ဖီးလင်း အမြုဇင်း


ခေတ်ဟောင်းထဲမှာ ဆရာကြီး ဦးသော်ဇင်ဆိုတာ ရှိခဲ့တယ်၊ နိုင်ငံကျော်ပဲ။
ခေတ်သစ်ထဲမှာ နိုင်ငံကျော်တေးရေးဆရာ သော်ဒီဝေ ရှိတယ်။ ယောက်ျားရင့်မာ ကြီးတွေပါ။
အခု ဇင်ဝေသော်(အထက်က နာမည်နှစ်ခုအပြင် မရောက်ဘူး) လုပ်လိုက်တော့ နာမည်က မိန်းကလေးဆန်လိုက်တာလို့ ပြောကြတယ်(တချို့ပါ)။
"သူငယ်ချင်းများအားလုံး မင်္ဂလာပါရှင်" လို့ ပြောလိုက်ရရင် ဘယ်လိုနေမလဲ မသိ။
ပန်းသီး စီအီးအိုလိုလေ။
ဖီးလင်း အမြုဇင်း။

ပန်းသီးစီအီးအိုနဲ့ အင်ဒီဗီကျူယယ်လစ်ဇင်


ကြာပါပြီ၊ ဖတ်ဖူးတဲ့ဆောင်းပါးပါ။ ဂျပန်ဆရာဝန်တစ်ယောက်က ဆေးပညာနဲ့ပတ်သက်တဲ့ နိုဘယ်ဆုရတော့ ငါတို့ လည်း ပညာရပ်ဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးနိုင်ပြီဆိုပြီး ဂျပန်တစ်နိုင်ငံလုံး ဂုဏ်ယူ ဝင့်ကြွားလို့မဆုံး ဖြစ်နေချိန်မှာ ဆရာဝန်ပြောလိုက်တဲ့စကားကြောင့် ငိုရမလို ရယ် ရမလို ဖြစ်သွားခဲ့ရတယ်။ သူပြောတာက
"အမေရိကတက္ကသိုလ်မှာ ပညာ သင်ခွင့်၊ သုတေသနပြုခွင့်မရရှိခဲ့ရင် ဒီဆုကို ရနိုင်မှာမဟုတ်ပါဘူး" တဲ့။

သူအမွှမ်းတင်သွားတာက အမေရိကလူ့အဖွှဲ့အစည်းရဲ့ အင်ဒီဗီကျူယယ်လစ် ဇင်ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အိမ်မက်နောက်လိုက်မှုကို လေးစားခြင်း၊ နား လည်ခြင်း၊ စိတ်ရှည်ခြင်းစတာတွေပါ။ အာရှက အခြားတစ်ယောက်ရဲ့ ကိုယ်ရေး ကိုယ်တာကို တန်ဖိုးထား လေးစားမှုနည်းသလို တစ်ခုခု ကြိုးစားလုပ်နေ ရင်း တော်တော်နဲ့ဖြစ်မလာရင် စိတ်မရှည်၊ အပြစ်တင်၊ ဝေဖန်ကဲ့ရဲ့မှုတွေတောင် ရှိတတ်တယ်။ အမေရိကမှာ ဒါမျိုးတွေ မရှိဘူးလို့ ဆိုလိုတာပါ။



အခု ပန်းသီးစီအီးအိုက သူဟာ ဂေးတစ်ယောက်ဖြစ်ရတဲ့အတွက် ဂုဏ်ယူတယ် လို့ ပြောသွားခဲ့ပါတယ်။ အာရှမှာဆို အကြီးအကျယ်ဂယက်ရိုက်သွားနိုင်ပေမဲ့ အမေရိကမှာတော့ သတင်းထူးတစ်ပုဒ်ဖြစ်သွားတာကလွဲလို့ ဘာမှ ထူးခြားမယ့် သဘောမရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်ရည်ကျမသွားရင် ကုမ္ပဏီနဲ့သူ့ရဲ့အနေ အထားကလည်း အရင်လိုပဲနေမှာပါ။ ဒါက အနောက်ရဲ့ အင်ဒီဗီကျူယယ်လစ်ဇင် အကျိုးဆက်ပါ။ သူ့ရဲ့ ပုဂ္ဂလိကရွေးချယ်မှုနဲ့ ပရော်ဖက်ရှင်နယ်ဘဝကို သီးသန့် ထား၊ လေးစားပေးနိုင်မှုပါ။

လက်ခံချင်ရင်ခံ မခံချင်ရင်နေ သူတို့က ဒီအတိုင်းပဲရှိနေမှာဖြစ်သလို အိုင်းစတိုင်း က အစ ဘီးလ်ဂိတ်တို့ မာ့က်တိုအဆုံး တကယ့်လူတွေကို မွေးထုတ်လိုက်တာ ကလည်း ဒီ အင်ဒီဗီကျူယယ်လစ်ဇင်ကပါပဲ။

အာရှမှာ လီကွမ်းယုကအစ ကော်လက်တစ်ဗစ်ဇင် (သမဂ္ဂဝါဒ) ကို ကြွေးကြော်တယ်။ ဒီတော့ အုပ်စုအားပြုကြတယ်။ အုပ်စုဖွဲ့ ယှဉ်ပြိုင်ကြတယ်။ ဒါပေမဲ့ ဟို တစ်ယောက်ကလုပ်လိုက်တာနဲ့ တစ်ဖွဲ့လုံး ဒုက္ခရောက်သွားတာတွေရှိသလို ဟို တစ်ယောက်ရဲ့ တီထွင်မှုကို အုပ်စုလိုက် အသေအလဲ လိုက်ယူနေရတာတွေ လည်း ရှိနေပြန်တယ်။ သေချာတာကတော့ ဒီနေ့အထိ အင်ဒီဗီကျူယယ်လစ်ဇင် က ရှေ့ကပြေးနေဆဲဆိုတာပါပဲ။ အင်ဒီဗီကျူယယ်လစ်ဇင်ဟာ လူ့အဖွဲ့အစည်းရဲ့ အန္တရာယ်လို့ ပြောနေကြတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် အင်ဒီဗီကျူယယ်လစ်ဇင်ရဲ့ အသီးအပွင့်ကို စားသုံးနေကြရဆဲသာဖြစ်ပါတယ်။

ဒါဆို အနောက်ခံယူထားတဲ့ အင်ဒီဗီကျူယယ်လစ်ဇင်ရဲ့ အဓိပ္ပါယ်က ဘာဖြစ်နေ မလဲ။
အရှေ့ရဲ့ ကော်လက်တစ်ဗစ်ဇင် (သမဂ္ဂဝါဒ) အဓိပ္ပါယ်က ဘာဖြစ်နေမလဲ။
ရောထွေးယှက်တင်ကော ရှိမနေနိုင်ဘူးလား။
မေးခွန်းတွေအများကြီး ထွက်လာပါတယ်။

ဆက်ရန်

နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေး အတွက် စာအုပ်အလှူရှင်များ


အလှူရှင်များဆိုပေမဲ့ နာမည်မထည့်ပါနဲ့ဆိုသူရယ်၊ ဒီနာမည်လေးနဲ့သာ ထည့်ပေး ပါဆိုသူရယ်တွေကြောင့် ဖော်ပြပေးစရာလည်း သိပ်မရှိတော့ပါ။ ထည့်လည်း ဘာ မှ မဖြစ်ပါဆိုသူတွေကတော့....

၁။ ဦးခင်မောင်ထွန်း၊ ဒေါ်မြင့်မြင့်စန်း မိသားစု
၂။ မစုလင်းပေ (စလုံး)
၃။ ဒေါ်မော်ရင်းနဲ့ မိုးမိုး (စလုံး၊ မြန်မာ)
၎။ မိုး
၅။ samyou5005
၆။ ကိုအောင်မင်းဇော်
၇။ မဖြူဖြူထန့်
၈။ ဝေလင်းအေး
တို့ဖြစ်ကြပါတယ်။ စာရေးသူဖက်က လှူဖို့ အနည်းငယ်ပဲ ကျန်းပြီး အားလုံးနီးပါး လှူဒါန်းသွားကြပါတယ်။
အံ့ဩစရာက ပြည်တွင်းကနေပြီး စင်္ကာပူရှိ သူငယ်ချင်းကနေတဆင့် လှူပါ့မယ် ဆိုသူတွေ ပါဝင်နေခြင်းပါ။ အုပ်ရေကလည်း ဆယ်ချီရာချီတွေပါ။
အားလုံးတစ်သားတည်းဖြစ်စေဖို့ လှူဒါန်းတဲ့ အုပ်ရေ အရေအတွက်ကိုတော့ ဖော်ပြမနေတော့ပါ။ သံဃာတော်တွေကို ကပ်လှူမှပဲ အလှူရှင်အမည်တွေကိုအုပ်ရေနဲ့တကွ မေတ္တာပို့နိုင်ဖို့ ထည့်သွင်းပေးသွားပါမယ်။
ပြည်တွင်းက အလှူရှင်တွေ၊ ပြည်ပက ခရီးကြုံသူတွေလည်း ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကမြောက်ချင်ရင် ဇန္နဝါရီလ၊ ရှစ်ရက်နေ့ ဆွမ်းကပ်ပွဲကို ကြွရောက်ပြီး အတူတကွ ဆွမ်း၊ သင်္ကန်း၊ စာအုပ်ဆက်ကပ်ရင်း နေ့လည်စာ လာရောက် သုံးဆောင်ကြပါစေလိုကြာင်း ဖိတ်ကြားအပ်ပါတယ်။
******************************************************************
ဘဏ်မှတဆင့်လှူမည့်သူများအနေနဲ့
ကိုမင်းထွဋ်အောင်၊ ဖုန်း ၉၂၃၉၃၅၇၄။
အီမေး minhtutaung.phyu@gmail.com
058-69562-9 (POSB Saving) က တဆင့် အလှူငွေ ပေးလွှဲနိုင်ကြပါပြီ။
************************************************************************
သာသနာ့တက္ကသိုလ်ကြီးတွေရဲ့ ကျောင်းဒကာ၊ ဒကာမတွေဟာ တစ်နိုင်ငံလုံးရှိ ဆင်းရဲချမ်းသာမရွေး ဗုဒ္ဓဘာသာတွေအားလုံးဖြစ်နေရမယ် ဆိုခဲ့တဲ့ မင်းကွန်း ဆရာတော်ကြီးရဲ့.....

"မြင်းမိုရ်ထက်ကြူး
ထိုကျေးဇူးမှ
စုန်းကြူးပမာ
ကျေးဇူးလွှာကို
ဆပ်ပါသည်ဟု
ဆန္ဒပြုရင်း......"

တပည့်
သီဟနာဒ(ဇင်ဝေသော်)

ဝိုင်ရှိနေရင် ပေါင်မုန့်မလိုဘူး


"ပျော်ရွှင်စရာအိမ်ထောင်သက် ၃၅နှစ်ရဲ့ လျှို့ဝှက်ချက်က ဘာပါလဲ" လို့ ဗြိတိန်ရဲ့ Bargain Hunt တီဗွီရှိုး တင်ဆက်သူကမေးတော့ အမျိုးသမီးရဲ့ တိုတိုတုတ်တုတ် အဖြေက "မျှော်လင့်ချက် သိပ်မထားနဲ့ (Low expectation)" တဲ့။ ကြားနေကျ စကားတစ်ခွန်းပေါ့။ စိတ်ဝင်စားစရာက ဒီစကားကို ထောက်ခံပေးနေတဲ့ သိပ္ပံဆိုင် ရာ တွေ့ရှိမှုတွေပါ။
ဗြိတိန်သိပ္ပံပညာရှင်တွေတွေ့ရှိမှုအရ ဒါဟာ ပျော်ရွှင်စရာအိမ်ထောင်သည် အ တွက်ရယ်မဟုတ်၊ လူတိုင်းဘဝပျော်ရွှင်မှုမှာ အရေးပါတဲ့အချက်ဖြစ်နေပါတယ်။

သူတို့ သုတေသန


ပထမအဆင့်မှာ ငွေရေးကြေးရေးအရ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့ လူ ၂၆ ယောက်ကိုရွေးပြီး အရှုံးအမြတ်နဲ့ပတ်သက်ပြီးထွက်ပေါ်လာမယ့် သူတို့ ဦးနှောက်တွေရဲ့တုန်ပြန်လာပုံတွေကိုလည်း ဓာတ်မှန်ရိုက်ကူးထားပါသတဲ့။
ဒုတိယအဆင့်မှာတော့ လောင်းကစားဝါသနာပါသူ တစ်သောင်းရှစ်ထောင်ရဲ့ အရှုံးအနိုင်နဲ့ဆက်သွယ်နေတဲ့ စိတ်ခံစားချက်ကို စစ်ဆေးတာပါ။
သူတို့တွေ့ရှိမှုအရ ပျော်ရွှင်မှူဆိုတာ ဘယ်လောက်အများကြီးနိုင်တယ်၊ မြတ်တယ် ဆိုတာထက် မျှော်လင့်ထားတဲ့အဖြေအပေါ်မှာ မူတည်နေပါသတဲ့။ မျှော်လင့်ထား တဲ့အဖြေထက်သာနေရင် ပျော်သွားကြတာပဲ။ မှန်းထားတာများရင် စိတ်ညစ်ရဖို့ လည်း များသွားတယ်။ ဒီတော့ ပျော်ရွှင်မှုရဲ့ ကိန်းသေ ညီမျှခြင်းလည်း ထွက် လာတယ်။
ဒါက အမှန်တကယ်ဖြစ်နိုင်ခြေ၊ အနှုတ်၊ ပျော်ရွှင်မှုတဲ့။
ဒါကို "The fundamental equation of happiness" လို့ ခေါ်ပါတယ်။

အတောမသတ်နိုင်တဲ့ လောဘသံသရာနဲ့ပတ်သက်လို့ သိပ်ပြီးပျော်ရွှင်စရာ မကောင်းလှဘူးဆိုတဲ့အချက်ကို အမေရိကန် သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Sarin နဲ့ Baucells တို့ရဲ့ တွေ့ရှိမှုတွေက ထောက်ခံပေးထားပြန်တယ်။
သူတို့ကတော့ ဇိမ်ခံအိမ်ကြီးတွေထဲက အမေရိကန် ဘီလျံနာတွေဟာ တဲပုတ် ထဲက ဆိုမာလီယာတော်လှန်ရေးသမားတွေထက် ပိုမပျော်ပါဘူးလို့ ခိုင်ခိုင်မာမာ ဆိုခဲ့ကြပါတယ်။ ဒါကတော့ ဒီနေ့ Gary Hayden ရဲ့ want to be happy? lower your expectation ဆောင်းပါးထဲကပါ။



ဝိုင်ရှိနေရင် ပေါင်မုန့်မလို


ခရီးထွက်စဉ်က ကြည့်ခဲ့ရတဲ့ စပါတာတပ်ဇာတ်ကားထဲက ဒိုင်ယာလော့လေး ကလည်း တော်တော်ကောင်းပါတယ်။
စပါတာတပ်က သူ့နောက်လိုက်တွေကို အနည်းဆုံး ပေါင်မုန့်နဲ့ဝိုင်ရစေရပါမယ်လို့ဆိုတော့ စစ်သားတစ်ယောက်က
"ဝိုင်ရှိနေမှတော့ ပေါင်မုန့်ကို မလိုတော့ဘူး" တဲ့။
စစ်သားတွေအားလုံးက "ဟေး" ဆို လက်ခုပ်တွေ ပြိုင်တူတီးကြလို့လေ။ သဘာဝကျပြီး ကြည်နူးစရာ ပြကွက်နဲ့ ဒိုင်ယာလော့လေးပါ။

သန္တုဋ္ဌီ ပရမံ သုခံ
ဘုရားစကား သိပ္ပံဖြစ်လာတော့.......

telenor နဲ့ internet


(Kyaw Min Kyaw Min) "အခု(မှ) telenor နဲ့ internet ကိုင်နှိုင်ပါပြီဘုရား"

တူရင်တော့ ဒါကိုအားပေးသင့်တယ်။
ဥရောပထဲမှာကို ဒီလူတွေက ဘာသာရေးစွဲ အနည်းဆုံး၊ သူခိုးအနည်းဆုံးတွေ။
သူတို့ကျွေးမွေး၊ ပညာသင်ပေးထားတဲ့မြန်မာတွေလည်း အများကြီး။
အများစုက ကိုယ်ကျင့်တရားကို ဗဟိုပြု ထားနိုင်ကြပြီမို့ ဘာသာရေးအန္တရာယ်၊ ယဉ်ကျေးမှုအန္တရာယ်လည်း အနည်းဆုံးပဲ။

တောင်ရောက် မြောက်ရောက်


တောင်။ ။ "ဂျပန်မှာနေတဲ့ ကျမတို့အသိမိတ်ဆွေတွေ မြန်မာပြည်ပြန်ပြီး စီးပွားရေး လုပ်ကြတယ်။ သူတို့ရဲ့လက်ရှိအလုပ်ကလည်း စားသောက်ဆိုင်တွေနဲ့ ဆက်နွယ်နေတော့ သူတို့ပြန်လုပ်တဲ့စီးပွားရေးကလည်း စားသောက်ဆိုင်တွေ ပဲပေါ့။ သူတို့အုပ်စုဖွဲ့ပြီး ဂျပန်အတွေ့အကြုံကိုအခြေခံပြီး အလုပ်လုပ်ကြည့်ကြတာ ပါ။ ဆိုင်တွေမှာ သန့်ရှင်းအောင်ထား၊ လေအေးစက်တွေ တပ်ဆင် စတာတွေပေါ့။ ဈေးကိုလည်း သာမန်လူထု လက်လှမ်းမှီအောင် အများကြီး တင်မထားဘူး ပေါ့။ အလုပ်ဖြစ်တယ်သိရလို့ ဝမ်းသာစရာပဲ။ လူထုအများစုက လိုက်နိုင်ပါတယ်"
ထိုင်ဝမ်က အမျိုးသမီးတစ်ယောက်ရဲ့ စကားပါ။

မြောက်။ ။ အုပ်စုဖွဲ့ပြီးကိုယ်နိုင်တဲ့နယ်ပယ်တွေမှာ ပြန်ပြီးအလုပ်လုပ်ကြရင်တော့ တစ်ဦးချင်းစီနဲ့ စာရင် ပိုအားကောင်းမယ်ဆိုတာကတော့ အမှန်ပဲ။ ဒါဆို သည်းခံ ဖို့၊ အနစ်နာခံဖို့လည်းလိုမယ်။ သည်းခံ၊ အနစ်နာခံဆိုပြန်တော့ ဘယ်အတိုင်း အတာအထိ သည်းခံ၊ အနစ်နာခံရမှာလဲဆိုတဲ့ မေးခွန်းတက်လာမှာလည်း အမှန်ပဲ။ ဘယ်လိုပဲဆိုဆို သဘောတူရာအုပ်စုတွေဖွဲ့ပြီး ကော်ပိုရေးရှင်းပုံစံနဲ့ ဆိုရင် စီးပွားရေးအမြတ်အစွန်းမရရင်တောင် လမ်းပြသလိုတော့ ဖြစ်သွားနိုင် တယ်။ ဖြစ်နိုင်မှန်းသိရင် စွမ်းနိုင်သူတွေပါ လိုက်လာနိုင်တယ်။

တောင်။ ။ ကြာပါပြီ၊ ရွာကရေရဖို့ မိုးထိုင်စောင့်ရတဲ့အချိန်။ ရေတွင်းတူးဖို့က လည်း ပေ ၃၀၀ ကနေ ၆၀၀ လောက်တူးမှရမယ်ဆိုတော့ အစိုးရတူးပေးတဲ့ တွင်းကြီးတစ်တွင်းပဲရှိတယ်။ ဒါက သုံးဖို့သောက်ဖို့ပဲ။ စိုက်ပျိုးဖို့ မရဘူး။ ဒီ ရေတွင်းမျိုးကလည်း အစိုးရနဲ့ကုလသမဂ္ဂလူသားချင်စာနာမှုအဖွဲ့တွေတူးမှ ရနိုင် တယ်လို့ လက်ခံထားကြတာ။ ဘယ်သူမှ စမ်းမတူးဘူး၊ အရင်းအနှီးနဲ့ အထူးသဖြင့် အရဲစွန့်မှုလိုတယ်မဟုတ်လား။ တူဖြစ်သူက ကျိုးစားပြီး ရေတွင်း တူးကြည့်ချင်တယ်ဆိုတော့ အားပေးလိုက်တယ်၊ ဒါကိုပဲ ဥစ္စာစောင့်က သဘော မတူလို့ တူးသူတွေရော၊ တွင်းပိုင်ရှင်ကိုပါသေအောင်လုပ်မှာဆိုတဲ့ နာမည် ကြီး(တကယ် အကြီးစားကြီး၊ နိုင်ငံသိ) ဂိုဏ်းဘုန်းကြီးစကားကြောင့် ကပျက် ယပျက်တွေရှိသေးတယ်။ ဒီကြားထဲ တွင်းပိုင်ရှင်က အကြီးအကျယ်နေ မကောင်းဖြစ်တော့ နာမည်ကြီး ဂိုဏ်းဘုန်းကြီးကိုပဲ ပသရတော့မလို၊ ဥစ္စာစောင့်ကိုပဲ ပသရတော့မလို။
တူဖြစ်သူက အမာစားမို့တော်ပါသေးရဲ့။ ဓာတ်ကြီးလေးပါးနဲ့လူက ဖျားမှာ နာမှာ ပဲ၊ သေတောင်သေဦးမှာ။ ရေမထွက် ထွက်အောင်တူးမယ်ဆိုတော့ နောက် ဆုံး ရေထွက်လာရော။ သူ့တွင်းလည်း ရေအောင်သွားရော သူ့စောင့် ကြည့်နေ တဲ့ရွာသားတွေ သွေးရဲသွားပြီးလိုက်တူးကြတာ အခု ရေတွင်းတွေ ရွာမှာ အများကြီးပဲ။ ဆီရှိရင် ရေရှိပြီ။


photo from internet


မြောက်။ ။ မြန်မာပြည်မှာ နာမည်ကြီး ဂိုဏ်းဘုန်းကြီးလို ကပျက်ယပျက် သမားတွေကလည်း ပေါမှပေါ့။
မြန်မာပြည်ဟာ ပြည်ပအတွေ့အကြုံလိုနေတာတော့ အမှန်ပဲ။ အဲဒီ အတွေ့ အကြုံ က လူမျိုးခြားဆီက(လိုပါတယ်) ထက် မြန်မာတွေဆီကရရင် ပိုမြန်နိုင်မယ်။

တောင်။ ။ဥပမာ အနည်းဆုံး ကိုယ့်ကြောင့် လူဆယ်ဦးအလုပ်ရသွားမယ်ဆိုရင်ပဲ ဝမ်းသာစရာ မဟုတ်လား။
လက်ရှိအစိုးက Job creation လုပ်ပေးနိုင်ဖို့ အဝေးကြီး။ အနေအထားမရှိသေးသလို တာဝန်အဲသလောက်ကြီးတယ်ဆိုတာတောင် မသိသေးတဲ့ လူကြီးတွေအများကြီး။
(မယုံ မရှိနဲ့၊ ငမှုံတို့ကိုယ်တွေ့)

ဘုရား ဘုရား ဘုရား


  မွေးနေ့ (အောက်တိုဘာ ၂၈) က ဘီးလ်ဂိတ်နဲ့ သွားတူနေပါပေါ့လား။ သူကတော့ ဟုတ်လို့။
ကိုယ်ကတော့ စကော်ပီယံ၊ ကင်းမလက်မည်း၊ ခေါင်းမာ၊ ထင်ရာလုပ်၊ ထင်ရာစိုင်း။ တဇောက်ကန်း။

ကမ်းလက် သုံးနှစ်ပတ်လည်


အချိန်ပိုလေးတွေကို စှစည်းပြီး လျှောက်ခဲ့ရတဲ့ အဆင်းအတက်ခရီးစဉ်တချို့နဲ့ သုံးနှစ်ကာလကိုပြန်ကြည့်တော့ "ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ် အလတ်တော့" "ရှိမယ်" လို့ ထင်မိပါတယ်။ လေးအုပ် ဖြန့်ချီပြီး၊ နှစ်အုပ်က အဆင်သင့်၊ စာမျက်နှာ နှစ်ထောင်ကျော်။ ဘဝဖြစ်စဉ်အတိုင်း လက်ပြကျန်ရစ်ခဲ့ တဲ့ ရာသီဦးကမ်းစပ်တချို့ရှိခဲသလို့ နားလည်မှုအရင်းတည်၊ ပိုပြီး မြဲမြံလှိုက်လှဲတဲ့ ကမ်းသစ်တွေကလည်း တဝေ့တဝဲမို့ ကျေနပ်ရပါတယ်။ လောကတံထွာ။


၁။ မျှဝေခြင်း တစ်

ရေသည်ယောက်ျားရဲ့ ဒုတိယရေဖိုးအလှူအဖြစ် ကျေးဇူးရှင်မိခင်တက္ကသိုလ် (သာသနာ့တက္ကသိုလ်၊ မန်း)ကို ဆွမ်း၊ သင်္ကန်းနဲ့ စာအုပ်နှစ်အုပ် (နားဝင်မချိုနဲ့ ပဋိ ပက္ခ) လှူဒါန်းဖို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ရင်းနှီးတဲ့ စင်္ကာပူရီးယန်း ဒကာ၊ ဒကာ မတွေကလည်း သူတို့ပါလိုက်ပြီး အားပေးမယ်ဆိုလို့ ဆစ်လ် အဲယား(Silk air) မန္တလေးကိုပျံသန်းမယ့်ရက်ကို ပြောင်းလဲယူဖို့တော့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၈ ရက် ကို မိတ်ဆွေရဟန်းတစ်ပါး ကတဆင့် ပြောင်းလဲယူခဲ့ရပါတယ်။

၂။ မျှဝေခြင်း နှစ်

ဒီအိုင်ဒီယာလေးရခဲ့တာကတော့ အပြင်ဒကာ၊ ဒကာမအချို့နဲ့ဖေ့စ်ဘုတ်ပေါ်က ကိုအောင်မင်းဇော်(မလေးရှား)ဆီက ဖြစ်ပါတယ်။ "စာအုပ်တွေလှူမယ်ဆိုရင် တပည့်တော်တို့လည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းချင်ပါတယ်" လို့ ဆိုကြပါတယ်။ ဒါဆို ကျန်တဲ့သူတွေရော၊ နိုင်ငံရေး၊ လူမျိုးရေးစာအုပ်တွေမို့ ဘာသာရေးလောက် မများရင်တောင် ရှိနိုင်တယ်။ ဒါ့ကြောင့် ဒီစာအုပ်တွေ သံဃာအပါး(စာသင်သား၊ ဆရာ၊ အုပ်ချုပ်ရေးဆရာတော်များ) ၄၀၀ ကျော်ကို လှူဒါန်းလိုသူတွေအနေနဲ့လှူဒါန်းနိုင်အောင် စီစဉ်လိုက်မိခြင်းဖြစ်ပါတယ်။ တကယ်က ကိုယ်တိုင် အားလုံးစီစဉ်ပြီးဖြစ်ပါတယ်။

(က) တစ်အုပ်ကို ၂၅၀၀ ကျပ်၊ နှစ်အုပ်ကို ၅၀၀၀ ကျပ်။ ဆင်း ၇ ဒေါ်လာနဲ့ ညီမျှပါတယ်။ (စာမူခ တင်မထားတာကလွဲရင် သယ်ယူခ အပါအဝင် အားလုံး ကာမိပါတယ်။ )
(ခ) တစ်စုံ (နှစ်အုပ်)မှစပြီး လှူလိုက လှူနိုင်ပါတယ်။
(ဂ) အလှူရှင်ရဲ့အမည် စာအုပ်တိုင်းမှာ ထည့်ပေးပါမယ်။
(ဃ) လှူဒါန်းလိုသူတွေအနေနဲ့ အမည်၊ လှူမယ့်စာအုပ်အရအတွက်ကို ကမ်းလက် အီးမေးထဲ(lek.camm@gmail.com) အီးမေးပို့ပေးစေလိုပါတယ်။ ဘယ်လိုလှူရ မယ်၊ ဘယ် ဘဏ်အကောင့်ထဲ ထည့်ပေးရမယ်ဆိုတာ အလှူရှင်တွေဆီကို သီး သန့်အကြောင်းပြန်ပေးပါမယ်။
(င) အုပ်ရေ ၂၅၀ ကုန်ပြီး ၆၅၀ ကျန်ပါသေးတယ်။ အစုံ ၄၅၀ ပြည့်ရင် စာရင်း ပိတ်၊ အလှူရှင်စာရင်းကို တင်ပေးသွားပါမယ်။
(ကူညီမယ့်သူ ရှာမထားမိခြင်း၊ ဘဏ်စနစ် စနစ်မကျလှသေးခြင်းကြောင့် ပြည် တွင်းက လှူလိုသူတွေကိုတော့ တောင်းပန်ရပါလိမ့်အုံးမယ်။)

၃။ ကျေးဇူးတင်ခြင်း

ကိုအောင်မင်းဇော်၊ ဒီကိစ္စ (ငွေရေးကြေးရေး) အတွက် လိုလိုချင်ချင် အကူ အညီပေးကြတဲ့ ကိုမင်းထွဋ်အောင်၊ မနှင်းဝေအောင်တို့ဇနီးမောင်နှံ၊ အထူးသဖြင့် မန္တလေးကနေ စီစဉ်ကူညီမယ့် ဆရာတော် ဦးစန္ဒာသီရိတို့ရဲ့ ကျေးဇူးကို ဒီကနေ မှတ်တမ်းတင်ပါတယ်။

၎။ ခဏဖြစ်ဖြစ်

အလွန်အမင်း မဖြစ်နိုင်တဲ့ကိစ္စကလွဲရင် ဆရာသစ္စာနီ၊ မောင်ကျော်သာ (ပဲခူး) ကိုသရဝဏ်(ပြည်) စသူတို့ပါ ဆွမ်းကပ်ပွဲကို လိုက်ပါကုသိုလ်ယူကြမှာမို့ သူတို့ မိတ်ဆွေ၊ သူတို့စာဖတ်ပရိသတ်တွေလည်း ခဏဖြစ်ဖြစ် ဆရာတွေနဲ့ တွေ့ဆုံနိုင် ကြမယ်လို့ မျှော်လင့်မိပါတယ်။

မေတ္တာဖြင့်
(ဇင်ဝေသော်၊ သီဟနာဒ)

ဝမ်းလို့ခေါ်တဲ့ သူဌေးလူငယ် တစ်ယောက် တောင်ပေါ်တက်ဆောက်ထားတဲ့ အိမ်ကြီး


ဘယ်မြို့မှာလည်းတော့ မမှတ်မိဘူး။ ဝမ်းလို့ခေါ်တဲ့ သူဌေးလူငယ် တစ်ယောက် တောင်ပေါ်တက်ဆောက်ထားတဲ့ အိမ်ကြီး တဲ့။ နည်းတာကြီးမဟုတ်ဘူး၊ ဟယ်ရီပေါ်တာထဲကလိုလိုပဲ။ ခရစ်ယန်ဘုရားကျောင်း လည်း မဟုတ်ဘူး။ ခရစ်ယန်ဘာသာဝင်တော့ဟုတ်ဟန်တူပါတယ်။ လူနေအိမ် လည်း မဟုတ်ဘူးဆိုလား။ အခုတော့ အထဲမှာ ရက်စတောရင့်ဖွင့်ပြီး စီးပွားရှာ လို့ကောင်းနေကြတယ်။
အင်း မြန်မာတွေဆိုရင်တော့ ဘုရားတက်တည်မယ့်နေရာမျိုးပဲလို့ ကွမ်းစားရင်း စဉ်းစားနေတုံး ဒကာမတစ်ယောက်က ဘယ်အချိန် ဓာတ်ပုံဝင်ရိုက်သွားမှန်း မသိ လိုက်ဘူး။ အီးမေးပို့လာမှ သိရတယ်။


သစ်သီးရွေးသူများ


"သစ်သီးသည်၊ ဖျာသည်တွေဆိုတာ အလှဆုံး၊ အပြစ်အနာအဆာ အကင်းဆုံး အသီး၊ ဖျာ တွေကို အပေါ်ဆုံးမှာတင်ထားတတ်ကြတယ်၊ ဒါမှလည်း ဈေး ဝယ်တွေရဲ့ မျက်စေ့ကို ဖမ်းစားထားနိုင်မယ်မဟုတ်လား။ ဈေးဝယ်သူတွေက လည်း ဒါတွေကိုကြည့်ပြီး ဝယ်ဖို့စိတ်ကူးရသွားတတ်ကြတယ်။ ဒါပေမဲ့ တကယ် လည်းဝယ်မလို့ရွေးရော အောက်မှာ ပိုကောင်းတာ၊ ပိုလှတာရှိနိုးနိုးနဲ့ မွှေနှောက် ပြီး ရှာတတ်ကြပြန်တယ်။ ဒါကလည်း လူ့သဘာဝပဲမဟုတ်လား။ အရွေးများသွားရင် အာရုံတွေပြားသွားပြီး ဘယ်ဟာက အကောင်းဆုံးလဲ ဆို တာတောင် ဆုံးဖြတ်လို့ မရဖြစ်သွားတတ်ကြတယ်။ အရှင်းဆုံးသီအိုရီကတော့ သစ်သီးဝယ်၊ ဖျာဝယ်မယ်ဆို အပေါ်ဆုံးကဟာသာယူလိုက်၊ အဲဒါက ဈေးရောင်း သူကိုယ်တိုင်ရွေးပေးထားတဲ့ ကိုယ်ဝယ်သင့်တဲ့ ပစ္စည်းပဲ"

ဥယျာဉ်စိုက်ဝါသနာပါတဲ့ဆရာက အဲသလိုတွေးတွေးဆဆပြောဖူးပါတယ်။ သူ့ အယူအဆကလည်း တော်တော်သဘောကျစရာကောင်းပါတယ်။ အခု ဆရာပြောခဲ့တာကိုပြန်စဉ်းစားမိရင်း
"ဘဝမှာ အမောဖြေချိန်မရှိလောက်အောင် ပြေးလွှားနေကြရတာဟာ သစ်သီး မရှိလို့လား၊ သစ်သီးမရှာတတ်ကြလို့လား" လို့လည်း တွေးမိပါတယ်။

ဆရာနဲ့ ဒီတစ်ခါထပ်တွေ့ရင် ဒီကိစ္စကို ပြန်ပြီးမေးမြန်းဆွေးနွေးကြည့်ချင်ပါသေး တယ်။