကတော့ ဒီဇိုင်နာဖြစ်ရုံသာမကတော့ဘဲ တစ်ခါတစ်ခါ ဘုရားဆင်းတုတော်များကိုယ်တိုင်ပင် ဖက်ရှင်ထဲ ရောက်နေသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရသည်။ ငယ်စဉ်ဘဝက ရုပ်ရှင်ကားတစ်ကား ကြည့်ဖူးသည်။ (အမှတ်မမှားလျှင် ဂျိန်း(စ်)ဘွန်းကားဟု ထင်သည်။) ဘုရားဆင်တုတော်ကို ဟော်တယ်၏ Decorate တစ်ခုအဖြစ် ဆက်တင်လုပ် ရိုက်တာကို ကြည့်လိုက်ရဖူးသည်။ ဘုရားဆင်းတုတော်ကတော့ ထိုင်းနိုင်ငံမှ ဆင်းတုများနှင့် ခပ်ဆင်ဆင်တူသည်။

ဤရုပ်ရှင်ကားများက ကမ္ဘာကျော်၏။ ဗုဒ္ဓဘာသာများကတော့ ဗုဒ္ဓဘာသာများပီပီ ဘာမှ ထွေထွေထူးထူး ပြောမနေကြဘဲ ကြိတ်ပြီး စိတ်မကောင်း ဖြစ်နေကြရသည်သာ များလေသည်။ အာဖဂန်နစ်စတန်မှာ ဖျက်ဆီးခြင်းခံရသော ဘုရားဆင်းတုတော်နှင့် နှိုင်းစာလျှင်တော့ ဘုရားဆင်းတုကို ရုပ်ရှင်ထဲ ထည့်ရိုက်တာကမှ တော်သေးသည်ဟု ယူဆရန်တော့ ရှိကောင်း ရှိနိုင်ပြန်သည်။

ယနေ့ ဖက်ရှင်လောကက ခရစ်ယန်ဝတ်စုံကိုလည်း အလွတ်မပေးကြတော့။
The Escape Chapel Party က ခရစ်ယန်သီလရှင်၏ ဝတ်စုံတစ်ပိုင်းကိုယူကာ မော်ဒယ်မိန်းကလေးကိုယ်ပေါ် ဝတ်ဆင်ပေးလိုက်သည်။ ရိုမန်ကက်သိုလစ် ခရစ်ယန်တွေက ဤကိစ္စနှင့် ပတ်သက်ပြီး တော်တော် စိတ်မကောင်း ဖြစ်နေကြရ၏။ ရဲကိုပင် အကြောင်းကြားထားသည်ဟု ဆိုသည်။ တစ်ပိုင်းကြောင် သီလရှင် ဒင်းနားတက်နေဟန်ပင် ဖြစ်ပေတော့သည်။

ထိုကိစ္စမှ ပြော၍ မဆုံးခင် ပန်းအလှဆင်သူများ အဖွဲ့ချုပ်က (Floral Designers Society Singapore) တာအိုဘာသာ ဘုန်းတော်ကြီး၏ ဝတ်ရုံတော်ကို အလှပြမယ် ကိုယ်ပေါ် တင်ပေးလိုက်ပြန်သည်။ ဝတ်ရုံအပြင် ပန်းမျိုးစုံတို့ဖြင့်လည်း အလှဆင်ထားသည်။ ပို၍ ဂယက်ရိုက်စေသည်က ထိုဝတ်ရုံသည် သာမန်ဝတ်ရုံ မဟုတ်၊ အရေးကြီးသော အခမ်းအနားများ ရှိမှသာ ဝတ်ဆင်ရသော ဝတ်ရုံဟု တာအိုဘာသာဝင်တို့က ဆိုကြလေ၏။

ဘာသာရေးဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမက အလှပြမယ် ဖြစ်နေသဖြင့် ရင်ညွှန့်အထက်ပိုင်းကို လုံလုံခြုံခြုံ ဖုံးဖိ၍ မထား၊ ထို့ကြောင့် တာအိုဘာသာအဖွဲ့ချုပ်ဥက္ကဋ္ဌက ထိုကိစ္စကို တော်တော် မကြေမနပ် ဖြစ်နေသည်။ သူတို့ကလည်း ရဲကို အကြောင်းကြားထားသည်ဟု ဆိုကြသည်။

ထိုကိစ္စမျိုး ကြုံတွေ့လာပါက အခြားသော ဘာသာဝင်များသည် ဗုဒ္ဓဘာသာတို့လောက် သွေးမအေးကြ၊ ချက်ချင်း တုန့်ပြန်ကြ၏။ အလွန်အမင်း မဟုတ်လျှင် ဗုဒ္ဓဘာသာကတော့ အေးအေးဆေးဆေး ရှိတတ်ကြသည်။ ကောင်းသလား၊ မကောင်းဘူးလားဟု ပြောရန် အလွန်ခက်သော ကိစ္စတစ်ခု ဖြစ်သည်။

ဘုရားရှင်ကလည်း ငါ့ကိုလည်းကောင်း၊ ငါ့ဒေသနာကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း စွပ်စွဲပုတ်ခတ်လာသော် အလွန်အမင်း ၀မ်းနည်းနေရန်မလိုဟု လမ်းညွှန်တော်မူခဲ့၏။

ဤကျောင်း၌ပင် ဓမ္မာရုံထဲရှိသော ဗုဒ္ဓဝင်ဆေးပန်းချီများ ဖျက်ဆီးခံခဲ့ရသည်။ လူ သိပ်မသိလိုက်။ ချက်ခ်ျကျောင်း၏ အုတ်နံရံ၌ Grow! (သို့မဟုတ်) Growl ဟု ဖတ်၍ရသော စာတမ်းတစ်ခု လက်ဆော့သူက ဆေးဖြင့် ပက်ဖြန်းထားခဲ့သည်။ ရုပ်ပုံများ ဖျက်ဆီးခြင်းခံရသော (ပို၍ ကြီးကျယ်သော) ဗုဒ္ဓဘာသာကျောင်းက သိုသိုသိပ်သိပ် ကိစ္စအေးလိုက်သော်လည်း စာတမ်းရေးထိုးခြင်းခံရသော ချက်ခ်ျကျောင်းကိစ္စကတော့ သတင်းစာအဆင့်အထိ ရောက်ရှိခဲ့လေသည်။

ဤသည်မှာ ဗုဒ္ဓဘာသာ၏ ကောင်းကွက်လား၊ အားနည်းချက်လား၊ ပြောရန် အလွန်ခက်ခဲလှသည်။ မည်သို့ပင် ဖြစ်စေ၊ စိတ်တော့ အေးချမ်းပါ၏၊ ထူထူပူပူ မရှိကြ။

သူများနှင့်မဆိုင်၊ ကိုယ်နှင့်သာဆိုင်သော ကိစ္စတစ်ခု ရှိသည်။
အခြားအခြားသော ဘာသာများက ယင်းတို့၏ ဘာသာရေးဝတ်ရုံကို အလွန်တန်ဖိုးထားကြသည်။ ထိုဝတ်ရုံများဖြင့် မသင့်မတင့်သော နေရာများသို့ မသွားရန်၊ မရောက်ရန် အထူးဆင်ခြင်ကြသည်။ ဘာသာရေးဝတ်စုံသည် မဖြစ်မနေ ကိစ္စမှလွှဲ၍ ဘာသာရေးအသိုင်းအဝန်း၌သာ ရှိနေသင့်သည်ဟု ယူဆကြသည်။

ဤကိစ္စ၌လည်း ဗုဒ္ဓဘာသာက သွေးအေးသည်။

ဘုရားရှင်၏ ဝိနည်းတော်၌ပင် သင်္ကန်း (ဝတ်ရုံ) ကို သာမန်ဝတ်ရုံ၊ အခမ်းအနားရှိမှ ဝတ်ရမည့် ဝတ်ရုံဟူ၍ ခွဲခြားတော် မမူခဲ့ပေ။ ထို့ကြောင့် သင်္ကန်းက သင်္ကန်းသာဖြစ်၍ စပယ်ရှယ်သော၊ မရှယ်သော ဝတ်ရုံဟု မရှိတော့ပေ။

ထို့ကြောင့် ဖြစ်မည်ဟု ထင်ပါသည်။ စင်္ကာပူရောက်ခိုက် ဘာသာရေး အခမ်းအနားများလည်း ဤသင်္ကန်း၊ ဆင်တိုဆာ အလည်သွားလည်း ဤသင်္ကန်း၊ ကုလားဈေးသွားလည်း ဤသင်္ကန်း၊ မြန်မာဈေးသွားလည်း ဤသင်္ကန်း ဖြစ်နေရသည်။ ဝိနည်းတော်နှင့် ညီညွှတ်ပါ၏။ စင်္ကာပူ၌ သီတင်းသုံးကြသော သံဃာအများစုကတော့ ကိစ္စမရှိဘဲ အပြင်သိပ်မထွက်ကြ။ ခဏတာမျှ ကြွလာသော သံဃာများအတွက်ကား ဤသို့ မဖြစ်နိုင်တော့ပေ။ ရောက်တုန်းရောက်ခိုက် ရောက်ဖူးအောင် ကြွကြရပေလိမ့်မည်။ (ဟု ထင်သည်။)

ဘာသာရေးဝတ်စုံ (သင်္ကန်း) လူကြားထဲ ရောက်ရေး၊ မရောက်ရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာက အမြင်တစ်မျိုး ရှိနေတာလည်း တွေ့ရသည်။ ရဟန်းသံဃာများ ပေါများသော၊ သင်္ကန်းရောင် လွှမ်းသော မြို့ရွာကိုသာ သာသနာထွန်းကားသည်ဟု ယုံကြည်ကြပြန်သည်။

ရဟန်းသည် ကျောင်းတွင်း၌သာ နေရမည်ဆိုသော အချက်က ဝိနည်းတော်နှင့် ညီသော်လည်း ရဟန်းသံဃာရှားသော ဒေသတို့၌ ရောက်ရှိနေကြသော ဒကာ၊ ဒကာမများကမူ ရဟန်းသံဃာကို ဘယ်နေရာမှာပင် ဖူးတွေ့ရတွေ့ရ ဝမ်းသာကြရသည်ဟု ကြားရဖူးပြန်သည်။ ထို့ကြောင့် နိုင်ငံရပ်ခြား၌ဆိုလျှင် ဤကိစ္စက စဉ်းစားစရာ ရှိနေပြန်သည်။

သာသနာဝင်သမိုင်းများကို ကြည့်ရာ၌လည်း ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အသုံးအဆောင်၊ အဆောက်အဦး စသည်တစ်ခုခု ရှိနေလျှင်ပင် သာသနာရောက်သည်ဟု ယူဆကြပြန်သည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဒေသနာတော်များဆီ သွားကြည့်ပြန်တော့လည်း “စရထ ဘိက္ခဝေ စာရိကံ” ဟူသော စကားတော်ကို တွေ့ရသည်။ ခရီးသွားလာရန်၊ ဗဟုသုတရှာမှီးရန် ဝါသနာပါသော ရဟန်းတော်များ အကြိုက်တွေ့သော ဒေသနာဖြစ်သည်။ (ရဟန်းတို့ … သတ္တဝါတို့ အကျိုးစီးပွားအလို့ငှါ ခရီးထွက်ကြ - ဟူလို။)

သို့သော် စစ်စစ်ပေါက်ပေါက် ကြည့်ကြသော ပညာရှင်ရဟန်းတော်များကမူ (အနောက်တိုင်းသား ရဟန်းတော်များသည်။ သူတို့ ချည်းကပ်ပုံက ပို၍ လူ့ခေတ်မီသည်။) ရဟန်းတော်များ သိပ်မများခင်ကသာ ဘုရားရှင်က “စရထ ဘိက္ခဝေ စာရိကံ” ဟု မိန့်သည်။ တစ်ခါသာ မိန့်သည်။ ရဟန်းတော်များ များပြားလာသောအခါ ဤစကားမျိုး မမိန့်တော့၊ မိန့်စရာလည်း မလိုအပ်တော့။ ထို့အပြင် ဝါတွင်း ခရီးမထွက်ကြရန်ပင် ထပ်မံ ပညတ်ခဲ့သည်ဟု ယူဆကြပြန်သည်။

ထို့ကြောင့် ရဟန်းတော်များ မြို့ထဲရွာထဲ ရောက်သင့်၊ မရောက်သင့်ကပင် သုံးသပ်ရန် အများကြီး ရှိပြန်သည်။ မည်သို့ဖြစ်စေ၊ ကိုယ့်ဝတ်ရုံကို ကိုယ်လေးစားနေလျှင် ပြီးပြီဟုသာ မှတ်ရပေတော့မည်။

၂၁ - ရာစုရဟန်းဟု မိမိတို့က ဆိုရန်ရှိ၏။
သို့သော်၊ မီဒီယာကလည်း ၂၁ - ရာစုမီဒီယာပင်တည်း။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.