သေနတ်အကြောင်း ပြောကြည့်မယ်

အရင်ဆုံး ဂလိုဘယ် ပိုလိစ် အမေရိကန်တွေနဲ့ စ ချင်ပါတယ်။
အမေရိကန် လက်နက်သိုလှောင်ရုံတွေရဲ့ ဆောင်ပုဒ်က "When guns are outlawed, only outlaws will have guns."   တဲ့။

၁။ နယူး မက္ကစီကိုပြည်နယ် Vaughn  မြို့မှာ လူဦးရေ ငါးရာလောက် ရှိပါတယ်။ သူတို့အားလုံးဟာ ( ရဲ အရာရှိ နှစ်ယောက်က လွဲရင် ) လွတ်လွတ် လပ်လပ် တရားဝင် သေနတ် ကိုင်ဆောင်ခွင့် ရှိကြပါ သတဲ့။
အဲ ဒါပေမယ့် အဲဒီ ရဲ အရာရှိ နှစ်ယောက်ကတော့ အကြမ်းဖက်မှု သမိုင်းရှိနေတော့  သေနတ် ကိုင်ဆောင်ခွင့် မရှိကြပါဘူး။
အမှု အခင်းဖြစ်လို့ ရဲတွေက သတိပေးတဲ့ အခါ
" လက်ထဲက လက်နက်ကို ချလိုက်ပါ၊ မဟုတ်ရင် ကျနော်တို့က ပက်ပက် စက်စက် ဆဲရပါလိမ့်မယ် " တဲ့။

၂။ ဖိလ်ပိုင် နိုင်ငံ ရဲ့ သေနတ်ကိုင် ပစ်သတ်မှုက ဥရောပတိုက်ထက် ပိုများပါ သတဲ့၊ ပြီးတော့ နယူးယောက်မြို့ မူကြိုကျောင်းတွေက  သေနတ်ကိုင် ပစ်သတ်မှု ထက်လည်း  ပိုများပါ သတဲ့။
သူတို့ရဲ့ ခရစ္စမတ် လက်ဆောင်ကကို " Give your loved one a Handgun this Christmas. "  (ဟန်းဖုန်း မပေးကြပါ၊ ဟန်းဂန်းပဲ ပေးကြတယ် )

၃။ အိန္ဒိယ မှာလည်း နိုင်ငံရေး သမားတွေက လွဲရင်  သေနတ်ကိုင်ဆောင်ခွင့် မရှိပါဘူး။
ကိုင်ဆောင်ခွင့် ရလို့ ကိုင်ဆောင်သူတွေရဲ့ နောက်ကြောင်းကို ပြန်ကြည့်တော့ ရာဇဝတ်မှုတွေ စုံနေပါတယ်။ လုယက်မှု၊ ဓားပြတိုက်မှု၊ သတ်ဖြတ်မှု စတဲ့ အမှု ၁၈ မှု ရှိပါသတဲ့။
အဲဒီ ၁၈ မှု ထဲမှာ ဆံပင်ပုံစံ ကိုးယို့ ကားယား ညှပ်ထားလို့ ဆိုပြီး ပစ်သတ်လိုက်မှုတောင် ပါဝင်နေပါတယ်။

၎။ တရုတ်ပြည် မှာလည်း သေနတ်နဲ့ အခြားလူကို ပစ်ရင် သေဒဏ်ပါ။ ဒါပေမယ့် အစိုးရအတွက် ပစ်ပေးတာဆိုရင်တော့ ရာထူး နှစ်ဆင့် ခုန် တက် သွားပါတယ်။
(မစ္စတာ ဂျင်းမ် )

၅။ ဖြစ်နိုင်ရင် အကူအညီတောင်းချင်လို့ပါ။
ရွှေဝါရောင် တော်လှန်ရေးတုန်းက လက်ကိုင်ဖုန်းနဲ့ သေနတ် အကြမ်းဖက်သမားတော့ မြန်မာ ပါလီမန်တွေထဲ မှာ တွေ့လိုက်ရပါတယ်။
ဂျပန် သတင်းထောက်ကို ပစ်သတ်ခဲ့တဲ့  သေနတ် အကြမ်းဖက်သမား ဘယ်ရောက်နေသလဲ သိချင်လို့ပါ။ ကျေးဇူးဆပ်ပါမယ်။
မြန်မာအကြောင်း လေ့လာသူတွေက " အစိုးရအတွက် ပစ်ပေးတာဆိုရင်  မြန်မာပြည်မှာက  တရုတ်ပြည်လို ရာထူး နှစ်ဆင့် မဟုတ်၊ ရာထူး ရှစ်ဆင့် တက်သွားတယ် " လို့ ပြောနေကြလို့ပါ။
ဘာပဲပြောပြော နောက်ဆုးံတော့ " When guns are outlawed, only outlaws will have guns." ပဲ မဟုတ်လား။


ဇင်ဝေသော်

နားဝင်မချို ( ၃ ) "စင်ကာပူ ( သို့ ) ရွှံ့မြေပေါ်ဆောက်တဲ့ အထပ် ( ၈၀ ) တိုက်တစ်လုံး"

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး။          ။ ကျွန်တော်ထင်တာကတော့ ချက်ချင်းကြီးတိုးတက်လာတဲ့ စီးပွါးရေးကသာ အန္တရာယ်ရှိပြီး နိုင်ငံရေးကတော့ ဒီလိုမဟုတ်ဘူးလို့ ထင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက အဓိကအရေးပါတဲ့အချက်တွေ ဖြစ်ပါလိမ့်မယ်။

ဖြေ။           ။ မေးခွန်းကကို အဓိပ္ပါယ်နှစ်ခွဖြစ်နေတယ်။ ဘဏ္ဍာရေးမတောင့်တင်းရင် ကာကွယ်ရေးလည်း မတောင့်တင်းဘူး။ ညီညီညွတ်ညွတ်နဲ့ အတူတကွလုပ်ဆောင်နိုင်တဲ့ ပညာတတ်ပြည်သူတွေမရှိဘဲ ဒီနှစ်ခုစလုံးကလည်း မဖြစ်နိုင်ပြန်ဘူး။ ဘဏ္ဍာရေးကို တောင့်တင်းအောင် ဘယ်လိုလုပ်မလဲ။ လူသားအရင်းအမြစ်ကနေ ရနိုင်သမျှ ပိုရအောင်လုပ်ယူရတယ်။ လူထုကိုလေ့ကျင့်ထိန်းကျောင်းပေး၊ စုစည်းပညာပေး၊ အခြားကမ္ဘာ့နိုင်ငံတွေနဲ့ သူတို့ကို ဆက်သွယ်ပေး၊ အဲသလို အင်တာနေရှင်နယ်ဖြစ်လာ တာဟာ နိုင်ငံအတွက် အဓိကတန်ဖိုးတွေဖြစ်လာတယ်။

ဒုတိယအချက်ကတော့ အိမ်နီးချင်းနိုင်ငံတွေကို ငါတို့က ကျော်တက်လာနိုင်ခဲ့တယ်။ အဲဒါကလည်း သူတို့က ငါတို့ကို ကြိုးကိုင်ဖို့ကြိုးစားလို့။ စင်ကာပူမှာ လူမျိုးပေါင်းစုံရှိတယ်။

၁၉၆၈- ခုတုန်းက အမေရိကကိုရောက်ပြီး ငါတွေ့ခဲ့ရတယ်။ ဥရောပတစ်တိုက်လုံးက အေးအေးဆေးဆေးလုပ်နေချိန်မှာ အမေရိကန်တွေက သူတို့စက်ရုံတွေ ကမ္ဘာအနှံ့ တိုးချဲ့ တည်ဆောက်နေကြတယ်။ လမ်းတစ်ဝက်အထိ အမေရိကန်တွေအတိုင်း ငါတို့စတင် ခဲ့ကြတယ်။ တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ ယဉ်ကျေးမှုတော်လှန်ရေးဖြစ်နေတယ်။ သိပ်အန္တရာယ်မကင်းဘူး။ ဒီတော့ သူတို့က စင်ကာပူကို အခြေချဖို့ ရွေးချယ်ကြတယ်။ သူတို့လိုအပ်တဲ့ အနေအထားတွေဖြစ်အောင် တို့ဖက်က ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒီနောက် စင်ကာပူဟာ ကွန်ပျူတာစင်တာတစ်ခု ဖြစ်လာခဲ့တယ်။ အဲဒီနောက်မှ ပက်ထရိုခဲမိကယ် ဘက်ကို ငါတို့ဦးပြန်လှည့်ကြတယ်။

အခု ငါတို့ရနေတဲ့ စီးပွါးရေးအနေအထားဟာ မဟာသီယာ မက်မက်မောမော လိုချင်နေတဲ့ အနေအထားပဲ။ ဥပမာ- ပင်လယ်ဆိပ်ကမ်း။ တို့ဆီကနေ သင်္ဘောတွေဖြတ်ယူဖို့ တန်ဂျွန်ပီလီပ ဆိပ်ကမ်း သူတည်ဆောက်ခဲ့တယ်။ ရထားလမ်းကြောင်းဖြတ်တောက်ဖို့ သူဆန္ဒရှိလာပြန်တယ်။ ဒီရထားလမ်းက ဂျူရောင်းဆိပ်ကမ်းနဲ့ တန်ဂျွန်ပါဂါကို ဆက်သွယ် ထားတာ။ တာရင်ဂနူက ကျောက်သံပစ္စည်းတွေ အိတ်စပို့လုပ်ကြဖို့ပဲ။ ၁၉၉၂- ခုနောက်မှာ ရထားလမ်းလည်းပိတ်သွားတယ်။ ပြီးတော့ ကလန်းဆိပ်ကမ်းဖက် ဦးလှည့်ကြတယ်။ နောက်ဆုံးတော့ အခု တန်ဂျွန်းပီလီပ ဆိပ်ကမ်းပေါ့။ သူတို့သဘောထားက “ I win, you lose” ပဲ။ အင်ဒိုနီးရှားကလည်း သိပ်မကွာလှဘူး။ ဂျကာတာဆိပ်ကမ်းနားက Tanjung Priok ဆိပ်ကမ်းကို ပုဂ္ဂလိကပိုင်ချပေးတော့မယ်ဆိုတော့ သူတို့ဘာပြောတယ်ထင်လဲ။ နိုး စင်ကာပူတဲ့။ အဲဒီဆိပ်ကမ်းကို ဟောင်ကောင်က ဟူချီဆန်ကိုပေးလိုက်တယ်။ ဘာတန် ဆိပ်ကမ်းကိုလည်း သူတို့ တိုးချဲ့ကြတယ်။ တို့ဆီက ကာစတန်မာတွေကို ဖြတ်ယူဖို့ပဲ။

ငါတို့ကို သူတို့ကြည့်မရတာက ငါတို့က နိုင်ငံတကာနဲ့ ဆက်ဆံနေသူတွေဖြစ်လို့ပဲ။ ဒီလိုနိုင်ငံတွေက တကမ္ဘာလုံးမှာရှိနေတာ။ လူဖြူတွေကို ကြည့်။ တောင်အာဖရိက၊ အာဖရိက၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါ တကမ္ဘာလုံးမှာရှိတယ်။ တကယ်တော့ လူ့ယဉ်ကျေးမှု သမိုင်းကကိုပဲ မဆုံးနိုင်တဲ့လူတွေ ရွေ့ပြောင်းအခြေချ နေထိုင်နေကြတဲ့ အကြောင်းအရာ တစ်ခုပဲ။

နောက်ဆုံး တတိယအချက်ကတော့ စင်ကာပူလူထုပဲ။ တို့က တစ်ယောက်နဲ့ တစ်ယောက် ထိုင်ပြီးငြင်းခုံနေကြရင် ဘယ်လိုလုပ်တိုးတက်လာမလဲ။ တို့လွတ်လပ်ရေး ရပြီးတဲ့နောက် ဘာဖြစ်လို့အင်္ဂလိပ်စာကို ရုံးသုံးအဖြစ် ရွေးချယ်ခဲ့တယ်ထင်သလဲ။ ငါ့ရဲ့ မီမ်မွား(ကိုယ်ရေးမှတ်တမ်း) ထဲမှာ ဒီအကြောင်း ထည့်ရေးခဲ့ပြီးပြီ။ တရုတ်ဘာသာစကားကို ရုံးသုံးထားဖို့ တော်တော်များများက ဆန္ဒရှိကြတယ်။ သူတို့ ထောက်ပြတာက တရုတ်ပြည်ဟာ စူပါပါဝါဖြစ်လာပြီး တရုတ်စကားဟာလည်း အရေးပါတဲ့ ဘာသာစကားတစ်ခု ဖြစ်လာတော့ မယ်ပေါ့။ သူတို့ကို ငါစိုက်ကြည့်လိုက်တယ်။ မင်းတို့မှာ ဒီပြဿနာမျိုး ရှိနေသကိုး။ မင်းတို့နဲ့ ဆန့်ကျင်ပြီး လုပ်ရလိမ့်မယ်။ စင်ကာပူကို သီရိလင်္ကာပုံစံဖြစ်သွားမှာကို မလိုလားဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက် အင်္ဂလိပ်ရုံးသုံးကို ဖျက်သိမ်းပြီး ဆင်ဟလီဘာသာ ရုံးသုံး လုပ်လိုက်တယ်။ ဒီတော့ အင်္ဂလိပ်စာကောင်းကောင်းတတ်ထားတဲ့ တမီး(လ်) တွေ ဘာမှ အသုံးမကျဖြစ်သွားရော။ အဲဒီနောက် ပြဿနာပေါင်း သောင်းခြောက်ထောင် ဆက်တက်တော့တာပဲ။

ငါ့အကြောင်းပြချက်တွေက ရှင်းပါတယ်။ နံပါတ်တစ်- ပြည်တွင်းရေး တည်ငြိမ်အေးချမ်းရမယ်။ လူတိုင်းတန်းတူအခွင့်အရေးရမယ်။ လူတိုင်းအင်္ဂလိပ်စာ သင်ရမယ်။ ဘယ်သူမှ အင်္ဂလိပ်မဟုတ်တော့ ဘယ်သူမှ အခွင့်အရေး ပိုမရဘူး။

ဒုတိယက- ကမ္ဘာ့စီးပွါးရေးလောက သုံးစွဲတဲ့ဘာသာစကား။ ၁၉၆၀- ခုတွေမှာ တရုတ်က ဘာစီးပွါးရေးတွေများ ရှိနေလို့လဲ။ တရုတ်ပစ္စည်း၊ တရုတ်ဆေး၊ တရုတ်ဗိန္ဓောဆေး၊ ဒါပဲ။ အမေရိကန်တွေ TV ကနေ လုပ်ချလိုက်တော့ အင်္ဂလိပ်စကားက ကမ္ဘာကိုပြန့်သွားရော။ အခု အင်တာနက်။ တကမ္ဘာလုံးကို ခြုံမိနေပြီ။ အခုငါတို့က ပညာရေးဌာနချုပ်ဖြစ်နေပြီ။ အာဆီယံနိုင်ငံတွေက အင်္ဂလိပ်စာသင်ရမယ်လို့ သိလာကြပြီ။ ဒါဆို ငါတို့က ရှေ့ကရောက်နေနှင့်ပြီးသားပဲ။

ဘယ်အချက်က ငါ့ကိုမောင်းနှင်ခဲ့တာလဲ။
ပြည်တွင်းတည်ငြိမ်အေးချမ်းရေးပဲ။ လူတိုင်းကို တန်းတူရည်တူဆက်ဆံတယ်။ မင်းလုပ်နိုင်တာတွေပေါ် အခြေခံပြီး ငါတို့ဆုံးဖြတ်ချက်ချတယ်။ ဒါဟာ တန်းတူရည်တူ အခွင့်အရေးပဲ။ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာတွေကို ကြည့်မနေဘူး။ မင်းအလုပ်လုပ်နိုင်ရင် မင်းအလုပ်ရမယ်။ ဒါပဲ။

ဒါက ငါတို့ကိုယ်တိုင်ဆုံးဖြတ်ခဲ့ရတာ။ လွန်ခဲ့တဲ့ နှစ်နှစ်က Gallup က နိုင်ငံတစ်ခုရဲ့ တိုးတက်မှုအတွက် သုတေသနလုပ်ပြီး လေ့လာကြတယ်။ အဓိကအချက်က အရည်အသွေးလို့ သူတို့ဆိုတယ်။ ၁၉၈၀- ခုတွေက သူတို့ပြောခဲ့တာရှိတယ်။ ဂျပန်နဲ့ ဂျာမဏီက စီးပွါးရေးမှာ အမေရိကကို ကျော်တက်တော့မယ်တဲ့။ မကျော်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲ။ အမေရိက က တစ်ကမ္ဘာလုံးက ပညာရှင်တွေကို ဆွဲဆောင်နိုင်တယ်။ တရုတ်ပြည်ဟာ စူပါပါဝါဖြစ်လာနိုင် သလားဆိုတာ တရုတ်ပြည်ဟာ ကမ္ဘာ့ပညာရှင်တွေကို ဆွဲဆောင်နိုင်သလားဆိုတာပေါ်မှာ မူတည်နေတယ်။

စင်ကာပူက လက်ရှိအရည်အချင်းရှိသူတွေကို ရအောင်ထိန်းပြီး အရည်အချင်း အသစ်တွေကို ရအောင်ဆွဲဆောင်ရမယ်။ အရည်အချင်းဆိုရာမှာ ပညာရေးတစ်ခုတည်းကို ပြောနေတာမဟုတ်ပါဘူး။ ဘောလုံးသမားတွေ၊ တင်းနစ်သမားတွေ၊ အဆိုကျော်တွေ၊ အားလုံးအကုန်ပဲ။ ဒီတော့မှ နိုင်ငံက လှုပ်ရှားတက်ကြွနေမယ်။ မြို့ကိုတည်ဆောက်ရင်း တချိန်တည်းမှာ နိုင်ငံတော်ကိုပါ တည်ဆောက်ပြီးသား ဖြစ်နေရမယ်။

အရည်အချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လေးမျိုးခွဲကြည့်ကြတယ်။

၁။ တည်ထွင်ကြံဆသူ
၂။ စီးပွါးရေး ကျွမ်းကျင်သူ
၃။ ဦးဆောင်သူ
၎။ ဦးဆောင်သူကို လမ်းပြသူ- တဲ့။

အမေရိကန်တွေက အားလုံးကို အနိုင်ရလိုက်တယ်ဆိုတာက သူတို့မှာ အဲဒီလေးမျိုးစလုံး ရှိနေလို့ပဲ။ ဒီယဉ်ကျေးမှုကို သူတို့က စနစ်တကျ မွေးမြူပြီး အရည်အချင်းကို ပျိုးထောင်ယူကြတယ်။

အစတုန်းကတော့ ဒါတွေကို ငါလည်းနားမလည်ခဲ့ဘူး။ ငါတို့ ဗြိတိန်မှာ ကျောင်းပြီးခဲ့တာဖြစ်ပြီး ဗြိတိသျှတွေက အမေရိကန်တွေနဲ့ မတူဘူး။ သူတို့က အပြောင်းအလဲ လုပ်ဖို့ လက်နှေးတယ်။ သူ့ယဉ်ကျေးမှုနဲ့ သူပဲနေကြတယ်။ အမေရိကန်တွေကမှ တကယ့်စူးစမ်းရေးသမားတွေ။ ဒီကနေ့ ဘာလေ့လာမိသလဲဆိုရင် စင်ကာပူဟာ အကျိုးအမြတ်ရအောင် လုပ်နိုင်တဲ့နိုင်ငံ ဖြစ်ရမယ်။ ဒါမှ နိုင်ငံလည်း တိုးတက်ချမ်းသာ လာမယ်။ ဒါမှလည်း ကာကွယ်ရေးတောင့်တင်းပြီး အေးအေးချမ်းချမ်း နေလို့ရမယ်။ စင်ကာပူဟာ နော်ဝေလို၊ ဆွီဒင်လို၊ ဒိန်းမတ်လို အတူတူပဲလို့သာ သဘောထားလို့ကတော့ စင်ကာပူလည်း ပျောက်သွားမယ်။ စင်ကာပူဆိုတာ ရွံ့မြေပေါ်မှာ ဆောက်ထားတဲ့ အထပ်ရှစ်ဆယ်ရှိ တိုက်တစ်လုံးပဲ။ ဘယ်နည်းနဲ့ ဖြစ်နိုင်သလဲဆိုတာ တို့ခက်ခက်ခဲခဲ စဉ်းစားအကြံထုတ်ခဲ့ရတယ်။ အခုဆို နောက်ထပ် အထပ်(၂၀) တိုးပြီး အထပ်တရာရှိတဲ့ တိုက်တွေဆောက်နိုင်ပြီ။ ဒါက ငါတို့ဖောင်ဒေးရှင်း ဘယ်လောက်ကောင်းနေပြီလဲဆိုတာ မင်းတို့သဘောပေါက်ဖို့ သာဓကထုတ်ပြတာ။ စင်ကာပူရဲ့ အဓိက အရေးအကြီးဆုံးအချက်က လူမျိုးပေါင်းစုံတာ၊ ကိုးကွယ်ယုံကြည်မှု အချင်းချင်း နားလည်မှုရှိတာပဲ။ ဒါမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြမယ်ဆိုရင် စင်ကာပူတော့သွားပြီ။

မေး။          ။ အချင်းချင်း ငြင်းခုံနေကြရင်ဆိုတာက နိုင်ငံရေးအယူအဆ မတူသူတွေကို ထိန်းသိမ်းတတ်တာရဲ့ ဆင်ခြေများဖြစ်မနေဘူးလား။

ဖြေ။           ။ မဟုတ်ဘူး။ ဒီလို မဟုတ်ဘူး။ လူမျိုးစုခြင်း၊ ယုံကြည့်မှုခြင်း၊ ယဉ်ကျေးမှုခြင်း၊ ဘာသာစကားခြင်းဖြစ်တတ်တဲ့ ပဋိပက္ခတွေကို ပြောတာ။ နိုင်ငံရေးသဘောထား မတူညီမှုက တခြားသပ်သပ်။ တကယ်လို့ ငါတို့မှာသာ လူမျိုးစုခြင်း၊ ယုံကြည်ကိုးကွယ်မှုခြင်း၊ ပဋိပက္ခတွေဖြစ်ကြည့် စင်ကာပူလည်း Beirut လို ပြိုကွဲသွားမယ်။ စင်ကာပူထဲမှာရှိတဲ့ မလေးတွေ၊ ပညာသိပ်မတတ်ရှာတဲ့ အိန္ဒိယန်းတွေကို သူတို့လည်း ဒီအဖွဲ့အစည်းထဲမှာပါတယ်၊ သူတို့လည်း ကိုယ်ပိုင်တိုက်ခန်းတွေရှိတယ်၊ အလုပ်အကိုင်တွေရှိတယ်၊ သူတို့ ကလေးတွေ လည်း အားလုံးရဲ့ကလေးတွေနဲ့အတူတူ ကျောင်းမှာပညာသင်ကြားခွင့်ရတယ်ဆိုတဲ့ အသိသာ ပေးမထားနိုင်ဘူးဆိုရင် ငါတို့လည်း Beirut လို ဖြစ်သွားမှာပဲ။ ဗုံးတွေ တစ်လုံးပြီးတစ်လုံး ပေါက်ထွက်လာမယ်။ (Beirut ဆိုတာ လက်ဘနွန်နိုင်ငံထဲက ခရစ်ယာန်နဲ့ မွတ်ဆလင်တို့ကြား ဖြစ်ပွါးခဲ့တဲ့ ပြည်တွင်းစစ်ပါ။ ၁၉၇၅- ခုနှစ်ကနေ ၁၉၉၀- အထိ ကြာမြင့်ခဲ့ပါတယ်။)

မေး။          ။ ဒီလို ထိလွယ်ရှလွယ်တဲ့ နိုင်ငံတစ်ခုက နိုင်ငံရေးအယူအဆ ကွဲပြားမှုကို လက်ခံကျင့်သုံးသွားနိုင်ပါသလား။

မင်းတို့က နိုင်ငံရေးသဘောထားတွေ ပျော့ပြောင်းသင့်ပြီ၊ အတိုက်အခံပါတီကို ခွင့်ပြုသင့်ပြီလို့ ဆိုကြတယ်။ ဒါဆိုရင် မင်းတို့ပတ်ဝန်းကျင်ကို ခဏလောက်လှည့်ပြီး ကြည့်လိုက်။ အရှေ့တောင်အာရှမှာပဲဖြစ်ဖြစ်၊ အရှေ့အာရှမှာပဲဖြစ်ဖြစ် အစိုးရအပြောင်းအလဲ လုပ်ပြီးတဲ့နောက် နိုင်ငံရေးတည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်ခရီးဆက်နိုင်တဲ့ နိုင်ငံတွေ့မိရင် ငါ့ကိုပြောပြစမ်းပါ။

ငါ့ရည်ရွယ်ချက်က ပီအေပီပါတီကို အမွှမ်းတင်ဖို့၊ ငါ့ကိုယ်ငါအမွှမ်းတင်ဖို့၊ ဘယ်ခေါင်းဆောင်ကိုမှ အမွှမ်းတင်ဖို့ မဟုတ်ဘူး။ စင်ကာပူရဲ့အနာဂတ် လုံခြုံကောင်းမွန်ဖို့၊ အေးအေးချမ်းချမ်းနဲ့ ပုံမှန်တိုးတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ပဲ။ ငါက လုပ်ခဲ့ပြီးပါပြီ။ စင်ကာပူ အတွက် ဘာမှ ငါထပ်လုပ်မပေးနိုင်တော့ပါဘူး။

အခု ငါလုပ်နိုင်သေးတာကတော့ အတွေ့အကြုံတွေကို စေ့စေ့စပ်စပ် ပြန်လည်လေ့လာ သုံးသပ်ပြီး စင်ကာပူရှေ့ခရီး ဖြောင့်ဖြောင့်ဆက်ဖို့ အတွေ့အကြုံ ဖြန့်ဝေပေးခဲ့ဖို့ပါပဲ။ စင်ကာပူ ဒီအတိုင်းပဲ အမြဲရှိနေမလား။ ဒါကို ငါမသိဘူး။ စင်ကာပူဟာ တခြားအာဆီယံနိုင်ငံတွေနဲ့ မတူခြားနားသလား။ အခုထိတော့ မတူခြားနားဆဲပဲ။ ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှုရှိဖို့ နေရာကောင်းမှာရှိနေကြတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်။ လွတ်လွတ်လပ်လပ် ပြောဆိုလို့ရတယ်။

ဒါဆိုရင် ငါတို့က နယူးဇီလန်လို အန္တရာယ်ရှင်း ဘေးကင်းတဲ့အနေအထားမှာလား။ ငါတို့လေတပ်တွေ ဖျက်သိမ်းပြီး နယူးဇီလန်လို အေးအေးဆေးဆေးပဲ နေကြတော့မှာလား။

ငါတော့ နယူးဇီလန်လို မဖြစ်ချင်ဘူး။ စီးပွါးရေးအရ အလုပ်ဖြစ်ပေမယ့် စိတ်လှုပ်ရှားစရာ မကောင်းဘူး။ ဟုတ်တယ်။ သူတို့က ကမ္ဘာမှာ အကောင်းဆုံးမြက်တွေ စိုက်ပျိုးနိုင်တယ်။ မြင်းတွေ၊ နို့စားနွားတွေ၊ သိုးဆိတ်တွေ မွေးမြူရာမှာတော်တယ်။ ဒါပေမယ့် ဘဝက ပျင်းစရာကြီးလို့ ငါထင်တယ်။ ငါတို့က ကမ္ဘာမှာ တိုးတက်မှုအမြန်ဆုံး တရုတ်နှင့် အိန္ဒိယကြားမှာ နေနေကြရတာ။ ငါတို့ပါရောပြီး တိုးတက်မလာဘူးဆိုရင် ငါတို့ရူးနေလို့ပဲ။

မေး။          ။ မစ္စတာလီ စင်ကာပူရပ်တည်ရေးအတွက် အဓိကအချက်တွေအကြောင်း ပြောစဉ်မှာ ကျွန့်တော့်ခေါင်းထဲမှာ စွဲသွားတာကတော့ ဒီလိုအမြင်တွေ လူထုထဲမှာ သိပ်မတွေ့ရဘူး ဆိုတာပါပဲ။ ပြီးတော့ ဒီလိုအတွေးအခေါ်တွေ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ဆီရောက် သွားအောင် ဘယ်လိုဖြန့်ဝေရမလဲ ဆိုတာပါ။

ဖြေ။           ။ အမှန်ပဲ။

မေး။          ။ လူထုကြီးရဲ့အမြင်ကရော ဘယ်လိုရှိမလဲ။

ဖြေ။           ။ တို့နိုင်ငံဟာ ထုထည်မခိုင်မာလှဘူး။ ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုတာ လူထုကို ဘယ်လိုပြောပြမလဲ၊ ဘယ်အခါ ပြောရမလဲဆိုတာ ဆုံးဖြတ်ရတယ်။ ဒါက လူထုရဲ့ မော်ရယ်လ် ကို ထိခိုက်နိုင်တယ်။ ဒါတွေက ငါစိုးရိမ်မိတာတွေ၊ ဒါတွေ ဆယ်နှစ်အတွင်းဖြစ်လာနိုင်သလား။ မဖြစ်နိုင်ဘူးလို့ ငါတော့ဖြေမယ်။ နှစ် ၂၀ ဆိုလည်း မဖြစ်နိုင်သေးဘူးလို့ ပြောရမှာပဲ။ ဒီကိုရောက်လာပြီး မိသားစုအမြစ်ပါတွယ်နေကြတဲ့ လူတွေက နှစ်ပေါင်းနှစ်ဆယ် လာနေကြတာ မဟုတ်ဘူး။ ထာဝရနေဖို့ ရောက်လာကြတာ။ ဟုတ်လား၊ မဟုတ်ဘူးလား။ ဆိုပါစို့၊ ငါက အားအားရှိတိုင်း စင်ကာပူဟာ အိမ်နီးချင်းတွေနဲ့ ဖိုက်တင်ချနေရမယ်လို့ ပြောကြည့်၊ တရုတ်၊ အိန္ဒိယက လာရောက်အခြေချတဲ့လူတွေက “ပြန်တာပဲ ကောင်းပါတယ်။ ဒါမှမဟုတ် အမေရိက (သို့) သြစတေးလျကိုလှမ်းကူးမှ။ သြစတေးလျက ဒီအန္တရာယ်ဇုန်နဲ့ ဝေးတယ်။ အကောင်းဆုံးကတော့ အမေရိကပဲ” လို့ အတွေးဝင်သွားကြလိမ့်မယ်။

စင်ကာပူးရီးယန်းတစ်ချို့တောင် အခုဒီအတိုင်း တွေးနေကြပြီ။



ဇင်ဝေသော်

မနာပ ဒါနနှင့် ရတာမလို လိုတာမရ

"မနာပဒါယီ လကတေ မနာပံ"
မြတ်နိုးဖွယ်ကို ပေးသူသည် မြတ်နိုးဖွယ်ကို ပြန်ရ၏။
ကာလဒါနနှင့် အကျိုးပေးကာလ တေ့လွဲများ ကိုရေးပြီး မနာပဒါနနှင့် ရတာမလို လိုတာမရကိုလည်း ရေးချင်သည်။

အမှန်မူ မိမိတို့ဘဝ၌ မရှိ၊ မရဟုပြောရန် အတော်ခက်လှ၏။ ရှိကြ၊ ရကြ၏။ ပိုင်ဆိုင်မှုပစ္စည်းတို့ ရှိကြ၏။ သို့သော် အမှန်တကယ်လိုနေတာကို ရရှိလာသည့် အခိုက်အတန့်ကတော့ သိပ်မများလှပေ။ ဤသည်မှာ မနာပဒါန ချို့တဲ့ခြင်းကြောင့်လားဟု ဒေသနာကိုကိုးကား၍ စဉ်းစားမိသည်။

မနာပဒါနဟူသည် နှစ်သက်မြတ်နိုးဖွယ်ကို ပေးလှူခြင်းဟု ဆိုရပေမည်။ သို့ဆိုလျှင် ဆက်လက် မေးမြန်းရန်ရှိလာပြန်သည်။

၁။ မိမိမြတ်နိုးသောအရာကို ပေးလှူခြင်းလား၊
၂။ အလှူခံပုဂ္ဂိုလ် မြတ်နိုး (အလိုရှိ ) သောအရာကို ပေးလှူခြင်းလား။

အဖြေနှစ်မျိုးလုံးကို “Yes” ဟု ဖြေလိုက ဖြေလို့ရ၏။ ပထမမေးခွန်းက စေတနာကို ရှေ့တန်းတင်၏။ ဒုတိယမေးခွန်းက အကျိုးသက်ရောက်မှုကို ရှေ့တန်းတင်၏။ ဗုဒ္ဓဘာသာစာပေနှင့် ပို၍နီးစပ်သူများအဖို့ ကမ္မနှင့် ကမ္မပထဟု မှတ်သားထားနိုင်ပါ၏။

ရှုပ်သွားပြီထင်၏။ ရှင်းဦးအံ့။
“စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဟူသော ဘုရားရှင်၏ ဗုဒ္ဓဘာသာ “အ” သုံးလုံးဖတ်စာအရ စေတနာသည် “ကံ” ဟု သိရ၏။ အဘိဓမ္မာကို ဆက်ကြည့်သောအခါ ထို“ကံ” ကမ္မပထမြောက်ဖို့ အကျိုးသက်ရောက်မှုလည်း လိုလာပြန်၏။ ဥပမာဆိုအံ့။ ကိုက်နေသော ခြင်တစ်ကောင်ကို သေစေလိုသောစေတနာဖြင့် ရိုက်လိုက်မိ၏။ ပါးနပ်သောခြင်က ထိုအန္တရာယ်ကို ရအောင်ရှောင်ထွက်သွား၏။ စေတနာက ဖြစ်ပြီးသွားပြီ။ “ကံ”ဟုဆိုက ရသွားပြီ။ ခြင်သေခြင်းအကျိုးသက်ရောက်မှုက မရှိ။ ထို့ကြောင့် ကမ္မပထ မမြောက်ဟု ဆုံးဖြတ်ရတော့၏။

အဘိဓမ္မာဆို၍ ရှုပ်သွားနိုင်၏။ နေ့စဉ်ဘဝ၌လည်း ဤကိစ္စမျိုး အများအပြားရှိ၏။ လူဆိုးတစ်ယောက်က သမ္မတတစ်ယောက်ကို ချောင်းမြောင်းလုပ်ကြံဖို့ ကြိုးစား၏။ ပြင်ဆင်၏။ အဝေးမှ ရိုင်ဖယ်ဖြင့်ပစ်၏။ ထိုကျည်ဆံက လွဲသွား၏။ မစ်(စ်) ဖိုင်းယား ဖြစ်သွား၏။ ထိုပုဂ္ဂိုလ်ကို ကြံစည်လုပ်ကြံမှုဖြင့်သာ တရားစွဲ၍ရ၏။ သမ္မတကို လုပ်ကြံသူဟု စွပ်စွဲ၍မရ။ သမ္မတက လွတ်မြောက်သွားသောကြောင့်ဖြစ်၏။

စာလာပေလာအရ-
၁။ သက်ရှိသတ္တဝါဖြစ်ခြင်း
၂။ သက်ရှိသတ္တဝါဟု သိခြင်း
၃။ သေစေလိုသော စေတနာပါခြင်း
၎။ စေတနာအားလျော်စွာ အားထုတ်ခြင်း
၅။ ထိုသတ္တဝါ သေဆုံးခြင်ဟု ငါးမျိုးပြထား၏။

ငါးမျိုးညီညွတ်လျှင် ကမ္မပထမြောက်တော့၏။ အတန်ငယ်ရှင်းပြီဟု ထင်၏။ မရှင်းလျှင်လည်း ထပ်မရှင်းတတ်တော့။ ယခင်စကားကို ဆက်ပါမည်။

၁။ မိမိမြတ်နိုးသောအရာကို ပေးခြင်း-
၂။ အလှူခံပုဂ္ဂိုလ် မြတ်နိုးသောအရာကို ပေးခြင်း။

နံပါတ်တစ်သည် (အဟောင်း) ကိုယ်မလိုချင်သောအရာကို ပေးခြင်းမဟုတ်၊ မိမိအမြတ်တနိုးထားသောအရာကို ပေးခြင်းဖြစ်၏။ ခက်ခဲ၏။ ပထမတန်းစား စေတနာဖြစ်၏။ တနည်းဆိုရသော် ကိုယ်ပေးချင်တာကို ပေးလိုက်ခြင်းဖြစ်၏။

မိမိအမြတ်တနိုးထားသောပစ္စည်းကို ပေးတာမှန်ပါလျက် အလှူခံ၊ အပေးခံက ထိုပစ္စည်းကို မြတ်မြတ်နိုးနိုးရှိပါရဲ့လားဟူသော မေးခွန်းတက်လာပြန်သည်။ တစ်ချို့ မြတ်နိုး၏။ တစ်ချို့ မမြတ်နိုးလောက်ပေ။

အတွေးချော်သွားသည်ဟုထင်လျှင် တောင်းပန်ပါ၏။ သာသနာဖျက်၊ မိစ္ဆာဒိဋ္ဌိစသော စကားလုံးကြမ်းကြမ်းကြီးများ သုံးစွဲဖို့မလိုပါ။ ဆိုချင်၏။ ကိုယ်ပေးချင်တာကို ပေးလှူခြင်းအကြောင်းကြောင့် တစ်ခုခုပြန်ရသောအကျိုးကို မမျှော်ကိုးသော်လည်း ရှိလာပေမည်။ ခက်သည်က ထိုရလာသော အကျိုးတရားကို ကိုယ်တကယ်မြတ်မြတ်နိုးနိုး ရှိပါ့မလားဟု စဉ်းစားစရာရှိ၏။ ကိုယ်က သူလိုတာပေးတာမဟုတ်ခဲ့ပဲ ကိုယ်မြတ်နိုးတာကို ပေးလိုက်မိခြင်းကို သဘောပေါက်ရမည်။ ကမ္မပထ အနည်းငယ် ချော်သွားနိုင်သည်။

ကိုယ်လည်းမြတ်နိုး၊ ကိုယ်ပေးတာကိုရပြီး တဖက်သားလည်း ပျော်ရွှင်မည်ဆိုလျှင်တော့ အကောင်းဆုံးဟု ဆိုရပေမည်။ ထိုသို့သောကံတို့က အကျိုးပေးသောအခါ ကိုယ်လည်းတစ်ခုခုရ၊ ထိုရတာကိုလည်း ကိုယ်ကအမြတ်တနိုးရှိ ဖြစ်လာပေမည်။

ထို့ကြောင့် “ရတာမလို၊ လိုတာမရ” ကိစ္စတို့သည် မနာပဒါန ချို့တဲ့ရာမှဖြစ်လာသော အကျိုးတရားတို့ဖြစ်နိုင်သည်ဟု စဉ်းစားမိခြင်းဖြစ်သည်။

“မြတ်နိုး” ဟူသော စကားအောက်၌ ပြောရန်ရှိလာပြန်သည်။ ပစ္စည်းကောင်းတိုင်း၊ တန်ဖိုးကြီးတိုင်းလည်း မြတ်နိုးမှုမဖြစ်တတ်ပေ။ ကိုယ်မြတ်နိုးတိုင်း သူများမမြတ်နိုးတတ်။ အိုင်ပက်ဝယ်ပြီး လက်ဆောင်ပေးလိုက်သဖြင့် ပျော်သွားသူရှိနိုင်၏။ ဒါကြီး မလိုချင်ပါဘူး။ ဈေးကြီးမှန်းသိပါတယ်။ ဒီပြင်ဟာလေးလုပ်ပါဆိုသူလည်း ရှိနိုင်၏။ ထို့ကြောင့် “မြတ်နိုး” ဟူသော အဖြေသည် ပုဂ္ဂိုလ်တစ်ဦးချင်းနှင့်သာ ဆိုင်ပေတော့သည်။

ရဟန်းတော်များကျင့်ဝတ်၌ အတော်ကောင်းသော ဝေါဟာရတစ်ခုတွေ့ရသည်။ “ဥာတိ၊ ပဝါရိတ” ဖြစ်၏။ ဆွေမျိုးနှင့် ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားထားသော ဒကာ၊ ဒကာမတို့ကို ဆိုလိုသည်။ မနာပဒါနကို ပေးလှူသူများဟု သေချာပေါက်တွေးလို့ရသည်။ သူတို့သဘောအရ မလှူ၊ ရဟန်းက " ဒါတော့လိုအပ်နေပါတယ်” ဟု ဆိုမှသာ ထိုရဟန်းလိုအပ်သောပစ္စည်းကို ပေးလှူကြသူများဖြစ်၏။ ထိုပုဂ္ဂိုလ်များ “ရတာမလို၊ လိုတာမရ” တော်တော်နည်းပါးကြလိမ့်မည်ဟု သုံးသပ်စရာရှိသည်။

တစ်စုံတစ်ယောက်က အမှန်တကယ်လိုနေတာ မိမိထံမှာ တွေ့ရသဖြင့် ငါ့ကိုပေးလို့ရရင် ပေးစမ်းပါဟု တောင်းသောအခါတို့၌လည်း မနာပဒါန သေချာပေါက်ဖြစ်၏။ သဘာဝဘေးဒဏ် ကြုံတွေ့နေရသော ဒုက္ခသည်တို့ကို အစားအစာ၊ ဆေးဝါးစသည် ကူညီလှူဒါန်းသူတို့လည်း မနာပဒါယီများ ဖြစ်ကြ၏။

“လိုတာ မရ” ဟူသောစကား၌ ရှုပ်နေတာရှိလာပြန်သည်။ လူ့အလိုကား အဆုံးမသတ်။ ထို့ကြောင့် တဏှာ “လို” ထက် လိုအပ်ချက် “လို” ဟု ပြောရမည်ထင်သည်။ လိုအပ်ချက်က ဖြည့်လို့ရ၏။ တဏှာ“ လို” က ဖြည့်လို့မရ။ “ကံ” ကဖြည့်ဆည်းပေးနိုင်သည်မှာ လိုအပ်ချက်ကိုသာ ဖြစ်၏။ တဏှာ“လို” ကို ဘယ်ကံမှ မဖြည့်နိုင်။ အခြေခံလိုအပ်ချက်ကလေးတွေမှ မရှိသောဘဝသည် “ လိုတာမရ ” ဖြစ်၏။ ဇိမ်ခံ ပစ္စည်းများ အလျှံပယ် မရှိခြင်းသည် “လိုတာမရ” မဟုတ်၊ “ မရတာ လို ” ဖြစ်သွား၏။ ပိုဆိုးသွားတော့သည်။

တောင်းရမ်းရာ၌လည်း မတော်တရော် တောင်းရမ်းတာမျိုးလည်း ဖြစ်နိုင်ပြန်သည်။ ဝေဿန္တရာမှလွဲ၍ မည်သူမျှမဖြည့်ဆည်းနိုင်သော တောင်းရမ်းခြင်းမျိုးဖြစ်၏။

ထိုဇာတ်တော်ထဲ၌ ပုဏ္ဏားက မဒ္ဒီဒေဝီကို လာတောင်း၏။
ဝေဿန္တရာမင်းကြီးက ပါရမီဖြည့်ဖက်ဒေဝီကို လွန်စွာမြတ်နိုး၏။ အလှူခံပုဏ္ဏားကလည်း ဤမျှလိမ္မာချောမောသော အမျိုးသမီးကို (ဇာတ်တော်ထဲမှာ မဟုတ်လျှင်ပင်) မြတ်နိုးလောက်ပေသည်။ ထို့ကြောင့် ထိုအလှူပေးမှုက မနာပဒါနဖြစ်သွားတော့၏။ ဇာတ်တော်ထဲ၌ မင်းကြီးကို ပါရမီဖြည့်ရန် သိကြားမင်းက ပုဏ္ဏားယောင်ဆောင်၍ လာအလှူခံသဖြင့် ပြီးသွား၏။ ပြဿနာမရှိလိုက်။

အမှန်လက်တွေ့ဘဝတွင်မူ လူမှုရေးပြဿနာ သောင်းခြောက်ထောင်ဖြစ်သွားနိုင်၏။ ပုဏ္ဏားမှာ ဇနီးရှိနေခဲ့သော်၊ မဒ္ဒီက အပြစ်မရှိတဲ့သူမကို ပေးလှူလိုက်သဖြင့် တရားတွေ့သော်……။ …….သော်။

မြတ်နိုးရာကို လှူရခြင်းသည်လည်း လွယ်ကူသောကိစ္စမဟုတ်ပေ။
ဤကိစ္စမျိုး ဤလောက၌ မဖြစ်ဟုအတတ်ဆိုရန်ကား ခက်၏။ ဇနီးကိုပေါင်၍ ကမ္ဘာ့ဖလားဘောလုံးပွဲလောင်းသော အမျိုးသားတစ်ယောက်အကြောင်း ဖတ်ရဖူး၏။ သူ့ဇနီးကို မချစ်၍မဟုတ်ဟု သူကဆိုသေး၏။ စဉ်းစားရတော့ ခက်၏။

မည်သို့ဖြစ်စေ….
တဖက်သားလိုနေတာ၊ မြတ်နိုးနေတာလေးတွေကို ပေးရလျှင် ကိုယ့်အလှည့်မှာလည်း လိုနေတာ၊ မြတ်နိုးတာတွေပြန်ရနိုင်၏ဟု ကမ္မဝါဒ၏ အခြေခံကောက်ချက် ဆွဲလိုက်နိုင်၏။

သို့သော် တဖက်သားလိုနေတာက ပေးဖို့ခက်နေတာလည်း ဖြစ်ရတတ်၏။
တစ်ခါက ရွာတစ်ရွာက လူတစ်ယောက်သည် ဘုရားဆုပန်ဖြစ်ကြောင်း ဖွင့်ပြော၏။
ထိုအခါ ကြည့်မရသောလူတစ်ယောက်က “ဘုရားဆုပန်ရိုးမှန်ရင် ဝေဿန္တရာမင်းကြီးလို မင်းဇနီး ငါ့ပေး” ဟု အလှူခံ၏။

ဘုရားဆုပန် မင်းယောက်ျားက ဓားဆွဲ၍လိုက်၏။ သူက ဆို၏ “ငါက ဘုရားဆုပန်ထားပေမယ့် ဒါနပါရမီကို ဖြည့်တဲ့ဘဝမဟုတ်ဘူး။ ဝီရိယပါရမီကိုဖြည့်တဲ့ဘဝ။ မဟုတ်မဟတ် နင့်လိုကောင်တွေကို အားကြိုးမာန်တက် ရှင်းပစ်ရမယ့်ဘဝ” ဟု ဖြစ်၏။

ဘာပါရမီမှမဖြည့်သော ဇနီးတောင်းသည့်ယောက်ျား ထွက်ပြေးခဲ့ရ၏။
လိုအပ်ချက် “လို”နှင့် တဏှာ “လို” ကွဲပြားပြီး ပေးသူ၊ ယူသူများ မနာပဒါယီ၊ မနာပလာဘီများ ဖြစ်နိုင်ကြပါစေဟု…….။

မနာပဒါယီ= မြတ်နိုးဖွယ်ကို ပေးသူ၊ လှူသူ။
မနာပလာဘီ= မြတ်နိုးဖွယ်ကို ရသူ၊ အလှူခံသူ။
မနာပဒါန= မြတ်နိုးဖွယ်ကို ပေးလှူခြင်း။
( “ဘုရားဖြစ်ရေးပင် အေးဂျင့်ကပါလာ၏” ဆက်ရေးပါမည်။)


မေတ္တာဖြင့်
သီဟနာဒ

စာအုပ် ပျောက်ဆုံးမှု

သူမတို့အိမ်နားက လမ်းအကူးမှာ အိန်ဂျလာတစ်ယောက် ရှိုက်ကြီးတငင် ငိုနေရှာတယ်။
ကြင်နာတတ်တဲ့ အိမ်နီးချင်း အမျိုးသမီးတစ်ယောက်ကတွေ့ပြီး အိန်ဂျလာကို ချော့မော့ဖို့ ကြိုးစားတယ်။

“အိန်ဂျလာ … ဘာဖြစ်လို့ တစ်ယောက်ထဲလာပြီး ဒီမှာ ငိုနေတာလဲ”
“ကလေးပြုစုပျိုးထောင်နည်းစာအုပ် မေမေ ပျောက်နေတယ်” လို့ အန်ဂျလာက ဖြေတယ်။

“သမီးရယ် … ဒါများ ငိုစရာ မဟုတ်ပါဘူး”
“ဟုတ်တာပေါ့။ အဲ့ဒီစာအုပ် မရှိရင် မေမေက သူထင်ရာ သူလုပ်နေတာ” တဲ့။


Ref: Wisdom from laughter 


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

နားဝင်မချိုတဲ့ အမှန်တရားတချို့ ( ၂ )

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး။          ။ အရင် စင်ကာပူခွဲထွက်ပြီးစကနဲ့နှိုင်းယှဉ်ရင် ဒီနေ့ မလေးရှားက သူတို့ပြည်တွင်းရေးကိုပဲ တစိုက်မတ်မတ်လုပ်ဖို့ အာရုံကျလာတော့ စင်ကာပူအပေါ်မှာထားတဲ့ သူတို့သဘောထားတွေ ပြောင်းလဲလာတယ်လို့ မထင်မိဘူးလား။

ဖြေ။           ။ ဒါကို မင်းတို့ယုံကြည်သလား။ ငါတို့လေယာဉ်ကွင်းရဲ့ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအဆင့်ကို ကျော်တက်ဖို့ ကြိုးစားနေကြတယ်။ ကမ္ဘာ့ခုံရုံးရဲ့ အဆုံးအဖြတ်နဲ့ စင်ကာပူက ပက်ဒရာ ဘရန်ကာကိုရလိုက်ပြီး မလေးရှားက Middle Rocks ကို ရလိုက်တယ်။ ဒီနှစ်ခုရဲ့ နယ်ခြားစည်း မခတ်ရသေးဘူး။ ၁၉၄၁- ခု ရပ်ဖဲ(လ်) ကောလိပ်မှာ တက်နေတုန်းက ကေဒါက ကျောင်းသားတစ်ယောက်ပြောတာကို ငါမမေ့သေးဘူး။ မင်းတို့ တရုတ်တွေ သိပ်များလွန်းတယ် တဲ့။ တကယ်က တရုတ်တွေက ဈေးဆိုင်တွေကို ပိုင်ဆိုင်ကြတယ်။ ပြောမယ့်သာပြောတာ၊ သူနေတဲ့ ကေဒါမှာ တရုတ်ကကနည်းနည်းလေးပဲရှိတယ်။

မလေးရှားနဲ့ ပူးပေါင်းလိုက်ရင် အဲသလို လူမျိုးစွဲစိတ်တွေ ပျောက်သွားမယ်လို့ ငါထင်ခဲ့မိတယ်။ ငါမှားသွားတယ်။ တန်ကု က တရုတ်ဆို လုံးဝအလိုမရှိတာ။ သူက လူကောင်းပဲ။ သူ့မှာ တရုတ်မိတ်ဆွေတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ မလေးရှားလူမျိုးက အမြဲတမ်း နံပါတ်တစ်ဆိုတဲ့ဝါဒ။ အဲဒါ သူ့ရဲ့ လူမျိုးရေးအမြင်ပဲ။

မေး။          ။ ဒါဆိုရင် နိုင်ငံရေးသဘောထားတွေ မပြောင်းသေးဘူးပေါ့။ တချို့ပြောနေကြတာကတော့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေလက်ထက်မှာ ဒီလို စိတ်ဓာတ်တွေ ပျောက်သွားလိမ့်မယ်တဲ့။

ဖြေ။           ။ မလေးရှားရဲ့ ဘယ်မျိုးဆက်က ဒီလိုအခြေခံပြောင်းလဲမှုကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြသလဲ။

မေး။          ။ ဒါဆို ဘယ်တော့မှ မပြောင်းလဲဘူးပေါ့။

ဖြေ။          ။ “ဘယ်တော့မှ ” ဆိုတဲ့စကားက အချိန်သိပ်ကြာလွန်းနေမယ်။ လတ်တလော ပြောင်းလဲဖို့ အလားအလာတော့ မမြင်မိဘူး။ စင်ကာပူမှာ လုံးဝမတူညီတဲ့ အခြေခံသဘောတရားတွေရှိတယ်။ ငါတို့က လူမျိုးပေါင်းစုံ မဲရစ်တိုကရေစီ။ လူမျိုးစုတွေရဲ့ကြား၊ လူမှုရေးနဲ့ စီးပွါးရေး မတူညီမှုတွေကြားမှာ ညီမျှခြင်းတစ်ခု ငါတို့ရှာဖွေနိုင်ခဲ့တယ်။

ငါ့ဆွေမျိုးတွေ ကွာလာလမ်ပူမှာရှိတယ်။ သူတို့ မလေးရှားကနေ အပြီးအပိုင် ထွက်သွားပြီး သြစတေးလျမှာ အခြေချနေကြတော့တယ်။ ငါတို့မှာက စင်ကာပူရှိတယ်။ ဒီမှာ ရိုးမြေကျနေထိုင်သွားကြဖို့လည်း ဆန္ဒရှိကြတယ်။ ငါတို့ခိုင်မာနေသရွေ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတွေနဲ့ သဟဇာတဖြစ်နေသရွေ့ စင်ကာပူက ဘာမှမဖြစ်ဘူး။ အေးဆေးပဲ။

အခုဆိုလိုတာက မတူညီတဲ့လူ့အဖွဲ့အစည်း၊ နိုင်ငံရေးခံယူချက်တွေကြောင့် အတူလက်တွဲပြီး အလုပ်လုပ်လို့ မရဘူးလို့ ပြောနေတာမဟုတ်ဘူး။ မလေးရှားနဲ့ အာဆီယံနဲ့ အတူလက်တွဲ အလုပ်လုပ်လို့ရတယ်။ မဟာသီယာနဲ့ ငါနဲ့ဆိုရင် အခုထိ သဘောတူစာချုပ်တွေ လက်မှတ်ထိုးနေကြတုန်းပဲ။

အတူလက်တွဲ အလုပ်လုပ်ဖို့ တစ်ယောက်ကိုတစ်ယောက် ချစ်နေစရာမလိုဘူး။ အကျိုးအမြတ်ရယူလိုမှုက ခံစားချက်ကိုတော့ ပယ်ဖျက်မပေးနိုင်ဘူးပေါ့။ ဒါပေမယ့် အားပိုကောင်းအောင်တော့ မောင်းနှင်ပေးနိုင်လိမ့်မယ်။ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်ဆိုရင်လည်း ဆင်ခြင်သုံးသပ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ သူက ငါတို့နဲ့ ပူးပေါင်းအလုပ်လုပ်ချင်တယ်။ ဘာလို့ထင်သလဲ။ မလေးရှား အကျိုးအမြတ်ရနိုင်လို့။ ဒါပေမယ့် သူ့နိုင်ငံထဲက နိုင်ငံရေးသမားတွေလိုလူတွေရဲ့ ခံစားချက်နဲ့ ခံယူချက်ကို သူကောင်းကောင်း ကိုင်တွယ်နိုင်မှ ရလိမ့်မယ်။ မလေးရှားအတွက် အကျိုးအမြတ်ရနိုင်မယ့် ပရော့ဂျက်တွေအတွက် ဘယ်လောက်အထိ သူတို့စိတ်လိုလက်ရရှိကြသလဲဆိုတာနဲ့ စင်ကာပူအတွက် အကျိုးအမြတ်ကိုရော သူတို့ဖက်က ကူညီဖို့ အဆင်သင့်ဖြစ်နေကြပြီလား ဆိုတာကို မလေးရှားခေါင်းဆောင်တိုင်း စဉ်းစားထားသင့်တယ်။ ဒီမေးခွန်းကို ငါတို့က မေ့သွားမှာ မဟုတ်ဘူး။

မေး။          ။ စင်ကာပူနဲ့ မလေးရှားတို့ ခြားနားချက် ဒီထက်ပိုကွာသွားမယ်ဆိုရင် ကျွန်တော်တို့က ပိုအားကောင်းတဲ့ ဆွေရင်းမျိုးရင်းတွေလိုဖြစ်လာပြီး ဆက်ဆံရေး ပိုအဆင်ပြေမလာနိုင်ဘူးလား။

ဖြေ။           ။ အဖြေက “ရက်စ်” နဲ့ “နိုး” ပဲ။ ဒါဆို သူတို့ ငါတို့အပေါ် ဗိုလ်ကျလို့မရတော့ဘူးပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ ပိုပြီးခံရခက်နေလိမ့်မယ်။ “စင်ကာပူကို ခွဲထွက်ခွင့် မပြုခဲ့သင့်ဘူး” ဆိုတာ သူတို့အမြဲတမ်းပြောနေကျစကား။ မလေးရှားသတင်းစာတွေကို ဖတ်ကြည့်။ တန်ကုက စင်ကာပူကို ခွဲထွက်ခွင့်မပြုခဲ့သင့်ဘူးဆိုတာ အခုအထိ ရေးနေကြတုန်းပဲ။

အစက ဒါတွေကို ငါကြိုသိခဲ့တယ်ထင်သလား။ ၁၉၅၂- ခုနှစ်တုန်းက ငါ့ရင်ထဲမှာ တော်တော်ကြီးပေါ့သွားလို့ ဟုတ်ပြီ၊ လွတ်လပ်ရေးရပြီ။ နိုင်ငံရေးထဲကို ငါဝင်တော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ရှိတဲ့ငွေလေးတွေကို တရားရေးဘက်မှာ ရင်းနှီးလိုက်တယ်။ အဲသလိုနဲ့ နိုင်ငံရေးလောကထဲ ရောက်မှန်းမသိ ရောက်သွားရော။ အဲဒီအချိန်မှာ သိလိုက်ရတာက ငါကိုယ်တိုင် ကွန်မြူနစ်ဝါဒရဲ့ အကျဉ်းသားဖြစ်နေခဲ့ရပြီဆိုတာပဲ။ ဒီတော့ ကွန်မြူနစ်ဝါဒ မကြီးစိုးနိုင်တဲ့ မလေးရှားဆီကို ငါရောက်သွားတယ်။ မလေးရှားရောက်တော့ မလေးဗိုလ်ကျစိုးမိုးရေးနဲ့သွားပြီး ထိပ်တိုက်တိုးနေပြန်ရော။ နှစ်နှစ်အတွင်း ငါတို့ကို မောင်းထုတ်လိုက်တယ်။ ဒီတော့ ငါတို့လုပ်စရာရှိတာက စင်ကာပူ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားကြဖို့ပဲ။

ဒီပြဿနာတွေကို အစကတည်းက ကြိုသိခဲ့ရင် နိုင်ငံရေးထဲကို ငါရောက်လာမှာ မဟုတ်ဘူး။ ၁၉၅၉- ခုကနေစလို့ အသစ်ပြန်ကြိုးစားကြည့်ပါလားလို့ မင်းတို့ကပြောကြည့်။ ငါကတော့ “လုံးဝ” ပဲ။ မဖြစ်နိုင်တော့ဘူး။ ဒီလို ရလဒ်တွေရဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါတွေပြောရရင် အများကြီးပဲကွ။

၁၉၇၁- ခုနှစ်မှာ ငါနဲ့ ဗြိတိသျှလေဘာအစိုးရရဲ့ ဆက်ဆံရေး၊ ပြီးတော့ ဗြိတိသျှတပ်တွေ ရုတ်သိမ်းသွားတဲ့ ၁၉၇၅- ခုအထိ ကွန်ဆာဗေးတစ်အစိုးရနဲ့ ဆက်ဆံရေး၊ စုံလို့ပဲ။ သတိရမိတယ်ကွာ။ အဲဒီနောက် သမ္မတဆူဟာတိုနဲ့လက်တွဲပြီး စင်ကာပူကို အခြေကျအောင် ကြိုးစားခဲ့ကြတယ်။ ဆူဟာတိုက ရှဥ့်လဲလျှောက်၊ ပျားလဲစွဲဝါဒကို သဘောပေါက်တယ်။ အင်ဒိုနီးရှားနဲ့ စင်ကာပူ ပူးပေါင်းအလုပ်လုပ်ရင် ပိုအဆင်ပြေနိုင်မယ်။

အဲဒီနောက် ရာဇက်နဲ့ပေါင်းခဲ့တယ်။ သူက ဆုံးသွားပြန်ရော။ ပြီးတော့ ဟူစိန် အုန်း။ သူလည်း ကြာကြာမခံပြန်ဘူး။ အဲဒီနောက် မဟာသီယာ။ သူက ငါဟာ နှိမ်လို့မရဘူးဆိုတာ ကောင်းကောင်းသိတယ်။ ငါတို့ မလေးရှားပါလီမန်ထဲမှာ အတူတူတွေ့ကြတုန်းက ငါက ဘာကိုမှ အကြောက်အလန့်မရှိတဲ့ကောင်ဆိုတာ သူသိထားတယ်။

ဂိုချောက်တောင်တက်လာတော့ မဟာသီယာက ငါနဲ့သဘောတူထားတာတစ်ချို့ကို ပြောင်းလဲပြင်ဆင်လိုကြောင်း ပြောလာတယ်။ ဒါနဲ့ ဂိုချောက်တောင်ကို ငါပြောတယ်။ သူပြောင်းချင်တာတွေသာ ပြောင်းပေးလိုက်ရင် မင်းတော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့လို့။ သဘောတူထားတယ်။ ဒါပဲ။ ပြီးပြီပေါ့။ မဟာသီယာက ဒါကိုလုံးလုံးမကျေနပ်ဘူး။ ဒါနဲ့ ဂိုချောက်တောင်က ပြန်ပြောတယ်။ “ခင်ဗျားက ဟိုဟာပြောင်းချင်၊ ဒီဟာပြောင်းချင်နဲ့ ကျွန်တော်တို့က ဒါတွေကို လုပ်မပေးနိုင်ဘူး” တဲ့။ ငါတို့ NEWater ပရောဂျက် မအောင်မြင်ခင်က ရေအရောင်းအဝယ်အတွက် နှစ်တစ်ရာတိုးပြီး စာချုပ်ချုပ်ခဲ့ကြတယ်။ အဲဒီနောက် မဟာသီယာက ရေဂါလံတစ်ထောင်ကို သုံးရင်းဂစ်ပိုတောင်းတယ်။ အကြောင်းကတော့ ဟောင်ကောင်က တရုတ်ဆီက ရေဝယ်ရာမှာ ဂါလံတစ်ထောင်ကို နှစ်ရူပီးတောင်ပေးရလို့တဲ့။

နည်းပညာတွေ တိုးတက်လာတယ်။ သောက်ရေသန့်ရရှိရေးအဖွဲ့ကလည်း မနေမနား အားထုတ်ကြတယ်။ အခု ငါတို့ ရေသောက်ဖို့ အလုံအလောက်ရှိနေပြီ။ မဟာသီယာ တော်တော်စိတ်ညစ်သွားတယ်။ သူက ငါတို့ကို ရေနဲ့ခြိမ်းခြောက်ပြီး ငွေပိုရနိုင်သလောက်ရအောင် ကြိုးစားနေခဲ့တာ။

မေး။          ။ ကျွန်တော်နဲ့တွေ့တဲ့ မလေးတိုင်းကတော့ စင်ကာပူက စိတ်ကသိကအောက်ဖြစ်စရာ၊ သူတို့အစိုးရနဲ့ မီဒီယာကလည်း ဘယ်တော့မဆို မလေးဆိုရင် ကန်ထုတ်ပစ်မှာပဲ။ ဒါပေမယ့် ဒါကြောင့်တော့ မလေးရှားနဲ့ စင်ကာပူ စစ်ဖြစ်စရာမလိုပါဘူး- တဲ့။

ဖြေ။           ။ အေး ဒါဆိုကောင်းတာပေါ့။

မေး။          ။ ဒါဆိုရင် စိတ်အေးစရာပဲပေါ့။

ဖြေ။           ။ တကယ်တော့ စင်ကာပူက သူ့ကိုယ်သူကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့်- ။

မေး။          ။ ဒီလိုမဟုတ်ဘူးထင်တယ်။ မလေးရှားရဲ့ ကမ္ဘာ့အမြင်မှာ စင်ကာပူက အကျုံးမဝင်ပါဘူး။ စိတ်ကသိကအောက်ဖြစ်စရာ အနည်းငယ်သဘောလောက်တင်ပါ။

ဖြေ။           ။ ဒါဆို မလေးရှားအလုပ်သမားဝန်ကြီးပြောတာကို နားထောင်ကြည့်။ “စင်ကာပူကနေ ပြန်လွှတ်ခံလိုက်ရတဲ့ မလေးလူမျိုးသုံးသိန်းအတွက် ကျွန်တော်တို့ အလုပ်အကိုင်တွေ ဖန်တီးပေးထားပြီးသားပါ” တဲ့။ ကဲ အလုပ်အကိုင်တွေက ဘယ်မှာလဲ။ “ငါတို့က နိုင်ငံကြီး ပြဿနာမရှိ၊ ငါတို့လူမျိုးကို အချိန်မရွေး ပြန်ခေါ်နိုင်တယ်” ဆိုတာ ပြချင်ရုံပဲ။ ဘာကြောင့် သူတို့က နိုင်ငံကြီးဗိုလ်ကျစိုးမိုးရေးဝါဒရှိနေရတာလဲ။

မေး။          ။ သူတို့အဆိုအရကတော့ မလေးရှားက စင်ကာပူအကြောင်း စဉ်းစားတာထက် စင်ကာပူက မလေးရှားအကြောင်း စဉ်းစားနေတာက ပိုနေတယ်ဆိုလားပဲ။

ဖြေ။           ။ မဟုတ်ပါဘူး။ ဒီအကြောင်း ငါတို့မပြောခဲ့၊ မကြံစည်ခဲ့ပါဘူး။ ကိုယ့်အကြောင်းကိုယ်ပဲ စဉ်းစားတယ်။ ဒါက သူတို့ပြောနေတာပါ။ မလေးဘာသာနဲ့ သတင်းစာတွေကို ဖတ်ကြည့်။ တစ်ခါတစ်ခါ အင်္ဂလိပ်လို သတင်းစာမှာတောင်ပါသေးတယ်။


ဇင်ဝေသော်